Sunday 27 January 2013

တကောင်တည်း

တကောင်တည်း

အရေအတွက်က၊
အဖြေမထွက်ပါလေ။

အရည်အသွေးမှ၊
အရှည်တွေးဆစရာပေ။

ပမာဏဟာ၊
ပဓာနအရာ မဟုတ်ပါအမေ၊
ထုတ်စရာအဖြေ မတွေ့။

အမြင်ရယ်မလျှမ်းပါဘူး၊
သမင်ဆယ်လှမ်း ကျားတလှမ်းတဲ့၊
သားလွမ်းရင် အမေရေ၊
ရေမြေခြားကာမနီးပေမဲ့၊
မီးတွေရယ် ဘယ်လို လောင်လို့၊
ခရီးရှည်ရယ် ဘယ်လို မှောင်လည်း၊
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့၊
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ ...
တကောင်တည်းပေမဲ့ ခြင်္သေ့။ ။

အမေ့ဖို့ ရေးတဲ့ကဗျာ ...

ဟယ်ရီလွင်

Read More...

Friday 11 January 2013

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ


“ဗေဒါလမ်း” ဆိုရင်တော့ ဆရာဇော်ဂျီရဲ့ အကောင်းဆုံး ဂန္ထဝင်မြောက်လက်ရာမှန်း သိပြီးဖြစ်ကြပါလိမ့်မယ် ... ကျနော့် အသည်းစွဲကဗျာစုပဲ ဖြစ်ပါတယ်။ ဒီကဗျာစုထဲက ဗေဒါလမ်း (၁၀) ပန်းပန်လျက်ပဲ ကို စန္ဒယားချစ်ဆွေ သံစဉ်ရှာပြီး (ဒေါ်) ကြည်ကြည်ဌေး သီဆိုထားတဲ့ “ညိုပြာပြာ ... လတာပြင်ခြေရင်း” ဆိုပြီး စထားတဲ့ “ပန်းပန်လျက်ပါ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးကိုတော့ အားလုံးလိုလို ကြားဖူးကြပါလိမ့်မယ် လို့ ထင်ပါတယ်။


ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ ဗေဒါလမ်းကဗျာစုထဲက သင့်ရာအပိုဒ်တွေကို စုစည်းပြီး သီချင်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ နောက် “ဗေဒါလမ်း” သီချင်းတပုဒ် ရှိနေပါသေးတယ်။ အခုခေတ်မှာတော့ ကြားဖူးတဲ့သူ အလွန်နည်းပါးသွားပြီ ထင်ပါတယ်။ ကျနော့် အသည်းစွဲ “ဗေဒါလမ်း” ကဗျာစုထဲက အချိုးလေးတွေကို ယူပြီး စာသားလုံးဝ မပြောင်းဘဲ သီချင်းအဖြစ် ဖန်တီးထားတဲ့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ သီချင်းလေးပါ ... ငယ်ငယ်တုန်းက ရေဒီယိုမှာ ခဏခဏ ကြားခဲ့ဖူးပါတယ် ... ဒါပေမဲ့ သီချင်းခေါင်းစဉ်လည်း မသိ၊ ရေးတဲ့လူ၊ ဆိုတဲ့လူ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီသီချင်းကို မကြားရတာ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ဝန်းကျင်လောက် ရှိနေပြီ ဆိုတော့ တမ်းတမိပါတယ်။ အခုတော့ Facebook က “မြန်မာသံလေးတွေ နားထောင်ကြမယ်” http://www.facebook.com/groups/BurmeseSongs/ ဆိုတဲ့ Group ကနေတဆင့် မြန်မာ့ဂီတပညာရှင် ဦးမောင်မောင်သန်း Maung Maung Than ရဲ့ ကျေးဇူးနဲ့ ဒီသီချင်းကို ခေါင်းစဉ်လည်းသိ၊ ပြန်နားဆင်ခွင့်လည်း ရခဲ့ပြီ ဖြစ်ပါတယ် ... မူရင်းအဆိုရှင်ကိုတော့ မသိပါ။ ဒါပေမဲ့ ခင်ညွန့်ရီ ပြန်ဆိုထားတဲ့ တေးလေးကို ခံစားကြည့်ချင်တယ်ဆိုရင် ဒီမှာ နားဆင်နိုင်ပါတယ်။ (ကျနော် အပူကပ်လို့ ရှာဖွေပေးတဲ့ ဦးမောင်မောင်သန်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ...)

http://minus.com/lrnpekCXlItlF

ဒီသီချင်းက ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစုထဲက အချိုးလေးတွေကို ကောင်းနိုးရာရာ ထုတ်နှုတ် ဖွဲ့သီထားခြင်းပဲ ဖြစ်ပါတယ်။ စာသား လုံးဝ မပြောင်းလဲဘဲ မူရင်းအချိုးအတိုင်း လှပတဲ့မြန်မာသံစဉ်လေးတွေကို ထည့်ပြီး ဖန်တီးသွားတဲ့ ဂီတပညာရှင်ကြီးကိုလည်း အထူးပဲ လေးစားမိပါတယ်။ ဒီသီချင်းဖြစ်လာအောင် ထုတ်နှုတ်သုံးစွဲသွားတဲ့ အဖွဲ့လေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗေဒါလမ်း-၁၀၊ ပန်းပန်လျက်ပဲ၊ ပထမအချိုး
ဗေဒါလမ်း-၃၊ ဘယ်ရွာဆိပ်ကမ်း၊ ပထမအချိုး
ဗေဒါလမ်း-၁၆၊ ချောင်းလှဖို့ကို၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၂၊ ပန်းသိပါရဲ့၊ တတိယအချိုး
ဗေဒါလမ်း-၁၉၊ ချောင်းတခွင်၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၀၊ ပန်းခဲ့သည်ပဲ၊ ပထမအချိုး

ဒီ အချိုးလေးတွေကို ဆက်စပ်ပြီး သံစဉ်ထည့်လိုက်တော့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ တေးသီချင်းတပုဒ် ဖြစ်လာပါတယ်။ စာသားအပြည့်အစုံကို အောက်မှာ ခံစားကြည့်နိုင်ပါတယ်။

ကျွန်းနုမြေမှ အလှပန်းချီ

စာသား - ဆရာဇော်ဂျီ (ဗေဒါလမ်းကဗျာစု)
သံစဉ် - ????
ဆို - ခင်ညွန့်ရီ

(ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။) ၂

(သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။) ၂

(အိုအချင်း ကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ဝါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။) ၂

(တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။) ၂

(နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။) ၂

အားလုံးပဲ ခံစားနားဆင်နိုင်ကြည့်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Tuesday 1 January 2013

နှစ်ဟောင်းနှစ်သစ်

နှစ်ဟောင်းနှစ်သစ်

နှစ်ထောင့်ဆယ့်နှစ်၊
သူကျန်ရစ်ကာ၊
တနှစ်ကုန်ဆုံး ပြန်လေပြီ။

နှစ်ထောင့်ဆယ့်သုံး၊
သူလာဦးမည်၊
မဆုံးလေသည့် သံသရာ။ ။

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ ...

ဟယ်ရီလွင်

Read More...