Tuesday 28 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၈)

အက္ခရာ အသတ် အလိုက် ချီနည်းချနည်းများ

စာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေလည်း ရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။

ထူးဆန်းထွေလာ
ပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်းနည်း ကွဲလွဲပြီး ချထား တာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီကိုးရာ .... ဦးထက်ဆင်ရ သည်ဘုရား။ ဗောဓိမျိုးလျာ ... ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ... မတ်များတင်ကြသည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားပါတယ်။ ဒါကြောင့် ရတုမှာ အချီအချ မညီလည်း ရေးလို့ရပါတယ်။ အချီပဲညီပြီး အချမညီလည်း ရပါတယ်။ အချီအချ ညီမှ ရတုခေါ်တာ မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။ နဝဒေးရတု အမှတ်-၇၇၊ ဟင်သာဝတီမြို့ဘွဲ့ရတု နဲ့ အမှတ်-၇၈ အင်းဝမြို့ဘွဲ့ ရတုမှာလည်း ဒီနည်းနဲ့ ချီထားချထားပါတယ်။ နဝဒေးရတု အမှတ်-၈၂ ဥဒေါင်းမ အမေးရတု၊ ၈၃ ဥဒေါင်းဖို အဖြေ အလိုက်ရတု တွေမှာ အချီညီပြီး အချကာရန် လုံးဝမညီပါဘူး (တခု သတိပြုဖို့က အချီမညီဘဲ အချညီတဲ့ ရတုတော့ မတွေ့ဖူး သေးပါဘူး၊ ဒါပေမဲ့ ရေးလို့ မရဘူးတော့လည်း မဟုတ်ပါဘူး။ ဆိုလို့မကောင်းလို့ ရှေးပညာရှင်တွေ ဒါမျိုး မရေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချီရော အချရော ညီတဲ့ ပိုဒ်စုံရတုတွေဟာ ရေးရပိုခက်သလို ဆိုလို့လည်း ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် အချီရော အချရော ညီအောင် ရေးဖို့ အားထုတ်သင့်ပါတယ်။)

ညွန့်ရှင်
အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေးတည်း။ ဆိုပြီး ချထား တာမျိုးပါ။

ပေါက်ပြ
အသတ်မပါတဲ့ အက္ခရာနဲ့ အသတ်ပါတဲ့အက္ခရာ ရောပြီး အက္ခရာအညီအမျှ ချီထား ချထားတာမျိုးကို ပေါက်ပြချနည်း လို့ ခေါ်ကြောင်း ကဝိကဏ္ဌပါသ ကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတွေမှာပြထားပါတယ်။ မြင်သာတာမို့ ဥပမာ မပြတော့ပါဘူး။ ဒါပေမဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဝိကဏ္ဌပါသကျမ်းကိုပဲ မှီငြမ်းရေးသားတဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ အသတ် လုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။ ဥပမာ - ရွှေကြာငါးခု ရုံလို့ဝေ။ ဆိုပြီး ချတာမျိုးပါ။

ငုံဖူး
“၍” ဆိုတဲ့အက္ခရာ မပါစေရဘဲ ကျန်တဲ့ အသတ်နဲ့ပဲ ချီခြင်းချခြင်းကို ခေါ်ပါတယ်။ ဥပမာ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မဲဇာတောင်ခြေ-ချီ ရတုမှာ “နေခြည်ဖြာမှ နွေးသောကြောင့်” ဆိုပြီး ချထားတာမျိုးကို ခေါ်ပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ဤ” ဆိုတဲ့ အက္ခရာလုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။

ပုလဲသွယ် (မုလေးသွယ်)
ဒီ အချီအချနည်းကို မုလေးသွယ် လို့လည်းခေါ်ပါတယ်။ အသတ်လည်းပါ၊ “၍” ဆိုတဲ့ အက္ခရာလည်း ပါတဲ့ အချီအချနည်းမျိုး ဖြစ်ပါတယ်။ ဥပမာ -
လက်ရုံးချီ၍ ညွတ်တော်မူ
ကျမ်းညီဖြောင့်တန်းစေပြီး၍။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၂၆။ မန်လည်ဆရာတော်) ဆိုပြီး ချတာမျိုး ဖြစ်ပါတယ်။

လည်ကုပ်ချီ (အစငင်)
ကဝိကဏ္ဌပါသ ကျမ်းရဲ့ ရတုချီချနည်း လင်္ကာအရ “... အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန် ...” ဆိုတဲ့အတိုင်း ရှေ့ပုဒ် (အပိုဒ်ကြီး) ရဲ့ ဒုတိယပါဒ၊ တတိယပါဒ တွေထဲက ပါဒတခုခုမှာပါတဲ့ အက္ခရာ (သို့မဟုတ်) အဓိပ္ပါယ်ကို ယူပြီး ပြန်ချီတာမျိုးကို ခေါ်ပါတယ်။ “၄င်းနည်းကို ရတနာသိင်္ခ မည်သော ကုန်းဘောင်မြို့ အနောက် ခရီးတတိုင်ကွာ ဆီးတော ရွာဘွား မောင်တိုး၏ ရတုအဖြေ၌ (အစငင်) ဆိုနည်းဟူ၍ ပြသည်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဆိုထားပါတယ်။
မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ...” လို့ ဆိုထားတဲ့အတွက် ရှေ့ကပုဒ် (အပိုဒ်ကြီး) ရဲ့ အစ ဒုတိယ၊ တတိယ အက္ခရာ တခုခု ကို တိုက်ရိုက် သို့မဟုတ် အဓိပ္ပာယ်အတူတူ ယူပြီး နောက်အပိုဒ်ကြီးမှာ ပြန်ချီခြင်းကို ဆိုလိုပါတယ်။ ဒီ နည်းနှစ်နည်းက အနည်းငယ် ကွဲပြားမှုရှိနေပါတယ်။

အဖျားကောက်
“ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့် ...” လို့ မန်လည်ဆရာတော် ဘုရားကြီး ရဲ့ ရတုချနည်းလင်္ကာ ထဲမှာ ရေးသားထားချက်အရ ရှေ့ပုဒ်ရဲ့ အချမှာပါတဲ့ အက္ခရာ၊ ဒါမှမဟုတ် အဓိပ္ပာယ်ကို အဖျားမှကောက်ယူပြီး ချီခြင်း ဖြစ်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ ပထမပိုဒ်ကို “ကျွမ်းငယ်ဖော်” လို့ ချီပြီး “ရွှင်ပျော်လေးမြတ်၊ ပေးသက်မှတ်” လို့ ချပါတယ်။ ပြီးတော့ ဒုတိယပိုဒ်ကို “မှတ်သက်ပေး” လို့ ပြန်ချီပြီး “မြင့်ကြာခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ချပါတယ်။ တခါ တတိယပိုဒ်ကို “သက်မှတ်ပေး” လို့ ချီပြီး “ကြာမြင့်ခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ပြန်ချပါတယ်။ ပထမပိုဒ်ရဲ့ အစ “ကျွမ်းငယ်ဖော်” နဲ့ ပြန်ချိတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒီရတုကို သီးသန့်ဖော်ပြပေးပါမယ်။

ရွှေလောင်းပျံ
က, စ, တ, ယ, ရ, ပ, မ အက္ခရာတွေနဲ့ ချီခြင်း ချခြင်းဖြစ်ပါတယ်။ ဥပမာ - မန်လည်ဆရာတော်က မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၄၇၊ ၁၄၈၊ ၁၄၉ တွေမှာ ...
ကွင်း၍သေရတတ်ဘိမူ (၁၄၇)
ကင်း၍ကွေရတတ်ဘိမူ (၁၄၈)
ရှင်း၍နေရတတ်ဘိမူ (၁၄၉) ဆိုပြီး (ရတတ်ဘိမူ) နဲ့ချည်း ချထားတာကို တွေ့ရပါတယ်။

သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ)
အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်းဖြစ်ပါတယ်။ အဲဒီလို ညီကြပေမဲ့လည်း ...
“ဟု(ဟူ)” ဆိုပြီးချရင် (အညွန့်မဲ့၊ စာတင်း မီးစ) လို့လည်းခေါ်ပါတယ်။ ဥပမာ “ကံဟုမဆို စမာတည်း။” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။
ဒီချနည်းမှာ ၇-လုံးသာမက ၉-လုံးလည်း ချလေ့ရှိပါတယ်။
ဥပမာ - မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၉၊ ၁၂၀၊ ၁၂၁ တွေမှာ မန်လည်ဆရာတော်က ...
“ဝေးကွာတစေစေနှင့်သာတမုံ့၊ (၁၁၉)
ချောက်ချားတမွှေမွှေနှင့်သာတမုံ့၊(၁၂၀)
ဆင်းရဲတပေပေနှင့်သာတမုံ့ (၁၂၁)” ဆိုပြီး "နှင့်သာတမုံ့" လို့ သတ်တူ သံတူ ကာရန်တူ ချထားတာမျိုး ဖြစ်ပါတယ်။

ကက္ကူဆူးချီ၊ ကက္ကူဆူးချ
သုံးပိုဒ်လုံး အရှည်အတို (အပိုဒ်ငယ် - ပါဒ အရေအတွက်) ညီမျှပြီး အချီအချ ကာရန် မညီဘဲ စပ်ထားတာမျိုး ဖြစ်ပါတယ်။ မြင်သာတဲ့အတွက် ဥပမာ အထူးမဖော်ပြတော့ပါဘူး။

နေရောင်ခြည်ပြေး
က, ဟ, ထ ဆိုတဲ့ အက္ခရာ ၃-လုံးထဲက တလုံးလုံးနဲ့ ချခြင်းဖြစ်ပါတယ်။ “ကား” နှင့် ချလျှင်လည်း ဒီလိုပဲခေါ်ပါတယ်။
ဥပမာ -
လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီတကား။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၀။ မန်လည်ဆရာတော်)
ရှုကကဲလွန်၊ အလွမ်းသန်သည်။ ။ လေသွန်သာညီ လတကား။ (ဖန်စကြာလျှင်-ချီ ပိုဒ်စုံရတု။ နတ်သျှင်နောင်)

ဖျောက်ဆိပ်လလယ်
အသတ်ရှိသောအက္ခရာနဲ့ ဝဏ္ဏ တလုံးတလုံးကြားမှာထည့်ပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက အသတ်ပါတဲ့ အက္ခရာတွေ ကို အသံတသံချင်းစီရဲ့ကြားမှာ ထည့်ပြီး ချတဲ့နည်းပါ။ ဥပမာ နဝဒေးရဲ့ တစိတ်စိတ်လျှင်-ချီ မိုးတောရတုမှာ “ပျောင်းပျစက်ရာ ခွေလိမ့်မည် - မှတ်နေ့ရက်ကြာရေလိမ့်မည် - ချစ်ထုံ့မျက်ပါ နေလိမ့်မည်” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။

ညွန့်ဟုံ
ဝသတ် အက္ခရာများများသုံးပြီး ချခြင်းဖြစ်ပါတယ်။ နဝဒေးကြီးရေးတဲ့ ပြည်-မြင်ဗာဟု ဘုရားတိုင် ရတုပိုဒ်စုံမှာ ...
ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ ။ ချောမွတ်ရွယ်နု ပျိုထွားသောဝ်။ ။ အိမ်သူမျိုးမြတ် ကိုယ်စားသောဝ်။ ။ ဆိုပြီး ဝ-သတ်နဲ့ ချထားတာကို တွေ့နိုင်ပါတယ်။

ချိန်ခွင်ညှာ
ဒီနည်းကို “ချိန်ခွင်လျှာ” လို့လည်း ခေါ်ပါတယ်။ (အစပ် ခြောက်ပါးမှာ ပါဝင်တဲ့ ချိန်ခွင်လျှာ ကာရန်စပ်နည်းနှင့် မသက်ဆိုင်ပါ။ ဒီနည်းဟာ ရတု ချီပုံ ချပုံအတွက် သီးသန့်နည်းဖြစ်ပါတယ်။)
ပထမပိုဒ်မှာ အချရင်းကို တတိယပိုဒ်မှာ အဖျားလုပ်၊ တတိယပိုဒ် အချရင်းကို ပထမပိုဒ်မှာ အဖျားလုပ်ပြီး ဒုတိယပိုဒ်မှာသာ မတူကွဲပြားထူးခြားအောင် စပ်ဆိုခြင်း၊ ပထမနှင့် တတိယပိုဒ်ကိုသာ သံတူချပြီး ဒုတိယပိုဒ်ကို သံကွဲချခြင်းမျိုးကို ခေါ်ပါတယ်။

ဘီလူးရယ်
သရူပ၊ သဝဏ္ဏံ ဖြစ်တဲ့ အက္ခရာ အသတ်သံတွေနဲ့ လှည့်လွှဲပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက အက္ခရာတမျိုးတည်းကိုပဲ ကာရန်အမျိုးမျိုးထားပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ -
“ဝမ်းဝယ်ဝိုးဝါး ဝေလို့ကို။ နွမ်းနယ်နိုးနား နေလို့ကို။ ကျမ်းကျယ်ကြိုးစား ကြေလို့ကို။” ဆိုပြီ ချတဲ့ပုံစံ ဖြစ်ပါတယ်။

စာကျိုး (စာကြိုး)
‘ဝ’ သတ်နှင့် တခြားအသတ်တွေကြားမှာ သဝေထိုးပါတဲ့ အက္ခရာတွေခြားပြီး ချထားတာမျိုးဖြစ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်းထဲမှာ တွေ့ရပါတယ်။
နန္ဒမာလိနီကျမ်းထဲမှာတော့ ကဝိကဏ္ဌပါသကျမ်းလာ ရတု အချီအချ ၂၅-မျိုးမှာ စာကျိုးနဲ့ စာတုံး အတူတူပဲလို့ ရေးထား ပါတယ်။ ဒါပေမဲ့ ...
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာမှာ “စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။” ဆိုတဲ့ စာသားနဲ့ မန်လည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတုချီနည်းချနည်းလင်္ကာအရ “သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊” လို့ရေးထားတဲ့ စာသားအရ စာကျိုးနဲ့ စာတုံး အတူတူပဲ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

စာတုံး
အချီနဲ့ အချတွေမှာ ...
(င) သတ်နဲ့ (ည) သတ်၊
(တ) သတ် နဲ့ (ပ) သတ်၊
(န) သတ်နဲ့ (မ) သတ် တွေကို ကာရန်တူလို့ ယူဆပြီး စပ်ထားတာမျိုးကို ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်းတို့မှာ ဖွင့်ဆိုပြထားပါတယ်။ အချီအချမှာ မဟုတ်ပေမဲ့ အတွင်းကာရန်တွေမှာ "စုံ၊ ဂုဏ်၊ စုန်" ဆိုပြီး ရှင်မဟာ သီလဝံသ တောင်တွင်းမှာ နေစဉ်က စပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ဒါမျိုး မစပ်တော့ဘဲ ရှောင်ကျဉ်တယ်လို့ ဆိုပါတယ်။
ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်ထက်အောက်၊ ကျော်ဝှန်တက်၍ ... (ပါရမီတော်ခန်းပျို့၊ ပိုဒ်ရေ ၁။ ရှင်မဟာသီလဝံသ)
မှတ်ချက်။ ။ သေးသေးတင်ဟာ မ-သတ် (မ်) နဲ့ အတူတူပဲ လို့ ယူဆရပါမယ်။

စာဆန်း (စာသွန်၊ စာဆွန့်)
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ဆိုအပ်ပြီးသောနည်းတို့မှတပါး မလိမ္မာသော သူငယ်တို့သည် မဘွယ်မရာ မပီမပြင် ဆိုသော စကားကဲ့သို့ အသတ် အသံ ကာရန် မညီမညွတ် ယွင်းချွတ်တိမ်းမှား ထားလိုတိုင်း အက္ခရာဖြင့် ချီခြင်းချခြင်းတည်း။ ၄င်းကို ကျွန်ုပ်တို့ ကျေးဇူးတော်ရှင်၊ ရွှေတောင်မြို့၊ တောနယ် ဝါးလယ်ရွာကျောင်း အရှင် “သီရိမာလာ” ကား (စာသွန်) ဟူ၍ လည်းကောင်း (စာဆွန့်) ဟူ၍လည်းကောင်း၊ ခေါ်ရမည့်အကြောင်းနှင့် မိန့်တော်မူဖူး၏။” လို့ ဆိုထားပါတယ်။ အချီမညီ၊ အချမညီ၊ အသတ်၊ အသံ ကာရန်မညီဘဲ ထားချင်ရာ အက္ခရာနဲ့ ထားပြီး ချီတာ၊ ချတာမျိုးကို ဆိုလိုပါတယ်။

အစပြတ်
တပိုဒ်နှင့်တပိုဒ် အဓိပ္ပာယ်ကို လွှဲပြီး ပြတ်အောင် စပ်ဆိုခြင်းမျိုး ဖြစ်ပါတယ်။
ဥဒါဟရုဏ်အနေနဲ့ တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ဘဝဂ်လုံးလျှင်” ချီရတု နိဂုံးမှာ ... “... ဆီပျံ့ကျောသည်။ ။ သဘောတမ်းကာ နေတော့သည်။” လို့ချပြီး “တခဏ်းလုံးပင်၊ မရုံးချယ်လျှက် ... " လို့ အဓိပ္ပာယ်လွှဲပြောင်းပြီး နောက်တပိုဒ်ကို ချီထားတာမျိုး ဖြစ်ပါတယ်။

စမ္ပါယ်ချီစမ္ပါယ်ချ
အစချီတဲ့အပိုဒ်ရဲ့ အစအက္ခရာ အသံကိုယူပြီး ချခြင်းဖြစ်ပါတယ်။
ပထမအပိုဒ်မှာ ကသိုဏ်းကျူးရင့် ... လို့ ချီပြီး ... ကသိုဏ်းကျူးရင့်-ရှုပါလင့်။ ။ လို့ ချပါတယ်။ တခါ ဒုတိယအပိုဒ်မှာ ... ကသိုဏ်းကျူးရင့် ... လို့ပြန်ချီပြီး အတိုင်းကူးဆင့်-တုပါလင့်။ ။ လို့ ချပါတယ်။ နောက်ထပ်တခါ တတိယအပိုဒ်မှာ အတိုင်းကူးဆင့် ... လို့ ပြန်ချီပြီး မထိုင်းကျူးရင့်-ပြုပါလင့်။ ။ " ဆိုပြီး ချထားတာမျိုးဖြစ်ပါတယ်။
နောက်ထပ် ဥဒါဟရုဏ်တခု အနေနဲ့ ...
ရှင်သံခို ဆိုရတုမှာ ... "နေ" နတ်ကသည် လို့ ချီပြီး ... မုန်းလျက်မပိုင် "နေ" တော့သည်လို့ ချပါတယ်။ ပြီးတော့ အပိုဒ်-၂ မှာ "ခွေ" မပတ်လည် ... လို့ ချီပြီး တိမ်နှယ်ယှက်ဆိုင် "ခွေ" တော့သည် လို့ချပါတယ်။ ပြီးတော့ အပိုဒ်-၃ မှာ "ဝေ" မှတ်မြရည် ... လို့ ချီပြီး ... နေတိုင်းစက်တိုင်း "ဝေ" တော့သည်လို့ ချတာမျိုးကို ဆိုလိုပါတယ်။

မြင်းဆက်ခွ
အချပိုဒ်က စကားလုံး၊ အဓိပ္ပာယ်တွေကို ပြန်ယူပြီး နောက်တပိုဒ်ကို ချီတာမျိုးကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ပြရရင် တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ခုနစ်တောင်စွန်” ချီ ကျေးစေ ပလီခတ်ရတုမှာ “ချုပ်နေရောင်တင်သည်ညတွင်။” လို့ ချပြီး နောက်တပိုဒ်ကို “ညခင်းချုပ်နေ၊ ပြန်တည့်လေသော် ...” ဆိုပြီး ပြန်ချီပါတယ်။ တခါ ... “နိုင်မည်ကိုပင် ရည်းကြထင်။” လို့ချပြီး တခါ “နိုင်မည်ရည်းထင်၊ အတင်တင်ဝယ် ...” လို့ နောက်တပိုဒ်မှာ ချီထားပြန်တာမျိုးကို ခေါ်ပါတယ်။

မြင်းဆက်ခွန့်
အချပိုဒ်က အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုတ်မှာ ယူပြီး ချီခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြရရင် ပါရမီတော်ခန်းပျို့ အပိုဒ်ရေ-၄ မှာ ရှင်မဟာသီလဝံသက “... ရပ်ရှုပြီးသော်၊ ငါ့ကိုမျှော်၍၊ ရှင်တော်မေတ္တာ သက်လတ်တည်း။” လို့ ချပြီး အပိုဒ်ရေ-၅ မှာ “ဘုရားမည်သည်၊ သက်ကြည်မေတ္တာ၊ ...” ဆိုပြီး အစပိုဒ်မှာမဟုတ်ဘဲ လည်ကုတ်ပိုဒ် (ဒုတိယပိုဒ်)မှာ ယူပြီး ပြန်ချီထားပါတယ်။ (ပျို့ဟာ ရတုမဟုတ်ပေမဲ့ လင်္ကာ ဆိုတဲ့အထဲမှာ နှစ်မျိုးလုံး အကျုံးဝင်လို့ ဒီချီနည်း ကို ဥပမာ ပြလိုက်တာပါ။)

ခု ဆက်လက်ဖော်ပြမယ့် နည်းတွေကတော့ စာလုံးရေနဲ့ မဟုတ်ဘဲ စာပိုဒ်တွေ အနေအထားအရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပါ။ အမျိုးအစားသတ်မှတ်ချက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်

ပွဲ့ကဆီ (မိုးဆွေ)
“ပိုဒ်စုံ ရတု ၃-ပိုဒ်တွင် ပဋ္ဌမအပိုဒ် ရှည်ခြင်းတည်း။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွှန်ပြထားပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူလျှင်တူ၊ မတူလျှင်မတူဖြစ်ပြီး ပထမပိုဒ် ရှည်လျားနေလျှင် “မိုးဆွေ” လို့ ခေါ်တယ်လို့ ဆိုပါတယ်။

ဝမ်းပိုဒ်ကြီး (ဝမ်းပိုက်ကြီး)
ဒုတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် ဝမ်းပိုဒ်ကြီး လို့ခေါ်ပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ “ဝမ်းပိုက်ကြီး” လို့ ရေးထားပါတယ်။ သဘောကတော့ ပထမအစပိုဒ်ဟာ ဦးခေါင်း၊ ဒုတိယအလယ်ပိုဒ်က ဝမ်းပိုက်၊ တတိယ အဆုံးပိုဒ်က ခြေ လို့ ယူဆလိုက်တဲ့သဘောပါ။ ဒါကြောင့် ဒုတိယပိုဒ်က “ဝမ်း” ပိုဒ် (သို့မဟုတ်) ဝမ်းပိုက် ဖြစ်ပြီး တခြားအပိုဒ်တွေထက် ပိုပြီး ရှည်လျားနေတော့ ပိုကြီးနေတယ် ဆိုတဲ့ သဘောနဲ့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

လည်တို
တတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် “လည်တို” လို့ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ပြဆိုထားပါတယ်။

ညွန့်တက်
ဒီမှာလည်း နှစ်မျိုးကွဲပြားတာကို တွေ့ရပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ပဋ္ဌမပိုဒ် မရှည်မတို ရှိခြင်းတည်း။” (ပဋ္ဌမပိုဒ်က ကျန်တဲ့နှစ်ပိုဒ်နဲ့ မတူဘဲ မရှည်လွန်း မတိုလွန်းတာကို ဆိုလိုပါတယ်) လို့ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ တတိယပိုဒ် တူပြီး ဒုတိယပိုဒ် မတူလျှင် "ညွန့်တက်" ဟုခေါ်သည် ဆိုပြီး ဖော်ပြထားပါတယ်။

ညွန့်လန်း (ညွှန်လမ်း)
ဒုတိယပိုဒ်က ပဋ္ဌမပိုဒ်ထက် ပိုရှည်နေရင် “ညွန့်လန်း” လို့ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ ဒုတိယပိုဒ် တူပြီး တတိယပိုဒ် မတူလျှင် "ညွှန်လမ်း" လို့ ခေါ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီမှာလည်း နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။

ညွန့်တုံး
တတိယပိုဒ်က ဒုတိယပိုဒ်ထက် ပိုရှည်နေရင် “ညွန့်တုံး” လို့ ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ဖော်ပြထားပါတယ်။

ပိုဒ်စုံစကြာ (စကြာလည်)
အဆုံးချလျှင် အစပိုဒ်သို့ ဆိုက်ခြင်း၊ တနည်းအားဖြင့် ချီပုဒ်ကို ပြန်ယူပြီး ချခြင်းဖြစ်ပါတယ်။
ဥပမာ - ရခိုင်သူ မိညိုရေး ကိုယ်ရည်သွေးဘွဲ့ ရတုမှာ “တောင်တွင်မြင့်မိုရ် ...” လို့ ချီပြီး အဲဒီအပိုဒ်ကိုပဲ “တောင်တွင် မြင့်မိုရ်သာတကား” ဆိုပြီး ပြန်ချပါတယ်။
နဝဒေးကြီးရဲ့ ရတုမှာလည်း ‘သီဟတောနှင့် ကျိုက်ပေါမွေ’ လို့ချီပြီး ‘တွင်မည်ကျိုက်ပေါ သီဟတော’ ဆိုပြီး ပြန်ချထားတာမျိုးပါ။
(အက္ခရာတလုံးတည်းနဲ့ အစပိုဒ်တိုင်းကို ရေးထားတဲ့ ပဒုမ္မာကြာဆိုနည်း ရတုတွေကိုတော့ ယန္တရားစကြာလည် ရတု လို့ ခေါ်ကြပါတယ်။ ပိုဒ်စုံစကြာရတုနဲ့ မတူပါ)

ကိုယ်တွင်းပြည့် (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်)
“ပိုဒ်ရေအတူ၊ ကာရန်တူ ပိုဒ်စုံညီညွတ်ခြင်းတည်း” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ရှိသမျှ အပိုဒ်အားလုံး အရေအတွက် တထပ်တည်းတူပြီး ပထမအပိုဒ်က စကားလုံးတိုင်းကို ဒုတိယနဲ့ တတိယ အပိုဒ်တွေမှာ တလုံးမကျန် နဘေအပြည့်ထပ်ပြီး ရေးတဲ့ ရတုမျိုးဖြစ်ပါတယ်။ (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်) ဆိုပြီးလည်း ခေါ်ပါတယ်။ အလွန်ရေးရခက်တဲ့ ရတုအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဥပမာ သီးသန့် ပြပေးပါ့မယ်။

စာဖြတ်
တပိုဒ်နှင့်တပိုဒ် မညီရင် “စာဖြတ်” လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြဆိုထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူပြီး ပထမပိုဒ် မတူလျှင် “စာဖြတ်” လို့ ပြထားပါတယ်။

စာရိ
အဖြစ်ခြင်း မညီဘဲ စပ်ရင် “စာရိ” လို့ခေါ်ပါတယ်။ အလယ်မှာ တလုံးမညီဘဲ ရှိရင် ‘သတ်စေ့နှက်’ လို့ ခေါ်ပါတယ်။ မထောင်းတာစပ်ရတယ်။ အရင်းအဖျား ပျက်ရုံမျှနှင့် စာရိလို့ ခေါ်လို့မရဘူးလို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ထောင့်တဲတွန့်
တခြားရတုတွေလို လေးလုံးတပိုဒ် စပ်ရိုးစပ်စဉ်မဟုတ်ဘဲ သုံးလုံးတပိုဒ်၊ ၄-လုံးတပိုဒ်၊ ၅-လုံးတပိုဒ် အစရှိသဖြင့် စပ်ဆိုသွားတဲ့ နည်းဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရ ထွင်ခဲ့တဲ့ နည်းလို့ သိရပါတယ်။

သုံးလွန်းတင်
တပိုဒ် စပ်လိုက်ရုံနဲ့ ၃-ပိုဒ်ရခြင်း လို့ ဆိုပါတယ်။ ပထမအပိုဒ်ရဲ့ စာလုံးတွေကိုပဲ ရှေ့နောက်လှည့်ပတ်ရွှေ့ပြောင်းပြီး ဒုတိယနဲ့ တတိယအပိုဒ်တွေ ရအောင် စပ်သွားတာမျိုးကို ဆိုလိုပါတယ်။ ၃-လုံးတင်ကနေ ၁၈-လုံးတင်အထိ စပ်လို့ရတယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်း မှာ ညွန်ပြထား ပါတယ်။

ယမကချီ၊ ယမကချ
ယမက ဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က သဒ္ဓါတူအနက်ကွဲ (သံတူကြောင်းကွဲ) ပိုဒ်တွေ အစုံလိုက် အစုံလိုက်ထားပြီး ဖွဲ့ဆိုတဲ့ ပါဠိကဗျာတွေကို ဆိုလိုပါတယ်။ ချောင်းမဘုရားတိုင်ရတုတွေဖြစ်ကြတဲ့ ချောင်းမမွေရှင်-ချီ နဝဒေးရဲ့ ရတုမှာ ...
ချောင်းမမွေရှင်၊ ... ချစ်စမမြဲးတောင်းကိုလည်း။
မောင်းမျှရွှေစင်၊ ... ဖြစ်ရမခဲးတောင်းကိုလည်း။
ကြောင်းစထွေအင်၊ ... ပြစ်ပမရှဲးတောင်းကိုလည်း။ ဆိုပြီး ချီထား၊ ချထားသလို ...
ချောင်းမမွေတော်-ချီ နတ်သျှင်နောင်၏ ချောင်းမဘုရားတိုင်ရတုမှာ ...
ချောင်းမမွေတော်၊ ... မုန်းဘွယ်မများ တောင်းကိုလည်း။
မောင်းမျှရွှေလှော်၊ ... နှုန်းဆွယ်မရှား တောင်းကိုလည်း။
ကြောင်းစထွေငေါ်၊ ... ကုန်းသွယ်မသားတောင်းကိုလည်း ...
ဆိုပြီး အစုံလိုက် ချထားခြင်းမျိုး ဖြစ်ပါတယ်။ ဒီနည်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ နတ်သျှင်နောင်ဆို ရတုများထဲမှာ တွေ့ရတဲ့ နည်း ဖြစ်ပါတယ်။ သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ) ချနည်းနဲ့ ကွဲပြားတာက ဒီနည်းမှာ စကားလုံးအားလုံးကို ကာရန်အညီ ထပ်ပြီး စပ်ဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်။
သုံးပိုဒ်လုံး အပိုဒ်ရေတူညီလျှင် ...
(က) သတ်စေ့နှက်သုံးချက်ညီ ရတု
(ခ) ပဒညီ ရတု
(ဂ) အရည်အပြည့် ရတု
(ဃ) မင်္ဂလာ ရတု လို့လည်း ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်းမှာ ပြထားပါသေးတယ်။

ဒါဆိုရင် ကျမ်းတွေမှာလာသမျှ ရတုချီနည်း၊ ချနည်း အားလုံး စုံသွားပြီဖြစ်ပါတယ် ... ဆက်ပြီး တွေ့ရရင်လည်း ထပ်ပြီး ဖြည့်စွက်ပေးပါ့မယ် ...
ရတုအကြောင်းက ကျယ်ပြန့်လွန်းလို့ ရှေ့ဆက်ပြီး ရေးရပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Saturday 25 May 2013

ကဆုန်လဘွဲ့ ကဗျာများ

ကဆုန်လပြည့်နေ့မှာ ကဆုန်လဘွဲ့ မြန်မာကဗျာတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ် ...

ကဆုန်လဘွဲ့ ကဗျာများ

ကဆုန်လဘွဲ့ (လေးဆစ်) - ဖိုးသူတော် ဦးမင်း

စကားဝါငုံ သင်းလို့၊
ကြယ်မင်းတဲ့ ဝိသာခါ။

တိမ်ဗွေမှာ ရောင်ခြည်ရွှမ်း၊
ထွန်းတဲ့ချိန်ခါ။

စုံကန္တာ၊
ဟေမာမြိုင်ထဲ။

ရွှေကျေးပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။

(ဖိုးသူတော်ဦးမင်း)


The yellow champac buds are fragrant.
Alpha Libra, the king of stars,
shines amid the clouds
in brilliant rays.
In wood and jungle
golden parakeets learn to fly,
Joyously flitting from tree to tree.
They play merrily.

By Pho Thu Taw U Min (Translated by Mg Thar Noe)

ကဆုန်လဘွဲ့ (လေးချိုး) - မဟာဂီတ ဦးပြုံးချို

နေနန်းရယ်တဲ့ ဖန်သူရိန်။

တန်ခိုး ဥဏှဂူနှင့်၊
ကဆုန်ဟူ သည်မာသမှာ၊
ပြင်းပြပူရှိန်။

ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊
ထွန်းလှတဲ့ ငွေတာရိန်ငယ်၊
ဒွတ္တိသ နေ့စွဲ။

ပန်းစကားဝါ၊
နန်းဘယာ ကေသီဆင်လို့၊
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊
ခါသဘင်ညောင်ရေသွန်းကြတယ်၊
လွမ်းစရာ့ပွဲ။ ။

(မဟာဂီတ ဦးပြုံးချို)


ကဆုန်လဘွဲ့ (လွမ်းချင်း) - မဟာအတုလမင်းကြီး

မြူခြေငယ်ဝှန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊ တောက်လောင်ငယ်ထိန်သည်
ဖန်သူရိန်တေဇာကြောင့်၊ ပူဗျာပါ ကဲတဲ့လကိုလေး။
ရာသီငယ်ပြိဿ၊ မဟေသီလဲ၊ ရွှေညီခလို့၊ ပန်းမြစကားဝါ၊ ဝိသာခါနှင့်
တာရာခြံရံ၊ စန်းငွေယုံဖန်သည့်နှယ်၊ ဆဒ္ဒန်ပိုင့်ဘွေပုံမှာ
လှူကဆုန်ညောင်ရေပွဲပေမို့၊ သဲလှတယ်လေး။

(မဟာအတုလမင်းကြီး)

ကဆုန်လဘွဲ့ (လူးတား) - ဦးယာ

နှစ်သိန်းစက်ကျယ်၊ တသွယ်ထိရ [1]၊ ပြိဿရာသီ၊ ပထဝီဓာတ် ပညတ်လေ[2]။ ။
သပြေညွန့်နု၊ ရတုမာသ၊ ကဆုန်လဟု၊ ပြည့်ထဝင်းဝါ၊ ဝိသာခါနှင့်၊ စန္ဒာလဝန်း၊ ယှဉ်ပြိုင်ထွန်းသော်၊ လေးကျွန်းလှည့်ပတ်၊ ဟတ္ထိတာရာ၊ ထပ်တူပါ၍၊ နေ့မှာတသွယ်၊ ကြယ်ကြတ္တိကာ၊ သူရိယာနှင့်၊ ယှဉ်လှာမယွန်း၊ မွန်းတည့်ဘဝါး၊ ရငြားနှစ်ခု၊ တိုင်ပင်စု၍၊ ရွက်နုဖူးစီ၊ နာရီနေ့ဝယ်၊ သုံးဆယ်ကကျော်၊ နှစ်ခုပေါ်လျက်၊ ညဥ့်သော်နှစ်ဆယ်၊ ရှစ်ခုသွယ်၏ [3]၊ လှည့်ကယ်ရစ်ပတ်၊ ဝါယောဓာတ်တည့် [4]၊ သွင်းခတ်မှိုင်းရီ၊ လေဝန်းချီ၍ [5]၊ ရာသီလိုက်သင့်၊ ရွှေပွင့်စကား၊ မြသားရိုးနေ[6]၊ ပန်းမိုးစွေ၏၊ ညောင်ရေသဘင်၊ ပျော်ရွှင်သွင်းလောင်း [7]၊ ပျိုတော်ပေါင်းလည်း၊ ယဉ်ပျောင်းတုတ်တီ၊ ရွှေပိုးစီသို့ [8]၊ လုပ်လီလုပ်လဲ့၊ ပင်ကိုယ်နွဲ့နှင့်၊ နတ်ကဲ့လိုလို၊ ပြာညိုပွင့်တောက်၊ နီလာကျောက်သို့၊ (နှင်းပေါက်သော်မော်၊ ပန်းထီးပေါ်တက်၊ မာရဘက်ကို၊ မလျက်ဘယ်ညာ [9]၊ အင်္ကျီမှာလျှင်၊ ရွှေဇာမှော်ပွင့်၊ ဆင်တိုင်းတင့်လျက်၊ ဘုန်းမြင့်စိန္တေ၊ ဓာတ်တော်မွေတွင်၊ ရိုသေကြည်လင်၊ ဆုပန်ဆင်သည် [10]။ ။ သဘင်ညောင်ရေပွဲတည့်လေ။ ။
ညံ့ပြေတည့်ပြာဝင်း ခြောက်ပြစ်ကင်း [11]။ ။ ယဉ်မင်းရွှေရုပ်မယ် [12]။ ။ ရှုဘွယ်တည့်မြခဲ ကျောက်မျက်ရွဲ။ ။ ပုလဲကြေးမုံ။ ။ တူစုံတည့်ယှဉ်တွဲ လည်ချင်းနွှဲ။ ။

* မှတ်ချက်
မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
[ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
[မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
[ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

---------

[1] တသွယ်ထိန [ဘ]၊ တသွယ်ဒိန [ဟ]၊ တသွယ်ထိရ [မ] [ဦးကျော်ထွန်းအာဘော်]
[2] ပညတ်နာမ ခေါ်ကြလေ [မ] [ဟ]
[3] ရှစ်ခုကယ်၏ [မ] [ဟ]
[4] စုံမြိုင်ရပ်က [မ] [ဟ]
[5] လဝန်းချီ၍ [မ] [ဟ]
[6] ရွှေဖီစကား၊ မြသားလျှံဝေ [မ] [ဟ]
[7] ညောင်ရေသဘင် (သည်ပွဲတွင်၌) ပျော်ရွှင်သွန်းလောင်း [မ]
[8] ယဉ်ပျောင်းဟန်ချီ၊ ရွှေပိုးတီသို့ [မ] [ဟ]
[9] ပန်းထီးပေါ်တွင်၊ ရွှေလှော်နုညက်၊ မာလာခက်ကို၊ ဘရက်ဘယ်ညာ [ဘ]။ ပန်းတည်ပေါ်တက်၊ မာလာပက်၍၊ ဘယက်ဘယ်ညာ [မ]။ ပန်းထည်ပေါ်တက်၊ မာလာမက်၍၊ ဘယက်ဘယ်ညာ [ဟ]
[10] ရှိပန်ဆင်သည် [မ] [ဟ]
[11] သပြေတည့်ပြာဝင်း ခြောက်ပစ်ကင်း။ [ဘ]။ ယဉ်မူတည့်ပြာဝင်း ခြောက်ပြစ်ကင်း [မ] [ဟ]
[12] ယဉ်မင်းရွှေရုပ်နှယ် [မ] [ဟ]

--------------------

ကဆုန်လဘွဲ့ (ပဒေသာသီချင်း - ဖော်ဝေးမစုံ-ချီ) - ဦးကြင်ဥ

အော် - ဖော်ဝေးမစုံ၊ ဆွေးဘို့ကြုံအောင်၊ တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့်၊ ပုဏ္ဏာ့းတာရာ၊ ကြယ်ဝိသာလဲ၊ အာကာမြင့်ခေါင်၊ ကွန့်ရွှန်းငယ် ပြောင်သည်၊ တိမ်မှောင်ခြွေလို့ လင်းတော့တယ်။ ။

သံဝှန်ငယ်ညောင်းငြိမ့်၊ စည်မောင်းလှိမ့်လို့၊ ဝတိန့်ခွန်ဆွတ်၊ နတ်များထွတ်ကို၊ သခွတ်စားငယ်၊ ပြည်သမီးရင်း၊ လက်စကြွင်းကြောင့်၊ ရန်တင်းငယ် လှယ်သည်၊ စစ်ဆွယ်ပြိုင်လို့ ကျင်းတော့တယ်။ ။

သင်းမြေနံ့တကြိုင်။
စံကားရွှေဝါနှင့်၊ ညောင်သီဒါ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။
မြိုင်မြစ်စုံ ယမုန်ခပါတဲ့၊ ပြည်အမရ မန်တိုင်၊ ခရိုင်နယ့်တဝိုင်း။
သို့ချိန်ဆီ၊ ရင့်ကျူး ပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။ ။

နံကိုင်းဇေယျ၊ ပြည်သန်လျက်ခုံ၊ ကြက်နှစ်စုံလဲ၊ ရွှေပုညနှင့်၊ ပတ္တမြာ့းစစ်၊ ပြာယမိုက်ဆင်၊ မန်းသိုက်ဝင်တဲ့၊ ရှင်ပင့်ဖြစ်ကို၊ စိစစ်ဖွဲ့ကုံး၊ အို - ဘဲ့နှယ်ဆုံးပေလိမ့်။ ။

ခွေနုံးတဲ့ဗျာသီ။
သူလဲ မြင်တော်လာနှင့်၊ ကန္တာမှာ ဖန်ရာကြုံ့ပါဘိ၊ လွမ်းပုံ့ပွေလီ။
ထီးတရာ ပဏ္ဏာကြို့ပါတဲ့၊ မင်းနေမြို့ဌာနီ၊ သည်ဆီထင့် ရော်ရမ်း။
နယ်ရှစ်ခွင်၊ နတ်စစ်ကယ် ဗျူဟာဆင်လို့၊ မြော်အမြင် ထင်အတွေးနှင့်၊ ဝေးကမောင်ပန်း။ ။

(ဦးကြင်ဥ)

ကဆုန်လဘွဲ့ (ပြိဿရာသီဘွဲ့) (အဲးချင်း) - နန်းတွင်းသူ မယ်ခွေ

ဖာလ်နန်းမှ ချက်အုံလေ။ ။ နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစယှက်လွယ်။ မင်းမူ ဟန်ကျယ်လှ။ မိုဃ်းလယ်ဘုံမှာတဲ့လေး။ ။ ကဆုန်ငယ်မှ ရတု။ မြနီလာဆင်။ အပြာရစ်နှင့်။ ရှစ်မျက်နှာဆို။ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှ လဲ့ပြာ၊ စကားထုံသင်း၊ ဂေါဇာချင်းတွင်၊ တုကင်းလွတ်ကွာ၊ ငှက်ပေါင်းသာလို့၊ ညှာချွေငယ်စံသည်၊ ယုဂန်မှာ တိမ်တပုံက၊ ဂဠုန်လိုဝဲ။ ။ အသဲမှာဆွတ်ကျင်၊ သောင်သင်ဖြူးခင်း၊ မြစ်ကြီးတွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတံမြူးသည်၊ ပိုက်ဦးငင်လို့၊ သဘင်မှ ဖြိုးဝေ၊ ဇင်ယော် သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုပ်ကယ်လှိုင်လို့၊ သံပြိုင်ငယ်ချွေသည်၊ ဂြိုဟ်စနေ ဘီလာပိုင်းဆီက၊ မုန်တိုင်းချီပြင်း။ ။ ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တငါ့တာရာ၊ ကြယ်ဥပါနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းဘွေဆိုင်ညီ၊ လေမင်းပင်မှီရော့ထင့်၊ စက်ရာသီပြိဿရေးတဲ့ ငိုကြွေးခင်း။ ။

ကဆုန်လဘွဲ့ (ရတု) - ဥက္ကာပျံ

တန်ခူးကုန်ပြန်၊ တာသင်္ကြန်လည်း၊ လွန်လတ်သည်။
ခုဆန်းရေ-ကဆုန်လ၊ မောင့်ကြောင့်စိတ်ပူ၊ မှီးသူတ-တတနယ့်။
စိမ်း ရောင်မြ-ပင်တကာ၊ ရွက်သစ်နုဆောင်၊ ပင်တိုင်းပြောသည်၊ ခြောက်ရောင်အလျှံဖြာသား။
ရှုချေသော်-လွမ်းဘွယ်တိ၊ ကဆုန်ရီသွန်း၊ မိုဃ်းပန်းပွင့်လာဘိက။
စိတ်သတိ- ညှိုးပူဆာ၊ ခြိုးသားကူကေ၊ စိတ်ပူရောက်ပြန်လှာ၍။
ဘုံမွေ့ရာ သလွန်ထက်၊ ညဥ့်လေးယံမှာ၊ တစ်ယံမယ်မစက်တည့်။
ကြံတွေးဆ-နေ့စဉ်ခါ၊ ဝတိန် တရိုး၊ ပဇ္ဇုန်မိုဃ်းသည်၊ ဖြိုးဖြိုးရွာပြန်လှာ၏။
မယ့်လွမ်းစွာကို-မောင်မသိ၊ ပဇ္ဇုန်သခင်၊ ပြိုးပြောက်ဆင်ကေ၊ ကောင်းကင်လျှပ်ရောင်ပြီ့မျှ။
ရှုကြည့်ဘိ-ခုချိန်ခါ၊ သောတာပန်းလောင်း၊ ရောင်မောင်းတစ်ထောင်ဖြာသား။
ထွက်လာရေ-နီမင်းနတ်-ဣန္ဒခေါ်တွင်၊ ဝတိန်ခွင်ဝယ်၊ မြင်းဆင်ရထားတပ်၍။
ချီတက်လတ်-မိုဃ်းကောင်းကင်၊ မြင်းမိုရ်လှည့်ပတ်၊ ယုဂန်ထွဋ်ဝယ်၊ ချဉ်းကပ်လာလတ်ကျင်မှ။
ဘုန်းတန်းရှင်-ပဇ္ဇုန်နတ်-မြပန်းမြပင်၊ မြကုံးဆင်ကေ၊ နတ်သျှင်မြင်ပြန်လတ်က။
ဆွတ်ဆွတ်ပြုံးရယ်ရွှင်၊ ဘယ်ကတင့်ဆုံး၊ မံကြိမ်လုံးနှင့်ပင်တည့်။
ညာဘက်တွင်-စွဲသံလျက်၊ မိုဃ်းဘုန်းနတ်ရှင်က၊ က-မြဲဆင်သည်၊ ပျော်ရွှင်မြင်းနှင့် ထွက်က။
ပြိုးပြိုးပြက်လျှပ်ရောင်ဖြာ၊ ကဆုန်စ-မိုဃ်း၊ ထင်ကြိုးသွန်းချလာသည်။
မယ့်ကို လွမ်းရာဖြစ်ဖို့လေ။

(ဥက္ကာပျံ)

Kason

The Water Feast is past; a new moon waxes;
Still my thoughts follow you incessantly.
Everywhere doves are cooing: through the leaves.
The light seems every colour of gay green.
Or misty showers pass over in thin drizzle.
But all these only make my heart more sad,
For thinking I must see them without you,
So that three parts of the night I often lie
Wakeful and wishing you were by me here,
That we might watch together the moving sky,
See the Rain-king marshall his thunder clouds
And make his lightning flicker; see the Sun-king,
In his rich coat of a thousand scarlet flames,
Drive out and set his horses at a gallop
In circuit of Mount Meru: on the summit
The King of Heave sits, smiling at this,
Until an amber rod in his left hand.
His right upon a sword, he shouts again.
At once the Rain-King summons back the clouds,
Darkens the sky, darks lightning everywhere,
And a shower rushing down settles the dust.

Translated by Maurice Collis

Read More...

Thursday 23 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၇)

ချီနည်းများ
ရတုချီနည်းတွေက သိပ်မများလှပါဘူး။ နာမည်သီးသန့်လည်း ပေးထားတာ မတွေ့ဖူးပါဘူး။ စာလုံးရေအလိုက် ကြည့်မယ် ဆိုရင် ၄-မျိုးပဲ ရှိပါတယ်။ ဒီချီနည်းတွေက ...


၃-လုံးချီ
ဒီချီနည်းက တွေ့ရခဲပါတယ်။ “မှားခဲ့ပြီ - သွားတဲ့ဆီ - အားနွဲ့မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုးပါ။ အဖျားကောက်ရတုတွေမှာ လောက်ပဲ တွေ့နိုင်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ “ကျွမ်းငယ်ဖော် - မှတ်သက်ပေး - သက်မှတ်ပေး” ဆိုပြီး အစပိုဒ်တွေကို ၃-လုံးချီထားတာ တွေ့နိုင်ပါတယ်။

၎-လုံးချီ
အသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး မဲဇာတောင်ခြေရတုမှာ ချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

၅-လုံးချီ
တွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ ချီထားပါတယ်။

၇-လုံးချီ
ဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေထဲက ...
သက်တော်ရနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲးဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မွေ”
ရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတော နှင့် ကျိုက်ပေါမွေ - မဟာနော နှင့် သက္ကောမွေ”
ကျိုက်ပတံနဲ့ စတဲ့ဘုရားတိုင်ရတုမှာ ... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ - ကျိုက်မောင်းမ နှင့် ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည် - တမ်းဘိသည်လည်း တမ်းဘိသည်” ...
ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
မြင်းဝန်နေမျိုးသီဟသူ ရေးတဲ့ စကြာရတုပိုဒ်စုံမှာလည်း ... “ထူပါရုံနှင့် စည်းခုံမွေ - မြတ်မုနိနှင့် မြင်မိမွေ - ဆင်ကြိုးဂူနှင့် ဆင်ဖြူမွေ” ... ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။

ဒီ ချီနည်း ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။

ချနည်းများ
ရတုကို ချတဲ့နည်းတွေကို မပြောခင် ချရမယ့် ကြိယာ(စကားလုံး)ခြောက်ဆယ် ရှိပါတယ်။ ‘ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ’ ဆိုတဲ့ ကဝိလက္ခဏာ သတ်ပုံသံပေါက်က စကားအတိုင်း ရတုအချ စကားလုံးပေါင်း ခြောက်ဆယ် ကိုလည်း ကဝိကဏ္ဌပါသ ကျမ်းမှာ ကြိယာခြောက်ဆယ် လင်္ကာ နဲ့ ဖော်ပြပါရှိပါတယ်။
ရှင်မဟာ သီလဝံသ ရေးသားစီရင်တဲ့ ကဝိပါသဏ္ဌကျမ်း အလိုအရတော့ ၆၄-ပါး ရှိပါတယ်။
အသေးစိတ်ကို မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၅) http://harrylwin.blogspot.com/2008/08/blog-post_30.html ရဲ့ ကြိယာ ခေါင်းစဉ်အောက်မှာ ကြည့်နိုင်ပါတယ်။
အခု ရတု ချနည်းတွေကို စပြီး လေ့လာကြည့်ပါမယ်။

လုံးရေအလိုက် ချနည်းများ
ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။

၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။ နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီ မယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” ဆိုပြီး သုံးလုံးချထားတာကို တွေ့ရပါတယ်။

၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။ စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတဲ့အခါ “နေလျှင် - ဆွေးရ၏။ ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံး ချနိုင်ကြောင်း ညွှန်ပြထားပါတယ်။

၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး ချနည်းဖြစ်ပါတယ်။ “ခုနစ်လုံးမှတ်၊ ချတုံလတ်၊ ခိုင်ညွတ်ခက်ဖြာခေါ်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။

၈-လုံးချ
ဒီနည်းကို ဇမ္ဗူ့တန်ဆောင် လို့ ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချတယ်လို့ ဥပမာ ပြထားပါတယ်။

၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။ “ပူဆာလွန်ကဲ၊ တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၂၂ မှာ မန်လည်ဆရာတော်ကြီး ချထားတာ တွေ့နိုင်ပါတယ်။

၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာ ဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့် ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။

၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။ နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမ ဝန်းစေသောဝ်။ ထက်ခွင်ဝန်းလည် လေပြည်စမ ယွန်းစေသောဝ်။ ကောင်းကင်ထွေလည် မြရည်ချမ ဖြန်းစေသောဝ်။” ရယ်လို့ ၁၁-လုံးနဲ့ ချ ထားတာတွေ့ရပါတယ်။ ဒီ ချနည်းကို နဝဒေးကြီး ရဲ့ တခြားရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ ၁၁-လုံးချတယ်လို့ ဆိုပေမဲ့ ၄-လုံးတပါဒ အပိုဒ်ငယ်လေးကို နောက်ဆုံး ၇-လုံးတပါဒ အပိုဒ်ငယ်လေးနဲ့ ၄-၂ ကာရန်ပြန်ချိတ်ပြီး ချထားတဲ့သဘောလည်း ရှိပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။ ၁၁-လုံးနဲ့ အထက် ချတဲ့ နည်းတွေ အားလုံး ဒီလိုပဲ ၄-လုံးတပိုဒ် အပိုဒ်ငယ်လေးတွေကို ကာရန်ချိတ်သွားပြီး ချကြပါတယ်။

၁၂-လုံးချ
ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” လို့ ၁၂-လုံးနဲ့ ချထားတာ တွေ့နိုင်ပါတယ်။

၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့သည်။” လို့ တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁ မှာလည်း မန်လည်ဆရာတော်က “ ... နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့ ၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီမှာလည်း အာသာဝတီဝတ်ဆံချနည်းလိုပဲ ၄-လုံးတပါဒ တပိုဒ်ပိုလာပြီး အပိုဒ်ငယ် ၂-ပိုဒ်နဲ့ နောက်ဆုံး ၇-လုံး တပါဒ အပိုဒ်ငယ်တပိုဒ်ကို ၄-၂ ကာရန်ချိတ်ပြီး ချသွားတာကို တွေ့နိုင်ပါတယ်။ ကာရန်မချိတ်ဘဲ တောက်လျှောက် အလွတ်ချထားတာမျိုး မတွေ့မိသေးပါဘူး။

၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။ စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ... “စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်စောင်ကြုံးမို့ကို။” ရယ်လို့ အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။

၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတဲ့နည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့ နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါတယ်။

၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူတိမ်ဖျား၊ ငှက်ခြေကြား၌၊ လိုက်သွားပါရှာရ၏လေး။” လို့ မန်လည်ဆရာတော်ကြီး ရေးဖွဲ့ခဲ့တာ တွေ့ရပါတယ်။

၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်းမှာ ဆိုထားပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ ရတုတော့ ရှာလို့မတွေ့သေးပါဘူး။

၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်းမတော်၊ ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။

၃၅-လုံးချ
အရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါတယ်။ သည့်ထက် ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊ သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့ စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ ၂၅-လုံးချတာကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့ ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာ မန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလွန်တွေ့ရခဲတဲ့၊ အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။
၁၁-လုံးကနေ ၃၅-လုံးအထိ အက္ခရာများတဲ့ ချနည်းတွေဟာ ရတုမှာ အသုံးများတဲ့ သုံးလုံးတွဲကာရန် (၄-၃-၂ နဲ့ ၄-၃-၁) တွေ ယူလာပြီး ပုံမှန် ၇-လုံးမချသေးဘဲ ၄-၂ ကာရန်နဲ့ ပဒငယ်လေးတွေ ဆင့်ပြီးမှ နောက်ဆုံး ၇-လုံးပြန်ချထားတဲ့ သဘောမျိုးပဲလို့ ယူဆပါတယ်။ ကာရန်လုံးဝ မချိတ်ဘဲ စာလုံးရေအများကြီးကို ဒီအတိုင်း အလွတ်ချထားတာမျိုး တခုမှ မတွေ့ဖူးသေးပါဘူး။

စာလုံးရေနဲ့ ချီနည်း ချနည်း တွေ ပြီးတော့ အက္ခရာ၊ အသတ်၊ စတာတွေကိုလိုက်ပြီး ခေါ်ဝေါ်သတ်မှတ်ထားတဲ့ ချီနည်း၊ ချနည်းတွေကို ဆက်လက်ဖော်ပြပါမယ် ...

ဟယ်ရီလွင်

Read More...

Sunday 19 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၆)

(၄) အချီအချအားဖြင့်

(ရတု အချီအချတွေက များပြားကျယ်ဝန်းလွန်းတာကြောင့် အချိန်ယူပြီး အသေးစိတ်ရေးနေရလို့ အချိန်အတော်ကြာသွားတာကို ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါတယ်)

ရတု ချီနည်း ချနည်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။ ဒီနည်းတွေအနက် ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ ...

‎(၁)        ထူးဆန်းထွေလာ
၂)        ညွန့်ရှင်
၃)        ပေါက်ပြ
‎(၄)        ငုံဖူး
‎(၅)        ပုလဲသွယ်
‎(၆)        လည်ကုပ်ချီ
‎(၇)        အဖျားကောက်
‎(၈)        ရွှေလောင်းပျံ
‎(၉)        သော်တာရောင်
‎(၁၀)      ကက္ကူဆူးချီဆူးချ
‎(၁၁)      နေရောင်ခြည်ပြေး
‎(၁၂)      ဖျောက်ဆိပ်လလယ်
‎(၁၃)      ညွန့်ဟုံ
‎(၁၄)      ခိုင်ညွန့်ခက်ဖြာ
‎(၁၅)      မဏိဆံကျင်
‎(၁၆)      အာသာဝတီဝစ္ဆံ
‎(၁၇)      မဏိဦးပြည်း
‎(၁၈)      ဇော်တခိုင်လုံး
‎(၁၉)      မပြတ်ကေသာ
‎(၂၀)      ဇမ္ဗူ့သပြေသီးမှည့်
‎(၂၁)      ချိန်ခွင်လျှာ
‎(၂၂)      ဘီလူးရယ်
‎(၂၃)      စာကျိုး
‎(၂၄)      စာဆန်း
‎(၂၅)      စာတုံး ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခရာလုံးရေအရ သတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး ချတဲ့ အာသာဝတီဝစ္ဆံ၊ ၁၅-လုံး ချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု ၇-မျိုးတွေ့ရပါတယ်။

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...
‎(၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
‎(၂) မဏိဆံကျင်
‎(၃) အာသာဝတီဝတ်ဆံ
‎(၄) မဏိဥပည်း
‎(၅) ဇော်တခိုင်လုံး
‎(၆) မပြတ်ကေသာ
‎(၇) ဇမ္ဗူ့သပြေသီးမှည့်
‎(၈) ထူးဆန်းထွေလာ
‎(၉) ညွန့်ရှင်
‎(၁၀) ပေါက်ပြ
‎(၁၁) ငုံဖူး
‎(၁၂) ပုလဲသွယ်
‎(၁၃) လည်ကုပ်ချီ
‎(၁၄) အဖျားကောက်
‎(၁၅) ရွှေလောင်းပျံ
‎(၁၆) သော်တာရောင်
‎(၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
‎(၁၈) နေရောင်ခြည်ပြေး
‎(၁၉) ဖျောက်ဆိပ်လလယ်
‎(၂၀) ညွန့်ဟုံ
‎(၂၁) ချိန်ခွင်ညှာ
‎(၂၂) ဘီလူးရယ်
‎(၂၃) စာကျိုး
‎(၂၄) စာတုံး
‎(၂၅) စာဆန်း
‎(၂၆) အစပြတ်
၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
၂၈) မြင်းဆက်ခွ
၂၉) မြင်းဆက်ခွန့်
၃၀) ပွဲ့ကဆီ
၃၁) ဝမ်းပိုဒ်ကြီး
၃၂) လည်တို
၃၃) ညွန့်တက်
၃၄) ညွန့်လန်း
၃၅) ညွန့်တုံး
၃၆ ပိုဒ်စုံစကြာ
၃၇) ကိုယ်တွင်းပြည့်
၃၈) စာဖြတ်
၃၉) စာရိ
၄၀) ထောင့်တဲတွန့်
၄၁) သုံးလွန်းတင် ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁) အထိ ၁၆-မျိုး ပိုတာကို တွေ့ရပါတယ်။

ဒီလို ရတုချီနည်း ချနည်းတွေကို လင်္ကာတွေနဲ့ ပညာရှိများ ရေးဖွဲ့စပ်ဆိုသွားခဲ့ကြပါတယ်။
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...

ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာ
ထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။ ။ ညွန့်ရှင် - မူကား၊ ထူတမ်းခွန်ဆင့်၊ စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှမျှတည့်။ ။ ထိုမှတထူး၊ ငုံဖူး နှိုက်ကား၊ ၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။ အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။ သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊ ဟုချတပြီး၊ စာထင်းမီး နှင့်၊ တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊ တခုခုဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက် နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊ သတ်ရွေ့ချလော့။ ။ ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံး နောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆဲ့ငါး။ ။ ပိုင်းခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ ဘီလူးရယ်မူ၊ တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်းတည့်။ ။ စာဆန်းမှာသော်၊ လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊ ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊ သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။ ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
(ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်း လင်္ကာ
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်ကို၊ ပေါက်ပြ ဆိုရှင့်၊ ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊ က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်းထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ် ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊ ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊ စာစပ်ရေးကား၊ လေဝဂါဒိ၊ အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊ အဖျားကောက် ချီ၊ တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊ အသတ်မညီ၊ အချီမမျှ၊ ရှိကအထူး၊ ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။ ။

ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခဲ့ပါတယ်။

မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်
(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊ မတူချီချ၊ ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအကဲ့၊ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊ င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊ အမြဲသိလော့၊ သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မဲ့တုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊ မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သမုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊ မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊ လင်္ကာချဉ်းသည်။ ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။ ။
(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်တမူ၊ သတ်တူသံတူ၊ ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊ ဧကဒွယာ၊ အကြားပါလတ်၊ သတ်မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊ မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ ပဉ္စဝီ ကား၊ တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမလာတည့်၊ နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။ ။ မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။

ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညွန့်မဲ့ နဲ့ ထင်းမီးစ ကအတူတူပါပဲ။

ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တဲ့အခါ ကျမ်းတွေမှာပါတဲ့နည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့် အမျိုးမျိုးရှိပေမဲ့ ယေဘူယျပြန်ခွဲကြည့်ရင် အဓိက အားဖြင့်တော့
၁) လုံးရေ အရ
၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး (၂)မျိုးပဲ ရှိပါတယ် ... တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲ များပြီး တခြားချနည်း ရတုမျိုးက အလွန်နည်းပါးလှပါတယ်။
ဒီတော့ တခုချင်းကို အသေးစိတ် ထပ်ပြီး ဆက်လက်ဖော်ပြပါမယ်။

ဟယ်ရီလွင်

Read More...

Monday 6 May 2013

ကျားတော့ကျား

ကျားတော့ကျား

တောတခို၊
ခန္ဓာကိုယ် ပတ်လည်စင်းနဲ့
ခိုရင်းကျက်စား။

လေးချောင်းခြေ၊
အမြီးရယ် ရှည်ရှည်နဲ့၊
စုံမြိုင်ခြေ မြေအနှံ့၊
ခြေဆန့်ရဲ့ နယ်တခို၊
တကယ်ဆို ကျားထင်မိပေမဲ့၊
အားအင်မရှိ မဟိန်းနိုင်၊
ယိမ်းယိုင်လို့ အစွယ်မဲ့၊
အိုဘယ့် ဖွတ်ကျား။ ။

ဟယ်ရီလွင်

Read More...

Wednesday 1 May 2013

အလင်းစေတမန်

အလင်းစေတမန်

'ကိုရင်ဂျမ်းရဲ့ ပန်းလက်ဆောင်'။
'ဖန်မီးအိမ်' 'အမေ့ကျောင်း'၊
'ခွပ်ဒေါင်းအလံ ခေါ်ရာသို့'
တို့လိုက်ရအောင်။
'ပူစီ'လေး တညောင်ညောင်
မြည်သယောင်ထင်မိ။
'လှေတစ်စင်းနဲ့ သီချင်းသည်'
'ပန်းဈေးခင်း' လယ် တိုးကာကြည့်၊
'အဖိုးကဝိ'။ ။

'ကိုရင်ဂျမ်းအစမ်းစာ'။
'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း'
'ပျိုးခင်းတေးသံ'သာ။
'ပိတောက်မှ သရဖီ' ဝါ၊၊
'ကန္တာရနှစ်များ'။
'စိမ်းလန်းသောအိပ်မက်'ထူး၊
ဖူးပွင့်လို့သွား။

'လူလေးကြီးရင် ဘာလုပ်မယ်'။
'ကလေးကဗျာပန်းဥယျာဉ်'
လှမ်းဝင်စို့ကွယ်။
'ခုနစ်စင်ကြယ်'
ဘယ်မလဲ ရှာကွယ့်။
'ထီးကလေးနဲ့မနီ'၊
ကျောင်းတော်ဆီ ထွက်လို့လှမ်း၊
လွမ်းမျက်ရည်ဖွဲ့။

'ပုဂံကျောင်းကခေါင်းလောင်းသံ'။
'ဗုဒ္ဓနှင့်တွေ့ဆုံခြင်း'၊
လင်းဓမ္မဉာဏ်။
'ဆီးသီးသည်မဗျိုင်း'ဟန်၊
တွေ့ပြန်ခဲ့လေတိုင်း။
'ကံ့ကော်ရိပ်မှ အိပ်မက်များ'၊
ကျက်စားရစ်သိုင်း။

ဧည့်သည်ကြီး သူပြန်ပြီ။
ဆေးလိပ်တို နေညိုလို့
တို့ပြန်ပို့မည်။
'အညာလမ်းက တမာတန်း'ဆီ၊
လွမ်းမျက်ရည်မခန်း။
'သစ်ရွက်ကြွေလေးပေါ်မှာ
ရေးတဲ့ မှတ်တမ်း
'။ ။


(ကောင်းကင်ယံမှ ကြွေဆင်းလာသော ကြယ်တပွင့်သည် ဖန်မီးအိမ်ကို ကိုင်စွဲရင်း လောကအား ပန်းတခြင်းဖြင့် အလင်းပွင့်များ ပေးအပ်ကာ မူရင်းဗိမာန် ကောင်းကင်ယံသို့ ပြန်လည် ထွက်ခွာသွားခဲ့လေသည်မှာ ကြာမြင့်ပြီတကား ...)

'...' အတွင်းမှ စာသားများမှာ ဆရာတင်မိုးရေးသားခဲ့သည့် ကဗျာစာအုပ်များ၏ အမည်များ ဖြစ်ပါသည်။

မြင့်မြတ်ရာဘုံဘဝတွင် အလင်းပွင့်များ ဆက်လက်ဝေငှနိုင်ပါစေ ...

ဆရာ့အား ဦးညွှတ်ကန်တော့လျက် ...

ဟယ်ရီလွင်

ဆရာတင်မိုး ရေးသားခဲ့သောကဗျာစာအုပ် စာရင်း

ကိုရင်ဂျမ်းရဲ့ ပန်းလက်ဆောင်
ဖန်မီးအိမ်
လှေတစ်စင်းနဲ့ သီချင်းသည်
အဖိုးကဝိ ကဗျာများ
အမေ့ကျောင်း
လူလေးကြီးရင် ဘာလုပ်မယ် (၁၉၆၆)၊
ပန်းဈေးခင်း (၁၉၆၇)၊
စိမ်းလန်းသောအိပ်မက်(၁၉၆၉)၊
ပိတောက်မှ သရဖီ (၁၉၆၉)
ထီးကလေးနဲ့မနီ (၁၉၇၀)၊
ဆီးသီးသည်မဗျိုင်း (၁၉၇၂)၊
ခုနစ်စင်ကြယ် (၁၉၇၂)၊
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း (၁၉၇၃)၊
ပျိုးခင်းတေးသံ (၁၉၇၃)၊
ပူစီ (၁၉၇၅)၊
ပုဂံကျောင်းကခေါင်းလောင်းသံ (၁၉၇၇)၊
ကိုရင်ဂျမ်းအစမ်းစာ၊
ကလေးကဗျာပန်းဥယျာဉ် (၁၉၇၇)၊
ကံ့ကော်ရိပ်မှ အိပ်မက်များ (၁၉၉၇)၊
ကန္တာရနှစ်များ (၁၉၉၈)
ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ (၂၀၀၀)၊
ခွပ်ဒေါင်းအလံခေါ်ရာသို့ (၂၀၀၂)၊
သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်း (၂၀၀၄)၊
ကဗျာပေါင်းချုပ်၁၉၉၉ (၂၀၀၄)၊
အညာလမ်းက တမာတန်း (၂၀၀၆)



Read More...