Friday 29 July 2011

ကြယ်ကြွေမိုး

စပယ်တွေ၊
တကယ်ကြွေကြပြီပေါ့၊
ကြယ်ချွေညဆိုး။

ရင်ခွင်မှာ၊
မြင်မြင်ရာ မိုးတွေက၊
တွင်တွင်ရွာ ဖြိုးနေမြဲပါပဲ၊
ညှိုးကြွေဆဲ စိတ်အစဉ်မှာ၊
အရိပ်ထင်လာ အိပ်မက်ဆိုးသာပေါ့၊
သြော် ... တိမ်ထက်မိုးမှာ ပျော်ပါမေရယ်၊
မျှော်ကာဖွေ တထောင့်ကွယ်က၊
စောင့်မယ်လေ စပယ်တွေပျိုးပါလို့၊
မောင့်ကြယ်ကြွေမိုး။ ။


ညီလေး John (John Yoharmar) အတွက် ....
မိုးတွေစဲပါစေတော့ ညီလေးရေ ...

မေတ္တာဖြင့် ....
အကိုဟယ်ရီ

Read More...

Friday 1 July 2011

အာဇာနည် စာဆိုအကျော် ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော် ၏ ပါတော်မူတမ်းချင်း

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊
ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်)၊
သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊
ဒို့တတွေသည် ...
သေသော်မှတည့် သြော် ကောင်း၏ ... ။

ဒီ လင်္ကာပိုဒ်လေးကို အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ရဲ့ အလွန်ကျော်ကြားတဲ့ ကဗျာလင်္ကာ စာသားတွေဖြစ်ပါတယ်။ တကယ်တော့ ဒီစာသားတွေဟာ ဆရာတော်ကြီးရေးခဲ့တဲ့ “ပါတော်မူတမ်းချင်း” ရဲ့ အချပါဒ တွေပဲဖြစ်ပါတယ်။

ဒီ အချပိုဒ်တွေကိုပဲ လူသိများပြီး မူရင်း “ပါတော်မူတမ်းချင်း” အပြည့်အစုံကို လူသိနည်းပါးတဲ့အပြင် ရှာဖွေရခက်တာမို့ အားလုံးသိရအောင် မျှဝေလိုက်ပါတယ်။ အလျဉ်းသင့်တဲ့အတွက် ဆီးဘန်နီဆရာတော်ကြီးအကြောင်းကိုပါ တပါတည်း အနည်းငယ် တင်ပြပါရစေ ...

ဆီးဘန်နီ နှင့် ဆီးပန်းနီ
ဆီးဘန်နီဆရာတော်ကို ဆီးပန်းနီ ဆရာတော် လို့လည်း ရေးကြပါတယ်။ ကဗျာသင်္ဂဟ မေဒနီကျမ်းထဲမှာတော့ ဆီးဘန်နီ ဆရာတော် လို့ ဖော်ပြပါရှိပြီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄၊ အပိုင်း(က) မှာတော့ ဆီးပန်းနီဆရာတော်လို့ ဖော်ပြပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ မြန်မာကဗျာလက်ရွေးစင်ထဲမှာတော့ ဆီးဘန်နီဆရာတော်လို့ ပါရှိပါတယ်။


ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
ဆီးဘန်နီဆရာတော်ကို အနောက်မင်းကွန်းဆက်၊ မြန်မာသက္ကရာဇ် ၁၁၇၃-ခုနှစ် ပြာသိုလပြည့်ကျော် ၁-ရက်၊ စနေနေ့ မှာ ဖွားမြင်ပါတယ်။ ခမည်းတော်က အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အတိုင်ပင်ခံ အမတ်ကြီး မဟာရာဇသင်္ကြံ ဖြစ်ပါတယ်။ မယ်တော်ရဲ့ အမည်ကိုတော့မသိရပါ။ ငယ်နာမည် မောင်မှော် လို့ ခေါ်တွင်ပါတယ်။ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း) လက်ထက်မှာ စလင်း မင်းသားကြီး ဆရာတော်နဲ့ မြသိန်းတန်ဆရာတော် တို့ထံမှာ ကျောင်းသားဘဝကနေ ရှင်သာမဏေဘဝအထိ နည်းခံသင်ကြားခဲ့ပါတယ်။ သာမဏေဘွဲ့ကတော့ ရှင်နရိန္ဒ ဖြစ်ပါတယ်။
ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ အလွန်ပဲ ထူးချွန်ထက်မြက်လှတဲ့အတွက် ကျောင်းသားအဖြစ်နဲ့ တကြိမ်၊ သာမဏေအဖြစ်နဲ့ နှစ်ကြိမ်၊ ပေါင်းသုံးကြိမ်တိတိ ပထမစာတော်ပြန်ပွဲမှာ ငယ်စဉ်ကတည်းက ဝင်နွှဲပြန်ဆို အောင်မြင်တော် မူပါတယ်။
ရဟန်းအဖြစ်ကိုရောက်ပြီးတဲ့နောက် ရွှေဘိုမင်းနှင့် ပုဂံမင်းတို့ လက်ထက်၊ အမရပူရမြို့ မိုးထိတိုက်မှာ နေထိုင်ပြီး ပြည်ဆရာတော်ဘုရားကြီးနဲ့ မိုးထိဆရာတော် ဘုရားကြီးတို့ထံမှောက်မှာ ဆက်လက် ပညာဆည်းပူးတော်မူပါတယ်။
ဒီလိုနဲ့ ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ ပါရဂူရောက် ထူးချွန်တတ်မြောက်တဲ့အတွက် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ပထတံဆိပ်တော်၊ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ဒုတိယတံဆိပ်တော်တို့ကို ခံယူရရှိသည်။ (မှတ်ချက် - မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှာ ဒီဘွဲ့ ၂-ခုကို ဖော်ပြရာမှာ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုပြီး တခုတည်းဖြစ်နေပါတယ်။ ‘... သတိချွတ်ဟန်တူ၏ ...’ လို့ ဆရာကြီး နန်းညွန့်ဆွေ ရေးသားတဲ့ ဆောင်းပါးမှာ ပါရှိပါတယ်။) ပဉ္စမ သင်္ဂါယနာ တင်တဲ့အခါမှာလည်း ပိဋကတ်သုံးပုံကို သုတ်သင်ကြီးကြပ်တည်းဖြတ်တော်မူခဲ့ပါတယ်။ သားတော် သီပေါမင်းလက်ထက်ရောက်တော့လည်း ‘နရိန္ဒာဘိဓဇ အတုလိဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ တတိယ ဘွဲ့တံဆိပ်တော်ကို ခံယူတော်မူရပြန်ပါတယ်။
ဆရာတော်ဟာ ကဗျာလင်္ကာဖွဲ့ဆိုမှုမှာလည်း လေ့လာကျွမ်းကျင်တော်မူပါတယ်။ ‘ကဝိမဏ္ဍနမေဒနီကျမ်း’ ကို ရဟန်းဝါတော် တစ်ဆယ်ကျော်လောက်ကစပြီး တဖြည်းဖြည်း တစတစ ရေးသားပြုစုတော်မူခဲ့ရာမှ ဆရာတော် ရေးသား ခဲ့တဲ့ စာပေတွေကို ဆရာတော်ဘုရား၏ မြေးတော် ဦးကလျာဏက စနစ်တကျ စီစဉ်ပြီး မန္တလေးမြို့ ဆိုင်းတန်းရပ် ရတနာသိဒ္ဓိ ပုံနှိပ်တိုက်ကနေ ၁၂၆၉-ခု ကဆုန်လက ပုံနှိပ် ထုတ်ဝေခဲ့ဖူးတယ်လို့ သိရပါတယ်။
မင်းတုန်းမင်းတရားကြီး မန္တလေးရွှေမြို့တော်ကြီးကို မြို့သစ်တည်ထောင်တဲ့အခါမှာလည်း ရပ်ကွက်အမည်တွေကို ရွေးချယ်ပေးခဲ့ပါတယ်။ ပြည်ကြီးကျက်သရေ၊ ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ ချမ်းမြသာစည်၊ ပတ်ကုံးဝန်းကျင်၊ မဟာနွယ်စဉ်၊ ပုလဲငွေရောင် စတဲ့ ၄၉-ရပ်ကွက်တို့ရဲ့ အမည်တွေဟာ ဆရာတော်ပေးခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ သက်တော် ၇၇-နှစ်၊ ဝါတော် ၅၇-ဝါ၊ သက္ကရာဇ်-၁၂၅ဝပြည့်၊ ကဆုန်လပြည့်ကျော် ၁-ရက် ဗုဒ္ဓဟူးနေ့မှာ ဘဝနတ်ထံ ပျံလွန်တော်မူပါတယ်။


ပါတော်မူတမ်းခြင်း
သီပေါမင်းတရား ပါတော်မူသွားတဲ့အခါ ဆရာတော်ဟာ လွန်စွာမှပဲ စိတ်လက် မရွှင်မလန်း၊ မချမ်းမမြေ့ ခံစားခဲ့ရပါတယ်။ တရားတော်နဲ့ ဖြေလည်း မပြေ၊ လျစ်လျူရှုပြီးလည်း မနေတတ်၊ မျက်မှောက်တွင် တွေ့ကြုံရှုမြင်နေရတဲ့ အဖြစ်အပျက်တွေ ကလည်း အမျိုးသားစိတ်ဓါတ်ကို ရိုက်ခတ်လာတာနဲ့အမျှ အဗျာကတာဓမ္မာနှင့်ဝေးပြီး ဒေါသရိပ်ကလေးများ ပြေးလာပါတယ်။ ဒါကြောင့်ပဲ မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို သံဝေဂရတု ဧကပိုဒ် အဖြစ် ဖွဲ့ဆိုလိုက်ပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းနဲ့ အခြားစာတွေမှာတော့ တမ်းချင်းအဖြစ် ဖော်ပြကြပါတယ်။ ဒီတမ်းချင်းကတော့ ...
မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို ဆီးဘန်နီ ဆရာတော်ဘုရား ဆို ဧကပိုဒ် တမ်းချင်း။

မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့၊ သံဝေဓမ္မ၊ ယူကုန်ကြလော့၊ သုဒဿန၊ မြို့မသခင်၊ သူရာစင်လျက်၊ လုလင်မာဃ၊ ဦးစောက်ချ၍့၊ အမရဝတီ၊ ပူရီပြဉ်လုံး၊ လက်ရကျုံးသို့၊ ထုံးနှင့်တူလစ်၊ ဂေါဇာခေတ်မူ၊ ဧက်ဒွေးဇောသတ်၊ လမြတ်ထွန်းပြောင်၊ တန်ဆောင်မါသ၊ သရဒ၏၊ ကဏှပက္ခ၊ ဆဋ္ဌပူးရက်၊ နေဝန်းထွက်အောင်၊ ရှစ်မျက်လောကဓာတ်၊ ကောင်းကင်ရပ်မှ၊ ပြာသာဒ်ကုဋေ၊ ကြယ်ကျွတ်ကြွေရှင့်၊ နေတဘန်ထွက်၊ သတ္တရက်ဝယ်၊ လက်နက်လျှံထိန်၊ စွဲကိုင်ချိန်သား၊ ဣန္ဒြိယတိုင်းသား၊ ရဲ့ယောက်ျားတို့၊ ပတ္တမြားခယံ၊ ရွှေနန်းရံသို့၊ ချွံချွံဝင်ရောက်၊ ရှစ်ရက်မြောက်က၊ အနောက်ဂေါရာ၊ နေဝါလျှောသက်၊ ဂဠုန်ရက်တွင်၊ သုံးချက်ကျော်ပြီ၊ ဒွါဒသီဝယ်၊ မှီသည်ဗြိစ္ဆာ၊ ဂရုဠှာမှတ်၊ အစွန်မြတ်မှ၊ ပူးနတ်ဓနု၊ ရာဟုစန္ဒာ၊ သိဟ်သီဟာဝယ်၊ ဗြိစ္ဆာကံနေ၊ နဂါးမြွေလည်း၊ မေဓုန်ပျော်လျက်၊ ပြိဿလဂ်တွင်၊ နက္ခတ်စဉ်ရုံး၊ ဆယ်လုံးတပါဒ်၊ လေးမှတ်ဗီဇနာ၊ ဖွားလာရက်ချိန်၊ ရွေ့ရွေ့ထိန်သား၊ သုဒ္ဓိန်နှစ်ရာ၊ နောဝီသာ၌၊ မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်လျက် (နိစ်ပြဆိုက်က)၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့၊ (ဝှက်)ရှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍့၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆဲ့ခုနစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့၊ ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မဟာဣန္ဒြိယ၊ မိုက်မဲလှသည်၊ (မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်) ကုလာ့နိုင်ငံ၊ လွှဲပြောင်းစံရှင့်၊ လောကဓံအရ၊ သဘာဝကြောင့်၊ ဂေါတမဘုန်းခေါင်၊ သာနာရောင်လည်း၊ မပြောင်မထွန်း၊ အမှောင်စွန်းခဲ့၊ ကျွန်းသပြေဒီ၊ ဓရဏီထက်၊ ခိုမှီနေရိုး၊ မြန်လူမျိုးတို့၊ လန့်နှိုးထိပ်လှ၊ သံဝေဂဖြင့်၊ ဖြစ်ကပျက်မြဲ၊ မလွဲစသာ၊ ကြုံကြလာသား၊ သံသရာသဘော၊ တွေ့ရာသောဟု၊ စိတ်ဇောသိမ်မွေ့၊ တတေ့တေ့ဖြင့်၊ စေ့စေ့မှန်သား၊ ထပ်ထပ်ပွား၍့။ ။ တရားသံဝေယူကြလေ။ ။
(ကွင်းအတွင်းစာသားများမှာ ဆရာကြီး နန်းညွန့်ဆွေ ၏ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆီးပန်းနီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်ထားသော မူကွဲများဖြစ်ပါသည်။)

ဒီအထဲက ‘မိုက်မှားလှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့’ ဆိုတဲ့အပိုဒ်ဟာ လူကြိုက်များလာပါတယ်။ မှူးကြီးမတ်ရာတွေက ကိုယ့်အမှီသဟဲ ရှင်ဘုရင်ကို ကိုယ့်ဟာကိုယ် ပြန်ဖျက်ဆီးတယ် ဆိုတဲ့ သဘောရပါတယ်။ အဲဒီအချိန်က “ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” ဆိုပြီး ကင်းဝန်မင်းကြီး ဦးကောင်း လိမ်ဉာဏ်ဆင်ပြီး မြန်မာဘုရင်ကို နန်းချတယ်လို့ လူအများက ပြောဆိုပြစ်တင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဆရာတော်ကလည်း မြန်မာဝန်ကြီး မှူးကြီးမတ်ရာတွေ ဂိုဏ်းဂဏအသီးသီးကွဲပြီး ထင်ရာစိုင်းနေကြပုံ၊ အာဏာရှိသူကိုပဲ မျက်နှာလိုမျက်နှာရ ကပ်ပါးရပ်ပါးပြုမူနေကြပုံ စတဲ့ အချင်းအရာတွေကိုမြင်ပြီး စိတ်ပျက်ပျက်နဲ့ ရေးလိုက်ပုံရပါတယ်။ ဒီစာဟာ ကင်းဝန်မင်းကြီးကို အတော်ကလေး ထိခိုက်သွားပုံရပါတယ်။ ဒါကြောင့် ကင်းဝန်မင်းကြီးက “မန်းမကိုဋ်မှာမှ ...” အစချီတဲ့ လေးချိုးကြီးနဲ့ ပြန်လည်ချေပပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းထဲမှာတော့ မဟာဒါဏ်ဝန်မင်း ဦးရွှေဝ က ပြန်လည်ချေပရေးသားတဲ့ လေးချိုးကြီးလို့ ဖော်ပြထားတာကြောင့် ဒီကျမ်းကိုပဲ မူတည်ပြီး မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး အဖြစ် ဖော်ပြလိုက်ပါတယ်။ (ဒီလေးချိုးကြီး ရေးစပ်ပုံကို ရှေးရိုးလေးချိုးကြီး၊ ဒါမှ မဟုတ် လင်္ကာသွားပုံစံနဲ့ ရေးစပ်တဲ့အတွက် လင်္ကာလေးချိုးကြီး လို့လည်း ခေါ်ပါတယ်။ မြန်မာကဗျာ ရေးထုံးတွေကို စိတ်ဝင်စားသူများအတွက် ကျနော် ရေးထားတဲ့ “မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၅)” (http://harrylwin.blogspot.com/2009/05/blog-post_08.html) မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ဒီအထဲက ကာရန်ယူထားပုံတွေကို ခြင်္သေ့လည်ပြန် နဘေစပ်နည်း လို့ ခေါ်ပါတယ် - စကားချပ်)

ဆီးဘန်နီ ဆရာတော်ဘုရား ဆို မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို ချေဆိုရာဖြစ်သော မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး။

မန်းမကိုဋ်မှာမှ၊ နန်းသိုက်ရ ရွှေဘုံကို၊
မြေဝသုန်ကပ်ဆုံးအောင်ပ၊ မှတ်ထုံးနောင်ပေါ်ထွန်းဘို့၊
မော်ကွန်းတင်ဆက်တဲ့ မင်ရွက်စာ။

သမ္မတနှုန်းဆောင်၊ ရွှေဘုန်းငယ်ပြောင်သည့် ကုန်းဘောင်ပဝရ၊
နေသမ္ဘိန်ငယ် အာဟိန္ဒမှ၊ ဝံသလှစ်စေ၊ ဆယ်ဆက်နေလျှင်၊
မြေဇမ္ဗူစိုး၊ မြို့နန်းငယ်ထူသည် ရိပ်ဖြူမိုးက၊
ရှေးရိုးစဉ်ဆက်၊ ထုံးမပျက်၍့၊ နှုန်းဘက်ကယ်စံမကွာ၊ ဘုန်းအာဏာဖြင့်၊
ရေစာမရှား၊ မိစ္ဆာရာန်ငယ် မာန်မထား၍့၊ ဖြစ်ပွားသာသနာ၊ ပွင့်လင်းသာဖြာတော့ပ၊
ရေကြာတွေ့ ပုံတူလို၊ များဗိုလ်လူရှင်ရဟန်းငယ်တို့၊ နိဗ္ဗူ စိတ်ယူမှန်းရှာကြ၊
ချမ်းမြကြည်စွာ။

ဆဲ့တဖြာငယ်၊ နေအာဒိစစ် ဘ-ရာစိုးသည့်၊ ဖြူစင်လှစ်က၊
အနှစ်ပညာ၊ အရှင်းကွာ၍့၊ စဉ်လာမင်းသုံး၊ ရှေးကျင့်ထုံးကို၊ လုံးလုံးပစ်လွှဲ၊
ငွေနှင့်မြှူလျှင် လူပေပဲဟု၊ စိတ်စွဲမှတ်ကျုံး၊ တိုင်းအလုံးကို၊ ဈေးနှုန်းနှင့်ထပ်၊ အမွေအပ်သော်၊
မကပ်တရား၊ ရှေ့ဆောင်နွားကြောင့်၊ နောက်နွားတဝိုက်၊ လမ်းကောက်လိုက်သို့၊
အမိုက်ဖြင့်ပြွမ်း၊ လူရဟန်းတို့၊ မချမ်းမသာ၊ ရေစာမွတ်ရှား၊ ခိုးသားမုဒိမ်း၊ တရားမမှန် ကျင့်ဖောက်ပြန်သဉ်၊
ရာန်မငြိမ်း၍့၊ ကိန်းနှင့်တမျှ။ ကောသလ၏့၊ သောဠသ-စာ၊ ဤရာဇာကို၊
မြတ်စွာရှင်စောက၊ ဟောမြွက်ဘိ။

စိန္တေငယ်ထွဋ်ဖျား၊ မိန့်တော်ထားသည်၊ ထင်ရှားရှိလျက်၊ မည်သူတွက်ဟု၊ ငဲ့ကွက်ပစ္ဆာ၊ မတင်သာတည့်၊ ဂေါဇာနှစ်တုံ၊ ဂဠုန်နှင့်ကျား၊ ဆင်နဂါးတို့၊ ပျော်ပါးစဉ်ပ၊ ကြာငါးစုံဝယ် ကြိုင်ထုံခသည့်၊ လ-ကျတ္ထိကာ၊ ပုဏ္ဏာကျော်တက်၊ ဆဋ္ဌရက်တွင်၊ ထက်အာကာကြီး၊ လေခရီးမှာ၊ မီးလျှံသဘွယ်၊ ဥဂ္ဂါကြယ်တို့၊ သွယ်လှယ်ကူးလတ်၊ တိထီသတ်ဘွင့်၊ဖြတ်ရွှေနန်းတွင်း၊ ရာန်စစ်ချဉ်း၍့၊ မင်းကိုကိုင်မြောက်၊ ရှစ်ရက်ရောက်မှ၊ အနောက်ဂေါရာ၊ နေဝါလျှံလန်း၊ မှောင်ချိန်ယွန်းဝယ်၊ မြန်းဇမ္ဗူလုံး၊ ကံမထူသည် ရာန်သူမှုန်း၍၊ ကိုင်းလုံးပြစ်ခွာ၊ သူဆောင်ရာသို့၊ ပါရှာတော့ပ၊ သင်္ခါရဖြစ်ပုံကို၊ စိတ်အာရုံ- ထင်နောငယ်နှင့်၊ စောတော့ဉာဏ်ရှိ။ ။

(‘ဆီးဘန်နီဆရာတော်၏ မြေး ဦးကလျာဏ ကိုယ်တိုင်က ကင်းဝန်မင်းကြီးရေးသည်ဟု မှတ်သားထားသည်’ လို့ဆရာကြီး နန်းညွန့်ဆွေရဲ့ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။)

ဒီလေးချိုးကြီးမှာ ကောသာလ၏ သောဠာသ-စာ လို့ပါတဲ့အတိုင်း မှူးမတ်တွေရဲ့ အပြစ်မဟုတ်ဘဲ ကောသလအိမ်မက် ၁၆-ချက်အရ ခေတ်ကြီးဟာ ဖောက်ပြန်တဲ့ခေတ်ဖြစ်ကြောင်း၊ ရှေးထုံးကို ပယ်ပြီး ရှေ့ဆောင်နွားလား အကောက် သွားလို့ နောက်နွားစဉ်ဆိုက် လမ်းကောက်လိုက်ကြပုံ၊ ပျက်ချိန်ကျပြီမို့ ကောင်းကင်နက္ခတ်တာရာတွေ ဖောက်ပြန်နေကြပုံ တွေကို တွေးဆကြည့်ရင် ပျက်ချိန်တန်၍ ပျက်ရကြောင်း စသည်ဖြင့် ချေပ ရေးသား ထားတာကို တွေ့ရပါမယ်။
ဒါကြောင့် ဆရာတော်က တဖန် ထပ်ပြီး ဒီလေးချိုးကြီးကို ချေပဖြေဆိုတဲ့ တမ်းချင်းဧကပိုဒ်လင်္ကာကို ထပ်ရေးသား လိုက်ပါတယ်။

ဆီးဘန်နီ ဆရာတော်ဘုရား ထပ်မံ၍ ဆိုတော်မူပြန်သော ဧကပိုဒ် တမ်းချင်း။

တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သံဝေရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကဝေတို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ် (သုဝိန္နဇာတ်)၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါ(ရ)တရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်(၍့)၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ် (မှာ)၊ ပမာထင်ထင်၊ ကဗျာတင်က(မူ)၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်(စပ်)ကာ၊ စပ်(ဟတ်)၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု (ချင့်မူလကို)၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ (မလွန့်စသာ)၊ အကြောင်းမှာကား၊ (ရွယ်)ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှဲဝေပေးလျက် (လွှဲအပ်ပေးလျက်)၊ တရွေးတရတီ၊ တဗီဇဝါ (တဗီဇနာ)၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို (သည်)၊ မှူးမတ်ထံမှ၊ မခံရရှင့်၊ သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်) [သုဉ်းနှင့်ရလစ်]၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ... ။

မှတ်ချက်။ ။ လက်သည်းကွင်း (..) အတွင်းစာသားများမှာ ကဗျာသင်္ဂဟမေဒနီ ကျမ်းပါ စာသားများဖြစ်ပါသည်။ ထောင့်ကွင်း [..] အတွင်းရှိ စာသားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ တွင်ဖော်ပြထားသော မူကွဲ ဖြစ်ပါသည်။ သုဝိန္နဇာတ်ဟု ကဗျာသင်္ဂဟမေဒနီ ကျမ်းတွင် ဖော်ပြပါရှိသော်လည်း မူရင်းပထမ မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို မဟာဒါဏ်ဝန်မင်း ဦးရွှေဝ (ကင်းဝန်မင်းကြီး - မူကွဲ) ချေပရေးသားသည့်လေးချိုးကြီးတွင် "သောဠသ-စာ၊ ဤရာဇာကို ..." ဟု ပါရှိသောကြောင့် သောဠသဇာတ် မှာ ပို၍ သင့်လျော်သော စာသားဖြစ်မည်ဟု ယူဆပါသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်ကစလို့ မင်းဆရာဖြစ်ခဲ့တဲ့ ဆရာတော်ဟာ အတွင်းသိ၊ အပြင်သိ၊ ဓာတ်သိရပ်သိ ဆိုသလို ဖြစ်နေတာမို့ ဆရာတော်ကို ဆင်ခြေကန်လို့ မလွယ်လှပါဘူး။ နီးစပ်ရာကိုကပ်ပြီး တွယ်တက်တတ်တဲ့ သစ်တက်နွယ်လို မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဆရာတော်ဟာ အတော်ပဲ မကျေမနပ် ဖြစ်နေဟန်တူပါတယ်။ မာလောနွယ်တွေ (သို့မဟုတ်) ကပ်ပါးရပ်ပါး ဖော်လံဖား ဝန်ကြီးတွေက ကောသလမင်းအိပ်မက်တွေ၊ သင်္ခါရတရားတွေ၊ ရှေ့ဆောင်နွားလားတွေ ဘာတွေနဲ့ ဘယ်လိုပဲ ဆင်ခြေဆင်လက်တွေ ပေးပြီး ဘုရင်ကို အပြစ်ပုံချလို့ ကိုယ့်ကိုယ်ကိုယ် ရှောင်လွှဲနေပေမဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ... ဆိုတဲ့စကားအတိုင်း မှူးမတ်ဝန်ကြီးတွေ အပေါ်မှာပဲ တာဝန်ရှိတယ်။ မလိမ္မာသေးတဲ့ အကလေးအရွယ် မြေးသဖွယ်ဖြစ်သော မင်းနှစ်ပါးကို တာဝန်ပုံပြီး လွှဲမချပါနဲ့။ မင်းနှစ်ပါးတို့က အစစ အရာရာ တိုင်းရေးပြည်ရေးဟူသမျှကို မင်းကြီးတို့ထံ အပ်နှံထားပါလျှက်နှင့် မင်းနှစ်ပါးခမျာမှာ မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဆီက ကျေးဇူးကို တပြားသား တရွေးသားမျှ မခံစားရဘဲ ဒုက္ခခံစရာရှိတော့သာ ၄င်းတို့ခံသွားရရှာတယ်၊ နောက်ဆုံးတော့ ထီးနန်းလည်း ဆိတ်သုဉ်း၊ မင်းလည်း ဆိတ်သုဉ်း၊ တိုင်းပြည်လည်း ဆိတ်သုဉ်း ရတဲ့ “သုဉ်းသုံးဝ” နဲ့ တွေ့ကြုံနေရတဲ့ “သုညခေတ်” ကြီးမှာ လူဖြစ်နေရတာနဲ့စာရင် သေရတာကမှ ပိုပြီး ကောင်းပါသေးရဲ့ ဆိုပြီး ဆရာတော်က မကျေနိုင် မချမ်းနိုင်သည့် စိတ်ရင်းကို ရှင်းထုတ် ရေးသားပြီး သံဝေဂ ပွားများထားတာကို တွေ့နိုင်ပါတယ်။

(ဆရာကြီးနန်းညွန့်ဆွေရဲ့ ဆောင်းပါးကို ဖော်ပြပေးတဲ့ ကို စောသက်လင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ)

ဟယ်ရီ


အကိုးအကားများ
၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ (စောင်း-တူ)၊ အပိုင်း (က)၊ စာမျက်နှာ-၁၅၃။ ဆီးပန်းနီဆရာတော်။
၂) ဖတ်မိဖတ်ရာ....ဆရာကြီးနန်းညွန့်ဆွေ၊ ဆီးပန်းနီ ဆရာတော်။ (http://sawthetlin.blogspot.com/2011/06/blog-post_14.html)

Read More...