တေးထပ်ရေးပုံကို ၀ိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...
(၁) အမည်အားဖြင့်
အစပ်ကာရန် အထပ်ကာရန် အများဆုံးသော တေးသီချင်းမျိုးမို့ တေးထပ်လို့ ခေါ်ကြောင်း ကဗျာကျမ်း တွေက ဖွင့်ဆိုပါတယ်။ အသံ၊ ကာရန်၊ ဝါကျအသွားအလာတွေကို အမျိုးမျိုး ပါဝင်ညီညွတ်စေပြီး (၁၈) ပိုဒ် ပြည့်အောင် အထပ်ထပ် စပ်ဟပ်ရတဲ့အတွက် တေးထပ်လို့ ခေါ်ဆိုပါတယ်။
ကဗျာစွယ်စုံကျမ်းအားဖြင့် အဓိပ္ပာယ်ထပ်ဖွင့်ရရင်တော့ ဒွေးချိုးနဲ့ တြိချိုးလိုပဲ ပါဠိဝေါဟာရအရ "တေး" ဆိုတာကို ၃-ခု လို့ အနက်ကောက်ပြီး ကဗျာရဲ့ စုံ-မ အပိုဒ် နှစ်ပိုဒ် နှစ်ပိုဒ်စီမှာ မ-ပိုဒ်ရဲ့ အဆုံးအက္ခရာနဲ့ စုံပိုဒ်ရဲ့ အစ (၃) လုံးမြောက် အက္ခရာတို့ကို ပဓာနထားပြီး ကာရန် ထပ်ရ စပ်ရ တာ ကြောင့်မို့ တေးထပ် (သို့) သုံးထပ် လို့ ခေါ်ပါတယ်။
(၂) အမျိုးအပြားအားဖြင့်
အဓိကအားဖြင့်
(က) သာမညတေးထပ်
(ခ) အရိုးခံတေးထပ်
(ဂ) သုံးချက်ညီတေးထပ် ရယ်လို့ သုံးမျိုးသုံးစား ခွဲခြားထားပါတယ်။
ဒီအမျိုးအစား သုံးမျိုးဟာ အပိုဒ်အနေအထား အပေါ်မူတည်ပြီး ခွဲထားတာဖြစ်ပါတယ်။ အပိုဒ် အနေအထား အလုံးစုံ တူညီပြီး အစပ်ကာရန်အနေအထားသာ ကွဲပြား ခြားနားပါတယ်။ ဒီသုံးမျိုးကို တမျိုးစီမှာ အစပ်ကာရန်အတူတူယူပြီး အပိုဒ် အနေအထား မတူတဲ့ အမျိုးပေါင်း (၆) မျိုး တခါထပ်ပြီးပွား လိုက်တဲ့အခါ ...
၁) တေးထပ်ဆန်း
၂) တေးထပ်ကြီး
၃) တေးထပ်ပိုဒ်စုံ
၎) ပုလဲသွယ်တေးထပ်
၅) ပဒေသာတေးထပ်
၆) စကြာတေးထပ် ... ဆိုပြီး ဖြစ်လာတဲ့အတွက် စုစုပေါင်း (၁၈) မျိုး ဖြစ်သွားပါတယ်။
ဒီလိုပုံစံနဲ့ကြည့်လို့ရပါတယ်။

(၃) အပိုဒ်ရေအားဖြင့်
တေးထပ်တပုဒ်မှာ စုစုပေါင်း (၁၈) ပိုဒ် ပါသာ အတိအကျရပါမယ်။ ဒါပေမဲ့ အကွန့်ပိုဒ်၊ အတွန့်ပိုဒ်တွေ ကြားညှပ်ထည့်ချင် ထည့်နိုင်ပါတယ်။
(၄) အခံ အအုပ် အားဖြင့်
တေးထပ်ရဲ့ အပိုဒ် (၁၈) ပိုဒ်ကို (၆) ပိုဒ်စီ သုံးလီခွဲထားပါတယ်။ တနည်းအားဖြင့် အပိုဒ်ကြီး သုံးပိုဒ် ရှိပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။ တခါ ဒီ (၆)ပိုဒ်ကိုမှ အတက် (အချီ) (၂)ပိုဒ်၊ အခံ (၂)ပိုဒ်၊ အအုပ် (အချ) (၂)ပိုဒ် ရယ်လို့ ထပ်မံ ခွဲထား ပါတယ်လို့ ကဗျာစွယ်စုံကျမ်း မှာ ဆိုထားပါတယ်။ ဒါပေမဲ့ တချို့စာတွေထဲမှာတော့ ပထမအပိုဒ်ကြီးကို (၄)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်၊ ဒုတိယအပိုဒ်ကြီးကို (၂)ပိုဒ်တက်၊ (၂)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်၊ တတိယအပိုဒ်ကြီးကို (၄)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်ဖို့ရေးထားပါတယ်။ အကျဉ်းချုပ်ဥပဒေသလင်္ကာနဲ့မှတ်ရင် ...
(က) အာဒိဝစနံ လေးပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်။
(ခ) နှစ်ပိုဒ်တက်ပြန်၊ နှစ်ပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်။
(ဂ) အာဒိဝစနံ ရှေးနည်းပြန်၊ အမှန် နှစ်ပိုဒ်အုပ်။
တကယ်တော့ ဒီအတက်၊ အခံ၊ အအုပ်ပိုဒ် တွေဆိုတာက အမည်သတ်မှတ်ခွဲခြားထားတဲ့ သဘောသိသာရုံ မှတ်သားဖို့သာ ဖြစ်ပါတယ်။ အရေးကြီးတာက အပိုဒ်ကြီးသုံးပိုဒ် (အပိုဒ်ငယ်-၆ပိုဒ် စီ) ခွဲဖို့နဲ့ အက္ခရာ လုံးရေ၊ ကာရန် ယူပုံ၊ ဂရု၊ လဟု ထားပုံ မှန်ဖို့ပဲ ဖြစ်ပါတယ်။ ရှေ့မှာဆက်ဖော်ပြထားပါတယ်။
(၅) အက္ခရာ လုံးရေအားဖြင့်
မ-ပိုဒ်တွေအားလုံးမှာ အပိုဒ်-၁၅ ကလွဲလို့ကျန်တဲ့အပိုဒ်အားလုံး (၁-၃-၅-၇-၉-၁၁-၁၃-၁၇) ကို အက္ခရာ (၅) လုံး (သို့) (၆) လုံးသာ ထားရပါမယ်။
အပိုဒ်-၁၅ ကိုတော့ အက္ခရာ (၆) လုံး (သို့) (၇) လုံး ထားရပါမယ်။
စုံပိုဒ်တွေမှာတော့ ...
အပိုဒ် (၂-၄-၈-၁၀) တို့မှာ (၅)လုံးစီ၊
အပိုဒ် (၆-၁၂-၁၈) တို့မှာ (၇)လုံးစီ၊
အပိုဒ် (၁၄) မှာ (၆)လုံး၊
အပိုဒ် (၁၆) မှာ (၄)လုံး အတိအကျရှိရပါမယ်။ အပိုအလျော့မရှိရကြောင်း သတိပြုဖို့လိုပါတယ်။
စာလုံးရေ ဆိုတဲ့နေရာမှာ ပေါ်လွင်ထင်ရှားတဲ့အသံရှိတဲ့ စာလုံးကိုသာ ရေတွက်ရမှာဖြစ်ပါတယ်။ ဥပမာ - ပုဂံ ဆိုရင် (၁)လုံး လို့ပဲ ယူရမှာဖြစ်ပါတယ်။ ပဓာန ဆိုရင် (၂) လုံးလို့ပဲ ယူရပါမယ်။
မူမှန်အားဖြင့် အစပိုဒ် (အပိုဒ်-၁) ကို ငါးလုံးနဲ့ပဲ စလေ့ရှိပါတယ်။ ခြောက်လုံးထားလည်း မှားတော့ မမှားပါဘူး။
နောက်ဆုံးအဆုံးသတ်ပိုဒ် (အပိုဒ်-၁၈) ကို "လေး" ဆိုတဲ့စာလုံးနဲ့ အဆုံးသတ်ရပါတယ်။ "လား" ဆိုတဲ့ စကားလုံးလည်း တခါတရံသုံးတတ်ကြောင်းသိရပါတယ်။ အထူးမှတ်ဖို့က အပိုဒ်(၁၆)မှာ လေးလုံး အတိ အကျ ရှိဖို့ပါပဲ။
(၆) အစပ်ကာရန်အားဖြင့်
(က) ၁-အပိုဒ်၏ အဆုံးလုံးနှင့်
... ၂-အပိုဒ်၏ တတိယလုံး --- တချက်
(ခ) ၂-အပိုဒ်၏ အဆုံးလုံးနှင့်
... ၃-အပိုဒ်၏ အဆုံးလုံး
... ၄-အပိုဒ်၏ တတိယလုံး --- အချက်
(ဂ) ၄-အပိုဒ်၏ အဆုံးလုံးနှင့်
... ၆-အပိုဒ်၊ ၈-အပိုဒ်၊ ၉-အပိုဒ် တို့၏ အဆုံးလုံး
... ၁၀-အပိုဒ်၏ တတိယလုံး --- တချက်
(ဃ) ၅-အပိုဒ်၏ အဆုံးလုံးနှင့်
... ၆-အပိုဒ်၏ တတိယလုံး --- တချက်
(င) ၇-အပိုဒ်၏ အဆုံးလုံးနှင့်
... ၈-အပိုဒ်၏ တတိယလုံး --- တချက်
(စ) ၁၀-အပိုဒ်၏ အဆုံးလုံးနှင့်
... ၁၂-အပိုဒ်၊ ၁၃-အပိုဒ်တို့၏ အဆုံးလုံး
... ၁၄-အပိုဒ်၏ တတိယလုံး --- တချက်
(ဆ) ၁၁-အပိုဒ်၏ အဆုံးလုံးနှင့်
... ၁၂-အပိုဒ်၏ တတိယလုံး --- တချက်
(ဇ) ၁၄-အပိုဒ်၏ အဆုံးလုံးနှင့်
... ၁၅-အပိုဒ်၏ တတိယလုံး --- တချက်
(ဈ) ၁၅-အပိုဒ်၌ ၆-လုံးရှိလျှင် ... ထိုအပိုဒ်အဆုံးလုံးနှင့်
... ၁၆-အပိုဒ် အဆုံးလုံး
... ၁၅-အပိုဒ်၌ ၇-လုံးရှိလျှင် ... ထိုအပိုဒ်၏ နောက် ၄-လုံးနှင့်
... ၁၆-အပိုဒ် ၄-လုံးစလုံး (လေးလုံးစလုံးကို နဘေယူရမှာပါ)
... ၁၇-အပိုဒ် အဆုံးလုံး
... ၁၈-အပိုဒ် တတိယလုံး --- တချက်
ကာရန်ယူပုံများပြား ရှုပ်ထွေးတဲ့အတွက် အထူးသတိပြုမှတ်သား စပ်ဆိုဖို့ လိုပါတယ်။
(၇) ဂရု၊ လဟု အားဖြင့်
စာပိုဒ်ရေ ၂-၃-၅-၇-၁၀-၁၂-၁၃-၁၅-၁၆-၁၇ အပိုဒ်တွေမှာ ရှေ့ထက်ဝက်ရဲ့အဆုံး သုံးလုံးမြောက် အက္ခရာ ဌာနမှာ (အ-အား-အိ-အီး-အတ်-အိတ်-အုတ်-အုန်း) စတဲ့ လေပြင်းအက္ခရာ (လဟုသံ) မျိုး တွေကိုသာ အမြဲထားပြီး နောက်ထက်ဝက်၏ အဆုံး ၅-လုံးမြောက် အက္ခရာဌာန တို့မှာတော့ (အာ-အီ-အူ-အန်-အိန်-အုန်) စတဲ့ လေလျော့အက္ခရာ (ဂရုသံ) များကိုသာ အမြဲထားရပါမယ်။
စာပိုဒ် ၁-၄-၆-၈-၉-၁၁-၁၄-၁၈ အပိုဒ်တွေရဲ့ ရှေ့ထက်ဝက်ရဲ့အဆုံး သုံးလုံးမြောက် အက္ခရာဌာန တွေ မှာ (အာ-အီ-အူ-အန်-အိန့်-အုန်) စတဲ့ လေလျော့အက္ခရာ (ဂရုသံ) တွေကိုသာ အမြဲထားရမှာဖြစ်ပြီး နောက်ထက်ဝက်ရဲ့ အဆုံးအက္ခရာဌာနမှာတော့ (အား-အီး-အူး-အက်-အောက်-အုတ်) စတဲ့ လေပြင်း အက္ခရာ (လဟုသံ) တွေကိုသာ အမြဲထားရမှာဖြစ်ပါတယ်။
ကာရန်နဲ့ အက္ခရာအရေအတွက်ကလွတ်တဲ့ မ-ပိုဒ်တွေရဲ့အဆုံးက ဝိဘတ်၊ ကြိယာဝိသေသန၊ ပဒါ လင်္ကာရ တွေကိုလည်း သူ့ရှေ့က ယူတဲ့ ဂရု၊ လဟု အသံအတိုင်း လိုက်ယူသင့်ပါတယ်။ ဒါမှ ဆိုလို့ ကောင်းပါတယ်။ အသံပြေပြစ်ပါတယ်။
ဂရု၊ လဟု အသံမမှန်ရင် စည်းဝါးပျက်တဲ့တေးထပ် ဖြစ်သွားတဲ့အတွက် ရွတ်ဆိုတဲ့အခါ မကောင်းတော့ ပါဘူး။ ဒါကြောင့် မမှားအောင် သတိပြုဖို့လိုပါတယ်။
(၈) အပြစ်ဒေါသအားဖြင့်
တေးထပ်တပုဒ်ရဲ့ ပဓာနကာရန် ၉ချက်မှာ တချက်လွတ်သွားခဲ့ရင်၊ ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေ ရှိခဲ့ရင်၊ ဂရု၊လဟု လွဲခဲ့ရင် တေးထပ်ပျက်စီးနိုင်တဲ့အတွက် ဒီအပြစ်တွေက ကင်းလွတ်ရပါမယ်။
တေးထပ်မှာ ကာရန်ယူပုံတွေ၊ စာလုံးရေတွေ၊ အသံနေအသံထား လေယူလေထား (ဂရု၊ လဟု) တွေ အတွက် သတ်မှတ်ချက် စည်းမျဉ်းဥပဒေသတွေက များလွန်းလို့ ရှုပ်လိုက်တာ ဆိုပြီး စိတ်ပျက်မသွားကြပါနဲ့။ မှတ်ရလွယ်အောင်၊ ရေးရလွယ်အောင် ပုံသေဇယား (template) လေးတခု လုပ်ထားပါတယ်။ ကျနော် လည်း ဒီဇယား ကိုပဲ သုံးပါတယ်။ အဲဒါကိုကြည့်ရေးရင် လွယ်ပါတယ်။
တေးထပ်ပုံစံဇယား

အရောင်တူ၊ ဂဏန်းတူ ပြထားတဲ့နေရာတွေကို ကာရန်တူ ယူလိုက်ပါ။ အကွက်တွေမှာရေးထားတဲ့အတိုင်း ဂရု၊ လဟု ကို ယူလိုက်ရင် မမှားနိုင်တော့ပါဘူး။
အပိုဒ်တိုင်းမှာ ရှေ့တဝက်၊ နောက်တဝက်ခွဲရင် အမြဲတမ်း ပထမ သုံးလုံးဟာ ရှေ့တဝက်ဖြစ်ပါတယ်။ နောက်တဝက်ကတော့ စာလုံးရေပေါ်မူတည်ပြီး နှစ်လုံး၊ သုံးလုံး၊ လေးလုံး ဖြစ်နိုင်ပါတယ်။ ထက်ဝက်ခွဲ တဲ့နေရာကို မျဉ်းအနက် ပိုင်းထားပါတယ်။
၁၅ အပိုဒ်မှာ (၆)လုံး ရေးရင်
၉ ပြထားတဲ့ အကွက်က စာလုံးတလုံးချင်းစီကိုပဲ ၁၅၊ ၁၆၊ ၁၇၊ ၁၈ အပိုဒ် တွေအတွက် အချင်းချင်း ကာရန်ချိတ်ရပါမယ်။ (အရိုးခံတေးထပ်မှာ ဆက်ပြထားတဲ့ ဦးပုည ရဲ့ 'စပ်မူနည်း' တေးထပ်မှာ ကြည့်ပါ။)
၁၅ အပိုဒ်မှာ (၇)လုံး ရေးမယ်ဆိုရင်တော့ အပိုဒ်၁၅ရဲ့ အဆုံး (၄)လုံး နဲ့ အပိုဒ် (၁၆) ရဲ့ အစ (၄)လုံးကို လေးလုံးစလုံး နဘေကိုက်အောင်ယူပြီး အပိုဒ် (၁၅)၊ (၁၆)၊ (၁၇) နဲ့ (၁၈) တွေက
၉ ပြထားတဲ့ အကွက်က စာလုံးတလုံးချင်းစီကို ကာရန်ထပ်ချိတ်ရပါမယ်။ (အရိုးခံတေးထပ်မှာ ဆက်ပြထားတဲ့ လှိုင်ထပ်ခေါင်တင် ရဲ့ တေးထပ်မှာ ကြည့်ပါ။)
သာမည တေးထပ် အကြောင်းကို ဆက်ပါမယ် ...
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ