Showing posts with label ဂီတ. Show all posts
Showing posts with label ဂီတ. Show all posts

Monday, 11 March 2013

ခရမ်းပြာနှင်းဆီ (သီချင်း)

ကျနော်ရေးထားတဲ့ "ခရမ်းပြာနှင်းဆီ" ကဗျာလေးကို ကျနော့်သူငယ်ချင်း ကို Nay Htun က သီချင်းလေးအဖြစ် သံစဉ်ထည့်ပြီး ကိုယ်တိုင် သီဆို တီးခတ်ဖန်တီးပေးထားပါတယ် ... rhythm သဘောအရ စကားလုံး မဆိုစလောက်လေးပဲ ပြင်ထားတာမို့ မူရင်းကဗျာရဲ့ ခံစားချက်မပျက်တဲ့အပြင် သီချင်းပုံစံနဲ့ ပြောင်းလဲခံစားရတာ တမျိုးဆန်းသစ်ပါတယ် ... ခံစားကြည့်ကြ စေလိုပါတယ် ...

http://youtu.be/I_bqot0M-NM



ရှိတဲ့ instrument လေးတွေနဲ့တင် studio မှာလည်းမဟုတ်ဘဲ in-house နဲ့ ဒီလောက် quality မျိုး ဖန်တီးပေးနိုင်တာ တော်ရုံပညာ စေတနာနဲ့ မရနိုင်တဲ့အတွက် ကိုနေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ် ...

ခံစားအားပေးတဲ့သူများအားလုံးကို အထူးကျေးဇူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Thursday, 12 January 2012

Rhythm ဆိုတာ ...

ဂီတမှာ Rhythm ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ခံစားလို့ရအောင် ဥပမာ ပြချင်လို့ လုပ်ထားတာပါ ...
ဒီ တီးလုံးအပိုင်းလေးကို နားထောင်ကြည့်ပါ ... အားလုံးကြားဖူးတဲ့ တီးလုံးလေးပါ ... ဒါပေမဲ့ သူ့ မူရင်း Rhythm ကို ကျနော် shuffle လုပ်ထားပါတယ် ... အဲဒီတော့ ဘာတီးလုံးလဲ ဆိုတာ ရုတ်တရက် သိဖို့ မလွယ်ပါဘူး ... ဆက်နားထောင်ကြည့်ပါ ... သူ့မူရင်း Rhythm အတိုင်း ပြန်လုပ်ထားပါတယ် ... သိမှာပါနော် ဘာတီးလုံးလဲ ...

http://soundcloud.com/harrylwin/rhythm-example


အဲဒါ Rhythm ပါပဲ ...

Read More...

Tuesday, 18 October 2011

တွေး

တွေးကြည့်စမ်းပါ ... မိုးတိမ်တွေ ယိုစီးကျလာတယ်
ဥယျာဉ်ထဲ တွင်းတတွင်း တူးလိုက်လေ
သူတို့ကို ထည့်ဖို့ ....

ဒီ စာသားလေးကတော့ ကမ္ဘာကျော် Imagine သီချင်းကို မွေးဖွားလာစေဖို့ John Lennon ရဲ့ အာရုံကို နှိုးဆွပေးလိုက်တဲ့ စာသားလေးတွေပါ ... ၁၉၆၃-ခုနှစ်၊ နွေဦးရာသီမှာ ထုတ်ဝေတဲ့ Yoko Ono ရဲ့ Grapefruit ဆိုတဲ့ စာအုပ်ထဲက Cloud Piece ဆိုတဲ့ ဆုံးမစာဆန်ဆန်ကဗျာလေးထဲက စာကြောင်းလေး သုံးကြောင်းပဲ ဖြစ်ပါတယ် .... မူရင်းစာသားက ဒီလိုပါ ...

"Imagine the clouds dripping.
Dig a hole in your garden to
put them in."
(Grapefruit - Yoko Ono)

အဲဒီကနေ ပေါက်ဖွားလာခဲ့တဲ့ Imagine ဟာ "အနီ" ဆန်ပေမဲ့လည်း သီချင်းအနေနဲ့တော့ ကျနော့်အသည်းစွဲဖြစ်ပါတယ် ... ဒါကြောင့် ဘာသာပြန်ပြီး ကဗျာအဖြစ် ရေးကြည့်မိပါတယ် ...

တွေး

တွေးကြည့်စမ်းပါ၊ နတ်ရွာမရှိ၊
ကြိုးစားကြည့်လေ၊ လွယ်ပေမည်ပဲ၊
မြေအောက်ထဲဝယ်၊ ငရဲနတ္ထိ၊
တို့၏ထက်တွင်၊ ကောင်းကင်သာရှိ၊
တွေးကြည့်ပါလား၊ လူသားအားလုံး၊
လှုပ်ရှားရုန်းကန်၊ ရှင်သန်နေကြ၊
ဒီဘဝသာ ပစ္စုပ္ပန်။

တွေးကြည့်စမ်းပါ၊ ပြည်ရွာမရှိ၊
လုပ်ကြည့်ဖို့လည်း၊ မခက်ခဲလှ၊
သတ်ကြသေကြေ၊ ဘာတွက်လေမှ၊
သေရာအကြောင်း၊ မရှိကောင်းဘူး၊
ခညောင်းကိုးကွယ်၊ ဘာသာရယ်လည်း၊
ဒီမယ်မရှိ၊ တကယ်ကြည့်လေ၊
လူတွေအားလုံး၊ ပေါင်းရုံးဝေခြမ်း၊
ငြိမ်းချမ်းယှဉ်တွဲ ဘဝထဲ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် တဘုံတည်း။

တွေးလေကြည့်ရှု၊ ပိုင်ဆိုင်မှုကင်း၊
စဉ်းစားကြည့်လေ၊ ဖြစ်နိုင်ပေစွ၊
လောဘတဏှာ၊ ဆာလောင်ရမ္မက်၊
တပ်မက်မှုကင်း၊ ညီနောင်ရင်းသို့၊
ခပင်းလူပေါင်း၊ ခညောင်းမေတ္တာ၊
တွေးကြည့်ပါလေ၊ လူတွေအကုန်၊
လောကီဘုံအား ...
ပေါင်းခြုံဝေမျှစံစားနေ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် ဘုံရိပ်သာ။ ။

ဒီသီချင်းဟာ Beatles အဖွဲ့အနေနဲ့ မဟုတ်ဘဲ John Lennon ရဲ့ ဒုတိယမြောက် တကိုယ်တော် (Single album) တေးစီးရီးအဖြစ် ၁၉၇၁-ခုနှစ်မှာ ထုတ်ဝေထားတာပါ။ စီးရီးခေါင်းစဉ်ကလည်း Imagine ပါပဲ။ သူကိုယ်တိုင် Piano တီးပြီး ဆိုထားတာမို့ သူ့ရဲ့ Piano လက်သံကိုပါ တပါတည်း နားဆင်နိုင်တဲ့ စီးရီးဖြစ်ပါတယ်။

Imagine ကို ကွန်မြူနစ်တွေရဲ့ "နိုင်ငံတော်သီချင်း" လို့တောင် ဝေဖန်ကြသူတွေရှိသလို ဒါဟာ သူ့အမြင်၊ သူ့ဒဿန သက်သက်ပါလို့ပြောကြတဲ့သူတွေလည်း ရှိပါတယ် ... John Lennon ရဲ့ အပြောင်မြောက်ဆုံး လက်ရာလို့ အများစုက ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ကြပါတယ်။ John Lennon ကိုယ်တိုင်ကတော့ ဒီသီချင်းနဲ့ ပတ်သက်လို့ ...
"Imagine ဟာ ဘာသာအယူဝါဒ၊ အမျိုးသားရေးဝါဒ၊ ရိုးရာအစဉ်အလာ၊ အရင်းရှင်ဝါဒတွေအားလုံးကို ဆန့်ကျင်ထားပါတယ်။ ဒါပေမဲ့လည်း 'သကြားဖုံး' ထားတော့ လက်ခံကြတာပါပဲ ..." လို့ ပြောခဲ့ပါတယ်။

တခါ ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ၁၉၈၀-ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ " ... 'နိုင်ငံတွေ ဘာသာတွေမရှိတဲ့ကမ္ဘာတခုကို တွေးကြည့်ကြပါ' လို့ Imagine သီချင်းနဲ့ ကျနော်တို့ တောင်းဆိုထားပါတယ် ... ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့သဘောပါ ..." လို့ အင်တာဗျူးလုပ်တဲ့ David Sheff ကို ဖြေထားပြန်ပါတယ် ...

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သဟဇာတအတွက် သူ့ရဲ့အာသီသကို စာသားပိုင်းမှာရော ဂီတပိုင်းမှာရော Imagine ဟာ ရိုးရိုးရှင်းရှင်းလေး ထင်ဟပ်ဆောင်ကြဉ်းလာတယ် လို့လည်း ဆိုပါတယ် ...

ဒီသီချင်းနဲ့ ပတ်သက်လို့ ၂၀၀၆-ခုနှစ်မှာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာ က "ကမ္ဘာ့နိုင်ငံအများကြီးမှာ - ကျနော်နဲ့ ကျနော့်ဇနီး နိုင်ငံပေါင်း ၁၂၅-နိုင်ငံလောက် လှည့်လည်သွားရောက်ခဲ့ဖူးသမျှမှာတော့ ဂျွန်လင်နွန်ရဲ့ Imagine သီချင်းသံကို နိုင်ငံတော်သီချင်းတမျှ ဖွင့်နေကြတာကို ကြားရပါလိမ့်မယ် ..." လို့တောင် မှတ်ချက်ချခဲ့ရပါတယ် ...

John Lennon မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိဖြစ်တဲ့ လီဗာပူးမြို့ရဲ့ "လီဗာပူးဂျွန်လင်နွန်လေဆိပ်" ရဲ့ ဆောင်ပုဒ်ကတော့ "Above Us Only Sky" ပါတဲ့ ... Imagine ရဲ့ ပထမအပိုဒ်က စာသားလေး ဖြစ်ပါတယ် ...

မူရင်းစာသားကိုပါ ခံစားနိုင်အောင် မျှဝေလိုက်ပါတယ် ...

Imagine

Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one ...

သီချင်းကို နားဆင်လိုရင်တော့ ဒီမှာပါ ....


 John Lennon - Imagine .mp3
Found at bee mp3 search engine

ကဲ ... John Lennon နဲ့ အတူ တွေးကြည့်လိုက်ကြရအောင်လား ..

ဟယ်ရီ

Read More...

Sunday, 2 October 2011

လမင်းပိုင်တဲ့ပန်း (Flor De Luna)

အို ကြာပွင့် ကုမုဒြာ
လရိပ်ဆမ်းဖြာ ပန်းပွင့်လာ
မဟူရာည တင့်တယ်ရာ၊
အပူဖြာသမျှ လွင့်ပြယ်သွား။
ဇာခြည်တန်းလွှမ်းခြုံ၊
နွမ်းအာရုံ ဝေးလွင့်သွေ၊
ပန်းကြာငုံထွေးပွင့်စေသား။

ပြာရီဝေသီ
ညှို့ချက်တွေဆန်း ကမ်းစပ်နားဆီ
မြူမှုန်တွေ ဝေ့ဝဲလည်
နီလာကြာနန်း
လရိပ်ဇာ အမျှင်တန်း
မှန်းကာသန်း ... လွမ်းခဲ့သည်
ညိုမှောင်လျ လင်းပြာရီ။ ။

Carlos Santana ရဲ့ Flor De Luna (Moon Flower) ကို ခံစားပြီးရေးလိုက်ပါတယ် ... တချိန်က ဂစ်တာသမားတွေ အားလုံးလိုလို အကြိုက်တွေ့ခဲ့တဲ့ ကမ္ဘာကျော်တေးသွားဖြစ်ပါတယ် ... ကျနော်ကိုယ်တိုင်လည်း အလွန်စွဲလမ်းခဲ့ဖူးတဲ့ တေးသွားပါ ... ဂစ်တာတီးသက်လေး နည်းနည်းလည်းရလာရော အရူးအမူးလေ့ကျင့်တီးခတ်ခဲ့ဖူးတဲ့ တေးသွားပါ ... ကျနော်တို့ အရွယ် ဂစ်တာသမားများ ပြန်လည်ရင်ခုန်ကြရအောင် ... နားမထောင်ဖူးသေးတဲ့သူများလည်း နားဆင်ခံစားရအောင် Carlos Santana ရဲ့ မူရင်းလက်သံကိုပါ ထည့်ပေးလိုက်ပါတယ် ...



ကျေးဇူးအထူးပါ ခင်ဗျ

ဟယ်ရီ

Read More...

Friday, 30 September 2011

မဟူရာကဝေမလေး

ဘာဆိုဘာမှ မသိအောင်မှိုင်းဆင်
ငါ့ရင်ကိုခွင်း ...
မိစ္ဆာတကောင်ထုတ်ယူဖန်ဆင်းနေသလား ...
မဟူရာကဝေမလေးရေ။

ကျောခိုင်းမသွားပါနဲ့
ပဉ္စလက်မြားတွေနဲ့ ရီဝေမူးမော်
ငါ့မှော်နှင်တံကို ချိုးဖျက်ခဲ့လေသလား
မဟူရာကဝေမလေးရေ။

မန္တာန်တွေစုပ်
မန်းမှုတ် ဖမ်းစားလိုက်စမ်းပါ
ငါ့နှလုံးသားကို ကျောက်သားအဖြစ်ပြောင်းလဲ
အစွဲအမြဲတောင့်တပိုမိမှတော့
နင့်တကိုယ်တည်း မထားခဲ့နိုင်ပါ ...
မဟူရာကဝေမလေးရေ။

(Black Magic Woman - Carlos Santana)

အခုတလော Latin mood ဝင်ပြီး Santana သီချင်းတွေချည်းနားထောင်လိုက် တီးလိုက် လုပ်နေရာကနေ ခပ်ပျင်းပျင်းရှိတာနဲ့ Carlos Santana ရဲ့ Black Magic Woman ကို အရမ်း ဘာသာပြန်ပြီး ကဗျာလုပ်ရေးလိုက်ပါတယ် ...

  Download this mp3 from Beemp3.com

အချိန်ကုန်ခံပြီး ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Wednesday, 8 June 2011

နာကြင်နေဆဲပါ - Still Got the Blues

Rock and Blues Legend ဖြစ်တဲ့ အိုင်ယာလန်လူမျိုး ဂစ်တာသမား၊ အဆိုတော် Gary Moore ဟာ အခုနှစ်၊ ဖေဖော်ဝါရီလ၊ ၆-ရက်နေ့ မနက်အစောပိုင်းမှာ စပိန်နိုင်ငံ၊ Estepona မြို့က Kempinski ဟိုတယ်ရဲ့ အခန်း တခုထဲမှာ အပန်းဖြေခရီးထွက်ရင်း နှလုံးရောဂါလို့ ယူဆရတဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ ...


Gary Moore ကို မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်မြို့မှာ ၁၉၅၂-ခုနှစ်၊ ဧပြီလ ၄-ရက်နေ့မှာ မွေးဖွားခဲ့တာမို့ ကွယ်လွန်ချိန်မှာ အသက် ၅၉-နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Robert William Gary Moore ဖြစ်ပေမဲ့ Gary Moore လို့ပဲ လူသိများကြပါတယ်။
တမျိုးထူးခြားတဲ့ သူ့ရဲ့ လိဒ်ဂစ်တာ တီးလုံးတွေကြောင့် ကျော်ကြားလာခဲ့သူဖြစ်ပြီး နာမည်ကျော် ဂီတပညာရှင်အများ အပြားနဲ့လည်း တွဲဖက်တီးခတ် ဖျော်ဖြေမှုတွေ ပြုလုပ်တင်ဆက်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ဂီတဘဝ အစဦးပိုင်းမှာ ရော့ခ်ဂီတသမားတဦးအဖြစ် ကျင်လည်ခဲ့ပြီး Gibson ဂစ်တာကို အသုံးများပါတယ်။ ၁၉၉၀-ဝန်းကျင်မှာ ဘလူးစ်ဂီတသမားအဖြစ် ကူးပြောင်းခဲ့ပါတယ်။ Still got the blues အယ်လ်ဘမ်ဟာ သူ့ရဲ့ အောင်မြင် ကျော်ကြားတဲ့ အယ်လ်ဘမ်ဖြစ်ပြီး Billboard Hot 100 မှာ နံပါတ် ၉၇-အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒီ အယ်လ်ဘမ်ရဲ့ Title song ဖြစ်တဲ့ Gary ကိုယ်တိုင် ရေးသားတီးခတ် သီဆိုထားတဲ့ Still got the blues သီချင်းဟာ ကျနော့်နှလုံးသားထဲမှာ စွဲနေပါတယ်။

ပင်ကိုယ်က အသံချိုမြတဲ့ Gibson ဂစ်တာပေါ်မှာ Blues ဂီတရဲ့ Style အတိုင်း အလူးအလှိမ့်၊ အဆွဲအငင်တွေ ထည့်ပြီး လေးလေးပင်ပင်နဲ့ စတင်ထားတဲ့ Intro အပိုဒ်ကိုပဲ main theme အဖြစ် တပုဒ်လုံးယူထားပြီး solo မှာ အလှည့်အပြောင်း အမွမ်းအမံလေးတွေနဲ့ဖြည့်ထားပါတယ်။ တကယ်တမ်းကောင်းတာက Stage show မှာပါ။ သီချင်းအဆုံး outro solo (ending လို့လည်း ခေါ်ကြပါတယ်) မှာ improvisation တွေထည့်ပြီး mood အပြည့်နဲ့ လက်စွမ်းပြ တီးခတ်သွားတဲ့ Gary ရဲ့ performance ဟာ တကယ့်ကို စွဲမက်လောက်ပါတယ်။ လှိုင်းထနေတဲ့ ဂစ်တာသံ၊ အသံမြင့် (high pitch) တွေကြားမှာ လက်ကွက်စိပ်စိပ်နဲ့ အမြန်တီးသွားတဲ့ တေးသွားတွေကနေ ဂစ်တာသံဟာ နိမ့်လိုက်မြင့်လိုက်နဲ့ လှိုင်းစီးနေရသလို၊ ပိရိသေသပ်တဲ့အကူးအပြောင်း၊ အလှည့်တွေနဲ့အတူ Climax ကိုရောက်လိုက်၊ sequence တွေလှည့်လိုက် လုပ်ရင်းကနေမှ မူရင်းတေးသွားပိုဒ်ကို ပြန်ခေါ်ပြီး အသံချိုချိုလေးနဲ့ ဖြည်းဖြည်းချင်း ချသွားပုံလေးက အရမ်းကို လှလွန်းပါတယ်။ အလွန်အကျွံ “တီး” လွန်းတယ် လို့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ အရမ်းကြိုက်ပါတယ်။

တီးခတ်မှုပိုင်းကောင်းသလို စာသားကိုလည်း ခံစားကြည့်ပါ ... တစုံတယောက်သောသူအတွက် ယနေ့တိုင် စွဲစွဲလန်းလန်းနဲ့ ဆွေးမြေ့နာကြင်ခံစားနေရဆဲ သူတွေရဲ့ နှလုံးသားကို တိုက်ရိုက်ထိခိုက်စေတဲ့ စာသားတွေပဲဖြစ်ပါတယ်။ အချစ်ဆိုတာဟာ တချို့သူတွေအတွက် လွယ်ကူပေမဲ့ တချို့သူတွေအတွက်တော့ ခက်ခက်ခဲခဲနဲ့ တန်ဖိုးကြီးကြီး ပေးဆပ် ခဲ့ရတဲ့ အရာတခုပါပဲ ... တချို့အတွက်တော့ အချစ်ဟာ မိတ်ဆွေမဟုတ်ခဲ့ပါဘူး ... ဒါပေမဲ့ ဒီလိုသိရဖို့အတွက် အချိန်အများကြီး ရင်းခဲ့ရပါတယ် ... ကစားပွဲတခုလိုပဲပေါ့ ... နိုင်ဖို့ ကစားကြပေမဲ့ အရှုံးနဲ့လည်း ရင်ဆိုင်ရတာပဲ မဟုတ်ပါလား ... တချို့တွေက တယောက်မကောင်း တယောက်ပြောင်းပြီး လွယ်လွယ်လေး ချစ်နိုင်ကြပေမဲ့ တချို့ကတော့ တသက်မှာ တချစ်ဆိုသလိုပဲ တစုံတယောက်ကိုသာ စွဲစွဲလမ်းလမ်းနဲ့ ခိုင်ခိုင်မြဲမြဲ လေးလေးနက်နက် ချစ်ခဲ့ကြရသူတွေ အဖို့တော့ အချစ်ဆိုတာ နာကျင်မှုတွေဆီ ဦးတည်နေတဲ့ လမ်းတခုသာ ဖြစ်ပါတယ် ...
ဒါပေမဲ့ ... အချိန်တွေ များစွာ ကြာခဲ့ပြီ ဆိုပေမဲ့ ... မေ့မရတဲ့ အဖြစ်တွေနဲ့အတူ နှောင်းတမြေ့မြေ့ နာကျင်ခံစားနေကြရဆဲ အချစ်ကြီးသူများအတွက် ...

Still got the blues
နာကြင်နေဆဲပါ


Verse 1
Used to be so easy to give my heart away
But I found out the hard way
There's a price you have to pay
I found out that love, was no friend of mine
I should have known time after time

နှလုံးသားကို အပ်နှင်းဖို့
သိပ်လွယ်ခဲ့ဖူးတယ် ဆိုပဲ
ကိုယ့်အတွက်တော့ ခဲယဉ်းခဲ့ပါတယ်
ဒါဟာ ပေးဆပ်ခဲ့ရတဲ့တန်ဖိုးတခုပဲပေါ့

ဒီအချစ်ဆိုတာဟာ ...
ကိုယ့်အတွက် မိတ်ဆွေမဟုတ်မှန်း
သိခဲ့ရပြီလေ
အချိန်တွေကြာလာတာနဲ့အမျှ
ဒါကို သိခဲ့သင့်တာပေါ့

So long, it was so long ago
But I've still got the blues for you

ကြာခဲ့ပါပြီ ...
သိပ်ကို ကြာခဲ့ပြီ ဆိုပေမဲ့
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ

Verse 2
Used to be so easy to fall in love again
But I found out the hard way
It's a road that leads to pain
I found that love, was more than just a game
You're playin' to win, but you lose just the same

ထပ်ချစ်ဖို့ဆိုတာ
သိပ်လွယ်ခဲ့ဖူးတယ်ဆိုပဲ ...
ကိုယ့်အတွက်တော့ ခဲယဉ်းခဲ့ပါတယ်
ဒါဟာ နာကျင်မှုတွေဆီ ဦးတည်နေတဲ့ လမ်းပါပဲ
အချစ်ဆိုတာ ...
ကစားပွဲတခုထက်ပိုမှန်း သိခဲ့ရပြီ
နိုင်ဖို့ကစားပေမဲ့ ရှုံးခဲ့ရတာလည်း အတူတူပါပဲ

So long, it was so long ago
But I've still got the blues for you

ကြာခဲ့ပါပြီ ...
သိပ်ကို ကြာခဲ့ပြီ ဆိုပေမဲ့
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ

Cho:
So many years, since I've seen your face
But here in my heart, there's an empty space
Where you used to be

နှစ်တွေအများကြီး ကြာခဲ့ပြီနော် ...
မင်းမျက်နှာလေးကို နောက်ဆုံးမြင်ခဲ့ရတာလေ ...
ကိုယ့်နှလုံးသားထဲမှာတော့ နေရာလပ်တနေရာ ရှိနေဆဲပါ
တချိန်က အဲဒီမှာ မင်းရှိခဲ့ဖူးလေရဲ့

Refrain:
Though the days come and go
There is one thing I know
I've still got the blues for you

နေ့ရက်တွေ ဝင်လိုက်ထွက်လိုက် ရှိနေလည်း
ကိုယ်သိတာ တခုတည်း ...
မင်းအတွက် ကိုယ်နာကြင်နေရဆဲပါ



Well, I’ve still got the blues for you, Gary. မြင့်မြတ်ရာ ဘုံဘဝမှာ စံစားနိုင်ပါစေ ...

ဟယ်ရီ

Read More...

Saturday, 9 August 2008

ယနေ့ဂစ်တာ ဆိုသည်မှာ ...


၂ဝဝ၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ညချမ်းအချိန်တွင် ကမ်းနားဟိုတယ်၌ 'ဂါအဲရှိရှ်' (Gaëlle Chiche) နှင့် 'ဖရန်စစ်စကိုဘဲနီရေး' (Francisco Bernier) ဟူသော ဂစ်တာပညာရှင်ဇနီးမောင်နှံ (၂)ဦးဖြင့်ဖွဲ့စည်းထားသော 'ဒူယိုအက်စတော' (Duo Astor) အဖွဲ့မှ ဂန္တဝင်ဂစ်တာ တေးဂီတ ဖျော်ဖြေတင်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ပါသည်။ စပိန်ဂစ်တာပညာရှင်ကြီးများဖြစ်ကြသော 'ဖါနန်ဒိုဆော' (Fernando Sor) ၏လက်ရာ 'ဖန်တရှား အိုပတ်(စ) ၅၄' (Fantaisie Opus 54) တေးစုကို အဖွင့်ပိုင်းတွင် လက်ရာမြောက်စွာ တင်ဆက်သွားပြီး၊ ဖျော်ဖြေပွဲအစီအစဉ်အပြီးတွင် အထူးလက်ဆောင်အဖြစ် 'ဖရန်စစ်စကိုတာရီဂါ' (Francisco Tárrega) ၏ လက်ရာမွန် 'ရီကာဒိုစ်ဒီလာ အယ်လ်ဟမ်ဘရာ' (Recuerdos de la Alhambra) ကို တီးခတ်ဖျော်ဖြေ သွားခဲ့ရာ ထိုပညာရှင်မောင်နှံ (၂) ဦးအား ကျေးဇူးတင်လျက်နားဆင်ခဲ့ရပါသည်။ ထိုစပိန်တေးပြုဆရာကြီးနှစ်ဦးစလုံးမှာ ကျွန်တော်၏အသည်းစွဲပညာရှင်များ ဖြစ်ကြ၍ ဂန္တဝင်ဂစ်တာတေးသွားများ စင်တင်ဖျော်ဖြေတင်ဆက်ပွဲကို မြတ်နိုးနားဆင်လိုသော အိမ်မက်တစ်ခုမှာ ဂီတကဝေတို့ မှော်ဝင်ဂီတ၏ ညှို့ငင်ဖမ်းစားမှုအာရုံဖြင့် ထိုညချမ်းတွင် ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့ပါသည်။ အိမ်အပြန်လမ်းတွင် အတွေးတစ်စက ရစ်ပတ်နှောင်ဖွဲ့ထားသည်မှာတော့ "ယနေ့ဂစ်တာဆိုသည်မှာ ... "

ယနေ့အခါ ဂစ်တာသည် သမိုင်းတစ်လျှောက်မကြုံစဖူး လူကြိုက်များထင်ရှားလာသော အနေအထားတစ်ခုသို့ ရောက်ရှိလျက်ရှိပြီး၊ အိမ်တွင်းသုံး တူရိယာ မိသားစုဝင်ဖြစ်သော စန္ဒယားနှင့်ပင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်သည့်အခြေအနေတွင်ရှိနေပါသည်။ အများက သီချင်းသံအား နောက်ခံတွဲဖက်ပံ့ပိုးရန်အတွက်သာ တူရိယာပစ္စည်းကို သုံးစွဲနေကြဆဲမှာပင် များစွာသောသူတို့သည် ၄င်းတို့၏ စွမ်းရည်ကိုမြှင့်တင်ရင်း တစ်ကိုယ်တော် လက်စွမ်းပြဖျော်ဖြေတီးခတ်ရန် အခွင့်အလမ်းများကိုရှာဖွေလျက်နေကြရာ၊ ယခုအခါ ကမ္ဘာ့နိုင်ငံအနှံ့ရှိ များစွာသောမြို့ကြီးများတွင်ပင် အပျော်တမ်းဂီတသမားများ တွေ့ဆုံတီးခတ် ဖျော်ဖြေနိုင်ကြသော ဂစ်တာအစည်းအရုံးများ တစ်ခုမက တည်ရှိနေကြပေပြီ။

ယခုအခါ အနောက်တိုင်းဂန္တဝင်ဂီတဟု ခြုံငုံခေါ်ဝေါ်လျက်ရှိနေကြသော ရှေးဂစ်တာပညာရှင်ကြီးများ၏ ဂီတတေးသွားများကို အဓိကခေတ်ကြီး ငါးခေတ်အဖြစ် အကိုးအကားအနေနှင့် ခွဲခြားသတ်မှတ်နိုင်ပါသည်။ ထိုကာလတစ်ခုစီသည် ထင်ရှားသော သောတပဿာဒနှင့် တေးသွားသီကုံးဖွဲ့နွဲ့ပုံနည်းစံနစ် တိုးတက်ပြောင်းလဲလာမှုတို့ကို ကိုယ်စားပြုလျက် ရှိကြပြီး ကွဲပြား ခြားနားသော ဂီတပုံသဏ္ဍာန်နှင့် သောတအာရုံ များကို ခံစားရရှိနိုင်သည်။ သို့ရာတွင် ခေတ်တစ်ခေတ်ချင်း တဖြည်းဖြည်း အစားထိုးကူးပြောင်း သွားသည့်အလျောက် ဂီတပုံသဏ္ဍာန်များမှာလည်း တစ်မျိုးနှင့်တစ်မျိုး ကူးလူးယှက်နွယ်လျက်ရှိကြပေသည်။ ထိုခေတ်များနှင့် ၄င်းတို့၏ခုနှစ်ကာလများကို အကြမ်းအားဖြင့်အောက်ပါအတိုင်းစဉ်းစားသတ်မှတ်နိုင်ပါသည်။
ရေနေးဆင့်ခေတ်နှောင်း (The Late Renaissance) ၁၅၀၀ - ၁၆၁၀
ဘာရော့ခေတ် (The Baroque Period) ၁၆၁၀ - ၁၇၅၀
ဂန္တ၀င်ခေတ် (The Classical Period) ၁၇၅၀ - ၁၈၂၀
ရိုမန်တစ်ခေတ် (The Romantic Period) ၁၈၂၀ - ၁၉၀၀
မျက်မှောက်ခေတ် (The Contemporary Period) ၁၉၀၀ - နောက်ပိုင်း

ဂစ်တာ၏ဘိုးဘေးဘီဘင်တူရိယာနှစ်မျိုးကို အာဖရိကအနောက်မြောက်ပိုင်းရှိ မူးရ်လူမျိုး များ အေဒီ ခြောက်ရာစု (ခရစ်သက္ကရာဇ် ၇၁ ခုနှစ်) တွင် စပိန်ကို ဝင်ရောက် ကျူးကျော်ရာမှ စတင်သိရှိခဲ့ကြခြင်းဖြစ်ပေသည်။ 'ရေနေးဆင့်ခေတ်' နှောင်းပိုင်းကာလ (၁၆ ရာစု မှ ၁၇ ရာစုအစောပိုင်းအထိ) တွင် ဂစ်တာ၏ ဆင်တူရှေ့ပြေးတူရိယာဖြစ်သော 'လု(တ်)' (Lute) ဟုခေါ်သည့် (ကြိုး ၅ စုံနှင့်အထက် တပ်ဆင် ထားသော လက်ကွက်များပါသည့် ရှည်လျားသော လက်တံနှင့် ပီးယား သစ်တော်သီးခြမ်း သဏ္ဍာန် အိုးရှိသော) ကြိုးတပ်တူရိယာမှာ ဂီတပညာသည်များနှင့် အပျော်တမ်းဂီတသမားများ အကြားတွင် အလွန်ရေပန်းစား၍ အဓိကသုံးစွဲ တီးခတ် ခဲ့ကြသည်။ သမိုင်းစဉ်တစ်လျှောက်အနီးစပ်ဆုံး ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်ကာလမှာ အင်္ဂလိပ် အဲလစ်ဇဘက်ခေတ် (၁၅၃၃ မှ ၁၆ဝ၃ ခုနှစ်ဝန်းကျင် အပျိုစင်ဘုရင်မဟု လူသိများသည့် ပထမ အဲလစ်ဇဘက်ဘုရင်မ အုပ်စိုးခဲ့သောကာလ) လောက်တွင်ဖြစ်ပေမည်။ လုတ်အမျိုးအစားများနှင့် ကြိုးညှိပုံအမျိုးမျိုး ရှိရာအသုံးများသော ကြိုးညှိပုံများမှာ ကြိုး ၄ ကြိုး မှ ၈ ကြိုး သို့မဟုတ် နှစ်ကြိုးတွဲ အစုံလိုက်များ တပ်ဆင်ထားပါသည်။
၎ ကြိုးတပ် လု(တ်) တွင် အောက်ဆုံးကြိုး (နံပါတ် ၁) ကို A သံ၊ (ကြိုးတစ်ချောင်းတည်း၊ ယနေ့ခေတ် ဂစ်တာများ၏ ၁ကြိုး နံပါတ် ၅ အကွက်မှအသံ)၊ နံပါတ် ၂ ကို E သံ (နှစ်ကြိုးတွဲသံတူ (Unison) - ယနေ့ဂစ်တာ၏ ၁ကြိုးလွှတ်သံ)၊ နံပါတ် ၃ ကို C သံ (နှစ်ကြိုးတွဲသံတူ (Unison) - ၂ကြိုး ပထမအကွက်)၊ နံပါတ် ၄ ကြိုးအား G သံ (နှစ်ကြိုးတွဲ အနိမ့်တသံ၊ အမြင့်တသံ Octave) ဟူ၍တပ်ဆင်ထားပါသည်။ အပြည်ပြည်ဆိုင်ရာဂီတသင်္ကေတ (International Notes or Pucca Notation) ဖြင့်ဖေါ်ပြပါက အောက်ပါအတိုင်းတွေ့နိုင်ပါသည်။



၅ ကြိုးတပ်လု(တ်) တွင်မူ E သံ၊ B သံ၊ F# သံ နှင့် D သံ(နှစ်ကြိုးတွဲ) A သံ၊ E သံ (တစ်ကြိုးမှငါးကြိုးအထိ) အစဉ်လိုက် တပ်ထားပါသည်။ ယနေ့ခေတ်ဂစ်တာများကြိုးညှိသော အသံနှင့် နံပါတ်(၃)ကြိုးမှလွဲလျှင်အားလုံးတူပါသည်။ ၄င်းတွင် ယနေ့ဂစ်တာများ၏ နံပါတ် (၃)ကြိုး အစား နံပါတ် (၄) နှင့် (၃) ကို နှစ်ကြိုးပူးတပ်ထားခြင်းဖြစ်ပါသည်။ ၄င်း၏နံပါတ် (၃) ကြိုးသည် ယခု နံပါတ်(၃) ကြိုးထက် အသံတစ်ဝက် (Semitone) ခေါ် လက်ကွက်တကွက်စာ အသံနိမ့်ပါသည်။ အပြည်ပြည်ဆိုင်ရာဂီတသင်္ကေတဖြင့် ဖေါ်ပြပါက အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ထူးခြားသည်မှာ ထိုနံပါတ် (၃)ကြိုးအစုံအား မေဂျာတတိယသံ (Major Third သံ) ကို ယူညှိထားခြင်းဖြစ်ပါသည်။




၈ ကြိုးတပ် လု(တ်) တွင် အောက်ဆုံးကြိုး (နံပါတ် ၁) ကို G သံ၊ (ကြိုးတစ်ချောင်းတည်း၊ ယနေ့ဂစ်တာများ၏ ၁ကြိုး နံပါတ် ၃ အကွက်မှအသံ)၊ နံပါတ် ၂ ကို D သံ (နှစ်ကြိုးတွဲသံတူ () - ယနေ့ဂစ်တာများ၏ ၂ကြိုး နံပါတ်၃အကွက်မှအသံ)၊ နံပါတ် ၃ အား A သံ (နှစ်ကြိုးတွဲသံတူ (Unison) - ၃ကြိုး ၂အကွက်)၊ နံပါတ် ၄ ကြိုးကို E သံ (နှစ်ကြိုးတွဲသံတူ (Unison) - ၄ကြိုး ၃အကွက်)၊ နံပါတ် ၅ ကြိုးအား C သံ (နှစ်ကြိုးတွဲသံတူ (Unison) - ၅ကြိုး ၃အကွက်)၊ နံပါတ် ၆ ကြိုးကို G သံ (ကြိုးတစ်ချောင်းတည်း၊ - ၆ကြိုး ၃အကွက်)၊ နံပါတ် ၇ ကြိုးကို F သံ (နှစ်ကြိုးတွဲသံတူ (Unison) - ၆ကြိုး ၁အကွက်)၊ နံပါတ် ၈ ကြိုးအား D သံ (နှစ်ကြိုးတွဲ အနိမ့်တသံ၊ အမြင့်တသံ Octave) များဖြင့်ညှိထားပါသည်။ အပြည်ပြည်ဆိုင်ရာ ဂီတ သင်္ကေတဖြင့်ဖေါ်ပြပါက အောက်ပါအတိုင်း တွေ့နိုင်ပါသည်။



အခြားဥရောပနိုင်ငံများတွင်လည်း အလားတူ အခြေအနေများရှိခဲ့သော်လည်း စပိန် တွင်မူ လု(တ်) ကဲ့သို့ပင် တီးခတ်ရသော်လည်း ယနေ့ခေတ်ဂစ်တာနှင့် ပုံသဏ္ဍာန်ပိုမိုဆင်တူသည့် 'ဗီဟျူလာ' (Vihuela) ဟုခေါ်သည့်တူရိယာမှာ ပိုမိုရေပန်းစားခဲ့ပေသည်။







ဗီဟျူလာသည် ကြိုး ၆ကြိုးတပ်ဖြစ်၍ ၄င်း၏ကြိုးညှိပုံကို အောက်တွင် ဖေါ်ပြထားပါသည်။






၎င်းကိုလေ့လာကြည့်ပါက နံပါတ် ၃ကြိုးကို F# သံ (လက်ရှိဂစ်တာ၏ နံပါတ်၃ကြိုးထက် အသံတစ်ဝက် (Semitone) နိမ့်) ညှိ ထားသည်မှအပ ကျန်အသံအားလုံးသည် ယနေ့ဂစ်တာ၏ ကြိုးညှိပုံနှင့် အတူတူပင်ဖြစ်ပါသည်။ ကွဲပြားသည်မှာ ဗီဟျူလာသည် ကြိုး ၆စုံ (အသံတူ (Unison) နှစ်ကြိုးတွဲစီ) တပ်ထားခြင်းဖြစ်ပါသည်။

'ဘာရော့ခေတ်ဦး' ပိုင်းကာလ၊ ၁၇ ရာစုနှစ်သို့ရောက်သောအခါ လု(တ်) အပေါ်စိတ်ဝင်စားလူကြိုက်များမှုမှာ များစွာကျဆင်းခဲ့ ပါသည်။ အကြောင်းရင်းမှာ ကြိုးအပိုများထည့်သွင်းတပ်ဆင်ကာတီးခတ်မှုကြောင့် ထိုကြိုးများကိုညှိရသည်မှာအလွန်ခက်ပြီး တီးခတ်ရာတွင်လည်း ရှုပ်ထွေးသည့်အတွက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ၁၇ ရာစုနှစ်အကုန်ပိုင်းကာလ(ဘာရော့ခေတ်လယ်) လောက်တွင် စိတ်ဝင်စားမှုအသစ်တစ်ခု စတင်ပေါ်ထွန်း လာပြီး ၄င်းမှာ ဂစ်တာပင်ဖြစ်ပါသည်။ ထိုကာလက 'ဘာရော့ဂစ်တာ' ဟုဆိုကြသည့်ဂစ်တာတွင် ကြိုးငါးချောင်း သို့မဟုတ် ကြိုး ၅ စုံ (နှစ်ကြိုးတွဲ ၁ဝ ချောင်း) တပ်ဖြစ်ပြီး ထိုကြိုး ၁ စုံစီအား ထပ်တူညီသံ (Unison) (သို့မဟုတ်) နှုန်းမြင့် သံတူတစ်သံ (Octave) မြှင့်ကာအသံ ထုထည်အား ကောင်းစေရန် ညှိထားကြပြီး ယခုခေတ်ဂစ်တာများ၏အမြင့်ကြိုး ၅ကြိုး (၁ ကြိုး မှ ၅ ကြိုး) နှင့် တူညီပေသည်။ ကြိုးငါးစုံတပ်ဖြစ်ပါက ၁၊ ၂၊ ၃ ကြိုးများမှာ နှစ်ကြိုးတွဲသံတူ (Unison) များဖြစ်ပြီး ၄ နှင့်၅ ကြိုးမှာ နှစ်ကြိုးတွဲ အနိမ့်တသံ၊ အမြင့်တသံ (Octave) များဖြင့်ညှိထားပါသည်။

ဘားရော့ဂစ်တာကြိုးညှိပုံနှင့် ယနေ့ခေတ် ၁၂ကြိုးတပ်ဂစ်တာများ၏ကြိုးညှိပုံများကို နှိုင်းယှဉ်ကြည့်နိုင်စေရန် အောက်တွင် ဖေါ်ပြ ထားပါသည်။

ဘားရော့ဂစ်တာကြိုးညှိပုံ



ခေတ်ပေါ် (၁၂)ကြိုးတပ် ဂစ်တာ ကြိုးညှိပုံ



ဒုတိယမြောက် ချားလ်စ်ဘုရင်၏ (၁၆၃ဝ-၁၆၈၅ ခုနှစ်) နန်းတွင်းအသိုင်းအဝန်းတွင် ထိုခေတ်မြင်ကွင်းအား 'လောကစကြာဝဠာတစ်ခုလုံးတီးခတ်မှု' ဟုပင် ထိုခေတ်ကာလ လူအများက တင်စားသုံးစွဲကြရသည်အထိ လူကြိုက်များထင်ရှားခဲ့ပြီး၊ ပြင်သစ်ပြည်တွင်လည်း ကိုယ်တိုင် ဂစ်တာသမားတစ်ဦးဖြစ်သော လူဝီ ၁၄ ဘုရင် (၁၆၃၈-၁၇၁၅ ခုနှစ်) ၏ နန်းတွင်းအသိုင်းအဝန်းတွင်လည်း အင်္ဂလန်နှင့် များစွာတူညီသော အလားတူအခြေအနေမျိုး တည်ရှိခဲ့ပေသည်။

လု(တ်)ကဲ့သို့ပင်၊ ထိုခေတ်ကာလက ဂစ်တာတေးသွားတေးချင်းများ သီကုံးဖွဲ့နွဲ့ခဲ့ကြသူအများစုမှာ ဂစ်တာသမားများကိုယ်တိုင်ပင် ဖြစ်ကြသည်။ ၄င်းတို့အထဲမှ အထင်ရှားဆုံးပုဂ္ဂိုလ်များမှာ 'ဖရန်စစ္စကို ကော်ဘက်တာ' (Francisco Corbetta)၊ လူဝီ-၁၄ ဘုရင်၏နန်းတွင်းဂီတပညာရှင် 'ရိုဘဲ ဒဗီးစေး' (Robert de Vissée) နှင့် 'ဂတ်စပါဆန့်ဇ်' (Gasper Sanz) (ဘေးပုံ) တို့ဖြစ်ကြပြီး ၄င်းတို့ တေးသွားများမှာ ဂီတပညာပိုင်းဆိုင်ရာပြီးပြည့်စုံမှုနှင့် လူအများအား ဆွဲဆောင်လွှမ်းမိုး ညှို့ငင်ဖမ်းစားနိုင်မှု ရှိသည် မှန်သော်လည်း၊ ကြီးကျယ်ထင်ရှားသော လု(တ်)ပညာရှင်များဖြစ်သည့် 'ဂျွန်ဒေါင်းလင်း' (John Downland)၊ 'ဟောလ်ဘုန်း' (Holborne)၊ 'ရိုဆက်တေး' (Rosseter)၊ 'ကပ်တင်း' (Cutting) နှင့် အခြားပညာရှင်များ၏လက်ရာများနှင့် နှိုင်းယှဉ်ကြည့်ပါက ခမ်းနားသိမ်မွေ့မှုနှင့် ထူးခြားပြောင်မြောက်မှုများ လျော့နည်းနေလျက်ရှိပေသည်။

အထက်တန်းလွှာလူ့အဖွဲ့အစည်း၏အရေးပေးအလေးထားမှုကိုခံစားရရှိခဲ့သောခေတ် ကုန်ဆုံးပြီးနောက်၊ ဂစ်တာသည် ရေပန်းစား လူကြိုက်များမှု ကျဆင်းလာခြင်းကို 'ဂန္တဝင်ခေတ်' အားကိုယ်စားပြုသည့် ၁၈ ရာစုခေတ်အလယ်ပိုင်းလောက်တွင် ကြုံတွေ့ခဲ့ရ လေသည်။ ယင်းအဖြစ်တွင်အနည်းဆုံးအားဖြင့် လူတစ်ဦးကအသေအချာရည်ရွယ်စီစဉ်ထားသော အားထုတ်မှုသည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်မည်ဟု ယိုးစွပ်ပြောကြားခဲ့ကြပါသည်။ 'ဟာ(ပ်)စီကော့ဒ်' (Harpsichord) ဟုခေါ်သည့် အနောက်တိုင်း ကြိုးတပ်တူရိယာ (စန္ဒယားကဲ့သို့ ခလုတ်များဖြင့် တီးခတ်သည့် လက်ကွက်များပါသောကြိုးတပ်တူရိယာတစ်မျိုး - ၁၆ ရာစုမှ ၁၈ ရာစု အထိ တွင်ကျယ်စွာသုံးခဲ့ကြသည်) များကို ထုတ်လုပ်သော 'ဂျက်ကော့ဘ်ကတ်မင်း' ဆိုသူက ဂစ်တာကို မှေးမှိန်သေးသိမ်ရေပန်းမစားစေလိုသောရည်ရွယ်ချက်ဖြင့် အကြံအစည်တစ်ခုကို ကြံစည်ခဲ့ပါသည်။ ယင်းမှာ အပေါစားဂစ်တာများ ကို အစေခံမိန်းကလေးများ၊ လမ်းပေါ်မှဂီတသမားများထံသို့ဈေးပေါပေါနှင့် အရေအတွက်များများ ထုတ်လုပ်ဖြန့်ဖြူးခဲ့ခြင်းပင် ဖြစ်ပါသည်။ များမကြာမီ 'ဟာ(ပ်)စီကော့ဒ်' မှာ ပြန်လည်ရေပန်းစားလာခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် သူ့အကြံအစည်မှာ အောင်မြင်ခဲ့ပုံပေါ်ပေသည်။ ဘာရော့ဂစ်တာမှာမူပျောက်ကွယ်သွားခဲ့ရပြီး၊ 'ဆစ်တန်း' (Cittern) ဟုခေါ်သောတူရိယာတစ်မျိုး (နောက်ကျောအပြားပုံစံ မယ်ဒလင် နှင့်ဆင်တူကာ လက်ခတ်ဖြင့်တီးခတ်ရလေ့ရှိသည့် ကြိုးတပ်တူရိယာ) ဖြင့် ၄င်းနေရာကိုအစားထိုးကြလေသည်။ ထိုတူရိယာကို 'အင်္ဂလိပ်ဂစ်တာ' ဟုလည်းလူသိများကြပြီး၊ 'ဂစ်တာ' ဟုလည်း မကြာခဏ အလွယ်တကူပင်ခေါ်ဝေါ်လေ့ရှိကြလေသည်။ အကြောင်းမှာ ယခင်က ဂစ်တာအစစ်က သိမ်းပိုက်ထားသော အပျော်တမ်းဂီတ၏ လက်စွဲတူရိယာနေရာကို ထို တူရိယာက ဝင်ရောက် နေရာယူ လိုက်ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကိုထောက်ရှုလျက် ဂစ်တာအတွက်သီးခြားစဉ်းစားသုံးသပ်ကြည့်မည်ဆိုပါက 'ဂန္တဝင်ခေတ်' နှင့် 'ရိုမန်တစ်ခေတ်' တို့အား ထွေးပိုက်ထားသော (၁၉) ရာစုခေတ်ကာလကို ပိုမိုလွယ်ကူရှင်းလင်းစေရန်အတွက် ခေတ်တစ်ခေတ်တည်းအဖြစ် ယူဆပါကလည်း ရကောင်းပေသည်။

၁၈၁၅ ခုနှစ်သို့ရောက်သောအခါ ဂစ်တာအပေါ်စိတ်ဝင်စားမှုများ အင်္ဂလန်တွင် ပြန်လည်ရှင်သန်နိုးကြားလာခဲ့သည်မှာ လန်ဒန်မြို့ သို့ စပိန်ထိပ်တန်းဂီတပညာရှင် တေးပြုအကျော်အမော်ကြီး 'ဖါနန်ဒို ဆော' (Fernando Sor) (၁၇၈-၁၈၃၉ ခုနှစ်) ဆိုက်ရောက်လာမှုမှ စတင်ပြန့်နှံ့ ခဲ့ခြင်းဖြစ်သည်။ ထိုအခါတွင်မူ ဂစ်တာတွင် ကြိုးအပိုတစ်ချောင်း ထပ်မံတပ်ဆင်ထားပြီး အသံစုံလင်ကြွယ်ဝမှု နှင့် ဂီတဆိုင်ရာစွမ်းဆောင်ရည်များအခန်းကဏ္ဍတွင် တန်ဆာဆင်ချဲ့ထွင်ထားပြီးဖြစ်ရာ ဖါနန်ဒိုဆော မှ သူ၏တေးဖွဲ့သီမှုအပိုင်းနှင့် တီးခတ်ဖျော်ဖြေမှုအပိုင်း နှစ်ပိုင်းလုံးတွင် ထိုပြောင်းလဲမှုနှစ်မျိုး၏အကျိုးတရားအား လက်ရာမြောက် ကျွမ်းကျင်ပိုင်နိုင်စွာ ထည့်သွင်းတင်ဆက်ပြသသွားခဲ့သည်။ 'ဆော' နှင့် သူ၏ခေတ်ပြိုင်ပညာရှင်များ ဖြစ်ကြသည့် 'ဒီယိုနီဆီယို အဂွါဒို (၁၇၈၄-၁၈၄၉ ခုနှစ်)' (Dionisio Aguado)၊ 'ဖါဒီနန်ဒိုကာရူလီ (၁၇ဝ-၁၈၄၁ ခုနှစ်)' (Ferdinando Carulli) နှင့် 'မောရိုး ဂျူလီယာနီ (၁၇၈၁-၁၈၂၉ ခုနှစ်)' (Mauro Giuliani) တို့၏အောင်မြင်မှုများကြောင့် 'ရိုမန်တစ်' ခေတ်ဦး ကာလတွင် ဂစ်တာအပေါ် လူအများ၏စိတ်အာရုံဝင်စားမှုဒီရေအဟုန် ပြန်လည်တိုးတက်လာခဲ့ပါလျှက်နှင့်ပင် ၁၈၃၉ ခုနှစ်၌ 'ဆော' မထင်မရှား ကွယ်လွန်သွားခဲ့ရရှာခြင်းမှာ သူ့အောင်မြင်မှုများနှင့် နှိုင်းယှဉ်လိုက်ပါက မထိုက်တန်လိုက်လေ ဟုပင် ဆိုရပေမည်။
အလျဉ်းသင့်၍ တင်ပြရသော် ယနေ့ ဂန္တ၀င်ဂစ်တာသမားများ သုံးစွဲလျက်ရှိနေကြသည့် ညာဘက်လက်သည်း အရှည် ထားသည့် ဂစ်တာတီးနည်းပုံစံမှာ စပိန်မှလာ၍ ပြင်သစ်ပြည်ပါရီမြို့တွင်အခြေချနေထိုင်ခဲ့သူ 'အဂွါဒို' ၏ နည်းစံနစ်ပင်ဖြစ်ပေသည်။ အီတလီနိုင်ငံ နေပယ်လ်မြို့သားဖြစ်သူ 'ဖါဒီနန်ဒိုကာရူလီ' မှာလည်း ပါရီသို့ရွှေ့ပြောင်းအခြေချခဲ့ပြီး၊ ရာပေါင်းများစွာသော တေးသွားများကို တေးချင်းရှည်တေးစုပေါင်း ၃၀ ကျော်ဖြင့် သီကုံးထုတ်ဝေခဲ့ပြီး၊ ဂစ်တာနည်းပြတစ်ဦးအဖြစ်လည်း အလွန်အောင်မြင်ခဲ့သူဖြစ်သည်။ တီးခတ်ရာတွင်လွယ်ကူရှင်းလင်းသလောက် နားဝင်ပီယံဖြစ်လှသော တေးသွားအတိုများ ရေးဖွဲ့သင်ကြား ရာတွင်လည်း ပါရမီရှင် တစ်ဦး ဖြစ်သည့်အလျောက် ထိုသင်ကြားနည်းစံနစ်မှာအလွန်ပင်အောင်မြင်ထင်ရှားခဲ့ပြီး ယနေ့ထက်တိုင် ပြန်လည်ထုတ်ဝေဖြန့်ချီနေရဆဲဖြစ်သည်။ ၁၉ရာစုအစောပိုင်းကာလ၏ ဂစ်တာပညာရှင်တေးပြုဆရာအကျော်အမော် 'ဂျူလီယာနီ' မှာမူ၊ အီတလီလူမျိုး တစ်ဦးဖြစ်၍ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်အခြေချနေထိုင်ပြီး 'ဘီသိုဗင်' (Beethoven) အပါအ၀င် ထိုခေတ်က အခြားထင်ရှားသော ပြယုဂ် ဂီတပညာရှင်ကြီးများနှင့်တွေ့ဆုံရင်းနှီးခဲ့သည်။ သူ့လက်ရာများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် သူ့အားအသည်းစွဲကြသော ပရိဿတ်များက အင်္ဂလန်တွင် 'ဂျူလီယာနီယဒ်' (The Giulianiad) ဟုအမည်ရှိသော မဂ္ဂဇင်းတစ်စောင်ကိုပင်ထုတ်ဝေဖြန့်ဖြူးလျက်ရှိကြသည်။

နောက်ထပ်တဖန် ဂစ်တာအား တစ်ကိုယ်တော်လက်စွမ်းပြ ဖျော်ဖြေတင်ဆက်နိုင်သည့် တူရိယာ အဖြစ် လူထုအပေါ် အာရုံဝင်စားမှုကို စပိန်လူမျိုးတစ်ဦးမှ ပြန်လည်ရယူ ပေးခဲ့နိုင်ပြန်သည်။ ထိုပုဂ္ဂိုလ်မှာ ယနေ့ခေတ်တွင် ဂန္တ၀င်တေးသွားများ တီးခတ်နေကြသော ဂစ်တာသမားများ အတွက် စတင်လမ်းဖေါက်ခဲ့သူ ဆည်းကပ်အတုယူစရာ ကနဦးဆရာကြီးအဖြစ် ထိုက်တန်စွာ အလေးထား ဂုဏ်ပြု စံတင်ထားကြရသည့်၊ နည်းစံနစ်ပိုင်းများနှင့် ဂစ်တာတေးစုပေါင်း များစွာကိုဖန်တီးခဲ့သည့်၊ အရေးပါသော မှတ်တမ်းဝင် ပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်သူ 'ဖရန်စစ္စကို တာရီဂါ (၁၈၅၂-၁၉၀၉)' (Francisco Tárrega) ပင်ဖြစ်သည်။ သူ့အား အလွန်လက်ရာမြောက်၍ အသေသပ်အလှပဆုံးသော သံစဉ်များကို တီးခတ်ခဲ့သူ၊ သူ၏တေးဖွဲ့သီကုံးမှုများအပြင် အခြားတူရိယာ တေးသွားများအား ဂစ်တာဖြင့် ပြန်လည်ဆန်းသစ် တီးခတ်မှုများပြုလုပ်ကာ ဂစ်တာ၏ အရာရောက်မှုစွမ်းရည် အားလုံးကို ဖေါ်ထုတ် ပြသနိုင်ခဲ့သူ ဟူ၍ ညွှန်းဆိုကြပေသည်။ သူ၏ထူးချွန်ပြောင်မြောက်သော တီးခတ်မှုများ၊ တီးခတ်မှုနည်းစံနစ်ပိုင်း ဆိုင်ရာ ဆန်းသစ် တီထွင်မှုများ၊ သူ၏ ဂီတသံစဉ်တေးချင်းဖွဲ့သီမှုများ နှင့် အခြားတူရိယာများအတွက် ရေးသားသီကုံး ဖွဲ့ဆိုခဲ့သော တေးသွား၊ တေးချင်းများကို ဂစ်တာဖြင့် ပြန်လည်ဆန်းသစ်တီးခတ်မှုများ (Transcriptions) မှာ ယနေ့ခေတ် ဂန္တ၀င်ဂီတပွဲကြီးများ၌ ဂစ်တာအား နေရာပေးခံရမှုနှင့် အလေးအမြတ်ပြုခံရမှုတို့၏ အခြေခံအုတ်မြစ်ကောင်းများပင် ဖြစ်ပေသည်။ သူ့စွမ်းရည်များမှ တစ်ဆင့် ဂစ်တာ၏စွမ်းဆောင်ရည်မှာ အဖြည့်ခံ နောက်ခံတီးခတ်ပေးရသော တူရိယာ သက်သက်ထက် များစွာပိုမို သာလွန်ကြောင်း တေးပြု ဆရာများနှင့် အတီးသမားများ သိရှိနားလည်သဘောပေါက်လာကြသည်။ 'အိုင်းဆက် အယ်လ်ဘင်းနစ်ဇ်' (Issac Albeniz) မှ သူရေးသား တီးခတ် ခဲ့သောတေးချင်းအချို့ကို 'ဖရန်စစ္စကို တာရီဂါ' က ဂစ်တာဖြင့် ပြန်လည်ဆန်းသစ် တီးခတ် တင်ဆက်မှုကို ကြားပြီးသည့်နောက်ဝယ် သူကိုယ်တိုင် စန္ဒယားဖြင့် တီးခတ်ထားသော မူရင်းတေးချင်းများထက်ပင် ပိုမို နှစ်သက် မိကြောင်း ထုတ်ဖေါ်ကြေငြာ ခဲ့ရသည်အထိပင်ဖြစ်သည်။

'ဖရန်စစ္စကို တာရီဂါ' ၏ လက်ရာတေးချင်းများကို သူ့တပည့်ကြီးများထဲမှ 'မစ်ဂဲလ်လိုဘက်' (Miguel Llobet) (ဘေးပုံ) နှင့် 'အမ်မီလီယို ပူယောလ်' (Emilio Pujol) တို့က အထူးတလည်အမွေဆက်ခံ၍ ဆက်လက်ပြန့်ပွားအောင်ဆောင်ရွက်ခဲ့ကြပြီး၊ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်ဂစ်တာသမား တစ်ဦးဖြစ်သူ၊ သူ၏ခေတ်တစ်ခေတ် ထူထောင်သွားနိုင်ခဲ့သော ဒဏ္ဍာရီ ဂစ်တာ သမား အဖြစ်ပင် တင်စားခေါ်ဆိုသမှုပြုကြရသည့် 'အင်ဒရေ ဆီဂိုးဗီးယား (၁၈၉၃-၁၉၈၇)' (Andrés Segovia) က မွန်းမံ ဖြည့်စွက်ခဲ့ပေသေးသည်။ ထိုမျှသာမက ယနေ့ ရော့ခ် နှင့် မက်တယ်လ် ဂစ်တာသမားများ တွင်ကျယ်စွာသုံးစွဲနေကြသော (Tapping) ဟုခေါ်သည့် ကြိုးကိုလက်ခတ်ဖြင့်မခတ်ဘဲ ညာလက်ဖြင့် လက်ကွက်များအပေါ် တိုက်ရိုက် ဖိတောက်ကာ အသံထွက်စေသော နည်းစံနစ်၏ အခြေခံကို စတင်တီထွင်ပေးခဲ့သူမှာ 'အင်ဒရေ ဆီဂိုးဗီးယား' ပင်ဖြစ်ပေသည်။ (ထိုနည်းကို ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့များဖြစ်သည့် 'မစ္စတာဘစ်' (Mr. Big) မှ ဘေ့စ်ဂစ်တာသမား 'ဘီလီရှီဟင်န်' (Billy Sheehan) နှင့် 'ဗင်ဟေလင်' (Van Halen) အဖွဲ့မှ လိဒ်ဂစ်တာသမား 'အက်ဒီဗင်ဟေလင်' (Eddie Van Halen) တို့ တွင်ကျယ်စွာသုံးစွဲ ၍ နာမည်ကျော် လူကြိုက်များစေခဲ့ပါသည်။ မြန်မာပြည်တွင် 'မဇ္ဈိမလှိုင်း' အဖွဲ့မှ လိဒ်ဂစ်တာသမား 'အကယ်ဒမီဇော်မျိုးထွဋ်' က 'ခင်မောင်တိုး''မျက်သွယ်' စီးရီးမှ 'ရတနာသူ' သီချင်းတွင် ထိုနည်းစံနစ်ကိုစတင်သုံးစွဲ တီးခတ်ခဲ့သည် ဟုဆိုကြပါသည်။)
ထိုဂစ်တာပညာရှင်ကြီး၏မမောတမ်းဆောင်ရွက်ခဲ့မှုကျေးဇူးတရားကြောင့်ပင် ယခုအခါ ဂန္တ၀င်ဂစ်တာသည် ကမ္ဘာအနှံ့အပြားရှိ ပွဲဆောင်ခန်းမကြီးများအတွင်း ဖျော်ဖြေတင်ဆက်ပွဲပေါင်းများစွာတို့တွင် ပရိဿတ်များစွာတို့၏ နှလုံးသားကို ဆွဲငင် ညှို့ယူ ဖမ်းစားလျက်၊ တေးပြုဆရာများနှင့် အတီးသမားများတို့၏ လိုလားနှစ်သက်စွဲလမ်းမှုကို သမိုင်းတွင်မည်သည့် ခေတ်အခါနှင့်မျှ မတူအောင် ရရှိလျှက် ရှိနေပေတော့သည်။

Read More...