Sunday 31 March 2013

သည်းခြေကြိုက် လဲသေလိုက်



စကြာတေးထပ်လေးပါ ... "ငွေ" ဆိုတဲ့ စကားလုံးကို မူတည်ပြီး စကြာလည်သလို လက်ဝဲရစ် ပတ်လည်လှည့် ရေးထားတာ ဖြစ်ပါတယ်။ ခိုင်စိုးလင်းလုပ်တဲ့ ရောင်စုံစက္ကူ (colour papers) ဆိုတဲ့ ebook အတွက် ရေးပေးထားတာ ဖြစ်ပါတယ် ... "ငွေမရွှင် ... " ဆိုတဲ့ အစိမ်းရောင်စာကြောင်းကနေစပြီး လက်ဝဲရစ် (counter clockwise) ဖတ်သွားရင် ဒီလိုတွေ့ရပါမယ် ...


ငွေမရွှင် သေရင်မလှ
ငွေမြင်မှ အဆင်ပြေ
ငွေဝင်က ဘုရင်ပေ
ငွေသာလေ ပဓာန
ငွေများက တရားနိုင်
ငွေသားပိုင် ယောက်ျားအာဂ
ငွေမရှိ သေမည့်သွင်
ငွေရှိလျှင် အနေလှ
ငွေမိခင် ငွေအဖပေမို့
ငွေမရ နေမပျော်
ငွေပင်လယ် ဗွေဆိုင်ဝဲ
ငွေအိုင်ထဲ ကူးခတ်ပျော်မော်
ငွေတိုးမှ ဆွေမျိုးတော်
ငွေမိုးနော် စွေရွာဖြိုးလေမှ
ငွေသပြာအိုး ငွေစငွေရွှင်
ငွေမှ ငွေပင်
ငွေရှိမှ လူရာဝင်
ငွေမမြင် လူမထင်ကြလေး။ ။


ဟယ်ရီလွင်

Read More...

Saturday 30 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၄)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၄)


နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၃-ရက်နေ့ မှာတော့ မနက် ၆-နာရီလောက် မနက်စာ ကြာဇံကျော်နဲ့ ထမနဲစားပြီး ဗုဒ္ဓဂယာကနေ ရာဇဂြိုဟ် (Rajgir) ကို မနက် ၇-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ခရီးသစ်တခု စထွက်တိုင်း နမောတဿ၊ သဝေမပါ ကိုးဂါထာ လို့ ခေါ်တဲ့ ဒုတိယမ္ပိ၊ တတိယမ္ပိ အပါအဝင် သရဏဂုံသုံးပါး၊ ပြီးတော့ ၉၆၉ အဲ ယောင်လို့ ... ဣတိပိသော ဘဂဝါ အစချီ ဘုရားဂုဏ်တော် ကိုးပါး၊ သွက္ခာတော အစချီ တရားဂုဏ်တော် ၆-ပါး၊ သုပ္ပဋိပန္နော အစချီ သံဃာ့ဂုဏ်တော် ၉-ပါး၊ ယံဒုန္နိမိတ္တံ အစချီ ပုဗ္ဗဏှသုတ်တော် အစ သုံးဂါထာ၊ မေတ္တသုတ်တော် တွေ ကားပေါ်မှာရွတ်ပွားသွားကြပါတယ်။

ရာဇဂြိုဟ်က ဗုဒ္ဓဂယာနဲ့ မိုင် ၆၀-လောက်ပဲ ဝေးပါတယ်။

တောင် ၅-လုံးခို ရာဇဂြိုဟ် ဆိုတဲ့အတိုင်း ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ပဏ္ဍဝတောင်၊ ဂိဇ္ဈကုဋတောင် နဲ့ ဣသိဂိလိတောင် ဆိုပြီး တောင် ၅-လုံးက ပတ်လည်ဝိုင်းရံထားသော မြို့ဖြစ်ပါတယ်။ ဟိုတုန်းက ရာဇဂြိုဟ်ပြည်ကြီးဟာ အခုတော့ မြို့ခပ်သေးသေးပါပဲ။

ဗုဒ္ဓဂါယာကနေ ရာဇဂြိုဟ်ကို ထွက်လာတဲ့ အချိန်မှာတော့ ကျနော်တို့ ရန်ကုန်က အတူတူထွက်လာကြတဲ့ သူတွေပါတဲ့ အဖွဲ့အပြင် နောက်ထပ်အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာပါတယ်။ ရန်ကုန်ကနေ ကာလကတ္တားကို အရင်သွားပြီးမှ အဲဒီနေ ကားနဲ့လာကြတဲ့ အဖွဲ့တဖွဲ့ နဲ့ သြစတြေးလျကနေ ကာလကတ္တားကို လာပြီးမှ အဲဒီနေ ကားနဲ့လာကြတဲ့ အဖွဲ့တဖွဲ့ပါ။ အဲဒီတော့ ကျနော်တို့ စုစုပေါင်း ကားကြီး ၃-စင်း ဖြစ်သွားပါတယ်။ အဲဒီလို ပေါင်းထွက်လို့ လူသိပ်များပြီး တည်းခိုစရာ အဆင်မပြေတာကြောင့် နားသင့်တဲ့နေရာ မနားရဘဲ တောက်လျှောက်ဆက်ထွက်ရတဲ့ အဆင်မပြေမှုမျိုး နောက်ပိုင်း တွေ့ကြုံခဲ့ရပါတယ်။ ဒါလည်း နီလာရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းပါပဲ။

ရာဇဂြိုဟ်ဝန်းကျင်မှာ လှည့်လည် ဖူးမြော်စရာ နေရာ ၉-နေရာရှိပါတယ်။ အဲဒီနေရာတွေကတော့ ....

(၁) ဝေဠုဝန်ကျောင်း
(၂) ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိလိုဏ်ဂူ (ဝေဘာရတောင်)
(၃) ဗုဒ္ဓ၏ စုပေါင်း ဓာတ်တော်တိုက် (မဏိယာမတ်)
(၄) ဗိမ္မိသာရမင်း၏ ဘဏ္ဍာတိုက် (ဆွန်ဘဏ္ဍာ)
(၅) ဗိမ္မိသာရအကျဉ်းထောင်
(၆) ဇိဝက သရက်ဥယျာဉ်ကျောင်း
(၇) ရတနာဂိရိတောင်၊ ဂျပန်-ဝိရွှသျန္တစေတီ
(၈) ဂိဇ္ဈကုဋ်တောင်
(၉) ကျောက်လှည်းဘီးရာ


ရာဇဂြိုဟ်ဒေသ လှည့်လည်ဖူးမြော်စရာ နေရာများပြ မြေပုံ

ဂိဇ္ဈကုဋ်တောင်ကို မနက် ကိုးနာရီလောက် ရောက်ပါတယ်။ ဗုဒ္ဓ အမှန်တကယ်သီတင်းသုံးတော်မူခဲ့ပြီး ပရိမိတ္တဇာလသုတ်၊ မောဂ္ဂလာနဗောဇ္ဈင်သုတ် အစရှိတဲ့ သုတ္တန်အများအပြားကို ဟောကြားခဲ့ရာ တောင်တော်လည်းဖြစ်ပါတယ်။ အရင်က မြတ်စွာဘုရား သီတင်းသုံးနေချိန် နတ်ဗြဟ္မာတွေ ညဘက် လာဖူးမြော်ကြတဲ့အခါ အလင်းရောင်တွေနဲ့ လင်းထိန်နေလို့ သရဲခြောက်တဲ့ တောင်ကြီးလို့ ဒေသခံတွေက အဲဒီအချိန်က ခေါ်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ အဝေးကနေ ကြည့်လိုက်ရင် လင်းတနှုတ်သီးရဲ့ ပုံသဏ္ဌာန်နဲ့တူလို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ်တယ်လို့ ဆိုပါတယ်။ လင်းတတွေ နားနေပုံနဲ့ အလားသဏ္ဌာန်တူတဲ့တောင်မို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ်တယ်လို့လည်း ဆိုပါတယ်။ အခုကြည့်ရတာကတော့ ဘာပုံမှ မပေါ်ပါဘူး။ မြတ်စွာဘုရားလက်ထက်တော်တုန်းကတော့ တူချင်လည်း တူမှာပေါ့လေ။ နှစ်ပေါင်း ၂၅၀၀-ကျော်ပြီ ဆိုတော့လည်း မြေအနေအထားတွေက ပြောင်းလဲသွားပြီပေါ့။

ဒီမှာလည်း လူအတော်များပါတယ်။ အရင်ဆုံး ဂျပန် ဝိရွှသျန္တစေတီရှိတဲ့ ရတနာဂီရိတောင်ထိပ်ကို တက်ကြပါတယ်။ သာသနာ ၂၅၀၀-ပြည့် အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီပါ။ ရတနာဂီရိတောင်က ဂိဇ္ဈကုဋ်တောင်ရဲ့ တောင်စွယ်တခုလို့ပဲ ယူဆပါတယ်။ ခြေလျင်တက်လည်းရပါတယ်။ Chair Lift နဲ့ တက်လည်း ရပါတယ်။ ခရီးသွားကုမ္ပဏီက Chair Lift နဲ့တက်ဖို့ စီစဉ်ပေးထားတာနဲ့ တက်လိုက်ပါတယ်။ အဲဒီ Chair Lift က ဘုရားလာတည်တဲ့ ဂျပန်တွေက သူတို့ဘုရား အဆင်ပြေပြေဖူးရအောင်ဆိုပြီး ဆင်ပေးထားတာလို့ ပြောပါတယ်။ ဒါပေမဲ့ သူက အတက်အဆင်း terminal မှာ လုံးဝ ရပ်မပေးဘဲ မနှေးမမြန်အရှိန်လောက်နဲ့ လည်ပြီး ပြန်တက်ပြန်ဆင်းသွားတာမို့ သက်ကြီးရွယ်အိုတွေ အတွက် chair lift ပေါ် တက်ရ ဆင်းရတာ သိပ်မလွယ်ပါဘူး။ အလုပ်သမားလေးတွေက လူကြီးတွေကို ပွေ့ပြီး အမြန်တင်၊ ခါးပတ်ပတ်ပေးရပါတယ်။ Cable car တွေလို အလုံပိတ် မဟုတ်ပါဘူး။ အဲဒါ မစီးနိုင်ရင်တော့ ကျိုက်ထီးရိုးလိုပဲ အထမ်းနဲ့ တက်လို့ ဆင်းလို့ ရပါတယ်။ အထမ်းခ ကတော့ ကိုယ့်ဟာကိုယ် ပေးရတာပါ။ Tour ကုမ္ပဏီက စီစဉ်မပေးပါဘူး။ တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းကတော့ လှပါတယ်။ ဂိဇ္ဈကုဋ်တောင်မှာ မျောက်တွေ ရှိပါတယ်။ ပုပ္ပားတောင်တို့ ဖိုးဝင်းတောင်တို့လိုပါပဲ။


ရတနာဂီရိတောင် Chair Lift


ဂျပန် ဝိရွှသျန္တစေတီ

ဒါနဲ့ ဂျပန်စေတီဖူးပြီး လမ်းလျှောက်ပြန်ဆင်းရင်း ဂိဇ္ဈကုဋ်တောင်ဘက်ကို ကူးပါတယ်။ တောင်အဆင်းမှာ ရှင်အာနန္ဒာဂူ သီတင်းသုံးခဲ့တယ် ဆိုတဲ့ ဂူကို ဖူးရပါတယ်။ ပြီးတော့ မြတ်စွာဘုရားကို ရှင်ဒေဝဒတ် ကျောက်မောင်းဆင်ပြီး လုပ်ကြံတဲ့နေရာကိုလည်း တွေ့ရပါတယ်၊ အဲဒီနေရာမှာ ကျောက်တုံးကြီးတွေ၊ ကျောက်ချပ်ကြီးတွေ အများကြီးပါပဲ။ အဋ္ဌာနမေတံ ဘိက္ခဝေ အစချီတဲ့ သက်တော်မြဲဂါထာကို ဟောကြားဖြစ်ခဲ့တဲ့ နောက်ခံ အကြောင်းရင်း စတည်ဖြစ်ရာနေရာဖြစ်ပါတယ်။ နောက်ပြီး လက်ယာတော်ရံ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ သီတင်းသုံးခဲ့တဲ့ဂူနဲ့ ဘုရားရှင်ရဲ့ ဂန္ဓကုဋီတိုက်ဟောင်းနေရာတွေကို ဖူးရပါတယ်။ ဂန္ဓကုဋီတိုက်က အုတ်တိုက်လေးပါ။ တိုက်ဟောင်းက အုတ်တွေ အတော်လေးကျန်ပါသေးတယ်။ ပြီးတော့ ဆက်ဆင်းလာတော့ တောင်အောက်ကို မနက် ဆယ်နာရီလောက် ရောက်ပါတယ်။ တောင်အဆင်းမှာ သူတောင်းစားတွေ တော်တော်ပေါတာ တွေ့ရပါတယ်။ “မဟာရာဂျာ၊ မဟာရာနီ ..” ဆိုပြီး သူတို့စကားနဲ့ ဆက်ပြောပြီးတောင်းနေကြတာပါပဲ။ အနားကပ်တောင်းတာတော့မဟုတ်ပါဘူး။ လမ်းဘေးမှာ ထိုင်လျက်၊ လှဲလျက်နဲ့ တောင်းနေကြတာပါ။


္ဂတောင်အဆင်းလမ်း


ဂန္ဓကုဋီတိုက်ဟောင်းနေရာကို အဝေးမှ မြင်ရပုံ


ဂိဇ္ဈကုဋ်တောင် ရှုခင်း


ဂန္ဓကုဋီတိုက်ဟောင်းနေရာ


ရှင်အာနန္ဒာသီတင်းသုံးခဲ့သည့်ဂူ


ရှင်သာရိပုတ္တရာသီတင်းသုံးခဲ့သည့်ဂူအတွင်းပုံ


ရှင်သာရိပုတ္တရာသီတင်းသုံးခဲ့သည့်ဂူ


ဒေဝဒတ် ကျောက်မောင်းဆင်သည့်နေရာ


ဂိဇ္ဈကုဋ်တောင် အဆင်း

လူတွေ စုံအောင် စောင့်ပြီး ဆယ်နာရီခွဲလောက် ရာဇဂြိုဟ် မြန်မာကျောင်းကို စထွက်ပါတယ်။ နာရီဝက် လောက်ပဲ မောင်းရပါတယ်။ မြန်မာကျောင်းရောက်တော့ မနက် ၁၁-နာရီလောက် ရှိနေပါပြီ။ ပစ္စည်းတွေချ၊ လူတွေ အခန်းနေရာချတာနဲ့ နေ့လည် ၁-နာရီလောက်မှ နေ့လည်စာ စားဖြစ်ပါတယ်။ ကြက်သားနဲ့ အာလူးဟင်း၊ အစိမ်းကြော် နဲ့ဆိုတော့ ဖွယ်ဖွယ်ရာရာလေးပါပဲ။ အရသာလည်း မဆိုးပါဘူး။ နီလာ tour က လက်ဖက်သုတ် ထပ်စီစဉ်ပေးပါတယ်။ မောလို့လားတော့ မသိဘူး ... စားလို့တော့ ကောင်းသားဗျာ။


ရာဇဂြိုဟ်မြန်မာကျောင်း

နေ့လည်စာ စားပြီးတော့ ခဏနားပြီး ညနေ သုံးနာရီလောက်ကျတော့ နာလန္ဒာတက္ကသိုလ်သစ်ကို သွားဖို့ မြန်မာကျောင်းကနေ စထွက်ပါတယ်။ ၇-မိုင်လောက်ပဲ ဝေးတာမို့ ဆယ့်ငါးမိနစ်လောက်ပဲ သွားရပါတယ်။ အဲဒီရောက်တော့ လှူဒါန်း၊ တရားနာကြပါတယ်။ သံဃာတော်တွေအတွက် ဆွမ်း၊ ကွမ်း အလွန်ခက်ခဲပါတယ်။ ဆွမ်းခံထွက်လို့ ဘယ်သူမှ ဆွမ်းတဆုပ်မလောင်းတဲ့ အရပ်ဒေသပါ။ ဒီလို ဒေသမှာ ဆွမ်းခံမရတော့ ကိုယ့်ဆွမ်းကိုယ် ချက်စားကြရတာကြောင့် အလှူငွေဟာ သံဃာတော်တွေအတွက် အရမ်းအရေးကြီးတဲ့နေရာပါ။ ဒီလို အခက်အခဲတွေ ကြားက စိတ်ရှည်သည်းခံအားတင်းပြီး ဇွဲနပဲနဲ့ သာသနာတော်အတွက် ကြံ့ကြံ့ခံ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို ကျနော်တော့ အရမ်းကြည်ညိုလေးစားမိတာပါပဲ။ အားလုံးက Master နဲ့ Ph.D အတွက် လေ့လာသင်ကြားနေကြတဲ့ ကိုယ်တော်တွေချည်းပါပဲ။


နာလန္ဒာတက္ကသိုလ်စည်းရိုး

ညနေ လေးနာရီ လေးဆယ့်ငါးမိနစ်လောက်မှာ နာလန္ဒာတက္ကသိုလ်သစ်ကနေထွက်ပြီး နာလန္ဒာတက္ကသိုလ်ဟောင်းကို ဆက်သွားပါတယ်။ ဒါပေမဲ့ အဲဒီရောက်တော့ ညနေ ငါးနာရီထိုးသွားလို့ ပိတ်သွားပါပြီ။ ဝင်လို့မရတော့ပါဘူး။ ဒါနဲ့ပဲ ပြန်လာကြတာ မြန်မာကျောင်းကို ညနေ ငါးနာရီ ဆယ့်ငါးမိနစ်လောက်မှာ ပြန်ရောက်ပါတယ်။ ရာဇဂြိုဟ်မှာလည်း အတော်လေး အေးပါတယ်။ ကျောင်းရောက်တော့ ခဏနား ရေမိုးချိုးကြပါတယ်။ ခက်တာက ရေချိုးဖို့ ရေနွေးလည်း မရတော့ အေးစက်နေတဲ့ ရေနဲ့ပဲ ကမန်းကတန်း ကြိတ်မှိတ်ချိုးကြရတာပါပဲ။ ရေမိုးချိုးပြီး ညနေ ခြောက်နာရီလောက် ညစာစားကြပါတယ်။ ဟင်းကတော့ ငါးကြော်နဲ့ပါ။ ငါးကြင်းကြော်လိုမျိုးပါပဲ၊ စားလို့အဆင်ပြေပါတယ်။ ညစာစားပြီးတော့ မြန်မာကျောင်းကို ဆရာတော်ဆီ သဒ္ဓါတတ်အားသမျှ အလှူငွေတွေ လှူဒါန်းကြပြီး တနေ့တာ ကုန်ဆုံးသွားပြန်တာပါပဲ။

နောက်နေ့မှာတော့ ဝေဘာရတောင်နဲ့ ရာဇဂြိုဟ်ပတ်ဝန်းကျင် ခရီးအကြောင်း ဆက်ပါဦးမယ်။

ဟယ်ရီလွင်

Read More...

Friday 29 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၃)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၃)


မမေရေ ...
ဗုဒ္ဓဂါယာ မြန်မာကျောင်းက ဆရာတော်နဲ့ တိုက်အုပ်ကိုယ်တော်အပါအဝင် သံဃာတော်တွေကတော့ အလွန်ပဲ စိတ်သဘောထား မွန်မြတ်ပြီး ကူညီတတ်ကြပါတယ်။ တိုက်အုပ်ကိုယ်တော်က ကလေးလည်း အလွန်ချစ်တတ်ပါတယ်။ ဆွမ်းကွမ်း ခက်ခဲတဲ့ နိုင်ငံရပ်ခြား အရပ်ဒေသမှာ ဇွဲနပဲနဲ့ စိတ်ရှည်သည်းခံပြီး သာသနာတော်ကို စောင့်ရှောက်နေကြတာ တကယ့်ကို ကြည်ညိုစရာ ကောင်းလှပါတယ်။ ဘုရားဖူးအဖွဲ့အားလုံးက ရောက်ရှိရာအရပ်ဒေသက မြန်မာဘုန်းတော်ကြီး ကျောင်းတွေမှာ သဒ္ဓါထက်ထက်သန်သန်နဲ့ ငွေလှူကြတာပါပဲ။
အလျဉ်းသင့်လို့ ဗုဒ္ဓဂါယာ မြန်မာကျောင်း ဆရာတော် သံဃာတော်တွေရဲ့ ဆုံးမသြဝါဒ စာချိုးလေးတွေ ကဗျာလေးတွေကို မျှဝေလိုက်ပါတယ်။ ဘုရားဖူးများ အထူးသဖြင့် မြန်မာအမျိုးသမီးများ သတိပြုစရာပါ ...



အပ္ပမာဒေန သမ္ပာဒေထ

ဗုဒ္ဓဂယာ မြေမဟာသို့ အသပြာငွေကြေး များစွာပေး၍ မနှေးသံဝေ ရယူလေဖို့ မသွေရောက်လာ ရွှေမြန်မာတို့ ...

'ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ' ဓမ္မသဘော ရှိလေသောကြောင့် - ကုသိုလ်ပြုက ကျိုးတူရ-ဟု မုချအစဉ် စိတ်မထင်နှင့်၊ ကုသိုလ်နှင့်ယှဉ် စိတ်ကြည်လင်မှ လိုအင်ပြည့်ဝ တ,တိုင်းရလိမ့်။
ကုသိုလ်မယှဉ် စိတ်မရွှင်သော် အစဉ်ခရီး ကျိုးမပြီးရိုး၊ တိုးနှင့်ကုလား ထိုလူများတို့ သဋ္ဌေးချမ်းသာ ဖြစ်ရုံသာ။

အလွန်မှန်တဲ့ ဆုံးမသြဝါဒပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးလာရင် အပါယ်တံခါးပိတ်တယ် ဆိုတာ တကယ်တော့ သံဝေဇနိယ လေးဌာန၊ အဝိဇဟိတ လေးဌာန အစရှိတဲ့ နေရာတွေမှာ ဒီနေရာမှာတော့ မြတ်ဗုဒ္ဓကို ဖွားမြင်တော်မူခဲ့တယ် ... ပွင့်တော်မူခဲ့တယ် ... တရားဦးဟောတော်မူခဲ့တယ် ... ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တယ် ... အစရှိသဖြင့် စိတ်မှန်းနဲ့ ကြည်ညို ဖူးမြော်ရင်း ခုတော့ ဘုရားရှင်မရှိတော့တာမို့ ဘုရားသော်မှ မလွန်ဆန်နိုင်တဲ့ သင်္ခါရတရားကို နှလုံးသွင်း သံဝေဂ ပွားများမှသာလျှင် ကုသိုလ်တရားဖြစ်ပြီး အပါယ်တံခါး ပိတ်နိုင်ပါမှာ ဖြစ်တယ် လို့ ဆရာတော် သံဃာတော်များက မိန့်ကြားဆုံးမတော်မူပါတယ်။ ဗုဒ္ဓဂါယာ ခဏလေးရောက်ရုံနဲ့ အပါယ်တံခါး ပိတ်ရမယ် ဆိုရင်တော့ အဲဒီမှာ တသက်လုံး နေနေတဲ့ ကုလားတွေ ဘယ်တော့မှ နတ်ပြည်က ဆင်းရတော့မှာ မဟုတ်ပါ။ အပျော်ခရီးထွက်သလို လာရင်တော့ Tour ကုမ္ပဏီတွေနဲ့ အဲဒီက ကုလားတွေပဲ စီးပွားဖြစ်သွားဖို့ရှိပါတယ်။ ခက်တာက တချို့လူတွေကလည်း နိုင်ငံခြားသွားတယ် ဆိုတာနဲ့ အပြတ်ကဲလိုက်မယ် ဆိုပြီး လာကြတဲ့သူတွေလည်း ရှိတော့ ခုလို ထပ်ဆုံးမထားတာ တွေ့ရပါတယ်။


ရွှေစိတ်တော် ငြိုပါနဲ့

ဗုဒ္ဓဂယာ ကုလားရွာသို့ ဘုရားဖူးရန် စိတ်ရွယ်ကြံလျက် အမှန်လာရောက်ကြကုန်သော မီနီစကပ် ဘောင်းဘီကျပ်နှင့် လက်ပြတ်အင်္ကျီ ထွေလီမိတ်ကပ် အထပ်ထပ်ဖြင့် ဖိနပ်အခြေ ဒေါက်ရှည်ပိုးလို့ ကြိုးရှုပ်အောင် ရှိုးထုတ်တတ်ကြပါတဲ့ ... ပျို,အိုမခွဲ အိုဘယ့် - လှအိုးကွဲတို့ ....

သင်တို့ရောက်လာ ဤနေရာကား - ဒေလီ, မွန်ဘိုင်း, ချင်နိုင်းတို့လို မြို့ကြီးများလည်း မဟုတ်၊ အွန်စောတို့ဌာနေ ဂျင်စင်းမြေလည်း မဟုတ်၊ တောနယ်ဓလေ့ တောနယ်မွေ့သည့် တောငွေ့ထုံသီး တောရွာကြီးမျှသာဖြစ်၍ - ပြင်ဆင်ခြယ်သ သင်တို့အလှကား - တောမှာကြီးပွား ငမ်းစရာရှားသည့် တောကုလားတို့ စိတ်ကစားရုံမျှသာ။

နိုင်ငံတကာ ဆိုက်ရောက်လာသည့် ဘုရားဖူးလာ လူမျိုးအဖြာဖြာတို့ကား - ခန္ဓာပူပြင်း စိတ်ကိုညှဉ်းသည့် အတွင်းကိလေ မီးထွေထွေကို ငြိမ်းစေမှုသာ အကြောင်းရှာကြသဖြင့် - မိမိကိုယ်တွင် ပိတ်ဖြူဆင်၍ မတင်နံ့သာ လုံခြုံစွာဖြင့် ဗုဒ္ဓဂုဏ်ရည် စိတ်ဝယ်တည်လျက် ကိုယ်စီကိုယ်ငှ မြတ်ဓမ္မကို လုံ့လကြိုးကုတ် အားထုတ်ကြကုန်၏။

ဗုဒ္ဓဒေသနာ စစ်မှန်ရာကို ထင်စွာညွှန်ပြ-ပေးနိုင်ကြသည့် သံဃရတနာ တည်ရှိရာ-ဟု ကမ္ဘာတဝှမ်း သတင်းလွှမ်းသည့် တိုင်းခန်းဌာနီ မြန်မာပြည်မွေး လွန်ယဉ်ကျေးသည့် အလှပဂေး မမလေးတို့ ...

ယောဂီတဘက် ကိုယ်ဝယ်ယှက်လျက် စုံလက်ယှဉ်ကာ စိတ်ကြည်စွာဖြင့် မြန်မာဓလေ့ လွန်သိမ်မွေ့သော် မြင်တွေ့သူ, ငါ လေးစားရာ၏။ 'စိတ္တေန နီယတေ လောကော' ဘုရားဟောရှိရာ - စိတ်သာပဓာန စိတ်သာလှလျှင် အများလည်းခင်, လူလည်းယဉ်သမို့ ...

- လှပလိုကာ အကြောင်းရှာသဖြင့် တောရွာကုလား စိတ်ကစားစေမည်လော ?
- ယဉ်ကျေးသမှု အကြောင်းပြု၍ မိမိလူမျိုး ပြည့်အကျိုးကို သယ်ပိုးဂုဏ်တက်စေမည်လော ? ။

မြန်မာကျောင်း
ဗုဒ္ဓဂယာ၊ အိန္ဒိယ

ဗုဒ္ဓဂါယာ လာကြတဲ့ အထဲမှာ ဘယ်လို အမျိုးသမီးတွေများ ပါကြတယ်တော့ မသိပါဘူး ... ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုတဲ့အတိုင်း ဆိုသင့်တာကို ဆိုဆုံးမထားတဲ့ အောက်က ဆုံးမစာလေးသာ ဖတ်ကြည့်ပါတော့ဗျာ ... (ကျနော်တို့ အဖွဲ့ထဲမှာတော့ အဲဒီလို အမျိုးသမီး တယောက်မှာ မပါတာ အတော်လေး စိတ်ချမ်းသာမိပါရဲ့)

ဆိုရေးရှိ၍ ဆိုလိုက်သည်

(၁)
နိုင်ငံအများ၊ လူမျိုးခြားတို့၊
ညွှတ်တွားရိုသေ၊ သံဝေယူရာ၊
ဗုဒ္ဓဂယာ မြေမဟာ၌ -
ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်၊
မာနထောက်လျက် -
တရားမရှိ သတိမထိန်း
ထင်ရာစိုင်းက -
တိုင်းပြည်လူမျိုး၊ သရေညှိုး၍၊
အကျိုးမဖက်၊ အရှက်ရတတ်၊
သတိကြပ်လော့ !

(၂)
ပညာမရှိ သတိမပါ
ဝါသနာအလျောက် ထင်ရာဖောက်သည့်
ယွင်းပေါက်ဣနြေ္ဒ
မမမွှေ - တို့ !
ဘုရားဖူးလာ သည်ချိန်ခါဝယ်
ငါ့အိမ်နှင့်ဝေး၊ လွတ်လပ်ရေးဟု၊
စိတ်ထားပြု၍၊ အထုပ်ထမ်းသမား
ကင်မရာ-ကုလားတို့နှင့်
ပရောပရီ၊ ပလီအညု
မျိုးစုံပြုကာ၊ မရှု-သိက္ခာ၊
မပါ-အရှက်၊ လွန်ပေါ့ပျက်လျက်
အဖက်မတန်၊ မျိုးဂုဏ်မာန်ကို၊
စုံကန်ကာ ဖျက်တတ်ကြသည် ...
ပူရီ-အာလူး ရသာထူးသလော?


နောက်နေ့မှာတော့ ဗုဒ္ဓဂါယာကနေ ထွက်ပြီး ရာဇဂြိုဟ်ကို ခရီးဆက်ကြပါတယ်။ ဒီအကြောင်း ဆက်ပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Thursday 28 March 2013

"ဒါ တို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ"

"ဒါ တို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ"

တရားမဲ့ကင်း၊
ဓားနဲ့ရှင်း၍၊
သေမင်းရယ်သံ ညံခဲ့ပြီ။ ။

ဟယ်ရီလွင်

Read More...

Wednesday 27 March 2013

ရုတ်ချည်းလက်တန်း စိမ့်စမ်းရေလျဉ်

မျက်နှာဆီ ရှက်ပြုံးနဲ့၊
မျက်လုံးမှာရီ၊
ကြည်စယ်တဲ့ စကား။

သူ့မျက်နှာ လှရည်လူး၊
ဖူးတွေ့ချင်သား။ ။

(ဟယ်ရီလွင်)


ရုတ်တရက် ကျနော့်ရင်ထဲက ထွက်ပေါ်လာတဲ့ ဒွေးဆစ်လေးဖြစ်ပါတယ် ... အဲဒါနဲ့ ခေါင်းစဉ်တောင် မပေးတော့ဘဲ Facebook ပေါ် status ကောက်တင်လိုက်တော့ ချက်ခြင်း ဆိုသလိုပဲ ညီလေး ကမ္ဘာ့ဖျာ၊ သမီး ယဉ်နှောင်းနဲ့ တူလေး Mars Sixteenth တို့ဆီက ကိုယ်တွင်းပြည့်နဘေထပ်ထားတဲ့ ဒွေးချိုးလေးတွေ တမဟုတ်ခြင်း စီးဆင်းလာပါတယ် ... ဒီအတိုင်းထားလိုက်ရင် ပျောက်ပြက်သွားမှာမို့ ဒီမှာပဲ ပို့စ်အဖြစ်နဲ့ ပြန်လည် မျှဝေလိုက်ပါတယ် ...

၆-မိနစ်အကြာမှာ ပထမဆုံး တက်လာတာက Facebook ပေါ်မှာ နာမည်ကျော်ကြား လူသိများတဲ့ ညီလေး ကမ္ဘာ့ဖျာ ဆီကပါ ...

ခက်ပါပြီ သက်ဆုံးကွဲ့
ထက်လုံးစာ ရည်
တည်ရွယ်မယ့် အလား။

ရှု့မျက်နှာ ပကြည်နူး
ထူးပေ့ရင်ထား။ ။

(ကမ္ဘာ့ဖျာ)

နောက်ထပ် ၆-မိနစ်အကြာမှာ တက်လာတာကတော့ ချစ်သမီး ယဉ်ယဉ်နှောင်း ရဲ့ ကဗျာလေးပါပဲ ... ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး ... အရွယ်ကလေးနဲ့ မလိုက်အောင် တော်လို့ ကျနော်ကိုယ်တိုင် လက်ဖျားခါယူရတဲ့ ကလေးပါ ...

လက်ပြာရီ မျက်လုံးနဲ့ 
တစ်သက်လုံးသာကြည်
အတည်တကယ်တဲ့လား။

နုလက်ဖြာ ညရည်ဦး
မြူးစေ့ခင်အနား။ ။

(ယဉ်ယဉ်နှောင်း)


နောက်ထပ် ၅-မိနစ်အကြာမှာတော့ ဆရာဝန်ကဗျာဆရာလေးဖြစ်တဲ့ တူကလေး Mars Sixteenth ရဲ့ ကဗျာလေး ထပ်တက်လာပြန်ပါတယ် ....

သက်လျာရီ ပျက်မုန်းနဲ့
ဆက်ပြုံးပါလီ
ရည်ရွယ်တဲ့အလား။

နုသက်လျာ လှကြည်နူး
ထူးပေ့ဆင်ထား။ ။

(Mars Sixteenth)

နောက်ထပ်တဖန် အလှည့်ကျလာသူကတော့ ကျနော့်သူငယ်ချင်းလည်းဖြစ်၊ ညီအကိုလိုလည်းချစ်တဲ့ လူပျိုကြီး ကိုနေထွန်း (Nay Htun) ပဲ ဖြစ်ပါတယ် ... ကျနော့်ရဲ့ “ခရမ်းပြာနှင်းဆီ” ကဗျာကို သံစဉ်ထည့်၊ ကိုယ်တိုင် တီးခတ်သီဆို အသံဖမ်းပြီး လှပတဲ့ သီချင်းကလေးတပုဒ်အဖြစ် ဖန်တီးပေးခဲ့သူပါ ... သူ့ဆီက ကျနော် လုံးဝမျှော်လင့်မထားတဲ့ ကဗျာလေး တွေ့လိုက်ရတော့ အံ့သြဝမ်းမြောက်မိပါတယ် ... သူရေးလိုက်တာက ဒီလိုပါ ...

လက်ညာညီ ဆက်ထုံးဖွဲ့
ကပ်သုဉ်း ကမ္ဘာတည်
ရည်ရွယ်ခဲ့သား။

ခုသက်တာ ရချည်ဘူး
မူးမေ့ချင်သား။

(Nay Htun)
သူ့ကဗျာကို ဖတ်ပြီး "ဆရာနေ ခေသူမဟုတ်၊ လုပ်လှချည်လား ... " လို့သာ ပြန်ပြောနိုင်ပါတော့တယ် ...

ကဗျာတခါမှ မရေးခဲ့ဖူးတဲ့ ကိုနေထွန်းရဲ့ ခေသူမဟုတ်ကြောင်း ပြထားတဲ့ ကဗျာလေးနဲ့ တချိန်တည်းပဲ ဆက်တိုက် ထပ်တက်လာတာက ကို Par La ရဲ့ ကဗျာပဲဖြစ်ပါတယ် ...

ဆက်ကာစီ ထပ်ဦးမတဲ့
သက်ဖုန်းသာရည်
ဖက်ဦးမှာအတည်
မက်မဆုံးပါပြီ
လီဆယ်တဲ့ စကား။

သူ့မျက်နှာ
ဖူးရက်ပါ
ထုသတ်ကာ
ရည်ရွယ်စူး
မူးမေ့ချင်သား။

(Par La)

ပိုပြီး ထူးခြားတာက ကို Par La ရဲ့ ကဗျာက တွန့်ပိုဒ်လေးတွေ ဖြည့်ထားတာပါ ... အခုမှ ဒွေးချိုးရေးနည်းကို ကျနော့်ဆီက မေးပြီး ချက်ခြင်း ကောက်ရေးသွားတဲ့အပြင် အပိုတွန့်ပိုဒ်လေးတွေနဲ့ပါ တန်ဆာဆင်ထားလိုက်တာကတော့ လေးစားလောက်ပါတယ် ...

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး ... Thamee Myat ကလည်း တပြိုင်တည်း ဆိုသလို ရှေ့ဆင့်နောက်ဆင့်ပဲ ကဗျာလေး တပုဒ်နဲ့ ရောက်လာပြန်ပါတယ် ...

ရှက်ဖြာညီ ပျက်မုန်းနဲ့
သက်လုံးသာကြည်
မီတွယ်ခဲ့ မခြား။

ခုသက်လျာ က ရည်စူး
မြူးနေ့ စဉ်ဗျား။

(Thamee Myat)

သူတို့ သုံးယောက်ရဲ့ ကဗျာလေးတွေက ပထမကဗျာ သုံးပုဒ်နဲ့ နာရီဝက်လောက်ပဲ ခြားပြီး ရောက်လာတာပါ ...

ရှိသမျှ စကားလုံးအားလုံးကို တလုံးမကျန် နဘေအပြည့်ထပ်ရတဲ့ ကိုယ်တွင်းပြည့်ရေးနည်းဟာ မြန်မာကဗျာရဲ့ ကာရန်စံနစ်မှာ အဆင့်အမြင့်ဆုံးရေးနည်းလို့ ဆိုနိုင်ပါတယ်။ နဘေထပ်တယ် ဆိုကတည်းက စကားလုံးတိုင်း ကာရန်တူရမယ့်အပြင် အဓိပ္ပာယ်ကလည်း ရှိဦးမှ ... လှပတဲ့ အဖွဲ့အနွဲ့လည်း ဖြစ်ဦးမှ ... တနည်းအားဖြင့် သဒ္ဒါလင်္ကာရရော အတ္တာလင်္ကာရနဲ့ပါ ပြည့်စုံမှ လှပတဲ့ ကဗျာတပုဒ်ဖြစ်လာမှာပါ ... အချိန်ယူရေးဖို့တောင် သိပ်မလွယ်တဲ့ ဒီလိုရေးနည်းမျိုးကို လင်္ကာရအဆင်တန်ဆာအလှတွေအပြည့်နဲ့ ချက်ခြင်း လက်တန်းချရေးဖို့ဆိုတာ အလွန်ကို မလွယ်တဲ့ စပ်ဆိုမှုမျိုးဖြစ်ပါတယ်။ ဒါမျိုးကို မိနစ်ပိုင်းသာခြားပြီး ချက်ခြင်းဆိုသလို ရှေ့ဆင့်နောက်ဆင့် တက်လာကြတဲ့ ကဗျာတွေကို ကြည့်ရင်း သူတို့တွေရဲ့ ကဗျာပါရမီကို ကျနော် ကြည်နူးလေးစားစွာ ဦးညွတ်မိပါတယ် ... ကျနော် တခါက ပြောခဲ့ဖူးသလိုပဲ မြန်မာဂန္ထဝင်ကဗျာတွေမှာ ဒီလို အပြန်ချိုးလေးတွေနဲ့ အသွားအပြန်ဖြစ်စေ၊ အဖြည့်ချိုးလေးတွေ ဖြည့်လို့ဖြစ်စေ တဦးနဲ့တဦး ရေးပေးလေ့ရှိကြပါတယ် ... နောက်ပြီး တခါတလေ ကဗျာကောင်းလေးတွေ ဖတ်မိမှ ကဗျာဝိညာဉ်က နိုးလာတာမျိုးလည်း ရှိတတ်ပါတယ် ... ခုဆို မြန်မာ့ဂန္ထဝင်ထုံးတမ်းအတိုင်း ကဗျာဝိညာဉ်များနိုးထလို့ ဒီလို နှလုံးသားက ရုတ်ချည်းလက်တန်း စီးဆင်းကျလာတဲ့ စိမ့်စမ်းရေလျဉ်လေးတွေကြောင့် ကျနော့် status လေးဟာ စိုပြည်သာယာလှပသွားတယ်ဆိုရင် လွန်အံ့မထင်ပါ ...

မူရင်းကဗျာပို့စ်နဲ့ comment များကို ဒီမှာ ဖတ်ရှုနိုင်ပါတယ် ....
http://www.facebook.com/harry.lwin.3/posts/10151542125129587?notif_t=like

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Tuesday 26 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၂)

ဂယာလေဆိပ်မှာ လူတပြုံတမကြီး ဖြစ်နေတာမြင်လိုက်ကတည်းကိုက ကျနော်တော့ စပြီး ရင်လေးမိပါတော့တယ် ... အပြည်ပြည်က ဗုဒ္ဓဘာသာ ဘုရားဖူး အဖွဲ့တွေချည်းပါပဲ ... တချို့က တာဝန်ရှိသူတွေ တယောက်မှ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတဲ့ ကောင်တာတွေမှာ တန်းစီထားကြပြီး တချို့အဖွဲ့တွေကတော့ တန်းမစီဘဲ အုပ်စုလိုက် ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ လုပ်နေကြပါတယ်။ အဲဒါနဲ့ လွတ်နေတဲ့ ကောင်တာ တခုမှာ တန်းဝင်စီထားဖို့ ကျနော်တို့ အဖွဲ့တွေကို ပြောလိုက်ပါတယ်။ လူငယ်၊ လူလတ်ပိုင်း အမျိုးသား အမျိုးသမီးတွေက တန်းစီထားပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကတော့ ဘေးနားမှာပဲ စောင့်နေဖို့ စီစဉ်လိုက်ကြပါတယ်။ နာရီဝက်လောက် စောင့်ပြီးတော့မှ အရာရှိ ၃-ယောက် ရောက် လာပြီး ကောင်တာမှာ ဝင်ထိုင်ပါတယ် ... ကျနော်တို့ တန်းစီထားတဲ့ ကောင်တာကို ဝင်ထိုင်လိုက်တာက အမျိုးသမီးပါ ... အဲဒီအချိန်မှာ လူ ၈၀-လောက်ပါတဲ့ သီရိလင်္ကာဘုရားဖူးအဖွဲ့က ခေါင်းဆောင် (Guide နဲ့ တူပါတယ်) က အဲဒီ လူဝင်မှုကြီးကြပ်ရေးက အမျိုးသမီးကို ကုလားလို နားညည်းလောက်အောင် ပြောပြီး ကျနော်တို့ ရှေ့က ဖြတ်ဝင်လိုက်ပါတယ်။ ပြီးတော့မှ သူ့လူတွေဆီက ပတ်စ်ပို့တွေ အထပ်လိုက် အထပ်လိုက် ယူပြီး အဲဒီ အမျိုးသမီး ဆီ ထိုးပေးလိုက်၊ တံဆိပ်ရိုက်ပြီးရင် သူ့လူတွေ သွင်းလိုက် လုပ်နေပါတော့တယ်။ အဲဒါနဲ့ ကျနော်က တန်းစီဖို့ ပြောတော့ သူတို့ လေယာဉ်က မနက် ကိုးနာရီကတည်းက ဆိုက်တာမို့ သူတို့ အရင်ရောက်တာဖြစ်တဲ့အကြောင်း ပြန်ပြောပြီး ဆက်လုပ်နေပါတယ် ... သူတို့လေယာဉ် ကျနော်တို့ထက် အရင်ဆိုက်တာကတော့ မှန်ပါတယ် ... ဒါပေမဲ့ ကိုယ်နဲ့အတူသွားတဲ့ထဲမှာလည်း ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါတာနဲ့ ကျနော်လည်း မတတ်သာတော့ဘဲ အဲဒီ ကျွန်းကုလားကို ပြဿနာရှာရပါတော့တယ် ... (ကျနော် အခုနေတဲ့ တိုင်းပြည်မှာက ကုလားအလုပ်သမားတွေ တော်တော်ကို များပါတယ် ... အဲဒီတော့ သူတို့အကြောင်း ကျနော် အတော်လေး သိပါတယ် ... သူတို့ကို ဟောက်မှ၊ ပြဿနာရှာမှ ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့သလိုလို၊ မပြောရဲမဆိုရဲသလိုလို လုပ်နေလို့ကတော့ စကားတွေနင်းကန်ပြောပြီး ကိုယ့်ကို တက်နင်းသွားမယ့် ကောင်တွေများပါတယ်) ဒါနဲ့ “ဘာပဲဖြစ်ဖြစ် ငါတို့ တန်းစီထားတာ မင်းကြား လာမဖြတ်နဲ့၊ တို့အဖွဲ့ထဲက သက်ကြီးရွယ်အိုတွေ မူးနေပြီ၊ တခုခုဖြစ်လို့ကတော့ မင်းပြဿနာရှင်းရမယ်” ဆိုပြီး လေသံ မာမာ နဲ့ ပြောလည်းပြော၊ သူ့ရှေ့ကလည်း လူကိုယ်တိုင် ဝင်ပြီး ပိတ်ထား၊ ကျနော်တို့အဖွဲ့ထဲက ကျန်တဲ့ ယောက်ျားတွေကိုလည်း သူ့လူတွေ ဝင်မရအောင် ပိတ်ထားဖို့ ပြောလိုက်တော့မှ ကိုယ်တော်ချောက နောက်ထပ် ငါးယောက်လောက်တော့ ဝင်ပါရစေ လုပ်လာပါတယ် ... အဲဒါနဲ့ ကျနော်လည်း ကဲ ... ငါးယောက်လောက်တော့ ထပ်ဝင် ချင်လည်း ဝင်ပါစေ ဆိုပြီး လွှတ်ပေးလိုက်ပါတယ် ... အဲဒါနဲ့ သူတို့ လူတဝက်လောက် ကုန်သွားတော့မှ ကျနော်တို့ အဖွဲ့ အလှည့် ရောက်ပါတော့တယ် ... ကျနော်တို့ထဲမှာ နိုင်ငံခြားရောက်ဖူးတဲ့သူတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ သူတို့မိသားစု တွေလည်း ပါတော့ နိုင်ငံခြား အတွေ့အကြုံ ရှိတဲ့လူတွေကို အထဲ အရင်လွှတ်ပြီး Baggage တွေ ရွေးထုတ်ထားဖို့ ပြောရပါတယ်။ ကျနော်ကတော့ အားလုံးပြီးမှ နောက်ဆုံးက လိုက်ဝင်သွားပါတယ်။ အဲဒီမှာ ကျနော်တို့လိုပဲ မြန်မာပြည်က တခြား tour company နဲ့ လာတဲ့ အဖွဲ့ကတော့ guide ပါလာလို့ သူက ဦးဆောင်ပြီး လုပ်သွားတော့ အဆင်ပြေပါတယ်။ (မဟာတိုး လို့ထင်ပါတယ်။ အတိအကျတော့ မမှတ်တော့ပါဘူး။)

အားလုံး Baggage တွေ ဘာတွေ ရွေး၊ Trolley တွေပေါ်တင်ပြီး ထွက်လာတော့မှ နီလာဘုရားဖူးအဖွဲ့က မမတွေက အပြင်မှာ အခံ့သား စောင့်နေကြတာကိုး ... တကယ်ဆိုရင် အိန္ဒိယဟာ မြန်မာပြည်လိုပါပဲ ... “ညှိ”လို့ရပါတယ် ... သူတို့လို အဲဒီမှာ အခြေစိုက်ပြီး နေ့တိုင်း ဘုရားဖူးတွေ စီစဉ်ပေးနေတဲ့ အဖွဲ့မျိုးအနေနဲ့ ညှိလိုက်ရင် သေချာပေါက် အထဲဝင်စောင့်လို့ ရပါတယ်။ ပိုက်ဆံတော့ ကုန်မှာပေါ့လေ ... အဲဒီ ပိုက်ဆံကို အကုန်မခံချင်လို့ ဝင်လာတဲ့ ဘုရားဖူးတွေကို ဘာမှ ကူညီ ဆောင်ရွက် မပေးဘဲ ဖြစ်သလို ပစ်ထားပြီး အပြင်ကပဲ စောင့်နေတာပါ ...


(ဂယာလေဆိပ်အတွင်း)

မျှမျှတတ ပြောရမယ် ဆိုရင်တော့ စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတွေကတော့ မဆိုးပါဘူး ... လေအိပ်နဲ့ ကားကြီးတွေပါ ... ဒါနဲ့ ကားပေါ်တက်၊ နေရာယူပြီး ဗုဒ္ဓဂယာ မြန်မာကျောင်းကို စထွက်တော့ နေ့လည် ၁-နာရီ ထိုးနေပါပြီ။ ဗုဒ္ဓဂယာဟာ ဂယာမြို့နားက ရွာကြီးတရွာပါ ... ဂယာ လေဆိပ်နဲ့ဆို ငါးမိုင်လောက်ဝေးပါတယ် ... သူတို့က ဗို့ဒ်ဂါယာ (Bodh Gaya) လို့ ခေါ်ပါတယ်။ ဘီဟာ ပြည်နယ်၊ ဂယာ ဒိစတြိတ်ထဲမှာပါ။ ၁၅-မိနစ်လောက်ပဲ ကားမောင်းရပါတယ်။


(ဂယာလေဆိပ် မြေပုံ)

မြန်မာကျောင်းကိုရောက်တော့ နေရာချပြီး နေ့လည်စာစားရပါတယ်။ မြန်မာပြည်က ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့တွေက မြန်မာကျောင်းတွေမှာပဲ တည်းကြပါတယ်။ စားဖို့သောက်ဖို့လည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာပဲ စီစဉ် ကျွေးမွေး ပါတယ်။ ဗမာချက်ပဲ ဆိုတော့ စားလို့ အဆင်ပြေပါတယ်။ ဂါယာဟာ ရွာကလေးသာသာမို့ အပြင်ဆိုင်တွေမှာ သွားစားရင် သိပ်ပြီး သန့်ရှင်းမှု မရှိတာကြောင့် ဝမ်းတွေဘာတွေ ပျက်တတ်ပါတယ်။


(မြန်မာကျောင်း၊ ဗုဒ္ဓဂယာ)

အဖွဲ့လိုက်တည်းခိုတဲ့အခါ ပုံမှန်အားဖြင့်တော့ အမျိုးသားသပ်သပ်၊ အမျိုးသမီးသပ်သပ် ခန်းမကျယ် တွေနဲ့ လေးယောက်ခန်းတွေ ထဲမှာ တည်းခိုအိပ်စက်ရပါတယ်။ မွေ့ယာ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်တွေကတော့ ကျောင်းတွေက စီစဉ်ပေး ပါတယ်။ အထိုက်အလျောက်တော့ သပ်ရပ်သန့်ရှင်းမှု ရှိပါတယ်။ ၄-ယောက်ခန်းတွေက ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့အခန်းတွေပါ။ ခန်းမတွေမှာတော့ မပါပါဘူး။ ဘုံရေချိုးခန်း၊ အိမ်သာတွေမှာ သုံးရပါတယ်။ ရေမလာတာလို အဆင်မပြေတာလေးတွေလည်း ရှိပါတယ်။ မိသားစုလိုက် သီးသန့်အခန်းလိုချင်ရင်တော့ ခရီးမထွက်ခင် ကြိုပြီး ပြောထားရင် စီစဉ်ပေးပါတယ်။ အဲဒီလို ကြိုမပြောထားရင် အုပ်စုကွဲကုန်တော့တာပါပဲ။ အဖေကသပ်သပ်၊ အမေနဲ့သမီးတွေက သပ်သပ် ဆိုတာမျိုးတွေ ဖြစ်ကုန်ကြလို့ စိတ်ညစ်ကြရတာတွေလည်း ရှိပါတယ်။ တချို့ ဥရောပတိုက်သား ခရီးသည်တွေတောင် သူတို့အစီအစဉ်နဲ့သူတို့ တယောက်ချင်း၊ နှစ်ယောက်ချင်း လာတည်းတာ တွေ့ပါတယ်။ တည်းခိုခနဲ့ စားစရိတ်ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာရင် လူတယောက်စာ တရက်ကို အိန္ဒိယ ရူပီးငွေ ငါးဆယ် ဘုန်းကြီးကျောင်းကို လှူရပါတယ်။ စေတနာ သဒ္ဓါအလျောက် ပိုပြီး လှူရင်တော့လည်း လှူပေါ့လေ။ ဘုရားဖူးလုပ်ငန်းရဲ့ အစီအစဉ်နဲ့ လာတဲ့အဖွဲ့တွေက တော့ ဘုရားဖူးလုပ်ငန်းတွေက စားရိတ်ငြိမ်း စီစဉ်ပေးထားပြီးသားပါ။ ထပ်မပေးရပါဘူး။ အဲဒီနေ့ နေ့လည်စာကတော့ ကြက်သားဟင်း ဗမာချက်ပါ။ ကျောင်းကပဲ ချက်ကျွေးတာပါ။ အစား အသောက်ကတော့ သိပ်မဆိုးလှဘူးလို့ ပြောရပါလိမ့်မယ်။

မြန်မာကျောင်းထဲမှာပဲ အနီးတဝိုက်က ကုလားတွေ ရောင်းတဲ့ ဈေးခင်းလေးလည်း ရှိပါတယ်။ အမှတ်တရ ပစ္စည်းလေး တွေ ဝယ်လို့ရပါတယ်။ အဲဒီမှာ လာရောင်းတဲ့ ကုလားတွေရော၊ ခရီးသွားအဖွဲ့တွေမှာ အလုပ်လုပ်ကြတဲ့ ကုလားလေးတွေရော မြန်မာလိုတော်တော် တတ်နေပါပြီ။ အများအားဖြင့် ဟိန္ဒူဘာသာဝင်တွေ များပါတယ်။


(မြန်မာကျောင်းအတွင်းက ဈေးခင်းလေးပါ)

နေ့လည်စာစားပြီးတော့ ခဏနားပြီး ညနေ သုံးနာရီလောက်မှာ ဗုဒ္ဓဂယာကို သွားပြီး မဟာဗောဓိပင်ကြီးမှာ ကြာသင်္ကန်း ကပ်ပါတယ်။ ဒါကတော့ ခရီးသွားအဖွဲ့တိုင်းက စီစဉ်ပေးလေ့ရှိပါတယ်။ ပိုက်ဆံထပ်မပေးရပါဘူး။ ပြီးတော့ သတ္တဌာန ကို လှည့်လည်ဖူးမျှော်ကြပါတယ်။ အပြန်မှာလည်း ဗုဒ္ဓဂယာမှာ အေးအေးဆေးဆေး နှစ်ရက်နေဖို့ အစီအစဉ် ရှိတာကြောင့် အပြန်မှပဲ အေးအေးဆေးဆေး ဖူးမယ် ဆိုပြီး သတ္တဌာနကို ခပ်မြန်မြန်ပဲ လှည့်လည် ဖူးမျှော်လိုက်ပါတယ်။ မဟာဗောဓိပင်နဲ့တကွ မဟာဗောဓိစေတီတော်ကြီး တည်ရှိနေတဲ့ သတ္တဌာနဟာ သံဝေဇနိယသုတ္တန်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သလို ဖူးမြော်တဲ့လူတွေ ကုသိုလ်ရ၊ သံဝေဂ ပွားများနိုင်တဲ့ “ဖွား-ပွင့်-ဟော-စံ” ဆိုတဲ့ “သံဝေဇနိယ လေးဌာန” ထဲက “ပွင့်” လို့ အမှတ်သညာ ပြုထားတဲ့ ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ တနည်းအားဖြင့် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူရာ မြေမဟာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးဘုရား အဆူဆူတို့ မစွန့်အပ်တဲ့ အဝိဇဟိတ လေးဌာန ထဲက ဘုရားရှင်အဆက်ဆက် မာရ်ငါးပါးကို အောင်တော်မူရာ ဌာနဖြစ်တဲ့ မဟာဗောဓိပင်နဲ့ အပရာဇိတပလ္လင်တော်တည်ရှိရာ ဌာနလည်းဖြစ်ပါတယ်။ သတ္တဌာန နဲ့ ဗုဒ္ဓဂယာက ဖူးမြော်စရာတွေအကြောင်းတော့ နောက်မှ အသေးစိတ်ရေးပါမယ်။ ကျနော် အမှတ်ထင်ထင် သတိပြုမိတာတခုကတော့ လူတွေ ဒီလောက် ရှုပ်ယှက်ခတ် နေတာတောင် မဟာဗောဓိစေတီတော် တဝိုက်ဟာ စိတ်ကို အလွန်ချမ်းမြေ့စေတယ် ဆိုတာပါပဲ။ အဲဒီနေရာကနေ ပြန်ချင်စိတ်တောင် သိပ်မရှိသလိုပါပဲ။

ဘုရားဖူးတွေကတော့ တကယ့်ကို ပျားပန်းခတ်ပါပဲ။ တိဘက်ဘုန်းတော်ကြီးတွေကတော့ တယောက်အိပ်စာ စပ်ထားတဲ့ ပျဉ်ပြားကြီးတွေကို စေတီတော်ပတ်လည်မှာ တခါတည်းခင်း၊ နေရာယူပြီး နေ့ညမပြတ် ကာလရှည်ကြာနေပြီး ဖူးမြော်လေ့ ရှိတာ တွေ့ရပါတယ်။ သူတို့ ဘုရားရှိခိုးပုံက မတ်တပ်ကနေ၊ ဒူးတုပ်ထိုင်၊ ပြီးမှ ဝမ်းလျားထိုးပြီး ရှိခိုးတာ ဆိုတော့ တကိုယ်စာနေရာလေးမှာ အဲ့ဒီလို ပျဉ်ပြားကြီးတွေ ခင်းပြီး ရှိခိုးရ အဆင်ပြေအောင် လုပ်ထားကြတာပါ။

ညနေ ခြောက်နာရီလောက် မြန်မာကျောင်းကို ပြန်ရောက်ပြီး ရေမိုးချိုး၊ ညစာ စားပါတယ်။ အဓိက သတိထားမိတာက ခြင်အလွန်ပေါတာပါပဲ။ ခြင်ဆေးဖြန်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခြင်ဆေးက မြန်မာကျောင်းနားက ဆိုင်လေးတွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ အိန္ဒိယမှာ ဈေးဝယ်ရင်တော့ Shopping Center ကြီးတွေမှာက လွဲလို့ ဘယ်မှာမဆို ဈေးတော့ ဆစ်ဖို့လိုပါတယ်။ ဈေးဆစ်ရင်လည်း မြန်မာပြည်က ဗိုလ်ချုပ်ဈေးတို့ ဟိုတုန်းက လေဟာပြင်ဈေးတို့လို အားမနာတမ်း ဆစ်မှ တော်ရုံကျပါတယ်။ မြန်မာကျောင်းနဲ့ မနီးမဝေးမှာပဲ ဗုဒ္ဓဂယာရွာရဲ့ ဈေးလေးလည်း ရှိပါတယ်။ လက်ဘက်ရည်ဆိုင်လေးတွေလည်းရှိပါတယ်။ လက်ဘက်ရည် ကတော့ မြန်မာပြည်က လက်ဘက်ရည် အရသာအတိုင်းပါပဲ။ အတော်သောက်လို့ကောင်းပါရဲ့။ မုန့်ပဲသွားရည်စာလေးတွေလည်း ရပါတယ်။ ကုလားမုန့်လေးတွေ၊ စားစရာလေးတွေပေါ့လေ။ အိန္ဒိယမှာ နေရာတကာ ကွမ်းယာဆိုင်တွေ အများကြီးပါပဲ။ ကွမ်းစားတတ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဆေးလိပ်ကတော့ အိန္ဒိယ စီးကရက် တွေပဲ ရှိပါတယ်။ ကျနော် ကတော့ အဲဒီ စီးကရက်တွေ သောက်ရတာ ခံတွင်းမတွေ့လှပါဘူး။

သုံးဖို့စွဲဖို့ ငွေကတော့ မြန်မာပြည်မှာကတည်းက အပြင်ပေါက်ဈေးနဲ့ လဲရင်လဲ၊ ဒါမှမဟုတ်ရင် ဂယာရောက်မှ အဲဒီက သံဃာတွေကို မေးပြီး ငွေလဲတာ ကောင်းပါတယ်။ အဲဒါဆို ဈေးမှန်ရပါတယ်။ ခရီးသွားလုပ်ငန်းမှာ ငွေလဲရင်တော့ ဈေးနှိမ် တာ ခံရပါလိမ့်မယ်။ အဲဒါလေးတချက် သတိပြုကြဖို့ လိုပါတယ်။ ကျနော်ကတော့ ကာတာမှာကတည်းက အိန္ဒိယ ရူပီး တွေ တခါတည်း လဲလာခဲ့လို့ အတော်လေး အဆင်ပြေပါတယ်။ ဈေးပိုရတာပေါ့။

ဖေဖော်ဝါရီလ ဆို အိန္ဒိယမှာ အေးပါတယ်။ ဂယာမှာကို နည်းနည်းအေးပါတယ်။ ဒီလိုရာသီမျိုးမှာ ဗုဒ္ဓဂယာ ဘုရားဖူး ထွက်မယ် ဆိုရင်တော့ အနွေးထည် အလုံအလောက် ယူခဲ့ဖို့ လိုပါတယ်။ နောက်ပိုင်း အိန္ဒိယမြောက်ပိုင်းနဲ့ နီပေါကို ဆက်သွားတဲ့အခါ တော်တော်လေးကို အေးတာတွေ့ရပါတယ်။ အနွေးထည်ထူထူထဲထဲနဲ့မှ အဆင်ပြေပါတယ်။

ဒီမှာလည်း နီလာဘုရားဖူးလုပ်ငန်းရဲ့ အချိုးမပြေတာ တခုရှိပါသေးတယ်။ ရန်ကုန်မှာတုန်းက အိတ်တွေကို အခန်းဝ အရောက် ပို့ပေးမယ်၊ ကိုယ်တိုင် သယ်စရာ မလိုဘူးလို့ပြောပေမဲ့ တကယ်တမ်းလဲကျရော တနေရာမှာ စုပြီး ချထားပေးရုံ ပဲ လုပ်ပေးပါတယ်။ အဲဒီမှာ ကိုယ့်အိတ်ကိုယ် ရွေးထုတ်ပြီး ကိုယ့်ဟာကိုယ် အခန်းအထိ သယ်ကြဖို့ပြောပါတယ်။ ကျနော် ကတော့ “မလိုချင်ဘူး၊ ရန်ကုန်မှာ ပြောထားတဲ့အတိုင်း ငါ့အခန်းရှေ့အထိ ရောက်အောင်ပို့” ဆိုပြီး အိတ်တွေကို ရွေးထုတ် ပေးရုံပဲ ရွေးပြီး ထွက်သွားတော့မှ လိုက်ပို့ပေးပါတယ်။ သိပ်တော့ ကြည်ပုံမရပါဘူး။ ကျန်တဲ့လူတွေကတော့ ဘာမှ မပြော ကြပါဘူး။ သူတို့ဟာ သူတို့ သယ်ကြပါတယ်။ ကျနော်လည်း ကျန်တဲ့လူတွေ အတွက်တော့ အမုန်းခံပြီး ပြောမနေတော့ ပါဘူးလေ။ သူတို့ဟာသူတို့ သယ်ချင်လည်း သယ်ကြပစေတော့ ဆိုပြီးပဲ နေလိုက်ပါတော့တယ်။ အဲဒီနေရာမှာ မြန်မာ တွေကို ကျနော် အားမရတာပါပဲ။ တရားသဖြင့် ရရမယ့် ကိုယ့်ရဲ့ အခွင့်အရေးကို တောင်းခံဖို့ကိုတောင် လက်တွန့်ပြီး ရသလောက် လေးနဲ့ပဲ သည်းခံတင်းတိမ်ပြီး ခေါင်းငုံ့ခံနေလိုက်ရတဲ့ အကျင့်မျိုးကတော့ အရိုးစွဲနေပြီ ထင်ပါတယ်။ ဒါကလည်း ကျနော်တို့တွေ ဖြတ်သန်းကြီးပြင်းလာရတဲ့ စံနစ်ဆိုးကြီးကြောင့်ပဲ ထင်ပါရဲ့ မမေရေ ...

ဆက်ပါဦးမည် ...

ဟယ်ရီလွင်

Read More...

Monday 25 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၁)

မိုင်နှစ်ထောင် မဇ္ဈိမ၊
လှမ်းခဲ့ရ ဗုဒ္ဓဆီ။

“ဖွား ဟော စံ ပွင့်” ထံပါး၊
ဝပ်တွားလို့ချီ။

သံဝေဇနိ လေးဌာနီ၊
ဖူးမျှော်ရည် ကုသိုလ်များ။

ထပ်တူစေ၊
ဖတ်သူတွေ ဝေနေယျ၊
ဝေမျှရည်ပွား။


မမေရေ ... အမျှကုသိုလ် ပေးဝေလိုက်ပါတယ် ... ကျနော် ဗုဒ္ဓဂါယာကို ဘုရားဖူးသွားဖြစ်တုန်းက ရခဲ့သမျှ ကုသိုလ်တွေကိုလည်း လာရောက်အားပေးကြတဲ့ စာဖတ်သူအပေါင်းကို အမျှဝေရင်း တွေ့ကြုံခဲ့သမျှတွေလည်း ဖောက်သည်ချဦးမယ်ဗျာ ... ရေးမယ်ရေးမယ်နဲ့ စိတ်ပဲရှိပြီး မရေးနိုင်တာနဲ့ တနှစ်ကျော်ကြာသွားတာ တောင်းပန်လိုက်ပါတယ် ...

အနှစ်ချုပ်ပြောရရင်တော့ ...
ခရီးက သိပ်ရှည်ပါတယ် ... မိုင်နှစ်ထောင်လောက်ကို ၁၅-ရက် ဆက်တိုက် ခရီးသွားရတာဆိုတော့ ပင်ပန်းတာတော့ အမှန်ပါပဲ ... အဲဒီလိုမှ မသွားရင်လည်း မြတ်ဘုရား ခြေချခဲ့သမျှ နေရာတွေကို တခေါက်တည်းနဲ့ အစုံရောက်ဖို့ မဖြစ်နိုင်ပါဘူး။
သွားခဲ့တဲ့နေရာတွေကတော့ အိန္ဒိယဘုရားဖူးအတွက်ဆိုရင် အကုန်နီးပါးပါပဲ ... ဘာမျှမကျန်တော့သလောက်ပဲပေါ့ .... ကိုးလ်ကတ္တား (ကာလကတ္တား) ကိုမဝင်တာကလွဲပြီး ကျန်တဲ့နေရာ အကုန်ပါပါတယ်။

ဒီလိုအခြေအနေမှာ ဘုရားဖူးခရီးသွားအဖွဲ့ရဲ့ အစီအစဉ်ကောင်းရင်တော့ သိပ်မထောင်းတာလှဘူးပေါ့ဗျာ ... ဒါပေမဲ့ အခု ကျနော်သွားခဲ့တဲ့ ဘုရားဖူးအဖွဲ့ကတော့ သိပ်မဟန်လှဘူးဗျ ... ဘယ်အဖွဲ့လဲ ဆိုရင်တော့ နီလာ ဘုရားဖူးပါ။ နောက်ကို သူနဲ့သွားဖို့များ စီစဉ်ထားတဲ့သူတွေရှိရင် ပြန်စဉ်းစားဖို့ လက်တို့လိုက်ပါဦး ...

ခရီးကလည်းရှည်၊ သွားခဲ့တာတွေကလည်းများ၊ တွေ့ကြုံခဲ့သမျှကိုလည်း အကုန်အစင် မချွင်းမချန် ပြောပြချင်လို့ ဖြည်းဖြည်းချင်းပြောပြပါ့မယ် ....

ပထမဆုံးစထွက်တာကတော့ ဖေဖော်ဝါရီလ ၁၂-ရက်နေ့မှာ ရန်ကုန်ကနေ ဂယာမြို့ကို MAI 8M-601 နဲ့ မနက် ၉နာရီမှာ စထွက်တယ်ဗျာ ... မင်္ဂလာဒုံလေဆိပ် ရောက်ကတည်းက နီလာက လူတွေက guide မထည့်ပေးလိုက်ဘဲ ဘုရားဖူးလာတဲ့ လူတွေချည်း လေယာဉ်ပေါ် တင်လွှတ်လိုက်ကတည်းက ကျနော့်စိတ်ထဲတော့ နည်းနည်း ထင့်သွားပါတယ်။ နိုင်ငံရပ်ခြား ခရီးသွား အတွေ့အကြုံမရှိတဲ့ သူတွေက အများစု မဟုတ်လား။ ဟိုဘက်မှာ ဒီလူအုပ်ကြီးနဲ့ ဟိုဘက်က အခြေအနေသိတဲ့သူ မပါတော့ အဆင်မှ ပြေပါ့မလားရယ်လို့ပါ။ ဒါနဲ့ပဲ လေယာဉ် ၂နာရီခွဲလောက်စီးပြီး အိန္ဒိယ စံတော်ချိန် မနက် ၁၀-နာရီခွဲလောက် ဂယာလေဆိပ်ကို လေယာဉ် ဆိုက်ပါတယ်။ ဂယာလေဆိပ်က သေးသေးလေးပါ။ အရင် မင်္ဂလာဒုံလေဆိပ်ဟောင်းလောက်ပဲ ရှိပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ ...

လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်ထဲလည်း ဝင်လိုက်ရော လူတန်းရှည်ကြီးက နေရာတိုင်းမှာ ကျနော်တို့ကို စောင့်ကြိုနေပါ တယ်။ လူဝင်မှုကြီးကြပ်ရေးကောင်တာ ၅-ခုမှာက သက်ဆိုင်ရာ တာဝန်ရှိသူ တယောက်မှ မရှိဘဲ လူတွေ တန်းစီစောင့်နေရတဲ့အဖြစ်နဲ့ စတွေ့တော့တာပါပဲ။ နီလာဘုရားဖူးအဖွဲ့က ကျနော်တို့နဲ့ အတူ ဘယ်သူမှ ထည့်မပေးလိုက်ပါဘူး။ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်လျှောက် ပါပဲ။

ကျနော်တို့အဖွဲ့ထဲမှာက သက်ကြီးရွယ်အိုတွေနဲ့အတူ နိုင်ငံခြားလည်း တခါမှ မရောက်ဖူးသူတွေလည်း ပါပါတယ်။ တကယ်လို့သာ နိုင်ငံရပ်ခြားအတွေ့အကြုံရှိသူတွေ မပါရင်တော့ အကြီးအကျယ် အခက်အခဲတွေ့မှာ အမှန်ပါပဲ။

ဆက်ပါဦးမယ်ဗျာ ...


ဟယ်ရီလွင်

Read More...

Friday 22 March 2013

နှိုင်းပါနဲ့ခင်

ခုတလော ကိုယ့်ဟာကိုယ် ကဗျာမရေးဖြစ်လို့ သူများကဗျာတွေလိုက်ကြည့်ပြီး ကြိုက်ရင် အပြန်အလှန် ပြန်ရေးတာပဲ လုပ်နေပါတယ် ... လူလည်လုပ်တယ်၊ အချောင်ခိုတယ်လို့တော့ မထင်စေချင်ပါ ... မြန်မာကဗျာတွေမှာက ဒီလို အပြန်အလှန်ရေးလေ့ရှိပါတယ် ... နောက်ပြီး တခါတလေ ကဗျာကောင်းလေးတွေ ဖတ်မိမှ ကဗျာဝိညာဉ်က နိုးလာတာမျိုးလည်း ရှိတတ်ပါတယ် ... အခုလည်း ညီမပျိုးယုရေးထားတဲ့ အချိုးတွဲလေးကို အပြန်ချိုးလေး ပြန်ရေးလိုက်ပါတယ် ... မူရင်းကဗျာကို အရင်ခံစားကြည့်ပါ ...

တစ်စင်းတည်းသော လ

ညကဗျာ၊
မရ ဘယ်ခါရှိမတုန်း။
လှရာရာ သီကာကုံးပါကွယ့်
မယ့်အချစ်ဆုံး။

ပြုံးကြည်သာ၊
ပုန်း မရည်ပါ ရှုဦး (အုံး)။
လကမ္ဗလာ လွှာကာဖုံးပေလျက်၊
လှချက်မဆုံး။

မုန်းရက်လို့ မောင်ရှင်မြင်။

မယ့်အပြင် သည်ရင်ထဲ၊
စွဲမက်မထင် … ။

ကြည့်ပါရှင်၊
ကြယ်စင်တို့ ရာချီလည်း။

လကြာခြည် သည်တစ်စင်းက
ထွန်းပ စဉ်အမြဲ။ ။

(ပျိုးယုဝသုန်)

မူရင်း Link က ဒီမှာပါ ...

http://www.facebook.com/notes/pyo-yu-wathone/%E1%80%90%E1%80%85%E1%80%B9%E1%80%85%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C/498743770162433?comment_id=5206785&notif_t=like

ဒီကဗျာကို ကျနော်ပြန်ရေးတဲ့ အပြန်ချိုးက ဒီလိုပါ ...

နှိုင်းပါနဲ့ခင်

ညကဗျာ၊
လှရာရာ သီကုံး။
ကြယ်စင်စုံ ပန်းရုံခင်းမှာ၊
မင်းအလှဆုံး။

လှမျက်နှာ၊
မြရွက်လွှာ ရှုမဆုံး။
ညခင်းရီ၊
မြနှင်းဆီကမ္ဗလာခင်း၊
လမင်းကပြုံး၊

မုန်းရက်တယ် သူထင်။

လှမျက်နှာ ငွေလမင်း၊
ဝင်းပရွှန်းလွင်။

နှိုင်းပါနဲ့ခင်၊
ကြယ်စင်နဲ့ လမင်း။

ညမဟူရာ၊
ကတ္တီပါ စိန်မှုန်ဖျန်းပါလို့၊
နန်းကြယ်စင် သဘင်ဦးမှာ၊
ပန်းသခင် လ,ရိပ်မှူးက၊
ထူးပ,ကာဝင်း။ ။

(ဟယ်ရီလွင်)

Read More...

Tuesday 19 March 2013

မာနရှင်လား ထင်အားရက်ပေ ...

မာနရှင်

ပန်းတစ်ခက်
လှမ်းလက်ရယ်တဲ့ ဘယ်မမီ။

လရာသီအခါလင့်ပေလျက်
ပွင့်ခက်ဝေစီ..။

ပွင့်ရွှေရည်
နေခြည်ငွေ့ ခိုရင်း။

ပွေ့လိုသူ မျှော်သူ တိမ်းအောင်
စိမ်းရက်လေခြင်း။ ။


(ပျိုးယုဝသုန်)

ညီမလေး ပျိုးယု ရေးထားတဲ့ လေးဆစ်လေးဖြစ်ပါတယ် ... မူရင်းကဗျာကို ဒီမှာ ဖတ်နိုင်ပါတယ် ...
http://www.facebook.com/notes/pyo-yu-wathone/%E1%80%99%E1%80%AC%E1%80%94%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/497655206937956?comment_id=5201610¬if_t=like

အလွန်လှတဲ့ လေးဆစ်လေးမို့ ဖတ်ကြည့်ပြီးပြီးချင်း အပြန်အချိုးလေး ချက်ခြင်း comment မှာ ရေးလိုက်မိပါတယ် ... မြန်မာကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန် ရေးလေ့ရှိပါတယ် ... ဒါကြောင့် အမှတ်တရလည်း ဖြစ်သွားအောင် ခု ပြန်တင်လိုက်ပါတယ် ... တခါတည်း လက်တန်းချရေးလိုက်တဲ့အတိုင်းပဲ ဘာမှ ပြန်မပြင်ဘဲ တင်ပေးလိုက်ပါတယ် ... လက်တန်းချရေးလိုက်တာမို့ ချို့ယွင်းချက်ရှိရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံပါတယ် ...

တခက်ပန်း၊
လက်လှမ်းလို့မမီ။

မြလွှာရည်၊
လရာသီ ချိန်ခါသင့်ပေမဲ့၊
ဝင့်လျက်သာထည်။

ဆွတ်ချူမည်၊
မျှော်ရည်လို့ဝေဖူး။

ပွေ့လိုသူ၊
မေ့ကိုမူ အချူခက်ပေလို့၊
မက်မပြေ တမင်တကာထိန်းကာပဲ၊
တသက်နွေ ရင်မှာကိန်းတယ်ကွယ်၊
စိမ်းလို့ဟုတ်ဘူး။ ။

(ဟယ်ရီလွင်)

(ခေါင်းစဉ်မရှိပါ)

Read More...

Saturday 16 March 2013

အမှားတရံ

အမှားတရံ


ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

ချစ်သူရဲ့ အလောင်းကို လျစ်လျူရှုခဲ့တာ
လူမမည်သားလေးတွေကို ပေယျာလကံပြုခဲ့တာ
ရာစုနှစ်တစိတ်နီးပါး အကျယ်ချုပ်ခံခဲ့ရတာ
အိုကြီးအိုမနဲ့ ခင်ဗျားတို့အတွက် ပြေးနေလွှားနေရတာ
သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို အကုန်လှူပစ်ခဲ့တာ
တိုင်းပြည်ကို အားလုံးထက်ပိုချစ်ခဲ့တာ
အခု ... တောင်တလုံးအတွက် အမှန်တရားကို ဖွင့်ပြခဲ့တာ ...
အဲဒါ အားလုံးဟာ "သမိုင်းရဲ့တရားခံ" လို့ အပြောခံရဖို့အတွက်ပဲ ...

ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

သယံဇာတပုံပေါ်
ငုတ်တုတ်ထိုင်နေရုံနဲ့ ...
ဘာမှဖြစ်မလာဘူး ...
ပန်းကန်တက်ဖို့ ခြေလှမ်းတပြင်ပြင်နဲ့ ...
"ရွှေရေး" တို့ကလည်း တမှောင့် ...
လက်ခမောင်းတပြင်ပြင်နဲ့
"တောကြောင်"တွေကလည်း တမှောင့် ...
"စောလူး" တွေကို ပစ်ထားခဲ့ပါတော့ အမေ

မှတ်ထားကြ
တောင်တလုံးနဲ့တော့ ...
သူ့ကိုမလဲနိုင်ဘူး ကိုယ့်လူတို့ ...
နှစ်ယောက်တပိုင်းဆိုတာ လူထုမဟုတ်ဘူး
ကိုယ့်အတ္တသေးသေးလေးဟာ လူထုဆန္ဒမဟုတ်ဘူး
နောက်ကွယ်ကမြှောက်ပေးနေတာ ပြည်ချစ်စိတ်မဟုတ်ဘူး

အဲဒီတောင်မပြိုခင်
သစ္စာတရားဟာ ပြိုလဲသွားခဲ့
ရိုးသားမှုဟာ ပြိုလဲသွားခဲ့
ကိုယ်ကျိုးစွန့်မှုတွေ ပြိုလဲသွားခဲ့
အနစ်နာခံမှုတွေ ပြိုလဲသွားခဲ့
အသိပညာတွေ ပြိုလဲသွားခဲ့
ကိုယ်ကျင့်သိက္ခာတွေ ပြိုလဲသွားခဲ့

အတ္တတွေ ...
မာနတွေ ...
ဒေါသတွေ ...
မောဟတွေ ... နဲ့အတူ
(အဆိုးဆုံးက ...)
လောဘတွေ ...
မျက်နှာဖုံးတပ်ပြီး
တောင်ထိပ်မှာ မင်းမူကြလေရဲ့ ...

ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

မှတ်ထားကြပါ ...
ထပ်ပြောရဦးမယ် ...
အခု ခင်ဗျားတို့ ခေါ်နေတဲ့ ...
"သမိုင်းရဲ့တရားခံ" ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဖခင် ပြောခဲ့တဲ့စကား ...

"ကျုပ်တို့အပါအဝင် တိုင်းရင်းသားအားလုံးကို
ဂျပန်က -ိုး သွားပေမဲ့ ဆီဆွတ်သွားလို့ တော်သေးတယ်
အင်္ဂလိပ်ပြန်ဝင်လာရင်တော့ ဆီမဆွတ်ဘဲ -ိုး လိမ့်မယ် ... " တဲ့

အခုလည်း စောင့်နေကြပါ
အဲဒီအချိုးတွေနဲ့ဆို
"ဟိုလူတွေ" ပြန်လာရင် ကျုပ်တို့အားလုံးကို
ဆီမဆွတ်ဘဲ -ိုး လိမ့်မယ် ...

အဲဒီကျရင်တော့ ...
ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

ဟယ်ရီလွင်

Read More...

Monday 11 March 2013

ခရမ်းပြာနှင်းဆီ (သီချင်း)

ကျနော်ရေးထားတဲ့ "ခရမ်းပြာနှင်းဆီ" ကဗျာလေးကို ကျနော့်သူငယ်ချင်း ကို Nay Htun က သီချင်းလေးအဖြစ် သံစဉ်ထည့်ပြီး ကိုယ်တိုင် သီဆို တီးခတ်ဖန်တီးပေးထားပါတယ် ... rhythm သဘောအရ စကားလုံး မဆိုစလောက်လေးပဲ ပြင်ထားတာမို့ မူရင်းကဗျာရဲ့ ခံစားချက်မပျက်တဲ့အပြင် သီချင်းပုံစံနဲ့ ပြောင်းလဲခံစားရတာ တမျိုးဆန်းသစ်ပါတယ် ... ခံစားကြည့်ကြ စေလိုပါတယ် ...

http://youtu.be/I_bqot0M-NM



ရှိတဲ့ instrument လေးတွေနဲ့တင် studio မှာလည်းမဟုတ်ဘဲ in-house နဲ့ ဒီလောက် quality မျိုး ဖန်တီးပေးနိုင်တာ တော်ရုံပညာ စေတနာနဲ့ မရနိုင်တဲ့အတွက် ကိုနေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ် ...

ခံစားအားပေးတဲ့သူများအားလုံးကို အထူးကျေးဇူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...