Monday 25 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၁)

မိုင်နှစ်ထောင် မဇ္ဈိမ၊
လှမ်းခဲ့ရ ဗုဒ္ဓဆီ။

“ဖွား ဟော စံ ပွင့်” ထံပါး၊
ဝပ်တွားလို့ချီ။

သံဝေဇနိ လေးဌာနီ၊
ဖူးမျှော်ရည် ကုသိုလ်များ။

ထပ်တူစေ၊
ဖတ်သူတွေ ဝေနေယျ၊
ဝေမျှရည်ပွား။


မမေရေ ... အမျှကုသိုလ် ပေးဝေလိုက်ပါတယ် ... ကျနော် ဗုဒ္ဓဂါယာကို ဘုရားဖူးသွားဖြစ်တုန်းက ရခဲ့သမျှ ကုသိုလ်တွေကိုလည်း လာရောက်အားပေးကြတဲ့ စာဖတ်သူအပေါင်းကို အမျှဝေရင်း တွေ့ကြုံခဲ့သမျှတွေလည်း ဖောက်သည်ချဦးမယ်ဗျာ ... ရေးမယ်ရေးမယ်နဲ့ စိတ်ပဲရှိပြီး မရေးနိုင်တာနဲ့ တနှစ်ကျော်ကြာသွားတာ တောင်းပန်လိုက်ပါတယ် ...

အနှစ်ချုပ်ပြောရရင်တော့ ...
ခရီးက သိပ်ရှည်ပါတယ် ... မိုင်နှစ်ထောင်လောက်ကို ၁၅-ရက် ဆက်တိုက် ခရီးသွားရတာဆိုတော့ ပင်ပန်းတာတော့ အမှန်ပါပဲ ... အဲဒီလိုမှ မသွားရင်လည်း မြတ်ဘုရား ခြေချခဲ့သမျှ နေရာတွေကို တခေါက်တည်းနဲ့ အစုံရောက်ဖို့ မဖြစ်နိုင်ပါဘူး။
သွားခဲ့တဲ့နေရာတွေကတော့ အိန္ဒိယဘုရားဖူးအတွက်ဆိုရင် အကုန်နီးပါးပါပဲ ... ဘာမျှမကျန်တော့သလောက်ပဲပေါ့ .... ကိုးလ်ကတ္တား (ကာလကတ္တား) ကိုမဝင်တာကလွဲပြီး ကျန်တဲ့နေရာ အကုန်ပါပါတယ်။

ဒီလိုအခြေအနေမှာ ဘုရားဖူးခရီးသွားအဖွဲ့ရဲ့ အစီအစဉ်ကောင်းရင်တော့ သိပ်မထောင်းတာလှဘူးပေါ့ဗျာ ... ဒါပေမဲ့ အခု ကျနော်သွားခဲ့တဲ့ ဘုရားဖူးအဖွဲ့ကတော့ သိပ်မဟန်လှဘူးဗျ ... ဘယ်အဖွဲ့လဲ ဆိုရင်တော့ နီလာ ဘုရားဖူးပါ။ နောက်ကို သူနဲ့သွားဖို့များ စီစဉ်ထားတဲ့သူတွေရှိရင် ပြန်စဉ်းစားဖို့ လက်တို့လိုက်ပါဦး ...

ခရီးကလည်းရှည်၊ သွားခဲ့တာတွေကလည်းများ၊ တွေ့ကြုံခဲ့သမျှကိုလည်း အကုန်အစင် မချွင်းမချန် ပြောပြချင်လို့ ဖြည်းဖြည်းချင်းပြောပြပါ့မယ် ....

ပထမဆုံးစထွက်တာကတော့ ဖေဖော်ဝါရီလ ၁၂-ရက်နေ့မှာ ရန်ကုန်ကနေ ဂယာမြို့ကို MAI 8M-601 နဲ့ မနက် ၉နာရီမှာ စထွက်တယ်ဗျာ ... မင်္ဂလာဒုံလေဆိပ် ရောက်ကတည်းက နီလာက လူတွေက guide မထည့်ပေးလိုက်ဘဲ ဘုရားဖူးလာတဲ့ လူတွေချည်း လေယာဉ်ပေါ် တင်လွှတ်လိုက်ကတည်းက ကျနော့်စိတ်ထဲတော့ နည်းနည်း ထင့်သွားပါတယ်။ နိုင်ငံရပ်ခြား ခရီးသွား အတွေ့အကြုံမရှိတဲ့ သူတွေက အများစု မဟုတ်လား။ ဟိုဘက်မှာ ဒီလူအုပ်ကြီးနဲ့ ဟိုဘက်က အခြေအနေသိတဲ့သူ မပါတော့ အဆင်မှ ပြေပါ့မလားရယ်လို့ပါ။ ဒါနဲ့ပဲ လေယာဉ် ၂နာရီခွဲလောက်စီးပြီး အိန္ဒိယ စံတော်ချိန် မနက် ၁၀-နာရီခွဲလောက် ဂယာလေဆိပ်ကို လေယာဉ် ဆိုက်ပါတယ်။ ဂယာလေဆိပ်က သေးသေးလေးပါ။ အရင် မင်္ဂလာဒုံလေဆိပ်ဟောင်းလောက်ပဲ ရှိပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ ...

လေယာဉ်ပေါ်ကဆင်းပြီး လေဆိပ်ထဲလည်း ဝင်လိုက်ရော လူတန်းရှည်ကြီးက နေရာတိုင်းမှာ ကျနော်တို့ကို စောင့်ကြိုနေပါ တယ်။ လူဝင်မှုကြီးကြပ်ရေးကောင်တာ ၅-ခုမှာက သက်ဆိုင်ရာ တာဝန်ရှိသူ တယောက်မှ မရှိဘဲ လူတွေ တန်းစီစောင့်နေရတဲ့အဖြစ်နဲ့ စတွေ့တော့တာပါပဲ။ နီလာဘုရားဖူးအဖွဲ့က ကျနော်တို့နဲ့ အတူ ဘယ်သူမှ ထည့်မပေးလိုက်ပါဘူး။ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်လျှောက် ပါပဲ။

ကျနော်တို့အဖွဲ့ထဲမှာက သက်ကြီးရွယ်အိုတွေနဲ့အတူ နိုင်ငံခြားလည်း တခါမှ မရောက်ဖူးသူတွေလည်း ပါပါတယ်။ တကယ်လို့သာ နိုင်ငံရပ်ခြားအတွေ့အကြုံရှိသူတွေ မပါရင်တော့ အကြီးအကျယ် အခက်အခဲတွေ့မှာ အမှန်ပါပဲ။

ဆက်ပါဦးမယ်ဗျာ ...


ဟယ်ရီလွင်

1 comment:

မေဓာဝီ said...

ကျေးဇူးတင်စွာနဲ့ သာဓုခေါ်ပါတယ် ဦးဟယ်ရီ ...
သာဓု သာဓု သာဓုပါရှင် ... ။