Tuesday 26 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၂)

ဂယာလေဆိပ်မှာ လူတပြုံတမကြီး ဖြစ်နေတာမြင်လိုက်ကတည်းကိုက ကျနော်တော့ စပြီး ရင်လေးမိပါတော့တယ် ... အပြည်ပြည်က ဗုဒ္ဓဘာသာ ဘုရားဖူး အဖွဲ့တွေချည်းပါပဲ ... တချို့က တာဝန်ရှိသူတွေ တယောက်မှ မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတဲ့ ကောင်တာတွေမှာ တန်းစီထားကြပြီး တချို့အဖွဲ့တွေကတော့ တန်းမစီဘဲ အုပ်စုလိုက် ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ လုပ်နေကြပါတယ်။ အဲဒါနဲ့ လွတ်နေတဲ့ ကောင်တာ တခုမှာ တန်းဝင်စီထားဖို့ ကျနော်တို့ အဖွဲ့တွေကို ပြောလိုက်ပါတယ်။ လူငယ်၊ လူလတ်ပိုင်း အမျိုးသား အမျိုးသမီးတွေက တန်းစီထားပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကတော့ ဘေးနားမှာပဲ စောင့်နေဖို့ စီစဉ်လိုက်ကြပါတယ်။ နာရီဝက်လောက် စောင့်ပြီးတော့မှ အရာရှိ ၃-ယောက် ရောက် လာပြီး ကောင်တာမှာ ဝင်ထိုင်ပါတယ် ... ကျနော်တို့ တန်းစီထားတဲ့ ကောင်တာကို ဝင်ထိုင်လိုက်တာက အမျိုးသမီးပါ ... အဲဒီအချိန်မှာ လူ ၈၀-လောက်ပါတဲ့ သီရိလင်္ကာဘုရားဖူးအဖွဲ့က ခေါင်းဆောင် (Guide နဲ့ တူပါတယ်) က အဲဒီ လူဝင်မှုကြီးကြပ်ရေးက အမျိုးသမီးကို ကုလားလို နားညည်းလောက်အောင် ပြောပြီး ကျနော်တို့ ရှေ့က ဖြတ်ဝင်လိုက်ပါတယ်။ ပြီးတော့မှ သူ့လူတွေဆီက ပတ်စ်ပို့တွေ အထပ်လိုက် အထပ်လိုက် ယူပြီး အဲဒီ အမျိုးသမီး ဆီ ထိုးပေးလိုက်၊ တံဆိပ်ရိုက်ပြီးရင် သူ့လူတွေ သွင်းလိုက် လုပ်နေပါတော့တယ်။ အဲဒါနဲ့ ကျနော်က တန်းစီဖို့ ပြောတော့ သူတို့ လေယာဉ်က မနက် ကိုးနာရီကတည်းက ဆိုက်တာမို့ သူတို့ အရင်ရောက်တာဖြစ်တဲ့အကြောင်း ပြန်ပြောပြီး ဆက်လုပ်နေပါတယ် ... သူတို့လေယာဉ် ကျနော်တို့ထက် အရင်ဆိုက်တာကတော့ မှန်ပါတယ် ... ဒါပေမဲ့ ကိုယ်နဲ့အတူသွားတဲ့ထဲမှာလည်း ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါတာနဲ့ ကျနော်လည်း မတတ်သာတော့ဘဲ အဲဒီ ကျွန်းကုလားကို ပြဿနာရှာရပါတော့တယ် ... (ကျနော် အခုနေတဲ့ တိုင်းပြည်မှာက ကုလားအလုပ်သမားတွေ တော်တော်ကို များပါတယ် ... အဲဒီတော့ သူတို့အကြောင်း ကျနော် အတော်လေး သိပါတယ် ... သူတို့ကို ဟောက်မှ၊ ပြဿနာရှာမှ ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့သလိုလို၊ မပြောရဲမဆိုရဲသလိုလို လုပ်နေလို့ကတော့ စကားတွေနင်းကန်ပြောပြီး ကိုယ့်ကို တက်နင်းသွားမယ့် ကောင်တွေများပါတယ်) ဒါနဲ့ “ဘာပဲဖြစ်ဖြစ် ငါတို့ တန်းစီထားတာ မင်းကြား လာမဖြတ်နဲ့၊ တို့အဖွဲ့ထဲက သက်ကြီးရွယ်အိုတွေ မူးနေပြီ၊ တခုခုဖြစ်လို့ကတော့ မင်းပြဿနာရှင်းရမယ်” ဆိုပြီး လေသံ မာမာ နဲ့ ပြောလည်းပြော၊ သူ့ရှေ့ကလည်း လူကိုယ်တိုင် ဝင်ပြီး ပိတ်ထား၊ ကျနော်တို့အဖွဲ့ထဲက ကျန်တဲ့ ယောက်ျားတွေကိုလည်း သူ့လူတွေ ဝင်မရအောင် ပိတ်ထားဖို့ ပြောလိုက်တော့မှ ကိုယ်တော်ချောက နောက်ထပ် ငါးယောက်လောက်တော့ ဝင်ပါရစေ လုပ်လာပါတယ် ... အဲဒါနဲ့ ကျနော်လည်း ကဲ ... ငါးယောက်လောက်တော့ ထပ်ဝင် ချင်လည်း ဝင်ပါစေ ဆိုပြီး လွှတ်ပေးလိုက်ပါတယ် ... အဲဒါနဲ့ သူတို့ လူတဝက်လောက် ကုန်သွားတော့မှ ကျနော်တို့ အဖွဲ့ အလှည့် ရောက်ပါတော့တယ် ... ကျနော်တို့ထဲမှာ နိုင်ငံခြားရောက်ဖူးတဲ့သူတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ သူတို့မိသားစု တွေလည်း ပါတော့ နိုင်ငံခြား အတွေ့အကြုံ ရှိတဲ့လူတွေကို အထဲ အရင်လွှတ်ပြီး Baggage တွေ ရွေးထုတ်ထားဖို့ ပြောရပါတယ်။ ကျနော်ကတော့ အားလုံးပြီးမှ နောက်ဆုံးက လိုက်ဝင်သွားပါတယ်။ အဲဒီမှာ ကျနော်တို့လိုပဲ မြန်မာပြည်က တခြား tour company နဲ့ လာတဲ့ အဖွဲ့ကတော့ guide ပါလာလို့ သူက ဦးဆောင်ပြီး လုပ်သွားတော့ အဆင်ပြေပါတယ်။ (မဟာတိုး လို့ထင်ပါတယ်။ အတိအကျတော့ မမှတ်တော့ပါဘူး။)

အားလုံး Baggage တွေ ဘာတွေ ရွေး၊ Trolley တွေပေါ်တင်ပြီး ထွက်လာတော့မှ နီလာဘုရားဖူးအဖွဲ့က မမတွေက အပြင်မှာ အခံ့သား စောင့်နေကြတာကိုး ... တကယ်ဆိုရင် အိန္ဒိယဟာ မြန်မာပြည်လိုပါပဲ ... “ညှိ”လို့ရပါတယ် ... သူတို့လို အဲဒီမှာ အခြေစိုက်ပြီး နေ့တိုင်း ဘုရားဖူးတွေ စီစဉ်ပေးနေတဲ့ အဖွဲ့မျိုးအနေနဲ့ ညှိလိုက်ရင် သေချာပေါက် အထဲဝင်စောင့်လို့ ရပါတယ်။ ပိုက်ဆံတော့ ကုန်မှာပေါ့လေ ... အဲဒီ ပိုက်ဆံကို အကုန်မခံချင်လို့ ဝင်လာတဲ့ ဘုရားဖူးတွေကို ဘာမှ ကူညီ ဆောင်ရွက် မပေးဘဲ ဖြစ်သလို ပစ်ထားပြီး အပြင်ကပဲ စောင့်နေတာပါ ...


(ဂယာလေဆိပ်အတွင်း)

မျှမျှတတ ပြောရမယ် ဆိုရင်တော့ စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတွေကတော့ မဆိုးပါဘူး ... လေအိပ်နဲ့ ကားကြီးတွေပါ ... ဒါနဲ့ ကားပေါ်တက်၊ နေရာယူပြီး ဗုဒ္ဓဂယာ မြန်မာကျောင်းကို စထွက်တော့ နေ့လည် ၁-နာရီ ထိုးနေပါပြီ။ ဗုဒ္ဓဂယာဟာ ဂယာမြို့နားက ရွာကြီးတရွာပါ ... ဂယာ လေဆိပ်နဲ့ဆို ငါးမိုင်လောက်ဝေးပါတယ် ... သူတို့က ဗို့ဒ်ဂါယာ (Bodh Gaya) လို့ ခေါ်ပါတယ်။ ဘီဟာ ပြည်နယ်၊ ဂယာ ဒိစတြိတ်ထဲမှာပါ။ ၁၅-မိနစ်လောက်ပဲ ကားမောင်းရပါတယ်။


(ဂယာလေဆိပ် မြေပုံ)

မြန်မာကျောင်းကိုရောက်တော့ နေရာချပြီး နေ့လည်စာစားရပါတယ်။ မြန်မာပြည်က ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့တွေက မြန်မာကျောင်းတွေမှာပဲ တည်းကြပါတယ်။ စားဖို့သောက်ဖို့လည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာပဲ စီစဉ် ကျွေးမွေး ပါတယ်။ ဗမာချက်ပဲ ဆိုတော့ စားလို့ အဆင်ပြေပါတယ်။ ဂါယာဟာ ရွာကလေးသာသာမို့ အပြင်ဆိုင်တွေမှာ သွားစားရင် သိပ်ပြီး သန့်ရှင်းမှု မရှိတာကြောင့် ဝမ်းတွေဘာတွေ ပျက်တတ်ပါတယ်။


(မြန်မာကျောင်း၊ ဗုဒ္ဓဂယာ)

အဖွဲ့လိုက်တည်းခိုတဲ့အခါ ပုံမှန်အားဖြင့်တော့ အမျိုးသားသပ်သပ်၊ အမျိုးသမီးသပ်သပ် ခန်းမကျယ် တွေနဲ့ လေးယောက်ခန်းတွေ ထဲမှာ တည်းခိုအိပ်စက်ရပါတယ်။ မွေ့ယာ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်တွေကတော့ ကျောင်းတွေက စီစဉ်ပေး ပါတယ်။ အထိုက်အလျောက်တော့ သပ်ရပ်သန့်ရှင်းမှု ရှိပါတယ်။ ၄-ယောက်ခန်းတွေက ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့အခန်းတွေပါ။ ခန်းမတွေမှာတော့ မပါပါဘူး။ ဘုံရေချိုးခန်း၊ အိမ်သာတွေမှာ သုံးရပါတယ်။ ရေမလာတာလို အဆင်မပြေတာလေးတွေလည်း ရှိပါတယ်။ မိသားစုလိုက် သီးသန့်အခန်းလိုချင်ရင်တော့ ခရီးမထွက်ခင် ကြိုပြီး ပြောထားရင် စီစဉ်ပေးပါတယ်။ အဲဒီလို ကြိုမပြောထားရင် အုပ်စုကွဲကုန်တော့တာပါပဲ။ အဖေကသပ်သပ်၊ အမေနဲ့သမီးတွေက သပ်သပ် ဆိုတာမျိုးတွေ ဖြစ်ကုန်ကြလို့ စိတ်ညစ်ကြရတာတွေလည်း ရှိပါတယ်။ တချို့ ဥရောပတိုက်သား ခရီးသည်တွေတောင် သူတို့အစီအစဉ်နဲ့သူတို့ တယောက်ချင်း၊ နှစ်ယောက်ချင်း လာတည်းတာ တွေ့ပါတယ်။ တည်းခိုခနဲ့ စားစရိတ်ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာရင် လူတယောက်စာ တရက်ကို အိန္ဒိယ ရူပီးငွေ ငါးဆယ် ဘုန်းကြီးကျောင်းကို လှူရပါတယ်။ စေတနာ သဒ္ဓါအလျောက် ပိုပြီး လှူရင်တော့လည်း လှူပေါ့လေ။ ဘုရားဖူးလုပ်ငန်းရဲ့ အစီအစဉ်နဲ့ လာတဲ့အဖွဲ့တွေက တော့ ဘုရားဖူးလုပ်ငန်းတွေက စားရိတ်ငြိမ်း စီစဉ်ပေးထားပြီးသားပါ။ ထပ်မပေးရပါဘူး။ အဲဒီနေ့ နေ့လည်စာကတော့ ကြက်သားဟင်း ဗမာချက်ပါ။ ကျောင်းကပဲ ချက်ကျွေးတာပါ။ အစား အသောက်ကတော့ သိပ်မဆိုးလှဘူးလို့ ပြောရပါလိမ့်မယ်။

မြန်မာကျောင်းထဲမှာပဲ အနီးတဝိုက်က ကုလားတွေ ရောင်းတဲ့ ဈေးခင်းလေးလည်း ရှိပါတယ်။ အမှတ်တရ ပစ္စည်းလေး တွေ ဝယ်လို့ရပါတယ်။ အဲဒီမှာ လာရောင်းတဲ့ ကုလားတွေရော၊ ခရီးသွားအဖွဲ့တွေမှာ အလုပ်လုပ်ကြတဲ့ ကုလားလေးတွေရော မြန်မာလိုတော်တော် တတ်နေပါပြီ။ အများအားဖြင့် ဟိန္ဒူဘာသာဝင်တွေ များပါတယ်။


(မြန်မာကျောင်းအတွင်းက ဈေးခင်းလေးပါ)

နေ့လည်စာစားပြီးတော့ ခဏနားပြီး ညနေ သုံးနာရီလောက်မှာ ဗုဒ္ဓဂယာကို သွားပြီး မဟာဗောဓိပင်ကြီးမှာ ကြာသင်္ကန်း ကပ်ပါတယ်။ ဒါကတော့ ခရီးသွားအဖွဲ့တိုင်းက စီစဉ်ပေးလေ့ရှိပါတယ်။ ပိုက်ဆံထပ်မပေးရပါဘူး။ ပြီးတော့ သတ္တဌာန ကို လှည့်လည်ဖူးမျှော်ကြပါတယ်။ အပြန်မှာလည်း ဗုဒ္ဓဂယာမှာ အေးအေးဆေးဆေး နှစ်ရက်နေဖို့ အစီအစဉ် ရှိတာကြောင့် အပြန်မှပဲ အေးအေးဆေးဆေး ဖူးမယ် ဆိုပြီး သတ္တဌာနကို ခပ်မြန်မြန်ပဲ လှည့်လည် ဖူးမျှော်လိုက်ပါတယ်။ မဟာဗောဓိပင်နဲ့တကွ မဟာဗောဓိစေတီတော်ကြီး တည်ရှိနေတဲ့ သတ္တဌာနဟာ သံဝေဇနိယသုတ္တန်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သလို ဖူးမြော်တဲ့လူတွေ ကုသိုလ်ရ၊ သံဝေဂ ပွားများနိုင်တဲ့ “ဖွား-ပွင့်-ဟော-စံ” ဆိုတဲ့ “သံဝေဇနိယ လေးဌာန” ထဲက “ပွင့်” လို့ အမှတ်သညာ ပြုထားတဲ့ ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ တနည်းအားဖြင့် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိတော်မူရာ မြေမဟာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးဘုရား အဆူဆူတို့ မစွန့်အပ်တဲ့ အဝိဇဟိတ လေးဌာန ထဲက ဘုရားရှင်အဆက်ဆက် မာရ်ငါးပါးကို အောင်တော်မူရာ ဌာနဖြစ်တဲ့ မဟာဗောဓိပင်နဲ့ အပရာဇိတပလ္လင်တော်တည်ရှိရာ ဌာနလည်းဖြစ်ပါတယ်။ သတ္တဌာန နဲ့ ဗုဒ္ဓဂယာက ဖူးမြော်စရာတွေအကြောင်းတော့ နောက်မှ အသေးစိတ်ရေးပါမယ်။ ကျနော် အမှတ်ထင်ထင် သတိပြုမိတာတခုကတော့ လူတွေ ဒီလောက် ရှုပ်ယှက်ခတ် နေတာတောင် မဟာဗောဓိစေတီတော် တဝိုက်ဟာ စိတ်ကို အလွန်ချမ်းမြေ့စေတယ် ဆိုတာပါပဲ။ အဲဒီနေရာကနေ ပြန်ချင်စိတ်တောင် သိပ်မရှိသလိုပါပဲ။

ဘုရားဖူးတွေကတော့ တကယ့်ကို ပျားပန်းခတ်ပါပဲ။ တိဘက်ဘုန်းတော်ကြီးတွေကတော့ တယောက်အိပ်စာ စပ်ထားတဲ့ ပျဉ်ပြားကြီးတွေကို စေတီတော်ပတ်လည်မှာ တခါတည်းခင်း၊ နေရာယူပြီး နေ့ညမပြတ် ကာလရှည်ကြာနေပြီး ဖူးမြော်လေ့ ရှိတာ တွေ့ရပါတယ်။ သူတို့ ဘုရားရှိခိုးပုံက မတ်တပ်ကနေ၊ ဒူးတုပ်ထိုင်၊ ပြီးမှ ဝမ်းလျားထိုးပြီး ရှိခိုးတာ ဆိုတော့ တကိုယ်စာနေရာလေးမှာ အဲ့ဒီလို ပျဉ်ပြားကြီးတွေ ခင်းပြီး ရှိခိုးရ အဆင်ပြေအောင် လုပ်ထားကြတာပါ။

ညနေ ခြောက်နာရီလောက် မြန်မာကျောင်းကို ပြန်ရောက်ပြီး ရေမိုးချိုး၊ ညစာ စားပါတယ်။ အဓိက သတိထားမိတာက ခြင်အလွန်ပေါတာပါပဲ။ ခြင်ဆေးဖြန်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခြင်ဆေးက မြန်မာကျောင်းနားက ဆိုင်လေးတွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ အိန္ဒိယမှာ ဈေးဝယ်ရင်တော့ Shopping Center ကြီးတွေမှာက လွဲလို့ ဘယ်မှာမဆို ဈေးတော့ ဆစ်ဖို့လိုပါတယ်။ ဈေးဆစ်ရင်လည်း မြန်မာပြည်က ဗိုလ်ချုပ်ဈေးတို့ ဟိုတုန်းက လေဟာပြင်ဈေးတို့လို အားမနာတမ်း ဆစ်မှ တော်ရုံကျပါတယ်။ မြန်မာကျောင်းနဲ့ မနီးမဝေးမှာပဲ ဗုဒ္ဓဂယာရွာရဲ့ ဈေးလေးလည်း ရှိပါတယ်။ လက်ဘက်ရည်ဆိုင်လေးတွေလည်းရှိပါတယ်။ လက်ဘက်ရည် ကတော့ မြန်မာပြည်က လက်ဘက်ရည် အရသာအတိုင်းပါပဲ။ အတော်သောက်လို့ကောင်းပါရဲ့။ မုန့်ပဲသွားရည်စာလေးတွေလည်း ရပါတယ်။ ကုလားမုန့်လေးတွေ၊ စားစရာလေးတွေပေါ့လေ။ အိန္ဒိယမှာ နေရာတကာ ကွမ်းယာဆိုင်တွေ အများကြီးပါပဲ။ ကွမ်းစားတတ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဆေးလိပ်ကတော့ အိန္ဒိယ စီးကရက် တွေပဲ ရှိပါတယ်။ ကျနော် ကတော့ အဲဒီ စီးကရက်တွေ သောက်ရတာ ခံတွင်းမတွေ့လှပါဘူး။

သုံးဖို့စွဲဖို့ ငွေကတော့ မြန်မာပြည်မှာကတည်းက အပြင်ပေါက်ဈေးနဲ့ လဲရင်လဲ၊ ဒါမှမဟုတ်ရင် ဂယာရောက်မှ အဲဒီက သံဃာတွေကို မေးပြီး ငွေလဲတာ ကောင်းပါတယ်။ အဲဒါဆို ဈေးမှန်ရပါတယ်။ ခရီးသွားလုပ်ငန်းမှာ ငွေလဲရင်တော့ ဈေးနှိမ် တာ ခံရပါလိမ့်မယ်။ အဲဒါလေးတချက် သတိပြုကြဖို့ လိုပါတယ်။ ကျနော်ကတော့ ကာတာမှာကတည်းက အိန္ဒိယ ရူပီး တွေ တခါတည်း လဲလာခဲ့လို့ အတော်လေး အဆင်ပြေပါတယ်။ ဈေးပိုရတာပေါ့။

ဖေဖော်ဝါရီလ ဆို အိန္ဒိယမှာ အေးပါတယ်။ ဂယာမှာကို နည်းနည်းအေးပါတယ်။ ဒီလိုရာသီမျိုးမှာ ဗုဒ္ဓဂယာ ဘုရားဖူး ထွက်မယ် ဆိုရင်တော့ အနွေးထည် အလုံအလောက် ယူခဲ့ဖို့ လိုပါတယ်။ နောက်ပိုင်း အိန္ဒိယမြောက်ပိုင်းနဲ့ နီပေါကို ဆက်သွားတဲ့အခါ တော်တော်လေးကို အေးတာတွေ့ရပါတယ်။ အနွေးထည်ထူထူထဲထဲနဲ့မှ အဆင်ပြေပါတယ်။

ဒီမှာလည်း နီလာဘုရားဖူးလုပ်ငန်းရဲ့ အချိုးမပြေတာ တခုရှိပါသေးတယ်။ ရန်ကုန်မှာတုန်းက အိတ်တွေကို အခန်းဝ အရောက် ပို့ပေးမယ်၊ ကိုယ်တိုင် သယ်စရာ မလိုဘူးလို့ပြောပေမဲ့ တကယ်တမ်းလဲကျရော တနေရာမှာ စုပြီး ချထားပေးရုံ ပဲ လုပ်ပေးပါတယ်။ အဲဒီမှာ ကိုယ့်အိတ်ကိုယ် ရွေးထုတ်ပြီး ကိုယ့်ဟာကိုယ် အခန်းအထိ သယ်ကြဖို့ပြောပါတယ်။ ကျနော် ကတော့ “မလိုချင်ဘူး၊ ရန်ကုန်မှာ ပြောထားတဲ့အတိုင်း ငါ့အခန်းရှေ့အထိ ရောက်အောင်ပို့” ဆိုပြီး အိတ်တွေကို ရွေးထုတ် ပေးရုံပဲ ရွေးပြီး ထွက်သွားတော့မှ လိုက်ပို့ပေးပါတယ်။ သိပ်တော့ ကြည်ပုံမရပါဘူး။ ကျန်တဲ့လူတွေကတော့ ဘာမှ မပြော ကြပါဘူး။ သူတို့ဟာ သူတို့ သယ်ကြပါတယ်။ ကျနော်လည်း ကျန်တဲ့လူတွေ အတွက်တော့ အမုန်းခံပြီး ပြောမနေတော့ ပါဘူးလေ။ သူတို့ဟာသူတို့ သယ်ချင်လည်း သယ်ကြပစေတော့ ဆိုပြီးပဲ နေလိုက်ပါတော့တယ်။ အဲဒီနေရာမှာ မြန်မာ တွေကို ကျနော် အားမရတာပါပဲ။ တရားသဖြင့် ရရမယ့် ကိုယ့်ရဲ့ အခွင့်အရေးကို တောင်းခံဖို့ကိုတောင် လက်တွန့်ပြီး ရသလောက် လေးနဲ့ပဲ သည်းခံတင်းတိမ်ပြီး ခေါင်းငုံ့ခံနေလိုက်ရတဲ့ အကျင့်မျိုးကတော့ အရိုးစွဲနေပြီ ထင်ပါတယ်။ ဒါကလည်း ကျနော်တို့တွေ ဖြတ်သန်းကြီးပြင်းလာရတဲ့ စံနစ်ဆိုးကြီးကြောင့်ပဲ ထင်ပါရဲ့ မမေရေ ...

ဆက်ပါဦးမည် ...

ဟယ်ရီလွင်

2 comments:

johnmoeeain said...

noted step by step, and hope to go with my family. :)

(sorry, I can't use myanmar font at office :( )

Harry said...

သွားနိုင်ပါစေဗျာ