Saturday 30 March 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၄)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၄)


နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၃-ရက်နေ့ မှာတော့ မနက် ၆-နာရီလောက် မနက်စာ ကြာဇံကျော်နဲ့ ထမနဲစားပြီး ဗုဒ္ဓဂယာကနေ ရာဇဂြိုဟ် (Rajgir) ကို မနက် ၇-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ခရီးသစ်တခု စထွက်တိုင်း နမောတဿ၊ သဝေမပါ ကိုးဂါထာ လို့ ခေါ်တဲ့ ဒုတိယမ္ပိ၊ တတိယမ္ပိ အပါအဝင် သရဏဂုံသုံးပါး၊ ပြီးတော့ ၉၆၉ အဲ ယောင်လို့ ... ဣတိပိသော ဘဂဝါ အစချီ ဘုရားဂုဏ်တော် ကိုးပါး၊ သွက္ခာတော အစချီ တရားဂုဏ်တော် ၆-ပါး၊ သုပ္ပဋိပန္နော အစချီ သံဃာ့ဂုဏ်တော် ၉-ပါး၊ ယံဒုန္နိမိတ္တံ အစချီ ပုဗ္ဗဏှသုတ်တော် အစ သုံးဂါထာ၊ မေတ္တသုတ်တော် တွေ ကားပေါ်မှာရွတ်ပွားသွားကြပါတယ်။

ရာဇဂြိုဟ်က ဗုဒ္ဓဂယာနဲ့ မိုင် ၆၀-လောက်ပဲ ဝေးပါတယ်။

တောင် ၅-လုံးခို ရာဇဂြိုဟ် ဆိုတဲ့အတိုင်း ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ပဏ္ဍဝတောင်၊ ဂိဇ္ဈကုဋတောင် နဲ့ ဣသိဂိလိတောင် ဆိုပြီး တောင် ၅-လုံးက ပတ်လည်ဝိုင်းရံထားသော မြို့ဖြစ်ပါတယ်။ ဟိုတုန်းက ရာဇဂြိုဟ်ပြည်ကြီးဟာ အခုတော့ မြို့ခပ်သေးသေးပါပဲ။

ဗုဒ္ဓဂါယာကနေ ရာဇဂြိုဟ်ကို ထွက်လာတဲ့ အချိန်မှာတော့ ကျနော်တို့ ရန်ကုန်က အတူတူထွက်လာကြတဲ့ သူတွေပါတဲ့ အဖွဲ့အပြင် နောက်ထပ်အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာပါတယ်။ ရန်ကုန်ကနေ ကာလကတ္တားကို အရင်သွားပြီးမှ အဲဒီနေ ကားနဲ့လာကြတဲ့ အဖွဲ့တဖွဲ့ နဲ့ သြစတြေးလျကနေ ကာလကတ္တားကို လာပြီးမှ အဲဒီနေ ကားနဲ့လာကြတဲ့ အဖွဲ့တဖွဲ့ပါ။ အဲဒီတော့ ကျနော်တို့ စုစုပေါင်း ကားကြီး ၃-စင်း ဖြစ်သွားပါတယ်။ အဲဒီလို ပေါင်းထွက်လို့ လူသိပ်များပြီး တည်းခိုစရာ အဆင်မပြေတာကြောင့် နားသင့်တဲ့နေရာ မနားရဘဲ တောက်လျှောက်ဆက်ထွက်ရတဲ့ အဆင်မပြေမှုမျိုး နောက်ပိုင်း တွေ့ကြုံခဲ့ရပါတယ်။ ဒါလည်း နီလာရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းပါပဲ။

ရာဇဂြိုဟ်ဝန်းကျင်မှာ လှည့်လည် ဖူးမြော်စရာ နေရာ ၉-နေရာရှိပါတယ်။ အဲဒီနေရာတွေကတော့ ....

(၁) ဝေဠုဝန်ကျောင်း
(၂) ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိလိုဏ်ဂူ (ဝေဘာရတောင်)
(၃) ဗုဒ္ဓ၏ စုပေါင်း ဓာတ်တော်တိုက် (မဏိယာမတ်)
(၄) ဗိမ္မိသာရမင်း၏ ဘဏ္ဍာတိုက် (ဆွန်ဘဏ္ဍာ)
(၅) ဗိမ္မိသာရအကျဉ်းထောင်
(၆) ဇိဝက သရက်ဥယျာဉ်ကျောင်း
(၇) ရတနာဂိရိတောင်၊ ဂျပန်-ဝိရွှသျန္တစေတီ
(၈) ဂိဇ္ဈကုဋ်တောင်
(၉) ကျောက်လှည်းဘီးရာ


ရာဇဂြိုဟ်ဒေသ လှည့်လည်ဖူးမြော်စရာ နေရာများပြ မြေပုံ

ဂိဇ္ဈကုဋ်တောင်ကို မနက် ကိုးနာရီလောက် ရောက်ပါတယ်။ ဗုဒ္ဓ အမှန်တကယ်သီတင်းသုံးတော်မူခဲ့ပြီး ပရိမိတ္တဇာလသုတ်၊ မောဂ္ဂလာနဗောဇ္ဈင်သုတ် အစရှိတဲ့ သုတ္တန်အများအပြားကို ဟောကြားခဲ့ရာ တောင်တော်လည်းဖြစ်ပါတယ်။ အရင်က မြတ်စွာဘုရား သီတင်းသုံးနေချိန် နတ်ဗြဟ္မာတွေ ညဘက် လာဖူးမြော်ကြတဲ့အခါ အလင်းရောင်တွေနဲ့ လင်းထိန်နေလို့ သရဲခြောက်တဲ့ တောင်ကြီးလို့ ဒေသခံတွေက အဲဒီအချိန်က ခေါ်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ အဝေးကနေ ကြည့်လိုက်ရင် လင်းတနှုတ်သီးရဲ့ ပုံသဏ္ဌာန်နဲ့တူလို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ်တယ်လို့ ဆိုပါတယ်။ လင်းတတွေ နားနေပုံနဲ့ အလားသဏ္ဌာန်တူတဲ့တောင်မို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ်တယ်လို့လည်း ဆိုပါတယ်။ အခုကြည့်ရတာကတော့ ဘာပုံမှ မပေါ်ပါဘူး။ မြတ်စွာဘုရားလက်ထက်တော်တုန်းကတော့ တူချင်လည်း တူမှာပေါ့လေ။ နှစ်ပေါင်း ၂၅၀၀-ကျော်ပြီ ဆိုတော့လည်း မြေအနေအထားတွေက ပြောင်းလဲသွားပြီပေါ့။

ဒီမှာလည်း လူအတော်များပါတယ်။ အရင်ဆုံး ဂျပန် ဝိရွှသျန္တစေတီရှိတဲ့ ရတနာဂီရိတောင်ထိပ်ကို တက်ကြပါတယ်။ သာသနာ ၂၅၀၀-ပြည့် အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီပါ။ ရတနာဂီရိတောင်က ဂိဇ္ဈကုဋ်တောင်ရဲ့ တောင်စွယ်တခုလို့ပဲ ယူဆပါတယ်။ ခြေလျင်တက်လည်းရပါတယ်။ Chair Lift နဲ့ တက်လည်း ရပါတယ်။ ခရီးသွားကုမ္ပဏီက Chair Lift နဲ့တက်ဖို့ စီစဉ်ပေးထားတာနဲ့ တက်လိုက်ပါတယ်။ အဲဒီ Chair Lift က ဘုရားလာတည်တဲ့ ဂျပန်တွေက သူတို့ဘုရား အဆင်ပြေပြေဖူးရအောင်ဆိုပြီး ဆင်ပေးထားတာလို့ ပြောပါတယ်။ ဒါပေမဲ့ သူက အတက်အဆင်း terminal မှာ လုံးဝ ရပ်မပေးဘဲ မနှေးမမြန်အရှိန်လောက်နဲ့ လည်ပြီး ပြန်တက်ပြန်ဆင်းသွားတာမို့ သက်ကြီးရွယ်အိုတွေ အတွက် chair lift ပေါ် တက်ရ ဆင်းရတာ သိပ်မလွယ်ပါဘူး။ အလုပ်သမားလေးတွေက လူကြီးတွေကို ပွေ့ပြီး အမြန်တင်၊ ခါးပတ်ပတ်ပေးရပါတယ်။ Cable car တွေလို အလုံပိတ် မဟုတ်ပါဘူး။ အဲဒါ မစီးနိုင်ရင်တော့ ကျိုက်ထီးရိုးလိုပဲ အထမ်းနဲ့ တက်လို့ ဆင်းလို့ ရပါတယ်။ အထမ်းခ ကတော့ ကိုယ့်ဟာကိုယ် ပေးရတာပါ။ Tour ကုမ္ပဏီက စီစဉ်မပေးပါဘူး။ တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းကတော့ လှပါတယ်။ ဂိဇ္ဈကုဋ်တောင်မှာ မျောက်တွေ ရှိပါတယ်။ ပုပ္ပားတောင်တို့ ဖိုးဝင်းတောင်တို့လိုပါပဲ။


ရတနာဂီရိတောင် Chair Lift


ဂျပန် ဝိရွှသျန္တစေတီ

ဒါနဲ့ ဂျပန်စေတီဖူးပြီး လမ်းလျှောက်ပြန်ဆင်းရင်း ဂိဇ္ဈကုဋ်တောင်ဘက်ကို ကူးပါတယ်။ တောင်အဆင်းမှာ ရှင်အာနန္ဒာဂူ သီတင်းသုံးခဲ့တယ် ဆိုတဲ့ ဂူကို ဖူးရပါတယ်။ ပြီးတော့ မြတ်စွာဘုရားကို ရှင်ဒေဝဒတ် ကျောက်မောင်းဆင်ပြီး လုပ်ကြံတဲ့နေရာကိုလည်း တွေ့ရပါတယ်၊ အဲဒီနေရာမှာ ကျောက်တုံးကြီးတွေ၊ ကျောက်ချပ်ကြီးတွေ အများကြီးပါပဲ။ အဋ္ဌာနမေတံ ဘိက္ခဝေ အစချီတဲ့ သက်တော်မြဲဂါထာကို ဟောကြားဖြစ်ခဲ့တဲ့ နောက်ခံ အကြောင်းရင်း စတည်ဖြစ်ရာနေရာဖြစ်ပါတယ်။ နောက်ပြီး လက်ယာတော်ရံ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ သီတင်းသုံးခဲ့တဲ့ဂူနဲ့ ဘုရားရှင်ရဲ့ ဂန္ဓကုဋီတိုက်ဟောင်းနေရာတွေကို ဖူးရပါတယ်။ ဂန္ဓကုဋီတိုက်က အုတ်တိုက်လေးပါ။ တိုက်ဟောင်းက အုတ်တွေ အတော်လေးကျန်ပါသေးတယ်။ ပြီးတော့ ဆက်ဆင်းလာတော့ တောင်အောက်ကို မနက် ဆယ်နာရီလောက် ရောက်ပါတယ်။ တောင်အဆင်းမှာ သူတောင်းစားတွေ တော်တော်ပေါတာ တွေ့ရပါတယ်။ “မဟာရာဂျာ၊ မဟာရာနီ ..” ဆိုပြီး သူတို့စကားနဲ့ ဆက်ပြောပြီးတောင်းနေကြတာပါပဲ။ အနားကပ်တောင်းတာတော့မဟုတ်ပါဘူး။ လမ်းဘေးမှာ ထိုင်လျက်၊ လှဲလျက်နဲ့ တောင်းနေကြတာပါ။


္ဂတောင်အဆင်းလမ်း


ဂန္ဓကုဋီတိုက်ဟောင်းနေရာကို အဝေးမှ မြင်ရပုံ


ဂိဇ္ဈကုဋ်တောင် ရှုခင်း


ဂန္ဓကုဋီတိုက်ဟောင်းနေရာ


ရှင်အာနန္ဒာသီတင်းသုံးခဲ့သည့်ဂူ


ရှင်သာရိပုတ္တရာသီတင်းသုံးခဲ့သည့်ဂူအတွင်းပုံ


ရှင်သာရိပုတ္တရာသီတင်းသုံးခဲ့သည့်ဂူ


ဒေဝဒတ် ကျောက်မောင်းဆင်သည့်နေရာ


ဂိဇ္ဈကုဋ်တောင် အဆင်း

လူတွေ စုံအောင် စောင့်ပြီး ဆယ်နာရီခွဲလောက် ရာဇဂြိုဟ် မြန်မာကျောင်းကို စထွက်ပါတယ်။ နာရီဝက် လောက်ပဲ မောင်းရပါတယ်။ မြန်မာကျောင်းရောက်တော့ မနက် ၁၁-နာရီလောက် ရှိနေပါပြီ။ ပစ္စည်းတွေချ၊ လူတွေ အခန်းနေရာချတာနဲ့ နေ့လည် ၁-နာရီလောက်မှ နေ့လည်စာ စားဖြစ်ပါတယ်။ ကြက်သားနဲ့ အာလူးဟင်း၊ အစိမ်းကြော် နဲ့ဆိုတော့ ဖွယ်ဖွယ်ရာရာလေးပါပဲ။ အရသာလည်း မဆိုးပါဘူး။ နီလာ tour က လက်ဖက်သုတ် ထပ်စီစဉ်ပေးပါတယ်။ မောလို့လားတော့ မသိဘူး ... စားလို့တော့ ကောင်းသားဗျာ။


ရာဇဂြိုဟ်မြန်မာကျောင်း

နေ့လည်စာ စားပြီးတော့ ခဏနားပြီး ညနေ သုံးနာရီလောက်ကျတော့ နာလန္ဒာတက္ကသိုလ်သစ်ကို သွားဖို့ မြန်မာကျောင်းကနေ စထွက်ပါတယ်။ ၇-မိုင်လောက်ပဲ ဝေးတာမို့ ဆယ့်ငါးမိနစ်လောက်ပဲ သွားရပါတယ်။ အဲဒီရောက်တော့ လှူဒါန်း၊ တရားနာကြပါတယ်။ သံဃာတော်တွေအတွက် ဆွမ်း၊ ကွမ်း အလွန်ခက်ခဲပါတယ်။ ဆွမ်းခံထွက်လို့ ဘယ်သူမှ ဆွမ်းတဆုပ်မလောင်းတဲ့ အရပ်ဒေသပါ။ ဒီလို ဒေသမှာ ဆွမ်းခံမရတော့ ကိုယ့်ဆွမ်းကိုယ် ချက်စားကြရတာကြောင့် အလှူငွေဟာ သံဃာတော်တွေအတွက် အရမ်းအရေးကြီးတဲ့နေရာပါ။ ဒီလို အခက်အခဲတွေ ကြားက စိတ်ရှည်သည်းခံအားတင်းပြီး ဇွဲနပဲနဲ့ သာသနာတော်အတွက် ကြံ့ကြံ့ခံ သီတင်းသုံးနေကြတဲ့ သံဃာတော်တွေကို ကျနော်တော့ အရမ်းကြည်ညိုလေးစားမိတာပါပဲ။ အားလုံးက Master နဲ့ Ph.D အတွက် လေ့လာသင်ကြားနေကြတဲ့ ကိုယ်တော်တွေချည်းပါပဲ။


နာလန္ဒာတက္ကသိုလ်စည်းရိုး

ညနေ လေးနာရီ လေးဆယ့်ငါးမိနစ်လောက်မှာ နာလန္ဒာတက္ကသိုလ်သစ်ကနေထွက်ပြီး နာလန္ဒာတက္ကသိုလ်ဟောင်းကို ဆက်သွားပါတယ်။ ဒါပေမဲ့ အဲဒီရောက်တော့ ညနေ ငါးနာရီထိုးသွားလို့ ပိတ်သွားပါပြီ။ ဝင်လို့မရတော့ပါဘူး။ ဒါနဲ့ပဲ ပြန်လာကြတာ မြန်မာကျောင်းကို ညနေ ငါးနာရီ ဆယ့်ငါးမိနစ်လောက်မှာ ပြန်ရောက်ပါတယ်။ ရာဇဂြိုဟ်မှာလည်း အတော်လေး အေးပါတယ်။ ကျောင်းရောက်တော့ ခဏနား ရေမိုးချိုးကြပါတယ်။ ခက်တာက ရေချိုးဖို့ ရေနွေးလည်း မရတော့ အေးစက်နေတဲ့ ရေနဲ့ပဲ ကမန်းကတန်း ကြိတ်မှိတ်ချိုးကြရတာပါပဲ။ ရေမိုးချိုးပြီး ညနေ ခြောက်နာရီလောက် ညစာစားကြပါတယ်။ ဟင်းကတော့ ငါးကြော်နဲ့ပါ။ ငါးကြင်းကြော်လိုမျိုးပါပဲ၊ စားလို့အဆင်ပြေပါတယ်။ ညစာစားပြီးတော့ မြန်မာကျောင်းကို ဆရာတော်ဆီ သဒ္ဓါတတ်အားသမျှ အလှူငွေတွေ လှူဒါန်းကြပြီး တနေ့တာ ကုန်ဆုံးသွားပြန်တာပါပဲ။

နောက်နေ့မှာတော့ ဝေဘာရတောင်နဲ့ ရာဇဂြိုဟ်ပတ်ဝန်းကျင် ခရီးအကြောင်း ဆက်ပါဦးမယ်။

ဟယ်ရီလွင်

No comments: