Monday 31 October 2011

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၃)

တေးတွဲ့
‎တေးတွဲ့ကဗျာအမျိုးအစားဟာလည်း အခုခေတ်မှာ တိမ်မြုပ်နေပြီ ဖြစ်ပေမဲ့ ရေးသားစပ်ဟပ်ရာမှာ အလွန်စိတ်ဝင်စားစရာ ‎ကောင်းတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ ဗဟုသုတလည်း ရအောင်၊ အမျိုးအစားလည်း စုံအောင် ရည်ရွယ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

တေးတွဲ့ဆိုတဲ့ အမည်ကို အရင်စကြည့်မယ်ဆိုရင် ...


တေး - ဆိုတာ ကဗျာ သီချင်း လို့ အဓိပ္ပာယ်ရပြီး သင်္ချာ ဂဏန်းအရ ၃- ဆိုတဲ့ အနက်ကို ဖော်ပြပါတယ်။
တွဲ့ - ဆိုတာကတော့ လေးကန် ဖင့်နွှဲတဲ့ အနက်သဘောကို ဖော်ပြပါတယ်။
ဒါကြောင့် ဖြေးနှေး ဖင့်နွှဲစွာ ရွတ်ဆိုရသော ကဗျာ (သို့မဟုတ်) အပုဒ် ၃-ပိုဒ်ဖြင့် ဖင့်နွှဲ ဖြည်းညင်းစွာ ‎သီဆိုရသော ကဗျာလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

နောက်တမျိုးအနေနဲ့ဆိုရင် ...
တေး - ကို ဂဏန်းသင်္ချာ ၃-ခု အနေနဲ့ယူပြီး တွဲ့ - ကိုတော့ တွဲ (ဆက်တွဲခြင်း) အနက်အဓိပ္ပာယ်လို့ ယူဆပြန်တော့ အပိုဒ် ၃-‎ပိုဒ် ဆက်တွဲ ရေးရတဲ့ ကဗျာလို့ အဓိပ္ပာယ် တမျိုးရပြန်ပါတယ်။

တေးတွဲ့ကို ရေးတဲ့အခါ အပိုဒ်သုံးပိုဒ် ရေးပြီး အချီ တူညီရမှာဖြစ်ပါတယ်။ အချီပိုဒ်ကို လဟုချီပြီး ဂရု ချပါတယ်။ နောက်ဆုံးပိုဒ်ကိုတော့ တေးထပ်လိုပဲ “လေး” ဆိုတဲ့ စကားလုံးနဲ့ ချရပါတယ်။ ရတုတွေရေးတဲ့အခါ အချီညီ၊ အချညီ ရေးကြပေမဲ့ အဲဒီလို အမြဲတမ်း ညီအောင်ရေးစပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ တေးတွဲ့ကတော့ အချီ ညီကို ညီရပါမယ်။
တပိုဒ် မှာ အချိုး ၄-ချိုးစီ ‎ပါတယ်။ ရှေးလေးချိုးကြီး အသွားဆန်ဆန်၊ လေးလုံးစပ်တချို့၊ သံချို အသွားဆန်ဆန် ‎ငါးလုံး,ခြောက်လုံး တချို့ ထားပြီး စပ်ရပါတယ်။ အချီမှာတော့ ၃-လုံး ချီနည်းနဲ့ ၄-လုံး ချီနည်း ‎နှစ်မျိုးရှိတယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။

နမူနာ တေးတွဲ့ ကဗျာတပုဒ် ကြည့်ရအောင်။

‎(၁) “ဘုံနန်းက-မှန်းဆ ချေ လျှင်
ဃောသ လေးပြန်၊ ဝေးလောက်တန်တွင်၊ နိဗ္ဗာန်ရည်မှန်းလို့၊ တည်သန်းပုံ သဗ္ဗညုလို၊ ရွှန်းနုစုံလင်
တက်, သက်,လှေကား၊ နှစ်စုံပွားလို့၊ ထူးခြားသန့်ရှင်း၊ ဘိုးတော်မင်းထက်၊ ဉာဏ်လင်းအင်၊ မမြင် ‎တောင်းပေရသေး
စူဠာမဏိ၊ မည်တော်ရှိတဲ့၊ သီရိထွေငေါ်၊ စေတီကျော်ကို၊ ပြည်တော်သူ သွတ်လှယ်ကူးလို့၊ ‎ဖူးကြတယ် လေး

‎(၂) “ထုံပန်းလှ-ပန်းက ထွေအင်
ဆွမ်းတော် ရေကြည်၊ ပွဲရံတည်သား၊ တီးစည် ခတ်ရွမ်းလို့၊ ရောင်လျှမ်း အရုဏ်ခပ်လျှင်၊ ‎ဆွမ်းကပ်လို့ တင်
တန်ဆောင်တိုင်များ၊ ရေတော်ငါးနှင့်၊ နံပါး ပန်းသင်း၊ ညနေခင်းမှာ၊ ထပ်သွင်းတင်၊ ရင် ပြင် တော် ‎လင်းထိန်လို့မွှး
ရှင်လူကစ၊ နံနက် ညတိုင်း၊ ညွတ်ခ ပူဇာ၊ စိန္တေယျာဝယ်၊ မသေရာ နိဗ္ဗာန်နန်းကို၊ မှန်းဆုပန် လေး

‎(၃) “စုံဆန်းစွ- ခန်းဝဗွေ ပြင်
ကျောင်းတော် အုတ်ဂူ၊ အဆူဆူတွင်၊ နိဗ္ဗူရည်စူးတဲ့၊ ထေရ်ထူးတွေ ကိန်းပျော်ဝပ်တယ်၊ ‎ကွက်လပ်မ မြင်
တကျောင်းတော်လုံး၊ ရေကြည်သုံးဖို့၊ ပတ်ကုံးရှင်းလင်း၊ တောင်တူးရွင်းက ရေသွင်းလျှင်၊ ကန်တွင် ‎ရေပန်း လျှံလို့ ဖွေး
သောတုဇန၊ စာသင်စ၍၊ ထေရအရာ၊ မြတ်သံဃာတို့၊ ချမ်းသာစွာ မြတ်တရားကို အားထုတ်ကြ လေး။ ‎‎... ။

ဒီပုံစံမှာ ...
‎(၁) “ဘုံနန်းက-မှန်းဆ ချေလျှင်”
‎(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
‎(၃) “စုံဆန်းစွ- ခန်းဝ ဗွေပြင်” ...
‎ဆိုပြီး အချီ ၃-ပိုဒ် ကို နဘေကိုက်ပြီး အချီညီပိုဒ်စုံရတု လို စပ်ဆိုထားပါတယ်။ အချီ ၃-ပိုဒ်လုံးကို က-လှ-စွ ဆိုတဲ့ ‎လဟုသံ နဲ့ ချီထားပြီး လျှင်၊ အင်၊ ပြင် ဆိုတဲ့ ဂရုသံ နဲ့ ချထားပါတယ်။

နောက်အပိုဒ်တွေကို ကြည့်ရင်လည်း ရှေးလေးချိုးကြီး ရေးစပ်သလို လေးလုံးစပ်မျိုး အပြင် ‎ငါးလုံး,ခြောက်လုံး သင့်သလို ထည့်ပြီး စပ်ဆိုသွားတာတွေ့နိုင်ပါတယ်။ ပထမချိုးရဲ့ အချနဲ့ ‎ဒုတိယချိုးရဲ့အချမှာ သံလျော့ သံချင်း ညီစေပြီး တတိယချိုးနဲ့ စတုတ္ထချိုးကို (ဧး =အေး) ကာရန်နဲ့ ‎ဆုံးစေရပါတယ်။ ဘာကြောင့်ဆိုတော့ တေးတွဲ့တပုဒ်လုံးရဲ့ အချဖြစ်တဲ့ စတုတ္ထချိုးရဲ့ အဆုံးမှာ ‎‎(လေး) သဒ္ဒါနဲ့သာ အမြဲ ချရလို့ပဲ ဖြစ်ပါတယ်။

တေးတွဲ့မှာ လေးချိုးလိုပဲ တတိယချိုး၏ ဆုံးခါနီးပိုဒ်မှာ ပထမချိုး၊ ဒုတိယချိုးကို ပြန်ငဲ့တဲ့ ကာရန်ပြန် ‎တချက်စီ ရှိရပါသေးတယ်။
ပထမပိုဒ်မှာ လျှင်-လင် .. ဆိုတာကို (ဉာဏ်လင်းအင် က) အင် နဲ့ ပြန်ငဲ့တယ်။
ဒုတိယပိုဒ်မှာ အင်-တင် … ဆိုတာကို (ထပ်သွင်းတင် က) တင် နဲ့ ပြန်ငဲ့တယ်။
တတိယပိုဒ်မှာ ပြင်-မြင် .. ဆိုတာကို (ရေသွင်းလျှင် က) လျှင် နဲ့ ပြန်ငဲ့တယ်။

အထက်ဖော်ပြပါ တေးတွဲ့က အချီ ၃-ပိုဒ် ညီပြီး အချမညီတဲ့ တေးတွဲ့ဖြစ်ပါတယ်။
အချီအချ ညီတဲ့ တေးတွဲ့ နမူနာကတော့ …

ဆဋ္ဌသံဂါယနာနှင့် ပဋိဝိသောဓကဖွဲ့ တေးတွဲ့ကဗျာ
(မြန်မာပိဋကတ်တော် ပဋိဝိသောဓက-အရှင်တိလောကသာရ ဖွဲ့ဆိုသည်)

(၁) “လူပေါင်းခလို့ - ကြည်မြကော် ရော်”၊
ထေရဝါဒ၊ ဆောင်ပိုက်ကြတဲ့၊ ပဉ္စနဂိုရ်၊ ခငြောင်းခိုကြ၊ ဗဟိုမဏ္ဍိုင်မှတ်၊ မြန့်ရဌ် ပြည် တော်
သီရိမင်္ဂလာ၊ ကုန်းတော်သာနှင့်၊ ကမ္ဘာဧး ... မည်၊ မွေသရီရှင်၊ စေတီခွင်မှာ၊ စီရင်ဖန်ဆောက်၊ ဝိသုကမ်ဖောက်သည်သို့၊ ကျောက်ဂူ တော်၊ ပျံ့ ကျော်ဘဝဂ်ဝှန်တည့် ကြွေး
ဂူတော်ဝန်းကျင်၊ ဆောက်ဦပြင်သည်၊ စည်ပင်သိမ်ကျောင်း၊ ဇရပ်ပေါင်းနှင့်၊ မညောင်းအာရုံ၊ တည်ရှိဟုံငယ်၊ ကြည်ယုံသဒ္ဓါပွား...၊ “အားရဖွယ်လေး”
(၂) “တူကြောင်းပြစို့ - ရည်ဆမြော် မြော်”၊
လိုဏ်ဂူခွင်ဝယ်၊ ထေရ်ရှင်ထက်မြက်၊ ငါးထောင်ဝက်နှင့်၊ ဂုဏ်စက်ပွားလျှံ၊ နိုင်နိုင်ငံမှ၊ သံကြီးမင်းကြီး၊ ပေါင်းဆုံကာစည်းပါကြ၊ ချီးအပ်ထုတ် ဖော်
မြန်နိုင်ငံအုပ်၊ စိုးရချုပ်သည့်၊ ပြည့်ဥက္ကဋ္ဌ၊ အစိုးရနှင့်၊ ဗုဒ္ဓဘာသာ၊ ဖွဲ့ကြီးမှာလည်း၊ မဟာဝီရိ၊ စိုက်တည်ရှိလျက်၊ စုံပြည့် ဖေါ်၊ ခါ တော်ဖွင့်ခဲ့ ခြိမ့်ခြိမ့် ကြွေး
နိုင်ငံတော်သူ၊ လက်အုပ်ထူလျက်၊ တူရူချဉ်းကပ်၊ နေ့မလပ်ဘဲ၊ ပြွပ်ပြွပ်နှစ်လို၊ လွန်ကြည်ညိုသည်၊ ပိုမိုလျှံဝှန်အား ...၊ “ပွားကြတယ်လေး”
(၃) “မူကောင်းရဖို့ - ထေရ်မျာ့းပျော် ပျော်”၊
နွေနှောင်းနွယ်တာ၊ ဝါတော်ခါမို့၊ သံဂါကာရ၊ ထေရ်ရှင်လှတို့၊ ပထမသန္နိပါ၊ ဆုံးစေကာလျှင်၊ လိုရာပြန်ကြွသွား၊ နားကြလေ သော်
ပါဠိ ပဋိဝိသောဓကာ၊ သြသာနာနှင့်၊ မြန်မာပြန်ညှိ၊ ပဋိဝိသော်၊ သံဃာတော်တို့၊ ဖြော်ဖြော်အားအင်၊ လုံ့လဆင်၍၊ နေ့စဉ်မလပ်၊ တိုက်ဆိုင်ဖတ်ပါလို့၊ တည်းဖြတ် ခေါ်၊ မူ တော်မူကောင်း တည်စိမ့် တွေး
မြန်မာတိုင်းသူ၊ မြဲရှုယူဖို့၊ မြန်မူပြန်ကာ၊ ပြင်ဆင်ရာ၌၊ ကောင်းပါလေဿး၊ ချောစေရေးမှာ၊ ကြံတွေးဝေါဟာ၊ ပါဝစနာပြင်၊ ဋ္ဌကထာ,ဋီ၊ အလီလီနှင့်၊ ကိုက်ညီရပေ၊ ဤအနေငယ်၊ ထွေထွေကြံဝန်ပွား ...၊ “များလှတယ်လေး”

ဒီ တေးတွဲ့မှာ အချီသုံးပိုဒ်လုံး အချင်းချင်း ညီကြသလို အချသုံးပိုဒ်လုံးလည်း အချင်းချင်း ညီကြတာကို တွေ့ရပါမယ်။ ဒါ့အပြင် အချီပိုဒ်တွေမှာ “လူပေါင်းခလို့ - တူကြောင်းပြစို့ - မူကောင်းရဖို့” ဆိုပြီး အက္ခရာ ၄-လုံးနဲ့ ချီသွားတာကိုလည်း တွေ့နိုင်ပါတယ်။
ဒီလောက်ဆို တေးတွဲ့ကို မြင်သာလောက်ပါပြီ။ ဒီဘက်ခေတ်မှာ လုံးဝမရေးကြသလောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးတွဲ့ အကြောင်းကို ရပ်နားလိုက်ပြီး ရတုအကြောင်းကို ဆက်ပါမယ်။

ဟယ်ရီ

Read More...

Thursday 20 October 2011

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်

အဖြူရောင်သံစဉ် ဖိုရမ် မှာ တွေ့မိတာလေးနဲ့ ပတ်သက်လို့ ပြောချင်လို့ပါ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား ... ဆိုပြီး ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကဗျာရွာမှာ ပထမဆုံး စရေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျနော့်ဘလော့ဂ်မှာ ဆက်ပြီး အပိုင်းလိုက် ရေးတင်ထားပါတယ် ... ကြာပါပြီ ... ၂၀၀၈-ခုနှစ်ကတည်းပါ ... အခုထိ အပြီးမသတ်နိုင်သလေးသလို ဆက်လည်း ရေးနေဆဲပါပဲ ...

ဂန္ထဝင်မြန်မာကဗျာတွေကို ကျနော် အလွန်ချစ်ပါတယ် ... ဒီခေတ်မှာတော့ ဒီလိုကဗျာလေးတွေ အတော်လေး အရေးကျဲသွားတာမို့ ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်ပြီး အမှတ်တရလေး တခု အွန်လိုင်းပေါ်မှာ ကျန်နေအောင် ကျနော်ရေးခဲ့တာပဲဖြစ်ပါတယ် ... ဒါ့အပြင် ဂန္ထဝင်မြန်မာကဗျာဟာ ခေတ်ပေါ်ကဗျာတွေလို မဟုတ်ဘဲ ကာရန်အသံစည်းမျဉ်း၊ ရေးဖွဲ့တဲ့ပုံစံတွေနဲ့ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်းတွေ ရှိတာကြောင့် ဒါတွေကို မသိဘဲ ရေးလို့ မရပါဘူး။ ဒီရေးနည်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကလည်း အတော်လေး ရှားပါးသွားပါပြီ။ ဒါကြောင့် ဂန္ထဝင်မြန်မာကဗျာကို လေ့လာလိုက်စားချင်ကြတဲ့သူတွေအတွက် တတ်နိုင်သမျှ အထောက်အကူဖြစ်စေဖို့ ကိုယ်သိထားသမျှလေးတွေကို မျှဝေပေးချင်တာလည်း ပါပါတယ် ...

မော်ဒန်ကဗျာတွေပဲ အရေးများလာပြီး ဂန္ထဝင်မြန်မာကဗျာတွေ အရေးအလွန်ကျဲနေတဲ့ အခုအချိန်မှာ ဂန္ထဝင်မြန်မာကဗျာတွေကို ရေးတဲ့သူ၊ မရေးတောင် စိတ်ဝင်စားတဲ့သူတွေကို တွေ့ရရင် ကျနော် အလွန်ပဲ ဝမ်းသာမိပါတယ် ... ကြိုးစားရေးကြည့်နေတဲ့သူတွေကိုလည်း ကိုယ် တတ်သမျှ မှတ်သမျှလေး ဝေငှပေးခဲ့ပါတယ် ...

နဂိုကကို ဒီလို တတ်နိုင်သမျှ ဝေငှပေးချင်တဲ့စိတ်နဲ့ ကျနော် ဒီပို့စ်တွေကို ရေးခဲ့တာကြောင့် ဒါတွေကို ဆက်လက် လက်ဆင့်ကမ်းဖော်ပြတာကို ကျနော် ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး ... ငွေကြေးအကျိုးအမြတ်တစုံတရာအတွက်မဟုတ်ဘဲ ရိုးရိုးသားသား ပြန်လည် ကူးယူဖော်ပြ ချင်ရင်လည်း ကျနော့်ဆီက ခွင့်ပြုချက်တောင် တောင်းဖို့မလိုပါဘူး လို့ ကျနော့် ဘလော့ဂ်မှာ အတိအလင်း ရေးထားပါတယ် ... ဒါပေမဲ့ Ethic အနေနဲ့တော့ ကျနော့် အမည်၊ Blog အမည်၊ မူရင်း Post အမည် တွေကိုပဲ Credit အနေနဲ့ ဖော်ပြပေးကြဖို့ ဒီလို မေတ္တာရပ်ခံထားပါတယ် ...

"ဤ Blog ရှိ Post များထဲမှ ရေးသားချက် အပြည့်အစုံ (သို့မဟုတ်) တစိတ်တပိုင်း ကို ငွေကြေး အကျိုးအမြတ် တစုံတရာ မရှိဘဲ မည်သည့် media တွင်မဆို ပြန်လည် ကူးယူ ဖော်ပြလိုပါက ဖြစ်စေ၊ ကိုးကား လိုပါက ဖြစ်စေ ကျနော့်ထံမှ ခွင့်ပြုချက် တောင်းရန် မလိုအပ်ပါ။ ကျနော်၏ အမည်၊ ဤ Blog အမည်၊ မူရင်း Post အမည် များကိုသာ Credit အနေဖြင့် ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။"

ဒီလို ကျနော်ရေးခဲ့သမျှတွေထဲက အချို့ကို Wikimyanmar က စာပေ၊ အနုပညာ Category အောက်က ကဗျာ ခေါင်းစဉ်မှာ ကူးယူဖော်ပြထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%80%E1%80%97%E1%80%BA%E1%80%AC

ဒီလိုဖော်ပြထားပြီး အောက်ဆုံးက "ကိုးကား" စာရင်းမှာ ကျနော့်ဘလော့ဂ်ကို Reference အနေနဲ့ ထည့်ပေးထားပါတယ် ...

ဒီလို ဖော်ပြတာကို ဘာမှ ကန့်ကွက်စရာ မရှိလို့ ကျနော် ဘာမှ မပြောပါဘူး ... မြန်မာကဗျာတွေနဲ့ ပတ်သက်ပြီး လူများများပိုသိသွားလို့ ကျေးဇူးတောင် တင်မိသလို ကိုယ်မြတ်နိုးတဲ့ မြန်မာကဗျာအတွက် တဖက်တလမ်းက တတ်နိုင်သလောက် တာဝန်ထမ်းပေးနိုင်တာမို့ ဝမ်းတောင် သာမိပါသေးတယ် ...

ဒါပေမဲ့ ... အခု အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်မှာကတော့ ဒီ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ကနေ (၄) အထိမှာ ကျနော်ရေးထားသမျှကို ခပ်တည်တည်နဲ့ ဖိုရမ်စာတည်းချုပ် 'မင်းချစ်သူမောင် ' ဆိုသူက ယူတင်ထားတာကို အမှတ်မထင်တွေ့လိုက်မိပါတယ် ...

အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ "မြန်မာကဗျာအစ" ဆိုတဲ့ thread တခု ဖွင့်ပြီး နောက်ထပ် ... အခြေခံအချက်များ၊ ကာရန် ၊ အသံ၊ အစပ်အဟပ် ... ဆိုတဲ့ ခေါင်းစဉ် ၃-ခု အောက်မှနဲ့ ပို့စ် ၄-ခု အဖြစ်ခွဲပြီး တင်ထားပါတယ်။ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....

http://www.apytz.org/68/1248.html

အဲဒီ ပို့စ်တွေဟာ ကျနော်ရေးခဲ့တဲ့ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)
http://harrylwin.blogspot.com/2008/08/blog-post_26.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂)
http://harrylwin.blogspot.com/2008/08/blog-post_27.html

ဆိုတဲ့ ပို့စ် ၂-ခုက အကြောင်းအရာတွေထဲက တချို့ကို ချန်လှပ်ပြီး ကျန်တာကို ၏၊ သည်၊ ၍ မလွဲ၊ ခေါင်းစဉ်ပါ မပြောင်းဘဲ အတိအကျ ကူးတင်ထားတာ ဖြစ်ပါတယ် ...

ဒါ့အပြင် အဲဒီ အဖြူရောင်သံစဉ် ဖိုရမ်မှာပဲ
အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ နောက်ထပ် thread တခု အနေနဲ့ "မြန်မာကဗျာစပ်နည်း များ" ဆိုပြီး ထပ်တင်ထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://www.apytz.org/68/1253/Page-2.html

ဒီ thread ထဲမှာတော့ ...
(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း
ထိပ်ချင်းထပ် စပ်နည်း
ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
ချိန်ခွင်လျှာ စပ်နည်း
ဘီလူးရယ် စပ်နည်း ... ဆိုတဲ့ ပို့စ်တွေအဖြစ် တင်ထားပါတယ် ... ဒါတွေ အားလုံးဟာ ကျနော် ရေးထားတဲ့ ...

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၃)
http://harrylwin.blogspot.com/2008/08/blog-post_28.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၄)
http://harrylwin.blogspot.com/2008/08/blog-post_29.html

.. အဲဒီ ပို့စ် ၂-ခု ထဲက အတိုင်း ထပ်တူ ကူးတူထားတာပါ ... ဇယားလေးတွေကိုသာ ချန်လှပ်ခဲ့တာ၊ ရှေ့နောက် အစီအစဉ် နည်းနည်းပြောင်းထားတာကလွဲပြီး ကျန်တာတွေက တသွေမတိမ်းပါပဲ ...

ဒီလိုတင်တာကို ကန့်ကွက်စရာမရှိပေမဲ့ မူရင်း Source ဖြစ်တဲ့ ကျနော့်အမည်၊ Blog ရဲ့ အမည်နဲ့လိပ်စာ၊ မူရင်းပို့စ် စတာတွေနဲ့ပတ်သက်ပြီး လေသံလေးတောင် ဟ, မထားတာ တွေ့ရတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ် ... အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်ရဲ့ Ethic ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ မူကိုလည်း အံ့သြမိပါတယ် ... အထူးသဖြင့် သာမန်အဖွဲ့ဝင်တဦးတယောက်က တင်တာမဟုတ်ဘဲ စာတည်းချုပ် ဆိုသူ ပုဂ္ဂိုလ်ကိုယ်တိုင်က တင်ထားတာဆိုတော့ ပိုပြီး အံ့အားသင့်မိပါတယ် ...

ကိုးကားတယ်ဆိုတာက အဲဒီလို ထပ်တူပြန်ကူးချတာမျိုး မဟုတ်ပါဘူး ... quote လုပ်ပြီး ထပ်တူပြန်ဖော်ပြချင်ရင်လည်း ကိုးကားတဲ့ မူရင်းဇာစ်မြစ်ကို credit ပေးရပါတယ် ... ဒါဟာ ethic ပါ ...

ဒါပေမဲ့ ဒါမျိုး ခံခဲ့ရပေါင်းကလည်း များလာပြီဆိုတော့ နည်းနည်းတော့လည်း "အရေထူ" နေပါပြီ ... အဲဒီ ဖိုရမ်တခုတည်း မဟုတ်ပါဘူး ... တခြားဖိုရမ်တွေ၊ ဘလော့ဂ်တွေ ရှိပါသေးတယ် ... တချို့ကတော့ စာသားလေးတွေ နည်းနည်းပြောင်းထားကြပေမဲ့ ဥပမာတွေက ကျမ်းတွေထဲကအတိုင်း မဟုတ်ဘဲ ကျနော်ကိုယ်တိုင်သီးသန့်ပေးထားတဲ့ ဥပမာတွေနဲ့ ထပ်တူ ... သူတို့ကိုယ်တိုင်ပေးထားတဲ့ ဥပမာတွေကျပြန်တော့ တလွဲတချော် ... ကူးထားမှန်းက သိသာလွန်းပါရဲ့ ... အထူးသဖြင့် ကျနော်ရေးခဲ့ဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ကဗျာကို "ညီမလေးရေ" ဆိုတဲ့နေရာမှာ "သူငယ်ချင်းရေ" လို့ ပြောင်းလိုပြောင်း၊ မပြောင်းချင်လည်း မပြောင်းဘဲနဲ့ သူတို့နာမည် ခပ်တည်တည် ကောက်တပ်ထားတာတွေကလည်း မနည်းလှဘူးပေါ့ ...

ဒီတော့လည်း ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ထဲက ဒေါ်မြလေး ပြောသလို "မပြောချင်ဘူးနော် .... မပြောချင်ဘူး ... ပြောကို မပြောချင်ဘူး ... " လို့လည်း မပြောတော့ပါဘူး ... ငယ်ငယ်က ရွတ်ဆိုခဲ့ဖူးတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေသီးကောက် ကဗျာလေးကိုသာ စာသားပြောင်းပြီး ...
"Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်" လို့ ဆိုညည်းမိရုံမှတပါး ....

ရွှင်လန်းချမ်းမြေ့ကြပါစေ ....
ဟယ်ရီလွင်

Read More...

Tuesday 18 October 2011

တွေး

တွေးကြည့်စမ်းပါ ... မိုးတိမ်တွေ ယိုစီးကျလာတယ်
ဥယျာဉ်ထဲ တွင်းတတွင်း တူးလိုက်လေ
သူတို့ကို ထည့်ဖို့ ....

ဒီ စာသားလေးကတော့ ကမ္ဘာကျော် Imagine သီချင်းကို မွေးဖွားလာစေဖို့ John Lennon ရဲ့ အာရုံကို နှိုးဆွပေးလိုက်တဲ့ စာသားလေးတွေပါ ... ၁၉၆၃-ခုနှစ်၊ နွေဦးရာသီမှာ ထုတ်ဝေတဲ့ Yoko Ono ရဲ့ Grapefruit ဆိုတဲ့ စာအုပ်ထဲက Cloud Piece ဆိုတဲ့ ဆုံးမစာဆန်ဆန်ကဗျာလေးထဲက စာကြောင်းလေး သုံးကြောင်းပဲ ဖြစ်ပါတယ် .... မူရင်းစာသားက ဒီလိုပါ ...

"Imagine the clouds dripping.
Dig a hole in your garden to
put them in."
(Grapefruit - Yoko Ono)

အဲဒီကနေ ပေါက်ဖွားလာခဲ့တဲ့ Imagine ဟာ "အနီ" ဆန်ပေမဲ့လည်း သီချင်းအနေနဲ့တော့ ကျနော့်အသည်းစွဲဖြစ်ပါတယ် ... ဒါကြောင့် ဘာသာပြန်ပြီး ကဗျာအဖြစ် ရေးကြည့်မိပါတယ် ...

တွေး

တွေးကြည့်စမ်းပါ၊ နတ်ရွာမရှိ၊
ကြိုးစားကြည့်လေ၊ လွယ်ပေမည်ပဲ၊
မြေအောက်ထဲဝယ်၊ ငရဲနတ္ထိ၊
တို့၏ထက်တွင်၊ ကောင်းကင်သာရှိ၊
တွေးကြည့်ပါလား၊ လူသားအားလုံး၊
လှုပ်ရှားရုန်းကန်၊ ရှင်သန်နေကြ၊
ဒီဘဝသာ ပစ္စုပ္ပန်။

တွေးကြည့်စမ်းပါ၊ ပြည်ရွာမရှိ၊
လုပ်ကြည့်ဖို့လည်း၊ မခက်ခဲလှ၊
သတ်ကြသေကြေ၊ ဘာတွက်လေမှ၊
သေရာအကြောင်း၊ မရှိကောင်းဘူး၊
ခညောင်းကိုးကွယ်၊ ဘာသာရယ်လည်း၊
ဒီမယ်မရှိ၊ တကယ်ကြည့်လေ၊
လူတွေအားလုံး၊ ပေါင်းရုံးဝေခြမ်း၊
ငြိမ်းချမ်းယှဉ်တွဲ ဘဝထဲ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် တဘုံတည်း။

တွေးလေကြည့်ရှု၊ ပိုင်ဆိုင်မှုကင်း၊
စဉ်းစားကြည့်လေ၊ ဖြစ်နိုင်ပေစွ၊
လောဘတဏှာ၊ ဆာလောင်ရမ္မက်၊
တပ်မက်မှုကင်း၊ ညီနောင်ရင်းသို့၊
ခပင်းလူပေါင်း၊ ခညောင်းမေတ္တာ၊
တွေးကြည့်ပါလေ၊ လူတွေအကုန်၊
လောကီဘုံအား ...
ပေါင်းခြုံဝေမျှစံစားနေ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် ဘုံရိပ်သာ။ ။

ဒီသီချင်းဟာ Beatles အဖွဲ့အနေနဲ့ မဟုတ်ဘဲ John Lennon ရဲ့ ဒုတိယမြောက် တကိုယ်တော် (Single album) တေးစီးရီးအဖြစ် ၁၉၇၁-ခုနှစ်မှာ ထုတ်ဝေထားတာပါ။ စီးရီးခေါင်းစဉ်ကလည်း Imagine ပါပဲ။ သူကိုယ်တိုင် Piano တီးပြီး ဆိုထားတာမို့ သူ့ရဲ့ Piano လက်သံကိုပါ တပါတည်း နားဆင်နိုင်တဲ့ စီးရီးဖြစ်ပါတယ်။

Imagine ကို ကွန်မြူနစ်တွေရဲ့ "နိုင်ငံတော်သီချင်း" လို့တောင် ဝေဖန်ကြသူတွေရှိသလို ဒါဟာ သူ့အမြင်၊ သူ့ဒဿန သက်သက်ပါလို့ပြောကြတဲ့သူတွေလည်း ရှိပါတယ် ... John Lennon ရဲ့ အပြောင်မြောက်ဆုံး လက်ရာလို့ အများစုက ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ကြပါတယ်။ John Lennon ကိုယ်တိုင်ကတော့ ဒီသီချင်းနဲ့ ပတ်သက်လို့ ...
"Imagine ဟာ ဘာသာအယူဝါဒ၊ အမျိုးသားရေးဝါဒ၊ ရိုးရာအစဉ်အလာ၊ အရင်းရှင်ဝါဒတွေအားလုံးကို ဆန့်ကျင်ထားပါတယ်။ ဒါပေမဲ့လည်း 'သကြားဖုံး' ထားတော့ လက်ခံကြတာပါပဲ ..." လို့ ပြောခဲ့ပါတယ်။

တခါ ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ၁၉၈၀-ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ " ... 'နိုင်ငံတွေ ဘာသာတွေမရှိတဲ့ကမ္ဘာတခုကို တွေးကြည့်ကြပါ' လို့ Imagine သီချင်းနဲ့ ကျနော်တို့ တောင်းဆိုထားပါတယ် ... ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့သဘောပါ ..." လို့ အင်တာဗျူးလုပ်တဲ့ David Sheff ကို ဖြေထားပြန်ပါတယ် ...

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သဟဇာတအတွက် သူ့ရဲ့အာသီသကို စာသားပိုင်းမှာရော ဂီတပိုင်းမှာရော Imagine ဟာ ရိုးရိုးရှင်းရှင်းလေး ထင်ဟပ်ဆောင်ကြဉ်းလာတယ် လို့လည်း ဆိုပါတယ် ...

ဒီသီချင်းနဲ့ ပတ်သက်လို့ ၂၀၀၆-ခုနှစ်မှာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာ က "ကမ္ဘာ့နိုင်ငံအများကြီးမှာ - ကျနော်နဲ့ ကျနော့်ဇနီး နိုင်ငံပေါင်း ၁၂၅-နိုင်ငံလောက် လှည့်လည်သွားရောက်ခဲ့ဖူးသမျှမှာတော့ ဂျွန်လင်နွန်ရဲ့ Imagine သီချင်းသံကို နိုင်ငံတော်သီချင်းတမျှ ဖွင့်နေကြတာကို ကြားရပါလိမ့်မယ် ..." လို့တောင် မှတ်ချက်ချခဲ့ရပါတယ် ...

John Lennon မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိဖြစ်တဲ့ လီဗာပူးမြို့ရဲ့ "လီဗာပူးဂျွန်လင်နွန်လေဆိပ်" ရဲ့ ဆောင်ပုဒ်ကတော့ "Above Us Only Sky" ပါတဲ့ ... Imagine ရဲ့ ပထမအပိုဒ်က စာသားလေး ဖြစ်ပါတယ် ...

မူရင်းစာသားကိုပါ ခံစားနိုင်အောင် မျှဝေလိုက်ပါတယ် ...

Imagine

Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one ...

သီချင်းကို နားဆင်လိုရင်တော့ ဒီမှာပါ ....


 John Lennon - Imagine .mp3
Found at bee mp3 search engine

ကဲ ... John Lennon နဲ့ အတူ တွေးကြည့်လိုက်ကြရအောင်လား ..

ဟယ်ရီ

Read More...

Sunday 16 October 2011

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

ဒီကဗျာလေးက ကျနော် ဘာသာပြန်ထားတဲ့ ကဗျာဖြစ်ပါတယ် ... မူရင်းကဗျာက There Will Come Soft Rains ... ရေးဖွဲ့သူက Sara Teasdale ပါ။ 1920 က ထုတ်ဝေတဲ့ သူ့ရဲ့ Flame and Shadow ကဗျာစာအုပ်ထဲကလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ကျနော် အင်္ဂလိပ်ကဗျာတွေ သိပ်ဖတ်လေ့မရှိပါဘူး ... ကဗျာဆိုတာက စကားလုံးအဓိကမို့ မူရင်းဘာသာစကားက ကိုယ့်မိခင် ဘာသာစကားမဟုတ်တဲ့အတွက် အပြည့်အဝ ခံစားလို့ မရနိုင်တာကြောင့်ပါ ...

ဒီကဗျာကိုတော့ Facebook Group တခုဖြစ်တဲ့ Meet the Poetry Group က ကျနော့်မိတ်ဆွေကြီး ကိုခွန်းချို
(Khun Cho) က ပို့စ်တခုမှာ မိတ်ဆက်ရေးထားတာလေး တွေ့တာနဲ့ ဖတ်ကြည့်မိရင်း သဘောကျသွားပါတယ် ... 'There Will Come Soft Rains' ဆိုတဲ့ဝတ္ထုတိုလေးထဲမှာ မျက်နှာကျက်စက်ရုပ်က အဲဒီကဗျာလေးကို အလိုအလျောက် ရွတ်ပြတဲ့ အရေးအသားတစ်ခု ကို သဘောကျသွားမိလို့ ဒီကဗျာလေးကို တင်ပေးတာလို့ ဆိုပါတယ် ... ဒါနဲ့ ဘာသာပြန်ချင်စိတ် ပေါက်လာလို့ ဘာသာပြန်ကြည့်ပါတယ် ...
ဒီလို ဘာသာပြန်ကြည့်တော့ ကျနော်တွေ့ကြုံခဲ့တာလေးတွေကို အရင်းအတိုင်း ဖောက်သည်ချချင်စိတ် ပေါ်လာတာနဲ့ နောက်ဆုံး အချောသပ် ကဗျာသက်သက်ကိုတင်မဟုတ်ဘဲ စရေးမိတဲ့ ပုံစံကနေ စပြီး အားလုံးကို ဝေငှတင်ပြလိုက်ပါတယ် ....
အရင်ဆုံးတော့ မော်ဒန်ပုံစံမျိုးဆန်ဆန် ဘာသာပြန်ရင်း ချရေးလိုက်မိတာက ဒီလိုပါ ...

မိုးဖွဲလေးတွေကျလာလိမ့်မယ်

မိုးဖွဲလေးတွေကျလာလိမ့်မယ်၊ မြေသင်းနံ့လေးတွေရောပေါ့
့ပျံလွှားငှက်တွေ ကျည်ကျည်ကျာကျာမြည်ရင်း လှည့်လည်ဝဲပျံကြ၊
ရေအိုင်ထဲက ဖားငယ်တွေလည်း ညအခါ တေးသီကြလိမ့်မယ်
မက်မန်းပင်ရိုင်းတွေက ဖြူဖျော့ဖျော့အလင်းအောက်
ရော်ဘင်တေးဆိုငှက်လေးတွေက မီးလျှံအမွှေးအတောင်တွေဝတ်ရုံရင်း
သံဆူးကြိုးစည်းရိုးနိမ့်နိမ့်တွေမှာ တေးချင်းတွေ ညည်းနေကြလိမ့်မယ်
သူတို့တွေ ဘယ်သူမှ စစ်ပွဲကို သိမှာမဟုတ်ကြပါဘူး
နောက်ဆုံးတော့ စစ်ပွဲကြီး ပြီးသွားပြီမှန်း ဘယ်သူမှလည်း ဂရုစိုက်ကြမှာမဟုတ်ပါဘူး
ငှက်တွေဖြစ်ဖြစ် သစ်ပင်တွေဖြစ်ဖြစ်
လူသားမျိုးနွယ်တခုလုံး အပြီးသတ်ချေမှုန်းခံလိုက်ရပြီမှန်းလည်း
ဘယ်သူမှ သတိထားမိကြမှာမဟုတ်ပါဘူး
နွေဦးပျိုမဟာ အရုဏ်ဦးမှာ နိုးထလာတဲ့အခါမှာလည်း
တို့တွေ မရှိတော့ပြီမှန်း သိနိုင်ခဲသားပါလားလေ .... ။ ။

ခေါင်းစဉ်ကိုတော့ ရိုးရိုးပဲ "မိုးဖွဲလေးတွေကျလာလိမ့်မယ်" ဆိုပြီး ပေးလိုက်ပါတယ် ... ဒါပေမဲ့ ဒီလိုရေးရတာ ကျနော့်စိတ်ထဲ ပေါ့နေသလို ဖြစ်နေပါတယ်။ ဒါနဲ့ ကာရန်ပါအောင် ရေးမယ်ဆိုပြီး စီနေရင်းနဲ့ အောက်က ကဗျာပုံစံမျိုး ဖြစ်သွားပါတယ် ...

မိုးဖွဲလေးတွေ စွေလာစဉ်

မိုးဖွဲလေးတွေ၊ စွေလာစဉ်၊ မြေသင်းနံ့တွေယဉ်၊
ပျံလွှားခင်တို့၊ ကျည်ကျာတေး၊ ပျံဝဲလှည့်လည်ကျွေး။
ရေအိုင်ထဲက ဖားငယ်တွေ၊ ညဥ့်ယံတေးသံချွေ၊
ဖြူဝေဖျော့လျ ကောင်းကင်အောက်၊ မက်မန်းရိုင်းတွေ ပေါက်။
မြေလူးငှက်တို့ မီးလျှံသွင်၊ မွှေးတောင်ဝတ်ရုံဆင်၊
ဆူးပြင်စည်းရိုး နိမ့်နိမ့်ထက်၊ တေးချင်းညည်းကာဆက်။
သူတို့အားလုံး မသိပေ၊ စစ်ပွဲဆိုတာလေ။
နောက်ဆုံးတော့လေ သည်စစ်ပွဲ၊ ပြီးလည်း မှုမဲ့ပဲ။
ငှက်နဲ့သစ်ပင် သိမမြင်၊ လူသားမျိုးနွယ်စဉ်၊
ကြမ္မာငင်လို့ ပျောက်ပျက်သွား၊ သူတို့ အလေးမထား။
နွေဦးပျိုမ နိုးထစဉ်၊ အရုဏ်ဦးနီလွင်။
တို့မျိုးစဉ်ဆက် ကွယ်ပျောက်ဝေး၊ သိမြင်ဖို့ခက်သေး။

ဒီတခါတော့ "မိုးဖွဲလေးတွေ စွေလာစဉ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်။ တခါ ပြန်ဖတ်ကြည့်ပါတယ်။ ဒီတခါလည်း ကလေးကဗျာလို ဖြစ်နေတာနဲ့ သိပ်သဘောမတွေ့ပါဘူး ... ဘာဖြစ်လို့လဲ ဆိုတော့ မူရင်းကဗျာရဲ့ အနှစ်သာရ (main theme) က အလွန်လေးနက်နေလို့ပါ ... ဒါနဲ့ သူ့မူရင်းကဗျာဖွဲ့ပုံကို ပြန်ကြည့်မိပါတယ်။ ဒီတော့ တပိုဒ်မှာ နှစ်ပါဒစီကို အချအညီ (rhyming couplet) ရေးထားတဲ့ ၁၂-ကြောင်းကဗျာ (12-line poem with six stanzas) ဖြစ်နေတာကို တွေ့တာနဲ့ ဒွေးဆစ်ပုံစံ အချိုးတွဲ ပြောင်းရေးကြည့်တော့ ဒီလို ထွက်လာပါတယ် ...

မိုးဖွဲစွေ၊ မြေသင်းနံ့ကျဲ။
ပျံလွှားတွေကျည်ကျာမြည်ရင်း၊ လှည့်လည်ပျံဝဲ။
ရေအိုင်ဝယ်၊ ဖားငယ်တို့ ညဥ့်ယံတေး။
မက်မန်းရိုင်းပင်ပျိုတို့၊ ဖြူဖျော့စိုကောင်းကင်အောက်၊ ပေါက်ကြလိမ့်သေး။
မြေလူးငှက် မီးလျံသွင်၊ မွှေးတောင်ဆင် ဝတ်ရုံသွေး။
ဆူးကြိုးပြင်စည်းရိုးနိမ့်မှာ၊ တေးငြိမ့်သီကြွေး။
စစ်ပွဲတွေ၊ သူတို့လေ သိနိုင်ခဲ။
နောက်ဆုံးမှာ၊ ပျောက်ဆုံးကာ စစ်ရပ်စဲ၊ လေးမူမိဘဲ။
လူ့မျိုးနွယ်၊ တခုလုံးရယ် အပြီးသတ်၊ ပျက်သုဉ်းရပ်စဲ။
ငှက်နဲ့အပင်၊ တွေးစိတ်ဝင် ယှဉ်မမိ၊ သိမည်ဟုတ်ဘဲ။
နွေဦးပျို၊ နိုးထကြို အရုဏ်သွေး။
တို့မရှိပြီ၊ ပျို့အသိဆီ ဉာဏ်ထင်လျက်၊ မြင်ရန်ခက်သေး။

ဒါလည်း သိပ်စိတ်တိုင်းမကျသေးဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ခေါင်းစဉ် မစဉ်းစားတော့ပါဘူး။ ဒီမှာတော့ အဓိကအားဖြင့် စိတ်တိုင်းမကျ ဖြစ်နေတာက Rhythm ပါ ... Rhythm ကို မကြိုက်ဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ပုံစံကို ဂရုမစိုက် တော့ဘဲ လင်္ကာသွားနဲ့ ပြောင်းရေးကြည့်လိုက်ပါတယ် ...

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

မိုးဖွဲလေးတွေ၊ စွေလာလိမ့်မည်၊
မြေဆီသင်းနံ့၊ ပျံ့လိမ့်မည်ပင်၊
ငှက်လျင်ပျံလွှား၊ ဝဲပျံသွားရင်း၊
တေးသွားကျည်ကျာ၊ မြည်ပါလိမ့်သေး၊
ဖားငယ်တေးသီ၊ ရေအိုင်ဆီမှ၊
ညလည်ယံနော့၊ တေးကျော့သီငင်၊
မက်မန်းပင်ရိုင်း၊ ဖြူဖျော့ဆိုင်းလွင်၊
ကောင်းကင်နောက်ခံ၊ ပေါက်လိမ့်မှန်သည်၊
မီးလျှံဆင်သွေး၊ မွှေးတောင်လှထူး၊
ငှက်မြေလူးတို့၊ သံဆူးစည်းရိုး၊
နိမ့်မျိုးထက်ဝယ်၊ တေးသံသွယ်လျ၊
ဆိုပါကြသေး၊ သူတို့တွေးဝယ်၊
စစ်ပွဲဘေးရန်၊ မသိပြန်တည့်၊
ဖန်ဖန်ဆင်နွှဲ၊ သည်စစ်ပွဲလည်း၊
မလွဲသွေပျောက်၊ နောက်ဆုံးရောက်သော်၊
ပြီးပျောက်ပြေငင်၊ သိမမြင်တည့်၊
သစ်ပင် ငှက်များ၊ မှုမထားသည်၊
လူသားသိကြွယ်၊ လူ့မျိုးနွယ်ဇာတ်၊
ပြီးပြတ်ချေမှုန်း၊ ပျက်သုဉ်းပျောက်ကွယ်၊
စိတ်ဝယ်မှန်းဆ၊ မသိကြပေ၊
နွေဦးပျိုမ၊ အရုဏ်ပျ၌၊
နိုးထခဲ့စဉ်၊ တို့မျိုးစဉ်ဆက်၊
ပျက်ငင်ပြိုကွဲ၊ သုဉ်းပြတ်စဲကြောင်း၊
သူလည်းသိခဲပေလိမ့်မည်။ ။

အခုနောက်ဆုံး လင်္ကာသွားနဲ့ ရေးလိုက်တာကို ကျနော့်စိတ်ထဲ ဘဝင်အကျဆုံးမို့ ဒီကဗျာကိုပဲ နောက်ဆုံးအတည်အဖြစ်ယူပြီး တင်ဆက်လိုက်ပါတယ် ... မူရင်းကဗျာကိုပါ ဖတ်ရှုခံစားနိုင်အောင် တဆက်တည်း တင်ပေးလိုက်ပါတယ် .... ဖတ်တဲ့သူတွေအနေနဲ့တော့ ဘယ်ဟာကို အကြိုက်ဆုံးလဲ မသိဘူးပေါ့နော် ... ဘယ်ဟာမှ မကြိုက်တာလည်း ဖြစ်နိုင်ပါရဲ့ ... :D

There Will Come Soft Rains (By Sara Teasdale)

There will come soft rains and the smell of the ground,
And swallows circling with their shimmering sound;
And frogs in the pools singing at night,
And wild plum trees in tremulous white;
Robins will wear their feathery fire,
Whistling their whims on a low fence-wire;
And not one will know of the war, not one
Will care at last when it is done.
Not one would mind, neither bird nor tree,
if mankind perished utterly;
And Spring herself, when she woke at dawn
Would scarcely know that we were gone.

ကျနော်လေရှည်မိသမျှ သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

Read More...

Saturday 8 October 2011

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာတွေကို ဖွဲ့တဲ့ပုံစံက "အချိုးတွဲ" ကဗျာ အမျိုးအစား လို့ သတ်မှတ်ထားကြပါတယ် ...

အချိုးကဗျာဆိုတာ ဂန္ထဝင်ကဗျာပုံစံဖြစ်တဲ့ "ဒွေးချိုး" "တြိချိုး" "လေးချိုး" တို့ကို ခေါ်ပါတယ်။ တကယ်တော့ ဒီပုံစံတွေက သူ့ဟာသူ သီးသန့်ကို ကဗျာတပုဒ်အဖြစ်တည်ရှိနေပါတယ်။ ဒွေးချိုးတပုဒ်ကို ဥပမာ ပြရမယ်ဆိုရင် ...

ပစ်မခွါ၊
နှစ်တရာရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။ ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊
ရိုးမြေပြာကျ။ ။

အချုပ်တန်းဆရာဖေရဲ့ အထက်ပါ ဒွေးချိုးဟာ သူ့ချည်းပဲကို ကဗျာတပုဒ် အဖြစ် သီးသန့်တည်ရှိနေပါတယ်။ ဒီလိုပါပဲ .. လေးချိုးတွေ ကိုကြည့်မယ်ဆိုရင်လည်း ...

ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်။

ပျိုတို့လူ ယာမလုပ်တယ်၊
ဝါးခုတ်တဲ့တောင်။

နွားညီနောင်၊
စည်အောင်ပ ဖေကျောင်း။

မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
လှည်းယာဉ်နဲ့မောင်း။ ။‎

ဒီ "လှည်းယာဉ်" ဆိုတဲ့ လေးဆစ်ကလေးကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ် .. သူ့ဟာသူကို ကဗျာတပုဒ်အဖြစ် သီးသန့်ရပ်တည်နေပါတယ် ... (လေးဆစ် ဆိုတာ လေးချိုးအတိုလေးကို ပြောတာပါ၊ လေးချိုးငယ် လို့လည်း ခေါ်ပါတယ်)

ဒါပေမဲ့ ဒီလိုပုံစံတွေကို တွဲစပ်ပြီး ကဗျာရှည်တပုဒ်အဖြစ် ခေတ်စမ်းကဗျာတွေမှာ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် စတဲ့ ကဗျာကဝိများက ရေးသားခဲ့ကြပါတယ် ... "ဗေဒါလမ်း" တွေဟာ ဒီအမျိုးအစားထဲကပါ။ တခုသတိပြုဖို့ကတော့ အချိုးတွဲကဗျာတွေမှာ အချိုး ၂-မျိုး၊ ၃-မျိုးကို တွဲစပ်ရေးသားပေမဲ့ အကြောင်းအရာအားဖြင့်ကတော့ တခုတည်းပဲ ဖြစ်ပါတယ်။

ဒါကတော့ ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို တင်ပြခြင်း ဖြစ်ပါတယ် ... ဥပမာ အနေနဲ့ ဗေဒါလမ်း (၁၃) ဆိုင်ခင်းလျက်ပဲ ကို ပြပါမယ် .. ဒွေးချိုး ၄-ပုဒ် နဲ့ လေးဆစ် (လေးချိုး) ၁-ပုဒ်ကို တွဲစပ်ပြီး ကဗျာတပုဒ်အဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ် ... အချိုးကဗျာတိုင်းရဲ့ ပဓာနကာရန်တွေကို လက်သည်းကွင်း ( )၊ ထောင့်ကွင်း [ ] တွေနဲ့ ပြထားပါတယ်။ ဒွေးချိုးတွေရဲ့ အချ (အဆုံးသတ်ကာရန်) ကို တွန့်ကွင်း { } နဲ့ပြထားပါတယ်။ လေးချိုး ရဲ့ ကာရန်ပြန် ကိုလည်း တွန့်ကွင်း { } နဲ့ပဲ ပြထားပါတယ်။ ဒါကြောင့် နောက်ဆုံးအုပ်ပိုဒ်ရဲ့ အချကို ထောင့်ကွင်း [ ] နဲ့ ပြန်ပြလိုက်ပါတယ်။ လေးချိုးမှာ ကာရန်ပြန် ဟာ သိပ်အရေးကြီးပါတယ်။ အများစု သတိမမူမိဘဲ အဲဒီနေရာမှာ ကာရန်လွတ်သွားလေ့ရှိပါတယ်။ အဲဒါဆိုရင် အချိုး ပျက်တော့တာပါပဲ။

ဒွေးချိုး (၁)
အညာ(လှေ)။
အညာ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ထန်းလျက်(ခဲ)ရယ်နဲ့
(ပဲ)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၂)
တံငါ(လှေ)။
တံငါ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ပုစွန်(ကျား)ရယ်နဲ့
(ငါး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၃)
ကမ်းစပ်မှာ (မြှောင်)။
အိုး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ရာဝင်(အိုး)ရယ်နဲ့
(အိုး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၄)
ကမ်းစပ်မှာ(မြှောင်)။
ဝါး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ခယင်(ဝါး)ရယ်နဲ့
(ဝါး)မျိုးစုံ ကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

လေးချိုး (လေးဆစ်) (၅)

ဒီလမ်းက ပန်းဗေ{ဒါ}။

ဆန်ရေစုန်(ရေ)နဲ့
ထုံပေ(ပေ)သူမ[နား]၊ [သွား]ရခါ{ခါ}။

ပါပါစ ရောင်းစ{ရာ}၊ {ပါ}ရှာဘု သူတို့[နဲ]။

အပြာမှာ အဝါ(ကွက်)ကယ်နဲ့
အ(တက်)မှာသူရွှင်[ပြ]ပေမဲ့၊
[ကျ]လည်းလေ သူမ(ငြင်း)ရှာဘု
ဒီချောင်းရေ ကောက်က(စင်း)မှာ
ဆိုင်(ခင်း)လျက်[ပဲ]။ ။


ဒါလောက်ဆိုရင် ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို မြင်သာလောက်ပြီ လို့ ထင်ပါတယ် ... ကျန်တဲ့ ဗေဒါလမ်း ကဗျာအားလုံးဟာ လည်း ဒီလိုပဲ အချိုးတွဲပုံစံနဲ့ ရေးသားဖွဲ့ဆိုထားတာဖြစ်ပါတယ် ...

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

Read More...

ဗေဒါလမ်း Ebook

ဗေဒါလမ်း ချစ်သူများအတွက် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို ကျနော် ebook လုပ်ပြီး တင်ပေးလိုက်ပါတယ် ... မြန်မာပြည်က လူတွေပါ download လုပ်လို့ရအောင် filefactory နဲ့ တင်လိုက်ပါတယ် ...

http://www.filefactory.com/file/ceb5def/n/Baydarlann__Zawgyi_ebook.pdf
စာအုပ်ကို ဖွင့်ဖို့အတွက်တော့ password လိုပါတယ် ...


password ကတော့ harrylwin ဖြစ်ပါတယ် ... :D

Download လုပ်ဖို့အတွက် လင့်ခ်အတိုင်းသွားလိုက်ပါ ... အဲဒါဆို Filefactory ရဲ့ Download page ကိုရောက်သွားပါလိမ့်မယ် ... အဲဒါဆို အောက်ဘက်ကို သွားပါ ... Slow Download ဆိုပြီး ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ အနီရောင်နဲ့စာတမ်း ကို click လုပ်လိုက်ပါ ... ပြီးရင် ထပ်ပေါ်လာတဲ့ အကွက်လေးထဲမှာ သူပြထားတဲ့ verification code ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ... "pleas wait 30 seconds .. " ဆိုတဲ့ စာတမ်းလေး ပေါ်လာပါမယ် ... စက္ကန့် ၃၀ စောင့်ပြီးရင် "Your download link is ready at the bottom of this page" ဆိုတဲ့ အစိမ်းရောင်စာတမ်းလေး ပေါ်လာပါလိမ့်မယ် ... အဲဒါဆိုရင် အဲဒီ page ရဲ့ အောက်ဆုံးကို သွားပြီး စောစောက Slow Download ဆိုတဲ့ ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ "Download" ဆိုတဲ့ အနီရောင်နဲ့စာတမ်းလေးကို Click လုပ်လိုက်ရင် ရပါပြီ ...


ဒီ ebook ထဲမှာ မာတိကာ ကနေ ကိုယ်ဖတ်ချင်တဲ့ ကဗျာကို click လုပ်ပြီး တိုက်ရိုက်သွားလို့ ရပါတယ် ...
မာတိကာ ကို ပြန်သွားချင်ရင် စာမျက်နှာတိုင်းရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ အပြာရောင်မျဉ်းလေးပေါ်က" ဗေဒါလမ်း ...... ဇော်ဂျီ "ဆိုတဲ့ ဧရိယာ ဘယ်နေရာကို နှိပ်နှိပ် မာတိကာ စာမျက်နှာကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ် ...
PDF Bookmark pane ကို ဖွင့်လိုက်ရင်လည်း မာတိကာ ပေါ်နေမှာ ဖြစ်ပြီး အဲဒီကနေလည်း ကြိုက်တဲ့ ကဗျာ ကို တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ...

Read More...

Sunday 2 October 2011

လမင်းပိုင်တဲ့ပန်း (Flor De Luna)

အို ကြာပွင့် ကုမုဒြာ
လရိပ်ဆမ်းဖြာ ပန်းပွင့်လာ
မဟူရာည တင့်တယ်ရာ၊
အပူဖြာသမျှ လွင့်ပြယ်သွား။
ဇာခြည်တန်းလွှမ်းခြုံ၊
နွမ်းအာရုံ ဝေးလွင့်သွေ၊
ပန်းကြာငုံထွေးပွင့်စေသား။

ပြာရီဝေသီ
ညှို့ချက်တွေဆန်း ကမ်းစပ်နားဆီ
မြူမှုန်တွေ ဝေ့ဝဲလည်
နီလာကြာနန်း
လရိပ်ဇာ အမျှင်တန်း
မှန်းကာသန်း ... လွမ်းခဲ့သည်
ညိုမှောင်လျ လင်းပြာရီ။ ။

Carlos Santana ရဲ့ Flor De Luna (Moon Flower) ကို ခံစားပြီးရေးလိုက်ပါတယ် ... တချိန်က ဂစ်တာသမားတွေ အားလုံးလိုလို အကြိုက်တွေ့ခဲ့တဲ့ ကမ္ဘာကျော်တေးသွားဖြစ်ပါတယ် ... ကျနော်ကိုယ်တိုင်လည်း အလွန်စွဲလမ်းခဲ့ဖူးတဲ့ တေးသွားပါ ... ဂစ်တာတီးသက်လေး နည်းနည်းလည်းရလာရော အရူးအမူးလေ့ကျင့်တီးခတ်ခဲ့ဖူးတဲ့ တေးသွားပါ ... ကျနော်တို့ အရွယ် ဂစ်တာသမားများ ပြန်လည်ရင်ခုန်ကြရအောင် ... နားမထောင်ဖူးသေးတဲ့သူများလည်း နားဆင်ခံစားရအောင် Carlos Santana ရဲ့ မူရင်းလက်သံကိုပါ ထည့်ပေးလိုက်ပါတယ် ...



ကျေးဇူးအထူးပါ ခင်ဗျ

ဟယ်ရီ

Read More...