Wednesday 27 March 2013

ရုတ်ချည်းလက်တန်း စိမ့်စမ်းရေလျဉ်

မျက်နှာဆီ ရှက်ပြုံးနဲ့၊
မျက်လုံးမှာရီ၊
ကြည်စယ်တဲ့ စကား။

သူ့မျက်နှာ လှရည်လူး၊
ဖူးတွေ့ချင်သား။ ။

(ဟယ်ရီလွင်)


ရုတ်တရက် ကျနော့်ရင်ထဲက ထွက်ပေါ်လာတဲ့ ဒွေးဆစ်လေးဖြစ်ပါတယ် ... အဲဒါနဲ့ ခေါင်းစဉ်တောင် မပေးတော့ဘဲ Facebook ပေါ် status ကောက်တင်လိုက်တော့ ချက်ခြင်း ဆိုသလိုပဲ ညီလေး ကမ္ဘာ့ဖျာ၊ သမီး ယဉ်နှောင်းနဲ့ တူလေး Mars Sixteenth တို့ဆီက ကိုယ်တွင်းပြည့်နဘေထပ်ထားတဲ့ ဒွေးချိုးလေးတွေ တမဟုတ်ခြင်း စီးဆင်းလာပါတယ် ... ဒီအတိုင်းထားလိုက်ရင် ပျောက်ပြက်သွားမှာမို့ ဒီမှာပဲ ပို့စ်အဖြစ်နဲ့ ပြန်လည် မျှဝေလိုက်ပါတယ် ...

၆-မိနစ်အကြာမှာ ပထမဆုံး တက်လာတာက Facebook ပေါ်မှာ နာမည်ကျော်ကြား လူသိများတဲ့ ညီလေး ကမ္ဘာ့ဖျာ ဆီကပါ ...

ခက်ပါပြီ သက်ဆုံးကွဲ့
ထက်လုံးစာ ရည်
တည်ရွယ်မယ့် အလား။

ရှု့မျက်နှာ ပကြည်နူး
ထူးပေ့ရင်ထား။ ။

(ကမ္ဘာ့ဖျာ)

နောက်ထပ် ၆-မိနစ်အကြာမှာ တက်လာတာကတော့ ချစ်သမီး ယဉ်ယဉ်နှောင်း ရဲ့ ကဗျာလေးပါပဲ ... ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး ... အရွယ်ကလေးနဲ့ မလိုက်အောင် တော်လို့ ကျနော်ကိုယ်တိုင် လက်ဖျားခါယူရတဲ့ ကလေးပါ ...

လက်ပြာရီ မျက်လုံးနဲ့ 
တစ်သက်လုံးသာကြည်
အတည်တကယ်တဲ့လား။

နုလက်ဖြာ ညရည်ဦး
မြူးစေ့ခင်အနား။ ။

(ယဉ်ယဉ်နှောင်း)


နောက်ထပ် ၅-မိနစ်အကြာမှာတော့ ဆရာဝန်ကဗျာဆရာလေးဖြစ်တဲ့ တူကလေး Mars Sixteenth ရဲ့ ကဗျာလေး ထပ်တက်လာပြန်ပါတယ် ....

သက်လျာရီ ပျက်မုန်းနဲ့
ဆက်ပြုံးပါလီ
ရည်ရွယ်တဲ့အလား။

နုသက်လျာ လှကြည်နူး
ထူးပေ့ဆင်ထား။ ။

(Mars Sixteenth)

နောက်ထပ်တဖန် အလှည့်ကျလာသူကတော့ ကျနော့်သူငယ်ချင်းလည်းဖြစ်၊ ညီအကိုလိုလည်းချစ်တဲ့ လူပျိုကြီး ကိုနေထွန်း (Nay Htun) ပဲ ဖြစ်ပါတယ် ... ကျနော့်ရဲ့ “ခရမ်းပြာနှင်းဆီ” ကဗျာကို သံစဉ်ထည့်၊ ကိုယ်တိုင် တီးခတ်သီဆို အသံဖမ်းပြီး လှပတဲ့ သီချင်းကလေးတပုဒ်အဖြစ် ဖန်တီးပေးခဲ့သူပါ ... သူ့ဆီက ကျနော် လုံးဝမျှော်လင့်မထားတဲ့ ကဗျာလေး တွေ့လိုက်ရတော့ အံ့သြဝမ်းမြောက်မိပါတယ် ... သူရေးလိုက်တာက ဒီလိုပါ ...

လက်ညာညီ ဆက်ထုံးဖွဲ့
ကပ်သုဉ်း ကမ္ဘာတည်
ရည်ရွယ်ခဲ့သား။

ခုသက်တာ ရချည်ဘူး
မူးမေ့ချင်သား။

(Nay Htun)
သူ့ကဗျာကို ဖတ်ပြီး "ဆရာနေ ခေသူမဟုတ်၊ လုပ်လှချည်လား ... " လို့သာ ပြန်ပြောနိုင်ပါတော့တယ် ...

ကဗျာတခါမှ မရေးခဲ့ဖူးတဲ့ ကိုနေထွန်းရဲ့ ခေသူမဟုတ်ကြောင်း ပြထားတဲ့ ကဗျာလေးနဲ့ တချိန်တည်းပဲ ဆက်တိုက် ထပ်တက်လာတာက ကို Par La ရဲ့ ကဗျာပဲဖြစ်ပါတယ် ...

ဆက်ကာစီ ထပ်ဦးမတဲ့
သက်ဖုန်းသာရည်
ဖက်ဦးမှာအတည်
မက်မဆုံးပါပြီ
လီဆယ်တဲ့ စကား။

သူ့မျက်နှာ
ဖူးရက်ပါ
ထုသတ်ကာ
ရည်ရွယ်စူး
မူးမေ့ချင်သား။

(Par La)

ပိုပြီး ထူးခြားတာက ကို Par La ရဲ့ ကဗျာက တွန့်ပိုဒ်လေးတွေ ဖြည့်ထားတာပါ ... အခုမှ ဒွေးချိုးရေးနည်းကို ကျနော့်ဆီက မေးပြီး ချက်ခြင်း ကောက်ရေးသွားတဲ့အပြင် အပိုတွန့်ပိုဒ်လေးတွေနဲ့ပါ တန်ဆာဆင်ထားလိုက်တာကတော့ လေးစားလောက်ပါတယ် ...

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး ... Thamee Myat ကလည်း တပြိုင်တည်း ဆိုသလို ရှေ့ဆင့်နောက်ဆင့်ပဲ ကဗျာလေး တပုဒ်နဲ့ ရောက်လာပြန်ပါတယ် ...

ရှက်ဖြာညီ ပျက်မုန်းနဲ့
သက်လုံးသာကြည်
မီတွယ်ခဲ့ မခြား။

ခုသက်လျာ က ရည်စူး
မြူးနေ့ စဉ်ဗျား။

(Thamee Myat)

သူတို့ သုံးယောက်ရဲ့ ကဗျာလေးတွေက ပထမကဗျာ သုံးပုဒ်နဲ့ နာရီဝက်လောက်ပဲ ခြားပြီး ရောက်လာတာပါ ...

ရှိသမျှ စကားလုံးအားလုံးကို တလုံးမကျန် နဘေအပြည့်ထပ်ရတဲ့ ကိုယ်တွင်းပြည့်ရေးနည်းဟာ မြန်မာကဗျာရဲ့ ကာရန်စံနစ်မှာ အဆင့်အမြင့်ဆုံးရေးနည်းလို့ ဆိုနိုင်ပါတယ်။ နဘေထပ်တယ် ဆိုကတည်းက စကားလုံးတိုင်း ကာရန်တူရမယ့်အပြင် အဓိပ္ပာယ်ကလည်း ရှိဦးမှ ... လှပတဲ့ အဖွဲ့အနွဲ့လည်း ဖြစ်ဦးမှ ... တနည်းအားဖြင့် သဒ္ဒါလင်္ကာရရော အတ္တာလင်္ကာရနဲ့ပါ ပြည့်စုံမှ လှပတဲ့ ကဗျာတပုဒ်ဖြစ်လာမှာပါ ... အချိန်ယူရေးဖို့တောင် သိပ်မလွယ်တဲ့ ဒီလိုရေးနည်းမျိုးကို လင်္ကာရအဆင်တန်ဆာအလှတွေအပြည့်နဲ့ ချက်ခြင်း လက်တန်းချရေးဖို့ဆိုတာ အလွန်ကို မလွယ်တဲ့ စပ်ဆိုမှုမျိုးဖြစ်ပါတယ်။ ဒါမျိုးကို မိနစ်ပိုင်းသာခြားပြီး ချက်ခြင်းဆိုသလို ရှေ့ဆင့်နောက်ဆင့် တက်လာကြတဲ့ ကဗျာတွေကို ကြည့်ရင်း သူတို့တွေရဲ့ ကဗျာပါရမီကို ကျနော် ကြည်နူးလေးစားစွာ ဦးညွတ်မိပါတယ် ... ကျနော် တခါက ပြောခဲ့ဖူးသလိုပဲ မြန်မာဂန္ထဝင်ကဗျာတွေမှာ ဒီလို အပြန်ချိုးလေးတွေနဲ့ အသွားအပြန်ဖြစ်စေ၊ အဖြည့်ချိုးလေးတွေ ဖြည့်လို့ဖြစ်စေ တဦးနဲ့တဦး ရေးပေးလေ့ရှိကြပါတယ် ... နောက်ပြီး တခါတလေ ကဗျာကောင်းလေးတွေ ဖတ်မိမှ ကဗျာဝိညာဉ်က နိုးလာတာမျိုးလည်း ရှိတတ်ပါတယ် ... ခုဆို မြန်မာ့ဂန္ထဝင်ထုံးတမ်းအတိုင်း ကဗျာဝိညာဉ်များနိုးထလို့ ဒီလို နှလုံးသားက ရုတ်ချည်းလက်တန်း စီးဆင်းကျလာတဲ့ စိမ့်စမ်းရေလျဉ်လေးတွေကြောင့် ကျနော့် status လေးဟာ စိုပြည်သာယာလှပသွားတယ်ဆိုရင် လွန်အံ့မထင်ပါ ...

မူရင်းကဗျာပို့စ်နဲ့ comment များကို ဒီမှာ ဖတ်ရှုနိုင်ပါတယ် ....
http://www.facebook.com/harry.lwin.3/posts/10151542125129587?notif_t=like

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီလွင်

No comments: