Sunday, 18 December 2011

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

ရတု

အခု ဖော်ပြမှာကတော့ လူအများဆုံးမေးကြတဲ့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ‎ရတုဟာ လင်္ကာရဲ့ အကိုင်းအခက် တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော် အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခဲ့ကြပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် - တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊ လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတွေ၊ ရာဇဓာတုကလျာမင်းသမီး၊ ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင် ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လို ဘုရင်မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။

ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေသည် မဟာသမုဒ္ဒရာ ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံးရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီး ဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့ သဘောလက္ခဏာကို ‎အကုန်အစင် သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း ‎အကုန်လွယ်ကူ နားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားပြပါမယ်။ ဒီလို ပိုင်းခြားမပြခင်မှာ ရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကို အလျဉ်းသင့်လို့ ဒီနေရာမှာ ဗဟုသုတအနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။


ရတုဟူသည် ...

မြန်မာစာပေမှာ ပုဂံခေတ်ကတည်းက ရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်း ထင်မြင်ယူဆဘွယ်ရှိပါတယ်။ ပုဂံခေတ်မှာ ပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတွေ့ရှိကြရပေမဲ့လည်း ရတုသဘော သက်ဝင်တဲ့ လင်္ကာတိုကလေးတွေကို တွေ့ရှိရတာကြောင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွေမှာ ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရ တာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ် နရပတိစည်သူမင်းကြီးလက်ထက်မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲဆဲမှာ ရေးခဲ့တဲ့ ...
"သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"
အစချီတဲ့ လင်္ကာတိုကလေးရယ်၊ အဲဒီခေတ်ကာလလောက်ကပဲ ဖွဲ့ဆိုတယ်လို့ ယူဆနိုင်တဲ့ ...
"သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ ပန်းစကား"
အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ ယူဆအပ်တဲ့ ...
"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"
အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့ ဖွဲ့ဆို ထားပြီး အချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့ တကယ်တော့ ရတုသဘော သက်ဝင်တယ်လို့ ဆိုရပါမယ်။
ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာ စတင်တွေ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပင်းယခေတ် သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...
ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...
အစချီတဲ့ ရတုကဗျာအဖွဲ့မှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတွေ့ရပါတယ်။ ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့ပါတယ်။
တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ လေးလုံးစပ်ကာရန်စနစ်ကို အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထားကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံး ရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်ဘဲ မြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့ စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ ရတု ဖြစ်ပါတယ်။ 
အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်လာပါတယ်။ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာ အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြပါတယ်။
အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။ လူပုဂ္ဂိုလ် အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္ကရာဇ် ၉၀၀-ကျော် လောက်မှာ ရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်) စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာ ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖွဲ့နွဲ့ခဲ့ပါတယ်။ ရတုအများဆုံး ဖွဲ့နွဲ့ခဲ့တဲ့ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့် အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခဲ့ပြန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာ မြန်မာကဗျာသမိုင်းမှာ စံတင်ရလောက်တဲ့ ရတုပုဒ်ရေ ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီး လှပပြောင်မြောက်တဲ့ အဖွဲ့တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အကောင်းဆုံး ရတုဆရာဟာ နတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ်။ တောင်ငူခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။
ညောင်ရမ်း ခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသော ရတုစာဆိုတွေ ရှိသေးတဲ့အတွက် ရတုအရေးအသား မပြတ်လပ်ခဲ့ပါဘူး။ ညောင်ရမ်း ၁၀-ဆက်မြောက် ဟံသာဝတီရောက် မင်းတရားကြီး ဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ ‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့ပါတယ်။
ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခဲ့ကြပြန်ပါတယ်။ “မဲဇာတောင်ခြေ” အစချီတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရတုစာဆိုတွေ ကတော့ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး ရတု ရေးနည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားဖော်ပြပါမယ်။

ရတု ရေးနည်း ဥပဒေသများ

(၁) အမည်အားဖြင့်

ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် … 
‎(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး 
‎(ခ) အခါရာသီ၊ ရာသီဥတု ဆိုတဲ့အနက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတဲ့စကားက ရွေ့လျောလာတဲ့ စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
‎(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ - မဲဇာတောင်ခြေ-ရတု)
စသဖြင့် ၃-မျိုးရှိပါတယ်။ 
‎တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ လို့ ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ 
ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့ ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်း တင်ပြပါ့မယ် ...
‎(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ .... 
• ‎ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)
• ‎ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)
• ‎မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)
• ‎သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီး ဧးချင်း)
• ‎စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)
‎ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....
• အများနဲ့စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊
• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊
• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင် ‘အခြေအနေ’ ... 
ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနားကို ခေါ်ဝေါ်ကြပုံမျိုးပါ။ ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။


‎(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ‎သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင် ... ။ (ဣတိသိင်္ဂပျို့)
• ‎မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)
• ‎နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)
• ‎နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)
• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)
• ‎ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)
• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း - တောလားရတု)
‎တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။ အကြောင်းအရာ အားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခဲ့ကြတာလည်း ရှိပါတယ်။

‎(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ‎‎အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)
• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။ (ရှင်မဟာရဋ္ဌသာရဆို - ကိုယ်ရည်သွေးရတု)
• ‎သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။ (နန်းတွင်းသူ မယ်ဖြူဆို - ကိုယ်ရည်သွေးရတု)
• ‎ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။ (နန်းတွင်းသူ မယ်ညိုဆို - ကိုယ်ရည်သွေးရတု)
• ‎ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။ (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်း လင်္ကာ)
‎စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။ 
အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို ‎အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊ သုံးစွဲနိုင်တယ်ဆိုတာပါပဲ။‎ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့ မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးနိုင်ပါတယ်။
‎“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ် လို့လည်း မှတ်သားဖူး ပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာလုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျိုလေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။ ရတုသွားတွေကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။
မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး ပြောဆိုသလို ရတုဆိုတာဟာလည်း အတုနှင့် အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’ နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတု ဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတုကို မြန်မာဝေါဟာရအနေနဲ့ စဉ်းစားကြသူတွေကတော့ ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ရကန်-ဆိုတဲ့ ကဗျာလင်္ကာစီကုံးရာမှာ တပါးသူတို့ရဲ့ စာသွားစာလာကို ကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရတယ်လို့ ဆိုပါတယ်။ ရတု ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။ ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင် စပ်ဆိုတဲ့ ကဗျာတမျိုး၊ အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။

ကျန်တဲ့ ဥပဒေသတွေကို ဆက်လက်ဖော်ပြသွားပါ့မယ် ...

ဟယ်ရီ

Read More...

Sunday, 11 December 2011

သစ်တောနဲ့မြစ်

သစ်တောနဲ့မြစ်

(၁)

ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ၊
ကိုယ့်သစ်တော ကိုယ်ခင်မည်။

ရေဝေတောတွေ ထိမ်းသိမ်းလို့၊
စိမ်းစိမ်းညို့ ဟိုတောင်ဆီ။

သစ်တောနဲ့ရာသီ၊
မြန်မာပြည်ရဲ့ အသက်။

တောပြုန်းကာ ရာသီဆိုးမှာ၊
မိုးလေကဖျက်။ ။

(၂)

ကိုယ့်လူမျိုး ကိုယ်ချစ်မှ၊
ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်။

ဘိုးဘွားအမွေ အမှတ်မျိုး၊
မြတ်နိုးနိုင်မယ်။

ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်၊
မြန်မာ ... ရယ်လို့ ကမ္ဗည်းထိုး။

ရွှေမမက်ပါဘူး၊
ငွေမမက်ပါဘူး၊
ရေတစ်စက်ကို အသွေးအသားလို၊
အလေးထားကာ ချစ်သလောက်၊
မြစ်ပျောက်မှာစိုး။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

Read More...

Saturday, 3 December 2011

စွယ်တော်ရိပ်တို့ကျောင်းတော်မြေ

ဆရာတင်မိုးရဲ့ ရွှေညာကျေးကတက္ကသိုလ်ကို ဖတ်မိတာနဲ့ အမိ ရန်ကုန်စက်မှုတက္ကသိုလ်ကို လွမ်းဆွတ်တမ်းတမိရင်း နွယ်သာကီသံဖြတ်လေး တပုဒ်လိုက် ရေးကြည့်မိပါတယ် ...


စွယ်တော်ရိပ်တို့ကျောင်းတော်မြေ

တကယ်ပျော် ငယ်ဖော် အရွယ်တော်အတိတ်က
စွယ်တော်ရိပ်တို့ကျောင်းတော်မြေဗျ ... ။
ဖတ်ရာမှတ်ရာ တတ်စရာတို့၊
မြတ်ဆရာပို့ချ ကျောင်းတော်မြေ ... ။
ရင်မှာ ပညာ သင်ကာဖြည့်တဲ့၊
အစဉ်အလာအပြည့်နဲ့ ကျောင်းတော်မြေရှင့် ... ။
အကြံစုံ ဉာဏ်စုံ မြန်ဂုဏ်မျက်ရှု
ရန်ကုန်စက်မှုတက္ကသိုလ်ဗျ ... ။

သဘောမှာဆန်း
ပြောကာလွမ်းခဲ့
သောစရာအဆန်းကွယ့် မှတ်လောက်စရာ
သြဘာလမ်းတဲ့ ဖြတ်လျှောက်ပါလေ့၊
တိုင်ဆယ့်ရှစ်လုံး ကျောင်းဂုဏ်အင်ရယ်
လှိုင်ခဲ့ဖြစ်ထုံး နှောင်းပုံပြင်ကြွယ် ...
အစီအရီထိုင်လို့ လမ်းထိပ်မြေတွင်
ဘီပီအိုင်သို့ လွမ်းရိပ်ဝေသရှင် ... ။
မြန်မာပြည်ရဲ့ အသိကြွယ်ဖော်၊
ကမ္ဘာတည်မယ့် အမိစွယ်တော်ဗျ ...။
သုခုမလည်း စီးဝင်ကာ
ပြုစုကြမြဲ နည်းပညာလေ့ ... ။
သင်မြင်ဆရာတို့ လက်ညီစွာ
အင်ဂျင်နီယာတို့ တက္ကသီလာတော့ ... ။
ရီမောလှောင်ကြ ညညတွေဆို၊
ဂျီဟောဆောင်က မမတွေကို၊
မွှေးမြလွမ်းခဲ့ ရင်မှကဗျာ၊
တေးအလှလွှမ်းခဲ့သဇင်ညမှာ၊
ထူးခြားအောင်လို့ ထွင်လိုပေလျှင်၊
ဒူးယားဆောင်သို့ ဝင်ခိုစေချင်၊
မြူးစရာအစဉ်ကွယ့် အသင့်ယူဆောင်၊
ဦးသာဒင်ရဲ့ စဥ့်ကူဆောင်ဗျ ...
ကြည်မြအောင်ပ စိတ်တွေးမျှော်
ဇီဝကဆောင်က အရိပ်အေးသနော်၊
အလုပ်များမြောင်လို့ ကြာတဲ့အခါ
ပုပ္ပားဆောင်သို့ လာခဲ့ပါ
အောင်သတင်းမွှေးတဲ့ အကိုတွေရယ်
အဆောင်အင်းလေးက ကြိုနေမယ်
တို့ဘုန်းရောင်က ပြောင်မော်သလေ၊
ကြို့ကုန်းဆောင်က နောင်တော်တွေ၊

အို ... အင်ဂျင်နီယာအပေါင်း
ရင်ခွင်တရာ ပြောင်းသော်လည်း၊
တို့ကျောင်းတော် စွယ်တော်ရိပ်ဆီက
ငယ်စိတ်တွေ တလွင်လွင်၊
လွယ်အိတ်တွေ တပြင်ပြင်နဲ့၊
ဟိုအရင် အိပ်မက်လမ်းကို၊
တမ်းမိရင်နော် ...
ပျော်မိပါဘိတော့လေး ... ။

(နွယ်သာကီသံဖြတ်)

အမိ ရန်ကုန်စက်မှုတက္ကသိုလ်နေ့ရက်များသို့ လွမ်းဆွတ်သတိရခြင်းများစွာဖြင့် ...

ဓာတ်ပုံတွေကို google images, Myanmar Engineer Forum (www.myanmarengineer.org) နဲ့ GREATMAYNMAR website (www.greatmyanmar.com) တို့ကနေ ရရှိပါတယ် ...


ဟယ်ရီလွင်

Read More...