နေ့အလင်းနဲ့ လမင်းရောင်
နေ့အလင်းနဲ့ လမင်းရောင်
Henry Wadsworth Longfellow ရဲ့ ကဗျာနောက်တပုဒ် ဒေါ်လေးမေ (မေဓာဝီ) ဆီက ဖတ်ရပြန်တာနဲ့ ကြိုက်လို့ ဘာသာပြန်ကြည့်မိပါတယ် ... အရင်ဆုံး လေးလုံးစပ်နဲ့ ပြန်ကြည့်လိုက်ပါတယ် ...
နေ့အလင်းနဲ့ လမင်းရောင်
နေ့အလင်းထဲ၊ မွန်းတည့်ဆဲမှာ၊
စန္ဒာလမင်း၊ ရွက်လွှင့်ရင်းသွား၊
မိုးဖျားမှာတွေ့၊ မနေ့ကပေါ့၊
ဖြူလျော့လျော့နဲ့၊ မှေးဖျော့မှိန်လျား၊
ကျောင်းသားငယ်ရဲ့ စက္ကူစွန်။
နေ့အလင်းချီ၊ မနေ့ဆီက၊
ထွေလီဆန်းပြား၊ ဖမ်းစားညှို့ငင်၊
ကဗျာရှင်ရဲ့၊ မှော်ဝင်လက်ရာ၊
ဖတ်ကာတွေးထင်၊ စိတ်ဘဝင်မှာ၊
ဝိညာဉ်လေလား၊ တစ္ဆေလား။
သို့ပေသော်လည်း၊ ဖျားနာဆဲနေ့၊
ကြာညောင်းရွေ့လျင်၊ ရမ္မက်အင်လို၊
သက်ငင်ဆုံးပါး၊ ပျောက်သွားပြီးချိန်၊
ညခင်းမှိန်မှိန်၊ အေးငြိမ်ရိပ်ဖုံး၊
တောင်ကုန်းရွာငယ်၊ တောင်ကြားဆွယ်သို့၊
ကြွေလှယ်သက်ဆင်းလာခဲ့ပြီ။
ထိုနောက်တဖန်၊ ညခင်းယံကို၊
လျှံထွက်သွားအောင်၊ ကိုယ်ရောင်ထင်ပြ၊
ဝင်းပပနှင့်၊ လမင်းပျိုမေ၊
ဂုဏ်သရေဖိတ်၊ ဝိညာဉ်စိတ်လား၊
ဝံ့ကြွားဂုဏ်ယူ၊ အလင်းမြူဖြင့်၊
လောင်းယူဖြည့်သွန်းလိုက်လေပြီ။
ဤမှာနောက်တွင်၊ ကဗျာရှင်၏၊
ချိုလွင်တေးသံ၊ တဖန်စီးမျော၊
ဦးနှောက်ကြောကို၊ သာမောဂီတ၊
ဖြတ်သန်းကြလျှင်၊ ညလွင်ပြင်ယံ၊
ဘာသာပြန်မိ၊ ကြည့်လိုက်သည့်ချိန်၊
သိမ်မွေ့နက်နဲလေဘိခြင်း။ ။
ကျနော် အားသန်တဲ့ လေးလုံးစပ်ရေးနည်းနဲ့ ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာဖြစ်ပေမဲ့ စိတ်ထဲမှာ သိပ်ဘဝင်မကျမိပါဘူး ... တခုခုလိုနေသလို ခံစားရတာနဲ့ ရိုးရိုးပဲ ကာရန်မပါဘဲ ပြန်ရေးကြည့်ပါတယ် ... ခေတ်ပြိုင်ကဗျာလိုပေါ့လေ ... မူရင်းကဗျာထဲက နိမိတ်ပုံတွေကြောင့်လားတော့ မသိဘူး ... အဲဒါကို စိတ်ထဲ ပိုအားရသလိုလို ရှိမိပါတယ် ... ဖတ်ကြည့်ကြပါဦး ...
နေ့အလင်းနဲ့ လမင်းရောင်
နေ့ခင်းကြောင်တောင် မွန်းတည့်ချိန်ကြီးမှာ
မြင့်မြင့်မားမား ရွက်လွှင့်သွားတဲ့ လမင်းကို
မနေ့က မြင်လိုက်တယ်
ဒါပေမဲ့ ဖျော့တော့တော့ ဖြူလျော်လျော်
ကျောင်းသားငယ်လေးရဲ့ စက္ကူစွန်လို ...
မနေ့တုန်းက နေ့ခင်းကြောင်တောင်
ကဗျာဆရာရဲ့ ဂမ္ဘီရအဖွဲ့အနွဲ့ကို ဖတ်မိတာ
တစ္ဆေလိုလို ဝိညာဉ်လိုလို
ငါ့မှာ ဖြစ်တော့မလောက် ...
ဒါပေမဲ့လည်း နာမကျန်းတဲ့နေ့ဟာ ကြာညောင်းလာတော့
ရမ္မက်တခုလိုပဲ သေဆုံးသွားလေရဲ့ ...
ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ ညလေးက
တောင်ကုန်း ... တောင်ကြားနဲ့ ရွာလေးပေါ် သက်ဆင်းလာခဲ့။
ပြီးတော့ အသရေတင့်တဲ့ စိတ်ဝိညာဉ်တခုပမာ
လမင်းပျိုဟာ ဂုဏ်ယူဝံ့ကြွားစွာ နဲ့
သူ့အလင်းတွေ ကိုယ်ထင်ပြလို့
ညကို လျှံထွက်သွားအောင် သွန်းလောင်းဖြည့်လိုက်ရဲ့ ...
အဲဒီနောက် ကဗျာဆရာရဲ့ တေးသံက
ငါ့ဦးနှောက်ကို ဂီတတံတျာလို တဖန်ဖြတ်သန်းစီးမျောလာပြန်တော့
ညကို ဘာသာပြန်ကြည့်ရတာ
သိမ်မွေ့နက်နဲလိုက်တာကွယ် ...
ဒါက ကျနော့်စိတ်ထဲ ဖြစ်နေတာကို ပြောပြတာပါ ... ဖတ်တဲ့သူကတော့ ဒီနှစ်ခု ယှဉ်ဖတ်ရင် ဘယ်ဟာကို ပိုကြိုက်မလဲ မသိပါဘူး ...
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...
"Daylight and Moonlight"
In broad daylight, and at noon,
Yesterday I saw the moon
Sailing high, but faint and white,
As a schoolboy's paper kite.
In broad daylight, yesterday,
I read a poet's mystic lay;
And it seemed to me at most
As a phantom, or a ghost.
But at length the feverish day
Like a passion died away,
And the night, serene and still,
Fell on village, vale, and hill.
Then the moon, in all her pride,
Like a spirit glorified,
Filled and overflowed the night
With revelations of her light.
And the Poet's song again
Passed like music through my brain;
Night interpreted to me
All its grace and mystery.
Written by Henry Wadsworth Longfellow (1807-1882)
ဘယ်ဟာကိုပဲကြိုက်ကြိုက်၊ နှစ်ခုလုံးမကြိုက်တာပဲဖြစ်ဖြစ် ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျ ...
ဟယ်ရီလွင်