သိပ်ပါလော့ ... အို, မရဏ
သိပ်ပါလော့ ... အို, မရဏ
သင်္ခါရတရား တနည်းအားဖြင့် သေခြင်းတရားနဲ့ ပတ်သက်လာရင် မြန်မာကဗျာတွေထဲမှာ “သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ …” အစချီထားတဲ့ အနန္တသူရိယအမတ်ကြီး ကွပ်မျက်ခံရကာနီး ရေးစပ်ခဲ့တယ်လို့ ဆိုကြတဲ့ သံဝေဂလင်္ကာလေးကို တခြား ဘယ်ကဗျာမှ မီမယ် မထင်ပါဘူး … ဒီလိုပဲ “သူတည်းတယောက်” ကို မမီစေကာမူ ဖြစ်ရပ်ခြင်းခပ်ဆင်ဆင်နဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အင်္ဂလိပ် ကဗျာလေးတပုဒ် တွေ့တာနဲ့ ဘာသာပြန်ကြည့်မိပါတယ် …
ဒီကဗျာလေးက ပန်းမ်ဘရွတ်ခ်မြို့စား နဲ့ အင်္ဂလန်မိဘုရားကြီး ဖြစ်ခဲ့တဲ့ အန်း(န်)ဘိုလင်း ကွပ်မျက်မခံရမီ နာမည်ကျော် လန်ဒန်မျှော်စင် အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတုန်း ရေးဖွဲ့ခဲ့တဲ့ ကဗျာလို့ ဆိုပါတယ်။ တချို့ကတော့လည်း သူ့ရဲ့ မောင်လေး ရော့ခ်ဖို့ဒ်မြို့စား ဂျော့ခ်ျဘိုလင်း (George Boleyn, Viscount Rockford) ရေးခဲ့တာလို့ ပြောကြပါတယ် … ဒါပေမဲ့ အန်း(န်)ဘိုလင်း ရေးခဲ့တယ်လို့ အများက ပိုပြီးလက်ခံထားကြပါတယ်။
အန်း(န်)ဘိုလင်းဟာ တကယ်တော့ ပေါ့သေးသေးမဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ သူကိုယ်တိုင် အင်္ဂလန် မိဘုရားကြီး ဖြစ်ခဲ့သလို သူ့သမီးတော်လေးဟာ သူကွယ်လွန်ပြီးနောက်ပိုင်း “အပျိုစင်ဘုရင်မ” လို့ လူသိများတဲ့ အင်္ဂလန်ပြည့်ရှင် ပထမ အယ်လီဇဘက် ဘုရင်မကြီး ဖြစ်လာခဲ့တာကြောင့်ပါပဲ။ ဒီ့ထက်ပိုအရေးကြီးတဲ့ အကြောင်းတခုကတော့ ခရစ်ယာန်သာသနာ သမိုင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ပါခဲ့သူမို့ပါ။ သူ့ကို အကြောင်းပြုပြီး The English Reformation လို့ ခေါ်တဲ့ အထင်ကရ ခရစ်ယာန်ဂိုဏ်းခွဲကြီး တခုဖြစ်တဲ့ အင်္ဂလိကန်ဂိုဏ်းခွဲကြီးဟာ ပင်မ ရိုမန်ကက်သလစ်ဂိုဏ်းတော်ကြီးကနေ ခွဲထွက်ပေါ်ပေါက်ခဲ့ရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။
ဘာကြောင့်လဲ ဆိုရင်တော့ သူ့ကို တရားဝင်လက်ထပ်ပြီး မိဘုရားအရာ မြှောက်ချင်တဲ့ အတွက် အင်္ဂလန်ပြည့်ရှင် အဋ္ဌမမြောက် ဟင်နရီ ဘုရင်မင်းမြတ်ဟာ လက်ရှိမိဘုရား ကက်သရင်းကို ကွာရှင်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီခေတ်ကာလ က ခရစ်ယာန် သာသနာပိုင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ကလီမင့်က ဒါကို လက်မခံပါဘူး။ ဒါဟာ ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့ အာဏာ အင်္ဂလန်မှာ ပြိုကွဲပျက်စီးခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။ တကယ်တော့ ဟင်နရီ (၈) က အကြောင်းရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါ ရှင်ဘုရင် ဘယ်နှစ်ပတ် ပတ်ပတ် ဆိုသလိုပေါ့ … သက်ဦးဆံပိုင် ဘုရင်ပဲဟာ … သူလိုချင်တဲ့ မိန်းမ သူယူတာ ဘယ်သူက ဘာပြောရဲမှာလဲလေ … တရားဝင် ယူလို့ မရလည်း တရားမဝင် ယူထားတဲ့ မောင်းမမိဿံတွေ အများကြီး ရှိနေတာပါပဲ … အန်း(န်)ရဲ့ ညီမ မေရီ ကိုယ်တိုင်ကကို ဟင်နရီဘုရင်ရဲ့ မောင်းမမိဿံပေပဲဟာ။ အဲဒီခေတ်က ပုပ်ရဟန်းမင်းကြီးတွေ ဟာ သက်ဦးဆံပိုင် ဘုရင်တွေထက်တောင် ပိုပြီး တန်ခိုးအာဏာ ကြီးမားပြင်းထန်လို့ နိုင်ငံတွေက နှစ်စဉ် အခွန်ဘဏ္ဍာတော်တွေ ဆက်သနေရတာကို ရပ်ပစ်ချင်လို့ အကြောင်းရှာပြီး ဟင်နရီ ရွှေ့လိုက်တဲ့ အကွက်လည်း ဖြစ်ကောင်းပါရဲ့။
ဒါနဲ့ပဲ ၁၅၃၃-ခုနှစ်၊ ဇန္နဝါရီလ ၂၅-ရက်နေ့မှာ အန်း(န်)နဲ့ ဟင်နရီ လက်ထပ်ပြီး ဟင်နရီနဲ့ မိဘုရားဟောင်း ကက်သရင်း တို့ရဲ့ လက်ထပ်မှုကို ၁၅၃၃-ခုနှစ်၊ မေလ ၂၃-ရက်နေ့မှာ တရားမဝင်ကြောင်း ကြေညာလိုက်ပါတယ်။ နောက် ငါးရက် အကြာမှာတော့ အန်း(န်) နဲ့ ဟင်နရီတို့ရဲ့ ထိမ်းမြားမင်္ဂလာကို တရားဝင်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက် မကြာခင်မှာ ပုပ်ရဟန်းမင်းကြီးက အင်္ဂလန်ကျောင်းတော်ကို ရိုမန်ကက်သလစ်ကျောင်းတော်ကနေ ထုတ်ပယ်ပစ်လိုက်တဲ့ အတွက် အင်္ဂလန်ကျောင်းတော်ကို ဘုရင်က သူ့ထိန်းချုပ်မှုအောက်ကို ပို့ပြီး အင်္ဂလိကန် အသင်းတော်ရဲ့ အကြီးအမှူးအဖြစ် သူ့ကိုယ်သူ ခန့်အပ်လိုက်ပါတယ်။ ကွာရှင်းခြင်း၊ ထိမ်းမြားခြင်းများဟာ ခရစ်ယာန်ဘာသာရေးဓလေ့ထုံးတမ်းအရ ဘာသာရေးအကြီးအကဲရဲ့ သဘောတူခွင့်ပြုမှုရရှိမှ တရားဝင်တာကြောင့် ပုပ်ရဟန်းမင်းကြီး သဘောမတူတဲ့အတွက် ဘုရင်က သူ့ကိုယ်သူ ဘာသာရေးအကြီးအကဲ ခန့်ပြီး သူ့ထိမ်းမြားခြင်းကို တရားဝင်တယ်လို့ သူ့ဟာသူ ဆုံးဖြတ်ပေး လိုက်တာပါပဲ။ ပိုင်တယ်နော် ...
ဒါပေမဲ့ မကြာခင်မှာပဲ အန်း(န်)ရဲ့ ဇာတာညှိုးမှိန်ပြီး ဟင်နရီက အပြစ်ရှာပါတော့တယ်။ အဓိက အချက်ကတော့ ထီးညွှန့်နန်းလျာအဖြစ် သားတော်လေး မမွေးဖွားပေးနိုင်ဘဲ သမီးတော်သာ မွေးဖွားပေးနိုင်တာရယ်၊ သားတော်လေးကို ဆောင်ထားတဲ့ ကိုယ်ဝန်က ကံအကြောင်းမလှဘဲ ပျက်ကျသွားရရှာတာရယ်က အန်း(န်)ကို အရာက ကျစေခဲ့တယ် လို့ ဆိုရမှာဖြစ်ပေမဲ့ ဟင်နရီက နောက်ထပ် အချစ်သစ်တွေ့နေတဲ့အချက်ကလည်း အတော်လေး အရေးပါမယ့် အချက် ဖြစ်မယ် ထင်ပါတယ်။ ၁၅၃၆-ခု၊ မေလ ၂-ရက်နေ့မှာ အန်း(န်)ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ အရာချဖမ်းဆီးပြီး လန်ဒန်မျှော်စင်မှာ အကျဉ်းချထားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အန်း(န်)ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သွေးရင်းလိင်ဆက်ဆံမှု စတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သေဒဏ်စီရင်ခြင်း ခံခဲ့ရပါတယ်။ သူ့ကို စစ်ဆေးတရားစီရင်တဲ့ဂျူရီအဖွဲ့ဝင်တွေထဲမှာ သူ့ဦးရီးတော်အရင်းဖြစ်သူ သောမတ်စ် ဟိုးဝဒ်နဲ့ သူ့ချစ်သူဟောင်း ဟင်နရီပါစီ တို့ပါ ပါဝင်နေတာကတော့ ကံကြမ္မာရဲ့ လှောင်ပြောင်မှုလေလားလို့ ထင်စရာပါပဲ။
ဒါပေမဲ့ ဟင်နရီဟာ အန်း(န်)အပေါ်မှာ နောက်ဆုံးကရုဏာကို ပြခဲ့လေသလား၊ အပြစ်မဲ့သူကို အကြောင်းရှာပြီး ရက်ရက်စက်စက် သုတ်သင်ပစ်ရတာကိုပဲ လိပ်ပြာမသန့်ဖြစ်လေရော့သလားတော့ မဆိုနိုင်ပါဘူး … သေဒဏ်ကို မီးရှို့သတ်မဲ့အစား ခေါင်းဖြတ်သတ်စေလို့ ပြောင်းလဲသတ်မှတ်ပေးခဲ့တာပါပဲ။ သေရတာခြင်းအတူတူပေမဲ့ မီးရှို့အသတ် ခံရသလိုတော့ မချိမဆန့် မခံစားရဘဲ အလွယ်တကူ အသက်ထွက်သွားစေအောင်တော့ လုပ်ပေးခဲ့တယ်ပေါ့လေ။
မေလ ၁၉-ရက်၊ သောကြာနေ့ဟာ အန်း(န်)ရဲ့ နောက်ဆုံးနေ့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပုံမှန် လူသတ်စင်ပေါ်မှာ မသတ်ဘဲ လန်ဒန်တာဝါ အကျဉ်းထောင်ကြီးရဲ့ ဝင်းထဲက ခုလက်ရှိ ဝါတာလူးစစ်တန်းလျားရဲ့ ရှေ့မှာ ရှိနေတဲ့ မျှော်စင်ဖြူရဲ့ မြောက်ဖက်မှာ ငြမ်းဆင်ထားတဲ့ လူသတ်စင်ပေါ်မှာ အန်း(န်)ရဲ့ ဘဝဟာ နိဂုံးကမ္ပတ် အဆုံးသတ် သွားခဲ့ရပါတယ်။ သူ ကွပ်မျက်ခံရတဲ့အချိန်မှာ အသက် သုံးဆယ်ဝန်းကျင်သာ ရှိပါသေးတယ်။
နန်းကျအိမ်နိမ့်စံ အန်း(န်) မိဘုရားကြီးဟာ အတွင်းခံကိုယ်ကျပ်အနီရောင်ပေါ်မှာ အကွက်ဖော်ပန်းထိုးထားတဲ့ မီးခိုးရင့်ရင့်ဝတ်ရုံဂါဝန်ရှည်ပွပွကြီးကို ဆင်မြန်းပြီး အဲမင်းန် သားမွေးခြုံထည်လေးကို လွှမ်းခြုံရင်း အပျိုတော်နှစ်ယောက် ခြံရံပြီး မိဘုရားနန်းဆောင်ကနေ လူသတ်ငြမ်းစင် ကို နောက်ဆုံးခြေလှမ်းများနဲ့ လျှောက်လှမ်းသွားခဲ့ပါတယ်။ ရဲရင့်တည်ကြည်စွာနဲ့ မကြာခင်မှာ သေရတော့မယ့်သူ မဟုတ်သလိုဘဲ ငြမ်းစင်ပေါ်ကို တက်လှမ်းသွားပြီး လူတွေကို မိန့်ခွန်းတိုလေး ပြောခဲ့ပါသေးတယ်။
“ခရစ်ယာန်သူတော်ကောင်းတို့ … ဒီနေရာကို တရားဥပဒေအရ သေခြင်းနဲ့ ရင်ဆိုင်ဖို့ လာခဲ့ပါတယ်။ ကျွန်မကို သေဒဏ် စီရင်ဆုံးဖြတ်လိုက်တဲ့ ဥပဒေအရ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဘာမှ ဆန့်ကျင်ကန့်ကွက်မနေတော့ပါဘူး။ ဒီကို ကျွန်မလာတာ ဘယ်သူ့ကိုမှလည်း ပြစ်တင် စွပ်စွဲဖို့မဟုတ်သလို ဒါမျိုးတွေ ပြောဖို့လည်း မဟုတ်ပါဘူး။ ကျွန်မကို စွပ်စွဲ ရှုံ့ချပြီး သေဒဏ်စီရင်ခဲ့ပေမဲ့ ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်ရှောက်ကယ်မစေဖို့နဲ့ သင်တို့အပေါ် ပိုမိုသိမ်မွေ့ပြီး ပိုမိုကရုဏာတော်ထားတတ်တဲ့ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ မင်းသားတပါးအဖြစ် သင်တို့ကို ပိုမို ရှည်ကြာစွာ အုပ်စိုးနိုင်ပါစေ လို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ ကျွန်မအတွက်တော့ သူဟာ ထာဝရကောင်းမွန်သိမ်မွေ့ပိုင်စိုးနေတဲ့ အရှင်သခင်ပါပဲ။ ကျွန်မအမှုထဲမှာ မဆီမဆိုင် စွပ်စွဲခံရပြီး ပါဝင်ခဲ့ရသူ တစုံတယောက်များရှိခဲ့မယ် ဆိုရင် သူတို့ကို အကောင်းမွန်အမျှတဆုံး တရားစီရင်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီလောကကြီးနဲ့ သင်တို့အားလုံးကို ကျွန်မ ခွဲခွာ သွားတော့မှာမို့ သင်တို့အားလုံး ကျွန်မအတွက် ဆုမွန်ကောင်းတောင်းပေးကြဖို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ တောင်းဆိုပါရစေ … အို … အရှင် တပည့်တော်မအပေါ် ကရုဏာထားတော်မူပါလော့ … အို ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ်အား အပ်နှင်းပါ၏ …”
အန်း(န်) မိဘုရားကြီးဟာ အဲမင်းန် သားမွေးခြုံထည်လေးကို ဖယ်ရှားပြီး ခေါင်းစွပ်ကို မ,လို့ ဆံပင်ကို စည်းနှောင်ထား လိုက်ပါတယ်။ ငိုကြွေးနေကြတဲ့ အပျိုတော်၊ ရံရွေတော်တွေကို နှုတ်ဆက်ပြီး ဆုတောင်းပတ္တနာပြုပေးဖို့ ပြောကြားရင်း ဒူးထောက်ထိုင်ချလိုက်ပါတယ်။ ရံရွေတော်တယောက်က သူ့မျက်လုံးတွေကို အဝတ်စည်းပြီး ပိတ်ပေးလိုက်ပါတယ်။ အန်း(န်)ဟာ ဒူးထောက်တဲ့နေရာမှာ ပြင်သစ်ပုံစံနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း မတ်ထားပြီး ဒူးထောက်တာ ဖြစ်ပါတယ်။ “ယေရှုသခင် … တပည့်တော်မ၏ ဝိညာဉ်အား လက်ခံတော်မူပါ … အို အရှင် ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ် အပေါ် ကရုဏာထားတော်မူပါလော့ …” လို့ နောက်ဆုံး ဆုတောင်းစကားကို ထပ်ခါတလဲလဲ ရေရွတ်နေရင်းနဲ့ပဲ ဓားရောင် တချက် ဝင်းကနဲအလက်မှာ အန်း(န်)ရဲ့ ဘဝလည်း အဆုံးသတ်သွားရပါတော့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး လျှောက်သွားနေတဲ့ အန်း(န်)ကို တွေ့လိုက်ရတဲ့ အစောင့်တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် လင်းအားကြီးအချိန်တွေမှာပါတဲ့။ အန်း(န်)တစ္ဆေဟာ လန်ဒန်မျှော်စင် အကျဉ်းထောင်ကြီးရဲ့ နာမည်ကျော် တစ္ဆေဒဏ္ဍာရီတွေထဲမှာ ထင်ရှားတဲ့ ဇာတ်ကောင်တကောင်ပါပဲ။
သမီးတော်လေး အဲလစ်ဇဘက် ဘုရင်မကြီးအဖြစ် နန်းတက်လာပြီးချိန်မှာတော့ အင်္ဂလိပ်သမိုင်းပညာရှင် ဂျွန်ဖော့က်စ် ကနေတဆင့် မယ်တော်ကို English Reformation ရဲ့ အာဇာနည် သူရဲကောင်းမယ်အဖြစ် ချီးမြှင့်မြှောက်စား ရေးသားစေခဲ့ပါတယ်။
ညှဉ်းပမ်းနှိပ်စက်မှုတွေကနေရရှိတဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရင်း သေခြင်းတရားကို စောင့်မျှော်နေရချိန်မှာ ရေးသားခဲ့တဲ့ အန်း(န်)ရဲ့ ကဗျာလေးကို ခံစားကြည့်ကြပါဦး … မူရင်းကိုပါ ခံစားနိုင်အောင် ထည့်ပေးလိုက်ပါတယ်။
သိပ်ပါလော့ အို-မရဏ
အို မရဏ၊ ငါ့အားလှုပ်ယမ်း
သိပ်စမ်းပါလော့၊ ဖျော့ဖျော့ငြိမ်ဆိတ်၊
နားမှိတ်စက်ရာ၊ ခေါ်ပါဆောင်ကြဉ်း၊
ငါ့ကိုနှင်းလော့၊ နွမ်းလျော့ပင်ပန်း
ကြေနွမ်းညိုညစ်၊ အပြစ်ကင်းစင်၊
ငါ့ဝိညာဉ်ကို၊ သတိသိုထား၊
ရင်ခွင်ကြားမှ၊ ခွဲသွားထွက်ခွာ၊
သွားစေပါတော့။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။
ငါ့နာကျင်မှု၊ စာရတုဖြင့်၊
ဖွဲ့စုပုံတူ၊ အဘယ်သူသည်၊
ဖော်နိုင်မည်နည်း၊ ငိုညည်းမြည်ကြွေး၊
အလိုလေးတ၊ ပြင်းပြသည်းထန်၊
ငါ့ဒဏ်ရာတွေ၊ သေလုမျောပါး၊
ခွန်အားမဲ့ကင်း၊ ပျက်ယွင်းတန်ဖိုး၊
သက်ဆိုးရှည်ရန်၊ မဖန်တီးပါ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ငါ့အားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။
နရသိန်ထဲ၊ တကိုယ်တည်းပင်၊
ဖောက်လွဲကြမ်းတမ်း၊ ငါ့လမ်းဆုံးအား၊
စောင့်စားနေ၏၊ ပီဘိကြမ်းကြုတ်၊
စက်ဆုပ်ဝမ်းနည်း၊ ကြေကွဲလွမ်းဇာတ်၊
ဤဖြစ်ရပ်တွက်၊ ရက်စက်နာကျင်၊
ဖြစ်အင်ဖန်ဖန်၊ ထိုက်တန်သလော၊
မောလျကိုယ်စိတ်၊ ထိတ်လန့်နွမ်းကြေ၊
မပြေကြမ်းတမ်း၊ ငါမြည်းစမ်းရန်၊
ထိုက်တန်သလော၊ တွေးတောဖွေရှာ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။
နှုတ်ဆက်ခဲ့သည်၊ အတိတ်ဆီမှ၊
ကြည်နူးမှုများ၊ ချန်ထားရင်းဆို၊
ကြိုဆိုပါသည်၊ ပွေလီပူလျ၊
ပစ္စက္ခမှ၊ ပြင်းပြသက်ငင်၊
နာကျင်မှုများ၊ ခံစားလန့်ထိတ်၊
ကိုယ်စိတ်နှစ်ဝ၊ ဒုက္ခတရား၊
တိုးပွားလာနေ၊ မရှေ(ရှည်)အသက်၊
ရေပွက်ပမာ၊ တသက်လျာထင့်။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငိုကြွေးမှားယွင်း၊
ငါ့သေခြင်းတွက်၊ ဆိုတင်းထုတ်အန်၊
ခေါင်းလောင်းသံညင်း၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။
ယခုငါသည်၊ သေခြင်းဆီသို့၊
သွားမည်နောက်ဆုံး၊ ငါ့နိဂုံးကို၊
ယူကျုံးမရ၊ တသ,သနှင့်၊
ဖွဖွဆိုညည်းရစ်ပါလေ။ ။
အန်း(န်)ဘိုလင်း (Anne Boleyn – Marquess of Pembroke)
ပန်းမ်ဘရွတ်ခ် မြို့စား နှင့်အင်္ဂလန်မိဘုရားကြီး (၁၅၃၃-၁၅၃၆)
O Death! rocke me asleep
O Death! rocke me asleep;
Bringe me to quiet reste;
let pass my weary, guiltles ghost
out of my carefull brest.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.
My paynes, who can expres?
Alas! they are so stronge
my dolor will not suffer strength
my lyfe for to prolonge.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
for I must dye;
there is no remedie.
Alone, in prison stronge,
I wayte my destenye.
Wo worth this cruel hap, that I
should taste this miserie!
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.
Farewell! my pleasures past;
welcum! my present payne.
I fele my tormentes so increse
that lyfe cannot remayne.
Toll on, the passinge-bell;
rong is my dolefull knell;
for the sound my dethe doth tell.
Death dothe drawe ny;
there is no remedie.
Sound my end dolefully
for now I dye.
Anne Boleyn – Marquess of Pembroke and Queen Consort of England (1533-1536)
Anne Boleyn in the Tower by Edouard Cibot (1799–1877)
Photo credit: http://speedy.theanneboleynfiles.com/wp-content/uploads/2009/05/anneboleyninthetower2-278x300.jpg
ဟယ်ရီလွင်