Thursday, 31 July 2008

ခရမ်းပြာဝိုင် (၁)

နတ်တို့ရဲ့အရိပ်
အိပ်မက်တွေဟာ
မနက်ခင်းမှာရွာချသတဲ့
ကဲ . . အရမ်းသဲတဲ့အိပ်မက်မိုး
အညှိုးနဲ့ရွာ မင်းမှေးစက်ရာပုခုံး
လိုလိမ့်အုန်းမယ်ကွယ့်
ညီမလေး ခရမ်းပြာ။ ။


ကျိန်စာသင့်တဲ့လက်နဲ့
ပင်နယ်တီကိုအဖမ်းခက်လှတယ်၊
ကံကြမ္မာမှော်ဆရာက
ပြခဲ့တဲ့အနီကတ်နဲ့ 
ကိုယ် . . .
ဒိုင်ပွဲတစ်ခါရပ်ခဲ့ရပြီးပါပြီ။


ကိုယ့်ရင်ထဲကမင်းနဲ့
ကိုယ့်ရင်ထဲကအသင်း . . .
အလျဉ်းသာပြိုင်ရရင်တော့
'အိုးလ်ဒ်ထရက်ဖို့ဒ်' တစ်ကွင်းစာအလွမ်းနဲ့ 
နိုင်ပွဲမဲ့ ချန်ပီယံရဲ့သမိုင်းအစ
'မန်ချက်စတာယူနိုက်တက်' ရဲ့ဘဝလို
ကိုယ် ... မဖြစ်ချင်ဘူး။


ချယ်ရီပွင့်ဝိုင်ချိုချို
ထင်းရူးပျိုရိပ်အောက်က
လမင်းပျောက်လို့ ငိုရင်း
ကြယ်စင်တွေနှင်းမခ
မီးသင့်တဲ့ညထဲ
'မင်းကိုလွမ်းတယ်' လို့ အသံမဲ့စွာ
ကိုယ် ... တစာစာအော်နေပါတယ်။


ဆောင်းဦးရွက်ကြွေချိန်
အွန်စောတို့ ဌာနေမှာ
ချယ်ရီတွေမဝေပါဘူး၊
ပင်လယ်လေဟာ
ကဝေလိုလက်သည်းနဲ့
ငရဲတံခါးဝကိုအလှစ်
ထယ်ဝှားမြစ်ရဲ့အဆုံးမှာ
ကိုယ်ခဏတာ ပုန်းနေပါရစေ။


ညစ်နွမ်းတဲ့အတိတ်ရဲ့ဖြေရာ
လှိုင်းခြေရာရှာသလိုပဲ
ကံ့ကော်တစ္ဆေရဲ့အရိပ်တွေ
ချယ်ရီမြေပေါ်ခုန်အချ
ငါ့ဘဝကို
သုညကပြန်စမယ်လေ။


ပင်လယ်ဟာ
ချယ်ရီရိပ်ပျိုအောက်မှာ
မာယာပင်အိုကို ပျိုးနေလေရဲ့။


ပေးဆပ်တယ်ဆိုတာ
ဆောင်းနှင်းအပျိုမလိုအေးမှန်း
ကိုယ် .... တစ်ခါမှ မတွေးစမ်းခဲ့မိဘူး။


ခရမ်းပြာအဆိပ်ဟာ
အတိတ်ကဝိုင်စည်အိုကို
ချိုမြပြင်းသစ်တဲ့ နှင်းပွင့်ဖြစ်စေ
လင်း .. သစ် .. ဝေ သတဲ့လားကွယ်။


အဝေးကလွမ်းရင်း
သက်တန့် တမ်းချင်းကိုဆို
မင်းသဉ္စာမှာထွန်းလင်းဖို့ 
လမင်းကိုပိုက်ကွန်နဲ့ဖမ်း
မင်းဘယ်တော့မှမနမ်းမယ့်
အလွမ်းဝိုင်ပွင့်တွေ
တစစီချွေရင်း ...
လေနှင်ရာမျှောလိုက်ပါတယ်။


ဒါပေမယ့် ...
လွမ်းနေပါတယ် ...
ညီမလေး ခရမ်းပြာရယ်။ ။

No comments: