မှော်နွယ်ညများ
မြင်လွှာရုံအောက်၊
ကိုယ်ယောင်ဖျောက်ခဲ့သူရေ၊
ပင်လယ်ဖြူရဲ့ လေပြည်၊
ကဝေလက်သည်းနဲ့၊
အသည်းတံခါးကို လှစ်၊
မာယာလှိုင်းငွေ့ရစ်ခြုံသိုင်း၊
ချစ်သူရဲ့ သမိုင်းက၊
အရိုင်းတစ္ဆေတကောင် ...
ဧဒင်ရေ ...
မှော်နွယ်တွေရစ်ဝိုင်းလို့၊
သစ်လှိုင်းယောင်အောက်က
တယောက်သူရင်ကို
ပင်သစ်ညိုပွင့်ချပ်သုဉ်းတဲ့အထိ
ဖုံးကာထားလေရော့သလား ...
လရိပ်ယှက်မိုး၊
ကြယ်စင်ရေ ညှိုးမသွားပါနဲ့၊
မိုးဖျားအောက်က တယောက်သူ၊
နောက်လူဟာ ရှေ့အရောက်၊
နေ့ညတွေပျောက်ဆုံးလျက်၊
တာထွက်စောတဲ့ ပင်လယ်ပြင်မှာ၊
ပန်းဝင်မဦးခဲ့တဲ့ ရွက်လှေတစင်းရဲ့
လေလွင့်အလင်းနှစ်များသမိုင်း
ရာဇဝင်တွေ အပြိုင်းပြိုင်းကျ၊
ခိုင်းနှိုင်းလည်း မပြချင်တော့ပါဘူး .... ။
လျော့လုလု နေခြည်အောက်မှာ ...
ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...
ကျနော် အခုတလော အလုပ်အရမ်းများနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ် ... ရေးလက်စ တပိုင်းတစနဲ့ ကဗျာတွေလည်း ရှိနေပါတယ် ... အသစ်မတင်ဖြစ်တဲ့အချိန်အတွင်းမှာကို သံယောဇဉ်နဲ့ မပျက်မကွက် အမြဲလာပြီး ဖတ်ရှုခံစားအားပေးကြတဲ့ ညီအကို မောင်နှမများ ကို ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ