Tuesday, 24 January 2012

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...


“အမေကြီး ... ကဗျာ ရွတ်ရအောင်လေ ...”
သမီးငယ်က သူ့အမေကြီး (အဖွား) ကို ပူဆာနေတဲ့ တီတီတာတာ အသံဖြစ်ပါတယ်။ ဆက်ပြီး နားထဲကို ဝင်လာတာက ...
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
သမီးဟာ ကဗျာတွေကို အလွန်ကြိုက်ပါတယ်။ အရမ်းလည်း ရွတ်ချင်ပါတယ်။ ဒီအသံတွေကို ကြားတော့ ကျနော့် စိတ်အလျဉ်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးကို ပြန်ရောက် သွားပါတော့တယ် ...

****

“မေမေ ... ကဗျာ ရွတ်ရအောင်လေ ...”
ဒီတခါ ပြောလိုက်တဲ့ အသံရှင်ကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
“ရေအိုးကလေး ရွက်လာရင်၊ အဲဒါ လုံးကြီးတင် ...”
“ရွက်နုထွတ်ထွတ်၊ မိုးဦးဆွတ်၊ စွတ်စွတ်စိုတဲ့လ ... ”
ကျနော့် အသက် သုံးလေးနှစ်အရွယ် ကျောင်းမနေသေးခင် အချိန်ကပါ။ ပြောရရင် ကျောင်းမနေသေးခင်ကကို ကျနော် မြန်မာစာ စပြီး တတ်ခဲ့ပါတယ်။ ဒီလို တတ်ခဲ့တာကလည်း အထက်ပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ တဖြည်းဖြည်း မြန်မာစာကို စပြီး ဖတ်တတ်လာခဲ့တာပါ။ အဲဒီလို ကျနော့်ကို မြန်မာစာ တတ်လာအောင် ဖန်တီးပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ တခြားသူမဟုတ်ပါ ... ဧည့်သည်ကြီး လို့ အသိများကြတဲ့ “ဆရာတင်မိုး” ပဲ ဖြစ်ပါတယ်။ အထက်ပါ ကဗျာလေးတွေဟာ ဆရာ့ရဲ့ “ပျိုးခင်းတေးသံ” ကဗျာ စာအုပ်လေးမှ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်ကတည်းက အမေက သင်ပေးလို့ အစအဆုံး ရွတ်ရင်းရွတ်ရင်း ကနေ တဖြည်းဖြည်း စာတတ်လာတာပါ။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကဗျာတွေ၊ စာတွေ ခံစားတတ်လာတာနဲ့အတူ ဆရာ့ရဲ့ကဗျာတွေဟာ ကျနော့် အသည်းစွဲ ဖြစ်လာပါတယ်။ ကျနော်တဦးတည်းမဟုတ်ပါဘူး။ ကဗျာရေး၊ စာရေး အလွန်ဝါသနာပါတဲ့ ကျနော့်ရဲ့ မိခင်ကြီး လည်း ပါပါတယ်။ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမောင်ငွေလှိုင်း ... အစရှိသူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ တက္ကသိုလ်တက်ဖက်၊ စာရေးဖက် ကျနော့်မိခင်ကြီးဟာ ဆရာတင်မိုးတို့နဲ့ တက္ကသိုလ်ချင်းမတူလို့ မိတ်ဆွေ မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ကဗျာတွေကို ကျနော့်လိုပဲ အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ဘယ်သူကတော့ ကဗျာ့ဘုရား ဘာညာ ပြောမိတိုင်း “ဘာမှ လာပြောမနေနဲ့ဟေ့ ... ‘တင်မိုး’ ကိုတော့ ဘယ်သူမှ မမီဘူး” လို့ ကျနော့်ကို အမြဲပြောလေ့ရှိပါတယ်။

ဒီလို လေးစားခဲ့ရတဲ့ ဆရာတင်မိုးကို ကျနော် တက္ကသိုလ်တက်တဲ့အထိ မမြင်တွေ့ဖူးပါဘူး။ ဆရာ့ကဗျာတွေကိုသာ ဖတ်ရှု ခံစားနေခဲ့မိပါတယ်။ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်တော့ ကျောင်းနဲ့နီးတဲ့ အင်းစိန်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ မကြာမကြာ ရောက်လေ့ရှိပါတယ်။ အဲဒီအခါ မင်းကြီးလမ်းမှာရှိတဲ့ ဆရာ့အိမ်ကို ဖြတ်သွားတဲ့ အခါ တိုင်း ဆရာ့ကိုများ တွေ့ရလေမလားလို့ မျှော်လင့်တကြီး ကြည့်မိပါတယ်။ ဒါပေမဲ့ တခါမှ မတွေ့ခဲ့ရပါဘူး။ ဆရာ့အိမ် ကလေးကလည်း ပုံစံဆန်းဆန်းလေးနဲ့ ဆရာ့ကဗျာတွေလိုပဲ ချစ်စရာလေးရယ်ပါ။

တနေ့မှာတော့ (၁၉၈၆-ခုနှစ်မှာ ထင်ပါတယ်) ကျနော်တို့ မြို့မှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အဲဒီမှာ လာပြီး ဟောပြောတဲ့ ဆရာ၊ ဆရာမတွေကို ကျနော်တို့ရဲ့ အိမ်မှာ ဧည့်ခံခွင့် ကြုံပါတယ်။ ဆရာမ ရွှေကူမေနှင်း နဲ့ ကျနော့် မိခင်ကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက်ရော၊ တာဝန်အရပါ အိမ်မှာ ဧည့်ခံရတာပါ။ အဲဒီမှာ ကျနော် မှတ်မိသလောက်ဆို ဆရာမင်းယုဝေ၊ ဆရာချစ်ဦးညို၊ ဆရာမ ရွှေကူမေနှင်း နဲ့အတူ ကျနော် အလွန်လေးစားတဲ့ ဆရာ တင်မိုး လည်း ပါလာပါတယ်။ မျက်နှာပြည့်ပြည့်၊ ခပ်ဖိုင့်ဖိုင့်၊ အမြဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေတတ်တဲ့ ဆရာ့ကို မြင်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အဲဒီမှာ အမေက ပြောပါတယ် ... “ဆရာ ... အခု စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့ ဟောဒီ ကျမသားလေးဟာ ဆရာ့ရဲ့ ပျိုးခင်းတေးသံ ကဗျာစာအုပ်နဲ့ စာ စ,တတ်ခဲ့တာပါ” လို့ ... အဲဒီ အခါ ဆရာ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီး ဝင်းပသွားပါတယ်။ ဆရာဟာ သူ့ကဗျာလေးတွေကြောင့် ကလေးငယ်တဦး စာတတ် ခဲ့ရတယ်လို့ သိလိုက်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်သွားပုံဟာ ကျနော့်မျက်စိထဲကနေ မထွက်ပါဘူး။ ကျနော်ကတော့ ဆရာကြီးတွေကို အဲဒီတုန်းက ဘေးကနေသာ ငေးကြည့်ရင်း ပြောသမျှကို နားထောင်နေခဲ့ရုံပါပဲ။ သာမန်တက္ကသိုလ် ကျောင်းသားလေး တဦးသာဖြစ်တဲ့ ကျနော်ဟာ ဆရာ့လို ပုဂ္ဂိုလ်မျိုးကို ဘာစကားမှလည်း မပြောရဲပါဘူး။ ဒါပေမဲ့ ကျနော့်ကို ကဗျာတွေနဲ့ စာတတ်စေခဲ့တဲ့ ကျေးဇူးရှင် ဆရာတင်မိုးကိုတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။

ဒီနေ့အထိ ဆရာတင်မိုးကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချ နေမိဆဲပါ။ ရက်လနှစ်တွေ အခါခါကုန်လွန်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဆရာ့အကြောင်းတွေ၊ ဆရာ့စာတွေ၊ ကဗျာတွေကို ဆက်လက်ပြီး သိရှိမှတ်သား လာခဲ့ ရတာနဲ့အမျှ ဆရာ့အပေါ်မှာ ပိုပြီး လေးစားကြည်ညိုမိပါတယ်။ ၂၀၀၇-ခုနှစ်မှာ ဆရာ ကွယ်လွန်သွားကြောင်း သိရတဲ့အခါ ကျနော့် စိတ်ထဲမှာ ယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ ကဗျာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသားမို့ ဆရာ့ရဲ့ ဘယ်ကဗျာတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနော့်အနေနဲ့ အထူးပြောနေဖို့ မလိုပါဘူး။ ပြောနေရင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်းတွေကို မြင်းထိန်းငတာ က ချီးကျူးသလို အဖြစ်မျိုးသာ ဖြစ်နေမှာပါ။

သူဖန်တီးခဲ့တဲ့ ပျိုးခင်းလေးကတေးသံတွေဟာ ကျနော်သာမက ကျနော့်ရဲ့ သမီးငယ် အထိ မျိုးဆက်နှစ်ဆက်တိုင်တိုင် စာတတ်မြောက်စေဖို့အထိ အစွမ်းထက်ခဲ့တယ် ဆိုတာ ဖလ်မီးအိမ်ရှင် ဧည့်သည်ကြီးသာ သိရင် ဘယ်လောက် ကြည်နူးပီတိ ဖြစ်နေလိမ့်မလဲ ... အခုတော့ သူချစ်တဲ့ “ပုဂံကျောင်းက ခေါင်းလောင်းသံ” ချိုချိုကို နားဆင်ရင်း “နှင်းဆီပွင့်ပေါ် အိပ်ပျော်” နေပြီလား ...

***

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ ... တဲ့

ဆေးလိပ်ဟာ တိုရုံမက အစီခံအထိ လောင်ကျွမ်းသွားခဲ့ပါပြီ ... နေဟာလည်း ညိုရုံမက အနောက်ဂေါယာကုန်းမှာ စုန်းစုန်းမြုပ်လို့ မိုးစုပ်စုပ်ချုပ်သွားခဲ့ပါပြီ ... သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ “ဧည့်သည်ကြီး” ခမျာ အခုထိ သူ အလွန်ချစ်တဲ့ “အိမ်” ကို မပြန်နိုင်ရှာသေးပါ ... သူ့ကို ... ကျနော်တို့ ခုထိ အိမ်ပြန်မပို့နိုင်ကြသေးပါလား ခင်ဗျာ ....

(ကျေးဇူးရှင် ဆရာတင်မိုး အား ဤပို့စ်ဖြင့် ဂုဏ်ပြုကန်တော့ပါသည်။)

ဟယ်ရီ

No comments: