Thursday 31 July 2008

ခရမ်းပြာဝိုင် (၂)

တမျက်နှာကို အစဉ်မညှိုးရအောင်၊
အချစ်ကဗျာကို အပင်ပျိုးလို့၊
သခင်ချိုးဖို့ ပန်းခင်းဖေါ်မယ်၊
မင်းပျော်ရင် ကိုယ်ကျေနပ်၊
အနေတတ်ပါတယ်။

တသက်တာ ထာဝရနံဘေးမှာလဲ၊
မပျက်ကွာ ကဗျာအလှလေးတွေနဲ့၊
မကြာခဏ တေးအလှဆင်လို့၊
လေးနှမခင်ကို ပျော်တော်ဆက်ရန်၊
မနက်ဖြန်မှာ အသက်တဖန်ရှင်သန်စေသမျှ၊
နေရဦးမယ်။

တွေ့သမျှရန် ဘေးဘယာခရီးဆိုလဲ၊
ရှေ့ကအမှန်ပြေးကာဆီးလို့၊
အနီးနားက စောင့်ရှောက်မယ်ပေါ့၊
တကယ်တော့လေ သူရန်မခစေဖို့ပဲ၊
ပြန်ရစေရယ် မမျှော်ကိုး၊
အပျော်မိုးတွေ သူ့အပါးစွေရင်တော့၊
အနားမနေချင် တမင်ပြေးခွာဖယ်၊
အဝေးကမ္ဘာဝယ် ရှောင်ကာပုန်း။

ဒါပေမယ့်လေ ...
ဖြေရင်မပြေနိုင် အမောဆင့်လို့၊
နွေအသင်္ချေတိုင် ပြောခွင့်မကြုံမယ့်၊
မနောပွင့်ငုံ ချစ်ခွင့်စကားကိုတော့၊
သခင့်နားမှာ ကြားစေဖို့ မစွမ်းသာဘူး၊
မကျွမ်းသာ သီအလှတေးတွေနဲ့၊
အလှမ်းကွာ ဒီဘ၀ဝေးလေတဲ့၊
ခရမ်းပြာ ညီမလေးရေ ...
ဝေး ..လွင့်စေ အုန်း။

Read More...

ခရမ်းပြာဝိုင် (၁)

နတ်တို့ရဲ့အရိပ်
အိပ်မက်တွေဟာ
မနက်ခင်းမှာရွာချသတဲ့
ကဲ . . အရမ်းသဲတဲ့အိပ်မက်မိုး
အညှိုးနဲ့ရွာ မင်းမှေးစက်ရာပုခုံး
လိုလိမ့်အုန်းမယ်ကွယ့်
ညီမလေး ခရမ်းပြာ။ ။


ကျိန်စာသင့်တဲ့လက်နဲ့
ပင်နယ်တီကိုအဖမ်းခက်လှတယ်၊
ကံကြမ္မာမှော်ဆရာက
ပြခဲ့တဲ့အနီကတ်နဲ့ 
ကိုယ် . . .
ဒိုင်ပွဲတစ်ခါရပ်ခဲ့ရပြီးပါပြီ။


ကိုယ့်ရင်ထဲကမင်းနဲ့
ကိုယ့်ရင်ထဲကအသင်း . . .
အလျဉ်းသာပြိုင်ရရင်တော့
'အိုးလ်ဒ်ထရက်ဖို့ဒ်' တစ်ကွင်းစာအလွမ်းနဲ့ 
နိုင်ပွဲမဲ့ ချန်ပီယံရဲ့သမိုင်းအစ
'မန်ချက်စတာယူနိုက်တက်' ရဲ့ဘဝလို
ကိုယ် ... မဖြစ်ချင်ဘူး။


ချယ်ရီပွင့်ဝိုင်ချိုချို
ထင်းရူးပျိုရိပ်အောက်က
လမင်းပျောက်လို့ ငိုရင်း
ကြယ်စင်တွေနှင်းမခ
မီးသင့်တဲ့ညထဲ
'မင်းကိုလွမ်းတယ်' လို့ အသံမဲ့စွာ
ကိုယ် ... တစာစာအော်နေပါတယ်။


ဆောင်းဦးရွက်ကြွေချိန်
အွန်စောတို့ ဌာနေမှာ
ချယ်ရီတွေမဝေပါဘူး၊
ပင်လယ်လေဟာ
ကဝေလိုလက်သည်းနဲ့
ငရဲတံခါးဝကိုအလှစ်
ထယ်ဝှားမြစ်ရဲ့အဆုံးမှာ
ကိုယ်ခဏတာ ပုန်းနေပါရစေ။


ညစ်နွမ်းတဲ့အတိတ်ရဲ့ဖြေရာ
လှိုင်းခြေရာရှာသလိုပဲ
ကံ့ကော်တစ္ဆေရဲ့အရိပ်တွေ
ချယ်ရီမြေပေါ်ခုန်အချ
ငါ့ဘဝကို
သုညကပြန်စမယ်လေ။


ပင်လယ်ဟာ
ချယ်ရီရိပ်ပျိုအောက်မှာ
မာယာပင်အိုကို ပျိုးနေလေရဲ့။


ပေးဆပ်တယ်ဆိုတာ
ဆောင်းနှင်းအပျိုမလိုအေးမှန်း
ကိုယ် .... တစ်ခါမှ မတွေးစမ်းခဲ့မိဘူး။


ခရမ်းပြာအဆိပ်ဟာ
အတိတ်ကဝိုင်စည်အိုကို
ချိုမြပြင်းသစ်တဲ့ နှင်းပွင့်ဖြစ်စေ
လင်း .. သစ် .. ဝေ သတဲ့လားကွယ်။


အဝေးကလွမ်းရင်း
သက်တန့် တမ်းချင်းကိုဆို
မင်းသဉ္စာမှာထွန်းလင်းဖို့ 
လမင်းကိုပိုက်ကွန်နဲ့ဖမ်း
မင်းဘယ်တော့မှမနမ်းမယ့်
အလွမ်းဝိုင်ပွင့်တွေ
တစစီချွေရင်း ...
လေနှင်ရာမျှောလိုက်ပါတယ်။


ဒါပေမယ့် ...
လွမ်းနေပါတယ် ...
ညီမလေး ခရမ်းပြာရယ်။ ။

Read More...

လောကနာရီ

လောကနာရီ အစချီ ကိုယ်တွင်းပြည့် ရတုပိုဒ်စုံ

လောကနာရီ၊ ဘာသာကြည်မွေ့၊ ခါမှီရွေ့ညောင်း၊ ဆောင်းတပြန်လှစ်၊ နှောင်းဟန်ဖြစ်တည်၊ တွယ်နှစ်ကြည်ထွေး၊
ရစ်သီနွေးလို။ ။ လှစ်တွေးပိုသင့် မပိုသင့်။

မောလျတာရှည်၊ ခါရာသီကွေ့၊ ပြာသီငွေ့လောင်း၊ ဟောင်းတဖန်သစ်၊ လောင်းပြန်ရစ်သည်၊ ငယ်ချစ်သီကြွေး၊
ချစ်ရည်ထွေးစို။ ။ ချစ်တေးဆိုသင့်မဆိုသင့်။

သောကရာသီ၊ မာယာသီဝေ့၊ ယာယီရွှေ့အောင်း၊ ပြောင်းအပြန်ဖြစ်၊ စောင်းမာန်သစ်ချီ၊ ပယ်ပစ်ချည်ဝေး၊
နှစ်ရှည်ဆွေးပို။ ။ ဟစ်ကြွေးငိုသင့် မငိုသင့်။

Read More...

ကြယ်စင်အိပ်မက်



ကယ်စင်ဖြူဝင့်၊ မိုးယံမြင့်က၊
ဂုဏ်တင့်သည့်ပန်း၊ မြေသို့စမ်း၍၊
လျှောက်လှမ်းခိုက်ကြုံ၊ ခဏဆုံစဉ်၊
မယုံရဲစွာ၊ အကြင်နာကို၊
ညင်သာပျိုးမိ၊ ကိုယ့်လွန်ရှိသည်၊
သူသိမှာလည်း စိုးမိသည်။

ပင်လယ်ရေချို၊ ကမ္ဘာပြိုမှ၊
အို ..ဆုံမှာဘဲ၊ အတွေးထဲမှာ၊
သိမြဲလျက်ကွယ်၊ ရင်မှာနွယ်လို၊
ဖြာသွယ်ယှက်လာ၊ ခိုင်မေတ္တာက၊
သင့်ပါ၏လော၊ မသင့်လောဟု၊
စောကြောဖို့ရန်၊ ခွင့်မပန်ဘဲ၊
ရင့်သန်တိတ်တိတ်၊ ကြိတ်၍ယှက်နွယ်၊
အမြစ်တွယ်သည်၊
ခုတ်ပယ်ပစ်ရန် မစွမ်းပြီ။

မည်သို့ဆိုစေ၊ ခိုင်ညှာမေရယ်၊
ပွင့်ဝေမေတ္တာ၊ ပန်းငုံလွှာကို၊
ရင်မှာဝှက်ထား၊ အသည်းကြားမှာ၊
သိမ်းထားသိုလှစ်၊ ကိုယ့်အပြစ်ပဲ၊
စိတ်ညစ်ရက်တွေ၊ ဗျာပါပွေပေါ့၊
ဖူးဝေစွင့်လန်း၊ ကြယ်စင်ပန်းကို၊
မလှမ်းနိုင်လဲ၊ စံမြဲတင့်မော်၊
ကောင်းကင်ပေါ်ဝယ်၊ သူပျော်ရာက၊
တဒင်္ဂလေး၊ ခဏအတွေးမှာ၊
ရံခါပါရင်၊ ဖြေသာတယ်လေ၊
ကြယ်စင်မေရယ်၊ ရေလွှာပြင်ထက်၊
ခဏပွက်တဲ့၊
အိပ်မက်လို့ ဘဲ မှတ်လိုက်မည်။ ။

Read More...

ကြယ်စင်တတင်း သူငယ်ချင်းသို့


နတ်စောင်းသံလား၊ မှတ်ထင်မှားခဲ့၊

စကားသံစဉ်၊ ကြားပြန်လျှင်လည်း၊

နားဝင်လဲချို၊ ရင်လဲဖိုခဲ့၊

မှန်လိုကြည့်ချင်၊ သူ့ရုပ်သွင်ကို၊

မြင်ရလေတိုင်း၊ ရင်မှာလှိုင်းဆင်၊

သူခိုင်းရင်ပျော်၊ သူကခေါ်ရင်၊

ကြယ်စင်တတင်း၊ ငွေလမင်းနဲ့၊

ဆောင်ကြဉ်းလို့သာ၊ အရောက်လာမယ်၊

သူသာပျော်ရင်၊ ကိုယ်ငိုချင်လည်း၊

ရင်ကိုခွဲကာ၊ အဏ္ဏ၀ါက၊

ကမာပုံသွင်၊ ပုလဲဆင်မယ်၊

အလွမ်းနယ်တွင်း၊ သူငယ်ချင်းပေါ့၊

ရင်တွင်းမှာတော့၊ ချစ်တေးနော့သီ၊

ကျော့ဆုံးကြားမှာစိုးမိသည်။ ။

Read More...