Showing posts with label စလေဦးပုည၏စာများ. Show all posts
Showing posts with label စလေဦးပုည၏စာများ. Show all posts

Saturday, 22 August 2009

ရိုင်းမိုက်တဲ့ဉာဏ်

‎‎ဂျပ်ကောင်နှယ် ပန်းကြားက၊‎
သန်းစကားသု (ခု) ဝါ၊‎
ရမ်းကားလို့ တုလာလျှင်၊‎
ဥပမာဆိုစို့၊‎
ချေးပုံနှင့်မြင်းမိုရ်တောင်၊‎
ခင်းဆိုရောင် နှိုင်းကြပါစို့။‎

သေးကွက်နှင့်ပင်လယ်၊‎
နင်တကယ်ထင်လို့၊‎
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊‎
သခင်တို့ ဦးချီ၊‎
အုန်းမှုတ်လိုအနေစားတွေက၊‎
ရွှေဖလား မနှိုင်းသင့်ပြီ။‎

ဥတုနှင့်ပုစွန်ဆီ၊‎
‎ဒွန်ပီပီ ယှဉ်တွဲလို့၊‎
စပ်ဖဲ အတွင်းခံ၊‎
‎ရိုင်းမိုက်တဲ့ဉာဏ်၊‎
မိုးကြိုးနှင့် အီးသံလို၊‎
ခရီးမှန်ကွာလွန်းလှလေး။ ။‎

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

‎ဒီတေးထပ်ကလည်း အချုပ်တန်းဆရာဖေကို ထပ်ပြီးတိုက်ခိုက်ထားတာပါ။ ပိုကြမ်းတဲ့စကားလုံးတွေသုံးထားပါတယ်။ ဂမ္မဒေါသ သင့်တဲ့ အဖွဲ့ပေမယ့် အရေးအသားပြောင်မြောက်လွန်းလှပါတယ်။

Read More...

မယှဉ်နှိုင်းရာ

ခါးတောင်းကျိုက် ပိတုန်းပိတ်နှင့်၊‎
ကျုံးထိပ်ကငဖေ၊‎
တုန်းပြိတ္တတစ္ဆေလို၊‎
အသရေ ဟိတ်နွမ်း၊‎
အသွင်နှင့် အမြင်မှန်တယ်၊‎
ဘဝင်ခံ မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်ရာ၊‎
နင်ဘာပြု ဟော့ရမ်း၊‎
‎ဝင်္ကာခု သော့သွမ်း၊‎
ကြော့ကြမ်းလိုက်လေတယ်၊‎
ကြောင်းမတန် စောင်းမာန်ခက်၊‎
ပြောင်းပြန်ရှက် ရှက်ရချေမယ်။‎

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊‎
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊‎
ဖားခြင်္သေ့ ရွှေဟင်္သာ၊‎
ကျီးနက်ပြိုင်လာ၊‎
နဂါးနှင့် တီလောက်ကွာတယ်၊‎
ခြေထောက်တာ လွန်လွန်းလို့လေး။ ။‎

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

‎ဒီတေးထပ်က အချုပ်တန်းဆရာဖေကို တိုက်ခိုက်တဲ့ တေးထပ်ဖြစ်ပါတယ်။ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ ခေတ်ပြိုင်စာဆိုကြီး နှစ်ဦးက တဦးကို တဦး တိုက်ခိုက်တဲ့ တေးထပ်တွေ အပြန်အလှန်ရေးကြတဲ့အထဲက တပုဒ်ပဲဖြစ်ပါတယ်။

Read More...

သိကောင်းပါငဲ့

ကုသိုလ်ကံဈေးကျလို့၊‎
မှေးရသည့်ခေတ်ဝယ်၊‎
အဝေးကချစ်ရွယ်သည်၊‎
ပစ်ပယ်တယ်ထင်နှင့်၊‎
ဘုရားဟော သဘောမှန်သည်၊‎
လောကဓံကင်းခွင့်မသင့်။‎

ပုထုဇန်လိုဟာ၊‎
ဘယ်ဆိုရာမတင့်၊‎
ရွယ်ခိုကာ ဉာဏ်ချင့်လို့၊‎
ကံမြင့်မှကြီးမယ်၊‎
အသက်နှယ် မက်တွယ်ချင့်သော်လဲ၊‎
ပျက်ပြယ်လင့် ဘုန်းမို့ခွာတယ်။‎

စက်လယ်မြင့် မျိုးအမှန်ရယ်၊‎
ထမ်းပိုးဆယ်ပြန် စံပြလို့၊‎
အနန္တ စေတနာ၊‎
ဘုန်းမောင့်မေတ္တာ၊‎
မလွဲဘု စွဲမှတ်ပါကွယ်၊‎
ကဲခတ်ကာ သိကောင်းငဲ့လေး။ ။‎

(ဦးပုည)
တေးထပ်

ကုသိုလ်ကံဖွဲ့

စလေဦးပုညရဲ့ တေးထပ်ဖြစ်ပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 16 June 2009

စေတီယဖွားဖက်တော်

ဦးပုညတို့ ဖွဲ့လိုက်ပုံများတော့ လက်ဖျားခါလောက်ပါတယ်။ မှန်တာကိုမပြောတဲ့နေရာမှာတော့ ဥသျှောင်ပါပဲ။ အဲဒီခေတ်က မှန်တွေက နိုင်ငံခြားက သင်္ဘောနဲ့ ဝင်ပါတယ်။ အဲဒီ "မှန်" တွေကိုရောင်းရင်တောင် "မှား" လို့ခေါ်ပြီး ရောင်းမယ်။ "မှန်" လို့များ ယောင်လို့ပြောမိရင် အာခေါင်ကို ဖဲ့လိုက်ပါဆိုပြီး မောင်းခတ်ကျေညာပြီးတောင် ပြောလိုက်ဦးမယ် ဆိုပဲ ...
အော် .... စေတီယမင်းနဲ့ ဖွားဖက်တော် ဆိုလောက်တဲ့သူတွေ ... အောက်က အလိမ်ဖွဲ့တေးထပ်လေးကို တင်ပေးလိုက်ပါတယ်။

စေတီယဖွားဖက်တော်
စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောင်တောင် ပိုင်စား၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎

တမိုးအောက်လူ့ပြည်မှာ၊‎
သည်တဖေတပါးသာဖြင့်၊‎
မုသားစောင်ဖြူခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎

(အလိမ်ဖွဲ့)
စလေဦးပုည

Read More...

Friday, 15 May 2009

ကာလဆိုး‎

‎မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ပို့စ်တွေကို ဆက်ဖို့ တေးထပ်အကြောင်း ရေးနေတုန်း ဦးပုညရေးခဲ့တဲ့ ကလိယုဂ်ဖွဲ့ တေးထပ်ကလေး ခေါင်းထဲရောက်လာပါတယ်။ ဖတ်သာကြည့်ကြပါတော့ အရပ်ကတို့ရေ ....

‎ကာလဆိုး‎

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ ‎

လေးတရာ့ဆီမှန်လျှင်၊‎
ရေနံလောက်မကောင်း၊‎
စိတ်အနေ ရုပ်ပြောင်းလို့၊‎
ချောင်းကိုပ မြစ်ထင်၊‎
တူရိယာ နတ်စည်စောင်း၊‎
သူဖုန်းတောင်းချင်းကတဲ့သွင်။‎

‎ဝါးလုံးခေါင်း လသာချင်တယ်၊‎
အိမ်ထဲတွင် ကင်းဝပ်လို့၊‎
မုန်းဇာတ်ကြံကြပြီ၊‎
ဘုန်းရို့ဝသီ၊‎
ခုများဖြင့် မုသားညီတယ်၊‎
အပလီ ဗိုလ်မင်းပလေး။ ။‎

ဦးပုည
(ကလိယုဂ်ဖွဲ့ - သာမညတေးထပ်)

ကျနော်ကတော့ စာဆိုတော်ကြီး ဦးပုညလို မရေးတတ်လို့ ဒီတေးထပ်လေးနဲ့ပဲ ညည်းချင်းချလိုက်ပါတယ်။ စလေဦးပုညများ ဒီခေတ်မှာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...