Showing posts with label ဗေဒါလမ်းကဗျာများ. Show all posts
Showing posts with label ဗေဒါလမ်းကဗျာများ. Show all posts

Friday, 11 January 2013

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ


“ဗေဒါလမ်း” ဆိုရင်တော့ ဆရာဇော်ဂျီရဲ့ အကောင်းဆုံး ဂန္ထဝင်မြောက်လက်ရာမှန်း သိပြီးဖြစ်ကြပါလိမ့်မယ် ... ကျနော့် အသည်းစွဲကဗျာစုပဲ ဖြစ်ပါတယ်။ ဒီကဗျာစုထဲက ဗေဒါလမ်း (၁၀) ပန်းပန်လျက်ပဲ ကို စန္ဒယားချစ်ဆွေ သံစဉ်ရှာပြီး (ဒေါ်) ကြည်ကြည်ဌေး သီဆိုထားတဲ့ “ညိုပြာပြာ ... လတာပြင်ခြေရင်း” ဆိုပြီး စထားတဲ့ “ပန်းပန်လျက်ပါ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးကိုတော့ အားလုံးလိုလို ကြားဖူးကြပါလိမ့်မယ် လို့ ထင်ပါတယ်။


ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ ဗေဒါလမ်းကဗျာစုထဲက သင့်ရာအပိုဒ်တွေကို စုစည်းပြီး သီချင်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ နောက် “ဗေဒါလမ်း” သီချင်းတပုဒ် ရှိနေပါသေးတယ်။ အခုခေတ်မှာတော့ ကြားဖူးတဲ့သူ အလွန်နည်းပါးသွားပြီ ထင်ပါတယ်။ ကျနော့် အသည်းစွဲ “ဗေဒါလမ်း” ကဗျာစုထဲက အချိုးလေးတွေကို ယူပြီး စာသားလုံးဝ မပြောင်းဘဲ သီချင်းအဖြစ် ဖန်တီးထားတဲ့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ သီချင်းလေးပါ ... ငယ်ငယ်တုန်းက ရေဒီယိုမှာ ခဏခဏ ကြားခဲ့ဖူးပါတယ် ... ဒါပေမဲ့ သီချင်းခေါင်းစဉ်လည်း မသိ၊ ရေးတဲ့လူ၊ ဆိုတဲ့လူ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီသီချင်းကို မကြားရတာ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ဝန်းကျင်လောက် ရှိနေပြီ ဆိုတော့ တမ်းတမိပါတယ်။ အခုတော့ Facebook က “မြန်မာသံလေးတွေ နားထောင်ကြမယ်” http://www.facebook.com/groups/BurmeseSongs/ ဆိုတဲ့ Group ကနေတဆင့် မြန်မာ့ဂီတပညာရှင် ဦးမောင်မောင်သန်း Maung Maung Than ရဲ့ ကျေးဇူးနဲ့ ဒီသီချင်းကို ခေါင်းစဉ်လည်းသိ၊ ပြန်နားဆင်ခွင့်လည်း ရခဲ့ပြီ ဖြစ်ပါတယ် ... မူရင်းအဆိုရှင်ကိုတော့ မသိပါ။ ဒါပေမဲ့ ခင်ညွန့်ရီ ပြန်ဆိုထားတဲ့ တေးလေးကို ခံစားကြည့်ချင်တယ်ဆိုရင် ဒီမှာ နားဆင်နိုင်ပါတယ်။ (ကျနော် အပူကပ်လို့ ရှာဖွေပေးတဲ့ ဦးမောင်မောင်သန်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ...)

http://minus.com/lrnpekCXlItlF

ဒီသီချင်းက ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစုထဲက အချိုးလေးတွေကို ကောင်းနိုးရာရာ ထုတ်နှုတ် ဖွဲ့သီထားခြင်းပဲ ဖြစ်ပါတယ်။ စာသား လုံးဝ မပြောင်းလဲဘဲ မူရင်းအချိုးအတိုင်း လှပတဲ့မြန်မာသံစဉ်လေးတွေကို ထည့်ပြီး ဖန်တီးသွားတဲ့ ဂီတပညာရှင်ကြီးကိုလည်း အထူးပဲ လေးစားမိပါတယ်။ ဒီသီချင်းဖြစ်လာအောင် ထုတ်နှုတ်သုံးစွဲသွားတဲ့ အဖွဲ့လေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗေဒါလမ်း-၁၀၊ ပန်းပန်လျက်ပဲ၊ ပထမအချိုး
ဗေဒါလမ်း-၃၊ ဘယ်ရွာဆိပ်ကမ်း၊ ပထမအချိုး
ဗေဒါလမ်း-၁၆၊ ချောင်းလှဖို့ကို၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၂၊ ပန်းသိပါရဲ့၊ တတိယအချိုး
ဗေဒါလမ်း-၁၉၊ ချောင်းတခွင်၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၀၊ ပန်းခဲ့သည်ပဲ၊ ပထမအချိုး

ဒီ အချိုးလေးတွေကို ဆက်စပ်ပြီး သံစဉ်ထည့်လိုက်တော့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ တေးသီချင်းတပုဒ် ဖြစ်လာပါတယ်။ စာသားအပြည့်အစုံကို အောက်မှာ ခံစားကြည့်နိုင်ပါတယ်။

ကျွန်းနုမြေမှ အလှပန်းချီ

စာသား - ဆရာဇော်ဂျီ (ဗေဒါလမ်းကဗျာစု)
သံစဉ် - ????
ဆို - ခင်ညွန့်ရီ

(ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။) ၂

(သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။) ၂

(အိုအချင်း ကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ဝါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။) ၂

(တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။) ၂

(နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။) ၂

အားလုံးပဲ ခံစားနားဆင်နိုင်ကြည့်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Saturday, 8 October 2011

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာတွေကို ဖွဲ့တဲ့ပုံစံက "အချိုးတွဲ" ကဗျာ အမျိုးအစား လို့ သတ်မှတ်ထားကြပါတယ် ...

အချိုးကဗျာဆိုတာ ဂန္ထဝင်ကဗျာပုံစံဖြစ်တဲ့ "ဒွေးချိုး" "တြိချိုး" "လေးချိုး" တို့ကို ခေါ်ပါတယ်။ တကယ်တော့ ဒီပုံစံတွေက သူ့ဟာသူ သီးသန့်ကို ကဗျာတပုဒ်အဖြစ်တည်ရှိနေပါတယ်။ ဒွေးချိုးတပုဒ်ကို ဥပမာ ပြရမယ်ဆိုရင် ...

ပစ်မခွါ၊
နှစ်တရာရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။ ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊
ရိုးမြေပြာကျ။ ။

အချုပ်တန်းဆရာဖေရဲ့ အထက်ပါ ဒွေးချိုးဟာ သူ့ချည်းပဲကို ကဗျာတပုဒ် အဖြစ် သီးသန့်တည်ရှိနေပါတယ်။ ဒီလိုပါပဲ .. လေးချိုးတွေ ကိုကြည့်မယ်ဆိုရင်လည်း ...

ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်။

ပျိုတို့လူ ယာမလုပ်တယ်၊
ဝါးခုတ်တဲ့တောင်။

နွားညီနောင်၊
စည်အောင်ပ ဖေကျောင်း။

မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
လှည်းယာဉ်နဲ့မောင်း။ ။‎

ဒီ "လှည်းယာဉ်" ဆိုတဲ့ လေးဆစ်ကလေးကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ် .. သူ့ဟာသူကို ကဗျာတပုဒ်အဖြစ် သီးသန့်ရပ်တည်နေပါတယ် ... (လေးဆစ် ဆိုတာ လေးချိုးအတိုလေးကို ပြောတာပါ၊ လေးချိုးငယ် လို့လည်း ခေါ်ပါတယ်)

ဒါပေမဲ့ ဒီလိုပုံစံတွေကို တွဲစပ်ပြီး ကဗျာရှည်တပုဒ်အဖြစ် ခေတ်စမ်းကဗျာတွေမှာ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် စတဲ့ ကဗျာကဝိများက ရေးသားခဲ့ကြပါတယ် ... "ဗေဒါလမ်း" တွေဟာ ဒီအမျိုးအစားထဲကပါ။ တခုသတိပြုဖို့ကတော့ အချိုးတွဲကဗျာတွေမှာ အချိုး ၂-မျိုး၊ ၃-မျိုးကို တွဲစပ်ရေးသားပေမဲ့ အကြောင်းအရာအားဖြင့်ကတော့ တခုတည်းပဲ ဖြစ်ပါတယ်။

ဒါကတော့ ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို တင်ပြခြင်း ဖြစ်ပါတယ် ... ဥပမာ အနေနဲ့ ဗေဒါလမ်း (၁၃) ဆိုင်ခင်းလျက်ပဲ ကို ပြပါမယ် .. ဒွေးချိုး ၄-ပုဒ် နဲ့ လေးဆစ် (လေးချိုး) ၁-ပုဒ်ကို တွဲစပ်ပြီး ကဗျာတပုဒ်အဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ် ... အချိုးကဗျာတိုင်းရဲ့ ပဓာနကာရန်တွေကို လက်သည်းကွင်း ( )၊ ထောင့်ကွင်း [ ] တွေနဲ့ ပြထားပါတယ်။ ဒွေးချိုးတွေရဲ့ အချ (အဆုံးသတ်ကာရန်) ကို တွန့်ကွင်း { } နဲ့ပြထားပါတယ်။ လေးချိုး ရဲ့ ကာရန်ပြန် ကိုလည်း တွန့်ကွင်း { } နဲ့ပဲ ပြထားပါတယ်။ ဒါကြောင့် နောက်ဆုံးအုပ်ပိုဒ်ရဲ့ အချကို ထောင့်ကွင်း [ ] နဲ့ ပြန်ပြလိုက်ပါတယ်။ လေးချိုးမှာ ကာရန်ပြန် ဟာ သိပ်အရေးကြီးပါတယ်။ အများစု သတိမမူမိဘဲ အဲဒီနေရာမှာ ကာရန်လွတ်သွားလေ့ရှိပါတယ်။ အဲဒါဆိုရင် အချိုး ပျက်တော့တာပါပဲ။

ဒွေးချိုး (၁)
အညာ(လှေ)။
အညာ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ထန်းလျက်(ခဲ)ရယ်နဲ့
(ပဲ)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၂)
တံငါ(လှေ)။
တံငါ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ပုစွန်(ကျား)ရယ်နဲ့
(ငါး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၃)
ကမ်းစပ်မှာ (မြှောင်)။
အိုး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ရာဝင်(အိုး)ရယ်နဲ့
(အိုး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၄)
ကမ်းစပ်မှာ(မြှောင်)။
ဝါး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ခယင်(ဝါး)ရယ်နဲ့
(ဝါး)မျိုးစုံ ကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

လေးချိုး (လေးဆစ်) (၅)

ဒီလမ်းက ပန်းဗေ{ဒါ}။

ဆန်ရေစုန်(ရေ)နဲ့
ထုံပေ(ပေ)သူမ[နား]၊ [သွား]ရခါ{ခါ}။

ပါပါစ ရောင်းစ{ရာ}၊ {ပါ}ရှာဘု သူတို့[နဲ]။

အပြာမှာ အဝါ(ကွက်)ကယ်နဲ့
အ(တက်)မှာသူရွှင်[ပြ]ပေမဲ့၊
[ကျ]လည်းလေ သူမ(ငြင်း)ရှာဘု
ဒီချောင်းရေ ကောက်က(စင်း)မှာ
ဆိုင်(ခင်း)လျက်[ပဲ]။ ။


ဒါလောက်ဆိုရင် ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို မြင်သာလောက်ပြီ လို့ ထင်ပါတယ် ... ကျန်တဲ့ ဗေဒါလမ်း ကဗျာအားလုံးဟာ လည်း ဒီလိုပဲ အချိုးတွဲပုံစံနဲ့ ရေးသားဖွဲ့ဆိုထားတာဖြစ်ပါတယ် ...

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

Read More...

ဗေဒါလမ်း Ebook

ဗေဒါလမ်း ချစ်သူများအတွက် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာများကို ကျနော် ebook လုပ်ပြီး တင်ပေးလိုက်ပါတယ် ... မြန်မာပြည်က လူတွေပါ download လုပ်လို့ရအောင် filefactory နဲ့ တင်လိုက်ပါတယ် ...

http://www.filefactory.com/file/ceb5def/n/Baydarlann__Zawgyi_ebook.pdf
စာအုပ်ကို ဖွင့်ဖို့အတွက်တော့ password လိုပါတယ် ...


password ကတော့ harrylwin ဖြစ်ပါတယ် ... :D

Download လုပ်ဖို့အတွက် လင့်ခ်အတိုင်းသွားလိုက်ပါ ... အဲဒါဆို Filefactory ရဲ့ Download page ကိုရောက်သွားပါလိမ့်မယ် ... အဲဒါဆို အောက်ဘက်ကို သွားပါ ... Slow Download ဆိုပြီး ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ အနီရောင်နဲ့စာတမ်း ကို click လုပ်လိုက်ပါ ... ပြီးရင် ထပ်ပေါ်လာတဲ့ အကွက်လေးထဲမှာ သူပြထားတဲ့ verification code ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ... "pleas wait 30 seconds .. " ဆိုတဲ့ စာတမ်းလေး ပေါ်လာပါမယ် ... စက္ကန့် ၃၀ စောင့်ပြီးရင် "Your download link is ready at the bottom of this page" ဆိုတဲ့ အစိမ်းရောင်စာတမ်းလေး ပေါ်လာပါလိမ့်မယ် ... အဲဒါဆိုရင် အဲဒီ page ရဲ့ အောက်ဆုံးကို သွားပြီး စောစောက Slow Download ဆိုတဲ့ ဒိုင်ခွက်လေးအောက်မှာပေါ်နေတဲ့ "Download" ဆိုတဲ့ အနီရောင်နဲ့စာတမ်းလေးကို Click လုပ်လိုက်ရင် ရပါပြီ ...


ဒီ ebook ထဲမှာ မာတိကာ ကနေ ကိုယ်ဖတ်ချင်တဲ့ ကဗျာကို click လုပ်ပြီး တိုက်ရိုက်သွားလို့ ရပါတယ် ...
မာတိကာ ကို ပြန်သွားချင်ရင် စာမျက်နှာတိုင်းရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ အပြာရောင်မျဉ်းလေးပေါ်က" ဗေဒါလမ်း ...... ဇော်ဂျီ "ဆိုတဲ့ ဧရိယာ ဘယ်နေရာကို နှိပ်နှိပ် မာတိကာ စာမျက်နှာကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ် ...
PDF Bookmark pane ကို ဖွင့်လိုက်ရင်လည်း မာတိကာ ပေါ်နေမှာ ဖြစ်ပြီး အဲဒီကနေလည်း ကြိုက်တဲ့ ကဗျာ ကို တိုက်ရိုက်သွားဖတ်လို့ရပါတယ် ...
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ...

Read More...

Saturday, 27 September 2008

ဗေဒါလမ်း (၄၁) - တလှည့်စီ စုန်ဆန်မြဲ

မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေ စောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။

အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။

ဇော်ဂျီ
(ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁)

မနက်ခင်းဆီတုန်းက စုန်ဆင်းသွားခဲ့တဲ့ မဗေဒါဟာ မွန်းတည့်ချိန်နေ့လယ်ခင်းမှာ ပြန်ဆန်တက်လာပါတယ်။ ညနေလည်း စောင်းလာရော ချောင်းဖျားကိုတောင်ရောက်နေပေမယ့် ဆိတ်ငြိမ်ရာချောင်းဖျားမှာ မအိပ်ဘဲ စုန်ချိန်ကျတော့ ပြန်စုန်ဆင်းရပြီး စည်ကားတဲ့ချောင်းဝကို ရောက်နေရပြန်ကာ ချောင်းဖျားမှာ ပြန်တိတ်ဆိတ်လို့နေပြန်ပါတယ်။
အို .. မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ကျူတံသေးနဲ့ တေးချိုချိုတွေသီပြီးနေဆဲပါ။ ဆိတ်ငြိမ်ရာအရပ်၊ စည်ကားရာအရပ်ရယ်လို့ ရောက်တဲ့ အရပ်ကို အစွဲမရှိပဲ ကပ်ချည်ခွာချည်နဲ့ စုန်တစ်ခါဆန်တစ်လှည့်နဲ့ မညည်းမညူဘဲ တစ်လှည့်စီသာ စုန်နေဆန်နေမြဲပါလား .. လို့ ကျူရိုးရှင်က ပြောလိုက်ပါတော့တယ်။

အခု ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစု ၄၁ပုဒ်လုံး ဒီမှာဆုံးသွားပါပြီ။ အားလုံး ဖတ်ရှုခံစားပြီး ကျေနပ်နိုင်ကြပါစေ။ နားလည်နိုင်ကြလိမ့်မယ်လို့ လဲ ထင်ပါတယ်။ တစ်စုံတစ်ရာကို ခံစားရရှိနိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။ ကျနော့်ဘ၀မှာ ဒီ ဗေဒါလမ်းကဗျာလေးတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံစားချက်၊ အတွေးအမြင်နဲ့ အားအင်တွေ ပေးခဲ့ပါတယ်။ ဒီ ဗေဒါလမ်းကဗျာလေးတွေကိုဖတ်ပြီး ဘ၀အတွက် အသုံးဝင်မယ့် အတွေးအမြင်တွေ၊ အားမာန်တွေ ရရှိလာကြမယ်ဆိုရင် ကျနော့်အနေနဲ့ မျှဝေရကျိုးနပ်ပါပြီ။

ခံစားရတဲ့ ခံစားချက်တွေ၊ မြင်တဲ့အမြင်တွေကိုလည်း ပြန်လည်ဆွေးနွေးပြောပြပေးစေလိုပါတယ်။

ကျနော်ရေးထားတာတွေဟာ ကျနော်တစ်ဦးတည်းခံစားရတဲ့ခံစားမှုကို ကျနော်နားလည်သလို မျှဝေခံစား ရေးပြ ဆွေးနွေးခြင်းသာဖြစ်ပါတယ်။ ဒီအတိုင်းမှန်တယ်လို့မဆိုလိုပါဘူး။ ဆရာကြီး ဇော်ဂျီလို ပါရမီရှင် ကဗျာက၀ိကြီးတစ်ဦးအနေနဲ့ တွေးသွား၊ ရေးသွားတဲ့ မူလခံစားမှုကို ကျနော်ဘယ်လိုမှ လိုက်မမီနိုင်သလို အလွန်အဆင့်အတန်းမြင့်တဲ့ ကဗျာတွေမို့ အပြည့်အ၀ပီပြင်မှန်ကန်အောင်လည်း ကျနော့်အဆင့်လောက်နဲ့ ဖေါ်ပြဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျနော်နဲ့ မတူတဲ့၊ ကွဲပြားခြားနားတဲ့ အမြင်များရှိမယ်ဆိုရင် ကဗျာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးကြတဲ့သူများအနေနဲ့ ဆွေးနွေးပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံဖိတ်ခေါ်ပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄၀) - ချောင်းမအသိ

ချောင်းမကို ၀င်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ၀ဲကြီးပါလား။

ဒီ သရဲ ၀ဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။

အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ၀ဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမယ့်၊ ၀င်လိုက်မယ်ကွယ့်။

ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။

ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမအသိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ၊ ၁၉၇၀)

ချောင်းမကိုအ၀င်၊ ချောင်းလက်တက်နဲ့ ချောင်းမဆုံရာ ဒီချောင်းဆိုင်မှာ ရေစီးအားနှစ်ခုအဆုံကြောင့် ပေါ်လာမြဲဖြစ်တဲ့ ၀ဲကြီးရှိနေပါတယ်။ မြင်ရဲ့လား .. တဲ့။ ကျူရိုးရှင်က သတိပေးရင်းမေးလိုက်တာပါ။
ဆက်ပြီး ဒီ မကောင်းဆိုးဝါးသရဲလိုဆိုးတဲ့ ၀ဲအလယ်မှာ မဗေဒါတော့ ၀ဲလှည့်သမျှချာချာလည်ပြီး မထွက်နိုင်ပဲ မောနေရလိမ့်ဦးမယ်ထင်ပါတယ်။ ဒီဝဲကြောင့် ချောင်းမကြီးကို ငြိုငြင်ပြီး လက်ညှိုးထိုးလို့ အပြစ်တင်စကား နှုတ်ဖျားကနေဆိုဦးမှာလား .. လို့ မေးလိုက်ပါသေးတယ်။
အို .. ကျူရိုးရှင်ရယ်၊ ၀ဲထဲမှာလှည့်နေရခိုက်ကတော့ တကယ်ပဲမောရပါလိမ့်မယ်။ ချောင်းမထဲကိုဝင်တာနဲ့ ဒီလိုပဲ ကြုံစမြဲဆိုတာလဲ ဆင်ခြင်မိပါတယ်။ ဒါပေမယ့် ချောင်းမထဲကိုတော့ ၀င်လိုက်ပါ့မယ်ကွဲ့ ... လို့ မဗေဒါက ပြန်ပြောပါတယ်။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ ရေအီပြီး ကျသွားချိန်ဆိုရင် ဒီသရဲ အဝေးကိုရှဲလို့ သွားရမှာပါ၊ အဲဒီလို ဒီသရဲ ၀ဲကြီး ရှဲမသွားခင်အထိ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ မမောခင် ပြန်ထွက်ချင်လဲ ထွက်လို့မရဘဲ အားခဲနေရဦးမှာပါ၊ အဲဒီလို ဒီဝဲကြီးထဲကမထွက်နိုင်ခင်အထိတော့ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ ... လို့ မဗေဒါက ဆက်ပြောပြလိုက်ပါတယ်။

ကျနော်တို့တွေ ကျင်လည်ကျက်စားနေထိုင်ရှင်သန်ရာ ဒုက္ခစုံတဲ့ မနုဿဘုံမှာ သုခချည်းပဲ မရှိနိုင်ပါဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ဘေးရန်တွေနဲ့လည်း ရင်ဆိုင်ကြရမှာ အမှန်ပါ။ ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီလို ကြုံတွေ့ကြရရင် ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ အဲဒီလို ခံနိုင်ရည်ရှိအောင်ကလည်း အတွေ့အကြုံ လိုပါတယ်။ ဒီဒုက္ခက မလွတ်မြောက်နိုင်သေးခင်တော့ ကြံ့ကြံ့ခံရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဒုက္ခတွေဟာ မမြဲဘူး၊ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပါပဲ။ ဒါကို ရင်မဆိုင်လို့လည်းမရသလို အမြဲလည်း ကြုံနေရမှာမဟုတ်ဘူး။ ဒုက္ခကိုရင်မဆိုင်ချင်ဘူးဆိုပြီး ဘ၀ကို ဇာတ်သိမ်းလိုက်လို့ မရသလို ဘ၀ကိုအပြစ်တင်နေလို့လည်း မရဘူး ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၉) - သီပါ မြည်ပါ

ကမ်းစပ်မှာထိုင်
ကျူမကိုင် မှိုင်ငေးလို့၊ အဝေးကို ကြည့်။
ကျူရိုးရှင် ပီပီသေးရယ်၊ တေးဆိတ်လှချည့်။

အိုအချင်း မဗေဒါ။
ငါ မငိုင် ငါ မငေး၊ ဝေးရပ်ကိုသာ။
ဓနိတန်း အထက်မှာ၊ အာကာသ ပြာလဲ့။
ကသိုဏ်းပုံ အာရုံနဲ့၊ ရွှန်းပီတိနဲ့။

အိုအချင်း မင်းပီပီ။
ထက်ကောင်းကင် ပြာလဲ့ဝင်းမှာ
မင်းမွေ့တတ်ပြီ။
ချောင်းလောက သီကရီ၊ မသီတော့ပြီလော။
မင့်ဘာသာ တစ်ကိုယ်ထူး၊ ကြည်နူးအံ့လော။

သီပါတဲ့ မြည်ပါ။
ဒီချောင်းမြေ ဒီရေအရေး၊ တေးဆိုသင့်ပါ။
ဆန်စဉ်လဲ မယ်နားနာ၊ စုန်လာလဲ နာမှာပဲ။
နာရင်းသာ စုန်ဆန်မြဲ၊ ချောင်း ဒီရေထဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၆၊ ဖေဖေါ်ဝါရီ၊ ၁၉၇၀)

ကျူကိုလဲမကိုင်၊ ကမ်းစပ်မှာထိုင်ပြီး မှိုင်ငေးကာ အဝေးကိုမျှော်ကြည့်နေတဲ့ ပီပီသေးနဲ့ ကျူရိုးရှင်ရယ်၊ တေးသံတွေတိတ်ဆိတ်နေပါလား ... လို့ မဗေဒါက မေးပါတယ်။
အို မဗေဒါ ရယ်၊ အဝေးရပ်ကို ငေးနေတာ၊ ငိုင်နေတာမဟုတ်ပါဘူး။ ဓနိတန်းရဲ့ အထက်မှာ ပြာလဲ့လဲ့ အာကာသကောင်းကင်ကြီးကို ပီတိတွေနဲ့ ကသိုဏ်းရှုရင်းကြည့်နေတာပါ .. လို့ ကျူရိုးရှင်က ဖြေပါတယ်။
ဒီတော့ မဗေဒါက ပီပီရှင်ရယ်၊ အခုတော့ အထက်မိုးကောင်းကင်ပြာလဲ့လဲ့မှာ မွေ့ပျော်တတ်နေပြီပေါ့။ ကသီကရီ ချောင်းလောကအကြောင်းကိုတော့ တေးမသီတော့ဘူးလား။ ကိုယ့်ဟာကိုယ်ပဲ တစ်ကိုယ်တည်း ကြည်နူးနေတော့မှာလား .. လို့ ပြန်မေးလိုက်ပါတယ်။
မဗေဒါကပဲဆက်ပြီး ဒီချောင်းမြေနဲ့ဒီရေ ရဲ့အရေးကိုလည်း တေးဖွဲ့ဆိုသင့်ပါတယ်။ တေးသီလိုက်ပါဦး။ ပီပီသံလေး မြည်လိုက်ပါဦး။ မဗေဒါဆန်တက်သွားတဲ့အချိန်မှာလည်း နားထောင်ပါ့မယ်။ စုန်ဆင်းလာရင်လည်း နားထောင်မှာပါပဲ။ ကျူရိုးရှင်ရဲ့ တေးသံတွေကို ကြားနာရင်းနဲ့ပဲ ဒီချောင်းရေထဲမှာ စုန်ဆန်လို့ နေချင်ပါတယ် .. လို့ ပြောလိုက်ပါတယ်။

လူ့သဘာဝအရ ဒီချောင်းဝန်းကျင်အကြောင်း အမြဲတေးသီဖွဲ့နေတတ်တဲ့ ကျူရိုးရှင်ရဲ့တေးသံကို မကြားရတဲ့အခါ မဗေဒါလည်း မနေတတ်မထိုင်တတ် ဖြစ်သွားသလား၊ ဒါမှမဟုတ်လည်း ထက်ကောင်းကင်အမြင့်ကို ကျူရိုးရှင်မျှော်ပြီး
ဘ၀ကို မေ့သွားမှာစိုးလို့ သတိပေး နားချနေတာလား ... စဉ်းစားကြည့်ကြပါဦး။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၈) - ဒီရေသမီး

ဒီချောင်းမှာနေ၊ ဒီရေမှာ သူကြီး။
ပီပေသည် ဒီရေ သမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ၊ မြူးတတ်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ၊ လှတတ်လေခြင်း။

မတွေ့ချင် မမြင်ချင်၊ မ၀င်ချင်သော်လဲ။
ဝင်လိုက်တယ် မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင် မကွာချင်၊ မခွာချင်သော်လဲ။
ခွာလိုက်တယ် မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလဲမဗေဒါ။
စုန်လိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အဆန်ရဲ အမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။

ဝင်သူလဲ မဗေဒါ။
ခွာလိုက် သူဆိုလျှင်လဲ၊ သင်းပဲဗေဒါ။
အ၀င်ရဲ အမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည် ဒီရေသမီး၊ ချောင်းကောက်ကွေ့ ခရီး။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ၊ ၁၉၆၉)

ဒီချောင်းရိုးလေးထဲမှာနေပြီး ဒီ ရေထဲမှာပဲကြီးပြင်းလာခဲ့ရတဲ့ မဗေဒါဟာ ကောက်ကောက်ကွေ့ကွေ့ ချောင်းကလေး တလျှောက်မှာ ဒီရေရဲ့သမီး ပီသစွာနဲ့ဒီတက်ချိန်တန်လို့ ဆန်ချိန်ကျရင်လည်း မဆန်ဘူးလို့မငြင်းဘဲ ဒီရေတက်ဦးမှာ မြူးမြူးကြွကြွ၊ ဒီတက်ချိန်ကုန်လို့ စုန်ချိန်ကျရင်လည်းပဲ မစုန်ဘူးလို့မငြင်းဘဲ ဒီရေအကျမှာ လှလှပပနဲ့ အစုန်အဆန် နေတတ်ပါတယ်။
ချောင်းနှစ်ခုဆိုင်လို့ ၀ဲကတော့တွေရောက်ရင်လည်း မတွေ့ချင်မမြင်ချင် မ၀င်ချင်ပေမယ့် မရှောင်လွှဲဘဲ ၀င်လိုက်တာပါပဲ။ ချောင်းရေဆိပ်ကမ်းနဲ့ မကွဲမကွာ၊ မခွဲခွာချင်ပေမယ့်လည်း စွဲလန်းမနေဘဲ ခွဲချိန်တန်ရင် ခွဲခွာလိုက်တာပါပဲ။
ဆန်တဲ့သူဟာလည်း မဗေဒါ၊ စုန်တဲ့သူဟာလည်း မဗေဒါပါပဲ။ ဆန်ရမယ်ဆိုလည်း ရဲရဲဆန်၊ စုန်ချိန်ဆိုလည်း စုန်လိုက်တာပဲမို့ ကောက်ကောက်ကွေ့ကွေ့ချောင်းကလေးတလျှောက် ဘ၀ခရီးမှာ ဒီရေရဲ့သမီးပီသလှပါတယ်။
ဝင်တဲ့သူဟာလည်း မဗေဒါ၊ ခွာတဲ့သူဟာလည်း မဗေဒါပါပဲ။ ၀င်ရမယ်ဆိုလည်း ရဲရဲဝင်၊ ခွာချိန်ကျလည်း ခွာလိုက်တာပဲမို့ ကောက်ကောက်ကွေ့ကွေ့ချောင်းကလေးတလျှောက် ဘ၀ခရီးမှာ ဒီရေရဲ့သမီးပီသလှပါတယ်။
ဒီရေမှာကြီးပြင်းခဲ့တဲ့ မဗေဒါဟာ ဒီရေသမီး ပီသ သလို၊ ကိုယ်မွေးဖွားကြီးပြင်းနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ အသားကျအောင်၊ အလိုက်သင့်ဖြစ်အောင် နေတတ်ဖို့ကျနော်တို့ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။
ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၇) - လမ်းရိုးပါကွဲ့

အနောက်ဖက်ဆီ၊ နေနီနှင့် တိမ်ပန်း။
ရှေ့ဆီမှာ ဓနိတန်း၊ ချောင်းရှေ့ဖက်ကမ်း။

ဓနိတန်း ကမ်းကွေ့မှာ။
ဒီတက်ချိန် တိမ်အစွမ်း၊ ပန်းတောက်တဲ့ခါ။
ကွေ့အောက်က ရေနီလာ၊ ကွေညာက မြသွေး။
မဗေဒါ ဆန်လာလမ်း၊ နန်းဆံပေ့လေး တဲ့။

အို အချင်း ကျူရိုးရှင်။
မင်းတို့ရွာ တစ်ဖက်ကမ်း၊ လမ်းက အမြင်။
မယ့်အနီး မယ့်ဝန်းကျင်၊ ချောင်းရေပြင် ကြည်လဲ့။
စုန်ကာ ဆန်ကာနှင့်၊ မြမပါ နီလာမဲ့၊
လမ်းရိုးပါကွယ့်။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၁၁၊ စက်တင်ဘာ၊ ၁၉၆၉)

အနောက်ဖက်ဆီမှာ နေလုံးနီနဲ့တိမ်ပန်းချီခြယ်သနေသလို အရှေ့ဖက်ဆီမှာကတော့ ဓနိတောတန်းလေးမှာ ကျူရိုးရှင်ရှိနေပါတယ်။

ဓနိတန်းကမ်းအကွေ့ကနေကြည့်လိုက်ရင် ဒီရေတက်ချိန်မှာ တိမ်တောက်တဲ့အခါ တိမ်ရဲ့အစွမ်းကြောင့် ပန်းတွေလိုတောက်ပြီး ကွေ့လေးရဲ့ အောက်ဖက်မှာ ရေပြင်က အပြာရောင်သမ်းပြီး နီလာလိုလှလို့ ကွေ့အထက်မြစ်ညာမှာတော့ အစိမ်းရောင်ဖန့်ဖန့်နဲ့ မြအသွေးဆင်နေပါတယ်။ မဗေဒါဆန်တက်လာတဲ့လမ်းကတော့ တယ်လဲ နန်းဆံပါလားလို့ ကျူရိုးရှင်ကပြောလိုက်ပါတယ်။

ဒီအခါ မဗေဒါက အို အသင်ကျူရိုးရှင်၊ ဒီဟာကတော့ တစ်ဖက်ကမ်းက မင်းတို့ရွာရှိတဲ့ လမ်းကနေ ကြည့်လို့မြင်ရတဲ့အမြင်ပါ။ မယ့် အနီးပတ်ဝန်းကျင်တ၀ိုက်မှာတော့ ချောင်းရေပြင်က ကြည်လဲ့လို့ ဘာအရောင်မှ မရှိပါဘူး၊ စုန်လိုက် ဆန်လိုက်နဲ့ မျောနေရတဲ့ ဒီချောင်းရေဟာ မြသွေးလိုလဲမစိမ်း၊ နီလာလိုလဲ ကြည်ပြာရောင်မရှိတဲ့ လမ်းရိုးလေးသာ ဖြစ်ပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

ကိုယ့်ဖက်က ကိုယ့်တဖက်သတ်အမြင်နဲ့အဝေးကကြည့်ရင် ဘေးပယောဂကြောင့် စိတ်မှာတမျိုးမြင်နိုင်ပါတယ်။ ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ ကာယကံရှင်ရဲ့ အခြေအနေဟာ အဝေးကမြင်ရသလိုမဟုတ်ဘဲ တမျိုးဖြစ်သွားနိုင်တာကြောင့် အသေအချာ သုံးသပ်ပြီးမှ အခြေအနေကို သိပြီးမှသာ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၆) - မယ့်အိမ်ပဲ

ဒီ ကျချိန်တန်၊ အိမ်ပြန်တော့မလား။
ဗေဒါရီ ဒီရေကြောမှာ၊ မျှောတော့မယ်လား။
ချောင်းဖျားက ခါးတမာ၊ ချောင်းဝသာ သကာပျား။
ဗေဒါဆွေ ကျရေကြိုက်၊ လိုက်တော့မယ်လား။

အိုအချင်း ကျူရိုးရှင်။
ခါတမာ သကာပျား၊ ခြားလို့ဘူ့ရှင်။
မယ့်ဒီချောင်းမှာလ၊ ချောင်းဖျားလဲ မယ့် အိမ်ပင်
ချောင်းဝင်လဲ မယ့် အိမ်ပဲ။
ဒီတက်ချိန်တန်
အိမ်ပြန်တယ် ဆန်မယ်ခဲ၊ ချောင်းဖျားကိုပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၀၃၊ ဇန်န၀ါရီ၊ ၁၉၆၉)

ဒီကျချိန်တန်လို့ အိမ်ပြန်တော့မလား ဗေဒါရီရေ၊ ဒီရေတကြောမှာ မျှောတော့မှာလား၊ ချောင်းဖျားကတော့ တမာလိုခါးတယ်ထင်လို့ ချောင်းဝ ကိုသာ ပျားသကာလို ချိုမြိန်တယ်လို့ ယူဆပြီး ကျရေကို ကြိုက်လို့ လိုက်သွားတော့မှာလား လို့ ကျူရိုးရှင်က (ခနဲ့သလို၊ ဆွေးသလိုနဲ့) မေးလိုက်ပြန်ပါတယ်။
ဒီအခါမှာ မဗေဒါက အို အသင် ကျူရိုးရှင်၊ ခါးတမာတွေ ပျားသကာတွေ မခွဲခြားပါဘူး။ မယ်ရဲ့ ဒီချောင်းမှာတော့ ချောင်းဖျားလဲ မယ့်အိမ်၊ ချောင်းဝင်ဝလဲ မယ့်အိမ်ပါဘဲ။ ဒီကျချိန်ချောင်းဝကိုဆင်းသလို ဒီတက်ချိန်တန်တော့လဲ ချောင်းဖျားမှာရှိတဲ့ မယ့်အိမ်ကိုပဲ ပြန်ဖို့ ဆန်တက် လိုက်ဦးမှာပါလို့ ပြန်ဖြေလိုက်ပါတယ်။

ဒီနေရာမှာလဲ ကျူရိုးရှင်က မဗေဒါသူ့ကို ခွဲသွားမှာမို့ ခနဲ့သလို ဆွေးသလို မေးလိုက်တယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် မဗေဒါက ကျူရိုးရှင်ကိုလဲ အထင်မမှားရအောင်၊ အစွန်းလဲလွတ်အောင် အဖြစ်မှန်ကို ရှင်းပြသွားတယ် .... လို့ ခံစား မိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၅) - ဗေဒါခင်အသိ

တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ၀ဲထလို့ဝိုင်း။

ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူ မြောက်လာ
သူ မညှာ သူ မသနား။
ချောင်းတစ်ခွင် သူ ၀င်စ၊ ပြခဲ့သူ့အား။

သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေ၀င်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျုရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။

မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါပင်အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၁၊ ဇန်န၀ါရီ၊ ၁၉၆၈)

ဒီတက်လာပြန်ပါပြီ။ချောင်းအောက်ပိုင်းတခွင် ပင်လယ်ဝမှာ ၀ဲကတော့တွေ ထလို့ ရေရိုင်းတွေက ဟီသံပေးပြီး တဟုန်တိုး တက်လာနေပါပြီ။
ဒီတက်ချိန်ဆိုရင်တော့ ရေရိုင်းကို နှိမ်လို့မရဘဲ ဒေါမာန်တွေထပြီး ထင်တိုင်းကြဲ တက်လာတာပါဘဲ။ ချောင်းပေါက်ဝမှာ မြောက်ကြွပြင်းထန်စွာနဲ့ ဘယ်သူ့ကိုမှ ညှာမယ့်၊ သနားမယ့် ပုံမရှိဘဲ ချောင်းတစ်ခွင်ကို ၀င်လာစမှာဘဲ သူ့အားအင်ကိုပြပြီး ကြမ်းကြမ်းရမ်းရမ်းတက်လာပါတယ်။
သူ့ရဲ့အားကို ပြလိုက်ရုံနဲ့တင် လတာပြင်ကို ရေတွေ ဒလဟော အားနဲ့အင်နဲ့ ၀င်တိုးပြီး ပလုံစီတွေထလာပါတယ်။ ပုစွန်ဆိတ်ကလေးတွေလဲ အထိတ်တလန့်နဲ့ တုန်နေအောင်ကြောက်သွားပြီး တောင်ဖက်ခုန်လိုက်၊ မြောက်ဖက်ပြေးလိုက်နဲ့ ဆောက်တည်ရာမရ ကြောက်လန့်နေကြရှာသလို ကျူရိုးအခင်အသေးလေးနဲ့ ကျူရိုးရှင်တစ်ယောက်လဲ မဗေဒါကို စိုးရိမ်စိတ်နဲ့ ချောင်းဝနားမှာ ဆွေးနေရပြန်ပါတယ်။
ဒီတော့ မဗေဒါက မဆွေးပါနဲ့၊ မစိုးရိမ်ပါနဲ့ ကျူရိုးရှင်ရယ်၊ အချိန်တန်ရင် ဒီရေရဲ့ မာန်ကျပြီး ချောင်းဟာ ပြန်လှပသွားရစမြဲပါ။ နောက်တချီ ဒီရေဦး ထိုးတက်လာမယ့် ဒီရူးထချိန်အထိ တော့ ချောင်းပြန်လှနေဦးမယ်ဆိုတာ ချောင်းတလျှောက် ကောက်ကွေ့ဝင်ပြီး သွားနေကျ ဗေဒါပင် တွေ အသိဆုံးပါဘဲ လို့ ကျူရိုးရှင်ကို နှစ်သိမ့်လိုက်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ကိုယ်က သံယောဇဉ်နဲ့ အစိုးရိမ်ပိုမိပေမယ့် ကာယကံရှင်ကိုယ်တိုင်က သူ့အခြေအနေကို သူအသိဆုံးမို့ မစိုးရိမ်ဖို့ နှစ်သိမ့်လိုက်ပြန်ရင်လဲ ကျေနပ်ရပြန်တာပါပဲ မဟုတ်ပါလား။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Tuesday, 23 September 2008

ဗေဒါလမ်း (၃၄) - မယ့်သဘော

ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။

မငေးလို့ မဖြစ်ပေါင်။
ဒို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငါးပျံမူး၊ မြူးရက်လို့လေး။

အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငါးပျံမြူးပေမယ့်
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင် တံစဉ်ကို ပြင်ပါတော့။
အချိန်တန် စုန်ဆန်မြန်းတဲ့
ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၉၀၊ ဒီဇင်ဘာ၊ ၁၉၆၇)

မဗေဒါက မေးပါတယ်။ ကျူရိုးရှင်ရယ်၊ ကျူတံလဲမကိုင်ဘဲ ကမ်းစပ်မှာထိုင်ပြီး လက်မှိုင်ချလို့ ငိုင်လှချေလား၊ အခင်သေးနဲ့ ကျူရိုးပိုင်ရှင်ရယ် ငေးလှချေလား တဲ့။

ဒီတော့ ကျူရိုးရှင်က မငေးလို့မဖြစ်ပေါင်၊ ဒို့ချောင်းမှာ ထူးထူးဆန်းဆန်းဖြစ်နေလို့ စိတ်ပင်ပန်းနေရတယ်။ လတာဘေးမှာ ငါးပျံက ပင်ကျရည် တမြူလောက်သောက်ပြီးယုံနဲ့ မိုးထိအောင်လှေကားထောင်မယ်ဆိုပြီး မူးမူးနဲ့ မြူးနေလို့ဘဲ လို့ ပြန်ဖြေပါတယ်။

ဒီတော့တခါ မဗေဒါက အို .. ကျူရိုးရှင်ရယ်၊ ချောင်းပေါက်မှာ ငါးပျံသူ့ဟာသူ မြူးနေ၊ မူးနေလဲ ကိုယ်မမြူးဘဲ နေလိုက်ရင်ပြီးတာပါပဲ။ ဆောင်းဦးပေါက်လဲရောက်ပြီဆိုတော့ ကောက်ပင်နွဲ့နွဲ့တွေလည်း မှည့်ဝင်းလာနေပြီ၊ ဒီတော့ ကောက်ရိတ်ဖို့ တံစဉ်ကိုပြင်လိုက်ပါတော့၊ အချိန်တန်ရင် အမြဲတမ်း စုန်ဆန်နေတဲ့ ဗေဒါပန်းလေး မယ့်သဘောကို စောကြောလိုက်ပါဦး လို့ ပြောလိုက်ပါတယ်။

ဒီကဗျာမှာလဲ ကျူရိုးရှင်နဲ့ မဗေဒါတို့ရဲ့ ဖွင့်မပြောတဲ့ သံယောဇဉ်သဘော တစွန်းတစကို မြင်လိုက်ရသလိုပါဘဲ။ ဒီဗေဒါလမ်းကဗျာတွေဟာ အဓိကအားဖြင့် ဒဿနတွေကို နိမိတ်ပုံနဲ့ ဖွဲ့ထားတယ်ဆိုပေမယ့် ဆရာကြီးအနေနဲ့ လူ့ဘ၀မှာ အမြဲလို သေချာပေါက်နီးပါး ကြုံတွေ့ရမယ့် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် တွေကိုလည်း ထည့်သွင်းဖွဲ့ဆိုထားတယ်လို့ ယူဆမိပါတယ်။ ကျနော့်အယူအဆ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်ကိုက သိင်္ဂါရ ရသဖက်ကို ပိုပြီး တိမ်းညွတ်လွယ်လို့ ဒီလိုတွေးမိသလားတော့ မဆိုနိုင်ပါဘူး။ ၀ိုင်းစဉ်းစားသုံးသပ်ကြည့်ကြ စေလိုပါတယ်။ ကဗျာသွားကိုကြည့်ရင် ကျူရိုးရှင်က မှိုင်နေတော့လဲ မဗေဒါက မေးမိတယ်။ ကျူရိုးရှင်ပြန်ဖြေတာက ငါးပျံက မူးပြီး စကားကြီးစကားကျယ်တွေ ပြော၊ လေလုံးမိုးလုံးထွားပြနေလို့ (မိန်းကလေးအချို့ရဲ့ သဘာဝအတိုင်း) အပျော်အပါးနဲ့ သုံးနိုင်ဖြုန်းနိုင် ဟိတ်ဟန်ကောင်းတဲ့ သူတွေအပေါ် အထင်ကြီးတိမ်းညွတ်မိများ သွားလေမလားရယ်လို့ စိုးရိမ်နေတဲ့သဘောမျိုးလို့ ထင်လိုက်မိပါတယ်။ ဒါမှ မဟုတ်လဲ မူးမူးနဲ့ စကားကြီးစကားကျယ်တွေ အရည်မရ အဖတ်မရ လျှောက်ပြောနေလို့ ရိုးရိုးတန်းတန်း ကြည့်မရတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ မဗေဒါကလဲ သူ့ဟာသူဘာဖြစ်ဖြစ်နေနေ ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်နေ၊ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်လိုက်ရင် ပြီးတာပဲမဟုတ်လား။ ဒီလမ်းမှာ အမြဲသွားနေတဲ့ မယ့်သဘောကိုလဲ စောကြောဆန်းစစ်ကြည့်ပါဦး လို့ ပြောလိုက်ပုံက သံယောဇဉ်အငွေ့တွေ ပါနေသလိုပဲမို့ ဒီလို ခံစားမိတာပါ။ ဒီလမ်းမှာ အမြဲသွားနေရတဲ့သူမို့ ဒီလမ်းမှာတွေ့ နေကျ ငါးပျံလိုမျိုးအကြောင်းတော့ ကောင်းကောင်း သိပါတယ် ဆိုတဲ့ သဘောကို သွယ်ဝိုက်ပြီး (imply) ပြောထားတဲ့သဘောမျိုး၊ အတိအကျလဲ သံယောဇဉ်ရှိကြောင်းမပြောဘူး၊ စိတ်မပူအောင်လည်း ပြောတတ်တယ်ဆိုတဲ့ ပုံစံမျိုး ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၃) - မင့်စေနာ

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
အောက်တစ်ခွင် ပင်လယ်ဝမှာ ဒီကျလျှင်တဲ့။

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
ဒီချောင်းမြေညနေအေး၊ လေသွေးရင်တဲ့။

အိုအချင်း ကျူရိုးရှင်။
ကျရေမှာ ပြေပြေဆင်း မင်းစုန်စေ့ချင်
တောင်လေလဲသွေးစေချင်၊ ချောင်းတစ်ခွင် မြစ်တန်း။
မင့်စေနာ မယ့်မှာပန်း၊ လှိုင်းကြက်ခွပ်လမ်း။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၇၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၇)

မှုန်နေအောင်လှတဲ့ ဗေဒါနွဲ့လေးရေ၊ အောက်ဖက်က ပင်လယ်ဝမှာ ဒီရေပြန်ကျရင် စုန်ခဲ့ပါဦး၊ ဒီချောင်းမြေမှာ ညနေအေးလေး ရောက်လို့ လေပြေလေးသွေးလာရင်လဲ စုန်ဆင်းလာခဲ့ပါဦး ... လို့ ကျူရိုးရှင်က ခေါ်နေပါတယ်။

အို ... အသင်ကျူရိုးရှင်ရယ်၊ ရေကျမှာလဲ ပြေပြေလေး မယ့်ကိုစုန်ဆင်းလာစေချင်တယ်၊ ပြီးတော့တခါ ချောင်းတခွင် မြစ်စဉ်တန်းထဲမှာ တောင်လေကလဲ တိုက်စေချင်သေးတယ်။ အဲဒီတော့ ရေကျနဲ့ ပင့်လေ ဆုံရင် ဒီလမ်းမှာ လှိုင်းကြက်ခွပ်တွေထပြီး စုန်ဆင်းရ ခက်တော့မှာပေါ့၊ မင့်စေတနာကြောင့် မယ်ကတော့ ပင်ပန်းရဦးမှာပဲ ... လို့ မဗေဒါက ပြန်ပြောလိုက်ပါတယ်။

တစ်ခါတစ်ခါ ကိုယ်ကတော့ စေတနာနဲ့ အမှတ်မထင် ပြောမိ၊ ပြုမိတာတွေဟာ တဖက်သားအတွက် ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်သွားစေတတ်တာကို ကျနော်တို့သတိထားကြဖို့လိုပါတယ် ... လို့ထပ်ဆင့်ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၂) - ပန်းသိပါရဲ့

လမုပွင့်နီသန္တာ၊ လတာကညိုချော။
လတာပြင် လမုတန်း၊ ကမ်းစပ်ကတော။

ဒီလမ်းကပန်းဗေဒါ။
နေထွက်နေ၀င်နဲ့
လတာပြင် လမုပါး၊ သွားရခါခါ။
လမုနဲ့ လတာသာ၊ ကျွမ်းရှာတဲ့ဗေဒါမ။
လတာပြင် လမုတန်း၊ ပန်းမယ့်လောက။

အိုအချင်းကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ၀ါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။

ခြံနောက်မှာ ရွာရှိလျှင်။
ခြံနောက်ကွယ် လယ်ကိုသန်း၊ လမ်းရွာဝ ၀င်။
ရွာသွားတဲ့ ရွာလမ်းစဉ်၊ ခွင်တစ်ခါခွေတစ်လှည့်။
စုန်ဆန်ရာဗေဒါလမ်းက ပန်းသိပါရဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၆၊ သြဂုတ်၊ ၁၉၆၂)

ကမ်းစပ်ကတောမှာ အညိုရောင်လွှမ်းတဲ့ ညိုချောလတာပြင်ရယ်၊ နီတျာတျာ လမုပွင့်လေးတွေနဲ့ လမုပင်တောတန်းလေးရယ် ရှိနေပါတယ်။
ဒီလမ်းက ပန်းဗေဒါခမျာတော့ နေထွက်ကနေ၀င် လတာပြင်နဲ့ လမုတန်းနားမှာပဲ အခါခါ စုန်လိုက်ဆန်လိုက်နဲ့ သွားနေရပါတယ်။ ဒီတော့လဲ လမုပင်တန်းနဲ့ လတာပြင်ကိုပဲ အကျွမ်းတ၀င်ရှိရှာရတဲ့ ဗေဒါမရယ်၊ ဒီလမုတန်းနဲ့လတာပြင်ဟာပဲ ပန်းကလေးရဲ့ လောကမဟုတ်လား .. လို့ ကျူရိုးရှင်က မေးလိုက်ပါတယ်။
ဒီတော့ မဗေဒါက အို ... အသင် ကျူရိုးတံ၊ လမုတန်းလေးရဲ့နောက်မှာ ၀ါးနဲ့ခတ်ထားတဲ့ ခြံတွေရှိပါတယ်။ အဲဒီခြံတွေကလဲ အုန်းခြံ၊ ဓနိခြံ နဲ့ ကွမ်းသီးခြံတွေပါတဲ့နော်၊ စုန်ဆန်နေရတဲ့ ဗေဒါလမ်းက ပန်းဟာ ဒီလောက်တော့ သိပါတယ် လို့ ပြန်ချေပလိုက်ပါတယ်။
ဒါနဲ့ မကျေနပ်နိုင်သေးတဲ့ မဗေဒါက ဆက်ပြီး ခြံနောက်မှာ ရွာရှိလိမ့်မယ်၊ အဲဒီ ခြံနောက်ကွယ်က လယ်ကွင်းတွေကို ဖြတ်သန်းသွားတဲ့ ရွာဝကို ၀င်တဲ့ လမ်းလေးလဲ ရှိတယ်။ ရှိယုံတောင်မကဘူး၊ ရွာကိုသွားတဲ့ အဲဒီလမ်းကလေးဟာ ဖြောင့်ဖြောင့်တန်းတန်းတောင်မဟုတ်ဘူး၊ ခွင်တဲ့အခါခွင်၊ ခွေတဲ့အခါခွေနဲ့ ဆိုတာကို စုန်ဆန်နေရတဲ့ ဗေဒါလမ်းက ပန်းဟာ ဒီလောက်တော့ သိပါတယ် လို့ ထပ်ပြီးချေပလိုက်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မဗေဒါဟာ သူကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်ကွက်ကွက်လေးသာမဟုတ်ဘဲ အခြားနေရာဒေသတွေအကြောင်းကိုပါ တီးမိခေါက်မိ ရှိတယ်၊ သိနားလည်တယ်၊ တနည်းအားဖြင့် ပြင်ပဗဟုသုတပါ ပြည့်စုံကြွယ်ဝတဲ့သူမို့ သူမမြင်ရရင်တောင်မှ တွေးတော ဆင်ခြင်ပြီး သိနိုင်စွမ်းရှိတဲ့ အရည်အချင်းနဲ့လဲ ပြည့်စုံတယ် ... လို့ခံစားမိပါတယ်။
ကျနော်တို့တွေလည်း ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးမှာပဲ ခြေရာခွက်ကလေးထဲက ဖားသူငယ်လို ပျော်မွေ့ကျက်စားနေလို့မရဘဲ အဲဒီဝန်းကျင်ရဲ့ အပြင်ဘက်က အကြောင်းတွေကိုပါ ထဲထဲဝင်ဝင်မဟုတ်တောင် တီးမိခေါက်မိတော့ ရှိဖို့လိုလိမ့်မယ် ဆိုတာကို ဆရာကြီးက သတိပေးထားသလိုပါပဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၁) - မင်းပါမှပဲ

စာဗူးတောင်းမှာ၊ စါဝါတို့လင်မယား။
သူတို့လွမ်းကြတော့
မယ်လွမ်းအောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖက်လိပ်အိမ်ဆင်၊ ခါချဉ်က လက်သမား။
လက်ရာဆန်းပါဘိ။
ကမ်းကုန်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

မိုးတက်မယ့်ဟန် ၊ ငဖျံ က ဂျွမ်းသမား။
အကြံကြီးသူမို့
မီးပွင့်အောင် ပီပီနွဲ့ရယ်၊ တေးဖွဲ့ပါလား။

ဖွဲ့ချင်ရဲ့နော်၊ ဖေါ်ချင်ရဲ့မနဲ။
ဒီလှိုင်းပျံ ထန်ချင်ထန်တဲ့
ဆန်ချိန်တန် ဆန်တက်ရင်းသာပါ့
ဆန်ချိန်ကုန် စုန်လို့ဆင်းပါတဲ့
ဗေဒါငယ် မယ် မငြင်းရယ်၊ မင်းပါမှပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၅၊ ဇူလိုင်၊ ၁၉၆၂)

စာဗူးတောင်းလေးမှာ စါဝါလင်မယားလွမ်းနေကြပါတယ်။ သူတို့လွမ်းနေတာမြင်တော့ မဗေဒါကလည်း လွမ်းချင်လာပါတယ်။ ဒါနဲ့ပဲ ကျူရိုးရှင်ကို တေးဖွဲ့ဖို့ပြောပါတယ်။
လက်သမားဆရာလို ဖက်လိပ်အိမ်ဆောက်နေတဲ့ ခါချဉ်ရဲ့ လက်ရာဆန်းတွေကိုတွေ့တော့လည်း ကျူရိုးရှင်ကို ဒီလက်ရာတွေကို ကမ်းကုန်အောင်အမွှမ်းတင် တေးဖွဲ့ဖို့ပြောပြန်ပါတယ်။
မိုးပေါ်တောင်တက်တော့မလိုလို အကြံကြီးတဲ့ပုံနဲ့  ဂျွမ်းထိုးကစားနေတဲ့ ဂျွမ်းသမား ငါးပျံရဲ့ မီးပွင့်မတတ် ဂျွမ်းဟန်တွေကိုလဲ ကျူရိုးရှင်ကို တေးဖွဲ့စေချင်ပြန်ပါတယ်။

ဒီတော့ ကျူရိုးရှင်က တေးလည်းဖွဲ့ချင်ပါရဲ့၊ သူတို့အကြောင်းတွေကိုလည်းဂီတနဲ့သရုပ်ဖေါ်ချင်ပါရဲ့။ ဒါပေမယ့် ဆန်ချိန်ဆိုရင်လဲ မငြင်းတမ်းဆန်၊ စုန်ချိန် ဆိုရင်လဲ မငြင်းဘဲစုန်ဆင်းသွားတဲ့ "မယ်မငြင်း" ဗေဒါငယ်အကြောင်းပါမှပဲ တေးဖွဲ့လို့ရပါလိမ့်မယ်။ ဒီတေးဟာ ပြည့်စုံ ဂုဏ်မြောက် ပါလိမ့်မယ် လို့  ပြန်ပြောလိုက်ပါတယ်။

ဒီနေရာမှာ မဗေဒါဟာ မိန်းမသားပီပီ အသားလိုလို့ အရိုးတောင်းတာလား၊ သူ့အကြောင်းတေးဖွဲ့စေချင်တာကိုပဲ မာယာပရိယာယ်နှောပြီး သွယ်ဝိုက်တဲ့ နည်းနဲ့တောင်းဆိုလိုက်တာလား၊ ကျူရိုးရှင်ကို "မူနွဲ့" လိုက်တာများလား ... ဒါမှမဟုတ်လည်း အမြဲစုန်ဆန်နေရတဲ့ ငြီးငွေ့စရာဘ၀မှာ အမောမှပြေပါစေတော့ရယ်လို့ ကြုံတွေ့ရသမျှ သူတွေအကြောင်း ရိုးရိုးသားသားပဲ တေးဖွဲ့သီကျူးသံကို ကြားချင်လို့လား .... ကျူရိုးရှင်ကလည်း သူ့ဘ၀မှာ မဗေဒါသာ အဓိက လို့ ပြောချင်တဲ့ သဘောနဲ့ ဘယ်သူတွေအကြောင်းဖြစ်ဖြစ် မင်းအကြောင်းမပါရင်တော့ မဖွဲ့နိုင်ပါဘူး လို့ ပြန်ဆိုလိုက်လေသလား ... တွေးကြည့်ကြပါဦး

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၃၀) - ပန်းခဲ့သည်ပဲ

နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။

သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငဖျံ လတာစွန်းမှာ ၊ သူ့ဂျွမ်းဟန်ချည့်။

သူ့ကိုယ်သူလျင် ၊ ဘာထင်လေမသိ။
ဘုတ်မခုနစ်သံနဲ့
တညံညံ လတာစွန်းမှာ ၊ သူ့လွမ်းသံချည့်။

အိုအချင်းကျူရိုးရှင်။
သူ့မူယာသူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင်းကိုယ်လဲ မင်းပင်လျင်၊ ဘာထင်လို့လေလဲ။
မဗေဒါစုန်ဆန်လမ်းမှာ ၊ ပန်းခဲ့သည်ပဲ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)


"နေလုံးရယ်နီ . . . တိမ်ပန်းချီနေသွေးနဲ့ .. နတ်ရေးသည်သို့ . . . ဒီ အကျပေမို့ .... အလှ လတာပြင်က .. ကျူရိုးရှင်လှေကလေးနဲ့ .... မျှော်ငေးလိုလို့ . . . "
(ဗေဒါလမ်းကဗျာတွေထဲမှာ ကျနော်အနှစ်သက်ဆုံး အဖွဲ့လေးပါ။ ဒီအပိုဒ်လေးကို အသံထွက်ရွတ်ဆိုကြည့်လိုက်ပါ။ သီချင်းလည်းရှိပါတယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ကွက်တိဖွဲ့ထားတဲ့အဖွဲ့လေးတစ်ခုပါ။ မျက်စိထဲမှာ နေ၀င်ဆည်းဆာချိန် ကောင်းကင်တစ်ခွင်တစ်ပြင်လုံး အရောင်စုံချယ်မှုန်းနေတဲ့ တိမ်ဆည်းဆာ ပန်းချီကား တစ်ချပ် နောက်ခံမှာ ရေးဆွဲထည့်သွင်းထားတဲ့ နေလုံးနီနီကို မြင်ယောင်လာစေပါတယ်။ တစ်ခါ အဲဒီပန်းချီကားကို ရေးထားတဲ့ဆေးကလည်း နေသွေးနဲ့ရေးထားတာ .. နတ်ရေးတဲ့ ပန်းချီကားလိုပါပဲတဲ့။ တကယ့် လွမ်းမောဖွယ် မြင်ကွင်းလေးကို ခံစားသိနဲ့မြင်ကြည့်နိုင်ပါတယ်။)
နေလုံးနီနီနဲ့ ဆည်းဆာချိန်ရောက်လာပါပြီ။ ဒီရေကလဲကျပြီဆိုတော့ လတာပြင်ပေါ်လာပါပြီ။ နေသွေးနဲ့ နတ်ရေးထားတဲ့ပန်းချီကားလိုလှနေတဲ့ လွမ်းမောဖွယ်တိမ်ပန်းချီကားချပ်ရဲ့အောက်မှာ လှပနေတဲ့ လတာပြင်ကြီးမှာ ကျူရိုးရှင်က လှေကလေးတစ်စင်းနဲ့ မျှော်ငေးပြီး နေချင်နေပါတယ်။
အဲဒီလို မျှော်ငေးနေတဲ့အခါ လတာပြင်ရဲ့အစွန်းတစ်ဖက်နားမှာ ငါးပျံကလည်း ဘယ်ပြောင်းညာပြန် ဂျွမ်းတွေထိုး၊ ဘုတ်မကလည်း လတာပြင်အစွန်းနားမှာ ခုနှစ်သံချီပြီး လွမ်းတေးတွေ ညံနေအောင်ဆို နေတာကို တွေ့တော့ ကျူရိုးရှင်က မျက်စိနောက်ပြီး ကြည့်မရ ဖြစ်လာဟန်တူပါတယ်။ သူတို့ ကိုယ်သူတို့ ဘာများထင်နေကြသလဲမသိဘူး လို့ ကျူရိုးရှင်ကပြောမိပါတယ်။
ဒီတော့ မဗေဒါက ကျူရိုးရှင်ရယ် ... သူတို့အမူအရာကိုကြည့် သူတို့အတင်းတွေတော့ ပြောနေလိုက်တာ၊ ကိုယ့်ကိုယ်ကိုရော ဘာများထင်နေသလဲ၊ မဗေဒါကတော့ ဒီအစုန်အဆန်လမ်းမှာ ပန်းလှပါပြီ လို့ မောဟိုက်သံလေးနဲ့ တရားချလိုက်သယောင် စိတ်မှာခံစားလိုက်ရပါတယ်။
ကျနော်တို့တွေလဲ သူများကို အပြစ်ပြောနေမယ့်အစား ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဆရာကြီးက မဗေဒါ နေရာကနေ၀င်ပြီး လူ့သဘောကို သတိပေးဆုံးမထားတာဟာ အမှတ်ထင်ထင်သတိပြုဖို့ ကောင်းလှပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၉) - ကြံဖန်ရ

သက်လာတဲ့ရေ ၊ တောင်လေကဖမ်း။
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းကလေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင်စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။
ဆုတ်ရင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ပင်လယ်ဝ။
ရေစုန်လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)

ရေကျချိန်ရောက်ပြီမို့ ဒီရေပြန်ဆင်းတဲ့အချိန်မှာ တောင်လေကဖမ်းတိုက်ထားတော့ ရေကမြောက်ကနေတောင်ကိုအဆင်း၊ လေက တောင်ကနေ မြောက်ဖက်ကိုပင့်တိုက်တဲ့အခါ ရေပြင်မှာ လေကဆုန်စိုင်းတော့ ဒီရေလမ်းမှာ လှိုင်းကြက်ခွပ်တွေဖြစ်လာပါပြီ။
ဒီလှိုင်းဟာ လေကြောင့်ဖြစ်သလို ဗေဒါကတော့ ရေကိုအားထားပြီးမျောနေရတဲ့ ရေသမားပါပဲ။ ရေကျချိန်မို့ ဗေဒါခင် ပြန်စုန်ချင်ပေမယ့် ဒီလှိုင်းကအထက်ဖက်ကိုပြန်ပင့်တားထားတော့ စုန်ချင်တိုင်းစုန်လို့ မရဘူးပေါ့။
ဒုက္ခပါဘဲဟဲ့ မဗေဒါရယ်၊ လှိုင်းကပုတ်လိုက်ရင် ဆုတ်ဟန်ပြပြီးမှ ရေနဲ့အသာမျှောပြီးသူ့မှာပြန်ဆင်းရပါတယ်။ ဒီလိုပဲ အသာဆုတ်ပြီးမှ ပြန်ပြန်ဆင်းလာရင်းနဲ့ပဲ ပင်လယ်ဝကိုမြင်နေရပါပြီ။ ရေကအစုန်၊ လေကအဆန်မို့ ဗေဒါပျံခမျာ ဒီချောင်းလောကထဲမှာ ပန်းတိုင်ရောက်ဖို့ ကြံခဲ့ ဖန်ခဲ့ ရပါတယ် ... တဲ့။
ဒီကဗျာလေးမှာ "ရေစုန်လေဆန်" ဆိုတဲ့အဖွဲ့လေးကို အတော်လေးနှစ်သက်မိပါတယ်။ စုန်ရေနဲ့လိုက်ဆင်းတာတောင် လေကခံတိုက်နေတော့ လွယ်လွယ်နဲ့ဆင်းလို့မရဘဲ နဲနဲပြန်တက်လိုက် (တနည်းအားဖြင့် ဆုတ်ဟန်ပြလိုက်) များများပြန်ဆင်းလိုက်နဲ့ အတော်လေး ကြံရဖန်ရ ပရိယာယ်တွေသုံးရပြီးမှ သွားချင်တဲ့ပန်းတိုင် ပင်လယ်ဝကို မြင်လာရပါတယ်။ ကျနော်တို့တွေဆက်လျှောက်ရမယ့် ဘ၀လမ်းမှာလည်း ဆင်းတိုင်း လွယ်သေးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့တွေ့ ကြံဖန်ပြီးတော့ ဉာဏ်သုံးကျော်လွှားရင်တော့ ပန်းတိုင်ကို တချိန်မှာ ရောက်ရမှာပါ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၈) - ပန်းဝင်နိုင်ပါရဲ့

ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။

ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။

အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၂၄၊ ဇွန်၊ ၁၉၆၂)

ရေကျချိန်နဲ့ကြုံလာပါပြီ။ ဒီတော့ စုန်ဖို့ပဲ ရှိပါတော့တယ်။ အပွင့်တွေနဲ့ ပြာလဲ့ဝင်းနေတဲ့မဗေဒါရယ်၊ မင်းဆင်းရောဆင်းချင်ရဲ့လား လို့ ကျူရိုးရှင်က မေးပါတယ်။
ဟိုကမ်းနားမှာတော့ ခရာဆူးခြုံတွေရှိတယ်။ သည်နားမှာတော့ တံတားလဲရှိတယ်။ အဲဒီတော့ မဆင်းချင်ဘူးဆိုလဲ သူတို့ကိုမှီတွယ်ပြီး ရဲရဲကြီးတွဲနေပါလား ... လို့လဲ အကြံပေးပါတယ်။
ဒါပေမယ့် မဗေဒါကတော့ ဒီလိုအမှီအတွယ်ကို မရှာလိုပါဘူး။ စုန်ချိန်ကျလာလို့ စုန်ရတော့လဲ သူ့လမ်းမို့ သူစုန်ရမှာပါဘဲ။ ဒီလိုစုန်ရတာဟာ ဆုံးရှုံးခြင်းမဟုတ်ပါဘူး။ စုန်နေရလည်းသူ့ လမ်းမှာ သူပန်းဝင်နိုင်ပါသေးတယ်။ အဖူးအပွင့်အငုံရိုးတံစုံနဲ့ ဆင်းလိုက်မယ် ... လို့ ပြန်ဖြေလိုက်ပါတယ်။
အောင်မြင်မှုတွေရလာတိုင်းလဲ ဘ၀မှာ မပြီးပါဘူး။ အောင်မြင်နေတဲ့အချိန်မှာကို ကျဖို့ ဆင်းဖို့ ကြုံတတ်ကြတာပဲ မဟုတ်ပါလား။ မဗေဒါ ပန်းပွင့်တွေနဲ့ လှနေကာမှ ပြန်ဆင်းရသလိုဘဲ ကျနော်တို့ဘ၀တွေမှာလဲ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်လို့ ဘ၀ခရီးကို လျှောက်နေကြရ တာပဲမဟုတ်လား။ အကျဖက်ကိုရောက်လာရင် ကိုယ့်လမ်းကို ကိုယ်မမြင်တော့ဘဲ မိရာကိုဖမ်းတွယ်ပြီး မကျအောင် ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအခါမှာ သူတပါးကို မှီခိုရတော့ ကိုယ့်ရဲ့လမ်းပျောက်ပြီး သူတို့ရဲ့ သြဇာအောက် ရောက်တတ်ပါတယ်။ ကိုယ့်ဘ၀ကိုယ်ဖန်တီးခွင့်ဆုံးရှုံးသွားပြီး သူတပါးကြိုးဆွဲရာ က ရတဲ့ ဘ၀မျိုးရောက်သွားတတ်ပါတယ်။ ဒါတွေကို ကြိုမြင်ထားရင် ဗေဒါလေးတွေလိုဘဲ စုန်စရာရှိလဲ အလိုက်သင့်စုန်ဆင်းရင်းနဲ့ ကိုယ့်လမ်းမှာဘဲ ပန်းဝင်နိုင်အောင် ကြိုးစားတတ်သလို သူတပါးကို မမှီခို၊ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပန်းဝင်နိုင်အောင် ကျနော်တို့လဲ ကြိုးစားရပါလိမ့်ဦးမယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၇) - မင်းလိုက်လာစမ်း

လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။

အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟ၀ှာကြောင့်လေလား။
ကိုဟ၀ှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။

အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။

အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)

လတာပြင်မှာ ကြာတွေပွင့်နေပါတယ်။ မဗေဒါကလည်း အပြာရောင်အဖူးလေးတွေနဲ့ ဒီတက်ချိန်ကို ငံ့လင့်နေပါတယ်။ ဒီရေထလာချိန်မှာတော့ အဖူးလေးတွေကို တသသလုပ်ရင်းနဲ့ပဲ ပန်ချိန်သင့်တော့ ချောင်းဖျားလဲရောက်ရော အဖူးလေးတွေပွင့်လာပါတယ်။
ဒါကို ကျူရိုးရှင်က ခနဲ့ပါတယ်။ ချောင်းဝမှာတော့ မပွင့်ဘဲ (သူမမြင်နိုင်တဲ့၊ သူမရှိတဲ့နေရာ) ချောင်းဖျားရောက်တော့မှဘဲ ပွင့်ရသတဲ့လားတဲ့။ မိုးဦးမှာ စပါးမျိုးလာချတဲ့ ကိုဟ၀ှာကြောင့်လား။ ကိုဟ၀ှာမြင်စေချင်လို့ ချောင်းဖျား မှာမှ သွားပွင့်ရတာလား။ ဒီတရွာသားကိုများ ကြိုက်နေသလား ပေါ့လေ ... ဒါမှမဟုတ်လဲ ဆောင်းဦးပေါက်မှာ ၀င်းမှည့်လာတဲ့ ရွှေဝါရောင်ကောက်ပင်တွေကြောင့်လား။ အပြာရောင်မိုးကောင်းကင်အောက်က မိုးစာ စပါးခင်းဘေးမှာဘဲ ငေးနေချင်လို့လား လို့ ပြောပါတယ်။
ဒီတော့လဲ မဗေဒါက မခံနိုင်ပါဘူး။ ကျူရိုးရှင်ရယ်၊ မကြင်မနာနဲ့ ထင်ရာတွေတွေး၊ ထင်ရာတွေမေးမနေပါနဲ့၊ ဒီချောင်းက ရေတက်ရေကျအတိုင်း မဗေဒါသွားနေရတာပါ။ ဒီလမ်းမှာဘဲ သွားနေရတော့ အပွင့်ကိုမြင်ချင်ရင်လဲ နောက်တရေအတက်မှာ မေဆန်တက်ရင် မင်းလိုက်လာစမ်းပါ ... လို့ ပြန်ချေပ ပါတယ်။
ဒီနေရာမှာ ကျူရိုးရှင်ရဲ့ မဗေဒါအပေါ်ထားတဲ့ တိတ်တခိုးသံယောဇဉ်တစ်စွန်းတစ်စကို မြင်လိုက်ရသလိုပါဘဲ။ သိင်္ဂါရ ရသဖက်ကို အနည်းငယ် တိမ်းညွတ်တယ်လို့ ယူဆပါတယ်။ မဗေဒါရဲ့အပွင့်ကို မမြင်နိုင်၊ သူကိုယ်တိုင်ကလဲ မဗေဒါလို ချောင်းဖျားအထိ ဆန်မတက်နိုင်၊ မဗေဒါနောက်ကို လိုက်မနေနိုင်၊ တခြားသူတွေနဲ့ တွေ့ပြီးကြိုက်သွားမှာလဲစိုးတော့ သ၀န်တိုစကားနဲ့ပဲ ခနဲ့တဲ့တဲ့ မေးရရှာသလိုပါဘဲ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

Sunday, 21 September 2008

ဗေဒါလမ်း (၂၆) - ချောင်းကထွေထွေ

ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)

ဒိုက်သရောတွေက ချောင်းဝမှာအများကြီးပါဘဲ။ အဲဒီမှာ ပွေနေကြတဲ့ လူပေလူတေတွေလို တေချင်ဆိုးချင်ကြလို့များလား။ တိုးလို့မရနိုင်အောင် ဒိုက်တွေ သရောတွေက မျောလာပြီး ပိတ်ဆို့နေကြပါတယ်။

ဒါကြောင့်မို့ ဒီရေတက်ချိန်တန်ရင်တောင် ဆန်တက်နိုင်ပါ့မလား မဗေဒါရယ်။ မယ့်ခရီးမှာ သူတို့ ဆီးတားနေကြတယ်လေ ... လို့ ကျူရိုးရှင်က ဆိုလိုက်ပါတယ်။

အိုအချင်း ကျူရိုးဖေရယ်၊ မယ့်လမ်းမှာ ချောင်းအထွေထွေ၊ ရာ ထောင် သောင်းမက ရှိနေပါတယ်။ ဒီချောင်းက တားရင်လဲ တားစမ်းပါစေ၊ ဟိုချောင်းရေ ရှိပါသေးတယ်။ ဆန်ချိန်ရောက်လာရင်သာ ရေကျော်အထိရောက်အောင် မင်းလိုက်လာခဲ့စမ်းပါ ... လို့ မဗေဒါက ပြန်ပြောလိုက်ပါတယ်။

ကျနော်တို့ဘ၀တွေမှာလဲ ဒိုက်သရောတွေပိတ်ဆို့သလို လူရမ်းကားတွေကြောင့် ကိုယ်သွားရမယ့်လမ်း၊ ကိုယ့်တက်လမ်းဟာ အချိန်တန်ပါလျက်နဲ့ မသွားနိုင်၊ တက်ခွင့်မကြုံဘဲ ပိတ်ဆို့ခံထားရတာ ကြုံဖူးပါလိမ့်မယ်။ တခုသော စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းအတွင်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အထင်အရှားပါဘဲ။ ဒါပေမယ့်လဲ သွားစရာလမ်းဆိုတာ ဒီတလမ်းထဲမဟုတ်သေးပါဘူး။ အထွေထွေအပြားပြား၊ များလှတဲ့ တခြားလမ်းတွေရှိနေပါသေးတယ်။ အားငယ်စရာ၊ စိတ်ဓါတ်ကျစရာ အကြောင်းမရှိပါဘူး။ ဆန်ချိန်တန်လာလို့ကတော့ တနည်းနည်းနဲ့ မရောက် ရောက်အောင် ဆန်တက်သွားကြမှာပါဘဲ။ ရေကျော်ဆိုတဲ့ ပန်းတိုင်ကိုရောက်အောင်သာ လိုက်လာခဲ့ကြပါတော့ ... လို့ ခံစားရပါတယ်။ အားမလျှော့ကြပါနဲ့။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၂၅) - စုန်တစ်ခါ ဆန်တစ်လှည့်

မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။
ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။

လှောင်ရက်ပေ့ မဗေဒါ။
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတစ်လျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။

ဟောမယ်လို့ ကြံလိုက်လျှင်။
ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့ သက်ရေယဉ်၊ တသွင်သွင်အလှ။
ဘုတ်မပြီတီတီနဲ့
တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။

မြည်ပြီတဲ့သီပြီ။
ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တစ်ခါ ဆန်တစ်လှည့်၊ တေးသံချိုနဲ့။ ။

ဇော်ဂျီ
(မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

သောင်စပ်ကနေပြီး လှောင်တတ်လိုက်တာ မဗေဒါရယ်၊ ကျူရိုးရှင် သီပြီးဟောမယ့် ပီပီတရားကို ကြားချင်ပါတယ်တဲ့။ လှောင်ရက်ပါပေ့ မဗေဒါရယ်၊ ကျူရိုးရှင် (ပီပီ) ကတော့ နားရှက်မိပါတယ်။ ချောင်းတလျှောက် ရောက်လေရာရာမှာ ဗေဒါလဲ့ စိတ်ထဲ စွဲနေပေမယ့် ချောင်ထဲမှာ ချောင်းဟန့်သံ အဟမ်းဆိုပေးပြီး ကျမ်းဂန်သံ စာသံပေသံနဲ့ မဗေဒါကြားချင်တဲ့ ပီပီတရားကို ဟောပြလိုက်ချင်စမ်းပါတယ်။
ဒါပေမယ့် ဟောမယ်လို့လဲကြံရွယ်လိုက်ရော ပီပီက အသံမထွက်တော့ပဲ အခင်လေး အ သွားပါတော့တယ်။ ရေတက်ရေကျမှာ တသွင်သွင်စီး နေတဲ့ ချောင်းရဲ့အလှကိုကြည့်နေတဲ့အချိန်မှာ ဘုတ်ငှက်မငယ်က ပြီတီတီနဲ့ အသံတအီအီမြည်လို့ ဘယ်ကများ အီသံပေးနေပါလိမ့်လို့ ငေးမိခါကျမှပဲ ...
ပီပီအသံပြန်မြည်လာလို့ တေးသီလိုက်ပါပြီ။ သာယာလှတဲ့ ချောင်းကမ်း လတာပြင်ဘေးကနေ တေးသီကောက်လိုက်ပါပြီ။ ဒီချောင်းရေ က ဗေဒါရီရေ ... တေးသံချိုနဲ့ စုန်လိုက် ဆန်လိုက် လုပ်နေရင်း ဒီရေကို ကြိုပါကွယ် ... လို့ ကျူရိုးရှင်ကပြောနေသလို ခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...