Tuesday 23 September 2008

ဗေဒါလမ်း (၂၇) - မင်းလိုက်လာစမ်း

လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။

အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟ၀ှာကြောင့်လေလား။
ကိုဟ၀ှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။

အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။

အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။

ဇော်ဂျီ
(ဆေးသိပ္ပံ နှစ်လည်စာစောင်၊ အတွဲ ၂၊ အမှတ် ၅၊ ၁၉၆၁ - ၁၉၆၂)

လတာပြင်မှာ ကြာတွေပွင့်နေပါတယ်။ မဗေဒါကလည်း အပြာရောင်အဖူးလေးတွေနဲ့ ဒီတက်ချိန်ကို ငံ့လင့်နေပါတယ်။ ဒီရေထလာချိန်မှာတော့ အဖူးလေးတွေကို တသသလုပ်ရင်းနဲ့ပဲ ပန်ချိန်သင့်တော့ ချောင်းဖျားလဲရောက်ရော အဖူးလေးတွေပွင့်လာပါတယ်။
ဒါကို ကျူရိုးရှင်က ခနဲ့ပါတယ်။ ချောင်းဝမှာတော့ မပွင့်ဘဲ (သူမမြင်နိုင်တဲ့၊ သူမရှိတဲ့နေရာ) ချောင်းဖျားရောက်တော့မှဘဲ ပွင့်ရသတဲ့လားတဲ့။ မိုးဦးမှာ စပါးမျိုးလာချတဲ့ ကိုဟ၀ှာကြောင့်လား။ ကိုဟ၀ှာမြင်စေချင်လို့ ချောင်းဖျား မှာမှ သွားပွင့်ရတာလား။ ဒီတရွာသားကိုများ ကြိုက်နေသလား ပေါ့လေ ... ဒါမှမဟုတ်လဲ ဆောင်းဦးပေါက်မှာ ၀င်းမှည့်လာတဲ့ ရွှေဝါရောင်ကောက်ပင်တွေကြောင့်လား။ အပြာရောင်မိုးကောင်းကင်အောက်က မိုးစာ စပါးခင်းဘေးမှာဘဲ ငေးနေချင်လို့လား လို့ ပြောပါတယ်။
ဒီတော့လဲ မဗေဒါက မခံနိုင်ပါဘူး။ ကျူရိုးရှင်ရယ်၊ မကြင်မနာနဲ့ ထင်ရာတွေတွေး၊ ထင်ရာတွေမေးမနေပါနဲ့၊ ဒီချောင်းက ရေတက်ရေကျအတိုင်း မဗေဒါသွားနေရတာပါ။ ဒီလမ်းမှာဘဲ သွားနေရတော့ အပွင့်ကိုမြင်ချင်ရင်လဲ နောက်တရေအတက်မှာ မေဆန်တက်ရင် မင်းလိုက်လာစမ်းပါ ... လို့ ပြန်ချေပ ပါတယ်။
ဒီနေရာမှာ ကျူရိုးရှင်ရဲ့ မဗေဒါအပေါ်ထားတဲ့ တိတ်တခိုးသံယောဇဉ်တစ်စွန်းတစ်စကို မြင်လိုက်ရသလိုပါဘဲ။ သိင်္ဂါရ ရသဖက်ကို အနည်းငယ် တိမ်းညွတ်တယ်လို့ ယူဆပါတယ်။ မဗေဒါရဲ့အပွင့်ကို မမြင်နိုင်၊ သူကိုယ်တိုင်ကလဲ မဗေဒါလို ချောင်းဖျားအထိ ဆန်မတက်နိုင်၊ မဗေဒါနောက်ကို လိုက်မနေနိုင်၊ တခြားသူတွေနဲ့ တွေ့ပြီးကြိုက်သွားမှာလဲစိုးတော့ သ၀န်တိုစကားနဲ့ပဲ ခနဲ့တဲ့တဲ့ မေးရရှာသလိုပါဘဲ ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: