Sunday 21 September 2008

ဗေဒါလမ်း (၂၁) - လှလိုက်မှာပဲ

ဘုတ်မကအီ၊ ဒီရေကျတေး။
မဗေဒါမယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

ဆင်းမယ်လာ့ မဗေဒါ ... တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ရေထဦးဆီက
အဖူးနဲ့အငုံဟာ ပွင့်ပါပေါ့ခုများ။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ ဆင်းရမယ်လား။

အိုအချင်းကျူရိုးရှင်။
စုန်ချည်ဆန်ချည်နဲ့
တစ်ပြန်စီဒီတရား၊ ကြားပါစရှင်။
တက်ချိန်ကျတက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး။
ဒီချောင်းနေဗေဒါမျိုးမှာ၊ ရိုးလှပြီလေး။

အိုအချင်းကျူရိုးရှင်။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာလှရွှေစင်၊ ချောင်းရေယဉ်လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)

ဒီရေကျချိန်ရောက်ပြီမို့ ဘုတ်မတွေတအီအီနဲ့ ဒီရေကျတေးကိုဆိုနေပါပြီ။ ဒီရေကျပြီဆိုတော့ မဗေဒါဆင်းချိန် ရောက်လာပြီပေါ့။
ကျူရိုးရှင်က ပီပီသံလေးနဲ့ တေးသံသာလေးတွေပေးပြီး ဆင်းရတော့မှာလား မဗေဒါ လို့ မေးလာပါတယ်။ ရေတက်စဉ်တုန်းက အဖူးနဲ့ အငုံပဲ ရှိနေသေးရာကနေ အခုဆိုပွင့်နေပါပြီ။ အပြာရောင်အပွင့်လေးပေါ်မှာ အ၀ါရောင်တွေလဲ့လဲ့ဝင်းနေကာမှပဲ ဆင်းရတော့မှာလား ဆိုပြီး မချိတင်ကဲ မေးနေပါတယ်။
ဒီတော့ မဗေဒါက ပြန်ဖြေပါတယ်။
အသင် ကျူရိုးရှင်ရယ်၊ တလှည့်စီ စုန်လိုက်၊ ဆန်လိုက် နေရမြဲ တရားကို ကြားဖူးပါစရှင်၊ တက်ချိန်မှာတက်ခဲ့ရင် ဆင်းချိန်မှာလဲ ဆင်းဖို့ကို နှောင့်နှေးမနေပါဘူး။ စိုးရွံ့မနေပါဘူး။ ဒီချောင်းမှာနေတဲ့ ဗေဒါအတွက်တော့ ဒါမျိုးတွေရိုးနေပါပြီ။
အသင် ကျူရိုးရှင်ရယ်၊ အပွင့်ပြာကလေးပေါ်မှာ အ၀ါရောင်တွေလဲ့လဲ့ဝင်းနေကာမှပဲ ဆင်းပြလိုက်ချင်ပါသေးတယ်။ ကားစွင့်နေတဲ့အပွင့်လေး တွေနဲ့ ချောင်းဖျားမှာလဲ ရွှေစင်ရွှေသားလိုလှ၊ ချောင်းရေအလျဉ်မှာလဲ ပုလဲလိုယဉ်၊ ချောင်းဝရောက်တော့လဲ မြသားလိုစိမ်းလို့ ဘယ်မှာပဲဖြစ်ဖြစ် ဗေဒါတို့ကတော့ လှလိုက်မှာပဲ ... လို့ ပြန်ဖြေလိုက်တယ် လို့ခံစားမိပါတယ်။
လူ့ဘ၀မှာလဲ အောင်မြင်မှုအသီးအပွင့်တွေရလာကမှ ပြန်ကျရတဲ့ အခါမျိုးမှာ မဗေဒါပြောခဲ့တဲ့ "တပြန်စီ" ဆိုတဲ့တရားကို နှလုံးသွင်းပြီး ဒီလောကရဲ့  သံသရာမှာ လောကဓမ္မတာတရားအတိုင်း နိမ့်မြင့်တက်ကျ တလှည့်စီလာလိမ့်မယ်ဆိုတာကို ဆင်ခြင်လို့ ဘယ်နေရာရောက်ရောက် မဗေဒါလို "လှလိုက်မှာပဲ" လို့သာ အားမာန်တင်းပြီး နေနိုင်အောင် ကျနော်တို့ကြိုးစားရပါလိမ့်မယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: