Wednesday, 26 August 2009

ပစ္စုပ္ပန်မှာ …‎

အကြွေးရှိပြေးမှာ ... ပြေးမိပြေးရာ ဆိုတဲ့ ဘလော့ဂ်ပိုင်ရှင် မဒေဝါလီ အဲလေ ‎‎မမေ (မမေဓာဝီ) - တွေးမိတွေးရာ .. ရေးမိရေးရာဘလော့ဂ် ပိုင်ရှင်ကြီး)Tag လို့ ‎ရေးပါတယ်။
‎***‎
‎ ... ပစ္စုပ္ပန်မှာ ... ‎
‎***‎
‎တွေးနေမိတာက‎
‎ခရမ်းပြာ ... ‎

‎ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက‎
လူမိုက်

‎ကျန်းမာရေး‎
‎(၁) မျက်စိတွေ ဝေနေပါတယ် (ရုံးမှာရော၊ အိမ်မှာပါ ကွန်ပျူတာ ရှေ့ထိုင်လွန်းလို့)‎
‎(၂) ချောင်းဆိုးပါတယ် (ဆေးလိပ်သောက်လွန်းလို့)‎
‎(၃) လေချဉ်တွေ တက်တက်နေပါတယ် (နေညိုတော့ လေပြိုတာပေါ့)‎
အဲဒါကလွဲရင် ကျန်တာတွေတော့ မသိပါဘူး။

‎ဖတ်ဖြစ်တဲ့ စာအုပ်တွေက ... ‎
‎(၁) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒ န္တ ဝါယာမိန္ဒာဘိဝိသ ရေးတဲ့ ‎ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (ပဋ္ဌာန်းဒေသနာတော်ကြီးကို ကျနော့်လို လူပြိန်းနားလည်အောင် ရှင်းထားတဲ့ ‎စာအုပ်ပါ၊ ဒါတောင် သိပ်နားမလည်ချင်ဘူး၊ ကိုယ်ကကို ဒုံးဝေးတာ ...)‎
‎(၂) ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရဲ့ ကတိသစ္စာ
‎(၃) ဆရာတော် သျှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်
‎(၄) လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိ စ္ဆယ
‎(အရက်သမား လူမိုက်က ဖတ်လိုက်ရင် ဘုရားတရား ဘာသာရေးစာအုပ်တွေချည်းပဲလို့များ နှာခေါင်းရှုံ့ကြမလား ‎မသိ ...)‎

ရောက်ဖြစ်နေတာက‎
Shopping Center တွေ (အဲဒီကလွဲရင် ဒီတိုင်းပြည်မှာက တခြားဘယ်နေရာမှလည်း သွားစရာမရှိဘူး ... ‎စိတ်ပျက်စရာကြီး)‎

‎ရေးဖြစ်နေတာက‎
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၆) - တေးထပ် အကြောင်းပါ။ မကြာခင် တင်ပါ့မယ်။ ဒီတခါတော့ တကယ် ‎ပြောတာပါ။ အဟုတ် ... ‎

‎နားထောင်ဖြစ်နေတာက‎
CNN နဲ့ BBC World က သတင်းတွေ

‎ရွတ်နေမိတဲ့ ကဗျာက‎
ကာလနှယ်ဆိုးပါဘိ၊
သူခိုးက လူလူ ...‎
တောလေ့ပေါက်နန်းမူတယ်၊
အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း ... ‎

‎ဖြစ်ချင်နေတာက‎
အောက်လမ်းဆရာကြီး (သို့မဟုတ်) စုန်းထီး

‎သနားနေမိတာက‎
ကိုယ့်ကိုယ်ကို

‎လွမ်းနေမိတာက‎
‎ခရမ်းပြာ ... ‎

‎မေ့လျော့ပစ်နေမိတာက‎
‎အတိတ်တံတား‎

‎ခါးသက်နေမိတာက‎
‎မေတ္တာ‎

‎တမ်းတနေမိတာက‎
‎အမေ့အိမ်‎

‎ကြိတ်ပြီးချီးကျူးနေမိတာက‎
Francisco Tarrega နဲ့ Andre Segovia

‎ကြိတ်ပြီးအထင်သေးနေမိတာက‎
ဟိုလူတွေဗျာ ... ‎

‎ဆန္ဒမရှိတဲ့နေရာ‎
အလုပ်

‎ဆန္ဒရှိနေတဲ့ကိစ္စ‎
တငုံ၊ တမော့၊ တကြိုက်၊ တခွက်၊ တဖလား၊ တပုလင်း

‎မုန်းတီးနေမိတာက‎
အစွဲအလမ်းကြီးလွန်းတဲ့ စိတ် နဲ့ အားမနာလျှာမကျိုး တဲ့တိုးပြောတတ်တဲ့ အကျင့်

‎ချစ်နေတာက‎
ဂီတ နဲ့ ကဗျာ

‎စိတ်ပျက်နေမိတာက‎
ကိုယ့်ကိုယ်ကို

‎စွဲလမ်းနေမိတာက‎
Manchester United FC

‎လိုအပ်နေတာက‎
အားလုံး

‎တောင်းနေမိတဲ့ဆု‎
ဤနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီး အမြန်ထွန်းကားပါစေ ... ‎

‎ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက‎
လူယုတ်မာများ ထိုက်တန်သော အပြစ်ဒဏ် မနှေးအမြန် ခံကြရပါစေသား ... ‎

‎ဝန်ခံချင်တာက‎
ကျနော် မကောင်းဘူး

‎***‎
ကဲ ... အကြွေးတော့ ဆပ်ပြီးပါပြီ။ ‎
ထုံးစံအတိုင်း မိတ်ဆွေကြီးများအား အကြွေးဆက်တောင်းပါမယ်။

‎(၁) ကိုဟန် (ကိုဟန်သစ်ငြိမ်)‎
‎(၂) ‎ဒေါ်ယု (မယုဝရီ)‎
‎(၃) ‎ဟမ်းဟမ်းလေး‎

ကိုဟန့်ကို လက်စားပြန်ချေလိုက်ပါပြီ ...‎
ကိုဧရာ နဲ့ မသီတာကို အကြွေးတောင်းဖို့ သွားချောင်းပါသေးတယ်။ ဒါပေမဲ့ သူတို့က ဒါကို ရေးပြီးသားဖြစ်နေလို့ ‎လက်ချည်းဗလာနဲ့ ပြန်ခဲ့ရပါတယ် ... မကျေနပ်သေးပါ ... ထပ်ချောင်းပါဦးမည် ... သတိထားနေကြပါကုန်။
Tag ထားခြင်းခံရသူများကတော့ အဆင်ပြေပြေ မပြေပြေ ... ရေးပေးကြပါလို့။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Saturday, 22 August 2009

ရိုင်းမိုက်တဲ့ဉာဏ်

‎‎ဂျပ်ကောင်နှယ် ပန်းကြားက၊‎
သန်းစကားသု (ခု) ဝါ၊‎
ရမ်းကားလို့ တုလာလျှင်၊‎
ဥပမာဆိုစို့၊‎
ချေးပုံနှင့်မြင်းမိုရ်တောင်၊‎
ခင်းဆိုရောင် နှိုင်းကြပါစို့။‎

သေးကွက်နှင့်ပင်လယ်၊‎
နင်တကယ်ထင်လို့၊‎
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊‎
သခင်တို့ ဦးချီ၊‎
အုန်းမှုတ်လိုအနေစားတွေက၊‎
ရွှေဖလား မနှိုင်းသင့်ပြီ။‎

ဥတုနှင့်ပုစွန်ဆီ၊‎
‎ဒွန်ပီပီ ယှဉ်တွဲလို့၊‎
စပ်ဖဲ အတွင်းခံ၊‎
‎ရိုင်းမိုက်တဲ့ဉာဏ်၊‎
မိုးကြိုးနှင့် အီးသံလို၊‎
ခရီးမှန်ကွာလွန်းလှလေး။ ။‎

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

‎ဒီတေးထပ်ကလည်း အချုပ်တန်းဆရာဖေကို ထပ်ပြီးတိုက်ခိုက်ထားတာပါ။ ပိုကြမ်းတဲ့စကားလုံးတွေသုံးထားပါတယ်။ ဂမ္မဒေါသ သင့်တဲ့ အဖွဲ့ပေမယ့် အရေးအသားပြောင်မြောက်လွန်းလှပါတယ်။

Read More...

မယှဉ်နှိုင်းရာ

ခါးတောင်းကျိုက် ပိတုန်းပိတ်နှင့်၊‎
ကျုံးထိပ်ကငဖေ၊‎
တုန်းပြိတ္တတစ္ဆေလို၊‎
အသရေ ဟိတ်နွမ်း၊‎
အသွင်နှင့် အမြင်မှန်တယ်၊‎
ဘဝင်ခံ မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်ရာ၊‎
နင်ဘာပြု ဟော့ရမ်း၊‎
‎ဝင်္ကာခု သော့သွမ်း၊‎
ကြော့ကြမ်းလိုက်လေတယ်၊‎
ကြောင်းမတန် စောင်းမာန်ခက်၊‎
ပြောင်းပြန်ရှက် ရှက်ရချေမယ်။‎

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊‎
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊‎
ဖားခြင်္သေ့ ရွှေဟင်္သာ၊‎
ကျီးနက်ပြိုင်လာ၊‎
နဂါးနှင့် တီလောက်ကွာတယ်၊‎
ခြေထောက်တာ လွန်လွန်းလို့လေး။ ။‎

(ဦးပုည)
တေးထပ်

ဂုဏ်နိမ့်ဖွဲ့

‎ဒီတေးထပ်က အချုပ်တန်းဆရာဖေကို တိုက်ခိုက်တဲ့ တေးထပ်ဖြစ်ပါတယ်။ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ ခေတ်ပြိုင်စာဆိုကြီး နှစ်ဦးက တဦးကို တဦး တိုက်ခိုက်တဲ့ တေးထပ်တွေ အပြန်အလှန်ရေးကြတဲ့အထဲက တပုဒ်ပဲဖြစ်ပါတယ်။

Read More...

သိကောင်းပါငဲ့

ကုသိုလ်ကံဈေးကျလို့၊‎
မှေးရသည့်ခေတ်ဝယ်၊‎
အဝေးကချစ်ရွယ်သည်၊‎
ပစ်ပယ်တယ်ထင်နှင့်၊‎
ဘုရားဟော သဘောမှန်သည်၊‎
လောကဓံကင်းခွင့်မသင့်။‎

ပုထုဇန်လိုဟာ၊‎
ဘယ်ဆိုရာမတင့်၊‎
ရွယ်ခိုကာ ဉာဏ်ချင့်လို့၊‎
ကံမြင့်မှကြီးမယ်၊‎
အသက်နှယ် မက်တွယ်ချင့်သော်လဲ၊‎
ပျက်ပြယ်လင့် ဘုန်းမို့ခွာတယ်။‎

စက်လယ်မြင့် မျိုးအမှန်ရယ်၊‎
ထမ်းပိုးဆယ်ပြန် စံပြလို့၊‎
အနန္တ စေတနာ၊‎
ဘုန်းမောင့်မေတ္တာ၊‎
မလွဲဘု စွဲမှတ်ပါကွယ်၊‎
ကဲခတ်ကာ သိကောင်းငဲ့လေး။ ။‎

(ဦးပုည)
တေးထပ်

ကုသိုလ်ကံဖွဲ့

စလေဦးပုညရဲ့ တေးထပ်ဖြစ်ပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Thursday, 20 August 2009

ခရမ်းပြာကြယ်စင်လှိုင်းတို့၏ ဖြစ်တည်မှု

‎


ကျနော့် ဒီ ဘလော့ဂ်လေးဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ စိတ်ထဲမှာ ခံစားရသမျှကို အသွင်ပြောင်းခဲ့တဲ့ ‎ကဗျာလေးတွေရော၊ တခြား ကောင်းနိုးရာရာ စိတ်မှာထင်လာတာတွေကို ရေးဖွဲ့ခဲ့သမျှကို အချိန်တခုပေးပြီး ‎အလေးထား မျှဝေခံစား ဖတ်ရှု ပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။
အလုပ်တဖက်နဲ့မို့ ကျနော် ပို့စ် အတင်ကျဲပါတယ်။ အဲဒီလို ပို့စ်အတင်ကျဲတဲ့ကြားထဲကကို သတိတရ ‎စိတ်ရှည်ရှည်နဲ့ လာရောက် ဖတ်ရှုအားပေးကြတဲ့သူတွေကို ကျနော် ဘယ်လိုကျေးဇူးစကားဆိုရမှန်း ‎မသိလောက်အောင်ပါပဲ။
‎

ဒီပို့စ်ကို ရေးရတဲ့ အကြောင်းကတော့ တနှစ်ပြည့်တဲ့အတွက် အမှတ်တရလည်းဖြစ်စေ (အမှန်က ကျော်တောင် ‎နေပြီ)၊ အကြွေးလည်းဆပ်ပြီးသားဖြစ်စေ ဆိုသလို တချက်ခုတ် နှစ်ချက်ပြတ် ရေးလိုက်တာပါ။ အကြွေးဆိုတာ ‎ကတော့ ကိုဟန် (ကိုဟန်သစ်ငြိမ်) က ကျနော့်ကို Tag ထားလို့ပါ။ အတော်လေးတောင်ကြာနေပါပြီ။ ကြာဆို သုံးလလောက်တောင် ရှိပါပေါ့။ ဒီ လပိုင်း တွေမှာ ကျနော်လည်း ‎အလုပ်တော်တော်ရှုပ်နေလို့ ပို့စ်အသစ်လည်း သိပ်မတင်ဖြစ်တဲ့အပြင် ဒီ tag ကြွေးကိုမှ မဆပ်ရသေးခင် မမေ (မမေဓာဝီ - တွေးမိတွေးရာ .. ရေးမိရေးရာ) က ‎တခါ ထပ် Tag ပြန်ပါရဲ့။ ဒီတော့ ...

ကညာခင် အလှကလျာ မေဓာဝီ ပြန်ကာ Tag လေတော့
ကြာရင် ငါ့ခမျာ ဒေဝါလီ ခံကာ အသက်ကြွေ ရတော့မယ့် အနေအထား ‎ဖြစ်လာတော့မှာမို့ ...

ဒေဝါလီမခံရခင် ကြွေးတွေ အမြန်ဆပ်ဖို့ အခု ကြိုးစားရေးလိုက်တာပါ။
အင်တာနက်ပေါ်မှာ ကျနော့် ကဗျာတွေ တင်ဖြစ်တာကတော့ ‎ကဗျာရွာ‎ ‎ကြောင့်ပါပဲ။ အဲဒီမှာ ကဗျာတွေရေး၊ တခြားစိတ်ထင်ရာတွေလည်း လျှောက်ရေးရင်း၊ ပွားရင်းကနေ ရွာသူရွာသား ‎တချို့က ဘလော့ဂ်တွေလုပ်ထားကြတာ တွေ့လာရပါတယ်။ အရင်ကတော့ ဘလော့ဂ်တွေ လျှောက်လျှောက် ‎ဖတ်ဖြစ်ပေမဲ့ ဘလော့ဂ်ရေးဖို့တော့ စိတ်ကူးမရှိတာအမှန်ပါ။ ဒါပေမဲ့ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေရေးလာကြတော့ ‎ကျနော်လည်း ပိုးထ လာပါတယ်။ ဒါနဲ့ အရင်ဆုံး ညီလေး ချီရွန့်‎ကို ‎မေးရပါတယ်။ ဘယ်လိုလုပ်သလဲပေါ့လေ၊ သူက blogspot နဲ့ လုပ်ဆိုတာနဲ့ ဘလော့ဂါ အကျော်အမော် ‎Saturngod ရဲ့ Making Blog ebook လေးကို ဖတ်ရပါတယ်။ အင်တာနက်အကြောင်း၊ ဘလော့ဂ်အကြောင်း ‎ဘာဆို ဘာမှ မသိတဲ့ ကျနော့် အတွက်တော့ တကယ့်ကို အကျိုးရှိတဲ့ စာအုပ်လေးပါပဲ။ ကျေးဇူးအထူး ‎တင်ပါကြောင်းလည်း ဒီနေရာကပဲ ပြောလိုက်ပါရစေတော့။ ‎
အဲဒီကနေ စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ပါတယ်။ အသေးအဖွဲပြဿနာလေးတွေလည်း ခဏခဏ တွေ့ရပါတယ်။ ‎ပို့စ်ခေါက်တာ (peek-a-boo) မှာလည်း အတော်လေး ပြဿနာတက်လိုက်ပါသေးတယ်။ စမ်းလုပ်လိုက်၊ ‎မရလိုက်၊ ပြင်လိုက်နဲ့ပါပဲ။ ဒီလိုနဲ့ပဲ ဘလော့ဂါတို့ရဲ့ လျှောက်သောလမ်းမှာ စမ်းတဝါး နဲ့ပဲ ကျနော့်ရဲ့ ရင်မှဖြစ်တဲ့ ‎ခံစားချက်များကို စုစည်းတင်ပြရာ "ခရမ်းပြာ ကြယ်စင်လှိုင်းခတ်သံများ" ဟာ မွေးဖွားလာခဲ့ရပါတယ်။ ‎မျက်စိသူငယ် နားသူငယ်နဲ့ ဘလော့ဂါရပ်ဝှမ်းမှာ ကျင်လည်ရင်းနဲ့ပဲ ခင်မင်လေးစားရတဲ့ ဘလော့ဂါမိတ်ဆွေများ နဲ့ ‎စာဖတ်သူများလည်း အထိုက်အလျောက် တိုးပွားရရှိလာပြီပေါ့လေ။
ကျနော့်ခံစားချက်များကို အလေးဂရုပြုပြီး ကိုယ်ပိုင်အချိန်လေးတွေထဲက တပိုင်းတဖဲ့ ပေးလို့ တန်ဖိုးထားကာ ‎လာရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ အမှားအယွင်းများ၊ ‎ကျနော့်အပေါ် အားမရမှုများ ရှိခဲ့တယ်ဆိုရင်လည်း ဒီနေရာကပဲ တောင်းပန်ပါရစေ။
ကဲ ... ကိုဟန်ရေ ... ခင်ဗျားအကြွေးတော့ အကျေအလည် ဆပ်လိုက်ပြီဗျို့။ နောက်မကြာခင် အကြွေးပြန်တောင်း ‎ပါမယ်ဗျာ။ သတိသာထားပေတော့။
အခုလောလောဆယ်တော့ Tag ခြင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာရ အကြွေးသစ်တောင်းရမယ့် သူများကတော့ ...‎
‎အကိုမင်းဒင်‎‎
‎‎မမေ (မမေဓာဝီ - တွေးမိတွေးရာ .. ရေးမိရေးရာ) ‎
‎ဒေါ်ယု (မယုဝရီ)‎
‎မသီတာ‎ (ကိုဧရာ ရေးချင်သပ ဆိုလဲ ရပါသဗျ)‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ
‎

Read More...