Showing posts with label ခရမ်းပြာဝိုင် ကဗျာစု. Show all posts
Showing posts with label ခရမ်းပြာဝိုင် ကဗျာစု. Show all posts

Monday, 11 March 2013

ခရမ်းပြာနှင်းဆီ (သီချင်း)

ကျနော်ရေးထားတဲ့ "ခရမ်းပြာနှင်းဆီ" ကဗျာလေးကို ကျနော့်သူငယ်ချင်း ကို Nay Htun က သီချင်းလေးအဖြစ် သံစဉ်ထည့်ပြီး ကိုယ်တိုင် သီဆို တီးခတ်ဖန်တီးပေးထားပါတယ် ... rhythm သဘောအရ စကားလုံး မဆိုစလောက်လေးပဲ ပြင်ထားတာမို့ မူရင်းကဗျာရဲ့ ခံစားချက်မပျက်တဲ့အပြင် သီချင်းပုံစံနဲ့ ပြောင်းလဲခံစားရတာ တမျိုးဆန်းသစ်ပါတယ် ... ခံစားကြည့်ကြ စေလိုပါတယ် ...

http://youtu.be/I_bqot0M-NM



ရှိတဲ့ instrument လေးတွေနဲ့တင် studio မှာလည်းမဟုတ်ဘဲ in-house နဲ့ ဒီလောက် quality မျိုး ဖန်တီးပေးနိုင်တာ တော်ရုံပညာ စေတနာနဲ့ မရနိုင်တဲ့အတွက် ကိုနေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ် ...

ခံစားအားပေးတဲ့သူများအားလုံးကို အထူးကျေးဇူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Thursday, 20 December 2012

ခရမ်းပြာနှင်းဆီ

ခရမ်းပြာနှင်းဆီ


သမုဒယနွယ် တွယ်ကာယှက်လေသမျှ
အယုအယနယ် ဖယ်ခွာခက်ပါရဲ့၊
တကယ်ပါ သက်ဝေ။

ဝေဒနာနွေ အစဉ်ဝေသစ်လေသလား၊
ခြေရာတွေ ထင်စေရစ်သူရဲ့၊
သခင်နေရစ်လေ။

အတွေ့ခက်ပေ၊
နေ့ရက်တွေရှည်လျား။

သောကရင်မှာ၊
ပြောပြချင် သူမြင်မှာလား၊
ပူပင်တာ အကုန်အစင်ပြချင်ရဲ့၊
ယုံချင်မှ ယုံပါမေရယ်၊
ဆုံလာပေ ဘဝလမ်းမှာဖြင့်၊
မနမ်းသာ သင်းရီစွင့်လေတဲ့၊
ခရမ်းပြာ နှင်းဆီတပွင့်ရယ် ...
ထည်ဝင့်လေအား။ ။



မရေးဖြစ်တာကြာပြီဖြစ်တဲ့ ခရမ်းပြာဝိုင်ကို ဆက်ရေးလိုက်ပါတယ် ... အစဉ်တစိုက်ဖတ်ရှုခံစားအားပေးသူအားလုံးကို ကျေးဇူးအထူးပါခင်ဗျာ

ဟယ်ရီလွင်

Read More...

Friday, 20 May 2011

ခရမ်းပြာဝိုင် (၁၃)

ခရမ်းပြာဝိုင် (၁၃)

မမြင်တာ နေ့ရှည်လျားပြီမို့၊
မေ့ပြီလားလို့မေးချင်တယ်။

မခေါ်သင့်လေတော့၊
ရော်ရင့်နွေ ရွက်ကြွေလမ်းမှာ၊
မျှော်လင့်မနေ ဆက်ခြေလှမ်းပေမဲ့၊
နွမ်းယဲ့ကြာနှယ်။

တကယ်ခက်ပါရဲ့၊
တွယ်ယှက်လာတဲ့ သမုဒယနွယ်ကို၊
အခုမှကွယ် ဘယ်လိုဖြတ်နိုင်မလဲ။

အရိပ်မိုးဖြာ၊
တိတ်တခိုးသာ မျက်ရည်ဝဲရုံလား၊
သက်သေလည်း မပီပြင်၊
ရက်တွေလည်း အလီလီနှင်ရင်း၊
သီသီမြင် သည်နှုတ်ခမ်းမှာ၊
အလွမ်းဖြာ အချစ်ကြွင်းတွေနဲ့၊
ခရမ်းပြာမြစ်တစင်းဟာ၊
စီးဆင်းနေဆဲ။ ။


အလုပ်များနေလို့ ကဗျာလည်း မရေးဖြစ်၊ ပို့စ်အသစ်လည်း မတင်နိုင် ဖြစ်နေပါတယ်။ အလာရောက်ဖတ်ရှုအားပေးကြသူတွေလည်း အသစ်မဖတ်ရဘဲ ပြန်သွားကြရတဲ့အတွက် အလွန်တရာအားနာစွာနဲ့ပဲ ကျနော်တောင်းပန်ပါရစေ ...

နောက်ကို ကျနော်အသစ်မရေးနိုင်ရင်တောင် စာဆိုတွေရဲ့ ကဗျာကောင်းလေးတွေ မကြာမကြာ ဝေမျှ ပေးပါမယ်။ ကျေနပ်နိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်။


ကျနော့်ရဲ့ ခရမ်းပြာ ကို စောင့်မျှော်ဖတ်ရှုအားပေးကြသူများကိုလည်း ရင်ထဲက ဖော်မပြတတ်အောင် ကျေးဇူးတင်ပါတယ် ခင်ဗျား ...

မေတ္တာဖြင့်
ဟယ်ရီ

Read More...

Sunday, 20 June 2010

ခရမ်းပြာဝိုင် (၁၂)

အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ ...

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ ...

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ ...

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ....

သြော် ... ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ ...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Sunday, 13 June 2010

ခရမ်းပြာဝိုင် (၁၁)

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ

လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် ...
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

အိပ်မက်ဖူးတွေကို ...
မင်းမခူးခဲ့ပေမဲ့ ...
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို ...
မင်းမပန်ခဲ့ပေမဲ့ ...
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 15 February 2010

ခရမ်းပြာဝိုင် (၁၀)‎

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 2 February 2010

မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

တေးထပ်ထဲမှာ ဒီတေးထပ်မျိုးကို ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ် လို့ ခေါ်ပါတယ်။ တခြားတေးထပ်တွေက အပိုဒ်ကြီး ‎တပိုဒ် (အပိုဒ်ငယ် ၁၈-ပိုဒ်) နဲ့ပဲ ရေးဖွဲ့ပေမဲ့ ဒီ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်ကတော့ ပိုဒ်စုံ ရတုတွေလိုပဲ အပိုဒ်ကြီး ‎သုံးပိုဒ် ရေးရပါတယ်။ ဒါ့အပြင် "ကိုယ်တွင်းပြည့်" လို့ ဆိုထားတဲ့အတွက် အပိုဒ်ကြီး တပိုဒ်ချင်းစီရဲ့ အပိုဒ်ငယ်တွေ ‎အားလုံးကို နဘေကိုက်အောင် ရေးရပါတယ်။ မှန်ရာကို ဝန်ခံရရင် ရေးရတာ အလွန်ခက်ပါတယ်။ အစွမ်းကုန်ကြိုးစားပြီး ‎ရေးကြည့်ထားတာပါ။ ရေးဖူးတယ် ရှိအောင်ပေါ့။ ဒါတောင် လုံးဝ အသစ်ရေးတာမဟုတ်ဘဲ အရင်က ရေးထားတဲ့ ‎‎"မြင်လှည့်ပါ ခရမ်းပြာ" ဆိုတဲ့ အရိုးခံတေးထပ်လေးကို နည်းနည်း ပြင်ဆင်ပြီး ကျန်တဲ့နှစ်ပိုဒ်ကို နဘေလိုက်ထပ်ပြီး ‎ရေးလိုက်တာပါ။ ကျနော် အရင်က ရေးခဲ့ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ၂-ပုဒ် လိုပဲ ဒါမျိုးထပ်ရေးဖို့ ‎မလွယ်တော့ပါဘူးခင်ဗျာ .... ‎
ဖတ်ကြည့်ကြပါဦး ... ဝေဖန်စရာရှိရင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ်။ ကြိုဆိုလျက်ပါ ခင်ဗျာ ...‎


မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

ရင်ထဲမှာ အမြဲလွမ်းလို့၊ အသည်းနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊ ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊ ညာရက်လေ သဲမြညှာသက်။‎
ဝေတခက် ခြွေရက်လေတယ်၊‎ ကြွေရွက်တွေ မြေသက်၊‎
ပွေခက်မပြေ အခြေပျက်လို့၊ နေထက်မက ပူတာ၊
နွေရက်ည ဘဝင်ဆူအောင်၊ ကြင်သူရယ် နေရက်နိုင်တာ။
ယိမ်းဝေ့ဝေ့ ယိမ်းရွေ့ကာ၊ ယိမ်းလေ့ပါ ခြွေစေဦး၊‎
ဝေနေမဆုံး သစ်လွင်လက်ဖြာ၊ ချစ်ရင် တသက်တာ၊
ပင်ထက်က ပန်းကညာကို၊ မလှမ်းသာ ရင်လဲ့ညှာဆွေး။

စဉ်မြဲသာ စွဲလန်းလို့၊ အမြဲတမ်းကွယ့် မပျော်တယ်၊
ပုလဲပန်းလဲ့ ဘော်ငွေခြယ်၊ ခေါ်နေမယ် အရှာဆက်၊
ခါတသက် ဗျာစက်ပွေအောင်၊‎ ကြာရက်ရှည် ခွဲရတာခက်။‎
အနေခက် နွေရက်တွေရယ်၊‎ ရှည်သထက်ရှည် အကြွေဆက်၊‎
အဖြေမထွက်လေ ပွေခက်လို့၊ ဖြေခက်ရ သူမှာ၊
နေရက်လှ မမြင်သူယောင်၊ ရင်ပူတယ် အနေခက်မှိုင်ကာ။
တိမ်းလွေ့လွေ့ တိမ်း၍သာ၊ တိမ်းမွေ့ကာ လေပြည်သုဉ်း၊‎
မေရေမုန်း ပစ်ကျဉ်ရက်ပါ၊ ချစ်စဉ်မပျက်သာ၊‎
‎စဉ်ဆက်ည အနွမ်းဗျာပို၊ အလှမ်းကွာ ‎သခင်နဲ့သာဝေး။

မြင်ဆဲပါ အမြဲတမ်းမို့၊ အစွဲအလန်းနဲ့ မျှော်တယ်၊
‎အသည်းလမ်းရဲ့ အပေါ်မယ်၊ ‎မျှော်နေတယ် အလာခက်၊‎
ကဗျာသက် ကြာရက်ရှည်တောင်၊ ဖြာမျက်ရည်‎ ဝဲရပါလျက်။
နွေအဆက် ဝေရွက်တွေရယ်၊ ကြွေလျက်လေ မြေထက်၊
နွေရက်ရှည် အဖြေခက်လို့၊ အခြေပျက်ည မဟူရာ၊
ခြွေရက်ပါ့ တမင်သူလှောင်၊ ယဉ်မူသွယ် ဆွေသက်ပိုင်ညှာ၊
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊ စိမ်း၍သာ နေစေဦး၊‎
ရေမြေဆုံး ချစ်ကြင်လျက်သာ၊‎ ပြစ်မမြင်ရက်ပါ၊‎
ရင်ထက်က လွမ်းကဗျာကို၊ ခရမ်းပြာ မြင်လှည့်ပါလေး။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 29 December 2009

ကန္တာရဆောင်း

ကမ္ဘာဦးအလွမ်းပင်လေလား ...‎
အို ... မြောက်ပြန်လေ ...‎
စိုမြစိမ့်လွင်သော ‎
ထို့အတူ ကြုံရခဲလှသော ...‎
ကန္တာရမိုးစက်ပေါက်တို့အလွန် ...‎
ဆောင်းပျိုမသည် ‎
မြူလွှာရုံကို ဆင်မြန်းရင်း ...‎
ကတ္တီပါခြေလှမ်းနုနုတို့ဖြင့် ...‎

နှင်းမဲ့လေသည့်
ဟေမာန်ညို့ညို့ ...‎
လှိုင်းမဲ့လေသော
ကမ်းခြေလွင်လွင် ...‎
မြောက်ပြန်လေ၏ လက်သည်းရိုင်း တငုံ ...‎
သွဲ့သွဲ့သင်းသော မိုးဓားတလက်၏ တီးတိုးသံစဉ် ...‎
ခါးသက်သက် တိမ်လွှာညိုညို တချို့ ...‎
ပြင်းရှရှ ကြယ်စင်ငွေ့တို့၏ ရနံ့ချို တချို့ ...‎
ဟိုး ... ဝေးဝေးက
လျှပ်ပြက်သံတချို့ ...‎
‎... တချို့
‎... တချို့

ကန္တာရသည်
ခါးသီးစိမ့်မြမှုတို့ လွှမ်းရစ်နေ၏။ ‎
နေမင်းသည် ...‎
စောစီးစွာ ပုန်းကွယ်ချိန် ...‎
လွင့်လွင့်ဝေ့ဝဲနေသည့်
သဲလှိုင်းကုန်းများ၏ ဝန်းကျင် ...‎
သဲပြင်ပေါ်တွင် ...‎
တင်ရစ်လေခဲ့သော ကမ္ဗည်းစဉ်
တလောကလုံးတွင်
ခရမ်းပြာရိပ်တို့
ယှက်သန်းဝေဖြာ ....‎
အရာရာသည် ... ‎
ကန္တာရ၏ ရင်ခုန်သံ တချက် ...‎

နှင်းဆီလမ်းခွဲ၏ တဘက်တွင် ...‎
ဆည်းဆာအိပ်မက်တို့
ဝင့်ဝဲလွင့်ဝေနေလေရော့မည် ...‎

ဒီအချိန်ဆို ...‎
ဝေသီတိမ်းမူးဖွယ်ညယံတို့တွင်
လွင့်မောပျော်စံနေရော့မည်လား ...‎

ကြယ်ရံတို့ဖြင့် ပျော်ပါလေ ...‎
အလင်းပန်းကြွေများဆင့်ရင်း ...‎
တစစီ ပြိုကျခဲ့လေသည့် ...‎
ကန္တာရ၏ ဟိုမှာဘက်ရှိ
ကြယ်စင်နန်းအိုလေးရှိရာဆီသို့ ...‎
ခြေဖွနင်းရင်းသာ .... ‎
ပြန်ခဲ့ပါမည် ခရမ်းပြာ ...‎

အလွမ်းတို့ဖြင့် သီကုံးအပ်သော
အိပ်မက်လက်တဆုပ်စာဖြင့် ... ‎
သံယောဇဉ်တို့ဖြင့် ဖွဲ့တည်အပ်သော
ချစ်ခြင်းဝတ်လွှာတို့ဖြင့် ...‎
စွန့်လွှတ်ခြင်းတို့ဖြင့် ဝေဆာခဲ့သော
အရုဏ်ပွင့်ချပ်တို့ဖြင့် ...‎
နူးညံ့စွာပေးအပ်ခဲ့သော
အရှုံးဝတ်ဆံတို့ဖြင့် ...‎

မိုးသောက်အလွန် ...‎
မွန်းတည့်အလွန် ...‎
ဆည်းဆာအလွန် ...‎
ညဥ့်ယံ၏အလွန် ...‎
အတ္တ၏အလွန် ...‎
မာန၏အလွန် ...‎
ရင်ခုန်သံတို့၏အလွန် ...‎
မိုးကုတ်စက်ဝိုင်း၏အလွန် ...‎
ထို့ထက်ပိုလွန်၍ ....‎
ဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎

Read More...

Tuesday, 15 December 2009

ခရမ်းပြာတမ်းချင်း‎

လိပ်ပြာသခင်ရယ်၊‎
စိတ်မှာအစဉ်မယုံချင်တတ်လဲ၊‎
အိပ်ရာဝင်ပုံပြင်အမှတ်နဲ့၊‎
အကုန်အစင်ဖတ်ပါ။‎

ငယ်စာရင်းမှာ မဝင်ပါဘူး၊‎
သူငယ်ချင်းပါ အစဉ်ပြောပေမယ့်၊‎
ရင်မောစွာ တိတ်တခိုးနဲ့၊‎
ကြိတ်ပျိုးမိတဲ့ အကြင်နာကို၊‎
တမင်တကာ ရင်မှာသိမ်းပါလို့၊‎
ထိန်းလာရ အနေခက်လေတဲ့၊‎
နွေရက်တွေကြာ။‎

အမှန်ပြောရင်ကွယ်၊‎
သံယောဇဉ်တွယ်လာလေတော့၊‎
နွယ်ပမာလိုရစ်ပတ်ထားတဲ့၊‎
အချစ်နတ်ဘုရားရဲ့စေရာကျွန်ပမာ၊‎
အသစ်ထပ်ပွားတဲ့ဝေဒနာနွံမှာ၊‎
ကျွံလာလေ အရုန်းခက်၊‎
မမုန်းရက်တဲ့ အတွယ်အတာ၊‎
‎ကြွယ်ကာဆင့်ပွား။‎

ရင်ထဲမှာ ဆယ်နေထွက်သလိုပေါ့၊‎
ရှင်ကွဲဟာ တကယ်အနေခက်ပါရဲ့၊‎
ရေထက်က လမင်းပုံလို၊‎
ဘဝချင်းမဆုံ လွမ်းဗျာကြွယ်လို့၊‎
တမ်းကာရယ် မပြည့်တဲ့ခဏမှာ၊‎
နှုတ်ခမ်းလွှာရယ် သွေ့ခဲ့ရစဉ်၊
နေ့နဲ့ညအစဉ် ပြောင်းသွားလေသမျှ၊‎
မမေ့တဲ့ဘဝတွင် နှောင်းသွားပြီမို့၊‎
‎(ခရမ်းပြာရယ် ... )‎
မတွေ့ခဲ့ကြရင်အကောင်းသား။ ။‎


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Thursday, 30 July 2009

ခရမ်းပြာဝိုင် (၉)‎

တကယ်ဝေးပြီလား၊‎
ကြယ်ကလေးတွေလဲ မြေမှာကြွေ။‎

‎ဟန်ဆောင်ကာ မျှော်အကြည့်၊‎
အော် ... ရှိပါစေ။‎

နှောင်းမြေ့မြေ့ ခက်ဝေဝေ၊‎
မျက်ရည်တွေ သူမတွေ့။‎

နေ့ညကြာ၊‎
မတွေ့ရတာ တာရှည်ပြီပဲ၊‎
ဗျာပွေချီ မြူငွေ့ရီတိုင်း၊‎
အပူဝေ့သီ ရင်မှာကြွယ်လို့၊‎
သူမေ့ပြီ ထင်ပါတယ်လေ၊‎
ကဗျာသယ်(သည်) နှင်ရာလမ်းကို၊‎
တခါကွယ် မြင်လာစမ်းပါလှည့်၊‎
လွမ်းကာရန် မပီမသအတွေးကို၊‎
ပန်းပမာဟန် သီလျပေးမယ်နော့၊‎
ညီမလေး ခရမ်းပြာရေ၊‎
လွမ်းတာရှည်မမေ့။ ။‎


အိမ ပူဆာလွန်းလို့ ရေးလိုက်ပါတယ် ...

ဖတ်ရှုခံစားအားပေးတဲ့ အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 22 June 2009

သတ္တမဘုံစဉ်အလွမ်းကို ပြန်လည်ခံစားခြင်း

၁။ နွေရက်များ၏ဝေဒနာ

နွေရက်တွေရောက်လာပြန်ပြီ ညီမလေးရေ ...
နွေနဲ့အတူ ဥသြတွေရဲ့ လွမ်းတေးသံ ... အတာ နဲ့ ပိတောက် ကလည်း တံခါးခေါက်လို့ ... သူတို့အချိန်မှန်ရောက်လာကြပြန်ပြီပေါ့
ဒါပေမဲ့ အတာသဘင်ဆိုတာ ပါဝင်ဆင်နွှဲခွင့်လေးမှမရှိသူအတွက်ဆိုရင် ခက်ဆစ် ဆိုတာ အလကားပေါ့ ...
ပန်ပေးခွင့်မကြုံတဲ့ အဝေးက ပိတောက်တခက်ဟာ မင်းအတွက် အရေးပါလေတော့မတဲ့လား ..
အင်းလေ ... တကယ်တော့ အရေးပါတယ် မပါဘူးဆိုတာလဲ အရေးမှမဟုတ်တာ ညီမလေးရယ်၊ တကယ်ချစ်တတ်တဲ့သူတွေဆိုတာ ပေးဆပ်ဖို့သာ အမြဲ တွေးတတ်ကြတာပါလေ၊ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ အတေးအမှတ်ဆိုတာ နတ္ထိ၊ နာကျည်းခြင်းဆိုတဲ့ စကားဟာ သူရူးတွေရဲ့အလင်္ကာလို့သာ ကိုယ်အမြဲတမ်း မှတ်ထင်ခဲ့သူပါ။


၂။ မျက်ရည်နက္ခတ်စီးခဲ့လေသူ

သိုးငယ်တို့ရဲ့ အပြုံး နဲ့ မြွေပွေးတို့ရဲ့နှလုံးသားကို ထက်ဝက်စီပိုင်ဆိုင်ထားသူအဖို့ အအိပ်လည်းပျက်၊ အဆိပ်လည်းတက်၊ နေရဲ့သွေးတွေနဲ့ ဖွဲ့သီထားတဲ့ လင်္ကာအိုတွေနဲ့ ညည်းချင်းချမိချိန်မှာ ညှိုးငယ်တဲ့ အရှုံးတခုဟာ ကိုယ့်ရင်ထဲမှာ တွဲခိုနေဆဲပါပဲ ... တကယ်တမ်း တွေးကြည့်တော့လည်း ပြိုင်ပွဲကိုမှ ဝင်ခွင့်မရှိသူမှာ အနိုင်အရှုံးဆိုတာ ရှိပါဦးမတဲ့လား ...
ခင်ဝမ်းရဲ့ ခုနစ်ပြည်ထောင် တေးသံက အဝေးကနေ တိုးတိုးလေး ပျံ့လွင့်လို့ ...
အိပ်မက်တွေကြွေတဲ့ရာသီဆို မျက်ရည်နက္ခတ်တို့ အမြဲ ပျံဝဲတဲ့ညတွေမှာ မင်းနာမည်လေးကို တိုးတိုးလေး ညည်းရင်း တိတ်တခိုး နောက်ပြန်ဆုတ် ခဲ့ရတဲ့ တေလေနှလုံးသားနဲ့ လူရဲ့အဖြစ်တွေ .. မင်းမသိနိုင်ပါဘူး ညီမလေးရယ်

ညီမလေးရေ ...
ယမမျက်စောင်း ဆိုတာ အကြောင်းသုံးပါး မရွေး ... ဂုမ္ဘာန်တစ်ထောင်ကို အိုးကင်းထဲထည့်လှော်တဲ့ နှမ်းတွေလို တဖျစ်ဖျစ်မြည်ပြီး ကျေပျက်သွားစေနိုင်သတဲ့ ...
ထက်ကောင်းကင် က ဣန္ဒာရဲ့ ဝရဇိန် ... အာဠာဝက ဘီလူးမင်း ရဲ့ ဘွဲ့ဖြူ ... ဝေဿဝဏ်နတ်မင်း ရဲ့ ချွန်းတောင်း ...
ဒါတွေဟာ ကမ္ဘာ့လက်နက်ကြီး လေးပါး တဲ့
အဲဒီ လက်နက်တွေကို မာရ်နတ်မင်းရဲ့ လက်ရုံးတစ်ထောင်အပြည့်ကိုင်စွဲရင်း ကိုယ့်အသည်းကို ထိုးနှက်နေသလား ... ခဲမီးပြင်းနဲ့အတိုက်ခံရသလို ဘယ်မှာကြည့်လိုက် ကြည့်လိုက် အမိုက်တိုက်က အပြည့် ...

၃။ သတ္တမဘုံစဉ်အလွမ်း

တခါတလေတော့လဲ လရောင်ခြည်ကို တမ်းတမိပါတယ် ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်းရယ်
နွေညခင်းတရာမှာ ငွေလမင်းဟာ တခါတလေတော့ သာရော့လေရယ်မလားလို့ ဟိုးအဝေးက မှုန်သီဝေဝါးတဲ့ အာကာထက်က တိမ်ပန်းချီကို ရေးခြယ်သီမှုန်း ခဲ့မိသူလိုပါပဲ ... အတိအကျလဲ မရှိဘဲ ပျော်၊ အမိအရလဲ မရှိဘဲ မျှော်မိရင်း နောက်ဆုံးတော့လည်း နွေရက်တွေ ရှည်တဲ့ မိန်ရာသီတကြောမှာ တိမ်ထက်က ကြယ်စင်ကို ရှာဖွေမောခဲ့မိသမျှ ကြွေသွားခဲ့ရတဲ့ အိပ်မက်တွေကို လေနှင်ရာမျှောရင်း နွမ်းလျတဲ့ ကဗျာအမောတွေသာ တပွေ့တပိုက်သီခဲ့မိပါတယ် ... ကိုယ့်ဘဝထဲကို ခဏလေးဆင်းလာခဲ့တဲ့ ... မြနှယ်ယွင်းရည်တဲ့ နွေပန်းချီကားထက်က လမင်းရွှေရည်ပန်းအိမ်လေးရေ

၎။ ဗျတ်စောင်းတလက်နဲ့ ကဗျာသည်

ကိုယ်ကလည်း တေးသီအကျော်မဟုတ်ပြန်တော့ ခက်သားပဲ ညီမလေးရယ် ... Beethoven ကတော့ Elise အတွက် တေးချင်းရှည်တပုဒ်ဖွဲ့ခဲ့လေရဲ့ ...
မှောင်ရီသမ်းချိန်များဆို သော်တာရောင်ခြည်ဂန္တဝင်တေးချင်းကြီးတပုဒ် နဲ့ တချိန်က တင့်မောခဲ့တဲ့ Alhambra နန်းတော်ရဲ့ ရင်ပြင်ထက်မှာ Tarrega ဆိုတဲ့ ကြယ်ကြီးတပွင့်ရဲ့ လက်ရာတေးချင်းတွေ၊ Mozart ရဲ့ မှော်ဝင်ပလွေသံတွေ၊ Canary အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပန်းသဘင်ကို တင်ဆက်ရင်း မင်း ပျော်စံဖို့ ဖျော်ဖြေပေးလိုက်ချင်ပါတယ် ...
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ .... အသူရာနတ်မင်းရဲ့ နတ်စောင်းမှာ ပန်းကြိုးလေးတွေဆင်ရင်း သုံးလုံးသော မင်းနာမည်လေးကို သံစဉ်အပြောက်အမွှန်းတွေနဲ့သီမှုန်းဖွဲ့ဆိုပြီး စကြာဝဠာတံတိုင်းမှာ မော်ကွန်းထိုးပေးလိုက်ချင်ပါရဲ့ ...
အခုတော့ ဗျတ်စောင်းတလက်နဲ့ပဲ ကဗျာတပုဒ် ခပ်ပျင်းပျင်း ညည်းချင်းချမိနေရုံသာပဲလေ ...

၅။ ခရမ်းပြာစည်းနရီ

ကိုယ်သွားတော့မယ် ညီမလေးရေ ...
တစ်ဘဝလုံးအတွက် နှုတ်ဆက်လိုက်ပါတယ် ...
လွမ်းတိမ်တွေယှက်သမ်းပြီး နေတခြမ်းကို အသေထမ်းထားရတဲ့ လူဟာ ပန်းတွေနဲ့ဖွဲ့သီတည်ဆောက်ထားတဲ့အိမ်က လှေကလေးအတွက် ဧည့်ကောင်းစောင်ကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ ကိုယ် သိပြီးသားပါ။ ဖြစ်ချင်းဖြစ်ရင် နတ်ဆိုးတွေပျော်တဲ့ အပါယ်ဘုံအိမ်ရာထက်က ကျိန်စာပြင်းတွေတိုက်ထားတဲ့ပုရပိုဒ်နက်တချပ်ကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး ညီမလေးရယ် ...

နေတကောင်ဟာ သူ ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာတွေ့တဲ့ ကျင့်စဉ်မှတ်တမ်းတချပ်ကို ဖွင့်ကြည့်မိလေရဲ့ ...
နန်းဇမ္ဗူရင်ပြင်ထက်က ကြယ်စင်ညှာရဲ့ပန်းသရဖူကို ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့်လေးများ ပါလေမလားရယ်လို့ မရဲတရဲ ဖွေရှာကြည့်ခဲ့မိပါတယ်။
ဒါပေမဲ့လဲ မဝံ့မရဲ မျှော်လင့်မိသလို အရိပ်အရောင်လေးတောင် မတွေ့ပြန်လေတော့ နေရာမှန်ဖြစ်တဲ့ လွင်ပြင်နက်ဆိုးရဲ့ထောင့်တနေရာ အောက်တဆင့်မှာပဲ အရာရာကို ထောက်ချင့်တွေးဆပြီး ကောင်းကင်ထက်က ကိုယ့်ရဲ့ကြယ်စင်ကို တိတ်တိတ်လေး ငေးနေပါတော့မယ်။ ပင်လယ်ပြင်ထက် တနေရာမှာ ခဏတက်လာတဲ့ ရေပွက်ကလေးတခုလို့ပဲ မှတ်ယူလိုက်ပါပြီ ... ပျော်ပျော်သာစံနေရစ်ပါတော့ ညီမလေး ...

ညီမလေးရေ ...
တခါတလေတော့ ကိုယ့်ကို သတိရပါ ...
နွေအိုလမ်းမှာ လေညိုတွေသွမ်းတဲ့အချိန် နေကိုထမ်းရင်း လျှောက်မြဲဆက်လျှောက်နေပါတယ် ...
အလွမ်းတတင်းကို ရင်မှာသယ်ပိုးရင်း
ကိုယ့်ရဲ့ ဗျတ်စောင်းမှာ ပိုးကြိုးလေးတွေဆင်ပြီး အနွမ်းသီချင်းကိုနှိုးလိုက်တဲ့အခါ ပျိုးခဲ့မိတဲ့ အလွမ်းတွေပဲ သံစဉ်အဖြစ် ပွင့်ခဲ့ပြန်တာပေါ့
စိုက်တဲ့အတိုင်း သိမ်းရိတ်ရတာဟာ ကိုယ့်အတွက် ထူးပြီးမဆန်းတော့ပါဘူး ညီမလေးရယ် ...
ဒီတော့လဲ အဝေးမြေပြင်မှာ အဆွေးကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေမှာပါ

၆။ ဝေးမြေမှတမ်းချင်း

အဝေးမြေတနေရာကနေ လွမ်းဆဲပါ လွမ်းမြဲပါ လွမ်းနေဦးမှာပါ ညီမလေးရေ ...
လမ်းခွဲဟာ ငိုစရာလား ဝမ်းနည်းစရာ မဆိုပါနဲ့ လွမ်းသည်းညှာ ချိုပြာနွဲ့ရယ် ...

နွေရက်တွေလွန်ပြီဆိုရင် မိုးငွေ့တွေနဲ့ ဝဿန်မိုးဟာ စွေသွန်လာဦးမှာပေါ့ ...
အဲဒီအခါဆို သရဝဏ်နက္ခတ်နဲ့ အတူ ခတ္တာပန်းတွေပွင့်လိမ့်မယ် .. ပုန်းညက်ဝါတွေ စပယ်တွေ ပွင့်လာကြလိမ့်မယ်။ ဒီလို ဝဿန်ခါမှာဆို စပယ်လေးတွေကို မင်း သီနေရင်းပဲဖြစ်ဖြစ် ....

မိုးမှုန်တွေပြေးတဲ့အခါလဲ ဆောင်းနှင်းလေပြေတွေ သွေးလာလိမ့်ဦးမယ်လေ ...
ဒီအခါကျရင် ပွင့်လာမယ့် မြတ်လေးပန်းတွေနဲ့အတူ တော်ဝင်တဲ့သဇင်တွေလည်း ပွင့်ချိန်ရောက်ပြီပေါ့ ... ဒီလိုဆောင်းရက်တွေမှာဆို သဇင်တွေကို မင်းပန်ဆင်ရင်းပဲဖြစ်ဖြစ် ...

နှင်းစက်တွေပြေးပြန်တော့ နွေတေးတမာန်ပြန်ရောက်လာလိမ့်ဦးမှာပဲ ...
အဲဒီအခါ ပွင့်လာလိမ့်ဦးမယ့် ပိတောက်ဝါတို့ စံရာသီမှာ မင်း ပျော်ရွှင်ကာနေရင်းနဲ့ပဲ ဖြစ်ဖြစ် ...

အခါရာသီမရွေး လွင့်ပျံမြူးကြွလို့ တိမ်ပေါ်မှာ မှေးစက်ကာ ငယ်ဖေါ်တွေနဲ့အတူ မင်းပျော်နေရင်း ..
ဝေသီနွေးမူးစရာ ညတွေမှာ လှသွေးရည်အဖေါ်တစုတို့နဲ့အတူ အကလေးတွေနဲ့ မင်း တေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ မင်းကူးခတ်ပျော်မော စံစားနေရင်းနဲ့ ...
မာယာအသွယ်သွယ် ကြွယ်တဲ့ ဟောဒီဘုံဘ၀မှာ ခဏတာလာဆုံခဲ့ရတဲ့ မြူမှုန်လေးတမှုန်ဟာ
မင်းဘဝထဲမှာ တုန်ခါ .. ဖျော့သွေ့ .. ဝေဝါး .. လာပြီး
မင်းလေ .. တဖြည်းဖြည်းနဲ့ ... ကိုယ့်ကို မေ့သွားမှာပါ

၇။ နောက်ဆုံးအိပ်မက်ညို

ညီမလေးရေ ...
မင်းအရိပ်လေး ကိုယ့်ဆီက မပျောက်ဆုံးသွားခင် နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..

နက်ပြာမှိုင်းညို့တဲ့ ညခင်းတွေ မင်းဆီကို ခဏလေးပဲ ရောက်ရှိချဉ်းကပ်လာတဲ့အခိုက်မှာတောင်
ငွေလမင်းဟာ မင်းဘဝအတွက် အမြဲ လက်လက်ဖြာတင့်ရွှန်းဝေနေပါစေ ...

စန်းလသီတဂူ ထွက်ပြူလာတဲ့အချိန်တိုင်းမှာလည်း မြရွက်ပဝါတွေ ခင်းထားတဲ့ ညစက်ရာမှာ
အမြဲတမ်း ကောင်းစွာမှေးစက်ပျော်နိုင်သောသူ ဖြစ်ပါစေ ...

မိုးသောက်ယံကို ရောက်ပြီဆိုရင်လည်း စောင်းစည်ညင်းပတ်သာ တွေရဲ့ သံသာတေးတွေနဲ့
ညင်သာစွာနိုးထလာနိုင်ပါစေ ...

လက်ရှိဖြစ်လေရာ 'တခဏငယ်' လေးတွေတိုင်းမှာလည်း ဘဝသမိုင်း အမြဲကောင်းလေသူ မင်း ဖြစ်ပါစေ ....

ညီ မ လေး ခ ရမ်း ပြာ ရေ ...


သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ

(၁)
နွေရက်တွေရဲ့ရာဇဝင်မှာ
အဖြေခက်လေတဲ့ တာသဘင်ပွဲ
ပါဝင်နွှဲခွင့်မှ မရှိသူတယောက်အတွက်
ပိတောက်တခက် ဟာ အဝေးမှာနေ
အရေးပါလေတော့မတဲ့လား
ညီမလေးရယ် ...

တကယ်ချစ်တတ်သူတွေဟာ
နွယ်ရစ်ပတ်သလိုအကြင်နာ တေးထပ်နဲ့
အတေးအမှတ်ဆိုတာ ဗလာ
ပေးဆပ်ဖို့သာရှာမှီးရင်း
နာကျည်းခြင်း ဆိုတာဟာ
စာလုံးတောင် မပေါင်းတတ်ခဲ့ကြဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်

(၂)
ညှိုးငယ်တဲ့အရှုံးနဲ့
သိုးငယ်ရဲ့အပြုံး
နေသွေးဖွဲ့အမုန်းနဲ့
မြွေပွေးရဲ့နှလုံး
သုဉ်းပျက်ကာ အိပ်စက်
အဆုံးတဝက်မှာ အဆိပ်တက်နေ
အိပ်မက်အကြွေတွေနဲ့
တေလေနှလုံးသားနဲ့လူရဲ့ ရာသီထက်
ဘာဝီစက်အခြေမှာ
မျက်ရည်နက္ခတ်တို့
ဗျဂ္ဃစာအမြဲကျင့်နေလေရဲ့

မာရ်နတ်မင်းရဲ့လက်ပေါင်းတစ်ထောင်
ယမမင်းရဲ့မျက်စောင်းအမှောင်
ထက်ကောင်းကင်က ဝရဇိန်စက်ကျ
ယက္ခရဲ့ဘွဲ့ဖြူဝဠာစုနဲ့
ရာဟုဂြိုဟ်အမြဲစီးနင်း
ခဲမီးပြင်းနဲ့တိုက်
အလစ် .. အငိုက် ..
အမိုက်မှောင်ချည်းပါပဲလေ

(၃)
ညီမလေးရေ ...
ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်း
နွေညခင်းတရာမှာ
ငွေလမင်းတခါတော့
သာရော့လေမလားလို့
ဝေဝါးမှုန်သီ
တိမ်ပန်းချီရေးခြယ်ခဲ့မိသမျှ
မတိမကျနဲ့ပျော်
မမိမရနဲ့မျှော်ရင်း
အော် .. နောက်ဆုံးတော့
မိန်ရက်နွေတကြောမှာ
တိမ်ထက်ဖွေမောလို့
အိပ်မက်ကြွေမျှောရင်း
မောခဲ့ရတဲ့ နွမ်းကဗျာပါ
ကိုယ့်ဘဝအတွင်း
ခဏဆင်းခဲ့တဲ့ ...
မြယွင်းနွေပန်းချီ
လမင်းရွှေရည်ပန်းအိမ်လေးရယ်

(၄)
ညီမလေးရယ် ..
အဲလစ်ဇယ်အတွက် ဖွဲ့ခဲ့တဲ့
ဘီသိုဗင်ရဲ့တေးချင်း
ဗျတ်စောင်းတစင်းနဲ့
ခပ်ပျင်းပျင်းနဲ့ညည်းတဲ့ကဗျာ
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်တော့
အသူရာနတ်စောင်းမှာပန်းကြိုးတွေဆင်လို့
မင်းနာမည်အယဉ်ဘွဲ့ကို
ဖွဲ့ဆိုပေးလိုက်ချင်ပါသေးတယ်

မင်းပျော်စံဖို့
ညအမှောင်သမ်းချိန်
လရောင်ဆမ်းတဲ့ ဆိုနာတာ
တာရီဂါကြယ်စံရာ
အယ်လ်ဟမ်ဘရာ နန်းရင်ပြင်ထက်
ပန်းသဘင်တင်ဆက် ပျိုးပြက်ပျော်ရွှင်
မိုးဇက် သီတဲ့မှော်ဝင်ပုလွေသံနဲ့
ကန်နရီအက ကိုတင်ဆက်ကာ
လက်ဖြာ .. ပြာမှိုင်း တဲ့
စကြာဝဠာတံတိုင်းမှာ
သမိုင်းမော်ကွန်းထိုးပေးခဲ့ချင်ပါရဲ့ကွယ်

(၅)
သွားတော့မယ် ညီမလေးရေ ...
ပန်းအိမ်လှေအတွက်တော့
လွမ်းတိမ်တွေယှက်သမ်းလို့
နေတခြမ်းကို
အသေထမ်းထားရတဲ့ ဧည့်သည်ဆိုတာ
တကယ့်တကယ်တော့
အပါယ်နတ်ဆိုးတွေအိမ်ရာထက်က
ကျိန်စာနက်ပုရပိုဒ်တချပ်ပါ။

နေတကောင်ရဲ့ကျင့်စဉ်မှတ်တမ်း
ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာ
ကြယ်စင်ညှာရဲ့ပန်းသရဖူကို
နန်းဇမ္ဗူရင်ပြင်ထက်
ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့် မပါလို့
လွင်ပြင်နက်ဆိုးထောင့် အောက်အဆင့်မှာ
အရာရာကို ထောက်ချင့်တွေး
တိတ်တိတ်လေး ငေးနေပါတော့မယ်။

နွေအိုလမ်းမှာ
လေညိုသွမ်းချိန်
နေကိုထမ်းရင်း
အလွမ်းတတင်းကိုပျိုး
အနွမ်းသီချင်းကိုနှိုး
ပိုးကြိုးလေးတွေဆင်
အဝေးမြေပြင်မှာ
ကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေပါ့မယ်

(၆)
ညီမလေးရေ ..
ဝေးမြေကနေ လွမ်းဆဲ
ဝမ်းနည်းစရာ
လွမ်းသည်းညှာရယ် ...
လမ်းခွဲဟာ ငိုစရာလား

နွေရဲ့အလွန် မိုးစွေသွန်ရင်
သရဝဏ်ခတ္တာ ပုန်းညက်ဝါတို့
ပွင့်ကာတသွယ် စပယ်လေးတွေသီရင်းပဲဖြစ်ဖြစ် ...

မိုးမှုန်အပြေး ဆောင်းနှင်းသွေးရင်
မြတ်လေးတော်ဝင် သဇင်တွေပန်ရင်းပဲဖြစ်ဖြစ် ...

နှင်းစက်အပြေး နွေတေးတမာန်ပြန်အရောက်
ပိတောက်ဝါတို့ စံရာသီမှာပဲဖြစ်ဖြစ် ...

ရာသီမရွေး လွင့်မှေးတိမ်ပေါ်
ငယ်ဖေါ်တွေနဲ့ပျော်ရင်း ..
ညနွေးဝေသီမှာ
လှသွေးရည်တို့နဲ့
အကတေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ
ကူးခတ်ပျော်မောရင်းနဲ့ ...
ဘဝမာယာဘုံမှာ
ခဏတာလာဆုံရတဲ့
အမှုန်လေးတမှုန်ဟာ
တုန် .. ခါ .. ဖျော့ ... သွေ့ .. ဝါး
မင်းလေ .. ကိုယ့်ကို မေ့သွားမှာပါ

(၇)
ညီမလေးရေ ...
မင်းအရိပ်လေး မပျောက်ဆုံးသွားခင်
နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..

ညခင်းနက်ပြာ
ခဏချဉ်းလျက်မှာပင်
လမင်းလက်ဖြာဝေပါစေ ...

လအထွက်မှာ
မြရွက်ပဝါနဲ့
ညစက်ရာမှာ
ကောင်းစွာမှေးပျော်နိုင်သောသူ ဖြစ်ပါစေ ...

စည်ညင်းတို့၏သံသာဖြင့်
မိုးသောက်ယံအင်ခါမှာလည်း
ညင်သာစွာနိုးထနိုင်ပါစေ ...

ဖြစ်လေရာ 'ခဏ' တိုင်းမှာလည်း
ဘဝသမိုင်းကောင်းသူဖြစ်ပါစေ ....

ညီ မ လေး ခ ရမ်း ပြာ ရေ ...


သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ ကဗျာကိုပဲ ပြန်လည်ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဖတ်ရှုခံစားအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ...

ဟယ်ရီ

Read More...

Saturday, 7 March 2009

ခရမ်းပြာဒဏ္ဍာရီ

ငိုချင်းဖွဲ့ ပြန်ကာသီတမ်းတဲ့၊
ဒဏ္ဍာရီ အလွမ်းပါ၊
ခရမ်းပြာရယ်။

သူမေ့စေတော့၊
တွေ့နေရင် ဝေဒနာပိုရုံပဲ၊
မရေရာ ပုံပြင်အိုကိုလည်း၊
ယုံချင်တောင် မဆက်ရဲပါဘူး၊
လက်တွဲကာ မခေါ်သာသူမို့၊
တော်ရာမှာ နေကာပေါ့၊
ဖြေရာမလွယ်။


တိမ်းဖယ်ခွာတတ်သူမဟုတ်ပေမယ့်၊
စိမ်းတယ်သာမှတ်ယူပါတော့၊
မပြတ်ပူလောင် ရင်မှာညည်းနေလည်း၊
စည်းတွေကို အကျော်ခက်သူမို့၊
မခေါ်ရက်တာ မေမသိပါကွယ်၊
ပဟေဠိနယ် မြစ်နက်ထဲက၊
အဖြေမရှိတယ် ချစ်ဂယက်ဝဲ။

သံယောဇဉ်တဖက်ကမ်းမှာပဲ၊
တသက်လွမ်းကာနေမှာပေါ့၊
လက်တကမ်းမှာ မနေသာသူမို့၊
ဝေဒနာအပူ ရင်မှာသိမ်းကာကွယ်၊
တမင်တကာတိမ်းခွာရှောင်လို့၊
စိမ်းပါသယောင် မျက်နှာလွှဲကာ၊
ဆက်ကာပဲ သွားနေရပေမယ့်၊
နွေညရှည် အိပ်မက်လမ်းမှာလေ၊
လွမ်းတာတွေ ထိန်းလို့မရပါဘူး၊
ခရမ်းပြာရေ ... (တကယ်တော့)
စိမ်းလို့မှမဟုတ်ဘဲ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 1 September 2008

ကန္တာရခရမ်းပြာ ရစ်သမ်

ညသည် ..
ဝေသီပြာညို့နေ၏။

မြနှင်းတို့ကင်း၏။
မြူငွေ့တို့ရှင်း၏။
တိမ်စင်၏။
လမင်းသည် ...
ကြယ်စင်မှုန်တို့ဖြင့်ခင်းကျင်းအပ်သော
မဟူရာနု ကမ္ဗလာထက်တွင် ...
အိပ်မက်လျက်ရှိ၏။
ငါ့အတွက်မူကား
ထာဝရခရမ်းပြာရိပ်သမ်း၏။

ကန္တာရသည် ..
ရှိန်းရှိန်းပူ၏။
ရေခိုးတို့အပြည့်လွှမ်း၏။
သဲမှုန်တို့သည် အလွမ်းဖြင့်သာ အတိပြီး၏။
ကျောက်သားပကတိ တည်၏။
ထို ကန္တာရအလယ်တွင်
ရွက်ဖျင်တထည်ဖြင့်
ငါ ရှိ၏။
ငါ တည်နေ၏။
ငါ တည်ရှိနေ၏။
ပူကား မပူလောင်
အလွမ်းဖြင့်သာ အေးမြ၏။

ကုလားအုတ်ဖြူတို့ရွေ့လျား၏။
ကန္တာရဆတ်တို့ ရှောင်ပုန်း၏။
ကမာများ၏ မျက်ရည်ဖြင့်
ပုလဲများ ဖြစ်တည်၏။
ပင်လယ်ပြာသည်
ရံခါ "ဂေါရီ" နှယ်
ရံခါ "ကုမ္မာရီ" နှယ်
ရံခါ "မျက်မည်း" နှယ်
ရံခါ "မြောင်းတူး" နှယ်
အရောင်စုံ၏။
အသွေးကြွယ်၏။
မာယာတို့ဖြင့်ခြယ်သအပ်၏။
သို့တစေ
ရင်ခွင်အောက်တွင်
သိုဝှက်ထားသော
အတိုင်းမသိ ကြွယ်ဝမှုကိုပေးတတ်၏ ...
ကန္တာရဆတ်ချိုနှယ်တည်း။

အတွေးတို့သည်
နွေလေတိမ်နှယ်
မြောရွေ့၏
လွင့်ပါး၏
စေစား၏
ရင်တွင်
ဆူးတချောင်းဖြစ်ပေါ်၏။
အို ... နဂါးတို့ ...
မီးလျှံကိုသိမ်းပါလော့
လှိုင်းတံပိုးကို ဖြေပါလော့
အို ... သားချင်းတို့ ...
ညကို ရုပ်ပါလော့
အမျက်ကို ငြှိမ်းပါလော့
အရုဏ်သစ်ဖြစ်တည်စေ
ငှက်တို့ပျံစေ
လေညင်းတို့ လွင့်လွင့်ဝေ့၀ဲစေ
သံလွင်ရနံ့ ညှင်းညှင်းပျံ့စေ
အို ... မုဆိုးတို့
သင်တို့ကား
အမဲ သားငါး ရှားပါစေ။
ငါ၏ ခရမ်းပြာသည်
ကောင်းစွာ အိပ်စက်ပါစေ
ညက်ညင်စွာ နိုးထပါစေ
သိမ်မွေ့စွာ ဖြစ်တည်ပါစေ
ငြိမ့်ညောင်းစွာ လျှောက်လှမ်းပါစေ
နှုတ်မြိန်စွာ စား၍
အေးမြစွာ နားပါစေ
နှင်းဆီတို့ဖြင့်ကာရံပါစေ
ငါ၏ကာရန်တို့ဖြင့်လည်း
ထာဝရချမ်းမြေ့ပါစေ။

ငါ့အရိပ်သည်
လရောင်ရှိနေသမျှ
ဆက်လက်တည်ရှိနေမည်သာတည်း။

ညဉ့်ယံတွင် ...
လေတို့လည်းထန်စေ
ပန်းတို့ မိန်းမူးစေ
အဆိပ်ဖြင့်ယစ်စေ
အတိတ်သီးခါးများ ကြွေစေ
အလွမ်းငှက်များ အိပ်စက်စေ
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။

ကန္တာရညများသို့ ...
ဟယ်ရီ

Read More...

Thursday, 7 August 2008

သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ

(၁)

နွေရက်တွေရဲ့ရာဇဝင်မှာ
အဖြေခက်လေတဲ့ တာသဘင်ပွဲ
ပါဝင်နွှဲခွင့်မှ မရှိသူတယောက်အတွက်
ပိတောက်တခက် ဟာ အဝေးမှာနေ
အရေးပါလေတော့မတဲ့လား
ညီမလေးရယ် ...

တကယ်ချစ်တတ်သူတွေဟာ
နွယ်ရစ်ပတ်သလိုအကြင်နာ တေးထပ်နဲ့
အတေးအမှတ်ဆိုတာ ဗလာ
ပေးဆပ်ဖို့သာရှာမှီးရင်း
နာကျည်းခြင်း ဆိုတာဟာ
စာလုံးတောင် မပေါင်းတတ်ခဲ့ကြဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်

(၂)

ညှိုးငယ်တဲ့အရှုံးနဲ့
သိုးငယ်ရဲ့အပြုံး
နေသွေးဖွဲ့အမုန်းနဲ့
မြွေပွေးရဲ့နှလုံး
သုဉ်းပျက်ကာ အိပ်စက်
အဆုံးတဝက်မှာ အဆိပ်တက်နေ
အိပ်မက်အကြွေတွေနဲ့
တေလေနှလုံးသားနဲ့လူရဲ့ ရာသီထက်
ဘာဝီစက်အခြေမှာ
မျက်ရည်နက္ခတ်တို့
ဗျဂ္ဃစာအမြဲကျင့်နေလေရဲ့

မာရ်နတ်မင်းရဲ့လက်ပေါင်းတစ်ထောင်
ယမမင်းရဲ့မျက်စောင်းအမှောင်
ထက်ကောင်းကင်က ဝရဇိန်စက်ကျ
ယက္ခရဲ့ဘွဲ့ဖြူဝဠာစုနဲ့
ရာဟုဂြိုဟ်အမြဲစီးနင်း
ခဲမီးပြင်းနဲ့တိုက်
အလစ် .. အငိုက် ..
အမိုက်မှောင်ချည်းပါပဲလေ

(၃)

ညီမလေးရေ ...
ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်း
နွေညခင်းတရာမှာ
ငွေလမင်းတခါတော့
သာရော့လေမလားလို့
ဝေဝါးမှုန်သီ
တိမ်ပန်းချီရေးခြယ်ခဲ့မိသမျှ
မတိမကျနဲ့ပျော်
မမိမရနဲ့မျှော်ရင်း
အော် .. နောက်ဆုံးတော့
မိန်ရက်နွေတကြောမှာ
တိမ်ထက်ဖွေမောလို့
အိပ်မက်ကြွေမျှောရင်း
မောခဲ့ရတဲ့ နွမ်းကဗျာပါ
ကိုယ့်ဘဝအတွင်း
ခဏဆင်းခဲ့တဲ့ ...
မြယွင်းနွေပန်းချီ
လမင်းရွှေရည်ပန်းအိမ်လေးရယ်

(၄)

ညီမလေးရယ် ..
အဲလစ်ဇယ်အတွက် ဖွဲ့ခဲ့တဲ့
ဘီသိုဗင်ရဲ့တေးချင်း
ဗျတ်စောင်းတစင်းနဲ့
ခပ်ပျင်းပျင်းနဲ့ညည်းတဲ့ကဗျာ
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်တော့
အသူရာနတ်စောင်းမှာပန်းကြိုးတွေဆင်လို့
မင်းနာမည်အယဉ်ဘွဲ့ကို
ဖွဲ့ဆိုပေးလိုက်ချင်ပါသေးတယ်

မင်းပျော်စံဖို့
ညအမှောင်သမ်းချိန်
လရောင်ဆမ်းတဲ့ ဆိုနာတာ
တာရီဂါကြယ်စံရာ
အယ်လ်ဟမ်ဘရာ နန်းရင်ပြင်ထက်
ပန်းသဘင်တင်ဆက် ...
ပျိုးပြက်ရီလဲ့ပျော်ရွှင်
မိုးဇက် သီတဲ့မှော်ဝင်ပုလွေသံနဲ့
ကန်နရီအက ကိုတင်ဆက်ကာ
လက်ဖြာ .. ပြာမှိုင်း တဲ့
စကြာဝဠာတံတိုင်းမှာ
သမိုင်းမော်ကွန်းထိုးပေးခဲ့ချင်ပါရဲ့ကွယ်

(၅)

သွားတော့မယ် ညီမလေးရေ ...
ပန်းအိမ်လှေအတွက်တော့
လွမ်းတိမ်တွေယှက်သမ်းလို့
နေတခြမ်းကို
အသေထမ်းထားရတဲ့ ဧည့်သည်ဆိုတာ
တကယ့်တကယ်တော့
အပါယ်နတ်ဆိုးတွေအိမ်ရာထက်က
ကျိန်စာနက်ပုရပိုဒ်တချပ်ပါ။

နေတကောင်ရဲ့ကျင့်စဉ်မှတ်တမ်း
ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာ
ကြယ်စင်ညှာရဲ့ပန်းသရဖူကို
နန်းဇမ္ဗူရင်ပြင်ထက်
ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့် မပါလို့
လွင်ပြင်နက်ဆိုးထောင့် အောက်အဆင့်မှာ
အရာရာကို ထောက်ချင့်တွေး
တိတ်တိတ်လေး ငေးနေပါတော့မယ်။

နွေအိုလမ်းမှာ
လေညိုသွမ်းချိန်
နေကိုထမ်းရင်း
အလွမ်းတတင်းကိုပျိုး
အနွမ်းသီချင်းကိုနှိုး
ပိုးကြိုးလေးတွေဆင်
အဝေးမြေပြင်မှာ
ကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေပါ့မယ်

(၆)

ညီမလေးရေ ..
ဝေးမြေကနေ လွမ်းဆဲ
ဝမ်းနည်းစရာ
လွမ်းသည်းညှာရယ် ...
လမ်းခွဲဟာ ငိုစရာလား

နွေရဲ့အလွန် မိုးစွေသွန်ရင်
သရဝဏ်ခတ္တာ ပုန်းညက်ဝါတို့
ပွင့်ကာတသွယ် စပယ်လေးတွေသီရင်းပဲဖြစ်ဖြစ် ...

မိုးမှုန်အပြေး ဆောင်းနှင်းသွေးရင်
မြတ်လေးတော်ဝင် သဇင်တွေပန်ရင်းပဲဖြစ်ဖြစ် ...

နှင်းစက်အပြေး နွေတေးတမာန်ပြန်အရောက်
ပိတောက်ဝါတို့ စံရာသီမှာပဲဖြစ်ဖြစ် ...

ရာသီမရွေး လွင့်မှေးတိမ်ပေါ်
ငယ်ဖေါ်တွေနဲ့ပျော်ရင်း ..

ညနွေးဝေသီမှာ
လှသွေးရည်တို့နဲ့
အကတေးသီရင်း ..

ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ
ကူးခတ်ပျော်မောရင်းနဲ့ ...

ဘဝမာယာဘုံမှာ
ခဏတာလာဆုံရတဲ့
အမှုန်လေးတမှုန်ဟာ
တုန် .. ခါ .. ဖျော့ ... သွေ့ .. ဝါး
မင်းလေ .. ကိုယ့်ကို မေ့သွားမှာပါ

(၇)

ညီမလေးရေ ...
မင်းအရိပ်လေး မပျောက်ဆုံးသွားခင်
နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..

ညခင်းနက်ပြာ
ခဏချဉ်းလျက်မှာပင်
လမင်းလက်ဖြာဝေပါစေ ...

လအထွက်မှာ
မြရွက်ပဝါနဲ့
ညစက်ရာမှာ
ကောင်းစွာမှေးပျော်နိုင်သောသူ ဖြစ်ပါစေ ...

စည်ညင်းတို့၏သံသာဖြင့်
မိုးသောက်ယံအင်ခါမှာလည်း
ညင်သာစွာနိုးထနိုင်ပါစေ ...

ဖြစ်လေရာ 'ခဏ' တိုင်းမှာလည်း
ဘဝသမိုင်းကောင်းသူဖြစ်ပါစေ ....

ညီ မ လေး ခ ရမ်း ပြာ ရေ ...

Read More...

ခရမ်းပြာသို့



(က)

ညီမလေးရေ ...
အချစ်ဆိုတာ
ဘဝမှာ
ခမ်းနားသောအစိတ်အပိုင်းရော
လွမ်းခါးသော အတိတ်သမိုင်းရော
ဖြစ်ခဲ့ဖူးတယ်။

တရံတခါ ...
ပန်းတွေပွင့်တဲ့ဥယျာဉ်သာဖြစ်သလို
နွမ်းနေရင့်တဲ့ဆူးပြင်မှာနစ်ခဲ့ဘူးတယ်

မကြာမကြာ အိပ်မက်ပန်းလှေဖြစ်
တစ်ခါတစ်ခါ တိမ်ယက္ကန်းတွေဖြစ်နဲ့
မသာမယာ စိတ်လက်နွမ်းကြေရစ်တတ်သေးရဲ့။

(ခ)

ညီမလေးရေ ...
အချစ်ဆိုတာ
တခါတလေ
ကဗျာတွေဖြစ်ပြီး
တာရှည်ရစ်တော့
ဗျာပွေနစ်တတ်သတဲ့။

တချို့ကလည်း သနားလို့ချစ်
တချို့ကတော့ ကစားဖို့ချစ်
တချို့ကလည်း သင်္ချာတွက်လို့ချစ်
တချို့ကတော့ ရင်မှာဝှက်လို့ချစ်
တချို့ကလည်း သဘာဝကြောင့်ချစ်
တချို့ကတော့ ပကာသနကြောင့်ချစ်
တချို့ကလည်း ပေးဆပ်လို့ချစ်
တချို့ကတော့ ဈေးဖြတ်လို့ချစ်
တချို့ကလည်း ကိုးကွယ်ကာချစ်
တချို့ကတော့ ညှိုးငယ်စွာချစ်
တချို့ကလည်း ဘဝအဖေါ်အဖြစ်ချစ်
တချို့ကတော့ ခဏအပျော်အဖြစ်ချစ်
ချစ်ရာကနစ်၊ ဖြစ်ကာမှဖြစ်ရော
မချစ်ဘဲမနေနိုင်သူတွေကတော့
အချစ်ဝဲဗွေလှိုင်မှာ
အမြဲအခြေယိုင်နေကြဦးမှာပါဘဲ။

(ဂ)

ညီမလေးရေ ...
အချစ်ကို
လူတချို့က အသက်နဲ့
လူတချို့က အရက်နဲ့
လူတချို့က မာနနဲ့
လူတချို့က စာဂနဲ့
လူတချို့က ပညာနဲ့
လူတချို့က မင်္ဂလာနဲ့
လူတချို့က ဘဝနဲ့
လူတချို့က အလှနဲ့
အလဲအထပ် လုပ်တတ်ကြလေရဲ့
အမြဲမပြတ် အတွေးရောင်စုံနဲ့
သွေးဆောင်တဲ့ဘုံ ပေါ့ကွယ်

(ဃ)

ညီမလေးရေ ...
အချစ်သဘာဝကို
ပမာပြဖို့ သာဓကများစွာရှိသတဲ့။

ပေးဆက်ရခြင်း
ထွေးဖက်ရခြင်း
ပြိုင်ဆိုင်ရခြင်း
ပိုင်နိုင်ရခြင်း
အသပြာမက်ကြခြင်း
ယမကာဖက်ကြခြင်း
ဝမ်းသာကြည်နူးရခြင်း
လွမ်းကဗျာသီကျူးရခြင်းတွေဟာ

နေထန်တပေါင်းနွေမှာ ...
ဟေမာန်ဆောင်းလေမှာ ...
ဝေသန်နှောင်းရေမှာ ...
နေရာမရွေး
ခြေရာလေးတွေထင်နေရဲ့။

(င)

ညီမလေးရေ ...
ပြာရီတဲ့အချစ်ကို
ကဗျာသီဖွဲ့လှစ်ဆိုရင်
ဟစ်ငိုစရာလည်း ရှိ
အနှစ်ချိုသကာလည်းအတိပေါ့။

စိတ်ရိုင်းပွေတဲ့အခါပွေ
အရိပ်မှိုင်းဝေတဲ့အခါလည်းဝေနေရဲ့။

သွန်ကာလည်းချစ်ကြ
နွံမှာလည်းနစ်ကြရင်း
ချစ်ပွဲဝင်ဖို့ စစ်ပွဲဆင်ကြရာက
အသာရသွားတဲ့ ရာမ ရဲ့ ဘုန်း
ပြာကျသွားတဲ့ ရာဝဏ္ဏ ရဲ့ နှလုံး
ကဗျာညမှာ ဘယ်သူမှမရှုံးပါဘူးကွယ်

(စ)

ညီမလေးရေ ...
အကျင့်သိက္ခာ နဲ့ မာနဟာ
ချစ်လိပ်ပြာရဲ့ဈာပနပါဘဲကွယ်

သိက္ခာတရားရဲ့ သစ်ရိပ်မှာခိုမှေးဖို့
စိတ်မှာနားတဲ့ ချစ်လိပ်ပြာကိုစတေးလို့
သွေးစို့နေတဲ့မာနတရားကိုကိုင်ဆွဲရင်း
ကိုယ်တိုင်ပဲဈာပနပို့လိုက်ခဲ့ရတယ်လေ

အရာကျသွားတဲ့ ရာဇ
ကာလရထားရဲ့ သဘာဝကို
မကြာခဏကြားဖူးခဲ့တဲ့
တရားထူးနဲ့အဖြေလည်းဖွေရှာပေမယ့်
ဝေဒနာကဲတာ
နွေတရာထဲမှာပါဘဲလေ။

(ဆ)

ညီမလေးရေ ...
အချစ်ကြောင့်
သောကထွေပြားရတယ်
ဒေါသတွေပွားကြတယ်
မောလျရှည်လျားသောညနက်ခင်းမှာ
သက်ပြင်းမောအခါခါရှိုက်နှောလို့
ပျက်ယွင်းသော သာယာလှိုက်မောဘဝကို
နက်စင်းသောမာယာအမြိုက်တောထဲက
မိုက်သော သူတစ်ယောက် တမ်းတဖွေရှာရင်း
နွမ်းလျနေကာ ...
လွမ်းညရှည်ကြာ တာမျိုးလဲရှိရဲ့။

(ဇ)

ညီမလေးရေ ...
အခုတော့လဲ
အိပ်မက်ရွာအိုမှာ
မှိတ်စက်ကာခိုလို့
ကဗျာပျိုတွေ ဝေနေအောင်စိုက်
တေလေမှောင်မိုက်မှာ တမ်းတ
အလွမ်းညရင်ခွင်ထက်မှာ
လွင်ပြင်နက် ထောင့်ကွယ်ကနေ
ကြယ်စင်ဖြူကို လွမ်းတသူဟာ
အန္ဓလူဘဲကွယ့်
ဘယ်သူများဖြစ်မလဲ
ဆင့်ကဲတွေးမိပြန်တော့
ကြည့်မှန်တချပ်လဲ
ဖျတ်ကနဲ ကွဲအက်ရှ
ဘဝ ဆိုတာ
အလှမ်းကွာဆဲ
လမ်းမှာဘဲနေရင်း
မတမ်းသာလဲ
လွမ်းစရာဘဲလား
မှန်းကာသီဆတွေးပါဦး
နှုတ်ခမ်းလွှာနီမြထွေးနဲ့
ခရမ်းပြာညီမလေးရယ် ....

စာပန်းချီ (Online) မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၂) ၂၀၀၈ ဖေဖေါ်ဝါရီလ ထုတ် ကဗျာရှည်ကဏ္ဍမှာ ဖေါ်ပြခဲ့တဲ့ ကဗျာပါ ...

ရင်နှင့်အမျှပါပဲခင်ဗျာ

Read More...

မြင်လှည့်ပါ ခရမ်းပြာ

ရင်ထဲမှာ အမြဲလွမ်းလို့၊
အသဲနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊
ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊
ညာရက်လေ သဲမြညှာသက်။

ဝေတခက် ခြွေရက်လေတယ်၊
ကြွေရွက်တွေ မြေသက်၊
ပွေခက်မပြေ အခြေပျက်လို့၊
နေထက်မကပူကာ၊
နွေရက်ညဘဝင်ဆူအောင်၊
ကြင်သူရယ် နေရက်နိုင်တာ။

စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊
စိမ်း၍သာ နေစေအုန်း၊
ရေမြေဆုံး ချစ်ကြင်လျက်သာ၊
ပြစ်မမြင်ရက်ပါ၊
ရင်ထက်က လွမ်းကဗျာကို၊
ခရမ်းပြာ မြင်လှည့်ပါလေး။ ။

တေးထပ်ဖြစ်ပါတယ်။

Read More...

ခရမ်းပြာဝိုင် (၈)

လတပေါင်း၊
မြနှောင်းရွက် ညှာတံကြွေနဲ့၊
ခါယံနွေရည်။

မိန်ရက်နွေ ရွှေရည်ကြောမှာ၊
အိပ်မက်ကြွေ ဝေသီမျောလို့၊
နေခြည်မောရီ။

အနွမ်းရာသီကဝေးစေဖို့၊
ခရမ်းပြာညီမလေးရေ၊
သီလျတေးဖွဲ့ကာချီမယ်၊
လဲ့ပြာရီနွေး။

အလှမ်းကွာ၊
လွမ်းကဗျာတေးအရိပ်မှာ
ခရမ်းပြာတမှေးအိပ်ကွယ်၊
ထွေးသိပ်မယ်လေး။ ။

လေးဆစ် လေးပါ။

Read More...

ခရမ်းပြာဝိုင် (၇)

ရွက်ကြွေညမှာ
မျက်ရည်စနဲ့သာနေမယ်ခင်။

လရောင်လိမ်းကျံ၊
တိမ်လွှာကို ပန်ဆင်ရင်း၊
ပါးပြင်ယံ မွှေးမြဖြူလို့၊
ဘဝမြူ ကင်းစင်ပကာ၊
နှင်းလွင်ညကဗျာသွင်နှယ်၊
ဆင်းသွင်မြပဝါဆင်စေ၊
ကလျာခင်ချစ်သွေး။

မနမ်းသာ ဝေစွင့်လန်းတဲ့၊
ခရမ်းပြာ မေပွင့်ပန်းကို၊
မမြန်းသာ ခြွေလင့်မလှမ်းနိုင်ဘု၊
နေသင့်ပန်းလို နွမ်းပျက်ကြွေကာ၊
တမ်းရက်ရှည် လေနီမွှေ့တော့၊
လွမ်းမျက်ရည် ဝေသီဝေ့ပြီကွယ့်၊
ကြွေပြီလေ့ ရည်မြသွေးနဲ့၊
နေခြည်မေ့ဆီကဝေးပေါ့၊
သီလျဆွေး အလွမ်းဖြာလို့၊
ညီမလေး ခရမ်းပြာရယ် ...
လွမ်းကဗျာရေး။ ။

တြိချိုးပုံစံရေးထားတာပါ။ ဒုတိယအချိုး (အခံချိုး) ကတော့ ရှည်သွားတယ်ဗျ။ တတိယအချိုး (အအုပ်ချိုး) မှာလည်း တွန့်ပိုဒ်တွေတော့ များသွားပါတယ်။ ဒါပေမယ့် အဲဒီလိုရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်တာပါ။ ရှည်ရန်ကော ရယ်လို့ အပြစ်တင်ကြရင်လည်း ခံပါ့မယ် ခင်ဗျာ ..

Read More...

ခရမ်းပြာဝိုင် (၆)

နွေပန်းချီ ခြေရာဖွဲ့လို့၊
လေပွေသီ ဝေကာလှည့်ချိန်၊
ဖြေရာမဲ့ အဝေးကိုရွယ်၊
ဝေဒနာဖွဲ့တေးဆိုမယ်။

နှုတ်အပြောချို တမ်းဝေးပြန်တဲ့၊
ဥသြပျိုလွမ်းတေးသံက
နွမ်းဆွေးဟန် အရောက်လာမယ့်၊
ပိတောက်ဝါ အပြေးလာခဲ့ချိန်ပေါ့၊
တစ်ယောက်သာ တေးကဗျာဖွဲ့ပါလို့၊
အတွေးမှာနွဲ့သီလာသူရေ ... ၊
အဆွေးကမ္ဘာနဲ့ချီကာရယ်၊
ဝေးကွာခဲ့တယ်။

စဉ်အမြဲမကွာ၊
ရင်ထဲမှာ သူသာရှိပါလို့၊
ပြင်သည်းညှာ ပူပါဘိလေရဲ့၊
လူတကာမသိ ဖွင့်မပြောသာတော့၊
တင့်မောစွာနေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။

မလှမ်းသာ၊
ခရမ်းပြာဝိုင်တစ်ခွက်ကိုဖြင့်၊
အနွမ်းဗျာဆိုင်လက်နဲ့၊
မကိုင်ရက်လို့ ထွက်ခွါဖယ်ကာ၊
သက်လျာရယ် မတမ်းသာဘူး၊
စက်ရာဝယ် အနွမ်းဖြာလို့၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ....
ဒီဘဝဝေး။ ။

ခရမ်းပြာဝိုင် (၄) ကိုပဲ လေးချိုးပုံစံပြန်ရေးထားတာပါ။ လေးချိုးလတ်ပေါ့ဗျာ ... တွန့်ပိုဒ်လေးတွေ နည်းနည်း ဖြည့်ထားလိုက်ပါတယ်။ ပုံစံ (၂)မျိုးနဲ့ ရေးကြည့်တာပါ။ ဝေဖန်အကြံပေးကြပါဦး ..



Read More...

ခရမ်းပြာဝိုင် (၅)

စပယ်မြစ်ပေါ်က
နှင်းဆီရွက်လှေငယ်
ချယ်ရီကန္တာရကိုဖြတ်ဖို့ 
သစ်ရွက်ဖိနပ်လေး
မေ့ကျန်ခဲ့သေးသတဲ့ ...။

ခရမ်းပြာရောင်သမ်းလို့
အလွမ်းနဲ့ ဖြည့်ထားတဲ့ဝိုင်ခွက်
သစ်ခွပွင့်ပေါ်
အိပ်ပျော်ကာနေလေရဲ့
ညီမလေးရေ ....
ဘာပဲဖြစ်ဖြစ်
နှစ်ချို့အောင် သိမ်းထားလိုက်ပါ့မယ်။

ကန်ရေပြင်အမှောင်ည
ကွဲအက်ရှတဲ့ လရောင်ခြည်လို
မပီဝိုးဝါး နီးဝေးခါးသီးစိမ်းမြ
ရာမယန သမင်လိုက်ခန်း
လွမ်းလိုက်တာကွယ်။

ဆဟာရမှာ
ပျပျလေးမြင်နေရတဲ့
သက်တန့်ရဲ့အဆုံး
ကိုယ်သွားရှာဦးမယ်
လိုက်ခွင့်ကြုံရင်တောင်
မခေါ်ရက်ပါဘူး ကလေးရယ်
ကန္တာရမှာ ...
ကော်ဖီဆိုင်မရှိ
ဝိုင်မရှိ ..
နှင်းဆီမရှိ ..
... ... မရှိ၊ ... ... ... မရှိ။

နှင်းဆီရိုးတွေအပြည့်နဲ့
ငရဲပြည်က ရွာချတဲ့မိုးရေ ...
ခါးနေသလိုလို
သကြားတွေချိုချိုနဲ့
ငိုလို့လဲမရ
အမှတ်တရဆိုတာ
တရံတခါမှာ
အနာရွတ်ဟောင်းတစ်ခုလို
ပြန်ပြောင်းမြင်ရင်
နာကျင်စေတတ်လွန်းလို့
ငါ ...
ဘာကိုမှ
သိမ်းမထားချင်တော့ဘူး။

အခုတော့လဲ
အားလုံး အကုန်လွှင့်ပစ်လိုက်ကာမှ
မင်းပုံရိပ်လေးတစ်စ
ရင်ထဲမှာ မှိန်မှိန်လေး လာကျန်နေသေးတယ်။

ပြန်လာခဲ့ရင်တော့
ကန္တာရမှာ ....
မိုးရွာရင်
ခရမ်းပြာပန်းတခင်းဖြစ်တယ်ဆိုတာ
ကိုယ် မင်းကိုပြောပြနိုင်ပါလိမ့်မယ်
အလွန်ဆုံးရှိလှ
တစ်ထောင့်တစ်ညပေါ့ ..
ညီမလေးခရမ်းပြာရယ် ... ... ။

Read More...