Saturday 7 March 2009

ခရမ်းပြာဒဏ္ဍာရီ

ငိုချင်းဖွဲ့ ပြန်ကာသီတမ်းတဲ့၊
ဒဏ္ဍာရီ အလွမ်းပါ၊
ခရမ်းပြာရယ်။

သူမေ့စေတော့၊
တွေ့နေရင် ဝေဒနာပိုရုံပဲ၊
မရေရာ ပုံပြင်အိုကိုလည်း၊
ယုံချင်တောင် မဆက်ရဲပါဘူး၊
လက်တွဲကာ မခေါ်သာသူမို့၊
တော်ရာမှာ နေကာပေါ့၊
ဖြေရာမလွယ်။


တိမ်းဖယ်ခွာတတ်သူမဟုတ်ပေမယ့်၊
စိမ်းတယ်သာမှတ်ယူပါတော့၊
မပြတ်ပူလောင် ရင်မှာညည်းနေလည်း၊
စည်းတွေကို အကျော်ခက်သူမို့၊
မခေါ်ရက်တာ မေမသိပါကွယ်၊
ပဟေဠိနယ် မြစ်နက်ထဲက၊
အဖြေမရှိတယ် ချစ်ဂယက်ဝဲ။

သံယောဇဉ်တဖက်ကမ်းမှာပဲ၊
တသက်လွမ်းကာနေမှာပေါ့၊
လက်တကမ်းမှာ မနေသာသူမို့၊
ဝေဒနာအပူ ရင်မှာသိမ်းကာကွယ်၊
တမင်တကာတိမ်းခွာရှောင်လို့၊
စိမ်းပါသယောင် မျက်နှာလွှဲကာ၊
ဆက်ကာပဲ သွားနေရပေမယ့်၊
နွေညရှည် အိပ်မက်လမ်းမှာလေ၊
လွမ်းတာတွေ ထိန်းလို့မရပါဘူး၊
ခရမ်းပြာရေ ... (တကယ်တော့)
စိမ်းလို့မှမဟုတ်ဘဲ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

6 comments:

လင်းဒီပ said...

လေးချိုးပုံစံ အချစ်ကဗျာ ချိုလေး..ကောင်းတယ်ဗျ..

ပဟေဠိနယ် မြစ်နက်ထဲက၊
အဖြေမရှိတယ် ချစ်ဂယက်ဝဲ။

ပျော်ရွှင်ပါစေဗျာ..

Anonymous said...

စိမ်းပါသယောင် မျက်နှာလွှဲကာ၊
... ... ...
စိမ်းလို့မှမဟုတ်ဘဲ။


(ခရမ်းပြာ ဆိုတာ အပြာများများကို အနီတစွန်းတစနဲ့ ဖွဲ့စည်းထားတယ်လို့ ခံစားသွားပါတယ်။)

အလွမ်းဆိုတာ မချိုပေမဲ့၊ ချဉ်လည်းမချဉ် ခါးလည်း မခါးတဲ့ အရသာကို ပေးစွမ်းတဲ့ ကဗျာလေး အတွက် ကျေးဇူးပါ။

Dr. Yi Yi Win said...

ခရမ်းပြာကဗျာတွေမဖတ်ရတာတောင်ကြာနေပြီ။ ခရမ်းပြာကိုအတော်စွဲခဲ့ပုံရတယ်နော်။ ကိုဟယ်ရီရဲ့ ကဗျာတွေလာလာဖတ်မိရင်းနဲ့ ကျွန်မတောင်ရောပြီး ခရမ်းပြာကို ခရေဇီဖြစ်မိတယ်။

springangel said...

ဒီအကြောင်းအရာလေးကအသိပညာရပါတယ်။
တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
မြန်မာမှန်ရင်မြန်မာတို့ရဲ့ခေါင်းဆောင်ကြီးကိုတော့
သိသင့်တာပေါ့။

ဇွဲ said...

အကိုရေ၊
အရေးအဖွဲ့ကိုတော့ မြင်းထိန်းငတာ မို့လို့ ယောအတွင်းဝန် အကို့ ကို မချီးမွမ်းရဲပါ။
ခံစားချက်နဲ့ ထပ်တူကျလွန်းလို့ ငိုင် သွားတဲ့အထိပါပဲ။
ရင်ထဲမကောင်းဘူး အကိုရေ။
ထိ တယ်။

Harry said...

ကျေးဇူးပါ ဇွဲရေ ...
ယောအတွင်းဝန်ကြီးလို ပညာရှိကြီးနဲ့တော့ မနှိုင်းပါနဲ့ ညီလေးရယ် ... ဇီးစေ့နဲ့မြင့်မိုရ်တောင်လောက် ကွာဟပါရဲ့
ရင်ဘတ်ချင်း ညီ သွားတဲ့အခါတော့ ဒီလိုပဲ ခံစားမိကြတာပါပဲညီလေး