Thursday 27 December 2012

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)


ရတု


(၂) အမျိုးအစားအားဖြင့်

"ရတု" ဆိုတဲ့ အမည်အကြောင်း ပြောပြီးတဲ့နောက်မှာ ရတုအမျိုးအစားတွေကို ဆက်ပြောပါမယ်။ ရတုဟာ ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့ မတူဘဲ စည်းကမ်းကြီးတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရှေးစာဆိုတို့ဟာ စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြပါတယ်။
ရတုအမျိုးအစားတွေကို ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေအထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အပိုဒ်ရေအရ ခွဲခြားပြီးပြောပါတယ်။

ဒီလိုခွဲခြားတဲ့အခါ ...
‎(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
‎(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
‎(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။ နောက်ပိုင်းမှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...

(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး ထပ်ခွဲပါတယ်။

အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရဟာ ရတုပုံ ပုံဆန်းပုံသစ်ကို အထွင်နိုင်တော်မူဆုံး စာဆိုကြီးပဲ ဖြစ်ပါတယ်။ ပိုးတောင့်တဲကလေးတွေ လမ်းလျှောက်သလို ခြေလှမ်းကြဲချည် စိပ်ချည်နဲ့ အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ်ဖွဲ့ ဆိုရတဲ့ ရတုကို တောင့်တဲတွန့်ရတု ဆိုပြီး အမည်တွင်သ ခဲ့ပါတယ်။ ကမ္ဘာကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ wiggle walk ကို သတိရချင်စရာပါပဲ။
ဆရာတော်ဟာ ဒီနည်းကို ‘ဝဏ္ဏပဘာ’ချီ တောင့်တဲတွန့်ရတုမှာ ‘ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား’ စသည်ဖြင့် စပ်ဆိုထားပါတယ်။ (မူကွဲအနေနဲ့ သုဝဏ်ပဘာ၊ ရွှေကြာပွင့်ဖူးသစ် ... ဆိုပြီးလည်း တွေ့ဖူးပါတယ်)

တခြားစပ်ဆိုနည်း အဆန်းတွေကတော့ ကြာဝတ်ဆံတိုင် တစ်ခုတည်းကနေ ပွင့်ချပ်တွေ ဖြာထွက်လာတဲ့ ပဒုမ္မာကြာပန်း ပုံသဏ္ဌာန်မျိုး ဖွဲ့ဆိုတဲ့ ပဒုမ္မာကြာဆိုနည်း ရတု ဆိုပြီးလည်း ထွင်ဆိုတော်မူခဲ့ပါသေးတယ်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတုမှာ -

ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊
ငါးဖြာမြွာလျှက်၊ တစ်ပင်နက်တွင်၊
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် ‘ငါး’ ဆိုတဲ့ စကားတစ်လုံးတည်းကို ကြာဝတ်ဆံတိုင်လို ဗဟိုပြုပြီး ပဒုမ္မာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့ပါတယ်။ (ယန္တရားစကြာလည် ရတုလို့လည်း ခေါ်ပါတယ်)
ဒါ့အပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတု ဆိုပြီးတော့လည်း အမည်မှည့်လို့ တီထွင်စပ်ဆိုခဲ့ပုံကို ...
မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား ... စတဲ့ ဧကပိုဒ် ရတုမှာ ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာမညီတဲ့ အပိုဒ်တစ်တန်း ဆစ်ပြီး ဖွဲ့ထားကြောင်း တွေ့ရပါတယ်။

ဒီနည်း နှစ်နည်းကိုတော့ ကျနော် လင်္ကာ အခန်းမှာ ရေးသားခဲ့ပြီး ဖြစ်တာမို့ ဒီမှာ အကျယ် မဖော်ပြတော့ပါဘူး။ မြန်မာကဗျာ ဆိုတာ ဂျို(ချို)နဲ့လား (၇) - လင်္ကာ (http://harrylwin.blogspot.com/2008/09/blog-post_03.html) အခန်းမှာ အကျယ် ပြန်ဖတ် ကြည့်နိုင်ပါတယ်။

တခြားစပ်ဆိုနည်း အဆန်းရတုတွေကတော့ ...
‘ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား’ ဟူသော အက္ခရာတစ်လုံးတည်းကို အပိုဒ်တိုင်းတွင် ရွဲသီသလိုသုံးပြီး ရေးတဲ့ မုတ္တာရွဲသီရတုတွေလည်းရှိတဲ့အပြင် နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆိုနည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စတဲ့ စာဆိုနည်းတွေနဲ့ စပ်ဆိုထားကြတဲ့ ရတုတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လင်္ကာစာရင်းထဲလည်း ထည့်လို့ရပါတယ်။ များသောအားဖြင့် တပိုဒ်တည်းသာ ရေးကြတာမို့ (ဧကပိုဒ် ရတု) အဖြစ် ယူဆ ကြတာ ဖြစ်ပါတယ်။ မုတ္တာရွဲသီရေးနည်းကတော့ ပဒုမ္မာကြာဆိုနည်းနဲ့ ဆင်ပေမဲ့ ပဒုမ္မာကြာဆိုနည်းမှာလို “စာလုံးတလုံးတည်း” မဟုတ်ဘဲ “အက္ခရာတလုံးတည်း” ကိုသာ သုံးတာဖြစ်ပါတယ်။

ရေးဖွဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရားကနေစပြီး ပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေတင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတဲ့ရတုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီး ပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာမက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတွေအပြင် ရာသီဥတုနဲ့ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတောရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့ တောလားရတု၊ ရေလားရတု စတာတွေအပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊ အလိုက်ရတု၊ သျှိုးလိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် အတိအကျသတ်မှတ်လို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။

အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဖော်ပြပါမယ်။

(၃) ပိုဒ်ရေအားဖြင့်

တကယ်တော့ ရတုဟာ လင်္ကာကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲ့ဖြစ်ပေမဲ့ လင်္ကာလို မဟုတ်ဘဲ ဖွဲ့ဆိုရာမှာ စည်းစံနစ် ရှိပါတယ်။ လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖွဲ့နိုင်သလို အဖျားချမှာလည်း စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာ တော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ် ဘယ်လောက်ထက်သန်တဲ့ သူပဲဖြစ်စေ၊ ရတုကို အပိုဒ်ကြီးသုံးပိုဒ်ထက် ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်း များသောအားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေသုံးပိုဒ်မက အများကြီးဖွဲ့ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအဝင် ပဒ (အပိုဒ်ငယ်) အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အထိ ‎ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။ အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေ အများဆုံး ၃၅-လုံးအထိ အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန် နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

စိတ်ဝင်တစား ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

Read More...

Thursday 20 December 2012

ခရမ်းပြာနှင်းဆီ

ခရမ်းပြာနှင်းဆီ


သမုဒယနွယ် တွယ်ကာယှက်လေသမျှ
အယုအယနယ် ဖယ်ခွာခက်ပါရဲ့၊
တကယ်ပါ သက်ဝေ။

ဝေဒနာနွေ အစဉ်ဝေသစ်လေသလား၊
ခြေရာတွေ ထင်စေရစ်သူရဲ့၊
သခင်နေရစ်လေ။

အတွေ့ခက်ပေ၊
နေ့ရက်တွေရှည်လျား။

သောကရင်မှာ၊
ပြောပြချင် သူမြင်မှာလား၊
ပူပင်တာ အကုန်အစင်ပြချင်ရဲ့၊
ယုံချင်မှ ယုံပါမေရယ်၊
ဆုံလာပေ ဘဝလမ်းမှာဖြင့်၊
မနမ်းသာ သင်းရီစွင့်လေတဲ့၊
ခရမ်းပြာ နှင်းဆီတပွင့်ရယ် ...
ထည်ဝင့်လေအား။ ။



မရေးဖြစ်တာကြာပြီဖြစ်တဲ့ ခရမ်းပြာဝိုင်ကို ဆက်ရေးလိုက်ပါတယ် ... အစဉ်တစိုက်ဖတ်ရှုခံစားအားပေးသူအားလုံးကို ကျေးဇူးအထူးပါခင်ဗျာ

ဟယ်ရီလွင်

Read More...

Saturday 8 December 2012

တဖန်ပြန်၍ ...

တဖန်ပြန်၍ ...

အိပ်မက်များပင်၊
မမက်ချင်ပါ၊
နိုးလျှင်ခံစားရလွန်း၍။ ။

ဟယ်ရီလွင်

Read More...

Friday 30 November 2012

ခွေး-၂

ခွေး-၂

ခွေးထက်ယုတ်မာ
ခွေးမိစ္ဆာသို့
ခွေးနာလောက်ကိုက်
ခွေးစရိုက်နှင့်
ခွေးမိုက်ခွေးမဲ
ခွေးထက်ကဲသည့်
ခွေးဝဲစားရုပ်
ခွေးတအုပ်သည်
ခွေးလုပ်လို့ပျော်
ခွေးခေါ်မရှက်
ခွေးထက်ရိုင်းစိုင်း
ခွေးနှင့်နှိုင်းသော်
ခွေးတိုင်းကန့်ကွက်ကြလေ၏။ ။

ပထမကဗျာအောက်မှာ ကမ္ဘာ့ဖျာ ပေးသွားတဲ့ Comment လေး သဘောကျလို့ထပ်ချဲ့လိုက်ပါတယ် ... ခွေးထက်မိုက်သူများ ကြားသိကြစေကုန်သောဝ် ...

ဟယ်ရီလွင်

Read More...

Thursday 29 November 2012

ခွေး

ခွေး

ခွေးထက်လူရိုင်း၊
ခွေးနှင့်နှိုင်းလျှင်၊
ခွေးတိုင်းကန့်ကွက်ကြပေမည်။ ။


ခွေးထက်ပို၍ရိုင်းစိုင်းယုတ်မာကြသူများသို့ ...

ဟယ်ရီလွင်

Read More...

Wednesday 28 November 2012

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

သီဟိုဠ်ပြန်ဘုန်းကြီး ဦးဉာဏဝံသ (နှုတ်ခမ်းမွှေး ဦးဉာဏဝံသ လို့ နောက်ပိုင်း လူသိများပါတယ်) က ထူးရင်ထူးမှ ရူးရင်လည်း ရူးမှ ကျော်ကြားမယ်၊ မြန်မာပြည် ပြန်ရောက်ရင် အထူးနာမည်ကျော်အောင် အထူးအဆန်း တခုခုတော့ လုပ်ပြရတော့မယ် ဆိုပြီးသီဟိုဠ်မှာ ပညာသင်နေတုန်း ခဏခဏ ပြောပါတယ်တဲ့ ... မြန်မာပြည်ပြန်ရောက်တော့ လုပ်ချလိုက်ပုံက ဘုရားအလောင်းတော်ဟာ တောထွက်စဉ်က (ကေသ မဿုံ) ဆံပင်နဲ့ မုတ်ဆိတ်မွှေးကိုသာ ပယ်တယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ပိဋကတ်စာပေ ကျမ်းဂန်တွေမှာ တိုက်ရိုက်မလာတာကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ခမ်းမွှေးတော်နှင့် ခံ့ခံ့ညားညား သပ်သပ်ပယ်ပယ် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါတယ် ဆိုပြီး ဘုရားဆင်းတုတော်တွေ ပန်းချီပုံတွေမှာ နှုတ်ခမ်းမွှေးတပ်ကြဖို့ တရားလှည့်ဟောရုံမက ဓနုဖြူက ကျိုက်ကလွန်ပွန်းစေတီတော်ရဲ့ တန်ဆောင်းထဲက ရုပ်ထုတော်တဆူကို နှုတ်ခမ်းမွှေးတွေ တပ်ပြီး "နှုတ်ခမ်းမွှေးဂိုဏ်း" ကိုတောင် ထောင်လိုက်ပါသတဲ့ ....

ဒါကို မန်လည်ဆရာတော်ကြီး ကြားတော့ အောက်က ဒွေးဆစ်သဖြန်လေး စပ်ပြီး ဆော်လိုက်တော့မှ ငြိမ်သွားပါသတဲ့ ...

လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။

စဉ် ရှေး ... ဟို၊
ဖင်မွေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို၊
ကျမ်းပြပါအုံး။ ။


မန်လည်ဆရာတော်ကြီးက အဲဒီလို ထိထိမိမိနဲ့ ခပ်စပ်စပ်လေး ရေးတဲ့နေရာမှာ တကယ့်ကို ပါရဂူပါပဲ ... ဒါကြောင့်လည်း ကဗျာ့ပါရဂူ လို့ သတ်မှတ်ကြတာပါ ...

ဟယ်ရီလွင်

Read More...

Tuesday 27 November 2012

လထစ်နာစွဲ

လထစ်နာစွဲ

မန်လည်ဆရာတော်ဘုရားကြီးသည်၊ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေဘိ၊ ငါ့ဝန်ရှိခဲ့” ဆိုသော ဖြောင့်မှန်လှသော ရှေးသူတော်ကောင်း သူမြတ်လောင်း ပညာရှိကြီးများ ထုံးစံတန်ထွာ ဓမ္မတာ ရှိတော်မူကြသည့်အတိုင်း နုသင့်သည့်အခါ အလွန်နူးညံ့သိမ်မွေ့လျက် ကြမ်းသင့်သည့်အခါ အလွန်ကြမ်းတမ်းလှစွာ စကားလုံး ပြောင်ပြောင် ကလောင် ထက်ထက်နှင့် ခေါင်ထိလောက်အောင်, ဘီလူးရုပ်ကြီးပေါ်လာမယောင်, ထင်ပေါ်လေးနက်လှစွာ ကဗျာလင်္ကာများကို နောင်လာနောက်သား အမှတ်တရဖြစ်သွားရအောင် စီကုံးစပ်ဆိုတော်မူလေ့ရှိတော်မူသည်ကို အောက်ပါ ကဗျာနှစ်ပုဒ်တို့က ထောက်ခံလျက် ရှိကြတော့၏။

ဤကဗျာများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းမှာ ...

တန်ခွန်တိုင်ရွာတွင် မန်လည်ဝန်မင်းက ကိုးကွယ်ဆည်းကပ်နေသော ဘုန်းတော်ကြီး ဦးဘိုးချိန် ခေါ်သော ဝန်မင်း၏ ဆရာတော်ကြီး တပါး ရှိ၏။ ၄င်းဆရာတော်နှင့် မန်လည်ဆရာတော်ကြီး နှစ်ပါးတို့သည် အလွန်ချစ်ခင်ရင်းနှီးခြင်း ရှိကြ၏။ ၄င်း ဆရာတော်ကြီး ဦးဘိုးချိန်သည် သက်တော် ခြောက်ဆယ်ကျော်မှ သာသနာတော်ဘောင်တွင် မပျော်ပိုက် ငြီးငွေ့ကာ လူဝတ်လဲရှာသဖြင့် သူ၏ ဒကာရင်း မန်လည်မြို့ဝန်မင်းက အိမ်တွင်ထားကာ စောင့်ရှောက် ပြုစုထား၏။
၎င်းလူထွက်ကြီး ဦးဘိုးချိန်သည် ဆရာတော်ဘုရားကြီးနှင့် ခင်မင်ရင်းနှီးလှသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ကျောင်းသို့ နေ့စဉ်နေ့တိုင်းလိုလိုပင် မကြာခဏသွားလာနေလေ့ရှိ၏။ ၄င်းလူပျံတော်ကြီး ဦးဘိုးချိန်သည် ကသာမြို့သို့ လည်း ခဏခဏ သွားရောက်လည်ပတ်လျက် မိန်းမပေါ့ မိန်းမပျက်များနှင့် အလွန်ပျော်ပါးလိုက်စားလေ့ရှိ၏။ ထိုကဲ့သို့ မသန့်စင်သော မိန်းမများနှင့် လိုက်စားဖန်များလှသဖြင့် ရောဂါများရရှိကာ အိပ်ယာမှ မထနိုင် ဖြစ်နေတော့၏။ ထိုအခါ ဆရာတော်ဘုရားကြီးသည် ဦးဘိုးချိန်ကို မတွေ့မမြင်ရတာ နေ့ရက်တွေ အတော်ကြာသွားသဖြင့် “မောင်ဘိုးချိန်ကြီး ကျောင်းသို့မလာသည်မှာ အတော်ကြာသွားပြီ၊ သူ ဘယ်သွားသလဲ? ဘာဖြစ်နေသလဲ?” စသည်ဖြင့် တနေ့သောအခါ မေးမြန်းတော်မူ၏။
ထိုအခါ အနီးအပါးရှိ ရဟန်းတပည့်များက “မောင်ဘိုးချိန် ရောဂါစွဲကပ်ကာ သူ၏အိမ်တွင် အိပ်ယာထဲမှာ လဲလျောင်းနေရ ပါသည် ဘုရား” ဟု လျှောက်ထားကြ၏။ ထိုအခါ ဆရာတော်ဘုရားကြီးက “သူ့မှာ ဘာရောဂါဖြစ်တာလဲ” ဟု မေးတော်မူ သောအခါ ရဟန်းတပည့်များက “သူ့ရောဂါဟာ လူပျိုနာဖြစ်ပါတယ် ဘုရား” ဟု လျှောက်ထားကြ၏။
ဆရာတော်ဘုရားကြီး - လူပျိုနာ ဆိုတာ ဘာလဲ။
တပည့်များ - လူပျိုနာဆိုတာ ကာလသားရောဂါ ဖြစ်ပါတယ်ဘုရား။
ဆရာတော် - ကာလသားရောဂါ ဆိုတာ ဘာလဲ။
တပည့်များ - ကာလသားရောဂါ ဆိုတာ ဖာကျိုးနာပါ ဘုရား
ဆရာတော် - ဖာကျိုးနာဆိုတာ ဘယ်လိုအနာမျိုးလဲ။
တပည့်များ - ဖာကျိုးနာဆိုတာ မိန်းမပေါ့ မိန်းမပျက်များကို လိုက်စားလို့ ရတဲ့အနာပါဘုရား။
ဆရာတော် - မိန်းမပေါ့ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မိန်းမပေါ့ဆိုတာ မကောင်းတဲ့မိန်းမ ဖြစ်ပါတယ် ဘုရား။
ဆရာတော် - မကောင်းတဲ့မိန်းမ ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မကောင်းတဲ့မိန်းမ ဆိုတာ ဖာသည်ကို ဆိုပါတယ် ဘုရား။
ဆရာတော် - ဖာသည်ဆိုတာ ဘာလဲ။
တပည့်များ - ဖာသည်ဆိုတာ အခကြေးငွေ ပိုက်ဆံယူလျက် လူမြင်တိုင်းနှင့် ဆက်ဆံပျော်ပါး သွားလာနေသော ပြည်တန်းဆာ မိန်းမကို ခေါ်ပါတယ် ဘုရား။
ဆရာတော် - သြော် သည်လိုလား! ... ပြည်တန်းဆာမိန်းမများနှင့် သွားလာပျော်ပါး လွန်ကြူးလွန်းအားကြီးလို့ ဘိုးချိန်၏ တန်ဆာမှာ အနာရောဂါ ဖြစ်နေတယ် ဆိုပါတော့၊ ဟုတ်လား? ... သြော် သိပြီ သိပြီ .... ငါနားလည်ပြီ ...
ဟု ပြောဆိုတော်မူလျက် အနီးအနားမှာရှိသော ခဲတံနှင့် စာရွက်ကိုယူ၍ တခဏခြင်း အောက်ပါဒွေးချိုးကလေးကို ရေးစပ်ကာ ပေးလိုက်တော့၏။

တင်းမတိမ်
ဒုလ္လဘပေမို့၊
ဘဝတော်က ဆိုင်သည်၊
ပျော်နိုင်မျှ သည်ပွဲ။

တင်းမတိမ်၊
တွေ့တိုင်းသူစိမ်လို့၊
ဘိုးချိန်လိင်ပြန်သစ်ဟာမို့၊
လထစ်နာစွဲ။ ။

တန်ဆာပုပ် တူးမြှုပ်လိုက်ကြ
ကပ္ပိယ မောင်ဘိုးချိန်လည်း ဤကဲ့သို့သော ကာလသားရောဂါနှင့်ပဲ မသက်မသာ အသည်းအသန် ခံစားရကာ ရက်များ မကြာမီ သေဆုံးသွားရလေတော့၏။
ထိုအခါ တပည့်ရဟန်းများက မောင်ဘိုးချိန် အနိစ္စရောက်ပြီ ဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးအား လျှောက်ထားလေ ရာ ... ဆရာတော်ဘုရားကြီးက ... “သြော် ... ဘိုးချိန်ဟာ သေရိုးသေစဉ်အတိုင်း မသေရ၊ ကသာမှာ အခါခါ လူပျိုလုပ်ကာ အပျော်အပါး ကျူးလွန်လိုက်စားပြီး (ရီး)ပုပ်လို့သေသွားပလား? ... ဖြစ်မှဖြစ်ရလေ! ... ဤကဲ့သို့ တန်ဆာကြွေလို့ သေခဲ့လျှင် ရဟန်းသံဃာအများက ဝိုင်းအုံပြီး တန်ဆာပုပ်ကို တူးမြှုပ်လိုက်ကြပေတော့ကွာ ဟု မိန့်တော်မူပြီးကာ အောက်ပါ လေးဆစ်ကို တမဟုတ်ခြင်းရေးခြစ်ကာ ပေးတော်မူလိုက်လေသတတ်။

ဒစ်ကြွေလို့သေဆုံး
၁။ သေရိုးတဲ့ သူမသေ။
၂။ ကသာမှာ လူပျိုလုပ်တယ် ... (ရီး)ပုပ်လို့သေ။
၃။ ဖြစ်ပလေ၊ ဒစ်ကြွေလို့ သေဆုံး။
၎။ ရဟန်းသံဃာနှင့်၊ ဝိုင်းအုံကာ တန်ဆာပုပ်ကို၊ တူးမြှုပ်ကြအုံး။ ။

(အဘိုးတန် မန်လည်ကဗျာများ ... မှ)

ဟယ်ရီလွင်

Read More...

Friday 12 October 2012

တေးသီငှက်

တေးသီငှက်

မျက်ရည်တစသော်မှ၊
လက်ကြွေမကျပါနှင့် ခင်။

ပင်ပန်းတာ မဆိုထား၊
မရွှင်မလန်းများပင် မမြင်ချင်။

သူမရှိ သူမမြင်၊
ပူပင်တာ သူမသိ။

လမင်းသာ၊
ညခင်းပြာတေးအရိပ်နဲ့၊
တမှေးမှိတ်ကွယ့် သဉ္ဇာလီမှာ၊
ညင်သာရည် တေးသီဆက်ဖို့၊
အသက်ဝင် ငှက်ပင်ဖြစ်ကာပေါ့၊
ထက်တခွင် သံစဉ်များနဲ့၊
ပျံသွားချင်မိ။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Wednesday 3 October 2012

အနာပေါ်တုတ်ကျသွားတယ် ...

ဟိုနေ့က ရေးထားတဲ့ တေးထပ်လေးက Face Book ပေါ်ကမဆိုင်တဲ့သူတယောက်ကို တိုက်ရိုက်တည့်တည့်ကြီးထိသွားတယ် ထင်ပါရဲ့ ... အဲဒါ အနာပေါ်တုတ်ကျပြီး လာတိုက်ခိုက်နေလို့ အိုးမလုံ အုံပွင့်ပြီး မသိသားဆိုးရွားလွန်းတဲ့ငနဲလေးအတွက် လေးချိုးကြီးတပုဒ် ထပ်ရေးလိုက်ပါတယ် ... ဖတ်သာကြည့်ကြပါတော့ ခင်ဗျ ...

အသိပညာ မကြွယ်မပြည့်ရှာတော့၊
ငတိခမျာ တကယ်မသိပါဘဲ၊
ပြည့်တန်ဆာလို ကယောင်ကတမ်းနဲ့၊
အမှောင်ခန်းမှာ ဈေးပေါင်ကျိုးသလိုပ၊
အတွေးကြောင်တမျိုးဆို ခြောင်းမြောင်းကာ၊
ခွေးဟောင်ထိုးသလို စောင်းမြောင်းလာ။

အတွေ့အကြုံ မပြည့်စုံရှာသူမို့၊
စေ့စုံစွာ နင်လေမတတ်ပါဘဲ၊
ဘဝင်လေဟပ်ကာ စေတနာရှင်ယောင်နဲ့၊
တွင်တွင်ကြောင် အကြွားပိုညာလို့၊
စကားဆိုကာ အပြစ်ချည်းမြင်တာက၊
စပျစ်သီးချဉ်တဲ့ မြေခွေးလိုပေါ့၊
အရှည်မတွေးဘဲ ငြင်းချင်တာ၊
မင်းပညာ တထွာတမိုက်ငယ်နဲ့
အတင်းဝင်ကာ ဗလာတိုက်လာတော့၊
မသာအမှိုက်ရယ် သနားတာ။
စွာလိုက်သကွယ် ဟားစရာ။

အရှက်မဝင်၊
မျက်မမြင် ဆင်စမ်းသလိုပေါ့၊
မမြင်မကန်းရယ်နဲ့ မင့်ခမျာ၊
ဆင့်အဝှာ စမ်းကာမိရင်ဖြင့်၊
ပရမ်းပတာအသိနဲ့ ဘဝင်ပိုကာ၊
ဆင်ဆိုတာ ငှက်ပျောသီးပါလို့၊
အပြောကြီးပြောမှာ မြင်ယောင်သေး၊
ပေါတီးပေါချာ ဘဝင်ကောင်လေး။

သဘောအတွေးဟာ မခိုင်ရှာလေတော့၊
ငပေါလေးခမျာ ငိုင်ကာတွေလို့၊
မဆိုင်တာတွေ အူဟောင်နေရဲ့၊
အူကြောင်ကြောင် အတွေးမူးယုတ်နဲ့၊
လဒူကောင် ခွေးရူးစုတ်ကိုဖြင့်၊
အရေးအထူးမလုပ်ပါ အဆင့်ချင်းကွာသမို့၊
အသင့်လင်းစွာ ပြရင်းဆိုမယ်၊
လမင်းကို ခွေးမိုက်ဟောင်လည်း၊
အရေးမစိုက်ပေါင် အရောင်မပျက်ပါဘူး၊
ပြောင်လျက်သာ ထွန်းထိန်လင်းပါရဲ့၊
အိမ်တွင်းမှာ အပါးကျယ်တဲ့၊
(ဖားသူငယ် သနားတယ်ကွယ် ...)
အမှားကြွယ်တဲ့အတွေးနဲ့ ...
နားလည်ဟဲ့ခွေး။ ။



ဒါမျိုးကို ကာလပေါ်စာထောင့်လေးချိုးကြီး လို့ ခေါ်ပါတယ် ... နှစ်ထပ်ကျော့ ချရပါတယ် ...
သိပ်တော့မကြမ်းလှဘူး ထင်ပါရဲ့ဗျာ ... :D

ဟယ်ရီလွင်

Read More...

Tuesday 2 October 2012

ပညာရှင် ... ဆိုပဲ

ခက်တော့ခက်သားဗျာ ... စာလေးတအုပ်ဖတ်ပြီး ကိုယ့်ကိုယ်ကို ပညာရှင်လို့ မရှက်မကြောက်ပြော ... ဒါပေမဲ့ အဲဒီထဲမှာ မပါတဲ့ဟာဆို ဘာမှမသိတော့ဘူး ... ဘယ်လောက်များလဲဆို လေးချိုးငယ်ကို လေးဆစ်လို့ ခေါ်မှန်းတောင် မသိတဲ့အထိ ... သိအောင် ပြောပြပြန်တော့လည်း လက်မခံချင် ... ကိုယ့်ဟာကိုယ် အဟုတ်ကြီးမှတ်ပြီး ခံငြင်း ... နောက်ဆုံး မယှဉ်နိုင်မှန်းသိတော့ ရှက်ရမ်းရမ်းပြီး တွေ့ကရာ လျှောက်ပြော ... လျှောက်ရမ်း ... ရိတိတိလာလုပ် ... အဲ့လို ရေတွင်းထဲက ဖားကလေးတွေ Facebook မှာ အတော်တွေ့ရပါတယ် ... အဲဒါနဲ့ ဒီတေးထပ်လေး ရေးလိုက်တာပါ ... ဖတ်ကြည့်ကြပါဦး ...

ဖတ်ဖူးတာ စာတအုပ်၊
ကဗျာစုတ်နဲ့ မာန်ထချင်၊
မသာရုပ်နဲ့ ဟန်လှပြင်၊
မှန်စွထင် နေသည့်ဖား၊
ရေတွင်းထဲ အဆာကျယ်၊
ကမ္ဘာနယ် မသိရှာပါလား။

စာတမူးနဲ့ ကဗျာရူးပြန်၊
ခြာတူးလန် ငကြွား၊
ပြာကလူးညံ စကားတွေက၊
နှစ်ပြားမှ မတန်၊
ပေါကြောင်ကြောင် ဝင်ဝင်ပြောတော့
တသောသော ရယ်ရတာအမှန်။

ငွေတကျပ်နဲ့ သူဋ္ဌေးဟန်၊
အတွေးမမှန် အရှက်မဲ့စွာနဲ့
သူဟာတဲ့ ပညာရှင်
ဟားတိုက်ရယ်ချင်၊
ခွေးမိုက်က လမင်းဟောင်ချင်၊
မြဆင်းရောင်စဉ် ပိုလင်းသတဲ့လေး။ ။

(သောက်မြင်ကပ်ဘွဲ့ - တေးထပ်)

ဖတ်ရှုခံစားအားပေးတဲ့ သူများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ... ဝေဖန်ချင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ် ...

ဟယ်ရီလွင်





Read More...

Wednesday 12 September 2012

ငရဲဇာတ်ရုံ

ငရဲဇာတ်ရုံ

တရားမဖက်
ဓားတလက်နဲ့
ပြာသာဒ်ပျက်ဟာ
ပြည့်ဝမ်းစာကို ဖောက်
ပြည့်ဦးနှောက်ကို ချိုး
ပြည့်အမိုးကို နင်း
ပြည့်ဦးကင်းကို ဖျက်
ပြည့်မျက်ရှုကို ဖမ်း
စာသင်ခန်း ကျောင်းတော်တရိုး
ထိုးခဲ့ကြ စစ်စည်မောင်းနဲ့
မရဏခေါင်းလောင်းသံ
သောသောညံလာချိန် ...

ကျောင်းယာမ်ကို ကျောခိုင်းရင်းခွာလို့
ဒေါင်းမာန်ပျို ဇောမှိုင်းပြင်းစွာနဲ့
မောင်းပြန်ကို တောစိုင်းရင်းသာ ကိုင်ခဲ့ကြတဲ့ ...
သူတို့တွေ ...

ဘီလူးတွေနဲ့တိုက်ဖို့အသွားမှာ
အရူးတွေက ကိုက်လို့စားခဲ့တော့
ဆီးနှင်းတွေ တဖြိုက်ဖြိုက်ကျဆင်းချိန်မှာ
သီးကင်းတွေက တပြိုက်ပြိုက်ကြွေ ...

ဒေါင်းမြီးကွက်တွေ ...
အေးစက်စက်လေထုထဲ
တစစီ ... တစစီ ...
ပျံ ... ဝဲ ... လွင့် ... ကြွေ ...

“လက်ထဲမှာ ပြာစများ
မျက်ဝန်းမှာ အားငယ်စိုးထိတ်
တိတ်ဆိတ်တဲ့ ကောင်းကင်ယံကို
လိုက်လံရှာဖွေနေသလား ...” *

နှင်းတွေဖုံးလွှမ်း ...
အေးလွန်းတဲ့ တဲစခန်းလေးမှာ
ငရဲခန်းသွေးအရိရိနဲ့
ဆွေးမြည့်ပေကျံ ...
ဒဏ္ဍာရီသာ ဖြစ်လိုက်စေချင်မိ ...

“အေးစက်နွမ်းလျတဲ့သူ့အသံ
အသံမဲ့ပြောနေတဲ့ စကား
ဖယောင်းတိုင်လေးကို ...
လေပြင်းဘက်သာ လှည့်ထားလိုက်ပါတော့ ...” *

မဟုတ် ...
မဟုတ်ဘူး ...
မဟုတ်သေးဘူး ...
မဟုတ်သေးပါဘူး ...
ဟုတ်ကို မဟုတ်သေးပါဘူး ....

“တရက်လောက်တော့ ထပ်နေပါဦး ...
ဒီတောင်ကို ကျော်လိုက်ပါဦး ...
ဆက်ရှင်သန်ဖို့ အကြောင်းတခုလောက်
ထပ်ပြီးရှာလိုက်ပါဦးနော်” *
....
....
နောက်နေ့မှ ... ပေါ့
မနက်ဖြန်မှ ... ပေါ့
မာန်စိတ်ပြင်းထန် ...
အံကြိတ်ရင်းခံ ...
ရင်တွင်းသံ ...
ဝေလျှံ ...
ညံ ...

“တို့တွေရဲ့ အိပ်မက်ပန်းချီကားတွေ
လှေကားထစ်များနောက်မှာ ကွယ်ဝှက်ထားဖို့
ယူငင်လို့ သူတို့ထွက်ပြေးသွား
အချိန်များတန်လေရင်တော့
ပြန်ကြွေချင် ကြွေဆင်းလာမတဲ့ ...
ဒါပေမဲ့ ဒီလို ကြွေဆင်းမလာရင်လည်း ...” *

တော်ပါတော့ John Petrucci
တော်ပါတော့ “အိပ်မက်ဇာတ်ပွဲရုံ” ...
မယုံကြည်နိုင်စရာ ...
အံ့သြတုန်လှုပ်စရာ ...
ရင်နာစရာ ...
ယူကျုံးမရစရာ ...
ကြေကွဲစရာ ...
မခံမရပ်နိုင်စရာ ...
အဆိပ်အိပ်မက်တွေ ကပြခဲ့တဲ့ ငရဲဇာတ်ရုံ ...

ဒီလိုနဲ့ပဲ ...
ကချင်တောင်တန်းပေါ်က ...
ဖေဖေါ်ဝါရီဆောင်းဟာ
ဖွေးနေအောင်ကျတဲ့ ကြယ်ကြွေတွေကို
ရင်တနင့်နင့်နဲ့ ပိုက်ထွေးခဲ့ရှာလေရဲ့ ...

သြော် ... ကြယ်စင်တွေမြေခ
ကြွေကျခဲ့တဲ့ ငရဲ ...
တိုက်ပွဲမှာလည်း မဟုတ်ပြန် ...
မိုက်ရဲတာပဲ အဟုတ်အမှန် ...
အရှုပ်တရားတွေ ...
သရုပ်အမှားတွေနဲ့
လုပ်စားနေသူတို့ကြား
သီလစောင့်မိသူဟာ အမှား
အသိတရားတွေမလို ...
ဂတိအမှားတွေပို ...
တရားကို အမူပိုလို့
လူကို အတေးအမှတ်နဲ့
ခွေးသတ်လေခြင်းကွယ် ...

အသက်မြေခ
မျက်ရည်စတွေ
လက်ကြွေကျတဲ့
ရက်ရှည်ညတွေရေ ....
သက်သေပြဖို့ စောင့်ဆိုင်းနေပါလေတော့ ...

အို ... ကြွေလွင့်ခဲ့ရသော ...
ထို့အတူ ...
လွတ်မြောက်လာကြသော ...
ရဲဘော်ရဲမေတို့ ...

အဓမ္မသည် ဓမ္မကို နိုင်ရိုးမရှိပါ ...
“ဘုရားသခင်၊ အမှန်မြင်၏၊
သို့ပင်လေငြား၊ သင်စောင့်စားလော့”
စကားရှိနှိုင်း၊ တော့လ်စတွိုင်း၏၊
ပုံခိုင်းပြုဆို၊ ဝတ္ထုတိုနှယ်၊
သီဆိုကာရေရွတ်ရင်း ...
မညွတ်သောဦးခေါင်း
မပြောင်းသော ယုံကြည်ချက်
မပျက်သော သစ္စာ
မညာသော စကား
မမှားသော အဖြေဖြင့် ...
မသေသော ဝိညာဉ်များ ...
တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သော ဝိညာဉ်များ
သင်တို့၏ မနောဝိညာဉ်များသည် ...
ထာဝစဉ်လင်းလက်နေသော
ကြယ်စင်ဖြူများ၏အသွင်ဖြင့် ...
ခွပ်ဒေါင်းဂူဗိမာန်စင်မြင့်တွင်
ထာဝရ ရှင်သန်နေပါမည် ...
ထာဝရ ရှင်သန်နေပါလိမ့်မည် ...


ABSDF (မြောက်ပိုင်း) မှ လူမဆန်မှုများ၏ သားကောင်များဖြစ်သွားကြရှာသော တော်လှန်ရေးရဲဘော်များအား ဦးညွတ်လျက် ...

* Another Day (The Dream Theater) မှ သီချင်းစာသားများ ဖြစ်ပါသည်။

ဟယ်ရီလွင်

Read More...

Friday 7 September 2012

သြော် .... ဖြစ်မှဖြစ်ရလေ ကဗျာဆရာကြီးရယ်

မိုက်သူတွေ
ဗိုက်ဆူလို့ နံကား။

အလိမ္မာ ပိန်တာရိုး၊
ပုဆိုးအစုတ် ကိုဖိုးတုတ်တို့မှာ ... ဗျာ
ပဲပြုတ်နံပြား။ ။

(တင်မိုး)


ဆရာတင်မိုးသာရှိသေးရင် ကဗျာဆိုတာ အဲ့လိုရေးရတယ်လို့ "ရီးပဲ" ကဗျာဆရာကြီးကို ပြောလိမ့်မယ် ထင်ပါရဲ့ ...

ဟယ်ရီလွင်

Read More...

Thursday 12 July 2012

အက်ဆေး (သို့မဟုတ်) Essay

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။

တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။

အက်ဆေးဆိုတာ ပြင်သစ်စကား essayer ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...

Monday 11 June 2012

ပြာကျမှ ပြန်ပါ

ပြာကျမှ ပြန်ပါ

ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်ဈာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘကမ္မဋ္ဌာန်းတော်ကို၊
ကြဌာန်းပျော် အိုရှုလှည့်လေး။ ။

(တောင်သမန်လယ်စား မောင်ဖေငယ် )

တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင် နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်ပါသည်။

အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။ ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။ ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှုစားတော်မူလှည့်ပါဟု သံတော်ဦးတင်လိုက်ခြင်း ဖြစ်ပေသည်။

(သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက်အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ်ကျဆင်းလာသော ပါးကွက်သားများ၏ တုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ ...)

မေတ္တာဖြင့်

ဟယ်ရီလွင်

Read More...

Saturday 2 June 2012

ဒေါင်း

ဒေါင်းမိခင် နဲ့ ခွပ်ဒေါင်းမျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များကို လေးစားစွာ ဂုဏ်ပြုပြီး ဖွဲ့ဆိုထားတဲ့ စကြာတေးထပ်လေးဖြစ်ပါတယ် ...


"ဒေါင်းအချီ" ဆိုတဲ့ နေရာကနေစပြီး လက်ဝဲရစ် ဖတ်သွားရပါမယ် ... ဒီလိုတွေ့ရပါလိမ့်မယ် ...



ရေးသားပုံ အနေနဲ့ ကြည့်ရင် လေးထပ်ကြော့ စကြာတေးထပ်လို့ ခေါ်ပါတယ် ... ဒေါင်း ဆိုတဲ့ စကားလုံးကို လေးခါပြန်ကြော့ ထားလို့ပါ ... ကျနော် အရင်ရေးဖူးတဲ့ လွမ်းလှိုက်လျက်လေး နဲ့ စိမ်း လို ပုံစံမျိုးပါပဲ ... ဒါပေမဲ့ ဒီတေးထပ်က ကာရန်ယူပုံအမျိုးအစား အနေနဲ့ ကြည့်ရင် သုံးချက်ညီတေးထပ်ထဲမှာ ပါပါတယ် ... အပြည့်အစုံ ခေါ်မယ် ဆိုရင် သုံးချက်ညီ လေးထပ်ကြော့ စကြာတေးထပ် လို့ ပြောရပါလိမ့်မယ် ... (လွမ်းလှိုက်လျက်လေး နဲ့ စိမ်း က အရိုးခံတေးထပ်အမျိုးအစား ဖြစ်ပါတယ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပါ ဒေါင်းပုံကို ယူသုံးထားပါတယ် ... ခွင့်ပြုချက်မတောင်းခံနိုင်တဲ့အတွက် ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ် ... ခွင့်ပြုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ...

ဒေါင်းမိခင်နှင့် ခွပ်ဒေါင်းများအားလုံးအား လေးစားဦးညွတ်လျက်

ဟယ်ရီလွင်

Read More...

Saturday 12 May 2012

နှောင်းသည့်နေ့

နှောင်းသည့်နေ့

နှင်းဆီလမ်းခွဲ၊ အလွမ်းသည်းချိန်
ပန်းကြဲခဲ့သူ၊ လှည့်ယူကောက်ပြန်၊
တယောက်ထံမှ၊ နောက်ပြန်အကြည့်၊
ရောက်ဟန်ရှိဆဲ၊ ငြိမြဲသံစဉ်၊
တဖန်ဝင်ညှိ၊ သခင်သိပါ၊
မြင်မိမြင်စေ၊ အရင်နွေည၊
ကဝေမပျို၊ ထွေက,ငိုမော၊
မလိုသောကြိုး၊ ဖြတ်ချိုးရိုက်ဖျက်၊
အသွားထက်သည့်၊ ညဉ့်နက်စူးရှ၊
ဘီလူး က,သီ၊ ရီ(ရယ်)သံချောက်ခြား၊
နောက်ပါးမှအသံ၊ ပဲ့တင်ညံစီ၊
လျှံဟီမြည်ချုန်း၊ ပျောက်ဆုံးသွားရာ၊
သစ္စာတမျှင်၊ သံယောဇဉ်လမ်း၊
နှောင်ငင်ကြမ်းအို၊ အလွမ်းပိုလည်း၊
မလိုသည့်ငြမ်း၊ ဖျက်စတမ်းလေ၊
မျက်ကန်းအသိ နှောင်းသည့်နေ့။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျား ...

ဟယ်ရီလွင်

Read More...

Sunday 29 April 2012

သူခိုး Wikimyanmar

သူခိုး Wikimyanmar

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9C%E1%80%80%E1%81%A4%E1%80%AC

 Wikimyanmar ထဲမှာ ဖော်ပြထားတဲ့ အဲဒီ လင်္ကာအကြောင်းဟာ ကျနော် ရေးထားတဲ့ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ထဲက လင်္ကာ အပိုင်းကို လုံးဝ credit မပေးဘဲ ခိုးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ...

မူရင်းပို့စ်ကို အောက်မှာ သွားဖတ်ပြီး ယှဉ်ကြည့်နိုင်ပါတယ် ...
 http://harrylwin.blogspot.com/2008/08/blog-post_26.html

 ဟယ်ရီလွင်

Read More...

Wednesday 18 April 2012

နှစ်ကူးတမ်းတလွှာ

နှစ်ကူးတမ်းတလွှာ

ဝေဆာလေမှာ နွေခါရောက်တော့၊
ရွှေဝါပိတောက် သင်းပျံ့ချီ၊
မြေမှာတလျှောက် ခင်းဖြန့်သီတယ်၊
ဝင်းဖန့်ရီရီ ပိတောက်လမ်း၊
မှန်းဆတမ်းတ လွမ်းရပါသည်၊
လန်းကြခါမီ နှစ်ကူးရာသီပန်း။

ရှေးဖြစ်တွေးစစ် ဝေးရစ်ကြာပြီ၊
လေးနှစ်ရာသီ အတာနန်း၊
ဆွေးရစ်ကာသီ ကဗျာတမ်းလို့၊
တခါအလွမ်းဆင့်ကာဖြေ၊
စိတ်မှာရိပ်ဖြာ လိပ်ပြာလွှင့်၊
မှိတ်ကာတဆင့် လွင့်မျောတ,လို့နေ။

တွေးကြည့်ဝေးဘိ အေးသည့်အတာရေ၊
မွေးမိဌာနေ သင်္ကြန်ပွဲနဲ့၊
အဖန်ဖန်ပဲ နွှဲလို့အရင်ခါ၊
လွဲလို့ မရွှင်ပါ၊
တူးပို့မြူးဖို့ ပိတောက်ဝါရယ်၊
မရောက်တကမ္ဘာ ကြာလွန်းပြီထင့်လေး။ ။


ရှစ်ဆယ်ပေါ်တေးထပ် ရေးကြည့်လိုက်တာပါ ... ရေးတဲ့သူ တော်တော်လေး နည်းနေပါပြီ ... မတွေ့ရတော့ သလောက်ပါပဲ ...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ခင်ဗျား ...

ဟယ်ရီ

Read More...

Sunday 15 April 2012

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ကျနော် ခပ်ငယ်ငယ် အသိမကြွယ်သေးချိန်
မန္တလေးနဲ့ အလှမ်းဝေးလွန်းတဲ့အရပ်
နေ့ကလေးအမှတ်လို ချစ်စရာကောင်းလှတဲ့
ဗမာမလေးတယောက်ကို နှလုံးသားပုံအပ်။

ရွှေဝါရောင်အသားနဲ့ ဖိတ်ဖိတ်လက် မဟူရာဆံနွယ်
သွားလေးတွေက ဆင်စွယ်ရောင်ပမာ
ကျနော် ပြောလိုက်မိတာက ... “ငွေစ နှစ်ဆယ် ပေးမယ်
မိန်းကလေးရယ် ... ကိုယ်နဲ့ လိုက်အိပ်ပါ”

အကြည့်တချက် ... စင်ကြယ်လွန်း ကြေကွဲစရာကောင်းလွန်းလှ
ရှင်သန်နေတဲ့ ချစ်ဖို့အကောင်းဆုံးအရာကွယ့်
သည့်နောက်မှာ မသဲမကွဲ သူ့ အပျိုစင်အသံ
နှစ်ဆယ့်ငါးစ ရမှ လို့ တင်းခံနေလေရဲ့ ...

Eric Blair (George Owell)Ironic Poem about Prostitution ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ခိုင်စိုးလင်းလုပ်တဲ့ "အပြာရောင်ဝန်ဆောင်မှု (Bluish Business)" စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... ခပ်ရှင်းရှင်းပြောရရင်တော့ "ဖာ" အကြောင်းချည်းရေးထားကြတာပါ ...

ဖတ်ချင်ရင် ဒီမှာ Download ဆွဲယူလို့ရပါတယ် ...

http://www.mediafire.com/?2zmblq2hqocy4qt

ဟယ်ရီလွင်

Read More...

Thursday 29 March 2012

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းနဲ့ လမင်းရောင်

Henry Wadsworth Longfellow ရဲ့ ကဗျာနောက်တပုဒ် ဒေါ်လေးမေ (မေဓာဝီ) ဆီက ဖတ်ရပြန်တာနဲ့ ကြိုက်လို့ ဘာသာပြန်ကြည့်မိပါတယ် ... အရင်ဆုံး လေးလုံးစပ်နဲ့ ပြန်ကြည့်လိုက်ပါတယ် ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းထဲ၊ မွန်းတည့်ဆဲမှာ၊
စန္ဒာလမင်း၊ ရွက်လွှင့်ရင်းသွား၊
မိုးဖျားမှာတွေ့၊ မနေ့ကပေါ့၊
ဖြူလျော့လျော့နဲ့၊ မှေးဖျော့မှိန်လျား၊
ကျောင်းသားငယ်ရဲ့ စက္ကူစွန်။

နေ့အလင်းချီ၊ မနေ့ဆီက၊
ထွေလီဆန်းပြား၊ ဖမ်းစားညှို့ငင်၊
ကဗျာရှင်ရဲ့၊ မှော်ဝင်လက်ရာ၊
ဖတ်ကာတွေးထင်၊ စိတ်ဘဝင်မှာ၊
ဝိညာဉ်လေလား၊ တစ္ဆေလား။

သို့ပေသော်လည်း၊ ဖျားနာဆဲနေ့၊
ကြာညောင်းရွေ့လျင်၊ ရမ္မက်အင်လို၊
သက်ငင်ဆုံးပါး၊ ပျောက်သွားပြီးချိန်၊
ညခင်းမှိန်မှိန်၊ အေးငြိမ်ရိပ်ဖုံး၊
တောင်ကုန်းရွာငယ်၊ တောင်ကြားဆွယ်သို့၊
ကြွေလှယ်သက်ဆင်းလာခဲ့ပြီ။

ထိုနောက်တဖန်၊ ညခင်းယံကို၊
လျှံထွက်သွားအောင်၊ ကိုယ်ရောင်ထင်ပြ၊
ဝင်းပပနှင့်၊ လမင်းပျိုမေ၊
ဂုဏ်သရေဖိတ်၊ ဝိညာဉ်စိတ်လား၊
ဝံ့ကြွားဂုဏ်ယူ၊ အလင်းမြူဖြင့်၊
လောင်းယူဖြည့်သွန်းလိုက်လေပြီ။

ဤမှာနောက်တွင်၊ ကဗျာရှင်၏၊
ချိုလွင်တေးသံ၊ တဖန်စီးမျော၊
ဦးနှောက်ကြောကို၊ သာမောဂီတ၊
ဖြတ်သန်းကြလျှင်၊ ညလွင်ပြင်ယံ၊
ဘာသာပြန်မိ၊ ကြည့်လိုက်သည့်ချိန်၊
သိမ်မွေ့နက်နဲလေဘိခြင်း။ ။

ကျနော် အားသန်တဲ့ လေးလုံးစပ်ရေးနည်းနဲ့ ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာဖြစ်ပေမဲ့ စိတ်ထဲမှာ သိပ်ဘဝင်မကျမိပါဘူး ... တခုခုလိုနေသလို ခံစားရတာနဲ့ ရိုးရိုးပဲ ကာရန်မပါဘဲ ပြန်ရေးကြည့်ပါတယ် ... ခေတ်ပြိုင်ကဗျာလိုပေါ့လေ ... မူရင်းကဗျာထဲက နိမိတ်ပုံတွေကြောင့်လားတော့ မသိဘူး ... အဲဒါကို စိတ်ထဲ ပိုအားရသလိုလို ရှိမိပါတယ် ... ဖတ်ကြည့်ကြပါဦး ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့ခင်းကြောင်တောင် မွန်းတည့်ချိန်ကြီးမှာ
မြင့်မြင့်မားမား ရွက်လွှင့်သွားတဲ့ လမင်းကို
မနေ့က မြင်လိုက်တယ်
ဒါပေမဲ့ ဖျော့တော့တော့ ဖြူလျော်လျော်
ကျောင်းသားငယ်လေးရဲ့ စက္ကူစွန်လို ...

မနေ့တုန်းက နေ့ခင်းကြောင်တောင်
ကဗျာဆရာရဲ့ ဂမ္ဘီရအဖွဲ့အနွဲ့ကို ဖတ်မိတာ
တစ္ဆေလိုလို ဝိညာဉ်လိုလို
ငါ့မှာ ဖြစ်တော့မလောက် ...

ဒါပေမဲ့လည်း နာမကျန်းတဲ့နေ့ဟာ ကြာညောင်းလာတော့
ရမ္မက်တခုလိုပဲ သေဆုံးသွားလေရဲ့ ...
ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ ညလေးက
တောင်ကုန်း ... တောင်ကြားနဲ့ ရွာလေးပေါ် သက်ဆင်းလာခဲ့။

ပြီးတော့ အသရေတင့်တဲ့ စိတ်ဝိညာဉ်တခုပမာ
လမင်းပျိုဟာ ဂုဏ်ယူဝံ့ကြွားစွာ နဲ့
သူ့အလင်းတွေ ကိုယ်ထင်ပြလို့
ညကို လျှံထွက်သွားအောင် သွန်းလောင်းဖြည့်လိုက်ရဲ့ ...

အဲဒီနောက် ကဗျာဆရာရဲ့ တေးသံက
ငါ့ဦးနှောက်ကို ဂီတတံတျာလို တဖန်ဖြတ်သန်းစီးမျောလာပြန်တော့
ညကို ဘာသာပြန်ကြည့်ရတာ
သိမ်မွေ့နက်နဲလိုက်တာကွယ် ...

ဒါက ကျနော့်စိတ်ထဲ ဖြစ်နေတာကို ပြောပြတာပါ ... ဖတ်တဲ့သူကတော့ ဒီနှစ်ခု ယှဉ်ဖတ်ရင် ဘယ်ဟာကို ပိုကြိုက်မလဲ မသိပါဘူး ...
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Daylight and Moonlight"

In broad daylight, and at noon,
Yesterday I saw the moon
Sailing high, but faint and white,
As a schoolboy's paper kite.

In broad daylight, yesterday,
I read a poet's mystic lay;
And it seemed to me at most
As a phantom, or a ghost.

But at length the feverish day
Like a passion died away,
And the night, serene and still,
Fell on village, vale, and hill.

Then the moon, in all her pride,
Like a spirit glorified,
Filled and overflowed the night
With revelations of her light.

And the Poet's song again
Passed like music through my brain;
Night interpreted to me
All its grace and mystery.

Written by Henry Wadsworth Longfellow (1807-1882)

ဘယ်ဟာကိုပဲကြိုက်ကြိုက်၊ နှစ်ခုလုံးမကြိုက်တာပဲဖြစ်ဖြစ် ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျ ...

ဟယ်ရီလွင်

Read More...

Monday 20 February 2012

ငါးဆင့်သမိုင်း‎

ငါးဆင့်သမိုင်း‎

ထုံးမတိမ်၊‎
ငုံး, အိမ်, ကျူ, လ သို့၊‎
တူမျှစံနှိုင်း။‎

ထပ်တညီ၊‎
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊‎
‎ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊‎
ငါးဆင့်သမိုင်း။ ။‎

(သစ္စာတိုင် ဒွေးချိုး)
စလေဦးပုည



“ကပ္ပဋ္ဌီတိ” ဆိုတာကတော့ ကမ္ဘာနှင့်အမျှ၊ ကမ္ဘာတည်သရွေ့ တည်တံ့နေမယ့်အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒီလို ‎ကမ္ဘာနှင့်အမျှ တည်တံ့နေကြတဲ့ ကပ္ပဋ္ဌီတိလေးပါးမှာ ဥစ္စာသိုက်၊ ပညာသိုက်တို့လို အယဉ်အလှသိုက်ကိုဝင်တဲ့ ‎သူ့ရဲ့ချစ်သူကိုပါထည့်ပြီး ရေတွက်ရမှာမို့ လေးပါးတောင်မကဘဲ ငါးပါးထိအောင်ဖြစ်လာမှာပါလို့ ဖွဲ့နွဲ့တင်စား ‎လိုက်တာပါ။ ကမ္ဘာတည်သရွေ့ တည်ရှိနေတဲ့ အရာတွေကို ကဗျာထဲထည့်ပြီး အတိုဖွဲ့တဲ့နေရာမှာ ဦးပုညဟာ ‎စံတင်လောက်ပါတယ်။ “ကြာကနက် သောင်းဝှန်မှာ၊ ဒေါင်း, ပုစွန်, ဝံ, ငါး သို့ ...” ဆိုပြီးတော့လည်း ‘ကမ္ဘာ နှစ်ခါပျက် ‎စေတော့’ ဆိုတဲ့ သစ္စာတိုင် တေးထပ်ထဲမှာ စ၊ ဓ၊ ဗ၊ ဝ စမ (စာမ) လေးလုံးကို ဖွဲ့သွားပါတယ်။ “ပုစွန် ဝံ ငါး ‎ဒေါင်းမြီးဖျားမှာ၊ စာလေးပါးကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” ရယ်လို့လည်း ဝိဇယပြဇာတ်မှာ ရေးသွားပါသေးတဲ့အကြောင်း‎ ပြီးခဲ့တဲ့ ပို့စ်မှာရေးခဲ့ပြီးပါပြီ။ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ် ...
ကမ္ဘာနှစ်ခါပျက်စေတော့

အလျဉ်းသင့်လို့ ကပ္ပဋ္ဌီတိ လေးပါးကို ဖော်ပြရမယ်ဆိုရင် ... ‎
ငုံး = ဘုရားလောင်း ငုံးမင်းဘဝက သစ္စာဆိုထားတဲ့ တဆယ့်ခြောက်ပယ်စာမြေနေရာ
အိမ် = ကဿပ ဘုရားရှင်လက်ထက်က ဃဋိကာရ အိုးထိမ်းသည်ရဲ့ အိမ်နေရာ
ကျူ = ဘုရားလောင်း မျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကျူပင်တွေမှာ ကမ္ဘာတည်သရွေ့ အဆစ်မရှိဘဲ တိုးလျှိုပေါက် ‎ဖြစ်နေခြင်း‎
လ = လပေါ်မှာ ထင်နေတဲ့ ယုန်ရုပ် တို့ဖြစ်ကြပါတယ်။‎

ငုံး‎
ဘုရားအလောင်းတော် ငုံးမင်း အရွယ်မရောက်ခင်က အဖြစ်အပျက်တစ်ခုပါ။ တောမီးကြီးက လောင်လာပါတယ်။ ‎မိဘတွေကလည်း ထွက်ပြေးကြသွားကြလို့ အသိုက်ထဲမှာ ငုံးငယ်တကောင်တည်းကျန်ရစ်ခဲ့ပါတယ်။ ငယ်ရွယ်လှသေးတဲ့ ‎အတွက် အတောင်ကလည်း မပျံနိုင်၊ ခြေထောက်ကလည်း မသွားနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီမီးဘေးက လွတ်မြောက်ဖို့ ‎သစ္စာတရားမှတပါး အခြားအားကိုးရာမရှိကြောင်း ဆင်ခြင်မိတဲ့ အလောင်းတော် ငုံးမင်းငယ်ဟာ အမှန်အတိုင်း ‎သစ္စာဆိုလိုက်တဲ့အခါ လောင်လာတဲ့ တောမီးကြီးဟာ သစ္စာ စွမ်းအားကြောင့် ရှောင်ကွင်းသွားပါ တော့တယ်။ ဒီ ငုံးမင်း ‎သစ္စာပြုတဲ့နေရာကနေ ဗဟိုပြုပြီး တဆယ့်ခြောက်ပယ်စာမျှရှိတဲ့ ဧရိယာဟာ ကမ္ဘာတည်သရွေ့ မီးမလောင်ဘဲ ‎တည်နေပါတယ်။ (‘ပယ်’ ဆိုတာ ရှေးခေတ်မြေအတိုင်းအတာပါ။ တပယ်ကို ၁.၇၅-ဧက နဲ့ ညီမျှပါတယ်။ ၁၆-ပယ် ‎ဆိုတော့ ၂၈-ဧကနဲ့ညီမျှပါတယ်) ပရိတ်ကြီး (၁၁) သုတ်ထဲက ဝဋ္ဋသုတ်တော် (ဝဋ္ဋပရိတ်တော်) ဟာ ဒီအဖြစ်အပျက်ကို ‎ဟောတော်မူတာပါပဲ။ “သန္တိပက္ခာ အ ပတနာ၊ သန္တိပါဒါ အဝဉ္ဇနာ။ မာတာပိတာ စ နိက္ခ န္တာ၊ ဇာတဝေဒ ပဋိက္က္ကမ။” ဆိုတဲ့ ‎အပိုဒ်ဟာ ဘုရားလောင်း ငုံးမင်း သစ္စာဆိုတော်မူတဲ့ အပိုဒ်လို့ သိရပါတယ်။‎
(ဧကနိပါတ်၊ ဝဋ္ဋကဇာတ်)‎

အိမ်
ကဿပ ဘုရားရှင်လက်ထက်က ‘ဃဋိကာရ’ လို့ခေါ်တဲ့ အိုးထိမ်းသည် တယောက်ရှိပါတယ်။ သူ့မှာ မျက်မမြင်မိဘနှစ်ပါး ‎ရှိပါတယ်။ သူ့အိမ်က ပစ္စည်း မှန်သမျှဟာ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေအတွက်သာလို့ ခံယူချက်ထားတဲ့ ‎သူဖြစ်ပါတယ်။‎
တနေ့တော့ ရဟန်းတော်တွေဟာ မြက်မိုးကျောင်းဆောင်တဆောင်ဆောက်လုပ်နေကြတုန်း အမိုးသက်ငယ် လိုအပ် ‎နေတဲ့အတွက် အတွင်းသိအစင်းသိဖြစ်သော ဃဋိကာရရဲ့အိမ်က သက်ငယ်အမိုးတွေကို သွားပြီး ဖျက်ယူကြပါတယ်။‎
ဃဋိကာရရဲ့ မျက်မမြင်မိဘနှစ်ပါးက သိကြပေမဲ့ ရဟန်းတော်များဆိုလျှင် ခွင့်လွှတ်ထားပြီးဖြစ်တာကြောင့် မတားမြစ် ‎ကြပါဘူး။ သားဖြစ်တဲ့ ဃဋိကာရ ပြန်လာတဲ့အခါ အကြောင်းစုံပြောပြကြပါတယ်။ မိသားစုသုံးဦးဟာ ရဟန်းတော်တွေ ‎မိမိတို့အပေါ် ရင်းနှီးမှု၊ အသိအမှတ်ပြုမှုအတိုင်းအတာကို တွေးမိပြီး စေတနာ သဒ္ဓါ တရား ထက်သန်စွာနဲ့ အလွန် ‎‎ဝမ်းမြောက်ဝမ်းသာတောင် ဖြစ်နေကြပါတယ်။‎
အဲဒီ စေတနာသဒ္ဓါတရားရဲ့ စွမ်းအားကြောင့် ဃဋိကာရရဲ့အိမ်ဟာ မိုးဘယ်လောက်ပဲ ရွာရွာ၊ အမိုးမရှိပေမဲ့ မိုးစိုစွတ်ခြင်း ‎မရှိတော့ပါဘူး။ ခေတ္တခဏမျှသာ မဟုတ်ပါ။ အဲဒီအိမ်နေရာဟာ တကမ္ဘာပတ်လုံး မိုး စိုစွတ်ခြင်း မရှိတော့ပါ။‎
(ဃဋိကာရသုတ်၊ အဋ္ဌကထာ)‎

ကျူ
ဘုရားလောင်းမျောက်မင်းဟာ အြွေခအရံပေါင်းများစွာနဲ့ တောကြီးမျက်မည်းထဲ လှည့်လည်နေချိန်ကဖြစ်ပါတယ်။ ‎ရေငတ်လို့ ရေရှာနေကြတုန်း ရေကန်တကန်ကို တွေ့မိကြပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ ‎ရေကန် ဖြစ်နေပါတယ်။‎
မျောက် များစွာအတွက် အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရတာပါ။ ရေမသောက်ရရင် အားလုံးရေငတ်ပြီး သေဆုံးကြရ ‎ပါတော့မယ်။ ရေကန်ထဲဆင်းပြီး သောက်ပြန်ရင်လည်း ဆင်းသောက်တဲ့ မျောက်တွေအားလုံး ဘီလူးစားခံရ ပါလိမ့်မယ်။ ‎တကယ့်ကို ကျဉ်းထဲကျပ်ထဲ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုတဲ့ မတိုးသာ၊ မဆုတ်သာ အခြေအနေပါ။‎
‎ဒီအခက်အခဲကို ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီသစွာနဲ့ ပညာသားပါပါဖြေရှင်းပေးလိုက်ပါတယ်။ ရေကန် ‎‎ဝန်းကျင်မှာ ကျူပင်တွေရှိပါတယ်။ ဒီတော့ ရှိတဲ့ ကျူပင်တွေအကုန် အဆစ်တွေပွင့်ပြီး တိုးလျှိုပေါက် ‎တပေါက်တည်းဖြစ်စေဖို့ ဘုရားလောင်း မျောက်မင်းက အဓိဋ္ဌာန် လိုက်ပါတယ်။ ခေါင်းဆောင်စိတ်ဓါတ်ရယ်၊ ဒုက္ခသည်ကို ‎ကယ်တင်လိုတဲ့ ပရဟိတစိတ်ဓါတ်တွေရဲ့ စွမ်းအားကြောင့် ရေကန်ဝန်းကျင်မှာရှိတဲ့ ကျူပင်အားလုံး အဆစ်တွေပွင့်ကုန်ပြီး ‎တပေါက်တည်း ဖြစ်ကုန်ပါတယ်။‎
အဲဒီတော့မှ အခုခေတ်မှာ ရေပိုက်တွေဆက်ပြီး ရေသယ်ယူကြသလိုမျိုး အဆစ်ပွင့်သွားတဲ့ ကျူပင်တွေကို ဆက်ပြီး ‎ရေကန်ထဲ မဆင်းကြဘဲ အဝေးကနေ ရေသောက်ယူကြပါတယ်။‎
“ရေကန်ထဲဆင်းလာလို့ကတော့ စားမယ်” လို့ ကြုံးဝါးထားတဲ့ ဘီလူးခမျာ ဘာမှ မတတ်နိုင်ရှာတော့ပါဘူး။ မြင့်မြတ်တဲ့ ‎ပရဟိတစိတ်ဓါတ်ရဲ့ စွမ်းအားနဲ့ အောင်ပွဲခံခဲ့တဲ့ ရေကန်ဝန်းကျင်မှာ ပေါက်လာသမျှ ကျူပင်အားလုံးဟာ အဆစ်တွေပွင့်ပြီး ‎တပေါက်တည်းဖြစ်ကာ တကမ္ဘာလုံး တည်နေပါတော့တယ်။‎
(ဧကနိပါတ်၊ နဠကပါနဇာတ်)‎


‎ဂင်္ဂါမြစ်နှင့် နီးစပ်သောတောအုပ်တခုမှာ ဘုရားလောင်းယုန်မင်းဟာ မျောက်၊ မြေခွေး၊ ဖျံ ဆိုတဲ့ မိတ်ဆွေသုံးဦး တို့ကို ‎အဆုံးအမပေးပြီး ချစ်ခင်စွာနေကြတဲ့အခိုက်ဖြစ်ပါတယ်။‎
လပြည့်နေ့ဖြစ်တဲ့ ဥပုသ်နေ့ဟာ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့အတွက် အသင့်တော်ဆုံး နေ့ထူးနေ့မြတ် ဖြစ်ကြောင်း ‎သူတော်ကောင်းဓါတ်ခံရှိကြတဲ့ သူတို့အားလုံးက လက်ခံထားကြပါတယ်။ လက်ခံလောက်အောင်လည်း ယုန်မင်းက ‎အမြဲတမ်း သွန်သင်ဆုံးမလေ့ရှိပါတယ်။‎
အဲဒီ လပြည့်နေ့တနေ့မှာ သူတို့လေးဦးရဲ့စိတ်ဓါတ်ကို မှတ်ကျောက်တင်ဖို့ သိကြားမင်းက အလှူခံပုဏ္ဏား အသွင်နဲ့ ‎ရောက်ရှိလာခဲ့ပါတယ်။ မျောက်၊ မြေခွေး၊ ဖျံ တို့ကတော့ လှူဒါန်းဖွယ်ပစ္စည်းတွေ အလွယ်တကူရှိနေကြလို့ လုံးဝ ‎ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ယုန်မင်းအတွက်ကတော့ စဉ်းစားရခက်နေပါတယ်။‎
သူမြတ်နိုးတဲ့နေ့တနေ့မှာ သူမြတ်နိုးတဲ့အလှူခံကရောက်ရှိလို့လာခဲ့ပါပြီ။ သူမြတ်နိုးတဲ့ အပေါင်းအသင်းတွေရဲ့ လက်ထဲ မှာ ‎လှူဖွယ် ဝတ္ထုပစ္စည်းတွေက ရေကန်အသင့်၊ ကြာအသင့်။ သူ့လက်ထဲမှာတော့ ဘာဆိုဘာမျှ မရှိရှာပါဘူး။ ယုန်မင်းမှာ ‎ရှိနေတာက အလှူခံပုဂ္ဂိုလ်အပေါ်မှာ ထားရှိတဲ့ စေတနာ၊ သဒ္ဓါတရားတို့ပဲ ဖြစ်ပါတယ်။‎
‎ဒီ စေတနာ၊ သဒ္ဓါတရားတို့ကိုပဲ တွန်းအားတခုအဖြစ်အသုံးပြုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရဲရင့်ပြတ်သားလှပြီး ‎အသက်နဲ့ခန္ဓာတွေကိုတောင် ငဲ့ညှာခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ စကားတို့က သက်သေခံ ‎နေပါတယ်။ ဒီစကားကတော့ ....‎
“မီးမွှေး၍ မီးကျီးရအောင်ပြုလုပ်ပါ။ ကျွန်ုပ် ခုန်ချပါမည်။ ကျွန်ုပ်အသားကျက်သောအခါ သင်ယူစား၍ တရားအားထုတ်ပါ” ‎တဲ့။‎
သိကြားမင်းကိုယ်တိုင် အံ့ဩယူရတဲ့ စကားသံတွေပါပဲ။ ဒါနဲ့ ဆက်လက် စမ်းသပ်မယ် ဆိုပြီး မီးမွှေးပြီး မီးကျီးရအောင် ‎ဖန်တီးပေးလိုက်ပါတယ်။ တကယ့်သေဘေးမို့ မီးကျီးတွေရမှ စိတ်ပြောင်းပြီး ရှောင်ပြေးရင်လည်း အပြစ်တော့ ‎မတင်ရက်ပါဘူး။ ဒါပေမဲ့ ယုန်မင်းကတော့ အားရရွှင်လန်းစွာနဲ့ပဲ မီးကျီးတွင်းထဲသို့ ခုန်ဆင်းလိုက်ပါတယ်။‎
‎ဒုတိယမ္ပိ ထပ်မံအံ့ဩစရာ အဖြစ်အပျက်တခု ဖြစ်ပွားသွားပြန်ပါတယ်။ ရဲရဲနီ ပူလောင်နေတဲ့ မီးကျီးခဲတွေဟာ ရဲရဲနီတဲ့ ‎‎ယုန်မင်းရဲ့ သတ္တိကို ယှဉ်ပြိုင်ဝံ့တဲ့ အားအင်လုံးဝမရှိတဲ့အကြောင်း ရေခဲတုံးတမျှ အေးကုန်ကြတဲ့ မီးသွေးခဲတွေ ဖြစ်သွားပုံက ‎သက်သေပြနေပါတော့တယ်။ ကိုယ်ကို လောင်ကျွမ်းဖို့ မဆိုထားနဲ့၊ အမွေးတွေကိုတောင် အပူငွေ့ကလေး ဟပ်သွားတာမျိုး ‎မရှိခဲ့ပါဘူး။‎
‎ဒီနောက်မှာတော့ သိကြားမင်းဟာ ယုန်မင်းကို ရင်ခွင်မှာ ကြင်နာနွေးထွေးစွာပွေ့ပိုက်ပြီး သူ့ရဲ့အဖြစ်မှန်၊ ဇာတိအမှန်ကို ‎ပြောပြလိုက်ပါတယ်။ ပြီးတော့ အတွေးတခု ထပ်ဝင်လာပါတယ်။ “လောကထဲတွင် လူပင်ဖြစ်စေ၊ တိရစ္ဆာန်ပင် ဖြစ်စေ၊ ‎ထူးချွန်ကောင်းမွန်လာလျှင် အများနည်းယူလောက်အောင် မှတ်တမ်းတင်၍ ဂုဏ်ပြုသင့်သည်” ဆိုတဲ့ အတွေးပါပဲ။‎
‎ဒီအတွေးကို လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ တောင်ဆီကိုညှစ်ယူပြီး လဗိမာန်မှာ ယုန်ရုပ်ထင်နေအောင် ‎သိကြားတို့ရဲ့ တန်ခိုးနဲ့ ရေးခြယ်လိုက်ပါတယ်။ ဒီလို ရေးခြယ်လိုက်တဲ့ လဗိမာန်မှာ ထင်နေတဲ့ ယုန်ရုပ်ပုံသဏ္ဌာန်ဟာ ‎တကမ္ဘာပတ်လုံး တည်နေပါတော့တယ်။‎
အလျဉ်းသင့်လို့ ပြောချင်တာတခုရှိပါတယ်။ တချို့တွေက ဒီဖြစ်ရပ်ကို စကားကပ်ပြီး ငြင်းကြ၊ မထေမဲ့မြင်ပြုကြ ပါတယ်။ ‎လကမ္ဘာ ပေါ်ကို လူတွေရောက်နေပြီ၊ ဘာ ယုန်ရုပ်မှလည်း မတွေ့ပါလား၊ ပိဋကတ်တော်လာ စကားတွေဟာ ‎အလကားပဲလို့ ပြောကြ ပါတယ်။ တကယ်တော့ လပေါ်မှာ ယုန်ရုပ်ထုကြီး သွားထားတယ်လို့လည်း မပြောခဲ့ ပါဘူး။ ‎ကမ္ဘာပေါ်ကနေ ကြည့်လိုက်ရင် ယုန်ရုပ်ပုံကလေး ပေါ်နေအောင်ပဲ လုပ်ထားခဲ့တာ ဆိုတာကို သတိပြုသင့်ပါတယ်။‎
(စတုက္ကနိပါတ်၊ သသပဏ္ဍိတဇာတ်)‎

ကိုးကား။‎
‎(၁)‎ ပရိတ်ကြီး ၁၁-သုတ် ပါဠိတော်။‎
‎(၂)‎ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ မှန်ကျောင်းပရိယတ္တိစာသင်တိုက်၊ အာဂုံစာတော်ပြန်ပွဲ ‎နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်၊ ရွှေရတု ပူဇာစာစောင် မှ ဦးအဂ္ဂည (သာသနဓဇ ဓမ္မစရိယ)၊ ဂုဏဝတီတိုက်ကျောင်း၊ ‎ဘုရားကြီးတိုက်၊ မန္တလေးမြို့ရေးသားသော “ကမ္ဘာတည်သရွေ့” ဆောင်းပါး။‎

Read More...

Sunday 12 February 2012

ကမ္ဘာ‎ နှစ်ခါပျက်စေတော့

ကမ္ဘာ‎ နှစ်ခါပျက်စေတော့

မြမြင်းမိုရ် တောင်ကွဲမှ၊
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။

ကြွေကျလို့ နေလကွယ်ရင်၊
သွေပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။

ကြာကနက် သောင်းဝှန်မှာ၊
ဒေါင်း ပုဇွန် ဝံ ငါးနှင့်၊
ညွှန်ကြားတဲ့ စာလေးမယ်၊
ပိန်းပျောက်လို့ကွယ်၊
နှင်းဆက်တဲ့ ဆင်းမျက်ခြယ်ကို၊
ယွင်းကွက်မယ် ကြံဘူးပ(ကွဲ့)လေး။

သစ္စာတိုင်ဖွဲ့
စလေဦးပုည

( ) ကွင်းအတွင်းရှိစာသားများမှာ မြန်မာမိသားစုဖိုရမ်တွင် ကြယ်စင်စိုး တင်ပေးထားသည့် ကဗျာတွင် ဖော်ပြထားသည့် အတိုင်း ဘာချာသိပ္ပ ဝိစိတြ ကဗျာ့ရာသီကျမ်း မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။


ညီမလေး ကြယ်စင်ရဲ့ ကြယ်စင်ချစ်သောကဗျာများထဲမှာ ကျနော် ရှင်းထားတာလေးကို ဆက်တင်ပေးလိုက်ပါတယ် ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး နှင့် ညွှန်ကြားတဲ့ စာလေးမယ် ဆိုတာက စ၊ ဓ၊ ဗ၊ ဝ ဆိုတဲ့ ဓာတ်စမ (စာမ) လေးလုံးကို ပြောတာပါ ...
စာလေးမယ် ဆိုတာ စာလေးလုံးကိုဆိုလိုပါတယ် ... အမယ်လေးမျိုးလို့ ပြောတာပါ ...
ဒေါင်း၊ ပုစွန်၊ ဝံ၊ ငါး ဆိုတဲ့ သတ္တဝါလေးမျိုးနဲ့ အဲဒီစာလေးလုံးကို ညွှန်ကြားပြသထားပါတယ်ပေါ့ ... ဘယ်လိုပြသလဲဆိုတော့ ...
(၁) ‘ဒေါင်း’ ဆိုတာက ဒေါင်းအမြီးဖျားမှာ ‘ဓ’ အက္ခရာ
(၂) ‘ပုစွန်’ ဆိုတာက ပုစွန်လုံး (ကဏန်း) ရဲ့ ကိုယ်မှာ ‘ဗ’ အက္ခရာ
(၃) ‘ဝံ’ ဆိုတာက ဝံ(ဝက်ဝံ) ရဲ့ ရင်ဘတ်မှာက ‘ဝ’ အက္ခရာ
(၄) ‘ငါး’ ဆိုတာက ငါးရံ့ဒိုင်း ရဲ့ အမြီးမှာ ‘စ’ အက္ခရာ ရှိပါတယ်

ကမ္ဘာဦးတည်စကတည်းက ဒီသတ္တဝါလေးမျိုးရဲ့ကိုယ်မှာပါတဲ့ ဘယ်အခါမှ မပျောက်ပျက်နိုင်တဲ့ စာကြီးတွေလို့ အဆိုရှိထားပါတယ် .. အဲဒီစာတွေ ပျောက်ကွယ်သွားတောင်မှ မသွေခွာပါဘူး လို့ သစ္စာတိုင်တည်ထားခြင်း ဖြစ်ပါတယ် ..

“ပုစွန်၊ ဝံ၊ ငါး၊ ဒေါင်းမြီးဖျားမှာ၊ စာလေးပါး ကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” လို့လဲ ဦးပုညက ဝိဇယပြဇာတ်မှာ ရေးထားပါသေးတယ်။

ဒီ စမလေးလုံးက ဓနသိဒ္ဓိ နဲ့ ပီယသိဒ္ဓိ ဆိုတဲ့ သိဒ္ဓိ ၂-ပါးကို ပြီးစေနိုင်တယ်လို့ လောကီဂမ္ဘီရပညာရှင်တွေက ယူဆကြပါတယ်။

ဟယ်ရီလွင်

Read More...

Friday 10 February 2012

ဖေဖော်ဝါရီ မွန်းတိမ်း

ဖေဖော်ဝါရီ မွန်းတိမ်း

Henry Wadsworth Longfellow ရဲ့ ကဗျာတွေ ဒေါ်လေးမေ (မေဓာဝီ) တင်နေတာနဲ့ ဖတ်ဖြစ်ပါတယ် ... အရင်ဆုံး ဖတ်လိုက်မိတာက "Afternoon in February" ပါ ... အဲဒါလေးကို ဖတ်မိပြီး အတော် သဘောကျသွားတာနဲ့ ဘာသာပြန်ပြီး ရေးမိပါတယ် ... အချိုးတွဲပုံစံလေး ပါ ... ဒွေးဆစ်လေးတွေ တွဲပြီး ရေးလိုက်တာပါ ...

ဖေဖော်ဝါရီ မွန်းတိမ်း

နေ့အကုန်၊
ညဦးရုံ ခုန်အဆင်း။
စိမ့်မြေတို့ အေးခဲပျစ်၊
မြစ်သေတစင်း။

တိမ်လွှာတို့ ပြာမှုန်သွင်၊
နီရဲလွင် နေမင်း။
ဇနပုဒ် ပြတင်းထက်၊
လင်းလက်ဘိခြင်း။

နှင်းမြူခဲ တဖန်ပြန်၊
ခြံစည်းရိုး မြုပ်ကွယ်ပျောက်။
လွင်ပြင်ထက် လမ်းမကျယ်၊
ဘယ်ဝယ်ဆီရောက်။

ကြောက်စရာ့ ရိပ်လှိုင်းသွင်၊
မြက်ရိုင်းပြင်ထဲမှာလား။
လေးတွဲ့တွဲ့ ဖြတ်ကျော်လာ၊
မသာရထား။

ခေါင်းလောင်းသံ လွင်၊
ရင်တွင်းစိတ်ပေါင်း။
ခြောက်ခြားဖွယ် တုံ့ပြန်ကြ။
မရဏခေါင်းလောင်း။

အရိပ်ဆိုး ထပ်ကြပ်ပါ၊
အသည်းနာ ကြေကွဲ၊
ဈာပန ခေါင်းလောင်းကြိုး၊
ရင်တွင်း ထိုးဆဲ။ ။


မမေကိုလည်း ဘာသာပြန်ပါလို့ ပြောလိုက်ပါတယ် ... အဲဒါကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလေရဲ့ ... (အဲ့ဒီ အပျိုကြီးဟာ အမြဲတမ်း အဲဒီအတိုင်းပဲ ... ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ... ပြောလိုက်ရင်) ဒါပေမဲ့ နောက်ဆုံးတော့ သူပြန်လိုက်တာက ကျနော့် ကဗျာထက်တောင် ပိုကောင်းနေသေးရဲ့ ... အမှန်အတိုင်းပြောရရင် ဒေါ်လေးမေ လေးလုံးစပ်နဲ့ ဘာသာပြန်ရေးထားတဲ့ ကဗျာကို ကျနော်ကိုယ်တိုင် ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာထက် ပိုကြိုက်ပါတယ် ... ခံစားကြည့်နိုင်ကြဖို့ အောက်မှာ တင်ပေးလိုက်ပါတယ် ... မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ် ...



ဖေဖော်ဝါရီ မွန်းလွဲချိန်

တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ အို … မြစ်သေ … ။

တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေဝင်ဆည်းဆာ
အာကာပြင်ထက် မှိန်ပြိုးပြက် … ။

ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ နှင်းမွေ့ယာ … ။

မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား မသာ ရထား … ။

ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး ခေါင်းလောင်းထိုး … ။

ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန် ခေါင်းလောင်းသံ … ။ ။

(မေဓာဝီ)

မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Afternoon in February"

The day is ending,
The night is descending;
The marsh is frozen,
The river dead.

Through clouds like ashes
The red sun flashes
On village windows
That glimmer red.

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

While through the meadows,
Like fearful shadows,
Slowly passes
A funeral train.

The bell is pealing,
And every feeling
Within me responds
To the dismal knell;

Shadows are trailing,
My heart is bewailing
And tolling within
Like a funeral bell.

Written by Henry Wadsworth Longfellow (1807-1882)


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Saturday 4 February 2012

ပန်းအိပ်မက်

"ပန်းအိပ်မက်"

မချူရက်ပါခဲ့၊
သူမက်တဲ့ အိပ်မက်တွေ။

အလွမ်းတွေ ပျိုးကာဆင့်
ကျွမ်းရင့်ပူဝေ။

ပန်ခက်တဲ့ ဝတ်မှုန်ရွှေ
မေမဆွတ်ပေမင့်။

ပန်းနံ့သာ …
လွမ်းကဗျာ အိပ်မက်ဆန်းက
ညဥ့်ချမ်းမှာပွင့်။

မေဓာဝီ

ကျနော့် ဘလော့ဂ်မှာ တင်ထားခဲ့တဲ့ ခရမ်းပြာဝိုင် (၁၀) မှာ ချန်ထားပေးခဲ့တဲ့ မမေဓာဝီ ရဲ့ အိပ်မက်လေးပါ ... ကြာပြီဆိုတော့ ကွန်မင့်ထဲမှာပဲ ပျောက်သွားမှာစိုးလို့ ပြန်တင်ပေးလိုက်ပါတယ် ... ယှဉ်တွဲဖတ်ကြည့်ချင်ရင် ဖတ်လို့ရအောင် ခရမ်းပြာဝိုင် (၁၀) ကိုပါ ပြန်ထည့်ပေးလိုက်ပါတယ် ... မြန်မာဂန္ထဝင်ကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန်ရေးကြရိုး ရှိပါတယ် ...

ခရမ်းပြာဝိုင် (၁၀)

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။

ဟယ်ရီလွင်

Read More...

Wednesday 1 February 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၃) - စောင်းညှို့သံချီ လင်္ကာစီ၍ (၃)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ - ၃
စောင်းညှို့သံချီ လင်္ကာစီ၍ (၃)


မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာ တွေကို လေးလုံးစပ်နဲ့ ပြန်ရေးကြည့်လိုက်တယ် ခင်ခင်ရေ ... ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စကားလုံးတွေကိုပဲ အခြေခံပြီး ရေးလိုက်တာပါ ... ဖတ်ကြည့်ပါဦး ... မကောင်းရင်တော့ ကိုယ့်အပြစ်ပါ ... ကြိုက်ရင်တော့ ဆရာကြီးကိုပဲ ကန်တော့လိုက်ပါကွယ် ...

(၁) စောင်းညှိသီချင်း
စောင်းခြင်းတံတျာ၊ တေးဂါထာကား၊
ဗုဒ္ဓာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ဓမ္မာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
သံဃာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ရဟန္တာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကာမကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကိုးဂုဏ်သခင်၊ ဘုရားရှင်အား၊
ပဉ္စသီခ၊ မည်ရတွင်ခေါ်၊
တပည့်တော်က၊ ဂီတတံတျာ၊
တေးဂါထာဖြင့်၊ ချိုစွာရွှေနား၊
လျှောက်ကြားပါအံ့။

(၂) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ဘဝဆုတောင်း၊ အကြောင်းကြောင်းကြောင့်၊
ကောင်းခြင်းငါးဖြာ၊ လက္ခဏာရှင်၊
ကညာနတ်မိ၊ လှဂုဏ်ငြိတွယ်၊
ငါ၏ချစ်ခြင်း၊ ပြင်းပြင်းကြွကြွ၊
ဖြစ်စေထသူ၊ သူရိယဝစ္ဆာ၊
နတ်ကညာမယ်၊ မှီကာဖွားမြင်၊
မွေးသန့်စင်သည့်၊ ဖခင် တိမ္ဗရူ၊
နတ်စစ်သူကြီး၊ ဖခမည်းကို၊
ရိုကျိုးဝန္ဒာ၊ ရှိခိုးပါ၏။ ။

(၃) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ထကြွပူမီး၊ လွန်ဖိစီး၍၊
ချွေးဒီးဒီးကျ၊ ခံစားရသူ၊
များလူခပင်း၊ လေပြေညင်းကို၊
မယွင်းတောင့်တ၊ နှစ်သက်ကြပေ။
ရေငတ်မွတ်သူ၊ များလူအပေါင်း၊
မြလျောင်းရေစင်၊ သောက်သုံးချင်သို့။
ဖြူစင်အရိယာ၊ ရဟန္တာသည်၊
ဓမ္မာတရား၊ မွေ့ပျော်အားချင်၊
ခုံမင်တောင့်တ၊ နှစ်သက်ကြသလို၊
လျှံပြပြိုးပြက်၊ ဝင်းလက်လက်နှင့်၊
ထွက်သည့်ကိုယ်ရောင်၊ လှတန်ဆောင်ဖြင့်၊
လျှံပြောင်တင့်တယ်၊ လှသွေးကြွယ်သည့်၊
နတ်မယ်နှမ၊ ချစ်ပန်းလျကို၊
တမ်းတချစ်ခြင်း၊ ငါ့ရင်ခွင်းပြီ။ ။

(၄) စောင်းသံ
ရောဂါစွန်းငြိ၊ အနာရှိသူ၊
ဆေးကူပေးကာ၊ ရောဂါပျောက်တိမ်း၊
ငြိမ်းစေသလို ...
ဆာလောင်ပိုငြား၊ ငတ်မွတ်အားသူ၊
အစားအစာ၊ ပေးဝေပါက၊
ဆာလောင်မရှိ၊ ငြိမ်းစေဘိလို ...
အတိငြီးငြီး၊ တောက်လောင်မီးအား၊
ရေများဖြန်းက၊ ငြိမ်းစေရသလို ... ။
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
ချစ်ရပေရှာ၊ မယ့်မောင်ငါ၏၊
ချစ်စွာအလှ၊ ကျုပ်နှမကြောင့်၊
ဒုက္ခဆူသီး၊ အပူကြီးကို၊
ကူပြီးဖျောက်ရန် ...
မြန်မြန်အသော့၊ ငြိမ်းစေလော့။

(၅) စောင်းသံ
အပူလွန်မင်း၊ နှိပ်စက်ခြင်းကြောင့်၊
ခံပြင်းတောက်လောင်၊ ထိုဆင်ပြောင်သည်၊
ဆောင်ယောင်သာယာ၊ ရေကြည်ဖြာသည့်၊
ရွှေကြာပဒုံ၊ ပန်းဝတ်မှုံနှင့်၊
ပြည့်စုံချမ်းမြ၊ ဧမြကြည်လင်၊
သွင်သွင်ရေဖြာ၊ ရေကန်သာသို့၊
ဆင်းကာသက်မှ၊ ဧကြည်လှစွာ၊
ချမ်းသာရသည့်၊ ဖြစ်ကြောင်းရှိသလို၊
ထိုနှင့်တမူ၊ ထပ်တူထပ်မျှ၊
နှမချစ်ဆွေ၊ နတ်မယ်မေ၏၊
ရွှေရင်ရတနာ၊ ပန်းနှစ်မြွာကြား၊
ကစားမွေ့ချင်၊ သက်ဝင်အာရုံ၊
ရင်ငွေ့လှုံမှ၊ သုခချမ်းသာ၊
စိတ်လန်းဖြာမည် ...
ဖြစ်ရာအကြောင်းရင်းတကား။

(၆) စောင်းသံ
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
မုန်ထ, ယစ်လျင်၊ ချိတ်ငင်ဆွဲကြောင်း၊
သံချွန်းတောင်းဖြင့်၊ ကောင်းစွာငင်နှိပ်၊
မချိတ်နိုင်အောင်၊ ဆင်ပြောင်တို့အား၊
လွန်ကြီးမား၏၊ နားရင်းထိုးစူး၊
ဒူးခြေလက်ထွင်း၊ ထိုခက်ရင်းကို၊
မယွင်းမချွတ်အောင်အပ်ပြီ။
ဤသို့တမုတ်၊ အဟုတ်ထစ်ထစ်၊
အမုန်ယစ်၍၊ တဆစ်သောအမှု၊
တခုသောအကြောင်း၊ မသိကောင်းသို့၊
ပမာတို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ရွှေညှာရွှေခိုင်၊
ရွှေစိုင် တမွတ်၊ ပွတ်မှချွတ်သို့၊
ချောမွတ်လှဟန်၊ ရွှေပေါင်တန်စုံ၊
ဂုဏ်လက္ခဏာ၊ ရှိရာရှိလှ၊
ချစ်နှမကို၊ ရာဂအမုန်၊
သုန်သုန် ယစ်မူး၊ အရူးကြီးသို့၊
မူးပြီးချွတ်ယွင်း၊ ဉာဏ်ရောင်ကင်းကွာ၊
ဘာဆိုဘာမှ၊ ထွေလာကြောင်းရင်း၊
သိစိတ်ကင်းပြီ၊
မဲ့လျဉ်းအသိ မရှိတော့။

(၇) စောင်းသံ
နတ်မေနှမ၊ ဝစ္ဆသ ...
ငါ့မှာအမြဲ၊ သင့်ကိုစွဲပြီ၊
မခွဲသက်သက်၊ စွဲမက်စိတ်ရှိ၊
ကော့ညိတ်အဖျား၊ သံချိတ်မျှားကို၊
မျိုမှားမိခဲ့၊ ရေငါးကဲ့သို့၊
တလှည့်လွတ်ရန်၊ ရုန်းခဲ့ပြန်လည်း၊
တဖန်အသစ်၊ ပြန်နစ်ခြင်းသာ၊
ခါခါကြိုးပမ်း၊ မစွမ်းနိုင်ရှာ၊
ပမာသို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါ၏၊ ရင်မှာချစ်စိတ်၊
နှိပ်စက်ဖောက်ပြန်၊ မေ့ရန်ကြိုးကုတ်၊
အားထုတ်ခဲ့လည်း၊ ဆုတ်နစ် တဖန်၊
အမှန်ပြကတေ့၊ နဂိုလေ့လို၊
ပျော်မွေ့ဘဝ၊ ဖြစ်ပြန်ရဖို့၊
လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။ ။

(၈) စောင်းသံ
ပွတ်မှာတင်ချွတ်၊ တမွတ်ရွှေစိုင်၊
ရောင်ပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်၊
ရွှေပေါင်တံရှင်၊ နတ်မယ်သွင်ပြေ၊
ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွသက်ဖြိုး၊
ရွှေမုရိုးစည်၊ ပုံလည်မယွင်း၊
ရွှေလည်ပင်းကို၊ ချက်ခြင်းသိမ်းယှက်၊
ဖက်လှည့်ပါလော။
မထေ့တထေ့၊ သိမ်မွေ့မွေ့နှင့်၊
ရှုလေ့ရှိပေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊
ရွရွသက်ဖြိုး၊ ရွှေမုရိုးစည်၊
ပုံလည်မယွင်း၊ ရွှေလည်ပင်းကို၊
ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။
ကောင်းခြင်းငါးဖြာ၊ လက္ခဏာနှင့်၊
ပြည့်ရာနတ်မေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွဥဥ၊
နုနုအိစက်၊ ပေါင်ပေါ်ထက်ဖျား၊
ကိုယ်လုံးထား၍၊ ပိုက်ဖြားမကြွင်း၊
မောင့်လည်ပင်းကို ...
ညှင်းညှင်းသာသာ၊ ဖက်လှည့်ပါလော့။
မယ့်မောင်ငါသည်၊ ပြာဝေနုညှို့၊
ဤသို့ ဖက်ခြင်း၊ လှယမင်း၏၊
ချစ်တင်းပျူငှာ၊ ဖြာဖြာပိုက်ထွေး၊
မေတ္တာဖေးကြူ၊ ချော့မြှူယုယ၊
အနုသယမွန်၊ ချစ်ခြင်းနွံကို၊
အလွန်အလိုရှိအပ်ပြီ။ ။

(၉) စောင်းသံ
ညွန့်ဖျားကော့ကော့၊ ကြော့ရှင်းကောင်းစွာ၊
ဆံကေသာရှင်၊ ဝေဖြာမြမြ၊
လှပုံတင့်တယ်၊ မောင့်သက်လယ် ... ။
သင်နှမ၌၊ ချစ်ကြိုက်ရစွာ၊
မယ့်မောင်ငါ၏၊ ကာမဆန္ဒ၊
ချစ်ရသည့်စိတ်၊ မမှိတ်လားရာ၊
များစွာအပုံ၊ ရှိပါတုံလျက်၊
မတုန်မလှုပ်၊ ကျောက်ဆစ်ရုပ်သို့၊
ဖော်ထုတ်မမျှ၊ မယ့်မောင်ငါ့၌၊
နှမမေတ္တာ၊ နည်းလှပါသည်၊
သံဃာတော်မြတ်၊ ကင်းပြတ်တဏှာ၊
ရဟန္တာအား၊ သဒ္ဓါကြည်ဖြူ၊
ပေးလှူပါရ၊ မြတ်ဒါနသည်၊
မဆွအကျိုး ရှိသည်တည်း။ ။

(၁၀) စောင်းသံ
တကိုယ်လုံးချော၊ လှမျိုးရောဝေ၊
နတ်မေနှမ ...
မယ့်မောင်ငါ့မှာ၊ တာဒိသုမြတ်၊
ရှိအပ်ဂုဏ်အင်၊ ရဟန္တာရှင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ ကုသိုလ်ကြောင့်ပေ၊
နှမမေနှင့်၊ မသွေအတည်၊
ရွှေလည်ဖက်နွှဲ၊ လက်တော်ဆွဲ၍၊
ခပဲရောယု၊ အကျိုးစုကို၊
ယခုခံစားရပါစေ။ ။

(၁၁) စောင်းသံ
တကိုယ်လုံးလှ၊ ဝစ္ဆသဟု၊
နာမခေါ်ပေ၊ ချစ်ဆွေနှမ ...
မယ့်မောင်ငါ့တွင်၊ ဤမြေပြင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ အစုကုသိုလ်၊
မျှဝေလိုယူ၊ အတူတကွ၊
ချစ်နှမနှင့် ...
တူမျှခံစားရပါစေ။ ။

(၁၂) စောင်းသံ
သူရိယဝစ္ဆ၊ အမည်ရသည့်၊
နှမချစ်ဆွေ၊ အို နတ်မေ ...။
ရင့်ပေပညာ၊ မြတ်သာကီဝင်၊
ဈာန်လျင်သတိ၊ မြတ်ဖြစ်ရှိသား၊
မြတ်ဘုရားသည်၊ များစွာမြင့်ကြာ၊
သံသရာလုံး၊ နိဗ္ဗာန,မြေ၊
ရှာမှီးနေရင်း၊ ထွေထွေကျင်လည်၊
နေဝယ်ဘိသို့၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ဝေဆာပွင့်မြ၊
အလှဆန်းကြယ်၊ နတ်မိမယ်ကို၊
ချစ်ဖွယ်အတွေ့၊ ရင်ငွေ့ပန်းမှုံ၊
လှုံရပါကြောင်း၊ နေ့ရက်ပေါင်းကြာ၊
အောက်မေ့ရှာကြံ၊ ခါခါဖန်တည်၊
ကျင်လည်သွားလာ၊ မြင့်ကြာလှပြီ။ ။

(၁၃) စောင်းသံ
အင်္ဂါငါးပါး၊ လက္ခဏာများနှင့်၊
မခြားပြည့်စုံ၊ ကုံလုံကြွယ်ဝ၊
ချစ်နှမ ...
ဗုဒ္ဓမြတ်စွာ၊ ဘဂဝါရှင်၊
သဗ္ဗညုတ၊ ဉာဏ်တော်ရသော်၊
နှစ်သက်တော်မူ၊ မျက်လှော်ပီတိ၊
ရွှန်းဖိထိသို့၊ အတိတူစွာ၊
မယ့်မောင်ငါသည်၊ မကွာနှမ၊
နတ်မယ်လျနှင့်၊ တူမျှရွှင်ပျော်၊
ပေါင်းဖော်ရမူ၊ အယူချစ်မက်၊
နှစ်သက်ရွှင်ဖိန်း၊ ရှိန်းရအံ့တကား။ ။

(၁၄) စောင်းသံ
သူရိယဝစ္ဆ၊ နာမဆန်းကြယ်၊
နတ်မိမယ် ...
အကယ်၍ငြား၊ ဘိုးသိကြားက၊
သနားချီးမြှင့်၊ စည်းစိမ်တင့်ရာ၊
ဝတိံသာနှင့်၊ နတ်ရွာနှစ်ထပ်၊
စည်းစိမ်မြတ်ကို၊ တပ်အပ်မသွေ၊
ပေးခဲ့ချေမူ၊ မယူလိုပါ၊
မယ့်မောင်ငါသည်၊ လျင်စွာတားမြစ်၊
ပယ်ရှားပစ်လိမ့်၊ သင်ချစ်နှမ၊
နတ်မယ်လျသာ၊ ငါ့မှာတပ်မက်၊
ရမ္မက်ယစ်ပိုး၊ ချစ်နှောင်ကြိုးသည်၊
ထုပ်ပိုးရစ်ပတ်၊ မပြတ်နိုင်ဘဲ၊
ခိုင်မြဲလေစွ ချစ်နှမ။ ။

(၁၅) စောင်းသံ
လောကွတ်ပျူငှာ၊ အရာရာ၌၊
လိမ္မာတတ်သိ၊ ဉာဏ်မြင်ရှိလှ၊
ချစ်နှမ ...
အဘနတ်မင်း၊ မယွင်းတူစွာ၊
လက္ခဏာနှင့်၊ ပြင်လျာပြည့်စုံ၊
ကုံလုံကြွယ်သီး၊ ရှုမငြီးသည့်၊
သမီးရတနာ၊ ဖြစ်ပါချေ၏။
မသွေမလပ်၊ မပြတ်ပွင့်ထယ်၊
နတ်မိမယ်တို့၊ စံပျော်ပျို့သည့်၊
မြို့၏အနီး၊ ပင်ကြီးခန်းဝင်၊
အင်ကြင်းပင်နှင့်၊ အသင့်တူစွာ၊
ပမာမှတ်ပြု၊ တိမ္ဗရုဟု၊
ခေါ်ပြုဆိုငင်၊ အမည်တွင်သည့်၊
သင်နတ်မယ်လျ၊ ဘခမည်းတော်၊
နတ်မင်းကျော်အား၊ ခတွားဝပ်ငင်၊
ပဉ္စသီခ၊ မည်ရသညာ၊
မယ့်မောင်ငါသည်၊ လျင်စွာချီးမွမ်း၊
ရွှင်မောလျှမ်းမြ၊
ဦးချရိုကျိုး၊ ရှိခိုးပါ၏။ ။

စောင်းညှို့သံချီ လင်္ကာစီ၍ ကိုတော့ ဒီကဗျာနဲ့ပဲ အဆုံးသတ်လိုက်ပြီ ခင်ခင်ရေ ... ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးတို့လည်း အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ကြတုန်းပဲ ရှိဦးမှာပါ ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ...

အားလုံးပဲ ကျေးဇူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Friday 27 January 2012

ပန်းနုရောင်များ

ပန်းနုရောင်များ

နီမှာဖြင့်၊
ရင့်ရင့်သာနီ။

ကြည်မယ်တွေး၊
ဖွေးဖွေးသာကြည်။

နီမှာလား ကြည်မှာလား၊
ပြတ်သားဖို့လိုသည်၊
ချိုတလီ တမာပျား။

နီလိုက နေလိုနီ၊
ကြည်ဆိုမှ ရေလိုကြည်ပေါ့၊
နီမလိုကြည်သဖွယ်နဲ့၊
အီလယ်လယ်အရောင်သန်း၊
ပန်းနုရောင်များ။ ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Tuesday 24 January 2012

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...


“အမေကြီး ... ကဗျာ ရွတ်ရအောင်လေ ...”
သမီးငယ်က သူ့အမေကြီး (အဖွား) ကို ပူဆာနေတဲ့ တီတီတာတာ အသံဖြစ်ပါတယ်။ ဆက်ပြီး နားထဲကို ဝင်လာတာက ...
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
သမီးဟာ ကဗျာတွေကို အလွန်ကြိုက်ပါတယ်။ အရမ်းလည်း ရွတ်ချင်ပါတယ်။ ဒီအသံတွေကို ကြားတော့ ကျနော့် စိတ်အလျဉ်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးကို ပြန်ရောက် သွားပါတော့တယ် ...

****

“မေမေ ... ကဗျာ ရွတ်ရအောင်လေ ...”
ဒီတခါ ပြောလိုက်တဲ့ အသံရှင်ကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
“ရေအိုးကလေး ရွက်လာရင်၊ အဲဒါ လုံးကြီးတင် ...”
“ရွက်နုထွတ်ထွတ်၊ မိုးဦးဆွတ်၊ စွတ်စွတ်စိုတဲ့လ ... ”
ကျနော့် အသက် သုံးလေးနှစ်အရွယ် ကျောင်းမနေသေးခင် အချိန်ကပါ။ ပြောရရင် ကျောင်းမနေသေးခင်ကကို ကျနော် မြန်မာစာ စပြီး တတ်ခဲ့ပါတယ်။ ဒီလို တတ်ခဲ့တာကလည်း အထက်ပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ တဖြည်းဖြည်း မြန်မာစာကို စပြီး ဖတ်တတ်လာခဲ့တာပါ။ အဲဒီလို ကျနော့်ကို မြန်မာစာ တတ်လာအောင် ဖန်တီးပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ တခြားသူမဟုတ်ပါ ... ဧည့်သည်ကြီး လို့ အသိများကြတဲ့ “ဆရာတင်မိုး” ပဲ ဖြစ်ပါတယ်။ အထက်ပါ ကဗျာလေးတွေဟာ ဆရာ့ရဲ့ “ပျိုးခင်းတေးသံ” ကဗျာ စာအုပ်လေးမှ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်ကတည်းက အမေက သင်ပေးလို့ အစအဆုံး ရွတ်ရင်းရွတ်ရင်း ကနေ တဖြည်းဖြည်း စာတတ်လာတာပါ။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကဗျာတွေ၊ စာတွေ ခံစားတတ်လာတာနဲ့အတူ ဆရာ့ရဲ့ကဗျာတွေဟာ ကျနော့် အသည်းစွဲ ဖြစ်လာပါတယ်။ ကျနော်တဦးတည်းမဟုတ်ပါဘူး။ ကဗျာရေး၊ စာရေး အလွန်ဝါသနာပါတဲ့ ကျနော့်ရဲ့ မိခင်ကြီး လည်း ပါပါတယ်။ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမောင်ငွေလှိုင်း ... အစရှိသူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ တက္ကသိုလ်တက်ဖက်၊ စာရေးဖက် ကျနော့်မိခင်ကြီးဟာ ဆရာတင်မိုးတို့နဲ့ တက္ကသိုလ်ချင်းမတူလို့ မိတ်ဆွေ မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ကဗျာတွေကို ကျနော့်လိုပဲ အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ဘယ်သူကတော့ ကဗျာ့ဘုရား ဘာညာ ပြောမိတိုင်း “ဘာမှ လာပြောမနေနဲ့ဟေ့ ... ‘တင်မိုး’ ကိုတော့ ဘယ်သူမှ မမီဘူး” လို့ ကျနော့်ကို အမြဲပြောလေ့ရှိပါတယ်။

ဒီလို လေးစားခဲ့ရတဲ့ ဆရာတင်မိုးကို ကျနော် တက္ကသိုလ်တက်တဲ့အထိ မမြင်တွေ့ဖူးပါဘူး။ ဆရာ့ကဗျာတွေကိုသာ ဖတ်ရှု ခံစားနေခဲ့မိပါတယ်။ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်တော့ ကျောင်းနဲ့နီးတဲ့ အင်းစိန်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ မကြာမကြာ ရောက်လေ့ရှိပါတယ်။ အဲဒီအခါ မင်းကြီးလမ်းမှာရှိတဲ့ ဆရာ့အိမ်ကို ဖြတ်သွားတဲ့ အခါ တိုင်း ဆရာ့ကိုများ တွေ့ရလေမလားလို့ မျှော်လင့်တကြီး ကြည့်မိပါတယ်။ ဒါပေမဲ့ တခါမှ မတွေ့ခဲ့ရပါဘူး။ ဆရာ့အိမ် ကလေးကလည်း ပုံစံဆန်းဆန်းလေးနဲ့ ဆရာ့ကဗျာတွေလိုပဲ ချစ်စရာလေးရယ်ပါ။

တနေ့မှာတော့ (၁၉၈၆-ခုနှစ်မှာ ထင်ပါတယ်) ကျနော်တို့ မြို့မှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အဲဒီမှာ လာပြီး ဟောပြောတဲ့ ဆရာ၊ ဆရာမတွေကို ကျနော်တို့ရဲ့ အိမ်မှာ ဧည့်ခံခွင့် ကြုံပါတယ်။ ဆရာမ ရွှေကူမေနှင်း နဲ့ ကျနော့် မိခင်ကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက်ရော၊ တာဝန်အရပါ အိမ်မှာ ဧည့်ခံရတာပါ။ အဲဒီမှာ ကျနော် မှတ်မိသလောက်ဆို ဆရာမင်းယုဝေ၊ ဆရာချစ်ဦးညို၊ ဆရာမ ရွှေကူမေနှင်း နဲ့အတူ ကျနော် အလွန်လေးစားတဲ့ ဆရာ တင်မိုး လည်း ပါလာပါတယ်။ မျက်နှာပြည့်ပြည့်၊ ခပ်ဖိုင့်ဖိုင့်၊ အမြဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေတတ်တဲ့ ဆရာ့ကို မြင်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အဲဒီမှာ အမေက ပြောပါတယ် ... “ဆရာ ... အခု စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့ ဟောဒီ ကျမသားလေးဟာ ဆရာ့ရဲ့ ပျိုးခင်းတေးသံ ကဗျာစာအုပ်နဲ့ စာ စ,တတ်ခဲ့တာပါ” လို့ ... အဲဒီ အခါ ဆရာ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီး ဝင်းပသွားပါတယ်။ ဆရာဟာ သူ့ကဗျာလေးတွေကြောင့် ကလေးငယ်တဦး စာတတ် ခဲ့ရတယ်လို့ သိလိုက်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်သွားပုံဟာ ကျနော့်မျက်စိထဲကနေ မထွက်ပါဘူး။ ကျနော်ကတော့ ဆရာကြီးတွေကို အဲဒီတုန်းက ဘေးကနေသာ ငေးကြည့်ရင်း ပြောသမျှကို နားထောင်နေခဲ့ရုံပါပဲ။ သာမန်တက္ကသိုလ် ကျောင်းသားလေး တဦးသာဖြစ်တဲ့ ကျနော်ဟာ ဆရာ့လို ပုဂ္ဂိုလ်မျိုးကို ဘာစကားမှလည်း မပြောရဲပါဘူး။ ဒါပေမဲ့ ကျနော့်ကို ကဗျာတွေနဲ့ စာတတ်စေခဲ့တဲ့ ကျေးဇူးရှင် ဆရာတင်မိုးကိုတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။

ဒီနေ့အထိ ဆရာတင်မိုးကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချ နေမိဆဲပါ။ ရက်လနှစ်တွေ အခါခါကုန်လွန်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဆရာ့အကြောင်းတွေ၊ ဆရာ့စာတွေ၊ ကဗျာတွေကို ဆက်လက်ပြီး သိရှိမှတ်သား လာခဲ့ ရတာနဲ့အမျှ ဆရာ့အပေါ်မှာ ပိုပြီး လေးစားကြည်ညိုမိပါတယ်။ ၂၀၀၇-ခုနှစ်မှာ ဆရာ ကွယ်လွန်သွားကြောင်း သိရတဲ့အခါ ကျနော့် စိတ်ထဲမှာ ယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ ကဗျာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသားမို့ ဆရာ့ရဲ့ ဘယ်ကဗျာတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနော့်အနေနဲ့ အထူးပြောနေဖို့ မလိုပါဘူး။ ပြောနေရင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်းတွေကို မြင်းထိန်းငတာ က ချီးကျူးသလို အဖြစ်မျိုးသာ ဖြစ်နေမှာပါ။

သူဖန်တီးခဲ့တဲ့ ပျိုးခင်းလေးကတေးသံတွေဟာ ကျနော်သာမက ကျနော့်ရဲ့ သမီးငယ် အထိ မျိုးဆက်နှစ်ဆက်တိုင်တိုင် စာတတ်မြောက်စေဖို့အထိ အစွမ်းထက်ခဲ့တယ် ဆိုတာ ဖလ်မီးအိမ်ရှင် ဧည့်သည်ကြီးသာ သိရင် ဘယ်လောက် ကြည်နူးပီတိ ဖြစ်နေလိမ့်မလဲ ... အခုတော့ သူချစ်တဲ့ “ပုဂံကျောင်းက ခေါင်းလောင်းသံ” ချိုချိုကို နားဆင်ရင်း “နှင်းဆီပွင့်ပေါ် အိပ်ပျော်” နေပြီလား ...

***

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ ... တဲ့

ဆေးလိပ်ဟာ တိုရုံမက အစီခံအထိ လောင်ကျွမ်းသွားခဲ့ပါပြီ ... နေဟာလည်း ညိုရုံမက အနောက်ဂေါယာကုန်းမှာ စုန်းစုန်းမြုပ်လို့ မိုးစုပ်စုပ်ချုပ်သွားခဲ့ပါပြီ ... သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ “ဧည့်သည်ကြီး” ခမျာ အခုထိ သူ အလွန်ချစ်တဲ့ “အိမ်” ကို မပြန်နိုင်ရှာသေးပါ ... သူ့ကို ... ကျနော်တို့ ခုထိ အိမ်ပြန်မပို့နိုင်ကြသေးပါလား ခင်ဗျာ ....

(ကျေးဇူးရှင် ဆရာတင်မိုး အား ဤပို့စ်ဖြင့် ဂုဏ်ပြုကန်တော့ပါသည်။)

ဟယ်ရီ

Read More...

Saturday 21 January 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂) - စောင်းညှို့သံချီ လင်္ကာစီ၍ (၂)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂)
စောင်းညှို့သံချီ လင်္ကာစီ၍ (၂)


ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို ဆက်ရဦးမယ် ခင်ခင်ရေ ...
အရင်တခါ ခင်ခင့်ကို ပြောပြခဲ့တဲ့ ဒီပုံပြင်လေး (http://harrylwin.blogspot.com/2011/06/blog-post_20.html) မှာ မပြည့်မစုံဖြစ်နေတာလေးတွေကို အခု ပြည့်စုံအောင် ဆက်ပြောရမှာကွယ့် ... ကိုယ့်မိတ်ဆွေကြီး “မြို့သားကိုရင်”က ကွန်မင့်ထဲမှာ ညွှန်ပြပေးခဲ့လို့ ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို အခုထပ်ပြီး ဖြည့်စွက်ပြောပြရမှာပေါ့ကွယ် ...


ဒီစောင်းချင်းဂါထာတွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာမကဘဲ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်တော်နဲ့ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ မင်းတုန်းမင်းလှူဒါန်းတဲ့ ဘွဲ့တံဆိပ်တော် နှစ်ခုအပြင် ‘နရိန္ဒာဘိဓဇ အတုလဓိပတိ သိရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ သီပေါမင်းကပ်လှူတဲ့ တတိယဘွဲ့တံဆိပ်တော်ကိုပါ ဆက်ကပ်ခံယူရရှိတော်မူတဲ့ ပဉ္စမသံဂါယနာအမှူးဖြစ်တော်မူတဲ့ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ကြီးကလည်း ကဝိမဏ္ဍနမေဒနီကျမ်းမှာ အနက်ပြန်ခဲ့သေး တယ် ခင်ခင်ရဲ့ ... ဆီးဘန်နီဆရာတော်ကြီးကိုတော့ သိပြီးသားဖြစ်မှာပါ ... “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ...” ဆိုတဲ့ ပါတော်မူတမ်းချင်းကို ရေးခဲ့တဲ့ ဆရာတော်ကြီးပါပဲ ... ဒီမှာလည်း http://harrylwin.blogspot.com/2011/07/blog-post.html ပြန်ဖတ်ကြည့်လို့ရတယ်နော် ...

ဆီးဘန်နီဆရာတော်ကြီး အနက်ပြန်ထားတဲ့ထဲမှာ စောင်းညှိသီချင်းကိုတော့ ထည့်မထားတဲ့အတွက် စုစုပေါင်း (၁၄) ဂါထာ ရှိတယ်ပေါ့ကွယ် ... အဲဒီ စောင်းချင်းဂါထာတွေကိုတော့ တိပိဋက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တ သာရာဘိဝံသ ပြုစုခဲ့တဲ့ “မဟာဗုဒ္ဓဝင်ကျမ်းကြီး” ထဲက အတွဲ (၅)၊ အခဏ်း-၃၉၊ သက္ကပဥှသုတ် မှာ ဖော်ပြထားတဲ့အတိုင်း ပြန်ပြောမယ် နော် ... ဂါထာ (၂) နဲ့ (၃) ကို ပေါင်းပြီး ဂါထာတပုဒ်တည်းအနေနဲ့ ယူထားလို့ ဒီမှာတော့ (၁၄) ဂါထာပဲ ဖြစ်သွားတာပေါ့ ... ပါဠိလို စကားလုံးတခုချင်း အနက်ချထားတာတွေတော့ ဖတ်ရတာ ရှုပ်နေမှာစိုးလို့ မထည့်တော့ဘဲ မြန်မာပြန် သက်သက်ကိုပဲ ဖတ်ကြည့်တော့နော် ... ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးထားတဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းထဲက ပါဠိတွေနဲ့ နည်းနည်းတော့ကွာတယ်ကွယ့် ...

(၁)
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။

နေလုလင်ဝင်း တက်သစ်ဆင်းနှင့် မယွင်းထပ်တူ ကိုယ်ရောင်ယူသော အိုအရှင်မ ... ။ အကြင် တိမ္ဗရုအမည်ရှိသော ခမည်းတော်နတ်မင်းကြောင့် သင်ချစ်နှမသည် နှာရု, မံသ, သရ, အဋ္ဌိ, ပရိမဏ္ဍလ = ငါးဝကလျာ ကိုယ်အင်္ဂါနှင့် ပြည့်စုံသည် ဖြစ်၍ ဖြစ်လာသည် ထင်ရှား၏။ ဝါးမှည့်ရောင်ထင် ငါစောင်းရှင်၏ နှစ်သက်ကြင်ကျွမ်း ပိုက်ယမ်းပွေ့ဖက် နွှဲယှက်ခင်မွတ်ခြင်းကို ဖြစ်စေတတ်သည်လည်း ဖြစ်ပေတမုံ့။ ရှင်မသူရိယဝစ္ဆသာ၏ ခမည်းတော် ဖြစ်သော ထို တိမ္ဗရုဒေဝ ဂန္ဓဗ္ဗနတ်မင်းကို ဗေလုဝစောင်းရှင် ငါလုလင်သည် သင့်ကိုလိုချင်ခြင်း ဟူသောအကြောင်းကြောင့် ရှိခိုး၏။

(၂)
ဝါတောဝ သေဒတံ ကန္တော၊ ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊ ဓမ္မော အရဟတံ ဣဝ (အရဟတာ မိဝ)။
(၃)
အာတုရေဿဝ ဘေသဇ္ဇံ၊ ဘောဇနံဝ ဇိဃစ္ဆတော။
ပရိနိဗ္ဗာယိ (ပရိနိဗ္ဗာပယ) မံ ဘဒ္ဒေ၊ ဇလန္တမိဝ ဝါရိနာ။

ကိုယ်ရောင်ထွန်းပ ရွှန်းရွှန်းလှသော သူရိယဝစ္ဆသာ ... ။ ကိုယ်၏ညစ်ကြေး၊ ချွေးယို ကုန်သော သူတို့သည် ဧဧဆော်သွင်း လေဖြည်းညှင်းကို တောင့်တလင့်ဆို လိုဘိ၏သို့။ ပန်းလူးခွေလိပ် ရေမွတ်သိပ်သောသူသည် သန့်မြိန်ဧချို သောက်ရေကိုလျှင် တောင့်တလင့်ဆို လိုဘိ၏သို့။ သံသရာရဟတ် ကန့်ကွပ်ဖျက်ဖြို မြတ်ပုဂ္ဂိုလ်သည် လောကုတ္တရာ မြတ်ကိုးဖြာကို တောင့်တလင့်ဆို လိုဘိ၏သို့။
ပန်းလျညှိုးနွမ်း ကိုယ်မကျန်းသောသူသည် ရောဂါစဲပြတ် ဆေးကောင်းမြတ်ကို တောင့်တလင့်ဆို လိုဘိ၏သို့။ တေဇောပြောင်ပြောင် ဓာတ်မီးလောင်၍ ဝမ်းခေါင်ဟင်းလင်း စာမယွင်းရ မွတ်သိပ်လှသောသူသည် ဘောဇဉ်ငါးဖြာ အရသာကို တောင့်တလင့်ဆို လိုဘိ၏သို့။ ငါပဉ္စသိံ နတ်ဒေဝိန်သည် ရှင်မ သူရိယဝစ္ဆသာကို ကမ္ဘာဆက်ဆက် စုံမက် မြတ်နိုး လိုသည်ဖြစ်၏။ ကိုယ်ရေကိုယ်သား ညံ့ထွားနုလှ အိုရှင်မ ... ။ အလျှံဝင်းရှိန် ထိန်တပြောင်ပြောင် စွဲညိ လောင်သည့် အရောင်ညီးညီး မီးပုံကြီးကို သီတာဧလှ ရေချမ်းမြဖြင့် ငြိမ်းစေဘိသို့ ရှင်မ၏ မာယာသွယ်သွယ် ပြုံးရယ်ခြင်း - စသောအကြောင်းကြောင့် ဖြစ်သော တေဇောသံဝဋ္ဋ တူမမျှသည့် ရာဂတည်းဟူသော ပူပန်ခြင်းကို ရာဂကင်းထွေ ငြိမ်းပါစေလော့။

(၄)
သီတောဒကံ ပေါက္ခရဏိံ၊ ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊ သြဂဟေ တေ ထနုဒ္ဓရံ (ထနူဒရံ)။

နေမင်းတန်ဆောင် ဝင်းဝင်းပြောင်၍ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ကိုယ်ရှိသော ဆင်ပြောင်သည် ပဒုမာရုံ ကြာဝတ်မုံဖြင့် ပြည့်ထသော ရေနောက်မြူနည် ကင်းဝေးတည်လျက် ချမ်းကြည်စွာဘိ ရေသန့်ရှိသော တာအပြန်ပြန် လေးထောင့်ကန်သို့ သက်ဆင်းလိုဘိ၏သို့ ရှင်မသူရိယဝစ္ဆသာ၏ နတ်ပန်းရနံ့ မွှေးပျံ့သင်းထုံ အစုံနှစ်ပါး ရင်ခွင်ကြားသို့ ရှေးရှူသက်ဝင် ဝပ်ချင်စွာ့တကား။

(၅)
အစ္စင်္ကုသောဝနာဂေါဝ၊ ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ (နပ္ပဇာနာမိ)၊ သမေတ္တာ (သမ္မတ္တော) လက္ခဏူရုယာ။

အိုရှင်မ သူရိယဝစ္ဆသာ ... ။ ချွန်းကိုလွန်ထသော (ဝါ) ချွန်းဖြင့်ချိတ်လည်း နှိပ်ခြင်းငှာ မတတ်နိုင် ထသော ဆင်ပြောင်သည် နား, မျက်စိ, သို = သုံးရပ်ထို၌ စီးယိုသုန်သုန် မာန်ယစ်မုန်ကြောင့် ခမိုးဦးကင်း နားရင်းမင်းတိုင် ချိတ်ကိုင်ရူးရူး မိန်းထူးစိတ်သန် မြှားလှံချွန်းတောင်းကို ကျင်နာ မထင် အောင်မြင်ပြီးသည်ဖြစ်၍ အကောင်း, မကောင်း ကျိုးအကြောင်းကို မသိနိုင်သကဲ့သို့ ပမာထို့တူ စောင်းမင်းသခင် ငါလုလင်သည် ရှင်မ၏ လက္ခဏာနှင့်ပြည့်စုံသော ပေါင်ရှိသည်၏ အဖြစ် ကြောင့် ရာဂဖြင့် ယစ်သည်ဖြစ်၍ အကောင်း မကောင်း ကျိုးအကြောင်းကို မသိနိုင်ပြီ။

(၆)
တယိ ဂဓိတ (ဂေဓိတ) စိတ္တောသ္မိ၊ စိတ္တံ ဝိပရိနာ (ဏာ) မိတံ၊
ပဋိဂန္တု (ဂန္တုံ) န သက္ကောမိ၊ ဝင်္ကဃသ္တော(ဝ) အမ္ဗုဇော။

နေလုလင်တမျှ ထွန်းဝင်းပသည့် သူရိယဝစ္ဆသာ ... ။ စောင်းမင်းသခင် ငါလုလင်သည် သင်နတ်အမိ၌ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်ရှိသည် ဖြစ်သည် တမုံ့။ အတန္တုကား သံမျှားချိတ်ကို အစာလို၍ မျိုမိသော ငါးဖယ် ငါးသိုင်း ငါးရံ့တိုင်းသည် ထွေးပစ်တတန် တဖန်နစ်ခြင်းငှာ မစွမ်းနိုင်ပလေ နေရ၏သို့ ပမာထို့တူ ဗေလုဝ စောင်းရှင် ငါလုလင်၏ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်သည် တန့်ရပ်မတည် ချာချာလည်၏။ ပဏ္ဍု-သခင် ငါလုလင်သည် တဖန်ဆုတ်နစ် ကံမြစ်ခြင်းငှာ ဆည်းထပိုင်ပိုင် မတတ်နိုင်။

(၇)
ဝါမူရု သဇ မံ ဘဒ္ဒေ၊ သဇ မံ မန္ဒလောစနေ။
ပလိဿဇ မံ ကလျာဏိ၊ ဧတံ မေ အဘိ ပတ္တိတံ။

ဆယ်မီးကျီရှောင်း လွန်ပျော့ပျောင်းသည့် ရွှေချောင်းနှုန်းဘိ ပေါင်လုံးရှိသော အို သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို စုံမက်နှစ်သက် လည်ကိုဖက်လော့။ ဖြည်းဖြည်းညှင်းညှင်း မြော်တင်းရှုလေ့ရှိသော အို အရှင်မ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို ယုယပိုက်ပွေ့ ရွှေရင်ငွေ့ဖြင့် သိမ်မွေ့ငြိမ်သက် လည်ကိုဖက်လော့။ အညီငါးပါး အပြားခြောက်ဆယ် စွန်းကယ်လေးခု စတုသဋ္ဌိ မှတ်ကြောင်းရှိသော သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို အလုံးစုံသော အဖို့အားဖြင့် လည်ကိုဖက်လော့။ ထိုသို့ ဖြည်းဖြည်းညှင်းညှင်း လည်ကိုဖက်ခြင်းကို ငါပဉ္စသိံ နတ်ဒေဝိန်သည် အကြိမ်များစွာ တောင့်တပါ၏။

(၈)
အပ္ပကော ဝတ မေသန္တော၊ ကာမော ဝလ္လိတ ကေသိယာ။
အနေကဘာဝေါ သမုပ္ပါဒိ၊ အရဟန္တေဝ ဒက္ခိဏာ။

ဗေလုဝစောင်းရှင် ငါလုလင်၏ ကာမရာဂသည် ရှင်မဘုန်းဟေ့ မတွေ့ခင်ဝယ် အနည်းငယ်သာလျှင် ဖြစ်ပါလျက် ညွန့်ညွန့်ရှည်သွယ် နွယ်သော ဆံရှိသော ရှင်မကြောင့် ရဟန္တာသခင် အရှင်မြတ်၌ သဒ္ဓါကြည်ဖြူ မြတ်သောအလှူကဲ့သို့ မတည်တံ့နိုင် ခွေယိုင်တုန်ဆတ် တိမ်းမတ်သော သဘောရှိသည် ခါခါဖန်ဖန် ဖြစ်လာပြန်၍ ဖြစ်လေဘိ၏။

(၉)
ယံမေအတ္ထိ ကတံပုညံ၊ အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

အညီငါးဖြာ လက္ခဏာနှင့်ပြည့်စုံသော သူရိယဝစ္ဆသာ ... ။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်သည် လာဘာ လာဘ စသည်ရှစ်တန် လောကဓံ၌ သည်းခံကျေးဇူး အထူးရှိလှပေကုန်သော ရဟန္တာသခင် အရှင်မြတ်တို့၌ ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိ၏။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်၏ သန့်ရှင်းဖြူနစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် ကလျာစုံလတ် သင်မိနတ်နှင့် မကွာလေဘိ ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၀)
ယံမေအတ္ထိ ကတံပုညံ၊ အသ္မိံ ပထဝိ မဏ္ဍလေ။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

လုံးစုံလက္ခဏာ ပြည့်စုံလှသော သူရိယဝစ္ဆသာ ... ။ မြေမျက်နှာစင် ဤအပြင်၌ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါသည် ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိသည်တမုံ့။ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါ၏ သံသရာအဟို ကြည်ညိုပြုလစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် အင်္ဂါစုံလတ် သင်မိမြတ်နှင့် မကွာပေါင်းဖြစ် ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၁)
သကျပုတ္တောစ ဈာနေန၊ ဧကောဒိ နိပကော သတော။
အမတံ မုနိ ဇိဂီသာနော၊ တမဟံ သူရိယဝစ္ဆသေ။

နေလုလင်အတူ ကိုယ်ရောင်ယူသော သူရိယဝစ္ဆသာ ... ။ ခမည်းတော် သုဒ္ဓေါဒန မယ်တော် မဟာမာယာ သာကီဝင်မင်း၏ သားဖြစ်တော်မူထသော။ နီဝရဏသင်္ဂြိုဟ် ထိုထိုဈာန်မြတ်ဖြင့် မရှိအဖော် ကိုယ်တော်ချည်းသာ ဣရိယာသိမ်မွေ့ နေလတ်လေ့ရှိထသော။ ပညာဥဿုံ ပြည့်စုံထသော။ မမေ့မလျော့ မပေါ့သတိ ရှိတော်မူထသော။ တရားဓမ္မရာဇ် သေဌ်နင်းမြတ်စွာသည် အို, နာ, သေ, နေ ကင်းလွတ်ကြွေသား ဘုံရွှေသာထွဋ် အရိမဒ်ကို ဆန္ဒတော်ရှိ ရှာလေဘိသို့။ တိမ္ဗရုသည်းပွတ် သင်မိမြတ်ကို ဂန္ဓဗ္ဗနတ် ငါစောင်းတတ်သည် ပတ်ပတ်ရှာဖွေ နေ့တိုင်းမွှေ၏။

(၁၂)
ယထာပိ မုနိ နေႏၵယ်၊ ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏိ၊ မိႆီဘာဝံ ဂေတာ ယထာ။

သား, ရိုး, ရွယ်, ဆံ, ရေ=ငါးတန်ဖြင့် ကြန်စုံလှသော သူရိယဝစ္ဆသာ ... ။ ရဟန်းများထွဋ် တမွတ်ဘုန်းရှိ မြတ်မုနိသည်။ အကဲမရှိသော ဝဇိရိန်နှိုင်းဘက် ဉာဏစက်သို့ ဝိသုဒ္ဓိခုနစ်ပါး တရားစဉ်သင့် ရောက်သဖြင့်လျှင် အားရမ်းအင်ပြည့် နှစ်သက်၏သို့ ပမာတူသို့ တိမ္ဗရုသည်းပွတ် သင်မိနတ်နှင့် မကွာပေါင်းဖက် ရောယှက်မိသည်၏ အဖြစ်သို့ ရောက်ပါတမူကား အဆတရာ ဝမ်းမြောက်ပါ၏။

(၁၃)
သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊ တာဝတိံသာ နမိဿရော။
တာဟံ ဘဒ္ဒေ ဝရေယျာဟေ၊ ဧဝံ ကာမော ဒဠှော မမ။

အို သူရိယဝစ္ဆသာ ... ။ တာဝတိံသာ နတ်များစွာတို့ကို အစိုးရသော ဆင်းရဲချမ်းသာ ပေးငှါပိုင်ပိုင် စွမ်းနိုင်လေငြား နတ်သိကြားသည် ဗေလုဝ စောင်းရှင် ငါလုလင်အား နတ်ဒေဝရိန် မင်းစည်းစိမ်နှင့် ဂုဏ်ရှိန်ကြီးမြတ် သင်မိနတ်ဟု နှစ်ရပ်အပြား ဆုမြတ်များကို နှစ်သက်ရာမူ အမောင်ယူဟု ကြည်ဖြူဆောက်နှင်း အကြွင်းမထား ကယ်ပေးငြားအံ့။ ဤသို့ ပိုင်စား ပေးသနားသည်ရှိသော် ဦးစွန်းငါးဖြာ နတ်သားငါသည် သင်နတ်သမီး ရှုမငြီးကို ဆုမြတ်တဆူ ယူပေရာ၏ (နတ်ဒေဝရာဇ် မင်းအဖြစ်ကို ဆုမြတ်တဆူ ငါ မယူပေရာ)။ နေရောင်တမျှ ထွန်းလင်းပသည့် သူရိယဝစ္ဆသာ ... ။ ဂန္ဓဗ္ဗနတ် ငါစောင်းတတ်၏ သင်နတ်သမီး ရှုမငြီးကို လိုကြီးလိုလျက် တပ်မက်အပြင်း စွဲလမ်းခြင်းသည် ဤသို့ခိုင်လျက် မည်သူဖျက်လည်း မပျက်နိုင်ပဲ သံမှိုစွဲသို့ မြဲပလေ၏တည်း။

(၁၄)
သာလံဝ န စိရံ ဖုလ္လံ၊ ပိတရံ တေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊ ယဿာသေတာဒိသီ ပဇာ။

ပညာဆန်းကြယ် အဝန်းကျယ်သည့် အဘယ် သူရိယဝစ္ဆသာ ... ။ အကြင် တိမ္ဗရုဒေဝ အဖနတ်မင်း၏ ထိုသို့ သဘော ရှိသော သမီးချောသည် ပဋိသန် ဥပပတ် ဖြစ်လာလတ်၏။ မကြာမြင့်မီ ရင်းဖျားမလွတ် ပင်လုံးကျွတ်ပွင့်သော သန္တာအသွင် အင်ကြင်းပင်ကဲ့သို့ အသရေ ခေါင်ထွဋ် သင်မိနတ်၏ ထိုတိမ္ဗရုဒေဝ အဖခမည်းတော်ကို အလေး, အပေါ့, အလျော့, အတင်း, အပြင်း, အသာ, အညံ့ပါသည် = ခုနစ်ဖြာသော စောင်းသံသခင် ငါလုလင်သည် ရှိခိုးသည်ဖြစ်၍ သင့်ကိုရလိုမှု ဦးညွတ်ခြင်းကို ငါပြု၏။ ။


ကိုယ် အမှတ်မှားနေတာ တခုရှိသေးတယ် ခင်ခင်ရဲ့ ... အဲဒီ စောင်းချင်းဂါထာ ၁၅-ပုဒ်နဲ့လည်း ကြွေပြပြီးရော ပဉ္စသီခနတ်သားကို သူရိယဝစ္ဆ နတ်သမီးလေးက မေတ္တာတုံ့ပြန် လိုက်တယ်လို့ အရင်က ပို့စ်မှာ ရေးခဲ့တာ ... အဲဒါက တကယ်တော့ မဟုတ်သေးဘူးကွယ့် ... မြို့သားကိုရင်ရဲ့ ကျေးဇူးကြောင့်ပဲ သက္ကပဥှသုတ်ကို ဖတ်ကြည့်တော့မှ အမှန်ကို သိရတော့တာကိုး ...
တကယ်တော့ အဲဒီအချိန်မှာ သူရိယဝစ္ဆ နတ်သမီးလေးက ပဉ္စသီခနတ်သားလေးကို ပြန်မကြိုက်သေးဘူး ခင်ခင်ရဲ့ ... သူက ရထားထိန်း မာတလိနတ်မင်းရဲ့သားတော် သိခဏ္ဍီနတ်သားနဲ့ ကြိုက်နေတာကိုး ... ပဉ္စသီခနတ်သားလေးက သိကြားမင်းရဲ့ ကပွဲသဘင်မှာ သူရိယဝစ္ဆသာ နတ်သမီးလေး ကပြဖျော်ဖြေတာကို မြင်ကတည်းက ကြွေသွားတာလေ ... အချိန်ကတော့ မြတ်စွာဘုရားဟာ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးနားက အဇပါလပညောင်ပင်ရင်းမှာ သီတင်းသုံးနေတော်မူလျက် နေနေတုန်းကပေါ့ ... ဒါပေမဲ့ ဟိုက သူ့ကို သိတောင် မသိသေးလို့ ဘယ်လိုမှ မရနိုင်တဲ့အခါကျတော့မှ အခုလို အိမ်ရှေ့ကနေ စောင်းကလေးတီးပြီး ကြွေပြရတာပေါ့ ... အဲဒီအခါ နတ်သမီးလေးက ထွက်လာသတဲ့ ... ထွက်လာပြီးတော့ ပဉ္စသီခနတ်သားလေးကို စကားထွက်ပြောတယ်တဲ့ ... “အရှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မျက်မှောက်မဖူးမြော်ရသေးပါ၊ သို့သော်လည်းတာဝတိံသာ နတ်သားတို့၏ သုဓမ္မာသဘင်၌ အကျွန်ုပ် ကနေစဉ် ထိုမြတ်စွာဘုရားအကြောင်းကို ကြားခဲ့ရ ပါသည်၊ အရှင် သင်သည် ထိုမြတ်စွာဘုရားကို ပြောဆိုချီးကျူးသည့်အတွက် ယနေ့ အကျွန်ုပ်တို့အား ပေါင်းဆုံမိခြင်း ဖြစ်ပါစေလော့” လို့ ပြောတယ် တဲ့ ... အဲဒါလေးပဲ ပြောပြီး နတ်သမီးလေးကို ထပ်မတွေ့ရတော့ဘူးတဲ့ ...
အဲဒီလိုနေလာရာကနေ မြတ်စွာဘုရားဟာ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အမ္ဗသဏ္ဍ လို့ခေါ်တဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်က ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံးနေတော်မူတဲ့ အချိန်မှာ သိကြားမင်းဟာ မြတ်စွာဘုရားကို အရမ်းဖူးမြော်ချင်လာတာနဲ့ ပဉ္စသီခ နတ်သားလေးကို ခေါ်ပြီး တာဝန်ပေးလိုက်သတဲ့။ (ဣန္ဒသာလဂူ ဆိုတာကတော့ ဂူတံခါးဝမှာ နှံပဲပင်ရှိတဲ့ဂူ လို့ အဓိပ္ပာယ်ရသတဲ့)။ ပြီးတော့ သိကြားမင်းနဲ့တကွ တာဝတိံသာနတ်တွေ အားလုံး ဝေဒိယကတောင်ကြီးဆီ သွားလိုက်ကြတာ တောင်ကြီးတခုလုံးနဲ့ အမ္ဗသဏ္ဍပုဏ္ဏားရွာပါ လင်းထိန်နေလို့ အနီးအနားက ရွာသားတွေက တောင်ကြီးရော၊ ရွာပါ မီးလောင်နေသလိုပဲ ... ဘာဖြစ်လို့ ဒီလောက်များ မီးတောက်လို လင်းထိန်နေပါလိမ့် ဆိုပြီး ကြောက်ကြသတဲ့ ...
အဲဒီကိုရောက်တော့ သိကြားမင်းက မြတ်စွာဘုရာဆိုတာ ဈာန်နဲ့ နေလေ့ရှိတာမို့ ငါတို့ ခွင့်မတောင်းဘဲ ဒီအတိုင်း တပြုံလုံး ဝင်သွားလို့ မဖြစ်သေးဘူး ... ဒီတော့ မင်းအရင်သွားပြီး ခွင့်ပန်ပါလို့ ပဉ္စသီခ နတ်သားလေးကို ခိုင်းလိုက်သတဲ့။ အဲဒီတော့ နတ်သားလေးကလည်း သူ့လက်စွဲတော် စောင်းကိုယူပြီး မြတ်စွာဘုရားနဲ့ မနီးလွန်း မဝေးလွန်းနေရာကနေ စောင်းတီးပြီး ဒီဂါထာ ၁၅-ပုဒ်ကိုပဲ ထပ်ဆိုပြပြန်သတဲ့ ...
အဲဒီအခါ မြတ်စွာဘုရားက စောင်းသံကိုကြားတော့ ...
“ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်း စောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊ သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သော ဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း” လို့ မိန့်တော်မူသတဲ့။ ဆိုလိုတာကတော့ သီချင်းသံနဲ့ စောင်းသံဟာ အပိုအလိုမရှိ ကွက်တိပဲပေါ့နော် ... အဲဒီတော့မှ နတ်သားလေးကလည်း သူဟာ ဘဒ္ဒါလို့ ခေါ်တဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးကို ကြွေပြခဲ့တုန်းက ဆိုခဲ့တာပါ ... အဲဒီတုန်းကတည်းကနေ အခုထိ ထပ်မတွေ့ရတော့ပါဘူး ... ဆိုပြီး ရင်ဖွင့်ရှာသတဲ့။
ဒီအချိန်မှာ သိကြားမင်းက အင်း ... ပဉ္စသီခတော့ မြတ်စွာဘုရားနဲ့ စကားတွေဘာတွေ ပြောနေပြီဆိုတော့ ငါတို့ အခု သွားလို့ ရပြီ ဆိုပြီး မြတ်စွာဘုရားကို ဝင်ဖူးရင်း တရားစကားတွေ လျှောက်ထားမေးမြန်းလို့ မြတ်စွာဘုရားကလည်း ပြန်လည် ဟောပြောတော်မူပါတယ်။ ဒီအကြောင်းတွေကို သက္ကပဥှသုတ္တံ ထဲမှာ ဖော်ပြထားပါတယ်ကွယ် ...
အဲဒီနောက်ပိုင်းတော့ သိကြားမင်းက ဆုချတဲ့အနေနဲ့ ပဉ္စသီခနတ်သားလေးကို ...
“အမောင်ပဉ္စသိခ သင်သည် ငါ့အား ကျေးဇူးများလှပေ၏၊ သင်သည် မြတ်စွာဘုရားကို ရှေးဦးစွာခွင့်ပန်ပေ၏၊ အမောင်ပဉ္စသိခ သင်ခွင့်ပန်ပြီးသည့်နောက်မှ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ငါတို့သည် နောက်မှ ဖူးမြော်ခြင်းငှါ ချဉ်းကပ်ကြရကုန်၏။ (ငါသည်) သင့်အား သင့်အဖရာထူး၌လည်း ထားအံ့၊ ဂန္ဓဗ္ဗနတ်မင်းလည်းသင်ဖြစ်အံ့၊ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော သင်အလွန်တောင့်တသော သူရိယဝစ္ဆသာနတ်သမီးကိုလည်း သင့်အားပေးအံ့” လို့ မိန့်ကြားပါသတဲ့ ...
အဲဒီနောက် နတ်တို့အရှင် သိကြားမင်းဟာ မြေကြီးကို လက်နဲ့ ပုတ်ပြီး ...
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” လို့ ဟု သုံးကြိမ် ဥဒါန်းကျူးရင့်လိုက်သတဲ့ကွယ် ...

ကဲ ... ဒီတော့မှ ပဉ္စသီခနတ်သားလေးဟာ သူ့အဖေရဲ့ ရာထူးကိုရပြီး ဂန္ဓဗ္ဗနတ်မင်းလည်းဖြစ်၊ သူရိယဝစ္ဆသာနတ်သမီး လေးကိုလည်း ရသွားတော့တာပေါ့ ... နတ်သမီးလေးကလည်း ပဉ္စသီခနတ်သားလေးကို ကြိုက်တော့ ကြိုက်တယ်နဲ့ တူပါတယ် ... ဒါပေမဲ့ လက်ရှိရည်းစားကို ဖြတ်ရခက်နေရာကနေ သိကြားမင်းရဲ့ အမိန့်နဲ့ ပေးစားလိုက်တော့ သူ့ဘက် ကလည်း အပြစ်လွတ်သွားတယ် ထင်ပါရဲ့နော် ... ဒီတော့ သူတို့တွေ အခုအချိန်ထိ ပျော်ရွှင်စွာ ပေါင်းသင်းနေကြလေ သတည်း လို့ပဲ ယူဆရတော့မှာပေါ့ကွယ် ...

မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာတွေကို လေးလုံးစပ်နဲ့ ရေးကြည့်နေပါ သေးတယ် ... မကြာခင် ပြီးမယ်လို့တော့ မျှော်လင့်ပါရဲ့ ... ပြီးတဲ့အခါတော့ တင်ပေးမှာပေါ့နော် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ


Read More...

Friday 13 January 2012

ဒေါင်းဟိတ်နဲ့ညီညီညာ

ဒေါင်းဟိတ်နဲ့ညီညီညာ

ဆယ့်သုံးသောကြာ၊
အစဉ်အလာပျက်ယွင်းလို့
မင်္ဂလာ မနက်ခင်းပါတဲ့၊
မှန်လိုက်ရဲ့ မေနန္ဒာ။

မင်္ဂလာမနက်ခင်းမှာတော့၊
အကြင်နာ ဆက်ရင်းနဲ့၊
ပျက်ယွင်းခဲ့သမျှ ပြုပြင်ဖို့၊
အခုပင် တွဲလက်လှမ်း၊
တက်လမ်းပေါ့ ပြည်မြန်မာ။

ဒေါင်းအလံ ဒေါင်းတံဆိပ်အောက်မှာလ၊
ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ပါမှ၊
ဒေါင်းဟိတ်နဲ့ ညီညီညာ၊
ပြည်သာမှာပ နိမိတ်ပဲ။

ညီဘိစေ၊
ပီတိတွေ ဖုံးဆောင်လွှမ်းပါလို့၊
သည်အမိမြေ ပြုံးရောင်သမ်းပြီကွဲ့၊
အောင်ပန်းကို ဆွတ်ခြူစေဖို့၊
လွတ်သူတွေလည်း ကျန်းမာစွာ
လွှတ်သူတွေလည်း လန်းဖြာစွာနဲ့
လှမ်းကာသာ ရွှေပြည်သစ်ဆီသို့၊
ချီရစ်မယ့်ပွဲ။


မမေနန္ဒာ (May Nandar) ရဲ့ “ဆယ့်သုံး သောကြာ မင်္ဂလာ” ဆိုတဲ့ ကဗျာလေးကို ဖတ်မိပါတယ် ...

“ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ် … ” တဲ့ ...

ဟုတ်ပါရဲ့ ... Friday the 13th ဆိုတာ အနောက်တိုင်း အယူအဆအရတော့ အတော့်ကို ဆိုးဝါးတဲ့နေ့ပါ ... (ကျနော်တို့ မြန်မာအယူအဆအရတော့ ၁၃-ဂဏန်းဟာ ပြဿနာမဟုတ်ပါဘူး ... ဘာနိမိတ်ဆိုးကိုမှလည်း မဆောင်ပါဘူး) ဒါပေမဲ့ ဒီလိုနေ့က အစဉ်အလာပျက်ယွင်းပြီး မင်္ဂလာမနက်ခင်း ဖြစ်သွားခဲ့ရပါတယ် ... အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူတွေ ပြန်လည်လွတ်မြောက်လာကြတဲ့ အတွက်ပါ ...

ကိုမင်းကိုနိုင်ကလည်း လွတ်လွတ်ချင်း ပြောလိုက်တာက "ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံကြီးကိုင်ပြီးတော့ ကျနော်တို့အားလုံးဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီဒေါင်းအလံ ဒေါင်းအနှစ် အောက်မှာ ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ဘဲ ဆက်ပြီးတော့ ဒေါင်း အိုးဝေအသံကို ဆက်ပြီးတော့ တွန်ကျူးကြပါလို့ ကျနော် ပြောချင်ပါတယ်" ... တဲ့

ဒါကြောင့် မမေနန္ဒာ ရေးထားတာလေးကို သဘောကျစွာနဲ့ ဆက်ရေးလိုက်မိပါတယ် ... သူ့ကဗျာလေးကိုလည်း အပြည့်အစုံ တင်ဆက်လိုက်ပါတယ် ...

“ဆယ့်သုံး သောကြာ မင်္ဂလာ”

ဆယ့်သုံး သောကြာ
အစဉ်အလာ အသိ
မင်္ဂလာ မရှိ … လို့ ကြားဖူးတယ်။

ပူပန် ဒုက္ခ
ဗျာပါဒနဲ့
သောက စုရုံး
သောကြာ ဆယ့်သုံး … တဲ့။

ကြုံတောင့်ကြုံခဲ
ဒီနှစ်ထဲမှာ
ဇန်န၀ါရီ
ဧပြီ, ဇူလိုင်
သုံးလတိုင်လုံး
ဆယ်သုံး သောကြာ
ဆုံရမှာ … တဲ့။

ညအိပ်ရာဝင်
မြတ်ရှင် ဗုဒ္ဓ
ရှိဦးချရင်း
တိုးညင်းဆုတောင်း
လွတ်မြောက်ကြောင်း … ပေါ့။

နံနက်နိုးထ
နမောတဿနဲ့
သောကကင်းရေး
ဟိုဒီတွေးရင်း
သတင်းတွေဖတ်
လွတ်လပ်ခြင်းများ
ဝမ်းမြောက်ခြင်းများ
ပျော်ရွှင်မှုများ
ပီတိ အပြုံး
လူတိုင်းဖုံးလို့
ကဲ … ဘယ်လိုလဲ
သောကြာ ဆယ်သုံး … ။

… … … …
… … … …
… … … …

ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ်။ … ။
***

မေနန္ဒာ (May Nandar)
http://www.facebook.com/may.nandar


အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ရွှေပြည်သစ်ဆီသို့ မင်္ဂလာအပြည့်၊ အားမာန်အပြည့်နဲ့ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ ...


ဟယ်ရီလွင်

Read More...

Thursday 12 January 2012

Rhythm ဆိုတာ ...

ဂီတမှာ Rhythm ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ခံစားလို့ရအောင် ဥပမာ ပြချင်လို့ လုပ်ထားတာပါ ...
ဒီ တီးလုံးအပိုင်းလေးကို နားထောင်ကြည့်ပါ ... အားလုံးကြားဖူးတဲ့ တီးလုံးလေးပါ ... ဒါပေမဲ့ သူ့ မူရင်း Rhythm ကို ကျနော် shuffle လုပ်ထားပါတယ် ... အဲဒီတော့ ဘာတီးလုံးလဲ ဆိုတာ ရုတ်တရက် သိဖို့ မလွယ်ပါဘူး ... ဆက်နားထောင်ကြည့်ပါ ... သူ့မူရင်း Rhythm အတိုင်း ပြန်လုပ်ထားပါတယ် ... သိမှာပါနော် ဘာတီးလုံးလဲ ...

http://soundcloud.com/harrylwin/rhythm-example


အဲဒါ Rhythm ပါပဲ ...

Read More...

Sunday 1 January 2012

၂၀၁၂ သို့

“ကောင်လေး မိုက်တုန်းပဲလား ...”
ပိတ်ဖြူပတ်ထားတဲ့ကြောင်ကြီးတွေရဲ့အမေး
ခပ်အေးအေး အပြုံးနဲ့ အမေ
အဖြေထဲက အငွေ့တချို့
“ခြင်္သေ့ မို့ပါ...”

အပြုံးတု နွမ်းလျလျနဲ့
အန္ဓစစ်တွေရဲ့ ဇရပ်ပျက်က
ခပ်အက်အက် အသံ ...
“ဟိုနိုင်ငံမှာ လေ ...”

မုဆိုးတွေ တင်မြှောက်တဲ့ အသံ
သူသေငါရှင် ဂန္ထဝင် ဆုတောင်း
“ဘေးရန်အပေါင်း ဖဲကျဉ်စေ
အမဲသားငါး များပါစေ ...”

“ရင်ခုန်သံမတူသူတွေ ဘေးဖယ် ...” တဲ့
သြော် ကလေးရယ် ... ဖြစ်ရလေခြင်း
ခပ်ကျဉ်းကျဉ်း အတ္တဥခွံထဲ
အိပ်မက်လို့ကောင်းရှာဆဲကိုး ...

နက္ခတ်ရီပြာတွေရဲ့အောက်
ကြယ်စင်တွေကောက်ရင်း
လမ်းတဝက်တော့ပျောက်ခဲ့
လမ်းတဝက်တော့ရောက်ရဲ့
ဆက်လျှောက် ဆက်ကောက်
အသက်မပျောက်ခင်အထိ ...
ဘဝဂ်တော့ရောက်ချင်မိသား

အဆုံးလား အစလား
စက်ဝိုင်းများစွာ ခြာခြာလည်ရင်း
နာရီတံတားပေါ်
ငေးမျှော်မောနွမ်း ...
ကျနော် လက်ပမ်းမကျသေးပါဘူး အမေ ...

တွေးဆဲ ငေးဆဲ
ဟိုးဝေးဝေးက ဝဲလွင့်ပျံ
နင့်တင့်တင့် သံစဉ်ချိုး
သြော် ... နှစ်တနှစ် ပျိုးပြန်ပြီလေ ...




အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ခင်ဗျား ...

ဟယ်ရီ

Read More...