Friday 27 January 2012

ပန်းနုရောင်များ

ပန်းနုရောင်များ

နီမှာဖြင့်၊
ရင့်ရင့်သာနီ။

ကြည်မယ်တွေး၊
ဖွေးဖွေးသာကြည်။

နီမှာလား ကြည်မှာလား၊
ပြတ်သားဖို့လိုသည်၊
ချိုတလီ တမာပျား။

နီလိုက နေလိုနီ၊
ကြည်ဆိုမှ ရေလိုကြည်ပေါ့၊
နီမလိုကြည်သဖွယ်နဲ့၊
အီလယ်လယ်အရောင်သန်း၊
ပန်းနုရောင်များ။ ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Tuesday 24 January 2012

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...


“အမေကြီး ... ကဗျာ ရွတ်ရအောင်လေ ...”
သမီးငယ်က သူ့အမေကြီး (အဖွား) ကို ပူဆာနေတဲ့ တီတီတာတာ အသံဖြစ်ပါတယ်။ ဆက်ပြီး နားထဲကို ဝင်လာတာက ...
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
သမီးဟာ ကဗျာတွေကို အလွန်ကြိုက်ပါတယ်။ အရမ်းလည်း ရွတ်ချင်ပါတယ်။ ဒီအသံတွေကို ကြားတော့ ကျနော့် စိတ်အလျဉ်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးကို ပြန်ရောက် သွားပါတော့တယ် ...

****

“မေမေ ... ကဗျာ ရွတ်ရအောင်လေ ...”
ဒီတခါ ပြောလိုက်တဲ့ အသံရှင်ကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
“ရေအိုးကလေး ရွက်လာရင်၊ အဲဒါ လုံးကြီးတင် ...”
“ရွက်နုထွတ်ထွတ်၊ မိုးဦးဆွတ်၊ စွတ်စွတ်စိုတဲ့လ ... ”
ကျနော့် အသက် သုံးလေးနှစ်အရွယ် ကျောင်းမနေသေးခင် အချိန်ကပါ။ ပြောရရင် ကျောင်းမနေသေးခင်ကကို ကျနော် မြန်မာစာ စပြီး တတ်ခဲ့ပါတယ်။ ဒီလို တတ်ခဲ့တာကလည်း အထက်ပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ တဖြည်းဖြည်း မြန်မာစာကို စပြီး ဖတ်တတ်လာခဲ့တာပါ။ အဲဒီလို ကျနော့်ကို မြန်မာစာ တတ်လာအောင် ဖန်တီးပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ တခြားသူမဟုတ်ပါ ... ဧည့်သည်ကြီး လို့ အသိများကြတဲ့ “ဆရာတင်မိုး” ပဲ ဖြစ်ပါတယ်။ အထက်ပါ ကဗျာလေးတွေဟာ ဆရာ့ရဲ့ “ပျိုးခင်းတေးသံ” ကဗျာ စာအုပ်လေးမှ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်ကတည်းက အမေက သင်ပေးလို့ အစအဆုံး ရွတ်ရင်းရွတ်ရင်း ကနေ တဖြည်းဖြည်း စာတတ်လာတာပါ။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကဗျာတွေ၊ စာတွေ ခံစားတတ်လာတာနဲ့အတူ ဆရာ့ရဲ့ကဗျာတွေဟာ ကျနော့် အသည်းစွဲ ဖြစ်လာပါတယ်။ ကျနော်တဦးတည်းမဟုတ်ပါဘူး။ ကဗျာရေး၊ စာရေး အလွန်ဝါသနာပါတဲ့ ကျနော့်ရဲ့ မိခင်ကြီး လည်း ပါပါတယ်။ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမောင်ငွေလှိုင်း ... အစရှိသူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ တက္ကသိုလ်တက်ဖက်၊ စာရေးဖက် ကျနော့်မိခင်ကြီးဟာ ဆရာတင်မိုးတို့နဲ့ တက္ကသိုလ်ချင်းမတူလို့ မိတ်ဆွေ မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ကဗျာတွေကို ကျနော့်လိုပဲ အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ဘယ်သူကတော့ ကဗျာ့ဘုရား ဘာညာ ပြောမိတိုင်း “ဘာမှ လာပြောမနေနဲ့ဟေ့ ... ‘တင်မိုး’ ကိုတော့ ဘယ်သူမှ မမီဘူး” လို့ ကျနော့်ကို အမြဲပြောလေ့ရှိပါတယ်။

ဒီလို လေးစားခဲ့ရတဲ့ ဆရာတင်မိုးကို ကျနော် တက္ကသိုလ်တက်တဲ့အထိ မမြင်တွေ့ဖူးပါဘူး။ ဆရာ့ကဗျာတွေကိုသာ ဖတ်ရှု ခံစားနေခဲ့မိပါတယ်။ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်တော့ ကျောင်းနဲ့နီးတဲ့ အင်းစိန်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ မကြာမကြာ ရောက်လေ့ရှိပါတယ်။ အဲဒီအခါ မင်းကြီးလမ်းမှာရှိတဲ့ ဆရာ့အိမ်ကို ဖြတ်သွားတဲ့ အခါ တိုင်း ဆရာ့ကိုများ တွေ့ရလေမလားလို့ မျှော်လင့်တကြီး ကြည့်မိပါတယ်။ ဒါပေမဲ့ တခါမှ မတွေ့ခဲ့ရပါဘူး။ ဆရာ့အိမ် ကလေးကလည်း ပုံစံဆန်းဆန်းလေးနဲ့ ဆရာ့ကဗျာတွေလိုပဲ ချစ်စရာလေးရယ်ပါ။

တနေ့မှာတော့ (၁၉၈၆-ခုနှစ်မှာ ထင်ပါတယ်) ကျနော်တို့ မြို့မှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အဲဒီမှာ လာပြီး ဟောပြောတဲ့ ဆရာ၊ ဆရာမတွေကို ကျနော်တို့ရဲ့ အိမ်မှာ ဧည့်ခံခွင့် ကြုံပါတယ်။ ဆရာမ ရွှေကူမေနှင်း နဲ့ ကျနော့် မိခင်ကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက်ရော၊ တာဝန်အရပါ အိမ်မှာ ဧည့်ခံရတာပါ။ အဲဒီမှာ ကျနော် မှတ်မိသလောက်ဆို ဆရာမင်းယုဝေ၊ ဆရာချစ်ဦးညို၊ ဆရာမ ရွှေကူမေနှင်း နဲ့အတူ ကျနော် အလွန်လေးစားတဲ့ ဆရာ တင်မိုး လည်း ပါလာပါတယ်။ မျက်နှာပြည့်ပြည့်၊ ခပ်ဖိုင့်ဖိုင့်၊ အမြဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေတတ်တဲ့ ဆရာ့ကို မြင်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အဲဒီမှာ အမေက ပြောပါတယ် ... “ဆရာ ... အခု စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့ ဟောဒီ ကျမသားလေးဟာ ဆရာ့ရဲ့ ပျိုးခင်းတေးသံ ကဗျာစာအုပ်နဲ့ စာ စ,တတ်ခဲ့တာပါ” လို့ ... အဲဒီ အခါ ဆရာ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီး ဝင်းပသွားပါတယ်။ ဆရာဟာ သူ့ကဗျာလေးတွေကြောင့် ကလေးငယ်တဦး စာတတ် ခဲ့ရတယ်လို့ သိလိုက်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်သွားပုံဟာ ကျနော့်မျက်စိထဲကနေ မထွက်ပါဘူး။ ကျနော်ကတော့ ဆရာကြီးတွေကို အဲဒီတုန်းက ဘေးကနေသာ ငေးကြည့်ရင်း ပြောသမျှကို နားထောင်နေခဲ့ရုံပါပဲ။ သာမန်တက္ကသိုလ် ကျောင်းသားလေး တဦးသာဖြစ်တဲ့ ကျနော်ဟာ ဆရာ့လို ပုဂ္ဂိုလ်မျိုးကို ဘာစကားမှလည်း မပြောရဲပါဘူး။ ဒါပေမဲ့ ကျနော့်ကို ကဗျာတွေနဲ့ စာတတ်စေခဲ့တဲ့ ကျေးဇူးရှင် ဆရာတင်မိုးကိုတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။

ဒီနေ့အထိ ဆရာတင်မိုးကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချ နေမိဆဲပါ။ ရက်လနှစ်တွေ အခါခါကုန်လွန်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဆရာ့အကြောင်းတွေ၊ ဆရာ့စာတွေ၊ ကဗျာတွေကို ဆက်လက်ပြီး သိရှိမှတ်သား လာခဲ့ ရတာနဲ့အမျှ ဆရာ့အပေါ်မှာ ပိုပြီး လေးစားကြည်ညိုမိပါတယ်။ ၂၀၀၇-ခုနှစ်မှာ ဆရာ ကွယ်လွန်သွားကြောင်း သိရတဲ့အခါ ကျနော့် စိတ်ထဲမှာ ယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ ကဗျာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသားမို့ ဆရာ့ရဲ့ ဘယ်ကဗျာတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနော့်အနေနဲ့ အထူးပြောနေဖို့ မလိုပါဘူး။ ပြောနေရင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်းတွေကို မြင်းထိန်းငတာ က ချီးကျူးသလို အဖြစ်မျိုးသာ ဖြစ်နေမှာပါ။

သူဖန်တီးခဲ့တဲ့ ပျိုးခင်းလေးကတေးသံတွေဟာ ကျနော်သာမက ကျနော့်ရဲ့ သမီးငယ် အထိ မျိုးဆက်နှစ်ဆက်တိုင်တိုင် စာတတ်မြောက်စေဖို့အထိ အစွမ်းထက်ခဲ့တယ် ဆိုတာ ဖလ်မီးအိမ်ရှင် ဧည့်သည်ကြီးသာ သိရင် ဘယ်လောက် ကြည်နူးပီတိ ဖြစ်နေလိမ့်မလဲ ... အခုတော့ သူချစ်တဲ့ “ပုဂံကျောင်းက ခေါင်းလောင်းသံ” ချိုချိုကို နားဆင်ရင်း “နှင်းဆီပွင့်ပေါ် အိပ်ပျော်” နေပြီလား ...

***

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ ... တဲ့

ဆေးလိပ်ဟာ တိုရုံမက အစီခံအထိ လောင်ကျွမ်းသွားခဲ့ပါပြီ ... နေဟာလည်း ညိုရုံမက အနောက်ဂေါယာကုန်းမှာ စုန်းစုန်းမြုပ်လို့ မိုးစုပ်စုပ်ချုပ်သွားခဲ့ပါပြီ ... သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ “ဧည့်သည်ကြီး” ခမျာ အခုထိ သူ အလွန်ချစ်တဲ့ “အိမ်” ကို မပြန်နိုင်ရှာသေးပါ ... သူ့ကို ... ကျနော်တို့ ခုထိ အိမ်ပြန်မပို့နိုင်ကြသေးပါလား ခင်ဗျာ ....

(ကျေးဇူးရှင် ဆရာတင်မိုး အား ဤပို့စ်ဖြင့် ဂုဏ်ပြုကန်တော့ပါသည်။)

ဟယ်ရီ

Read More...

Saturday 21 January 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂) - စောင်းညှို့သံချီ လင်္ကာစီ၍ (၂)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂)
စောင်းညှို့သံချီ လင်္ကာစီ၍ (၂)


ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို ဆက်ရဦးမယ် ခင်ခင်ရေ ...
အရင်တခါ ခင်ခင့်ကို ပြောပြခဲ့တဲ့ ဒီပုံပြင်လေး (http://harrylwin.blogspot.com/2011/06/blog-post_20.html) မှာ မပြည့်မစုံဖြစ်နေတာလေးတွေကို အခု ပြည့်စုံအောင် ဆက်ပြောရမှာကွယ့် ... ကိုယ့်မိတ်ဆွေကြီး “မြို့သားကိုရင်”က ကွန်မင့်ထဲမှာ ညွှန်ပြပေးခဲ့လို့ ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို အခုထပ်ပြီး ဖြည့်စွက်ပြောပြရမှာပေါ့ကွယ် ...


ဒီစောင်းချင်းဂါထာတွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာမကဘဲ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်တော်နဲ့ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ မင်းတုန်းမင်းလှူဒါန်းတဲ့ ဘွဲ့တံဆိပ်တော် နှစ်ခုအပြင် ‘နရိန္ဒာဘိဓဇ အတုလဓိပတိ သိရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ သီပေါမင်းကပ်လှူတဲ့ တတိယဘွဲ့တံဆိပ်တော်ကိုပါ ဆက်ကပ်ခံယူရရှိတော်မူတဲ့ ပဉ္စမသံဂါယနာအမှူးဖြစ်တော်မူတဲ့ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ကြီးကလည်း ကဝိမဏ္ဍနမေဒနီကျမ်းမှာ အနက်ပြန်ခဲ့သေး တယ် ခင်ခင်ရဲ့ ... ဆီးဘန်နီဆရာတော်ကြီးကိုတော့ သိပြီးသားဖြစ်မှာပါ ... “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ...” ဆိုတဲ့ ပါတော်မူတမ်းချင်းကို ရေးခဲ့တဲ့ ဆရာတော်ကြီးပါပဲ ... ဒီမှာလည်း http://harrylwin.blogspot.com/2011/07/blog-post.html ပြန်ဖတ်ကြည့်လို့ရတယ်နော် ...

ဆီးဘန်နီဆရာတော်ကြီး အနက်ပြန်ထားတဲ့ထဲမှာ စောင်းညှိသီချင်းကိုတော့ ထည့်မထားတဲ့အတွက် စုစုပေါင်း (၁၄) ဂါထာ ရှိတယ်ပေါ့ကွယ် ... အဲဒီ စောင်းချင်းဂါထာတွေကိုတော့ တိပိဋက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တ သာရာဘိဝံသ ပြုစုခဲ့တဲ့ “မဟာဗုဒ္ဓဝင်ကျမ်းကြီး” ထဲက အတွဲ (၅)၊ အခဏ်း-၃၉၊ သက္ကပဥှသုတ် မှာ ဖော်ပြထားတဲ့အတိုင်း ပြန်ပြောမယ် နော် ... ဂါထာ (၂) နဲ့ (၃) ကို ပေါင်းပြီး ဂါထာတပုဒ်တည်းအနေနဲ့ ယူထားလို့ ဒီမှာတော့ (၁၄) ဂါထာပဲ ဖြစ်သွားတာပေါ့ ... ပါဠိလို စကားလုံးတခုချင်း အနက်ချထားတာတွေတော့ ဖတ်ရတာ ရှုပ်နေမှာစိုးလို့ မထည့်တော့ဘဲ မြန်မာပြန် သက်သက်ကိုပဲ ဖတ်ကြည့်တော့နော် ... ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးထားတဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းထဲက ပါဠိတွေနဲ့ နည်းနည်းတော့ကွာတယ်ကွယ့် ...

(၁)
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။

နေလုလင်ဝင်း တက်သစ်ဆင်းနှင့် မယွင်းထပ်တူ ကိုယ်ရောင်ယူသော အိုအရှင်မ ... ။ အကြင် တိမ္ဗရုအမည်ရှိသော ခမည်းတော်နတ်မင်းကြောင့် သင်ချစ်နှမသည် နှာရု, မံသ, သရ, အဋ္ဌိ, ပရိမဏ္ဍလ = ငါးဝကလျာ ကိုယ်အင်္ဂါနှင့် ပြည့်စုံသည် ဖြစ်၍ ဖြစ်လာသည် ထင်ရှား၏။ ဝါးမှည့်ရောင်ထင် ငါစောင်းရှင်၏ နှစ်သက်ကြင်ကျွမ်း ပိုက်ယမ်းပွေ့ဖက် နွှဲယှက်ခင်မွတ်ခြင်းကို ဖြစ်စေတတ်သည်လည်း ဖြစ်ပေတမုံ့။ ရှင်မသူရိယဝစ္ဆသာ၏ ခမည်းတော် ဖြစ်သော ထို တိမ္ဗရုဒေဝ ဂန္ဓဗ္ဗနတ်မင်းကို ဗေလုဝစောင်းရှင် ငါလုလင်သည် သင့်ကိုလိုချင်ခြင်း ဟူသောအကြောင်းကြောင့် ရှိခိုး၏။

(၂)
ဝါတောဝ သေဒတံ ကန္တော၊ ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊ ဓမ္မော အရဟတံ ဣဝ (အရဟတာ မိဝ)။
(၃)
အာတုရေဿဝ ဘေသဇ္ဇံ၊ ဘောဇနံဝ ဇိဃစ္ဆတော။
ပရိနိဗ္ဗာယိ (ပရိနိဗ္ဗာပယ) မံ ဘဒ္ဒေ၊ ဇလန္တမိဝ ဝါရိနာ။

ကိုယ်ရောင်ထွန်းပ ရွှန်းရွှန်းလှသော သူရိယဝစ္ဆသာ ... ။ ကိုယ်၏ညစ်ကြေး၊ ချွေးယို ကုန်သော သူတို့သည် ဧဧဆော်သွင်း လေဖြည်းညှင်းကို တောင့်တလင့်ဆို လိုဘိ၏သို့။ ပန်းလူးခွေလိပ် ရေမွတ်သိပ်သောသူသည် သန့်မြိန်ဧချို သောက်ရေကိုလျှင် တောင့်တလင့်ဆို လိုဘိ၏သို့။ သံသရာရဟတ် ကန့်ကွပ်ဖျက်ဖြို မြတ်ပုဂ္ဂိုလ်သည် လောကုတ္တရာ မြတ်ကိုးဖြာကို တောင့်တလင့်ဆို လိုဘိ၏သို့။
ပန်းလျညှိုးနွမ်း ကိုယ်မကျန်းသောသူသည် ရောဂါစဲပြတ် ဆေးကောင်းမြတ်ကို တောင့်တလင့်ဆို လိုဘိ၏သို့။ တေဇောပြောင်ပြောင် ဓာတ်မီးလောင်၍ ဝမ်းခေါင်ဟင်းလင်း စာမယွင်းရ မွတ်သိပ်လှသောသူသည် ဘောဇဉ်ငါးဖြာ အရသာကို တောင့်တလင့်ဆို လိုဘိ၏သို့။ ငါပဉ္စသိံ နတ်ဒေဝိန်သည် ရှင်မ သူရိယဝစ္ဆသာကို ကမ္ဘာဆက်ဆက် စုံမက် မြတ်နိုး လိုသည်ဖြစ်၏။ ကိုယ်ရေကိုယ်သား ညံ့ထွားနုလှ အိုရှင်မ ... ။ အလျှံဝင်းရှိန် ထိန်တပြောင်ပြောင် စွဲညိ လောင်သည့် အရောင်ညီးညီး မီးပုံကြီးကို သီတာဧလှ ရေချမ်းမြဖြင့် ငြိမ်းစေဘိသို့ ရှင်မ၏ မာယာသွယ်သွယ် ပြုံးရယ်ခြင်း - စသောအကြောင်းကြောင့် ဖြစ်သော တေဇောသံဝဋ္ဋ တူမမျှသည့် ရာဂတည်းဟူသော ပူပန်ခြင်းကို ရာဂကင်းထွေ ငြိမ်းပါစေလော့။

(၄)
သီတောဒကံ ပေါက္ခရဏိံ၊ ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊ သြဂဟေ တေ ထနုဒ္ဓရံ (ထနူဒရံ)။

နေမင်းတန်ဆောင် ဝင်းဝင်းပြောင်၍ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ကိုယ်ရှိသော ဆင်ပြောင်သည် ပဒုမာရုံ ကြာဝတ်မုံဖြင့် ပြည့်ထသော ရေနောက်မြူနည် ကင်းဝေးတည်လျက် ချမ်းကြည်စွာဘိ ရေသန့်ရှိသော တာအပြန်ပြန် လေးထောင့်ကန်သို့ သက်ဆင်းလိုဘိ၏သို့ ရှင်မသူရိယဝစ္ဆသာ၏ နတ်ပန်းရနံ့ မွှေးပျံ့သင်းထုံ အစုံနှစ်ပါး ရင်ခွင်ကြားသို့ ရှေးရှူသက်ဝင် ဝပ်ချင်စွာ့တကား။

(၅)
အစ္စင်္ကုသောဝနာဂေါဝ၊ ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ (နပ္ပဇာနာမိ)၊ သမေတ္တာ (သမ္မတ္တော) လက္ခဏူရုယာ။

အိုရှင်မ သူရိယဝစ္ဆသာ ... ။ ချွန်းကိုလွန်ထသော (ဝါ) ချွန်းဖြင့်ချိတ်လည်း နှိပ်ခြင်းငှာ မတတ်နိုင် ထသော ဆင်ပြောင်သည် နား, မျက်စိ, သို = သုံးရပ်ထို၌ စီးယိုသုန်သုန် မာန်ယစ်မုန်ကြောင့် ခမိုးဦးကင်း နားရင်းမင်းတိုင် ချိတ်ကိုင်ရူးရူး မိန်းထူးစိတ်သန် မြှားလှံချွန်းတောင်းကို ကျင်နာ မထင် အောင်မြင်ပြီးသည်ဖြစ်၍ အကောင်း, မကောင်း ကျိုးအကြောင်းကို မသိနိုင်သကဲ့သို့ ပမာထို့တူ စောင်းမင်းသခင် ငါလုလင်သည် ရှင်မ၏ လက္ခဏာနှင့်ပြည့်စုံသော ပေါင်ရှိသည်၏ အဖြစ် ကြောင့် ရာဂဖြင့် ယစ်သည်ဖြစ်၍ အကောင်း မကောင်း ကျိုးအကြောင်းကို မသိနိုင်ပြီ။

(၆)
တယိ ဂဓိတ (ဂေဓိတ) စိတ္တောသ္မိ၊ စိတ္တံ ဝိပရိနာ (ဏာ) မိတံ၊
ပဋိဂန္တု (ဂန္တုံ) န သက္ကောမိ၊ ဝင်္ကဃသ္တော(ဝ) အမ္ဗုဇော။

နေလုလင်တမျှ ထွန်းဝင်းပသည့် သူရိယဝစ္ဆသာ ... ။ စောင်းမင်းသခင် ငါလုလင်သည် သင်နတ်အမိ၌ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်ရှိသည် ဖြစ်သည် တမုံ့။ အတန္တုကား သံမျှားချိတ်ကို အစာလို၍ မျိုမိသော ငါးဖယ် ငါးသိုင်း ငါးရံ့တိုင်းသည် ထွေးပစ်တတန် တဖန်နစ်ခြင်းငှာ မစွမ်းနိုင်ပလေ နေရ၏သို့ ပမာထို့တူ ဗေလုဝ စောင်းရှင် ငါလုလင်၏ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်သည် တန့်ရပ်မတည် ချာချာလည်၏။ ပဏ္ဍု-သခင် ငါလုလင်သည် တဖန်ဆုတ်နစ် ကံမြစ်ခြင်းငှာ ဆည်းထပိုင်ပိုင် မတတ်နိုင်။

(၇)
ဝါမူရု သဇ မံ ဘဒ္ဒေ၊ သဇ မံ မန္ဒလောစနေ။
ပလိဿဇ မံ ကလျာဏိ၊ ဧတံ မေ အဘိ ပတ္တိတံ။

ဆယ်မီးကျီရှောင်း လွန်ပျော့ပျောင်းသည့် ရွှေချောင်းနှုန်းဘိ ပေါင်လုံးရှိသော အို သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို စုံမက်နှစ်သက် လည်ကိုဖက်လော့။ ဖြည်းဖြည်းညှင်းညှင်း မြော်တင်းရှုလေ့ရှိသော အို အရှင်မ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို ယုယပိုက်ပွေ့ ရွှေရင်ငွေ့ဖြင့် သိမ်မွေ့ငြိမ်သက် လည်ကိုဖက်လော့။ အညီငါးပါး အပြားခြောက်ဆယ် စွန်းကယ်လေးခု စတုသဋ္ဌိ မှတ်ကြောင်းရှိသော သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို အလုံးစုံသော အဖို့အားဖြင့် လည်ကိုဖက်လော့။ ထိုသို့ ဖြည်းဖြည်းညှင်းညှင်း လည်ကိုဖက်ခြင်းကို ငါပဉ္စသိံ နတ်ဒေဝိန်သည် အကြိမ်များစွာ တောင့်တပါ၏။

(၈)
အပ္ပကော ဝတ မေသန္တော၊ ကာမော ဝလ္လိတ ကေသိယာ။
အနေကဘာဝေါ သမုပ္ပါဒိ၊ အရဟန္တေဝ ဒက္ခိဏာ။

ဗေလုဝစောင်းရှင် ငါလုလင်၏ ကာမရာဂသည် ရှင်မဘုန်းဟေ့ မတွေ့ခင်ဝယ် အနည်းငယ်သာလျှင် ဖြစ်ပါလျက် ညွန့်ညွန့်ရှည်သွယ် နွယ်သော ဆံရှိသော ရှင်မကြောင့် ရဟန္တာသခင် အရှင်မြတ်၌ သဒ္ဓါကြည်ဖြူ မြတ်သောအလှူကဲ့သို့ မတည်တံ့နိုင် ခွေယိုင်တုန်ဆတ် တိမ်းမတ်သော သဘောရှိသည် ခါခါဖန်ဖန် ဖြစ်လာပြန်၍ ဖြစ်လေဘိ၏။

(၉)
ယံမေအတ္ထိ ကတံပုညံ၊ အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

အညီငါးဖြာ လက္ခဏာနှင့်ပြည့်စုံသော သူရိယဝစ္ဆသာ ... ။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်သည် လာဘာ လာဘ စသည်ရှစ်တန် လောကဓံ၌ သည်းခံကျေးဇူး အထူးရှိလှပေကုန်သော ရဟန္တာသခင် အရှင်မြတ်တို့၌ ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိ၏။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်၏ သန့်ရှင်းဖြူနစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် ကလျာစုံလတ် သင်မိနတ်နှင့် မကွာလေဘိ ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၀)
ယံမေအတ္ထိ ကတံပုညံ၊ အသ္မိံ ပထဝိ မဏ္ဍလေ။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

လုံးစုံလက္ခဏာ ပြည့်စုံလှသော သူရိယဝစ္ဆသာ ... ။ မြေမျက်နှာစင် ဤအပြင်၌ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါသည် ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိသည်တမုံ့။ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါ၏ သံသရာအဟို ကြည်ညိုပြုလစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် အင်္ဂါစုံလတ် သင်မိမြတ်နှင့် မကွာပေါင်းဖြစ် ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၁)
သကျပုတ္တောစ ဈာနေန၊ ဧကောဒိ နိပကော သတော။
အမတံ မုနိ ဇိဂီသာနော၊ တမဟံ သူရိယဝစ္ဆသေ။

နေလုလင်အတူ ကိုယ်ရောင်ယူသော သူရိယဝစ္ဆသာ ... ။ ခမည်းတော် သုဒ္ဓေါဒန မယ်တော် မဟာမာယာ သာကီဝင်မင်း၏ သားဖြစ်တော်မူထသော။ နီဝရဏသင်္ဂြိုဟ် ထိုထိုဈာန်မြတ်ဖြင့် မရှိအဖော် ကိုယ်တော်ချည်းသာ ဣရိယာသိမ်မွေ့ နေလတ်လေ့ရှိထသော။ ပညာဥဿုံ ပြည့်စုံထသော။ မမေ့မလျော့ မပေါ့သတိ ရှိတော်မူထသော။ တရားဓမ္မရာဇ် သေဌ်နင်းမြတ်စွာသည် အို, နာ, သေ, နေ ကင်းလွတ်ကြွေသား ဘုံရွှေသာထွဋ် အရိမဒ်ကို ဆန္ဒတော်ရှိ ရှာလေဘိသို့။ တိမ္ဗရုသည်းပွတ် သင်မိမြတ်ကို ဂန္ဓဗ္ဗနတ် ငါစောင်းတတ်သည် ပတ်ပတ်ရှာဖွေ နေ့တိုင်းမွှေ၏။

(၁၂)
ယထာပိ မုနိ နေႏၵယ်၊ ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏိ၊ မိႆီဘာဝံ ဂေတာ ယထာ။

သား, ရိုး, ရွယ်, ဆံ, ရေ=ငါးတန်ဖြင့် ကြန်စုံလှသော သူရိယဝစ္ဆသာ ... ။ ရဟန်းများထွဋ် တမွတ်ဘုန်းရှိ မြတ်မုနိသည်။ အကဲမရှိသော ဝဇိရိန်နှိုင်းဘက် ဉာဏစက်သို့ ဝိသုဒ္ဓိခုနစ်ပါး တရားစဉ်သင့် ရောက်သဖြင့်လျှင် အားရမ်းအင်ပြည့် နှစ်သက်၏သို့ ပမာတူသို့ တိမ္ဗရုသည်းပွတ် သင်မိနတ်နှင့် မကွာပေါင်းဖက် ရောယှက်မိသည်၏ အဖြစ်သို့ ရောက်ပါတမူကား အဆတရာ ဝမ်းမြောက်ပါ၏။

(၁၃)
သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊ တာဝတိံသာ နမိဿရော။
တာဟံ ဘဒ္ဒေ ဝရေယျာဟေ၊ ဧဝံ ကာမော ဒဠှော မမ။

အို သူရိယဝစ္ဆသာ ... ။ တာဝတိံသာ နတ်များစွာတို့ကို အစိုးရသော ဆင်းရဲချမ်းသာ ပေးငှါပိုင်ပိုင် စွမ်းနိုင်လေငြား နတ်သိကြားသည် ဗေလုဝ စောင်းရှင် ငါလုလင်အား နတ်ဒေဝရိန် မင်းစည်းစိမ်နှင့် ဂုဏ်ရှိန်ကြီးမြတ် သင်မိနတ်ဟု နှစ်ရပ်အပြား ဆုမြတ်များကို နှစ်သက်ရာမူ အမောင်ယူဟု ကြည်ဖြူဆောက်နှင်း အကြွင်းမထား ကယ်ပေးငြားအံ့။ ဤသို့ ပိုင်စား ပေးသနားသည်ရှိသော် ဦးစွန်းငါးဖြာ နတ်သားငါသည် သင်နတ်သမီး ရှုမငြီးကို ဆုမြတ်တဆူ ယူပေရာ၏ (နတ်ဒေဝရာဇ် မင်းအဖြစ်ကို ဆုမြတ်တဆူ ငါ မယူပေရာ)။ နေရောင်တမျှ ထွန်းလင်းပသည့် သူရိယဝစ္ဆသာ ... ။ ဂန္ဓဗ္ဗနတ် ငါစောင်းတတ်၏ သင်နတ်သမီး ရှုမငြီးကို လိုကြီးလိုလျက် တပ်မက်အပြင်း စွဲလမ်းခြင်းသည် ဤသို့ခိုင်လျက် မည်သူဖျက်လည်း မပျက်နိုင်ပဲ သံမှိုစွဲသို့ မြဲပလေ၏တည်း။

(၁၄)
သာလံဝ န စိရံ ဖုလ္လံ၊ ပိတရံ တေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊ ယဿာသေတာဒိသီ ပဇာ။

ပညာဆန်းကြယ် အဝန်းကျယ်သည့် အဘယ် သူရိယဝစ္ဆသာ ... ။ အကြင် တိမ္ဗရုဒေဝ အဖနတ်မင်း၏ ထိုသို့ သဘော ရှိသော သမီးချောသည် ပဋိသန် ဥပပတ် ဖြစ်လာလတ်၏။ မကြာမြင့်မီ ရင်းဖျားမလွတ် ပင်လုံးကျွတ်ပွင့်သော သန္တာအသွင် အင်ကြင်းပင်ကဲ့သို့ အသရေ ခေါင်ထွဋ် သင်မိနတ်၏ ထိုတိမ္ဗရုဒေဝ အဖခမည်းတော်ကို အလေး, အပေါ့, အလျော့, အတင်း, အပြင်း, အသာ, အညံ့ပါသည် = ခုနစ်ဖြာသော စောင်းသံသခင် ငါလုလင်သည် ရှိခိုးသည်ဖြစ်၍ သင့်ကိုရလိုမှု ဦးညွတ်ခြင်းကို ငါပြု၏။ ။


ကိုယ် အမှတ်မှားနေတာ တခုရှိသေးတယ် ခင်ခင်ရဲ့ ... အဲဒီ စောင်းချင်းဂါထာ ၁၅-ပုဒ်နဲ့လည်း ကြွေပြပြီးရော ပဉ္စသီခနတ်သားကို သူရိယဝစ္ဆ နတ်သမီးလေးက မေတ္တာတုံ့ပြန် လိုက်တယ်လို့ အရင်က ပို့စ်မှာ ရေးခဲ့တာ ... အဲဒါက တကယ်တော့ မဟုတ်သေးဘူးကွယ့် ... မြို့သားကိုရင်ရဲ့ ကျေးဇူးကြောင့်ပဲ သက္ကပဥှသုတ်ကို ဖတ်ကြည့်တော့မှ အမှန်ကို သိရတော့တာကိုး ...
တကယ်တော့ အဲဒီအချိန်မှာ သူရိယဝစ္ဆ နတ်သမီးလေးက ပဉ္စသီခနတ်သားလေးကို ပြန်မကြိုက်သေးဘူး ခင်ခင်ရဲ့ ... သူက ရထားထိန်း မာတလိနတ်မင်းရဲ့သားတော် သိခဏ္ဍီနတ်သားနဲ့ ကြိုက်နေတာကိုး ... ပဉ္စသီခနတ်သားလေးက သိကြားမင်းရဲ့ ကပွဲသဘင်မှာ သူရိယဝစ္ဆသာ နတ်သမီးလေး ကပြဖျော်ဖြေတာကို မြင်ကတည်းက ကြွေသွားတာလေ ... အချိန်ကတော့ မြတ်စွာဘုရားဟာ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးနားက အဇပါလပညောင်ပင်ရင်းမှာ သီတင်းသုံးနေတော်မူလျက် နေနေတုန်းကပေါ့ ... ဒါပေမဲ့ ဟိုက သူ့ကို သိတောင် မသိသေးလို့ ဘယ်လိုမှ မရနိုင်တဲ့အခါကျတော့မှ အခုလို အိမ်ရှေ့ကနေ စောင်းကလေးတီးပြီး ကြွေပြရတာပေါ့ ... အဲဒီအခါ နတ်သမီးလေးက ထွက်လာသတဲ့ ... ထွက်လာပြီးတော့ ပဉ္စသီခနတ်သားလေးကို စကားထွက်ပြောတယ်တဲ့ ... “အရှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မျက်မှောက်မဖူးမြော်ရသေးပါ၊ သို့သော်လည်းတာဝတိံသာ နတ်သားတို့၏ သုဓမ္မာသဘင်၌ အကျွန်ုပ် ကနေစဉ် ထိုမြတ်စွာဘုရားအကြောင်းကို ကြားခဲ့ရ ပါသည်၊ အရှင် သင်သည် ထိုမြတ်စွာဘုရားကို ပြောဆိုချီးကျူးသည့်အတွက် ယနေ့ အကျွန်ုပ်တို့အား ပေါင်းဆုံမိခြင်း ဖြစ်ပါစေလော့” လို့ ပြောတယ် တဲ့ ... အဲဒါလေးပဲ ပြောပြီး နတ်သမီးလေးကို ထပ်မတွေ့ရတော့ဘူးတဲ့ ...
အဲဒီလိုနေလာရာကနေ မြတ်စွာဘုရားဟာ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အမ္ဗသဏ္ဍ လို့ခေါ်တဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်က ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံးနေတော်မူတဲ့ အချိန်မှာ သိကြားမင်းဟာ မြတ်စွာဘုရားကို အရမ်းဖူးမြော်ချင်လာတာနဲ့ ပဉ္စသီခ နတ်သားလေးကို ခေါ်ပြီး တာဝန်ပေးလိုက်သတဲ့။ (ဣန္ဒသာလဂူ ဆိုတာကတော့ ဂူတံခါးဝမှာ နှံပဲပင်ရှိတဲ့ဂူ လို့ အဓိပ္ပာယ်ရသတဲ့)။ ပြီးတော့ သိကြားမင်းနဲ့တကွ တာဝတိံသာနတ်တွေ အားလုံး ဝေဒိယကတောင်ကြီးဆီ သွားလိုက်ကြတာ တောင်ကြီးတခုလုံးနဲ့ အမ္ဗသဏ္ဍပုဏ္ဏားရွာပါ လင်းထိန်နေလို့ အနီးအနားက ရွာသားတွေက တောင်ကြီးရော၊ ရွာပါ မီးလောင်နေသလိုပဲ ... ဘာဖြစ်လို့ ဒီလောက်များ မီးတောက်လို လင်းထိန်နေပါလိမ့် ဆိုပြီး ကြောက်ကြသတဲ့ ...
အဲဒီကိုရောက်တော့ သိကြားမင်းက မြတ်စွာဘုရာဆိုတာ ဈာန်နဲ့ နေလေ့ရှိတာမို့ ငါတို့ ခွင့်မတောင်းဘဲ ဒီအတိုင်း တပြုံလုံး ဝင်သွားလို့ မဖြစ်သေးဘူး ... ဒီတော့ မင်းအရင်သွားပြီး ခွင့်ပန်ပါလို့ ပဉ္စသီခ နတ်သားလေးကို ခိုင်းလိုက်သတဲ့။ အဲဒီတော့ နတ်သားလေးကလည်း သူ့လက်စွဲတော် စောင်းကိုယူပြီး မြတ်စွာဘုရားနဲ့ မနီးလွန်း မဝေးလွန်းနေရာကနေ စောင်းတီးပြီး ဒီဂါထာ ၁၅-ပုဒ်ကိုပဲ ထပ်ဆိုပြပြန်သတဲ့ ...
အဲဒီအခါ မြတ်စွာဘုရားက စောင်းသံကိုကြားတော့ ...
“ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်း စောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊ သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သော ဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း” လို့ မိန့်တော်မူသတဲ့။ ဆိုလိုတာကတော့ သီချင်းသံနဲ့ စောင်းသံဟာ အပိုအလိုမရှိ ကွက်တိပဲပေါ့နော် ... အဲဒီတော့မှ နတ်သားလေးကလည်း သူဟာ ဘဒ္ဒါလို့ ခေါ်တဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးကို ကြွေပြခဲ့တုန်းက ဆိုခဲ့တာပါ ... အဲဒီတုန်းကတည်းကနေ အခုထိ ထပ်မတွေ့ရတော့ပါဘူး ... ဆိုပြီး ရင်ဖွင့်ရှာသတဲ့။
ဒီအချိန်မှာ သိကြားမင်းက အင်း ... ပဉ္စသီခတော့ မြတ်စွာဘုရားနဲ့ စကားတွေဘာတွေ ပြောနေပြီဆိုတော့ ငါတို့ အခု သွားလို့ ရပြီ ဆိုပြီး မြတ်စွာဘုရားကို ဝင်ဖူးရင်း တရားစကားတွေ လျှောက်ထားမေးမြန်းလို့ မြတ်စွာဘုရားကလည်း ပြန်လည် ဟောပြောတော်မူပါတယ်။ ဒီအကြောင်းတွေကို သက္ကပဥှသုတ္တံ ထဲမှာ ဖော်ပြထားပါတယ်ကွယ် ...
အဲဒီနောက်ပိုင်းတော့ သိကြားမင်းက ဆုချတဲ့အနေနဲ့ ပဉ္စသီခနတ်သားလေးကို ...
“အမောင်ပဉ္စသိခ သင်သည် ငါ့အား ကျေးဇူးများလှပေ၏၊ သင်သည် မြတ်စွာဘုရားကို ရှေးဦးစွာခွင့်ပန်ပေ၏၊ အမောင်ပဉ္စသိခ သင်ခွင့်ပန်ပြီးသည့်နောက်မှ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ငါတို့သည် နောက်မှ ဖူးမြော်ခြင်းငှါ ချဉ်းကပ်ကြရကုန်၏။ (ငါသည်) သင့်အား သင့်အဖရာထူး၌လည်း ထားအံ့၊ ဂန္ဓဗ္ဗနတ်မင်းလည်းသင်ဖြစ်အံ့၊ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော သင်အလွန်တောင့်တသော သူရိယဝစ္ဆသာနတ်သမီးကိုလည်း သင့်အားပေးအံ့” လို့ မိန့်ကြားပါသတဲ့ ...
အဲဒီနောက် နတ်တို့အရှင် သိကြားမင်းဟာ မြေကြီးကို လက်နဲ့ ပုတ်ပြီး ...
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” လို့ ဟု သုံးကြိမ် ဥဒါန်းကျူးရင့်လိုက်သတဲ့ကွယ် ...

ကဲ ... ဒီတော့မှ ပဉ္စသီခနတ်သားလေးဟာ သူ့အဖေရဲ့ ရာထူးကိုရပြီး ဂန္ဓဗ္ဗနတ်မင်းလည်းဖြစ်၊ သူရိယဝစ္ဆသာနတ်သမီး လေးကိုလည်း ရသွားတော့တာပေါ့ ... နတ်သမီးလေးကလည်း ပဉ္စသီခနတ်သားလေးကို ကြိုက်တော့ ကြိုက်တယ်နဲ့ တူပါတယ် ... ဒါပေမဲ့ လက်ရှိရည်းစားကို ဖြတ်ရခက်နေရာကနေ သိကြားမင်းရဲ့ အမိန့်နဲ့ ပေးစားလိုက်တော့ သူ့ဘက် ကလည်း အပြစ်လွတ်သွားတယ် ထင်ပါရဲ့နော် ... ဒီတော့ သူတို့တွေ အခုအချိန်ထိ ပျော်ရွှင်စွာ ပေါင်းသင်းနေကြလေ သတည်း လို့ပဲ ယူဆရတော့မှာပေါ့ကွယ် ...

မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာတွေကို လေးလုံးစပ်နဲ့ ရေးကြည့်နေပါ သေးတယ် ... မကြာခင် ပြီးမယ်လို့တော့ မျှော်လင့်ပါရဲ့ ... ပြီးတဲ့အခါတော့ တင်ပေးမှာပေါ့နော် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ


Read More...

Friday 13 January 2012

ဒေါင်းဟိတ်နဲ့ညီညီညာ

ဒေါင်းဟိတ်နဲ့ညီညီညာ

ဆယ့်သုံးသောကြာ၊
အစဉ်အလာပျက်ယွင်းလို့
မင်္ဂလာ မနက်ခင်းပါတဲ့၊
မှန်လိုက်ရဲ့ မေနန္ဒာ။

မင်္ဂလာမနက်ခင်းမှာတော့၊
အကြင်နာ ဆက်ရင်းနဲ့၊
ပျက်ယွင်းခဲ့သမျှ ပြုပြင်ဖို့၊
အခုပင် တွဲလက်လှမ်း၊
တက်လမ်းပေါ့ ပြည်မြန်မာ။

ဒေါင်းအလံ ဒေါင်းတံဆိပ်အောက်မှာလ၊
ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ပါမှ၊
ဒေါင်းဟိတ်နဲ့ ညီညီညာ၊
ပြည်သာမှာပ နိမိတ်ပဲ။

ညီဘိစေ၊
ပီတိတွေ ဖုံးဆောင်လွှမ်းပါလို့၊
သည်အမိမြေ ပြုံးရောင်သမ်းပြီကွဲ့၊
အောင်ပန်းကို ဆွတ်ခြူစေဖို့၊
လွတ်သူတွေလည်း ကျန်းမာစွာ
လွှတ်သူတွေလည်း လန်းဖြာစွာနဲ့
လှမ်းကာသာ ရွှေပြည်သစ်ဆီသို့၊
ချီရစ်မယ့်ပွဲ။


မမေနန္ဒာ (May Nandar) ရဲ့ “ဆယ့်သုံး သောကြာ မင်္ဂလာ” ဆိုတဲ့ ကဗျာလေးကို ဖတ်မိပါတယ် ...

“ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ် … ” တဲ့ ...

ဟုတ်ပါရဲ့ ... Friday the 13th ဆိုတာ အနောက်တိုင်း အယူအဆအရတော့ အတော့်ကို ဆိုးဝါးတဲ့နေ့ပါ ... (ကျနော်တို့ မြန်မာအယူအဆအရတော့ ၁၃-ဂဏန်းဟာ ပြဿနာမဟုတ်ပါဘူး ... ဘာနိမိတ်ဆိုးကိုမှလည်း မဆောင်ပါဘူး) ဒါပေမဲ့ ဒီလိုနေ့က အစဉ်အလာပျက်ယွင်းပြီး မင်္ဂလာမနက်ခင်း ဖြစ်သွားခဲ့ရပါတယ် ... အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူတွေ ပြန်လည်လွတ်မြောက်လာကြတဲ့ အတွက်ပါ ...

ကိုမင်းကိုနိုင်ကလည်း လွတ်လွတ်ချင်း ပြောလိုက်တာက "ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံကြီးကိုင်ပြီးတော့ ကျနော်တို့အားလုံးဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီဒေါင်းအလံ ဒေါင်းအနှစ် အောက်မှာ ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ဘဲ ဆက်ပြီးတော့ ဒေါင်း အိုးဝေအသံကို ဆက်ပြီးတော့ တွန်ကျူးကြပါလို့ ကျနော် ပြောချင်ပါတယ်" ... တဲ့

ဒါကြောင့် မမေနန္ဒာ ရေးထားတာလေးကို သဘောကျစွာနဲ့ ဆက်ရေးလိုက်မိပါတယ် ... သူ့ကဗျာလေးကိုလည်း အပြည့်အစုံ တင်ဆက်လိုက်ပါတယ် ...

“ဆယ့်သုံး သောကြာ မင်္ဂလာ”

ဆယ့်သုံး သောကြာ
အစဉ်အလာ အသိ
မင်္ဂလာ မရှိ … လို့ ကြားဖူးတယ်။

ပူပန် ဒုက္ခ
ဗျာပါဒနဲ့
သောက စုရုံး
သောကြာ ဆယ့်သုံး … တဲ့။

ကြုံတောင့်ကြုံခဲ
ဒီနှစ်ထဲမှာ
ဇန်န၀ါရီ
ဧပြီ, ဇူလိုင်
သုံးလတိုင်လုံး
ဆယ်သုံး သောကြာ
ဆုံရမှာ … တဲ့။

ညအိပ်ရာဝင်
မြတ်ရှင် ဗုဒ္ဓ
ရှိဦးချရင်း
တိုးညင်းဆုတောင်း
လွတ်မြောက်ကြောင်း … ပေါ့။

နံနက်နိုးထ
နမောတဿနဲ့
သောကကင်းရေး
ဟိုဒီတွေးရင်း
သတင်းတွေဖတ်
လွတ်လပ်ခြင်းများ
ဝမ်းမြောက်ခြင်းများ
ပျော်ရွှင်မှုများ
ပီတိ အပြုံး
လူတိုင်းဖုံးလို့
ကဲ … ဘယ်လိုလဲ
သောကြာ ဆယ်သုံး … ။

… … … …
… … … …
… … … …

ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ်။ … ။
***

မေနန္ဒာ (May Nandar)
http://www.facebook.com/may.nandar


အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ရွှေပြည်သစ်ဆီသို့ မင်္ဂလာအပြည့်၊ အားမာန်အပြည့်နဲ့ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ ...


ဟယ်ရီလွင်

Read More...

Thursday 12 January 2012

Rhythm ဆိုတာ ...

ဂီတမှာ Rhythm ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ခံစားလို့ရအောင် ဥပမာ ပြချင်လို့ လုပ်ထားတာပါ ...
ဒီ တီးလုံးအပိုင်းလေးကို နားထောင်ကြည့်ပါ ... အားလုံးကြားဖူးတဲ့ တီးလုံးလေးပါ ... ဒါပေမဲ့ သူ့ မူရင်း Rhythm ကို ကျနော် shuffle လုပ်ထားပါတယ် ... အဲဒီတော့ ဘာတီးလုံးလဲ ဆိုတာ ရုတ်တရက် သိဖို့ မလွယ်ပါဘူး ... ဆက်နားထောင်ကြည့်ပါ ... သူ့မူရင်း Rhythm အတိုင်း ပြန်လုပ်ထားပါတယ် ... သိမှာပါနော် ဘာတီးလုံးလဲ ...

http://soundcloud.com/harrylwin/rhythm-example


အဲဒါ Rhythm ပါပဲ ...

Read More...

Sunday 1 January 2012

၂၀၁၂ သို့

“ကောင်လေး မိုက်တုန်းပဲလား ...”
ပိတ်ဖြူပတ်ထားတဲ့ကြောင်ကြီးတွေရဲ့အမေး
ခပ်အေးအေး အပြုံးနဲ့ အမေ
အဖြေထဲက အငွေ့တချို့
“ခြင်္သေ့ မို့ပါ...”

အပြုံးတု နွမ်းလျလျနဲ့
အန္ဓစစ်တွေရဲ့ ဇရပ်ပျက်က
ခပ်အက်အက် အသံ ...
“ဟိုနိုင်ငံမှာ လေ ...”

မုဆိုးတွေ တင်မြှောက်တဲ့ အသံ
သူသေငါရှင် ဂန္ထဝင် ဆုတောင်း
“ဘေးရန်အပေါင်း ဖဲကျဉ်စေ
အမဲသားငါး များပါစေ ...”

“ရင်ခုန်သံမတူသူတွေ ဘေးဖယ် ...” တဲ့
သြော် ကလေးရယ် ... ဖြစ်ရလေခြင်း
ခပ်ကျဉ်းကျဉ်း အတ္တဥခွံထဲ
အိပ်မက်လို့ကောင်းရှာဆဲကိုး ...

နက္ခတ်ရီပြာတွေရဲ့အောက်
ကြယ်စင်တွေကောက်ရင်း
လမ်းတဝက်တော့ပျောက်ခဲ့
လမ်းတဝက်တော့ရောက်ရဲ့
ဆက်လျှောက် ဆက်ကောက်
အသက်မပျောက်ခင်အထိ ...
ဘဝဂ်တော့ရောက်ချင်မိသား

အဆုံးလား အစလား
စက်ဝိုင်းများစွာ ခြာခြာလည်ရင်း
နာရီတံတားပေါ်
ငေးမျှော်မောနွမ်း ...
ကျနော် လက်ပမ်းမကျသေးပါဘူး အမေ ...

တွေးဆဲ ငေးဆဲ
ဟိုးဝေးဝေးက ဝဲလွင့်ပျံ
နင့်တင့်တင့် သံစဉ်ချိုး
သြော် ... နှစ်တနှစ် ပျိုးပြန်ပြီလေ ...




အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ခင်ဗျား ...

ဟယ်ရီ

Read More...