Saturday 30 October 2010

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

သက္ကရာဇ် ၉၆၅-ခုနှစ်၊ တန်ဆောင်မုန်းလရဲ့ နေ့တနေ့ ... ရတုဘုရင်ရဲ့ အသည်းနှလုံးတွေ ကြွေပြုန်းရတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးနဲ့ ရာဇဒေဝီဘွဲ့ခံ တပယင်းစတုဂါမဏိ သမီးရှင်ထွေးလှ တို့ရဲ့ ဒုတိယမြောက် သမီးတော်၊ ကေတုမတီ တောင်ငူ မဟာဥပရာဇာ ဖြစ်တဲ့ ရတုဘုရင်လို့လည်း တင်စားခေါ်ဆိုကြတဲ့ နတ်သျှင်နောင် ရဲ့ သည်းဦးသခင် ကြင်ယာတော် မိဘုရား၊ အလှဘုရင်မ ရာဇဓာတုကလျာစုဘုရားဟာ သက်တော် ၄၃-နှစ် အရွယ်မှာ နတ်ရွာစံခဲ့ပါတယ်။

ရာဇဓာတုကလျာထိပ်ထားကို မြန်မာသက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ နောင်တော်ကြီး ဇင်းမယ်ဘုရင် နော်ရထာစော နဲ့ မောင်တော်ငယ် သိင်္ဃဒတ္တတို့ ရှိပါတယ်။ ဒါကြောင့် ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ကြပါတယ်။

ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဟာ ဟံသာဝတီမြို့တော်ကြီးတွင် မဟာစေတီတော်ကြီးကို တည်တော်မူနေတဲ့အခိုက် ဓာတ်တော်မွေတော်တွေကို ဘုရားမှာဌာပနာတဲ့နေ့မှာပဲ ရာဇဓာတုကလျာမင်းသမီးကို ဖွားမြင်တော်မူတဲ့အတွက် ဒါကို အစွဲပြုပြီး ရာဇဓာတုကလျာ လို့တွင်ခဲ့စေပါတယ် (မင်းများနှင့်သာ ထိုက်တန် သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည် လို့လည်း တချို့ ပညာရှိများက ဆိုကြပါတယ်)။

ဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တည်ထားခဲ့တဲ့ “မျှော်တော်ရောက်” ဘုရားဟာလည်း အခုထိတိုင် ပဲခူးမြို့ရဲ့ အနောက်တောလို့ ခေါ်ကြတဲ့ အရပ်၊ မဟာစေတီတော်ကြီးနဲ့ ရွှေကူလေးစေတီတော်တို့ အကြားမှာ တည်ရှိနေသေး သလို ရာဇဓာတုကလျာ သုံးစွဲခဲ့တဲ့ ကျောက်ပျဉ်လို့ သတ်မှတ်ထားတဲ့ ကျောက်ပျဉ်ကိုလည်း ရွှေမော်ဓောစေတီတော်ရဲ့ ပြတိုက်မှာ တွေ့နိုင်ပါတယ်။

သခင်မ ဓာတုကလျာ နတ်ရွာစံလွန်ခဲ့ပြီးတဲ့နောက်မှာတော့ မှီတော်မူခဲ့တဲ့ အုံးဝန်းအောက်ကနေ ပုရပိုက်တဆူ ထွက်လာ ပါတယ်။ အဲဒီ ပုရပိုက်ထဲမှာတော့ ရာဇဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တင်သ, ခဲ့ရှာတဲ့ “ကလျာရွှေညီ” ချီ ပိုဒ်စုံ ရတု တပိုဒ်ကို တွေ့ရှိကြရပါတယ်။

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

(၁) ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။‎

(၂) မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။

(၃) မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။

တချို့ကတော့ ဒီရတုဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတာလို့ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်လှတဲ့ ရတု တပုဒ်မို့ မျှဝေလိုက်ပါတယ်။


ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday 19 October 2010

လင်းပြာရိပ်ဆမ်း

“လင်းပြာလရိပ်ဆမ်း ...” တဲ့ ... လှလိုက်တဲ့စကားလုံးလေး ... အေးမွေ့ (အေးသိမ်မွေ့) ရေးထားတဲ့ ကဗျာလေးတပုဒ်ရဲ့ အဆုံးသတ်လေးပါ ... အဲဒါလေးကို ဖတ်မိတော့ ဒီစကားလုံးလေး ကျနော့်ရင်ထဲမှာ ခိုဝင်နေပါတော့တယ် ... ဒါကပဲ လင်းပြာရိပ်ဆမ်းကို ဖွဲ့မိစေတဲ့ အကြောင်းတရားပါ ...

လင်းပြာရိပ်ဆမ်း

လင်းပြာရိပ်ဆမ်း၊
ကြာနှုတ်ခမ်းမှာ၊
အနမ်းပွင့်ကြွေ ကောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အိပ်မက်လမ်းမှာ၊
မြစမ်းရေသစ် သောက်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
တိမ်ယက္ကန်းထက်၊
ကြယ်ပန်းနုနု သီဖူးသည်။

လင်းပြာရိပ်ဆမ်း၊
ပိုးမျှင်တန်းမှာ၊
ငွေငန်းကြိုးယှက် ချည်ဖူးသည်။

လင်းပြာရိပ်ဆမ်း၊
အတိတ်လွမ်းဝယ်၊
ဆိပ်ကမ်းမဲ့လှေ ရွက်လွှင့်ပြီ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Wednesday 13 October 2010

လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

ကျနော် အိပ်မက်ဒဏ္ဍာရီထဲမှာ လမ်းပျောက်နေတုန်း ဖတ်မိခဲ့ပြီး ရင်ကို အခုတိုင် စူးရှထိခိုက်နေဆဲ ကဗျာလေးတပုဒ်ကို ပြန်လည်မျှဝေပါရစေ ... ကောင်းစံ (ခင်ကောင်းစံ) ရေးထားတဲ့ ဒီကဗျာလေးက ကျနော့်ရင်ထဲ အခုထိ စွဲနေတုန်းပါပဲ ... အထူးသဖြင့်တော့ နောက်ဆုံး အချပိုဒ်လေး သုံးပိုဒ်ရဲ့ စကားလုံးလေးတွေပါ ... သူကတော့ ကဗျာမဟုတ်ပါဘူးလို့ ဘယ်လိုပဲပြောပေမဲ့ ကျနော့်အနေနဲ့ကတော့ ခံစားချက်အပြည့်နဲ့ ကဗျာလေးတပုဒ်လို့ပဲ မှတ်ယူထားပါတယ်။
"နှင်းဆီအိပ်မက်" မက်ခဲ့မိသူတဦး ... ဘာနဲ့မှ မရောယှက်တဲ့ "ဆည်းဆာအလွမ်း" စစ်စစ်တွေကို ရင်မှာထွေးပွေ့ရင်းနဲ့ပဲ လက်ခုပ်သံတွေကင်းမဲ့စွာ "ကမ္ဘာဦးလမ်းခွဲ" ဆီ တရွေ့ရွေ့လှမ်းခဲ့ရပုံရဲ့ မူရင်းကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ....

အဲဒီ မော်ဒန်ကဗျာလေးကိုဖတ်တိုင်း ရင်ခုန်သံချင်း ထပ်တူကျလွန်းတယ်ဆိုရမလားမသိဘူး ... ရင်ထဲမှာ စူးရှနစ်ဝင် သွားလွန်းလို့ လေးလုံးစပ်လင်္ကာသွားနဲ့ ပြန်လည်ခံစားရေးဖွဲ့ကြည့်မိပါတယ် ... ဖတ်ရှုခံစား ကြည့်ကြပါဦး ... မူရင်းရသ နဲ့ ခံစားချက် မပျက်အောင် အတတ်နိုင်ဆုံး ကျိုးပမ်းအားထုတ်ထားပါတယ် ...


လမ်းပျောက်သွားတဲ့ဒဏ္ဍာရီ

တကယ်ဆိုလေ၊ ဖြေသိမ့်တတ်စွာ၊
ကျန်သူပါရှင်၊ ရင်ခုန်သံနှောင်း၊
မိုင်ပေါင်းများစွာ၊ ကွာဝေးခြားဖြတ်၊
အမှတ်တရ၊ စောဒကမဲ့၊
ဘဝအိပ်မက်၊ ပတ်သက်ဖူးရာ၊
“ချို”လွန်းပါသည်၊ ဒီနာကြည်းချက်၊
ဟန်ဆောင်ခက်သား၊ မမုန်းငြားလည်း၊
မချစ်ရဲပါ၊ နွေမှာတဝက်၊
မိုးတဝက်နှင့်၊ မက်ခဲ့ရပြီ၊
အိပ်မက်ရှည်သည်၊
နှင်းဆီအိပ်မက်တွင်ပါစေ။

ပျော်မြူးခြင်းပြတ်၊ မတတ်တော့ပြီ၊
ငါသည်တမင်၊ မညာချင်ပါ၊
ဒါပေမဲ့ကွယ်၊ ဖြေမလွယ်လို့၊
ကိုယ့်ကိုယ်ကိုညာ၊ ပျော်အောင်သာပင်၊
နေပါခဲ့သူ၊ အဖြူမကျ၊
ပန်းမကသည့်၊ လရက်တွက်စစ်၊
သက္ကရာဇ်တွေ၊ မေလေခုထိ၊
တွေးနေမိရင်း၊ ငိုချင်းသံစဉ်၊
ရင်ခုန်သံနု၊ ပြိုလုနီးပါး၊
ဖြစ်သွားဖြစ်ဆဲ၊ ရင်ကိုခွဲငင်၊
သံယောဇဉ်ညှို့၊ ချို့တဝက်ကို၊
ပန်းလိုသီရင်း၊ လွမ်းချင်းညည်းမယ်၊
“လွမ်းတယ်” လို့ဆို၊ အို ... တိုးတိုးလေး၊
ရင်ကတေးနွမ်း၊ အလွမ်းစစ်စစ်၊
ဖြစ်တည်လွင့်မျော၊ ရောယှက်မသန်း၊
ကိုယ့်အလွမ်းဟာ၊
ဆည်းဆာအလွမ်း မည်ပါစေ။

ဖရိုဖရဲ၊ မမြဲနှောင်ကြိုး၊
ယိုးမိအမှန်၊ ထင်မိပြန်ပြောင်း၊
ကောင်းကင်နဲ့ယှဉ်၊ ရင်ခွင်တံခါး၊
ဖွင့်ဟသွားမိသောအခါ ...
အုပ်မိုးစရာ၊ မာနမှုန်ဝါး၊
ပျောက်ပျက်သွားလေ၊ ဖွေရှာမတွေ့၊
ဇာတ်လမ်းကွေ့မှာ၊ တရွေ့ရွေ့ကျ၊
ကားလိပ်ချမှ၊ ပွဲစဖို့ရန်၊
ကြံစည်ကြိုးပမ်း၊ အို ... ကြည့်စမ်းပါ၊
ရူးနှမ်းလိုက်သူ၊ ဘယ်သူထင်လဲ၊
ရင်မှာကွဲအက်၊ ပွဲလည်းပျက်ပြီ၊
လက်ခုပ်သံမဲ့၊ ဇာတ်သိမ်းခဲ့ရာ၊
ကမ္ဘာဦးလမ်းခွဲခေါ်ပါစေ။


ဒီကဗျာလေးဟာ ဖတ်ရှုသူတွေကို တစုံတခုသော အတိုင်းအတာအထိ ခံစားမှုတစုံတရာ ပေးနိုင်တယ် ဆိုရင် မူရင်း ဖန်တီးရှင် ကောင်းစံ ကို ချီးကျူး အသိအမှတ်ပြုပြီး ပျက်ယွင်းသွားတယ်ဆိုရင်တော့ လက်ဆော့မိတဲ့ ကျနော့်ကိုသာ အပြစ်တင်ကြစေလိုပါတယ် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...