Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Monday, 22 July 2013

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

“(ဗြဟ္မာနတ်လူအပေါ် ဒေသနာကြားလိုက်သော် ကမ္ဘာလောကမြေပြင်ပေါ် ... သုံးကြိမ်တိုင်အောင်အင်မတန်သာဓုခေါ်) ... (သဟမ္ပတိ နာမကေ မဟာဗြဟ္မေဏအကျော်) ... ကောဏ္ဍညနဲ့ ဝပ္ပဘဒ္ဒိ မဟာနာမ် အဿဇိ ကျွတ်တမ်း ဝင်ပြီ ဧဟိ... ဧဟိ... ခေါ်...” ဆိုပြီး နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ပူဇော်ခဲ့တဲ့ သီချင်းသံလေးကို ကြားယောင်မိပါတယ်။

ဒီနေ့မှာ သဟမ္ပတိဗြဟ္မာမင်းရဲ့ တောင်းပန်လျှောက်ထားချက်အရ မြတ်စွာဘုရားရှင်ဟာ ဓမ္မစကြာတရားဦးကို စတင်ဟောတော်မူပြီး ဗုဒ္ဓလမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လူသားများအား စတင်ကြေငြာ ဟောပြဆုံးမတော်မူခဲ့တဲ့အတွက် တရားရတနာ ဖြစ်တဲ့ “ဓမ္မ” ဟာ ကမ္ဘာပေါ်မှာ စတင် ထွန်းတောက် ပေါ်ထွန်းလာခဲ့ပါတယ်။ အရှင်ကောဏ္ဍညဟာ ပထမဦးဆုံး သောတာပန်တည်ပြီး တရားကို စတင်သိတော်မူတဲ့ အရိယာသံဃာတော် ဖြစ်လာတဲ့အတွက် “အညာသိကောဏ္ဍညော” (အရင်ဦးဆုံး သိသော ကောဏ္ဍည) လို့ မြတ်စွာဘုရားရှင် ကိုယ်တော် ဥဒါန်းကျူးရင့် ခေါ်ဆိုတော်မူပြီး ဧဟိဘိက္ခု ခေါ်တော်မူရာက ရဟန်းအသွင် စတင်တည်ရှိတဲ့အပြင် ပဉ္စဝဂ္ဂီ ငါးဦးထဲက ကျန်တဲ့ လေးဦးဖြစ်တဲ့ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နဲ့ အရှင် အဿဇိတို့လည်း ရဟန်းအဖြစ်ကို ဆက်လက်ရရှိခဲ့တာမို့ သံဃာရတနာဖြစ်တဲ့ “သံဃာ” အစုအဝေးလည်း စတင်ပေါ်ထွန်းရာနေ့ဖြစ်တဲ့အတွက် သာသနာ့ သမိုင်းမှာ အရေးပါလှပါတယ်။

ဒီသီချင်းလေးနဲ့ တဆက်တည်းမှာပဲ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ သံပေါက်လေးကို သွားသတိရမိပါတယ်။

သာသနာသမိုင်းနဲ့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားနဲ့ ပတ်သက်နေတဲ့ ထူးထူးခြားခြား လပြည့်နေ့ နှစ်နေ့ရှိပါတယ်။ အဲဒီနေ့တွေ ကတော့ ကဆုန်လပြည့်နေ့နဲ့ ဝါဆိုလပြည့်နေ့ပါပဲ။ ကဆုန်လပြည့်နေ့ကိုတော့ “ကဆုန်လပြည့် ဗုဒ္ဓနေ့” လို့ ခေါ်ကြပြီး ဝါဆိုလပြည့်နေ့ကိုတော့ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ သံပေါက်လေးနဲ့ အမှတ်သညာပြုကြပါတယ်။

ကဆုန်လပြည့်နေ့ရဲ့ ထူးခြားမှုက မြတ်စွာဘုရားရှင်ရဲ့ ဘဝတော်နဲ့ ပတ်သက်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝနဲ့ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူပါတယ်၊ တခါ မဟာသက္ကရာဇ် ၉၇-ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ် ပွင့်တော်မူပြီး မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

ဝါဆိုလပြည့်နေ့ကတော့ ဓမ္မနဲ့ ပိုပြီးပတ်သက်သလို ကနဦး အခြေစတင်တည်ခြင်းသဘောလည်း ဖြစ်နေတာကို တွေ့ရ ပါမယ်။ မယ်တော် မဟာမာယာဒေဝီရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေယူတာ၊ သားတော်ရာဟုလာ ဖွားမြင်တော်မူတဲ့နေ့မှာ နိမိတ်ကြီး လေးပါးကိုမြင်ပြီး တောထွက်တော်မူတာ၊ ဘုရားအဖြစ် ပွင့်တော်မူ ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် လူသားတွေကို ဓမ္မကို ဟောပြပြီး သံဃာရတနာ စတင်ဖြစ်တည်စေတော်မူခဲ့တာ အားလုံးဟာ ဝါဆိုလပြည့်နေ့ တွေချည်းပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ အရေးကြီးတဲ့ဖြစ်တော်စဉ်တွေဟာ နေ့ခုနစ်နေ့အဖြစ် တည်ရှိနေပါတယ်။ ဒီနေ့တွေကို “နံတော်စဉ်” လို့လည်း ခေါ်ကြပါတယ်။ ပဋိသန္ဓေယူတဲ့နေ့ကနေစပြီး တေဇောဓာတ်လောင်တော်မူတဲ့နေ့အထိ နေ့နံအစဉ်အတိုင်းပါ။ ဒီနေ့တွေကို အစဉ်အတိုင်း “မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” လို့ အတိုကောက်မှတ်လေ့ရှိကြပါတယ်။ ဒီနံတော်စဉ်အပေါ် မူတည်ပြီးတော့ တချို့ အင်္ဂဝိဇ္ဇာ ဆရာတွေ ဟောကိန်းထုတ်တတ်ကြပါတယ်။ အင်္ဂဝိဇ္ဇာပညာရပ်မှာ အရေးကြီးတဲ့ ကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။

“မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” ဆိုတဲ့ နံတော်စဉ် အတိုကောက် စကားလုံးတွေက နံသင့်သင်္ချာနည်းအတိုင်း မှတ်ထား တာပါ။ ဖြစ်တော်စဉ်တွေကတော့ -
ပဋိသန္ဓေနေတော်မူသောနေ့ (မ = ကြာသပတေး၊ ဝါဆိုလပြည့်)
ဖွားတော်မူသောနေ့ (သိ = သောကြာ၊ ကဆုန်လပြည့်)
တောထွက်တော်မူသောနေ့ (ကြ = တနင်္လာ၊ ဝါဆိုလပြည့်)
ဘုရားဖြစ်တော်မူသောနေ့ (လျှင် = ဗုဒ္ဓဟူး၊ ကဆုန်လပြည့်)
ဓမ္မစကြာတရားဦးဟောတော်မူသောနေ့ (တွေး = စနေ၊ ဝါဆိုလပြည့်)
ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ဆ = အင်္ဂါ၊ ကဆုန်လပြည့်)
တေဇောဓာတ်လောင်တော်မူသောနေ့ (ဦး =တနင်္ဂနွေ၊ ကဆုန်လဆုတ်) ... တွေပဲဖြစ်ပါတယ်။

ဒီ နံတော်စဉ်ကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ခုနစ်နေ့ဘုရားရှိခိုး ဆိုပြီး လင်္ကာလေး ဖွဲ့ပြီး ပူဇော်ထား ပါတယ်။ ကျနော်တို့ ငယ်ငယ်ကတော့ ကျောင်းမှာ ဆိုရသလို ကျနော့်ရဲ့ ဖွားဖွားကြီး နှုတ်တိုက်သင်ပေးထားလို့ ငယ်ငယ် ကတည်းက အလွတ်ရခဲ့ ပါတယ်။ ခုတော့ အဲဒီ အလေ့အထတွေ ပျောက်ကုန်ပြီ ထင်ပါတယ်။ ဒါကြောင့် လယ်တီ ဆရာတော်ကြီးရဲ့ ခုနစ်နေ့ ဘုရားရှိခိုးကို မသိသေးတဲ့ လူငယ်တွေလည်း သိရအောင်၊ သိပြီးသား လူကြီးလူငယ်များလည်း ကြည်ညိုပူဇော်နိုင်အောင် တလက်စတည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

လယ်တီဆရာတော်ဘုရားကြီး၏ (၇)နေ့ ဘုရားရှိခိုးနှင့် ကန်တော့ဆုတောင်းခန်း

ပဋိသန္ဓေယူသောနေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊
သောင်းခွင် စကြာဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊
ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့ ကိန်းပါကို ... ။

ဖွားမြင်တော်မူသောနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့လမ်းပါကို ... ။

တောထွက်တော်မူသောနေ့

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊
သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုံးသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊
လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊
စုံမြိုင်ပင်ရိပ်ခန်းမှာကို ... ။

ဘုရားဖြစ်တော်မူသောနေ့

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို ... ။

ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊
စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ရွမ်းတယ်ကို ... ။

ပရိနိဗ္ဗာန်စံတော်မူသောနေ့

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊
သတ္တဝါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို ... ။

တေဇောဓာတ်လောင်တော်မူသောနေ့

နိဗ္ဗူစံပြီ၊ ရှုမအီသား၊
သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊
ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊
ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊
မီးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကို ... ။

ကန်တော့ဆုတောင်းခန်း

ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊
ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊
ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊
ဝန္ဒနာနှင့်၊ သဒ္ဒါဖြိုးဖြိုး၊
ကျွန်ရှိခိုးသည် ...
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် ... ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...

ဟယ်ရီလွင်


Read More...

Saturday, 22 June 2013

ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ

ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ



ဤဘာသာသည် ငြိမ်းချမ်းအေးမြခြင်းနှင့် ခန္တီတရားတို့ဖြင့် ထင်ရှားကျော်ကြားသော ဘာသာအယူဝါဒတခုဖြစ်ပေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ အများစုဖြစ်သော အာရှနိုင်ငံအများအပြား၌ ဘုန်းတော်ကြီးများသည် အများအားဖြင့် မူဆလင်များ အပေါ်တွင် တယူသန်အကြမ်းဖက်မှုများကို လှုံ့ဆော်နှိုးဆွပေးလျက် ရှိကြပေသည်။

ဟန်နာ ဘီးခ်ျ - မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။ ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။

ဗုဒ္ဓဘာသာများ ကြမ်းကြလေသော် ...



ဟန်နာ ဘီးခ်ျ - မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။ ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။

“ဗမာ ဘင်လာဒင်” လို့ ဘွဲ့အမည်ခံယူထားပြီး သူ့မျက်နှာက ရုပ်ထုတခုလို တည်ငြိမ်အေးချမ်းလှတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ဟာ တရား စတင်ဟောကြားပါတယ်။ ရာပေါင်းများစွာသော တရားနာပရိဿတ်က ချွေးတွေ ယိုစီးကျလို့ ကပ်စေးစေးဖြစ်နေတဲ့ ကျောပြင်တွေနဲ့ လက်အုပ်လေးတွေချီရင်း သူ့ရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်လို့ပါ။ တရားထောက်က ထောက်လိုက်တိုင်း လူအုပ်ကြီးက နီညိုရောင်သင်္ကန်းရုံထားကြတဲ့ ရဟန်းများနဲ့အတူ သာဓု ခေါ်သံ တရားစာရွတ်သံတွေက ရန်ကုန်မြို့ပြီးရင် မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့ မန္တလေးက ဘုန်းကြီးကျောင်းတိုက်တတိုက်ရဲ့ ပူလောင်အိုက်စပ်တဲ့လေထုထဲမှာ ပျံ့လွင့်လို့နေပါတယ်။ ကြည့်ရတာကတော့ ငြိမ်းချမ်း အေးမြတဲ့ မြင်ကွင်းပါပဲ ... ဒါပေမဲ့ ဦးဝီရသူရဲ့အသံကတော့ အမုန်းတရားတွေနဲ့အက်ကွဲရှတ နေပါတယ်။ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့မြေမှာ လူနည်းစု မူဆလင်တွေကို မုန်းတီးရေးတရားတွေကို မိနစ် ၉၀-လောက်ကြာအောင် နည်းအမျိုးမျိုးနဲ့ ဟောပြောရင်း “အခု အချိန်ဟာ အေးအေးဆေးဆေးနေကြရမယ့် အချိန်မဟုတ်ဘူး” လို့ သက်တော် ၄၅-နှစ်အရွယ် ရဟန်းတော်က ဖြည်းဖြည်းလေးလေးနဲ့ မိန့်ပါတယ်။ “ခုချိန်ဟာ နိုးထကြရမယ့်အချိန် ခင်ဗျားတို့ရဲ့ သွေးတွေ ဆူပွက်နေရမယ့်အချိန်” ပါတဲ့။

ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးတွေဟာ မြန်မာလို့လည်း သိကြတဲ့ ဗမာပြည်မှာ ဆူပွက်နေပြီး မူဆလင်သွေးတွေကလည်း အမြောက်အများ ဖိတ်လျှံကျနေကြပါတယ်။ မနှစ်က တနှစ်လုံး ဗုဒ္ဓဘာသာ လူအုပ်စုကြီးတွေဟာ ဘာသာရေး ယုံကြည်ချက်မတူတဲ့ လူနည်းစုတွေအပေါ် ပစ်မှတ်ထားခဲ့ကြပါတယ်။ မူဆလင် ဆယ်ဂဏန်းခန့် အသတ်ခံကြရတယ်လို့ အာဏာပိုင်တွေက ဆိုပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ရာပေါင်းများစွာ လို့ ခန့်မှန်းကြပါတယ်။ အကြမ်းဖက်မှု အများအပြားဟာ ကုလသမဂ္ဂက ကမ္ဘာ့ အဖိနှိပ်ခံရဆုံး သူတွေထဲက တစုလို့ သုံးနှုန်းတဲ့ ရိုဟင်ဂျာလို့ ခေါ်သူ မြန်မာနိုင်ငံ အနောက်ဖျားက နိုင်ငံမဲ့ မူဆလင် အုပ်စုကြီးအပေါ် ရည်ရွယ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလို လူမျိုးစုခြင်း သွေးချောင်းစီးမှုဟာ ဦးဝီရသူ သီတင်းသုံးပြီး ပြင်းထန်ခါးသီးတဲ့ တရားများ ဟောကြားမိန့်မြွက်ရာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ ဒီ အစွန်းရောက်ဘုန်းတော်ကြီး ဟာ မြန်မာနိုင်ငံရဲ့ ခန့်မှန်းချေ သန်းပေါင်း-၆၀ ခန့်ရှိတဲ့ လူဦးရေရဲ့ ၅% လောက် အနည်းဆုံးရှိမယ့် မူဆလင်များကို နိုင်ငံနဲ့ ယဉ်ကျေးမှုကို ခြိမ်းခြောက်နေကြသူများ အဖြစ် ရှုမြင်ပါတယ်။ “[မူဆလင်တွေဟာ] မျိုးပွားတာ သိပ်မြန်ပြီး ကျုပ်တို့ သမီးပျိုတွေကို ခိုးယူနေကြ၊ အဓမ္မပြုကျင့် နေကြတယ်” လို့ ကျနော့်ကို ပြောပါတယ်။ “သူတို့က ကျုပ်တို့ တိုင်းပြည်ကို အပိုင်စီးသိမ်းပိုက်ချင်နေကြတာ၊ ဒါပေမဲ့ ကျုပ်ကတော့ ဒါကို ခွင့်မပြုနိုင်ဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံ အဖြစ်ပဲ ကျုပ်တို့ ထိန်းသိမ်းထားရမယ်” ... ဒီလို အမုန်းတရားမိန့်ခွန်းမျိုးဟာ သိမ်မွေ့တဲ့ နိုင်ငံရေးဂေဟစံနစ်ဖြစ်ထွန်းနေပြီး အနည်းဆုံး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅-စု ရှိတဲ့ နိုင်ငံ၊ ရာစုနှစ်တဝက်နီးပါးလောက် စစ်တပ် အုပ်ချုပ်ရာကနေ မကြာသေးမီကလေးကတင် လွတ်မြောက်လာရတဲ့ နိုင်ငံတနိုင်ငံကို ခြိမ်းခြောက်နေပါတယ်။ အစိုးရတာဝန်ရှိသူအချို့က ရိုဟင်ဂျာအမျိုးသမီးတွေ ကလေး နှစ်ယောက်ထက် ပိုမမွေးရ ဆိုတဲ့ စစ်အုပ်ချုပ်ရေးခေတ်မှာတောင် ကျင့်သုံးခဲလှတဲ့ တားမြစ်မှုမျိုးကို ထုတ်ပြန်ဖို့ ကြိုးစားစည်းရုံးနေပြီး ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်အများအပြား ကလည်း ဗမာစစ်တပ်နဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်တိုင်းရင်းသားသူပုန်များအကြား မကြာသေးမီက ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေဟာ ဘာသာရေးခွဲခြားမှုကြောင့် ပိုမိုဆိုးဝါးကုန်တာလို့ ပြောဆိုကြပြန်ပါတယ်။ အစွန်းရောက် ဗုဒ္ဓဝါဒ ဟာ အာရှရဲ့ အခြားဒေသတွေမှာလည်း ရှင်သန် ထွန်းကားနေပါပြီ။ ဒီနှစ်ထဲမှာပဲ သီရိလင်္ကာမှာ အစိုးရပိုင်းက အဆင့်မြင့် ထိပ်သီးတွေနဲ့ ဆက်နွယ်နေတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အုပ်စုတွေဟာ ထင်ရှားလူသိများလာပြီး မူဆလင်နဲ့ ခရစ်ယာန်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး ရာမှာ ဘုန်းတော်ကြီးတွေက စီစဉ်ညွန်ကြားမှုတွေကို ထောက်ကူနေကြပါတယ်။ နောက်ပြီး မူဆလင်သောင်းကျန်းမှုကြောင့် ၂၀၀၄-ခုနှစ် ကတည်းကနေ ခုထိ အသက်ပေါင်း ၅၀၀၀-ကျော် ဆုံးရှုံးခဲ့ရပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာ ထိုင်းစစ်တပ်ဟာ ပြည်သူ့စစ်တွေကို လေ့ကျင့်ဖွဲ့စည်းပေးထားပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဘာသာရေး ဝိနည်းအရ သူတို့ ဘုန်းကြီးကျောင်းတွေကနေ ဆွမ်းခံကြွဖို့ ထွက်လာကြပြီဆိုရင် မကြာခဏ လိုက်ပါစောင့်ရှောက် ပေးကြ ရပါတယ်။ စစ်သားနဲ့ဘုန်းကြီး အတူရောနှောနေပြီး တချို့ဘုန်းကြီးတွေက ကိုယ်တိုင်လက်နက်ကိုင်ထားတဲ့ မြင်ကွင်းက ထိုင်းနိုင်ငံက မူဆလင်တွေအဖို့ ပိုပြီး သီးခြားတစိမ်းတရံဆန်လာမှုကိုတိုးပွားစေပါတယ်။ နိုင်ငံတခုချင်းစီရဲ့ သမိုင်းမှာ အစွန်းရောက်ဗုဒ္ဓဝါဒလမ်းစဉ် သြဇာထွန်းကားလာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်အတွင်းမှာသာ ရှိခဲ့ပေမဲ့ အင်တာနက်အသုံးချမှု တိုးပွားလာတာနဲ့အမျှ Facebook သို့မဟုတ် Tweeter ပို့စ်တခုနဲ့တင် အခြေအမြစ်မဲ့ ဘက်လိုက် မလိုမုန်းထားမှုတွေနဲ့ ကောလာဟလတွေဟာ ချက်ခြင်းဆိုသလို မီးလောင်ရာလေပင့်ပေးလိုက်သလို ဖြစ်သွား ပါတော့တယ်။ အကြမ်းဖက်မှုတွေဟာ နယ်ခြားတွေကို အလွယ်တကူ ဖြတ်ကျော်ပြီး ပျံ့နှံ့ဖိတ်လျှံသွားနိုင်ပါတယ်။ ဇွန်လထဲမှာပဲ မြန်မာလူမျိုး သိန်းပေါင်းများစွာ လာရောက် အခြေချပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မလေးရှားမှာ မြန်မာ ဗုဒ္ဓဘာသာဝင် အမြောက်အများ အသတ်ခဲ့ခံရပြီး ဒါဟာ မြန်မာပြည်မှာ မူဆလင်တွေ သေဆုံးရတဲ့အတွက် တန်ပြန်ကလဲ့စားချေ လက်တုန့်ပြန်ခြင်းဖြစ်နိုင်ချေရှိတယ်လို့ မလေးရှား အာဏာပိုင် များက ဆိုပါတယ်။

ဘာသာရေးအစွန်းရောက်ဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မူဆလင် စစ်သွေးကြွတွေ၊ ကျဉ်းမြောင်းတင်းကျပ်တဲ့အယူရှိတဲ့ သမ္မာကျမ်းစွဲ ခရစ်ယာန်ဝါဒီတွေ၊ ရှေးရိုးစွဲ ခရစ်ယာန်အစွန်းရောက် ဂျူးတွေကြားမှာ ဗုဒ္ဓဘာသာဟာ ဒီလိုကိစ္စမျိုးတွေကနေ ကင်းလွတ်ကြောင်း ကြိမ်ဖန်များစွာ အစမ်းသပ်ခံနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်က ဗုဒ္ဓဘုရားရှင်ဖြစ်သူ သိဒ္ဓတ္ထဂေါတမ ဖြန့်ချီဟောကြားခဲ့တဲ့ အကြမ်းမဖက်ရေးနဲ့ မေတ္တာ ကရုဏာတရားကို ထင်ဟပ်တဲ့ ဘာသာအဖြစ် ကမ္ဘာတလွှားက နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာတရားမဆို ၄င်းတို့ရဲ့ နောက်လိုက်ကျင့်သုံးသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ သူတို့ရဲ့ အထွတ်အမြတ် ကိုးကွယ်ရာ သံဃာတွေ ဟာလည်း နိုင်ငံရေး “ပြီး” သူတွေ မဟုတ်ကြဘဲ အခါအခွင့်သင့်ရင် သင့်သလို လူမျိုးရေးခွဲခြားတဲ့ မျက်ကန်းမျိုးချစ်ဝါဒရဲ့ ဖျားယောင်းမှုဒဏ်ကိုလည်း ခံနိုင်ရည်မရှိကြပါဘူး။ အာရှဟာ ဗြိတိသျှအင်ပါယာနဲ့ ဖိနှိပ်မှုတွေ အောက်က နိုးထလာတဲ့အခါ အရေအတွက် အများအပြားရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်များဟာ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ ဦးဆောင်မှုနဲ့အတူ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြပါတယ်။ တချို့ဟာ သူတို့လမ်းစဉ်နဲ့ ယုံကြည်ချက် အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ကြုံလှီသွားတဲ့ အသားအရည်နဲ့ ငေါထွက်လာတဲ့ နံရိုးအပြိုင်းပြိုင်းဟာ လူဝတ်ကြောင် ဒကာ ဒကာမတွေအတွက် စွန့်လွှတ်အနစ်နာခံမှုကို အထင်းသား ဖော်ပြခဲ့ကြပါတယ်။ ဖိနှိပ်ချုပ်ခြယ်တဲ့ တောင်ဗီယက်နမ်အစိုးရကို လွန်ခဲ့တ့ နှစ်ပေါင်း ငါးဆယ်ကျော်က ကန့်ကွက်ဆန္ဒပြရင်း ပဒုမာသန ထိုင်နည်းနဲ့ ထိုင်လျက် ကနေ မီးလျှံတွေဖုံးလွှမ်းကာ ပျံတော်မူသွားတဲ့ ဗီယက်နမ် ရဟန်းတော် သစ်ခ်ျကွမ်ဒပ်ခ်ရဲ့ ပုံရိပ်ဟာ အထင်ရှားဆုံး ပြယုဂ် တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၂၀၀၇-ခုနှစ်မှာတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ မြန်မာပြည်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားထကြွမှုတခုကို ဦးဆောင်ခဲ့ကြပါတယ်။ သပိတ်တွေ လွယ်ထားတဲ့ သံဃာတန်းကြီးများစွာဟာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတဲ့ ပုံရိပ်တွေအပေါ် (သူတို့ကို သတ်ဖြတ်ခဲ့ကြတဲ့ စစ်သားတွေဆီက မရခဲ့ရင်တောင်မှ) တကမ္ဘာလုံးက ကရုဏာသက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုရေးလှုပ်ရှားတက်ကြွမှုတွေ ဘယ်နေရာမှာ အဆုံးသတ်ပြီး နိုင်ငံရေးစစ်သွေးကြွမှုတွေ ဘယ်နေရာက စပါသလဲ။ ဘာသာတိုင်းဟာ အတွေးအခေါ် အယူအဆတွေကြောင့် အဆိပ်ခတ်ခံရပြီး အဖျက်အင်အားစု အဖြစ် မူလအုတ်မြစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ပြောင်းလဲသွားနိုင်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာရဲ့ အလှည့်ကျလာပါပြီ။

အမုန်းတရား၏မန္တရား

ဘေးက နံရံပေါ်မှာ သူ့ရဲ့ ကိုယ်လုံးပြည့်ပကတိလူအရွယ်ပုံကြီးက ဖုံးလွှမ်းလို့ မန္တလေး မစိုးရိမ်တိုက်သစ်ရဲ့ စင်မြင့်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ဦးဝီရသူက သူ့ရဲ့ ကမ္ဘာ့အမြင်ကို အသေးစိတ် ရှင်းလင်းဟောကြားပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ “လူမည်း မူဆလင်သွေး ရောနှော စွန်းထင်နေသူ” ဖြစ်တယ်။ သူ့နာမည်ကို အာရပ် အကြမ်းဖက် သမားတယောက်ရဲ့ နာမည်နဲ့ ဆက်စပ်ပြီး ခေါ်ဝေါ်နေတာကို အရွဲ့တိုက်တယ်လို့ မမြင်ပေမဲ့ အာရပ်တွေဟာ ကုလသမဂ္ဂကို အပိုင်စီးထားကြပြီဖြစ်ကြောင်း သူယုံကြည်ပါတယ်။ မြန်မာပြည်က မူဆလင် ၉၀% လောက်ဟာ “အစွန်းရောက် လူဆိုး” တွေလို့ ၂၀၀၃-ခုနှစ်မှာ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရသူ ဦးဝီရသူက ပြောပါတယ်။ အခုအခါ ဗုဒ္ဓဘာသာရဲ့ ဂုဏ်တော်တရားများစွာကို ကိုယ်စားပြုထားတဲ့ ဂဏန်းဖြစ်တဲ့ ၉၆၉-လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကိုယ့်အချင်းချင်းသာ ဆက်ဆံကြဖို့ စည်းရုံးလှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ်ကို သူဟာ ဦးဆောင်နေပြန်ပါတယ်။ “ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့က ဒီမိုကရေစီထက် ပိုအရေးကြီးတယ်” လို့ ဦးဝီရသူက မိန့်ပါတယ်။ အခြေခံလမ်းစဉ် အနည်းအကျဉ်းလောက်နဲ့ သူ့တယူသန်အမြင်အပေါ်ဖက်တွယ်ပြီး (လောကီ) ပညာ မတတ်တဲ့ စည်းအပြင်ကလူ အဖြစ်၊ မိဘတွေက ကျွေးဖို့ ပါးစပ်တပေါက်လျော့သွားရင် တော်ပြီဆိုပြီး ဘုန်းကြီးကျောင်းမှာ သွားထားတာ ခံခဲ့ရတဲ့ ကလေးရှစ်ယောက်ထဲက တယောက်အဖြစ် ဦးဝီရသူကို အရေးမစိုက်ဘဲ ပစ်ပယ်လိုက်ဖို့ လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးဝီရသူဟာ ဆွဲဆောင်မှုအားကောင်းပြီး သြဇာပြည့်ဝသူဖြစ်တဲ့အပြင် သူ့ရဲ့အမြင်၊ စကားတွေ ဟာ ပဲ့တင်ထပ်သွားပါတယ်။ နိုင်ငံမှာ လူများစုဖြစ်တဲ့ ဗမာလူမျိုးစုအတွင်းနဲ့ အာရှရဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာပါ အစ္စလာမ်ဘာသာဟာ တချိန်က ဗုဒ္ဓဘာသာမြေတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တွေကို အောင်မြင်လွှမ်းမိုးပြီး ဖြစ်နေတာကြောင့် သူတို့ရဲ့ ဘာသာဟာ စီးနင်းသိမ်းပိုက်ခံနေရတယ်၊ အစကဒ်ပြားလဲသွားရင် ကျန်တာအကုန် ပြိုဆင်းသွားနိုင်တယ် ဆိုတဲ့ ဝိုးတဝါးအာရုံသိ ရှိနေကြပါတယ်။ သက်သေသာဓက မရှိဘဲတောင်မှ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ပြည်တွင်းမူဆလင်လူဦးရေဟာ သူတို့တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးပွား နေတယ်လို့ စိုးရိမ်ထိတ်လန့်နေကြပြီး အရှေ့အလယ်ပိုင်းက ငွေကြေးတွေဟာ ဗလီအသစ်တွေ ဆောက်ဖို့ သွန်ချနေတာ ကိုလည်း စိုးရွံ့နေကြပါတယ်။ ၂၀၁၁-ခုနှစ်မှာ မြန်မာနိုင်ငံဟာ စစ်အစိုးရက အရပ်သားတပိုင်း အစိုးရကို လမ်းဖွင့်ပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ စတင်လာကတည်းက စစ်တပ်ကို သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့မှုတွေအတွက် တာဝန်ခံဖို့ စည်းရုံးဆော်သြခဲ့တာဟာ လူနည်းနည်းပဲ အံ့သြစရာကောင်းလောက်အောင် ရှိခဲ့ပါတယ်။ ဒီလို အေးချမ်းတည်ငြိမ် သည်းခံ တတ်တဲ့ စိတ်မျိုးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်တတ်ခြင်းတရားနဲ့ ပြည့်ဝတဲ့စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့ ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီဖော်ဆောင်မှုဟာ လူမျိုးတုန်းသုတ်သင်ရှင်းလင်းရေးကို နှီးနွယ်နေတဲ့ အယူအဆများနဲ့ ပတ်သက်တဲ့ အစွန်းရောက်တို့ရဲ့ အသံတွေကိုလည်း ဖြေလွှတ်လို့ တိုးပွားလာအောင် လမ်းဖွင့်ပေး ခဲ့ရပါတယ်။ ပြဿနာတွေက အချိုးအစားမညီမျှတဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး မူဆလင်အများအပြား အသက်ပေးခဲ့ရတဲ့ အနောက်ဖျားဒေသတွေမှာ မနှစ်က စတင်ခဲ့ပါတယ်။ ဓားလွတ်တွေ ကိုင်ဆွဲထားတဲ့ ဗုဒ္ဓဘာသာ လူအုပ်ကြီးတွေက ရိုဟင်ဂျာကျေးရွာတွေကို တိုက်ခိုက်ခဲ့ကြပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ဇနပုဒ်တခုက တနေကုန်တနေခမ်း ကြာမြင့်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ် သုတ်သင်မှု တခုမှာ မူဆလင် ၇၀-ခန့် အသတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးမှု အနည်းငယ်သာ ပြုလုပ်ခဲ့တဲ့ ဒီလို လူမျိုးစုခြင်း အကြမ်းဖက်မှုတွေဟာ အဲဒီကတည်းကစပြီး နိုင်ငံရဲ့ တခြားဒေသတွေကို ပျံ့နှံ့ကူးစက် ဝင်ရောက်သွားပါတော့တယ်။ မတ်လမှာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဗလီတွေ အိမ်တွေ မီးရှို့ခံရတာကြောင့် သောင်းပေါင်းများစွာသော လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ကလေးတွေဟာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးတွေဟာ မီးရှို့သတ်ခံခဲ့ရပါတယ်။ ဖြစ်ရပ်အများအပြားမှာ ရဟန်းတွေဟာ သွေးရူးသွေးတမ်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့မြင်ရပါတယ်။ မတ်လနှောင်းပိုင်းမှာ သယ်ယူပို့ဆောင်ရေး အချက်အခြာဖြစ်တဲ့ မိတ္ထီလာမြို့ဟာ နေ့ပေါင်းများစွာ မီးလောင်နေပြီး မူဆလင်တွေက ရဟန်းတပါးကို သတ်ဖြတ်အပြီး မူဆလင်ရပ်ကွက်တခုလုံးဟာ ဗုဒ္ဓဘာသာ လူအုပ်ကြီးက ရှို့တဲ့ မီးတောက်မီးလျှံ တွေ အတိနဲ့ လောင်ကျွမ်းနေပါတယ်။ (တရားဝင် သေဆုံးသူအရေအတွက်အရ ဗုဒ္ဓဘာသာ နှစ်ဦးနဲ့ အနည်းဆုံး မူဆလင် ၄၀-လို့ ဆိုပါတယ်။) မူဆလင် ထောင်ပေါင်း များစွာဟာ သတင်းထောက်တွေကို ဝင်ခွင့်မပေးဘဲ တားမြစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ပြည့်သိပ်နေ ပါတယ်။ ဒေသခံ မဒရာဆာကျောင်းက အသတ်ခံခဲ့ရတဲ့ ကျောင်းသား အနည်းဆုံး နှစ်ဆယ်လောက်ထဲက တယောက် ဖြစ်တဲ့ အသက် ၁၅-နှစ်အရွယ် အဗ္ဗဒူလ်ရာဇတ်ရှာဘန်ရဲ့ မိသားစုနဲ့ ကျနော် တွေ့ဆုံနိုင်ခဲ့ပါတယ်။ ရာဇတ်ရဲ့အသက်ဟာ ခေါင်းကို သံတွေထိုးထိုးထောင်ထောင်နဲ့ သစ်သားပြားကြီးတခုနဲ့ အရိုက်ခံရတဲ့အခါ ချုပ်ငြိမ်းသွားခဲ့ရပါတယ်။ “ကျမရဲ့ သားဟာ မူဆလင်မို့ အသတ်ခံခဲ့ရတာပါ။ တခြားဘာကြောင့်မှ မဟုတ်ပါဘူး” လို့ ရာဇတ်ရဲ့ မိခင်ဖြစ်သူ ရာဟာမာဘီက မီးလောင်ကျွမ်းသွားတဲ့ ဗလီတခုရဲ့ နောက်ခံအရိပ်အောက်မှာ ကျနော့်ကို ပြောပါတယ်။

ကျောင်းတော်နှင့် နိုင်ငံတော်

အစ္စလာမ်ကို မောင်းနှင်ထုတ်ပြီး ဗုဒ္ဓဘာသာ အဓိကလွှမ်းမိုးထားရေးကို အာမခံပေးမယ့် အိပ်မက်တွေဟာ သီရိလင်္ကာရဲ့ အင်အား အတောင့်တင်းဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်ပြီး အမည်အားဖြင့် ဗုဒ္ဓဘာသာအင်အား တပ်မတော် လို့ အဓိပ္ပာယ်ရတဲ့ ဗုဒ္ဓဗလသေန (ဗဗသ) (Bodu Bala Sena - BBS) အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုရဲ့ ဆင်ခြေဖုန်းတနေရာမှာ ကျင်းပခဲ့တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရဟန်းတော် အပါး ၁၀၀-ကျော်က ချီတက်မှုကို ဦးဆောင်ခဲ့ပြီး နောက်လိုက်နောက်ပါ များက ဗုဒ္ဓသာသနာ့ အလံတွေကို ကိုင်စွဲရင်း သူတို့ရဲ့ ညာဘက်လက်ကို ရင်ဘတ်ပေါ်ယှက်တင်ရင်း သူတို့ရဲ့ ဘာသာတရားကို ကာကွယ်ဖို့ ကတိသစ္စာပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကမှ ဖွဲ့စည်းခဲ့တဲ့ ဗဗသအဖွဲ့က ကမ္ဘာ့ ရှေးအကျဆုံး ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ဆက်တိုက်တည်ရှိခဲ့တဲ့ သီရိလင်္ကာဟာ သူ့ရဲ့ စိတ်ဓာတ်ရင်းမြစ်တွေကို အခိုင်အမာ ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်နေပြီ လို့ အထူးတလည် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့က အစိုးရကျောင်းတွေမှာ ရဟန်းတော်တွေ သမိုင်းကို သင်ကြား ပေးစေလိုပြီး နိုင်ငံလူဦးရေရဲ့ ၉%ဟာ မူဆလင်တွေ ဖြစ်နေလင့်ကစား ဘာသာရေးအရ ခေါင်းမြီးခြုံမှုတွေ ပိတ်ပင်တားမြစ် ပေးစေလိုနေပါတယ်။ ဗဗသ အထွေထွေအတွင်းရေးမှူးနဲ့ ရဟန်းတော်တပါးဖြစ်သူ ဂါလဗုဒ္ဓ အတ္တတိ ဂန္ဓသာရ ထေရ က အဖွဲ့ကြီးရဲ့ နှစ်ပတ်လည် ညီလာခံမှာ “ဒါဟာ ဗုဒ္ဓဘာသာ အစိုးရဖြစ်တယ်။ ဒါဟာ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တယ်” လို့ မိန့်ကြားခဲ့ပါတယ်။ ဗဗသက ရဟန်းတွေလိုပဲ သဘောထားတင်းမာတဲ့ ရဟန်းတော်တွေဟာ အထူးသဖြင့် ဟိန္ဒူ လွတ်မြောက်ရေး တမီလ်အီလမ်ကျားသူပုန်တွေနဲ့ ၂၆-နှစ်ကြာ စစ်ပွဲ လွန်ခဲ့တဲ့ လေးနှစ်တုန်းက အဆုံးသတ်သွား ကတည်းက လူနည်းစု ခရစ်ယာန်နဲ့ မူဆလင်တွေဘက် လှည့်လာကြပါတယ်။ ရှေးရိုးစွဲဝါဒီ သမ္မတ မဟိန္ဒာရာဇပဿ ၂၀၀၅-ခုနှစ်မှာ ရွေးခြယ်ခံရပြီးနောက်မှာ ဗုဒ္ဓဘာသာ လွှမ်းမိုးရေးဝါဒီ အုပ်စုတွေဟာ သြဇာအာဏာ ပိုရှိလာကြပါတယ်။ မကြာသေးခင်လများက သူတို့ရဲ့ ခြိမ်းခြောက်ရေး လှုပ်ရှားမှုတွေမှာ မူဆလင်ပိုင် အထည်ဆိုင်တဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာအိမ်တအိမ်နဲ့ မူဆလင်တို့နဲ့ ဆက်စပ်နေတဲ့ သားသတ်ရုံတရုံကို တိုက်ခိုက်ကြတာတွေ ပါဝင်ခဲ့ပါတယ်။ ဒီလို လှည့်လည်သောင်းကျန်းနေကြတဲ့ လူတွေကို ဦးဆောင်နေတဲ့ ရဟန်းအချို့ကို ဗီဒီယိုပေါ်မှာ ရိုက်ကူးမှတ်တမ်းတင် ထားတာ တွေ့ရပေမဲ့လည်း ဘယ်သူမှ အရေးယူ မခံခဲ့ရပါဘူး။ သီရိလင်္ကာမှာ ရဟန်းတော်တွေ သြဇာလွှမ်းမိုးတဲ့ ပါတီက အစိုးရအဖွဲ့မှာ ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ်ပါဝင်လာခြင်းနဲ့အတူ ကျောင်းတော်နဲ့ နိုင်ငံတော်ဟာ တကယ့်ကို ပိုမိုနီးစပ်စွာ ကြီးထွားလာပါတော့တယ်။ မတ်လမှာ ဗဗသအဖွဲ့က ကြီးမှူးတည်ထောင်တဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်မှုအကယ်ဒမီ ဖွင့်ပွဲ မှာ အထူးဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် တက်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး နဲ့ သမ္မတရဲ့ ညီဖြစ်သူ ဂေါတဘယ ရာဇပဿဖြစ်ပြီး “ကျနော်တို့တိုင်းပြည်နဲ့ အမျိုးဘာသာကို ကာကွယ်နေတာဟာ ရဟန်းတော်တွေပါပဲ” လို့ မိန့်ကြားသွားခဲ့ပါတယ်။

လက်နက်ထဲက ဆွမ်း

ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာတော့ အကူအညီလိုအပ်နေတာက ရဟန်းတော်တွေဖြစ်ပြီး တချို့တွေကတော့ သူတို့ရဲ့ ကြံရာမရဖြစ်မှုကနေ ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ နည်းလမ်းတွေကို ခိုတွယ်အားကိုးကြရပါ တော့တယ်။ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ပတ္တနီ၊ ယာလနဲ့ နရသီဝပ်ပြည်နယ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် အစောပိုင်း ကာလတွေမှာ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်တဲ့ ထိုင်းနိုင်ငံက ဒီဒေသကို မသိမ်းပိုက်မီအထိ မလေး ဆူလတန်စော်ဘွား နယ်မြေရဲ့ အစိတ်အပိုင်းတခုအဖြစ် တည်ရှိခဲ့ဖူးပါတယ်။ ဒီဒေသ လူဦးရေရဲ့ အနည်းဆုံး ၈၀% လောက်ဟာ မူဆလင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ခွဲထွက်ရေးသောင်းကျန်းမှု အရှိန်ကောင်းလာတဲ့ ၂၀၀၄-ခုနှစ် ကတည်းက စလို့ ကျောင်းဆရာတွေ၊ စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေ အစရှိတဲ့ ဗုဒ္ဓဘာသာဝင် အများအပြားဟာ ထိုင်းနိုင်ငံတော်နဲ့ ဆက်နွယ်နေတဲ့ သူတို့ရဲ့ ရာထူးတွေအရ ပစ်မှတ်ထား ခံခဲ့ကြရပါတယ်။ ရဟန်းတော် ဒါဇင်ပေါင်း များစွာ ဟာလည်း အတိုက်အခိုက် ခံခဲ့ကြရပါတယ်။ အခုအခါ ထိုင်းစစ်တပ်နဲ့ တခြားလုံခြုံရေးတပ်ဖွဲ့တွေဟာ ဝတ်ကျောင်းတော်တွေလို့ သိကြတဲ့ ထိုင်းဗုဒ္ဓဘာသာကျောင်းတွေထဲကို ရွှေ့ပြောင်းဝင်ရောက်ပြီး ရဟန်းတော်တွေ မနက်တိုင်း ဆွမ်းခံကြွကြတဲ့အခါ စစ်သားတွေက အတူလိုက်ပါပေးကြရပါတယ်။ “တခြားနည်းလမ်းမရှိဘူး” လို့ ဗိုလ် ဆဝိုင်းခွန်ဆစ်က ပြောကြားပါတယ်။ “ဗုဒ္ဓဘာသာကို သေနတ်တွေကနေ ထပ်ပြီးခွဲခြားထားလို့ မရတော့ပါဘူး” တဲ့။ ပတ္တနီမြို့ထဲက ဝပ်လပ်မွမ်ကျောင်းတော်မှာ ရဟန်းတော် ဆယ်ပါးနဲ့ စစ်သား ၁၀၀-လောက် ရှိနေပါတယ်။ ပြန့်ကျဲနေတဲ့ ကျောင်းဝင်းထဲမှာမူလစေတီကို ထိုင်းတပ်မတော်ရဲ့ အမှတ်-၂၃ ခြေလျင်တပ်ရင်းအတွက် စစ်ဆင်ရေးကွပ်ကဲမှုစခန်းအဖြစ် သိမ်းပိုက်ထားရပြီး ဒီမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အဦးရဲ့ အခြေအလယ်ပိုင်းကို ပုံဖျက်ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထား ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းတွေကို သူတို့ ကျေးရွာတွေကို ကာကွယ် စောင့်ရှောက်ဖို့ရာ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ဒီကျောင်းမှာ သင်တန်းပေးပါတယ်။ ၁၆-နှစ်တိုင်တိုင် ရဟန်းဝတ်ခဲ့ပြီး အခု ကျောင်းတော်ကို စောင့်ရှောက်နေတဲ့ ဖရာ့ပလဒ်ဆုသီဖောင်း ပူရတ်ဆာရိုက သူ သင်္ကန်းကို ရုံထားတုန်းမှာပဲ ပစ္စတို သုံးလက် ပိုင်ဆိုင်ထားခဲ့ကြောင်း ဝန်ခံပါတယ်။ “ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့တော့ နည်းနည်း အပြစ်မကင်းသလိုမျိုး ခံစားကောင်း ခံစားရမှာပေါ့” လို့ ပြောပါတယ်။ “ဒါပေမဲ့ ကျနော်တို့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်လေ” တဲ့။ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ ဘုန်းကြီးကျောင်းတွေထဲမှာ စစ်သားတွေရှိနေ တာကြောင့် ပိုပြီး အကာအကွယ်ရတယ်လို့ ခံစားရရင်တော့ မူဆလင်တွေအတွက် ဒါဟာ တခြားတခုကို အချက်ပေးလိုက် သလိုပါပဲ။ “ဘုန်းကြီးကျောင်းတွေထဲ စစ်သားတွေကို ဖိတ်ခေါ်ထားခြင်းအားဖြင့် နိုင်ငံတော်ဟာ ဘာသာရေးကို စစ်ရေးနဲ့ ထိမ်းမြားမင်္ဂလာပြုလိုက်တာပဲ” လို့ အိုဟိုင်းယိုးမှာရှိတဲ့ ယန်းစတောင်းပြည်နယ်တက္ကသိုလ်က ဘာသာရေးလေ့လာမှု ဆိုင်ရာ လက်ထောက်ပါမောက္ခ နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍအကြောင်း စာအုပ် တအုပ် ရေးသားခဲ့တဲ့ စာရေးဆရာတဦး ဖြစ်သူ မိုက်ကယ်ဂျယ်ရီဆန်က ဆိုပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေဟာ ကျမတို့ကို ထိုင်းလူမျိုးတွေအဖြစ် ဘယ်တုန်းကမှ မယူဆခဲ့ဘူး” လို့ အခြား လူ ၁၅-ယောက်နဲ့အတူ ဖေဖော်ဝါရီလမှာ ထိုင်းရေတပ်အခြေစိုက်စခန်းတခုကို ဝင်စီးနင်းဖို့ ကြိုးပမ်းမှုအပြီး ထိုင်း မရင်းတပ်သားတွေက သတ်ပစ်တာ ခံလိုက်ရတဲ့ သောင်းကျန်းသူလို့ သံသယဖြစ်ဖွယ်ရှိတဲ့သူတယောက်ရဲ့မိခင် ဆူမိုမာခေးက ပြောပြန်ပါတယ်။ “ဒါဟာ ကျမတို့မြေပေမဲ့ ကျမတို့က အပြင်လူတွေပါ” လို့ ဆက်လက် ပြောကြားပါတယ်။ ဒါတွေ အားလုံးအပြီးမှာတော့ မူဆလင်တွေဟာလည်း တောင်ဘက်စွန်းမှာ ထိတ်လန့်တုန်လှုပ်စွာနဲ့ ပြေးလွှားနေကြရတာပါပဲ။ အကြမ်းဖက်မှုတွေမှာ သေဆုံးကြရတဲ့ အများစုကတော့ ဗုဒ္ဓဘာသာတွေထက် ပိုများပြီး ဘယ်သူဘယ်ဝါရယ် မခွဲခြားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒါမှမဟုတ် သူတို့ ဟာ နိုင်ငံတော်နဲ့ တနည်းတဖုံးဆက်စပ်နေတယ် ဆိုတာတွေမှာ အသက်ပေးသွားကြရတာပါပဲ (လူဦးရေ အချိုးအစား အလိုက် ကြည့်မယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေ သေကြရတာက ပိုများပါတယ်)။ ဒါနဲ့တောင် ဘုန်းကြီး တပါးပြိးတပါးက မူဆလင်တွေဟာ ဗလီတွေကို လက်နက်တွေ သိုလှောင်ဖို့ အသုံးချနေတာ၊ ဒါမှမဟုတ်ရင်လည်း အီမန် (အစ္စလာမ်ဘာသာရေးခေါင်းဆောင်) တိုင်းက သေနတ်တွေ ကိုင်ထားကြတာဆိုပြီး ကျနော့်ကို ပြောကြပါတယ်။ “အစ္စလာမ်ဟာ အကြမ်းဖက်တဲ့ ဘာသာပဲ” လို့ မရင်းတပ်သားတဖြစ်လဲ ဘုန်းကြီး ဖရာ့တုံဂျီရတမို က ဆိုပါတယ်။ “ဒါကို အားလုံးသိကြပါတယ်”။ ဒါကတော့ ဗမာဘင်လာဒင်က ထောက်ခံပေးမယ့် သဘောထားပါပဲ။ ဦးဝီရသူ ဟာ သူ့ဘာသာတရားရဲ့ ငြိမ်းချမ်းတဲ့ သုတ္တန်တရားတော်တွေနဲ့ သူ့ရဲ့ ဗမာအများစုဖြစ်တဲ့ အမိမြေတလျှောက် ပျံ့နှံ့ နေတဲ့ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ဘယ်လိုများ ဆက်စပ်ယူမှာပါလိမ့်။ “ဗုဒ္ဓဘာသာမှာ ကျုပ်တို့ကို တိုက်စစ်ဆင်ခွင့် ပြုမထားပါဘူး” လို့ သူက ကျနော့်ကို မိန့်ကြားပါတယ်။ “ဒါပေမဲ့ ကျုပ်တို့ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့တော့ ကျုပ်တို့မှာ အခွင့်အရေးအပြည့်ရှိတယ်” လို့ ဆက်မိန့်ကြားပါတယ်။ နောက်ပိုင်းတော့ ညနေပိုင်း တရားနာပရိဿတ်ကို သူတရားဟောဖို့သွားတဲ့အခါမှာပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ အဖွားအိုတွေနဲ့ တခြားသူတွေကို သူ့နောက်က လိုက်ဆိုစေဖို့ သူလှုံ့ဆော်နေတာကို နားထောင်နေမိပါတယ် ... “ဗမာ လူမျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်ပါ၏” တဲ့။ ဒါပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်သည်းခံခြင်းတရားဟာ ဘယ်လိုမှ မျှော်လင့်မထားမိတဲ့နေရာမျိုးမှာ ရှားရှားပါးပါး တည်ရှိနေပါသေးတယ်။ ၂၀၁၁-ခုနှစ် ဗုံးတလုံးပေါက်ကွဲစဉ်မှာ ဝပ်လပ်မွမ်ကျောင်းတော်က ဘုန်းတော်ကြီးတပါး ဖြစ်တဲ့ ဝပ်ချရာပေါင်ဆွတ်သ ဟာ စစ်သားတွေ စောင့်ရှောက်လိုက်ပါပေးရင်း နံနက်ပိုင်း ဆွမ်းခံကြွနေဆဲ ဖြစ်ပါတယ်။ သူ့ ခန္ဓာကိုယ် အောက်ပိုင်းတပိုင်းလုံး ဗုံးဆံအစအနတွေက ရတဲ့ အမာရွတ်တွေနဲ့ ပြည့်နှက်ဖုံးလွှမ်းနေပါတယ်။ အခုအချိန်မှာ အသက် ၂၉-နှစ်အရွယ်ရှိပြီး လူဝတ်လဲထားတဲ့ ဝပ်ချရာပေါင်ဟာ သွေးလန့်နေဆဲဖြစ်ပြီး ကဏှာမငြိမ်တဲ့ မျက်လုံးတွေနဲ့ ခန္ဓာကိုယ်တခုလုံးကလည်း ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေရှာပါတယ်။ ဒါပေမဲ့ သူက သူ့ကိုတိုက်ခိုက်တဲ့ ဘာသာတရား တခုလုံးကို အပြစ်မတင်ရှာပါဘူး။ “အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာလို၊ တခြားဘာသာ အားလုံးလိုပဲ ငြိမ်းချမ်းတဲ့ ဘာသာတခုပါ” လို့ သူက ဆိုပါတယ်။ “ကျုပ်တို့က မူဆလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျုပ်တို့ကို အပြစ်ပြန်တင်မှာပါပဲ။ ဒါနဲ့ပဲ ဒီအကြမ်းဖက်မှုတွေဟာ ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ပါဘူး”


Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး "The Face of Buddhist Terror" ကို အပြည့်အစုံ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ဟယ်ရီလွင်


Cover Credit: PHOTOGRAPH BY ADAM DEAN / PANOS FOR TIME

Read More...

Tuesday, 12 February 2013

ချစ်သူများနေ့တဲ့လားနှင့် ပတ်သက်၍ ...

အခု ကဗျာဆရာ မောင်လွမ်းဝေက ခွင့်လွှတ်ဖို့ ဝန်ခံတောင်းပန်ထားပါတယ် ... သူ့အနေနဲ့ Forward mail က ရောက်လာတဲ့ ကဗျာကို တွေ့လို့ ကျနော်ရေးမှန်းလည်း မသိလို့ သူ ထပ်ဆင့် ခံစားပြီး ရေးဖွဲ့ထားတာ ဖြစ်ကြောင်းလည်း ရှင်းပြပါတယ် .. ကျနော့်ကိုလည်း ကိုယ်တိုင်ဆက်သွယ်ပြီး တောင်းပန်ပါတယ် ... ဒီကိစ္စမှာ ကျနော့်ကဗျာ ဖြစ်ကြောင်း သိတဲ့အချိန်ကစပြီး ကျနော့်ကို ဆက်သွယ်ဖို့ သူကြိုးစားခဲ့ပါတယ် ဆိုတာလည်း မှန်ပါတယ် ... အကြောင်းကြောင်းကြောင့် online တက်တဲ့ အချိန်ချင်း မတူလို့ အချိန်မီ ဆက်သွယ်လို့ မရခဲ့ခြင်း ဖြစ်ပါတယ် ... သူ့ပို့စ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ... အခုလို ယောက်ျားပီပီ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ဝန်ခံတောင်းပန်တဲ့ မောင်လွမ်းဝေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျုး ဂုဏ်ယူပါတယ် ... ကျနော့်အနေနဲ့လည်း နားလည်ကျေနပ်ကြောင်း ခွင့်လည်းခွင့်လွှတ်ပါကြောင်း အားလုံးကို အသိပေးလို ပါတယ် ...

https://www.facebook.com/photo.php?fbid=420043518082881&set=a.254274497993118.61840.100002317091254&type=1&theater

ဟယ်ရီလွင်

Read More...

Thursday, 7 February 2013

နောက်တခါ ... လာပြန်ချည်သေး ...

နောက်တခါ ... လာပြန်ချည်သေး ...

ကျနော်ရေးထားဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ ကဗျာကို မှတ်မိကြဦးမယ် ထင်ပါတယ် ...
အဲဒီကဗျာကို စာလုံးနည်းနည်းလေးပြောင်းထားတာကလွဲလို့ အတွေးရော ပုံစံ အသွားအလာပါ တထပ်တည်း ကူးထားတဲ့ ကဗျာတပုဒ် အခု ထပ်တွေ့ရပါတယ် ... ကဗျာဆရာ လွမ်းဝေဆိုတဲ့ ပုဂ္ဂိုလ်ရေးထားတာပါ ... အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ် ...

http://www.facebook.com/photo.php?fbid=409573575800848&set=a.329330483825158.78075.322396224518584&type=1&comment_id=1238646&notif_t=photo_reply

ကျနော့်ကဗျာ မူရင်းကိုတော့ ဒီမှာ ပြန်ဖတ်နိုင်ပါတယ် ခင်ဗျာ ...

http://www.facebook.com/note.php?note_id=473246930391
http://harrylwin.blogspot.com/2009/02/blog-post_14.html

ကျနော်ပြောတာ မှန်မမှန် ယှဉ်ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ် ...

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် လေသံများတောင် ဟ,ဘူးကွယ် လို့ ကျနော် ရေးခဲ့ဖူးပါတယ် ... အခုလည်း တခွန်းတည်းပဲ ပြောချင်ပါတယ် ...

"လိပ်ပြာသန့်သန့်နဲ့ အိပ်ရာဝင်နိုင်ပါစေ ကဗျာဆရာ ကိုလွမ်းဝေ ခင်ဗျား ... "

ဟယ်ရီလွင်

Read More...

Wednesday, 28 November 2012

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

သီဟိုဠ်ပြန်ဘုန်းကြီး ဦးဉာဏဝံသ (နှုတ်ခမ်းမွှေး ဦးဉာဏဝံသ လို့ နောက်ပိုင်း လူသိများပါတယ်) က ထူးရင်ထူးမှ ရူးရင်လည်း ရူးမှ ကျော်ကြားမယ်၊ မြန်မာပြည် ပြန်ရောက်ရင် အထူးနာမည်ကျော်အောင် အထူးအဆန်း တခုခုတော့ လုပ်ပြရတော့မယ် ဆိုပြီးသီဟိုဠ်မှာ ပညာသင်နေတုန်း ခဏခဏ ပြောပါတယ်တဲ့ ... မြန်မာပြည်ပြန်ရောက်တော့ လုပ်ချလိုက်ပုံက ဘုရားအလောင်းတော်ဟာ တောထွက်စဉ်က (ကေသ မဿုံ) ဆံပင်နဲ့ မုတ်ဆိတ်မွှေးကိုသာ ပယ်တယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ပိဋကတ်စာပေ ကျမ်းဂန်တွေမှာ တိုက်ရိုက်မလာတာကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ခမ်းမွှေးတော်နှင့် ခံ့ခံ့ညားညား သပ်သပ်ပယ်ပယ် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါတယ် ဆိုပြီး ဘုရားဆင်းတုတော်တွေ ပန်းချီပုံတွေမှာ နှုတ်ခမ်းမွှေးတပ်ကြဖို့ တရားလှည့်ဟောရုံမက ဓနုဖြူက ကျိုက်ကလွန်ပွန်းစေတီတော်ရဲ့ တန်ဆောင်းထဲက ရုပ်ထုတော်တဆူကို နှုတ်ခမ်းမွှေးတွေ တပ်ပြီး "နှုတ်ခမ်းမွှေးဂိုဏ်း" ကိုတောင် ထောင်လိုက်ပါသတဲ့ ....

ဒါကို မန်လည်ဆရာတော်ကြီး ကြားတော့ အောက်က ဒွေးဆစ်သဖြန်လေး စပ်ပြီး ဆော်လိုက်တော့မှ ငြိမ်သွားပါသတဲ့ ...

လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။

စဉ် ရှေး ... ဟို၊
ဖင်မွေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို၊
ကျမ်းပြပါအုံး။ ။


မန်လည်ဆရာတော်ကြီးက အဲဒီလို ထိထိမိမိနဲ့ ခပ်စပ်စပ်လေး ရေးတဲ့နေရာမှာ တကယ့်ကို ပါရဂူပါပဲ ... ဒါကြောင့်လည်း ကဗျာ့ပါရဂူ လို့ သတ်မှတ်ကြတာပါ ...

ဟယ်ရီလွင်

Read More...

Tuesday, 27 November 2012

လထစ်နာစွဲ

လထစ်နာစွဲ

မန်လည်ဆရာတော်ဘုရားကြီးသည်၊ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေဘိ၊ ငါ့ဝန်ရှိခဲ့” ဆိုသော ဖြောင့်မှန်လှသော ရှေးသူတော်ကောင်း သူမြတ်လောင်း ပညာရှိကြီးများ ထုံးစံတန်ထွာ ဓမ္မတာ ရှိတော်မူကြသည့်အတိုင်း နုသင့်သည့်အခါ အလွန်နူးညံ့သိမ်မွေ့လျက် ကြမ်းသင့်သည့်အခါ အလွန်ကြမ်းတမ်းလှစွာ စကားလုံး ပြောင်ပြောင် ကလောင် ထက်ထက်နှင့် ခေါင်ထိလောက်အောင်, ဘီလူးရုပ်ကြီးပေါ်လာမယောင်, ထင်ပေါ်လေးနက်လှစွာ ကဗျာလင်္ကာများကို နောင်လာနောက်သား အမှတ်တရဖြစ်သွားရအောင် စီကုံးစပ်ဆိုတော်မူလေ့ရှိတော်မူသည်ကို အောက်ပါ ကဗျာနှစ်ပုဒ်တို့က ထောက်ခံလျက် ရှိကြတော့၏။

ဤကဗျာများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းမှာ ...

တန်ခွန်တိုင်ရွာတွင် မန်လည်ဝန်မင်းက ကိုးကွယ်ဆည်းကပ်နေသော ဘုန်းတော်ကြီး ဦးဘိုးချိန် ခေါ်သော ဝန်မင်း၏ ဆရာတော်ကြီး တပါး ရှိ၏။ ၄င်းဆရာတော်နှင့် မန်လည်ဆရာတော်ကြီး နှစ်ပါးတို့သည် အလွန်ချစ်ခင်ရင်းနှီးခြင်း ရှိကြ၏။ ၄င်း ဆရာတော်ကြီး ဦးဘိုးချိန်သည် သက်တော် ခြောက်ဆယ်ကျော်မှ သာသနာတော်ဘောင်တွင် မပျော်ပိုက် ငြီးငွေ့ကာ လူဝတ်လဲရှာသဖြင့် သူ၏ ဒကာရင်း မန်လည်မြို့ဝန်မင်းက အိမ်တွင်ထားကာ စောင့်ရှောက် ပြုစုထား၏။
၎င်းလူထွက်ကြီး ဦးဘိုးချိန်သည် ဆရာတော်ဘုရားကြီးနှင့် ခင်မင်ရင်းနှီးလှသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ကျောင်းသို့ နေ့စဉ်နေ့တိုင်းလိုလိုပင် မကြာခဏသွားလာနေလေ့ရှိ၏။ ၄င်းလူပျံတော်ကြီး ဦးဘိုးချိန်သည် ကသာမြို့သို့ လည်း ခဏခဏ သွားရောက်လည်ပတ်လျက် မိန်းမပေါ့ မိန်းမပျက်များနှင့် အလွန်ပျော်ပါးလိုက်စားလေ့ရှိ၏။ ထိုကဲ့သို့ မသန့်စင်သော မိန်းမများနှင့် လိုက်စားဖန်များလှသဖြင့် ရောဂါများရရှိကာ အိပ်ယာမှ မထနိုင် ဖြစ်နေတော့၏။ ထိုအခါ ဆရာတော်ဘုရားကြီးသည် ဦးဘိုးချိန်ကို မတွေ့မမြင်ရတာ နေ့ရက်တွေ အတော်ကြာသွားသဖြင့် “မောင်ဘိုးချိန်ကြီး ကျောင်းသို့မလာသည်မှာ အတော်ကြာသွားပြီ၊ သူ ဘယ်သွားသလဲ? ဘာဖြစ်နေသလဲ?” စသည်ဖြင့် တနေ့သောအခါ မေးမြန်းတော်မူ၏။
ထိုအခါ အနီးအပါးရှိ ရဟန်းတပည့်များက “မောင်ဘိုးချိန် ရောဂါစွဲကပ်ကာ သူ၏အိမ်တွင် အိပ်ယာထဲမှာ လဲလျောင်းနေရ ပါသည် ဘုရား” ဟု လျှောက်ထားကြ၏။ ထိုအခါ ဆရာတော်ဘုရားကြီးက “သူ့မှာ ဘာရောဂါဖြစ်တာလဲ” ဟု မေးတော်မူ သောအခါ ရဟန်းတပည့်များက “သူ့ရောဂါဟာ လူပျိုနာဖြစ်ပါတယ် ဘုရား” ဟု လျှောက်ထားကြ၏။
ဆရာတော်ဘုရားကြီး - လူပျိုနာ ဆိုတာ ဘာလဲ။
တပည့်များ - လူပျိုနာဆိုတာ ကာလသားရောဂါ ဖြစ်ပါတယ်ဘုရား။
ဆရာတော် - ကာလသားရောဂါ ဆိုတာ ဘာလဲ။
တပည့်များ - ကာလသားရောဂါ ဆိုတာ ဖာကျိုးနာပါ ဘုရား
ဆရာတော် - ဖာကျိုးနာဆိုတာ ဘယ်လိုအနာမျိုးလဲ။
တပည့်များ - ဖာကျိုးနာဆိုတာ မိန်းမပေါ့ မိန်းမပျက်များကို လိုက်စားလို့ ရတဲ့အနာပါဘုရား။
ဆရာတော် - မိန်းမပေါ့ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မိန်းမပေါ့ဆိုတာ မကောင်းတဲ့မိန်းမ ဖြစ်ပါတယ် ဘုရား။
ဆရာတော် - မကောင်းတဲ့မိန်းမ ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မကောင်းတဲ့မိန်းမ ဆိုတာ ဖာသည်ကို ဆိုပါတယ် ဘုရား။
ဆရာတော် - ဖာသည်ဆိုတာ ဘာလဲ။
တပည့်များ - ဖာသည်ဆိုတာ အခကြေးငွေ ပိုက်ဆံယူလျက် လူမြင်တိုင်းနှင့် ဆက်ဆံပျော်ပါး သွားလာနေသော ပြည်တန်းဆာ မိန်းမကို ခေါ်ပါတယ် ဘုရား။
ဆရာတော် - သြော် သည်လိုလား! ... ပြည်တန်းဆာမိန်းမများနှင့် သွားလာပျော်ပါး လွန်ကြူးလွန်းအားကြီးလို့ ဘိုးချိန်၏ တန်ဆာမှာ အနာရောဂါ ဖြစ်နေတယ် ဆိုပါတော့၊ ဟုတ်လား? ... သြော် သိပြီ သိပြီ .... ငါနားလည်ပြီ ...
ဟု ပြောဆိုတော်မူလျက် အနီးအနားမှာရှိသော ခဲတံနှင့် စာရွက်ကိုယူ၍ တခဏခြင်း အောက်ပါဒွေးချိုးကလေးကို ရေးစပ်ကာ ပေးလိုက်တော့၏။

တင်းမတိမ်
ဒုလ္လဘပေမို့၊
ဘဝတော်က ဆိုင်သည်၊
ပျော်နိုင်မျှ သည်ပွဲ။

တင်းမတိမ်၊
တွေ့တိုင်းသူစိမ်လို့၊
ဘိုးချိန်လိင်ပြန်သစ်ဟာမို့၊
လထစ်နာစွဲ။ ။

တန်ဆာပုပ် တူးမြှုပ်လိုက်ကြ
ကပ္ပိယ မောင်ဘိုးချိန်လည်း ဤကဲ့သို့သော ကာလသားရောဂါနှင့်ပဲ မသက်မသာ အသည်းအသန် ခံစားရကာ ရက်များ မကြာမီ သေဆုံးသွားရလေတော့၏။
ထိုအခါ တပည့်ရဟန်းများက မောင်ဘိုးချိန် အနိစ္စရောက်ပြီ ဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးအား လျှောက်ထားလေ ရာ ... ဆရာတော်ဘုရားကြီးက ... “သြော် ... ဘိုးချိန်ဟာ သေရိုးသေစဉ်အတိုင်း မသေရ၊ ကသာမှာ အခါခါ လူပျိုလုပ်ကာ အပျော်အပါး ကျူးလွန်လိုက်စားပြီး (ရီး)ပုပ်လို့သေသွားပလား? ... ဖြစ်မှဖြစ်ရလေ! ... ဤကဲ့သို့ တန်ဆာကြွေလို့ သေခဲ့လျှင် ရဟန်းသံဃာအများက ဝိုင်းအုံပြီး တန်ဆာပုပ်ကို တူးမြှုပ်လိုက်ကြပေတော့ကွာ ဟု မိန့်တော်မူပြီးကာ အောက်ပါ လေးဆစ်ကို တမဟုတ်ခြင်းရေးခြစ်ကာ ပေးတော်မူလိုက်လေသတတ်။

ဒစ်ကြွေလို့သေဆုံး
၁။ သေရိုးတဲ့ သူမသေ။
၂။ ကသာမှာ လူပျိုလုပ်တယ် ... (ရီး)ပုပ်လို့သေ။
၃။ ဖြစ်ပလေ၊ ဒစ်ကြွေလို့ သေဆုံး။
၎။ ရဟန်းသံဃာနှင့်၊ ဝိုင်းအုံကာ တန်ဆာပုပ်ကို၊ တူးမြှုပ်ကြအုံး။ ။

(အဘိုးတန် မန်လည်ကဗျာများ ... မှ)

ဟယ်ရီလွင်

Read More...

Friday, 7 September 2012

သြော် .... ဖြစ်မှဖြစ်ရလေ ကဗျာဆရာကြီးရယ်

မိုက်သူတွေ
ဗိုက်ဆူလို့ နံကား။

အလိမ္မာ ပိန်တာရိုး၊
ပုဆိုးအစုတ် ကိုဖိုးတုတ်တို့မှာ ... ဗျာ
ပဲပြုတ်နံပြား။ ။

(တင်မိုး)


ဆရာတင်မိုးသာရှိသေးရင် ကဗျာဆိုတာ အဲ့လိုရေးရတယ်လို့ "ရီးပဲ" ကဗျာဆရာကြီးကို ပြောလိမ့်မယ် ထင်ပါရဲ့ ...

ဟယ်ရီလွင်

Read More...

Thursday, 12 July 2012

အက်ဆေး (သို့မဟုတ်) Essay

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။

တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။

အက်ဆေးဆိုတာ ပြင်သစ်စကား essayer ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...

Sunday, 29 April 2012

သူခိုး Wikimyanmar

သူခိုး Wikimyanmar

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9C%E1%80%80%E1%81%A4%E1%80%AC

 Wikimyanmar ထဲမှာ ဖော်ပြထားတဲ့ အဲဒီ လင်္ကာအကြောင်းဟာ ကျနော် ရေးထားတဲ့ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ထဲက လင်္ကာ အပိုင်းကို လုံးဝ credit မပေးဘဲ ခိုးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ...

မူရင်းပို့စ်ကို အောက်မှာ သွားဖတ်ပြီး ယှဉ်ကြည့်နိုင်ပါတယ် ...
 http://harrylwin.blogspot.com/2008/08/blog-post_26.html

 ဟယ်ရီလွင်

Read More...

Tuesday, 24 January 2012

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...


“အမေကြီး ... ကဗျာ ရွတ်ရအောင်လေ ...”
သမီးငယ်က သူ့အမေကြီး (အဖွား) ကို ပူဆာနေတဲ့ တီတီတာတာ အသံဖြစ်ပါတယ်။ ဆက်ပြီး နားထဲကို ဝင်လာတာက ...
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
သမီးဟာ ကဗျာတွေကို အလွန်ကြိုက်ပါတယ်။ အရမ်းလည်း ရွတ်ချင်ပါတယ်။ ဒီအသံတွေကို ကြားတော့ ကျနော့် စိတ်အလျဉ်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးကို ပြန်ရောက် သွားပါတော့တယ် ...

****

“မေမေ ... ကဗျာ ရွတ်ရအောင်လေ ...”
ဒီတခါ ပြောလိုက်တဲ့ အသံရှင်ကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
“ရေအိုးကလေး ရွက်လာရင်၊ အဲဒါ လုံးကြီးတင် ...”
“ရွက်နုထွတ်ထွတ်၊ မိုးဦးဆွတ်၊ စွတ်စွတ်စိုတဲ့လ ... ”
ကျနော့် အသက် သုံးလေးနှစ်အရွယ် ကျောင်းမနေသေးခင် အချိန်ကပါ။ ပြောရရင် ကျောင်းမနေသေးခင်ကကို ကျနော် မြန်မာစာ စပြီး တတ်ခဲ့ပါတယ်။ ဒီလို တတ်ခဲ့တာကလည်း အထက်ပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ တဖြည်းဖြည်း မြန်မာစာကို စပြီး ဖတ်တတ်လာခဲ့တာပါ။ အဲဒီလို ကျနော့်ကို မြန်မာစာ တတ်လာအောင် ဖန်တီးပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ တခြားသူမဟုတ်ပါ ... ဧည့်သည်ကြီး လို့ အသိများကြတဲ့ “ဆရာတင်မိုး” ပဲ ဖြစ်ပါတယ်။ အထက်ပါ ကဗျာလေးတွေဟာ ဆရာ့ရဲ့ “ပျိုးခင်းတေးသံ” ကဗျာ စာအုပ်လေးမှ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်ကတည်းက အမေက သင်ပေးလို့ အစအဆုံး ရွတ်ရင်းရွတ်ရင်း ကနေ တဖြည်းဖြည်း စာတတ်လာတာပါ။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကဗျာတွေ၊ စာတွေ ခံစားတတ်လာတာနဲ့အတူ ဆရာ့ရဲ့ကဗျာတွေဟာ ကျနော့် အသည်းစွဲ ဖြစ်လာပါတယ်။ ကျနော်တဦးတည်းမဟုတ်ပါဘူး။ ကဗျာရေး၊ စာရေး အလွန်ဝါသနာပါတဲ့ ကျနော့်ရဲ့ မိခင်ကြီး လည်း ပါပါတယ်။ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမောင်ငွေလှိုင်း ... အစရှိသူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ တက္ကသိုလ်တက်ဖက်၊ စာရေးဖက် ကျနော့်မိခင်ကြီးဟာ ဆရာတင်မိုးတို့နဲ့ တက္ကသိုလ်ချင်းမတူလို့ မိတ်ဆွေ မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ကဗျာတွေကို ကျနော့်လိုပဲ အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ဘယ်သူကတော့ ကဗျာ့ဘုရား ဘာညာ ပြောမိတိုင်း “ဘာမှ လာပြောမနေနဲ့ဟေ့ ... ‘တင်မိုး’ ကိုတော့ ဘယ်သူမှ မမီဘူး” လို့ ကျနော့်ကို အမြဲပြောလေ့ရှိပါတယ်။

ဒီလို လေးစားခဲ့ရတဲ့ ဆရာတင်မိုးကို ကျနော် တက္ကသိုလ်တက်တဲ့အထိ မမြင်တွေ့ဖူးပါဘူး။ ဆရာ့ကဗျာတွေကိုသာ ဖတ်ရှု ခံစားနေခဲ့မိပါတယ်။ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်တော့ ကျောင်းနဲ့နီးတဲ့ အင်းစိန်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ မကြာမကြာ ရောက်လေ့ရှိပါတယ်။ အဲဒီအခါ မင်းကြီးလမ်းမှာရှိတဲ့ ဆရာ့အိမ်ကို ဖြတ်သွားတဲ့ အခါ တိုင်း ဆရာ့ကိုများ တွေ့ရလေမလားလို့ မျှော်လင့်တကြီး ကြည့်မိပါတယ်။ ဒါပေမဲ့ တခါမှ မတွေ့ခဲ့ရပါဘူး။ ဆရာ့အိမ် ကလေးကလည်း ပုံစံဆန်းဆန်းလေးနဲ့ ဆရာ့ကဗျာတွေလိုပဲ ချစ်စရာလေးရယ်ပါ။

တနေ့မှာတော့ (၁၉၈၆-ခုနှစ်မှာ ထင်ပါတယ်) ကျနော်တို့ မြို့မှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အဲဒီမှာ လာပြီး ဟောပြောတဲ့ ဆရာ၊ ဆရာမတွေကို ကျနော်တို့ရဲ့ အိမ်မှာ ဧည့်ခံခွင့် ကြုံပါတယ်။ ဆရာမ ရွှေကူမေနှင်း နဲ့ ကျနော့် မိခင်ကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက်ရော၊ တာဝန်အရပါ အိမ်မှာ ဧည့်ခံရတာပါ။ အဲဒီမှာ ကျနော် မှတ်မိသလောက်ဆို ဆရာမင်းယုဝေ၊ ဆရာချစ်ဦးညို၊ ဆရာမ ရွှေကူမေနှင်း နဲ့အတူ ကျနော် အလွန်လေးစားတဲ့ ဆရာ တင်မိုး လည်း ပါလာပါတယ်။ မျက်နှာပြည့်ပြည့်၊ ခပ်ဖိုင့်ဖိုင့်၊ အမြဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေတတ်တဲ့ ဆရာ့ကို မြင်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အဲဒီမှာ အမေက ပြောပါတယ် ... “ဆရာ ... အခု စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့ ဟောဒီ ကျမသားလေးဟာ ဆရာ့ရဲ့ ပျိုးခင်းတေးသံ ကဗျာစာအုပ်နဲ့ စာ စ,တတ်ခဲ့တာပါ” လို့ ... အဲဒီ အခါ ဆရာ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီး ဝင်းပသွားပါတယ်။ ဆရာဟာ သူ့ကဗျာလေးတွေကြောင့် ကလေးငယ်တဦး စာတတ် ခဲ့ရတယ်လို့ သိလိုက်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်သွားပုံဟာ ကျနော့်မျက်စိထဲကနေ မထွက်ပါဘူး။ ကျနော်ကတော့ ဆရာကြီးတွေကို အဲဒီတုန်းက ဘေးကနေသာ ငေးကြည့်ရင်း ပြောသမျှကို နားထောင်နေခဲ့ရုံပါပဲ။ သာမန်တက္ကသိုလ် ကျောင်းသားလေး တဦးသာဖြစ်တဲ့ ကျနော်ဟာ ဆရာ့လို ပုဂ္ဂိုလ်မျိုးကို ဘာစကားမှလည်း မပြောရဲပါဘူး။ ဒါပေမဲ့ ကျနော့်ကို ကဗျာတွေနဲ့ စာတတ်စေခဲ့တဲ့ ကျေးဇူးရှင် ဆရာတင်မိုးကိုတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။

ဒီနေ့အထိ ဆရာတင်မိုးကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချ နေမိဆဲပါ။ ရက်လနှစ်တွေ အခါခါကုန်လွန်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဆရာ့အကြောင်းတွေ၊ ဆရာ့စာတွေ၊ ကဗျာတွေကို ဆက်လက်ပြီး သိရှိမှတ်သား လာခဲ့ ရတာနဲ့အမျှ ဆရာ့အပေါ်မှာ ပိုပြီး လေးစားကြည်ညိုမိပါတယ်။ ၂၀၀၇-ခုနှစ်မှာ ဆရာ ကွယ်လွန်သွားကြောင်း သိရတဲ့အခါ ကျနော့် စိတ်ထဲမှာ ယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ ကဗျာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသားမို့ ဆရာ့ရဲ့ ဘယ်ကဗျာတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနော့်အနေနဲ့ အထူးပြောနေဖို့ မလိုပါဘူး။ ပြောနေရင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်းတွေကို မြင်းထိန်းငတာ က ချီးကျူးသလို အဖြစ်မျိုးသာ ဖြစ်နေမှာပါ။

သူဖန်တီးခဲ့တဲ့ ပျိုးခင်းလေးကတေးသံတွေဟာ ကျနော်သာမက ကျနော့်ရဲ့ သမီးငယ် အထိ မျိုးဆက်နှစ်ဆက်တိုင်တိုင် စာတတ်မြောက်စေဖို့အထိ အစွမ်းထက်ခဲ့တယ် ဆိုတာ ဖလ်မီးအိမ်ရှင် ဧည့်သည်ကြီးသာ သိရင် ဘယ်လောက် ကြည်နူးပီတိ ဖြစ်နေလိမ့်မလဲ ... အခုတော့ သူချစ်တဲ့ “ပုဂံကျောင်းက ခေါင်းလောင်းသံ” ချိုချိုကို နားဆင်ရင်း “နှင်းဆီပွင့်ပေါ် အိပ်ပျော်” နေပြီလား ...

***

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ ... တဲ့

ဆေးလိပ်ဟာ တိုရုံမက အစီခံအထိ လောင်ကျွမ်းသွားခဲ့ပါပြီ ... နေဟာလည်း ညိုရုံမက အနောက်ဂေါယာကုန်းမှာ စုန်းစုန်းမြုပ်လို့ မိုးစုပ်စုပ်ချုပ်သွားခဲ့ပါပြီ ... သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ “ဧည့်သည်ကြီး” ခမျာ အခုထိ သူ အလွန်ချစ်တဲ့ “အိမ်” ကို မပြန်နိုင်ရှာသေးပါ ... သူ့ကို ... ကျနော်တို့ ခုထိ အိမ်ပြန်မပို့နိုင်ကြသေးပါလား ခင်ဗျာ ....

(ကျေးဇူးရှင် ဆရာတင်မိုး အား ဤပို့စ်ဖြင့် ဂုဏ်ပြုကန်တော့ပါသည်။)

ဟယ်ရီ

Read More...

Thursday, 20 October 2011

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်

အဖြူရောင်သံစဉ် ဖိုရမ် မှာ တွေ့မိတာလေးနဲ့ ပတ်သက်လို့ ပြောချင်လို့ပါ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား ... ဆိုပြီး ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကဗျာရွာမှာ ပထမဆုံး စရေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျနော့်ဘလော့ဂ်မှာ ဆက်ပြီး အပိုင်းလိုက် ရေးတင်ထားပါတယ် ... ကြာပါပြီ ... ၂၀၀၈-ခုနှစ်ကတည်းပါ ... အခုထိ အပြီးမသတ်နိုင်သလေးသလို ဆက်လည်း ရေးနေဆဲပါပဲ ...

ဂန္ထဝင်မြန်မာကဗျာတွေကို ကျနော် အလွန်ချစ်ပါတယ် ... ဒီခေတ်မှာတော့ ဒီလိုကဗျာလေးတွေ အတော်လေး အရေးကျဲသွားတာမို့ ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်ပြီး အမှတ်တရလေး တခု အွန်လိုင်းပေါ်မှာ ကျန်နေအောင် ကျနော်ရေးခဲ့တာပဲဖြစ်ပါတယ် ... ဒါ့အပြင် ဂန္ထဝင်မြန်မာကဗျာဟာ ခေတ်ပေါ်ကဗျာတွေလို မဟုတ်ဘဲ ကာရန်အသံစည်းမျဉ်း၊ ရေးဖွဲ့တဲ့ပုံစံတွေနဲ့ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်းတွေ ရှိတာကြောင့် ဒါတွေကို မသိဘဲ ရေးလို့ မရပါဘူး။ ဒီရေးနည်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကလည်း အတော်လေး ရှားပါးသွားပါပြီ။ ဒါကြောင့် ဂန္ထဝင်မြန်မာကဗျာကို လေ့လာလိုက်စားချင်ကြတဲ့သူတွေအတွက် တတ်နိုင်သမျှ အထောက်အကူဖြစ်စေဖို့ ကိုယ်သိထားသမျှလေးတွေကို မျှဝေပေးချင်တာလည်း ပါပါတယ် ...

မော်ဒန်ကဗျာတွေပဲ အရေးများလာပြီး ဂန္ထဝင်မြန်မာကဗျာတွေ အရေးအလွန်ကျဲနေတဲ့ အခုအချိန်မှာ ဂန္ထဝင်မြန်မာကဗျာတွေကို ရေးတဲ့သူ၊ မရေးတောင် စိတ်ဝင်စားတဲ့သူတွေကို တွေ့ရရင် ကျနော် အလွန်ပဲ ဝမ်းသာမိပါတယ် ... ကြိုးစားရေးကြည့်နေတဲ့သူတွေကိုလည်း ကိုယ် တတ်သမျှ မှတ်သမျှလေး ဝေငှပေးခဲ့ပါတယ် ...

နဂိုကကို ဒီလို တတ်နိုင်သမျှ ဝေငှပေးချင်တဲ့စိတ်နဲ့ ကျနော် ဒီပို့စ်တွေကို ရေးခဲ့တာကြောင့် ဒါတွေကို ဆက်လက် လက်ဆင့်ကမ်းဖော်ပြတာကို ကျနော် ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး ... ငွေကြေးအကျိုးအမြတ်တစုံတရာအတွက်မဟုတ်ဘဲ ရိုးရိုးသားသား ပြန်လည် ကူးယူဖော်ပြ ချင်ရင်လည်း ကျနော့်ဆီက ခွင့်ပြုချက်တောင် တောင်းဖို့မလိုပါဘူး လို့ ကျနော့် ဘလော့ဂ်မှာ အတိအလင်း ရေးထားပါတယ် ... ဒါပေမဲ့ Ethic အနေနဲ့တော့ ကျနော့် အမည်၊ Blog အမည်၊ မူရင်း Post အမည် တွေကိုပဲ Credit အနေနဲ့ ဖော်ပြပေးကြဖို့ ဒီလို မေတ္တာရပ်ခံထားပါတယ် ...

"ဤ Blog ရှိ Post များထဲမှ ရေးသားချက် အပြည့်အစုံ (သို့မဟုတ်) တစိတ်တပိုင်း ကို ငွေကြေး အကျိုးအမြတ် တစုံတရာ မရှိဘဲ မည်သည့် media တွင်မဆို ပြန်လည် ကူးယူ ဖော်ပြလိုပါက ဖြစ်စေ၊ ကိုးကား လိုပါက ဖြစ်စေ ကျနော့်ထံမှ ခွင့်ပြုချက် တောင်းရန် မလိုအပ်ပါ။ ကျနော်၏ အမည်၊ ဤ Blog အမည်၊ မူရင်း Post အမည် များကိုသာ Credit အနေဖြင့် ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။"

ဒီလို ကျနော်ရေးခဲ့သမျှတွေထဲက အချို့ကို Wikimyanmar က စာပေ၊ အနုပညာ Category အောက်က ကဗျာ ခေါင်းစဉ်မှာ ကူးယူဖော်ပြထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%80%E1%80%97%E1%80%BA%E1%80%AC

ဒီလိုဖော်ပြထားပြီး အောက်ဆုံးက "ကိုးကား" စာရင်းမှာ ကျနော့်ဘလော့ဂ်ကို Reference အနေနဲ့ ထည့်ပေးထားပါတယ် ...

ဒီလို ဖော်ပြတာကို ဘာမှ ကန့်ကွက်စရာ မရှိလို့ ကျနော် ဘာမှ မပြောပါဘူး ... မြန်မာကဗျာတွေနဲ့ ပတ်သက်ပြီး လူများများပိုသိသွားလို့ ကျေးဇူးတောင် တင်မိသလို ကိုယ်မြတ်နိုးတဲ့ မြန်မာကဗျာအတွက် တဖက်တလမ်းက တတ်နိုင်သလောက် တာဝန်ထမ်းပေးနိုင်တာမို့ ဝမ်းတောင် သာမိပါသေးတယ် ...

ဒါပေမဲ့ ... အခု အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်မှာကတော့ ဒီ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ကနေ (၄) အထိမှာ ကျနော်ရေးထားသမျှကို ခပ်တည်တည်နဲ့ ဖိုရမ်စာတည်းချုပ် 'မင်းချစ်သူမောင် ' ဆိုသူက ယူတင်ထားတာကို အမှတ်မထင်တွေ့လိုက်မိပါတယ် ...

အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ "မြန်မာကဗျာအစ" ဆိုတဲ့ thread တခု ဖွင့်ပြီး နောက်ထပ် ... အခြေခံအချက်များ၊ ကာရန် ၊ အသံ၊ အစပ်အဟပ် ... ဆိုတဲ့ ခေါင်းစဉ် ၃-ခု အောက်မှနဲ့ ပို့စ် ၄-ခု အဖြစ်ခွဲပြီး တင်ထားပါတယ်။ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....

http://www.apytz.org/68/1248.html

အဲဒီ ပို့စ်တွေဟာ ကျနော်ရေးခဲ့တဲ့ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)
http://harrylwin.blogspot.com/2008/08/blog-post_26.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂)
http://harrylwin.blogspot.com/2008/08/blog-post_27.html

ဆိုတဲ့ ပို့စ် ၂-ခုက အကြောင်းအရာတွေထဲက တချို့ကို ချန်လှပ်ပြီး ကျန်တာကို ၏၊ သည်၊ ၍ မလွဲ၊ ခေါင်းစဉ်ပါ မပြောင်းဘဲ အတိအကျ ကူးတင်ထားတာ ဖြစ်ပါတယ် ...

ဒါ့အပြင် အဲဒီ အဖြူရောင်သံစဉ် ဖိုရမ်မှာပဲ
အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ နောက်ထပ် thread တခု အနေနဲ့ "မြန်မာကဗျာစပ်နည်း များ" ဆိုပြီး ထပ်တင်ထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://www.apytz.org/68/1253/Page-2.html

ဒီ thread ထဲမှာတော့ ...
(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း
ထိပ်ချင်းထပ် စပ်နည်း
ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
ချိန်ခွင်လျှာ စပ်နည်း
ဘီလူးရယ် စပ်နည်း ... ဆိုတဲ့ ပို့စ်တွေအဖြစ် တင်ထားပါတယ် ... ဒါတွေ အားလုံးဟာ ကျနော် ရေးထားတဲ့ ...

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၃)
http://harrylwin.blogspot.com/2008/08/blog-post_28.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၄)
http://harrylwin.blogspot.com/2008/08/blog-post_29.html

.. အဲဒီ ပို့စ် ၂-ခု ထဲက အတိုင်း ထပ်တူ ကူးတူထားတာပါ ... ဇယားလေးတွေကိုသာ ချန်လှပ်ခဲ့တာ၊ ရှေ့နောက် အစီအစဉ် နည်းနည်းပြောင်းထားတာကလွဲပြီး ကျန်တာတွေက တသွေမတိမ်းပါပဲ ...

ဒီလိုတင်တာကို ကန့်ကွက်စရာမရှိပေမဲ့ မူရင်း Source ဖြစ်တဲ့ ကျနော့်အမည်၊ Blog ရဲ့ အမည်နဲ့လိပ်စာ၊ မူရင်းပို့စ် စတာတွေနဲ့ပတ်သက်ပြီး လေသံလေးတောင် ဟ, မထားတာ တွေ့ရတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ် ... အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်ရဲ့ Ethic ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ မူကိုလည်း အံ့သြမိပါတယ် ... အထူးသဖြင့် သာမန်အဖွဲ့ဝင်တဦးတယောက်က တင်တာမဟုတ်ဘဲ စာတည်းချုပ် ဆိုသူ ပုဂ္ဂိုလ်ကိုယ်တိုင်က တင်ထားတာဆိုတော့ ပိုပြီး အံ့အားသင့်မိပါတယ် ...

ကိုးကားတယ်ဆိုတာက အဲဒီလို ထပ်တူပြန်ကူးချတာမျိုး မဟုတ်ပါဘူး ... quote လုပ်ပြီး ထပ်တူပြန်ဖော်ပြချင်ရင်လည်း ကိုးကားတဲ့ မူရင်းဇာစ်မြစ်ကို credit ပေးရပါတယ် ... ဒါဟာ ethic ပါ ...

ဒါပေမဲ့ ဒါမျိုး ခံခဲ့ရပေါင်းကလည်း များလာပြီဆိုတော့ နည်းနည်းတော့လည်း "အရေထူ" နေပါပြီ ... အဲဒီ ဖိုရမ်တခုတည်း မဟုတ်ပါဘူး ... တခြားဖိုရမ်တွေ၊ ဘလော့ဂ်တွေ ရှိပါသေးတယ် ... တချို့ကတော့ စာသားလေးတွေ နည်းနည်းပြောင်းထားကြပေမဲ့ ဥပမာတွေက ကျမ်းတွေထဲကအတိုင်း မဟုတ်ဘဲ ကျနော်ကိုယ်တိုင်သီးသန့်ပေးထားတဲ့ ဥပမာတွေနဲ့ ထပ်တူ ... သူတို့ကိုယ်တိုင်ပေးထားတဲ့ ဥပမာတွေကျပြန်တော့ တလွဲတချော် ... ကူးထားမှန်းက သိသာလွန်းပါရဲ့ ... အထူးသဖြင့် ကျနော်ရေးခဲ့ဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ကဗျာကို "ညီမလေးရေ" ဆိုတဲ့နေရာမှာ "သူငယ်ချင်းရေ" လို့ ပြောင်းလိုပြောင်း၊ မပြောင်းချင်လည်း မပြောင်းဘဲနဲ့ သူတို့နာမည် ခပ်တည်တည် ကောက်တပ်ထားတာတွေကလည်း မနည်းလှဘူးပေါ့ ...

ဒီတော့လည်း ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ထဲက ဒေါ်မြလေး ပြောသလို "မပြောချင်ဘူးနော် .... မပြောချင်ဘူး ... ပြောကို မပြောချင်ဘူး ... " လို့လည်း မပြောတော့ပါဘူး ... ငယ်ငယ်က ရွတ်ဆိုခဲ့ဖူးတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေသီးကောက် ကဗျာလေးကိုသာ စာသားပြောင်းပြီး ...
"Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်" လို့ ဆိုညည်းမိရုံမှတပါး ....

ရွှင်လန်းချမ်းမြေ့ကြပါစေ ....
ဟယ်ရီလွင်

Read More...

Wednesday, 3 August 2011

ဥဒါန်းကို အစာမကြေသူများသို့

"ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ"

ဒီစကားကို အားလုံးလိုလို ကြားဖူးနေကျ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ညီလေး Ye Thurein Min က Facebook မှာ မေးမြန်းလာပါတယ်။ ဒီစကားနဲ့ပတ်သက်ပြီး သူငယ်ငယ်က ကြုံတွေ့ခဲ့ရတာကို အစာမကြေလို့ပါတဲ့ ... ဖြစ်ပုံက ဒီလိုပါ ...

သူခပ်ငယ်ငယ်တုန်းက သမိုင်းထဲမှာ သိပ္ပံပညာရှင်ကြီး တယောက်အကြောင်း (သောမတ်စ် အက်ဒီဆင်ထင်ပါတယ်) သင်ရတဲ့ စာထဲမှာ သူရဲ့ငယ်စဉ်ဘဝ၊ ကြီးပြင်းလာတော့ တီထွင်မှုတွေ အကြောင်း လေးစားလောက်အောင် ရေးထားပါတယ်။ အဲဒီမှာ သူနဲ့ စတွေ့တဲ့ ပြဿနာက စာအဆုံးမှာ အက်ဒီဆင်သည် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေသော ပုဂ္ဂိုလ်ကြီးဖြစ်လေသည် လို့ အဆုံးသတ်ထားပါသတဲ့။ ဒါကို သူ့အနေနဲ့ တော်တော်ကို ခံစားခဲ့ရပါတယ် လို့ ဆိုပါတယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားလုံးဟာ ဘာကိုဆိုလိုမှန်းမသိခဲ့လို့ပါ။ ဒါနဲ့ ဆရာမကိုမေးမိတဲ့အခါ ဆရာမက "ဟဲ့ ... နင်တော်တော်လျှာရှည်တာပဲ၊ အဲ့လိုပဲ မှတ်ထားပေါ့" လို့ ပြန်ဆူတာကို ခံလိုက်ရပါတယ်တဲ့။ ဆရာ၊ ဆရာမတွေရဲ့ ဒီလို အမူအကျင့်တွေဟာ ကလေးအရွယ် ပညာသင်နေဆဲအရွယ် လူငယ်တွေရဲ့ သိလိုစိတ်၊ တတ်လိုစိတ် ကို လျော့ပါးစေပါတယ်။ ဒါတွင်မက မေးသင့်မေးထိုက်တာကို ရဲရဲဝံ့ဝံ့ မေးမြန်းလိုစိတ်ကိုလည်း ပျောက်ကွယ်သွားစေပါတယ်။ အဲဒီကနေ ဆက်ပြီး ပြောသင့်ပြောထိုက်တာကို ရဲရဲရင့်ရင့် ပြောဆိုရဲတဲ့ စိတ်ကို ထပ်ပြီး လျော့ပါးစေပါတယ်။ ဒါမျိုးတွေများလာတဲ့အခါ ကျနော်တို့ generation တခုလုံးမှာ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ရဲကိုင်ရဲတဲ့ စိတ်တွေ ပျောက်ပြီး ကြောက်စိတ်တွေကြီးစိုးကာ လူပျော့လူညံ့တွေ များသထက်များလာတဲ့အထိ မျိုးဆက်တခုလုံး ထိခိုက်စေပါတယ်။
ကဲ ဒါတွေ ထားပါတော့လေ ... စကားစပ်မိလို့ အတွေးမျှင်ဆက်ရင်းကနေ လမ်းကြောင်းလွဲကုန်လို့ မူရင်း အကြောင်းအရာကို ပြန်ဆက်ပါ့မယ် ... သူ ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပေမဲ့ အဲဒီလို အသုံးအနှုံးကို တွေ့တိုင်း သိလိုစိတ်က ပေါ်လာပြန်ပါသတဲ့ ... သူ့အနေနဲ့ နားလည်မိတာက
ကမ္ဘာကြီးသာ ကြေပျက်သွားချင် ကြေပျက်သွားမယ်၊ ထိုသူ့ရဲ့ အကြောင်း ဥဒါန်းကျူးရင့်မှုကတော့ ကျေပျက် ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ပဲ နားလည်ထားပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရှင်းပြထားတဲ့ စာရယ်လို့လည်း ဘယ်မှာမှ ရှာမတွေ့ခဲ့ဖူးသလို ဘယ်သူ့ထံကမှလည်း ရှင်းပြတာကိုလည်း နားမထောင်ခဲ့ဖူးတဲ့အပြင် ထပ်မံ ရှုပ်ထွေးစေတာက ဗုဒ္ဓစာပေတွေကို ဖတ်မိတော့
"သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအဖြစ် ရောက်တော်မူ၏၊ ထိုစဉ် နှစ်သက်ဝမ်းမြောက်တော်မူသော ရွှေစိတ်တော် လှုံ့ဆော်သဖြင့် ရှေးရှေးသော နောင်တော်ဘုရားရှင်များနည်းတူ ဥဒါန်းကျူးရင့်တော် မူလေသည်။" ... လို့ ထပ်တွေ့တဲ့အခါကျတော့ သိချင်စိတ်တွေ ပိုများလာပေမဲ့ ထပ်မရှာဖြစ်တော့ပါဘူးတဲ့။
ဥဒါန်းမကြေမဟုတ်ဘဲ ဥဒါန်းကျူးရင့်ဆိုတဲ့ အသုံးကသာ ပိုအသုံးများတာ သတိထားမိလာပြန်တာကြောင့် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားလုံးကို ရှင်းပြထားတာလေး ဖတ်ဖူးသူများရှိရင် ပြောပြပေးကြဖို့ Facebook က “စာပေစကားဝိုင်း” Group မှာတောင်းဆိုထားပါတယ် ...

ဒီစကားစုဟာ မကြာခဏ တွေ့ဖူးနေကျ ဖြစ်တဲ့အပြင် ဒီစကားစုရဲ့ အဓိပ္ပာယ်အပေါ် အစာမကြေ ဖြစ်နေကြသူ အများလည်း ရှိနိုင်တာကြောင့် ဒီ စကားရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းဆွေးနွေးသွားပါရစေ ... ပညာရှင်များ၊ သိရှိနားလည်ပြီးသားသူများအတွက် ရည်ရွယ်တာမဟုတ်ဘဲ မသိသေးတဲ့ သူများ သိရှိနားလည်သွားစေဖို့သာ ရည်ရွယ်ပါတယ်။

ဒီနေရာမှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဆိုတဲ့ စကားစုတခုလုံးရဲ့ အဓိပ္ပာယ်ကို ပညာရှင်များ တသီးတသန့် ရှင်းပြထားတဲ့ အထောက်အထား အကိုးအကားကိုတော့ ကျနော် မတွေ့ဖူးပါဘူး။ စကားစုတခုရဲ့ အဓိပ္ပာယ်ကို သိချင်ရင် တခုလုံးကို တိုက်ရိုက်ရှင်းပြထားတာမျိုး အကိုးအကားရှာဖွေဖို့ ဆိုတာကလည်း တကယ်တော့ အင်မတန်ခက်ခဲပါတယ် ... ပုံမှန်အားဖြင့်တော့ အဲဒီ စကားစုထဲက ဝေါဟာရ တခုခြင်းရဲ့ မူလအဓိပ္ပာယ်ကို ရှာဖွေပြီး တခုလုံးကို ပေါင်းစပ် ယူမှရပါတယ် ... ဒီတော့ ဒီစကားစုရဲ့ အဓိပ္ပာယ် ကို ကြည့်မယ်ဆိုရင် ...
"ဥဒါန်း" ဆိုတာ ပါဠိသက် စကားပါ ... ပါဠိသက်ဝေါဟာရ အဘိဓါန်ထဲမှာ ဥဒါန်းရဲ့ အဓိပ္ပာယ် နှစ်မျိုး ဖော်ပြထားပါတယ် ...

ပထမအဓိပ္ပာယ်က 'ဝမ်းမြောက်ခြင်းကြောင့် မြွက်ဆိုကျူးရင့်သောစကား၊ ပီတိအဟုန်ကြောင့် ထွက်လာသောစကား' လို့ အဓိပ္ပာယ်ရပါတယ် .... "ဥဒါန်းကျူးတယ်" ဆိုတာ ဒီအဓိပ္ပာယ် ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်တို့ သဗ္ဗညုတဉာဏ်တော်ကို ရရှိလို့ ဘုရားအဖြစ်ရောက်ပြီဆိုရင် "အနေကဇာတိ သံသာရံ ... " အစချီတဲ့ ဥဒါန်းဂါထာတော်ကို ကျူးရင့်ကြမြဲဖြစ်ပါတယ် ... ကြုံလို့ပြောရရင် ဥဒါန်းကျူးရင့်ခြင်း ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲတဲ့အခါ (အသံမထွက်ဘဲ) စိတ်ထဲမှာပဲ ကျူးရင့်တဲ့ "မနသာဥဒါန်း" နဲ့ (အသံထွက်ပြီး) နှုတ်ကထုတ်ဖော်ကျူးရင့်တဲ့ "ဝစသာဥဒါန်း" ဆိုပြီးရှိပါတယ်။ ဒီ "အနေကဇာတိ သံသာရံ ... " အစချီတဲ့ ဥဒါန်းဂါထာတော်ကတော့ စိတ်ထဲကသာ ကျူးရင့်တဲ့ မနသာဥဒါန်း ဖြစ်ကြောင်း မှတ်သားဖူးပါတယ်။

ဒုတိယအဓိပ္ပာယ်က 'အစဉ်အလာပြောစမှတ်ပြုရမည့်စကား' လို့ အဓိပ္ပာယ်ရပါတယ် .... "ဥဒါန်းမကျေ" ဆိုတာ ဒီအဓိပ္ပာယ် ဖြစ်ပါတယ်။ "ရှည်လျားသက်သေ၊ ကမ္ဘာကြေလည်း၊ မကျေတို့ဘဲ၊ ဥဒါန်းစွဲလျက် ... " (သခင်ကြီးဧချင်း)၊ "ကမ္ဘာကျွန်းလည်း၊ ဥဒါန်းမကျေ၊ ထွန်းရစ်စေလိမ့် ... " (ဥမ္မာဒန္တီပျို့)

ဒါဆို "ဥဒါန်း" ဆိုတဲ့ စကားဟာ တစုံတခုကို ဝမ်းမြောက်ကျူးရင့်ခြင်း ဆိုတဲ့ သဘောရတဲ့ အဓိပ္ပာယ်ရော၊ အစဉ်အလာမှတ်သားရမည့်စကား ဆိုတဲ့ အဓိပ္ပာယ်ရော နှစ်မျိုးလုံး သုံးလို့ရကြောင်း သိသာမြင်သာ လောက်ပါပြီ။ ဒီစကားစုမှာတော့ ဒုတိယအဓိပ္ပာယ်ဖြစ်တဲ့ 'အစဉ်အလာပြောစမှတ်ပြုရမည့်စကား' ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲထားကြောင်း သခင်ကြီးဧချင်းနဲ့ ဥမ္မာဒန္တီပျို့ တို့မှာ ရေးထားတဲ့ အထောက်အထားတွေ အရ သိရှိနိုင်ပါတယ်။
ဥဒါန်း ဆိုတဲ့စကားပြီးတော့ "ကျေ" နဲ့ "ကြေ" ကို ဆက်ကြည့်ပါမယ်။ ကျေ နဲ့ ကြေ အသုံးကို သိချင်ရင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနဲ့ မြန်မာအဘိဓာန် မှာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ...
"ကျေ" ဆိုတာ ကျေပျက်ပျောက်ကွယ် သွားခြင်းကို ဆိုလိုပါတယ် ...
"ကြေ" ကတော့ မှုန့်မှုန့်ညက်ညက် ကြေမွပျက်စီး သွားခြင်းကို ဆိုလိုပါတယ် ...

ဒီတော့ ဒီစကားစု တခုလုံးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ခြုံငုံပြီး သုံးသပ်ဖွင့်ဆိုရမယ်ဆိုရင် ...
ကမ္ဘာကြေသော်လည်း = ကမ္ဘာကြီး တခုလုံး ကြေမွပျက်စီးသွားရင်တောင်မှ
ဥဒါန်းမကျေ = အစဉ်အလာပြောစမှတ်ပြုရမည့်စကား (ဥဒါန်း) ဟာ ကျေပျက်ပျောက်ကွယ် မသွားနိုင်ဘူး လို့ ဆိုလိုရင်းဖြစ်ပါတယ်။ (ဥဒါန်းကျူးရင့်မှု ပျောက်ပျက်မသွားဘူးလို့ မယူဆနိုင်ပါဘူး။)

ဒါကြောင့် ဒီစကားစု တခုလုံးဟာ "ကမ္ဘာကြီး တခုလုံး ကြေမွပျက်စီးသွားရင်တောင်မှ အစဉ်အလာပြောစမှတ်ပြုရမည့်စကား (ဥဒါန်း) ဟာ ကျေပျက်ပျောက်ကွယ် မသွားနိုင်ဘူး" လို့ ဆိုလိုကြောင်း တင်ပြလိုက်ပါတယ် ...

မေတ္တာဖြင့် ...
ဟယ်ရီ

Read More...

Friday, 1 July 2011

အာဇာနည် စာဆိုအကျော် ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော် ၏ ပါတော်မူတမ်းချင်း

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊
ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်)၊
သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊
ဒို့တတွေသည် ...
သေသော်မှတည့် သြော် ကောင်း၏ ... ။

ဒီ လင်္ကာပိုဒ်လေးကို အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ရဲ့ အလွန်ကျော်ကြားတဲ့ ကဗျာလင်္ကာ စာသားတွေဖြစ်ပါတယ်။ တကယ်တော့ ဒီစာသားတွေဟာ ဆရာတော်ကြီးရေးခဲ့တဲ့ “ပါတော်မူတမ်းချင်း” ရဲ့ အချပါဒ တွေပဲဖြစ်ပါတယ်။

ဒီ အချပိုဒ်တွေကိုပဲ လူသိများပြီး မူရင်း “ပါတော်မူတမ်းချင်း” အပြည့်အစုံကို လူသိနည်းပါးတဲ့အပြင် ရှာဖွေရခက်တာမို့ အားလုံးသိရအောင် မျှဝေလိုက်ပါတယ်။ အလျဉ်းသင့်တဲ့အတွက် ဆီးဘန်နီဆရာတော်ကြီးအကြောင်းကိုပါ တပါတည်း အနည်းငယ် တင်ပြပါရစေ ...

ဆီးဘန်နီ နှင့် ဆီးပန်းနီ
ဆီးဘန်နီဆရာတော်ကို ဆီးပန်းနီ ဆရာတော် လို့လည်း ရေးကြပါတယ်။ ကဗျာသင်္ဂဟ မေဒနီကျမ်းထဲမှာတော့ ဆီးဘန်နီ ဆရာတော် လို့ ဖော်ပြပါရှိပြီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄၊ အပိုင်း(က) မှာတော့ ဆီးပန်းနီဆရာတော်လို့ ဖော်ပြပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ မြန်မာကဗျာလက်ရွေးစင်ထဲမှာတော့ ဆီးဘန်နီဆရာတော်လို့ ပါရှိပါတယ်။


ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
ဆီးဘန်နီဆရာတော်ကို အနောက်မင်းကွန်းဆက်၊ မြန်မာသက္ကရာဇ် ၁၁၇၃-ခုနှစ် ပြာသိုလပြည့်ကျော် ၁-ရက်၊ စနေနေ့ မှာ ဖွားမြင်ပါတယ်။ ခမည်းတော်က အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အတိုင်ပင်ခံ အမတ်ကြီး မဟာရာဇသင်္ကြံ ဖြစ်ပါတယ်။ မယ်တော်ရဲ့ အမည်ကိုတော့မသိရပါ။ ငယ်နာမည် မောင်မှော် လို့ ခေါ်တွင်ပါတယ်။ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း) လက်ထက်မှာ စလင်း မင်းသားကြီး ဆရာတော်နဲ့ မြသိန်းတန်ဆရာတော် တို့ထံမှာ ကျောင်းသားဘဝကနေ ရှင်သာမဏေဘဝအထိ နည်းခံသင်ကြားခဲ့ပါတယ်။ သာမဏေဘွဲ့ကတော့ ရှင်နရိန္ဒ ဖြစ်ပါတယ်။
ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ အလွန်ပဲ ထူးချွန်ထက်မြက်လှတဲ့အတွက် ကျောင်းသားအဖြစ်နဲ့ တကြိမ်၊ သာမဏေအဖြစ်နဲ့ နှစ်ကြိမ်၊ ပေါင်းသုံးကြိမ်တိတိ ပထမစာတော်ပြန်ပွဲမှာ ငယ်စဉ်ကတည်းက ဝင်နွှဲပြန်ဆို အောင်မြင်တော် မူပါတယ်။
ရဟန်းအဖြစ်ကိုရောက်ပြီးတဲ့နောက် ရွှေဘိုမင်းနှင့် ပုဂံမင်းတို့ လက်ထက်၊ အမရပူရမြို့ မိုးထိတိုက်မှာ နေထိုင်ပြီး ပြည်ဆရာတော်ဘုရားကြီးနဲ့ မိုးထိဆရာတော် ဘုရားကြီးတို့ထံမှောက်မှာ ဆက်လက် ပညာဆည်းပူးတော်မူပါတယ်။
ဒီလိုနဲ့ ဆရာတော်ဟာ ပိဋကတ်စာပေပညာမှာ ပါရဂူရောက် ထူးချွန်တတ်မြောက်တဲ့အတွက် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ပထတံဆိပ်တော်၊ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ ဒုတိယတံဆိပ်တော်တို့ကို ခံယူရရှိသည်။ (မှတ်ချက် - မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ မှာ ဒီဘွဲ့ ၂-ခုကို ဖော်ပြရာမှာ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုပြီး တခုတည်းဖြစ်နေပါတယ်။ ‘... သတိချွတ်ဟန်တူ၏ ...’ လို့ ဆရာကြီး နန်းညွန့်ဆွေ ရေးသားတဲ့ ဆောင်းပါးမှာ ပါရှိပါတယ်။) ပဉ္စမ သင်္ဂါယနာ တင်တဲ့အခါမှာလည်း ပိဋကတ်သုံးပုံကို သုတ်သင်ကြီးကြပ်တည်းဖြတ်တော်မူခဲ့ပါတယ်။ သားတော် သီပေါမင်းလက်ထက်ရောက်တော့လည်း ‘နရိန္ဒာဘိဓဇ အတုလိဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ တတိယ ဘွဲ့တံဆိပ်တော်ကို ခံယူတော်မူရပြန်ပါတယ်။
ဆရာတော်ဟာ ကဗျာလင်္ကာဖွဲ့ဆိုမှုမှာလည်း လေ့လာကျွမ်းကျင်တော်မူပါတယ်။ ‘ကဝိမဏ္ဍနမေဒနီကျမ်း’ ကို ရဟန်းဝါတော် တစ်ဆယ်ကျော်လောက်ကစပြီး တဖြည်းဖြည်း တစတစ ရေးသားပြုစုတော်မူခဲ့ရာမှ ဆရာတော် ရေးသား ခဲ့တဲ့ စာပေတွေကို ဆရာတော်ဘုရား၏ မြေးတော် ဦးကလျာဏက စနစ်တကျ စီစဉ်ပြီး မန္တလေးမြို့ ဆိုင်းတန်းရပ် ရတနာသိဒ္ဓိ ပုံနှိပ်တိုက်ကနေ ၁၂၆၉-ခု ကဆုန်လက ပုံနှိပ် ထုတ်ဝေခဲ့ဖူးတယ်လို့ သိရပါတယ်။
မင်းတုန်းမင်းတရားကြီး မန္တလေးရွှေမြို့တော်ကြီးကို မြို့သစ်တည်ထောင်တဲ့အခါမှာလည်း ရပ်ကွက်အမည်တွေကို ရွေးချယ်ပေးခဲ့ပါတယ်။ ပြည်ကြီးကျက်သရေ၊ ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ ချမ်းမြသာစည်၊ ပတ်ကုံးဝန်းကျင်၊ မဟာနွယ်စဉ်၊ ပုလဲငွေရောင် စတဲ့ ၄၉-ရပ်ကွက်တို့ရဲ့ အမည်တွေဟာ ဆရာတော်ပေးခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ သက်တော် ၇၇-နှစ်၊ ဝါတော် ၅၇-ဝါ၊ သက္ကရာဇ်-၁၂၅ဝပြည့်၊ ကဆုန်လပြည့်ကျော် ၁-ရက် ဗုဒ္ဓဟူးနေ့မှာ ဘဝနတ်ထံ ပျံလွန်တော်မူပါတယ်။


ပါတော်မူတမ်းခြင်း
သီပေါမင်းတရား ပါတော်မူသွားတဲ့အခါ ဆရာတော်ဟာ လွန်စွာမှပဲ စိတ်လက် မရွှင်မလန်း၊ မချမ်းမမြေ့ ခံစားခဲ့ရပါတယ်။ တရားတော်နဲ့ ဖြေလည်း မပြေ၊ လျစ်လျူရှုပြီးလည်း မနေတတ်၊ မျက်မှောက်တွင် တွေ့ကြုံရှုမြင်နေရတဲ့ အဖြစ်အပျက်တွေ ကလည်း အမျိုးသားစိတ်ဓါတ်ကို ရိုက်ခတ်လာတာနဲ့အမျှ အဗျာကတာဓမ္မာနှင့်ဝေးပြီး ဒေါသရိပ်ကလေးများ ပြေးလာပါတယ်။ ဒါကြောင့်ပဲ မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို သံဝေဂရတု ဧကပိုဒ် အဖြစ် ဖွဲ့ဆိုလိုက်ပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းနဲ့ အခြားစာတွေမှာတော့ တမ်းချင်းအဖြစ် ဖော်ပြကြပါတယ်။ ဒီတမ်းချင်းကတော့ ...
မြန်မာဦးစွန်း ညှိုးနွမ်းတိမ်မြုပ်ခြင်းအကြောင်းကို ဆီးဘန်နီ ဆရာတော်ဘုရား ဆို ဧကပိုဒ် တမ်းချင်း။

မှတ်ပါရစ်စေ၊ မှာခဲ့ပေအံ့၊ သံဝေဓမ္မ၊ ယူကုန်ကြလော့၊ သုဒဿန၊ မြို့မသခင်၊ သူရာစင်လျက်၊ လုလင်မာဃ၊ ဦးစောက်ချ၍့၊ အမရဝတီ၊ ပူရီပြဉ်လုံး၊ လက်ရကျုံးသို့၊ ထုံးနှင့်တူလစ်၊ ဂေါဇာခေတ်မူ၊ ဧက်ဒွေးဇောသတ်၊ လမြတ်ထွန်းပြောင်၊ တန်ဆောင်မါသ၊ သရဒ၏၊ ကဏှပက္ခ၊ ဆဋ္ဌပူးရက်၊ နေဝန်းထွက်အောင်၊ ရှစ်မျက်လောကဓာတ်၊ ကောင်းကင်ရပ်မှ၊ ပြာသာဒ်ကုဋေ၊ ကြယ်ကျွတ်ကြွေရှင့်၊ နေတဘန်ထွက်၊ သတ္တရက်ဝယ်၊ လက်နက်လျှံထိန်၊ စွဲကိုင်ချိန်သား၊ ဣန္ဒြိယတိုင်းသား၊ ရဲ့ယောက်ျားတို့၊ ပတ္တမြားခယံ၊ ရွှေနန်းရံသို့၊ ချွံချွံဝင်ရောက်၊ ရှစ်ရက်မြောက်က၊ အနောက်ဂေါရာ၊ နေဝါလျှောသက်၊ ဂဠုန်ရက်တွင်၊ သုံးချက်ကျော်ပြီ၊ ဒွါဒသီဝယ်၊ မှီသည်ဗြိစ္ဆာ၊ ဂရုဠှာမှတ်၊ အစွန်မြတ်မှ၊ ပူးနတ်ဓနု၊ ရာဟုစန္ဒာ၊ သိဟ်သီဟာဝယ်၊ ဗြိစ္ဆာကံနေ၊ နဂါးမြွေလည်း၊ မေဓုန်ပျော်လျက်၊ ပြိဿလဂ်တွင်၊ နက္ခတ်စဉ်ရုံး၊ ဆယ်လုံးတပါဒ်၊ လေးမှတ်ဗီဇနာ၊ ဖွားလာရက်ချိန်၊ ရွေ့ရွေ့ထိန်သား၊ သုဒ္ဓိန်နှစ်ရာ၊ နောဝီသာ၌၊ မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်လျက် (နိစ်ပြဆိုက်က)၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့၊ (ဝှက်)ရှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍့၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆဲ့ခုနစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့၊ ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မဟာဣန္ဒြိယ၊ မိုက်မဲလှသည်၊ (မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်) ကုလာ့နိုင်ငံ၊ လွှဲပြောင်းစံရှင့်၊ လောကဓံအရ၊ သဘာဝကြောင့်၊ ဂေါတမဘုန်းခေါင်၊ သာနာရောင်လည်း၊ မပြောင်မထွန်း၊ အမှောင်စွန်းခဲ့၊ ကျွန်းသပြေဒီ၊ ဓရဏီထက်၊ ခိုမှီနေရိုး၊ မြန်လူမျိုးတို့၊ လန့်နှိုးထိပ်လှ၊ သံဝေဂဖြင့်၊ ဖြစ်ကပျက်မြဲ၊ မလွဲစသာ၊ ကြုံကြလာသား၊ သံသရာသဘော၊ တွေ့ရာသောဟု၊ စိတ်ဇောသိမ်မွေ့၊ တတေ့တေ့ဖြင့်၊ စေ့စေ့မှန်သား၊ ထပ်ထပ်ပွား၍့။ ။ တရားသံဝေယူကြလေ။ ။
(ကွင်းအတွင်းစာသားများမှာ ဆရာကြီး နန်းညွန့်ဆွေ ၏ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆီးပန်းနီဆရာတော် ဆောင်းပါးမှ ကောက်နှုတ်ထားသော မူကွဲများဖြစ်ပါသည်။)

ဒီအထဲက ‘မိုက်မှားလှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မတ်ကြီးဉာဏ်ဝယ် (မှူးကြီးမတ်ငယ်)၊ မာလောနွယ်တို့’ ဆိုတဲ့အပိုဒ်ဟာ လူကြိုက်များလာပါတယ်။ မှူးကြီးမတ်ရာတွေက ကိုယ့်အမှီသဟဲ ရှင်ဘုရင်ကို ကိုယ့်ဟာကိုယ် ပြန်ဖျက်ဆီးတယ် ဆိုတဲ့ သဘောရပါတယ်။ အဲဒီအချိန်က “ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” ဆိုပြီး ကင်းဝန်မင်းကြီး ဦးကောင်း လိမ်ဉာဏ်ဆင်ပြီး မြန်မာဘုရင်ကို နန်းချတယ်လို့ လူအများက ပြောဆိုပြစ်တင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဆရာတော်ကလည်း မြန်မာဝန်ကြီး မှူးကြီးမတ်ရာတွေ ဂိုဏ်းဂဏအသီးသီးကွဲပြီး ထင်ရာစိုင်းနေကြပုံ၊ အာဏာရှိသူကိုပဲ မျက်နှာလိုမျက်နှာရ ကပ်ပါးရပ်ပါးပြုမူနေကြပုံ စတဲ့ အချင်းအရာတွေကိုမြင်ပြီး စိတ်ပျက်ပျက်နဲ့ ရေးလိုက်ပုံရပါတယ်။ ဒီစာဟာ ကင်းဝန်မင်းကြီးကို အတော်ကလေး ထိခိုက်သွားပုံရပါတယ်။ ဒါကြောင့် ကင်းဝန်မင်းကြီးက “မန်းမကိုဋ်မှာမှ ...” အစချီတဲ့ လေးချိုးကြီးနဲ့ ပြန်လည်ချေပပါတယ်။ ကဗျာသင်္ဂဟမေဒနီ ကျမ်းထဲမှာတော့ မဟာဒါဏ်ဝန်မင်း ဦးရွှေဝ က ပြန်လည်ချေပရေးသားတဲ့ လေးချိုးကြီးလို့ ဖော်ပြထားတာကြောင့် ဒီကျမ်းကိုပဲ မူတည်ပြီး မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး အဖြစ် ဖော်ပြလိုက်ပါတယ်။ (ဒီလေးချိုးကြီး ရေးစပ်ပုံကို ရှေးရိုးလေးချိုးကြီး၊ ဒါမှ မဟုတ် လင်္ကာသွားပုံစံနဲ့ ရေးစပ်တဲ့အတွက် လင်္ကာလေးချိုးကြီး လို့လည်း ခေါ်ပါတယ်။ မြန်မာကဗျာ ရေးထုံးတွေကို စိတ်ဝင်စားသူများအတွက် ကျနော် ရေးထားတဲ့ “မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၅)” (http://harrylwin.blogspot.com/2009/05/blog-post_08.html) မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ဒီအထဲက ကာရန်ယူထားပုံတွေကို ခြင်္သေ့လည်ပြန် နဘေစပ်နည်း လို့ ခေါ်ပါတယ် - စကားချပ်)

ဆီးဘန်နီ ဆရာတော်ဘုရား ဆို မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို ချေဆိုရာဖြစ်သော မဟာဒါဏ်ဝန်မင်း ဦးရွှေဝဆို လေးချိုးကြီး။

မန်းမကိုဋ်မှာမှ၊ နန်းသိုက်ရ ရွှေဘုံကို၊
မြေဝသုန်ကပ်ဆုံးအောင်ပ၊ မှတ်ထုံးနောင်ပေါ်ထွန်းဘို့၊
မော်ကွန်းတင်ဆက်တဲ့ မင်ရွက်စာ။

သမ္မတနှုန်းဆောင်၊ ရွှေဘုန်းငယ်ပြောင်သည့် ကုန်းဘောင်ပဝရ၊
နေသမ္ဘိန်ငယ် အာဟိန္ဒမှ၊ ဝံသလှစ်စေ၊ ဆယ်ဆက်နေလျှင်၊
မြေဇမ္ဗူစိုး၊ မြို့နန်းငယ်ထူသည် ရိပ်ဖြူမိုးက၊
ရှေးရိုးစဉ်ဆက်၊ ထုံးမပျက်၍့၊ နှုန်းဘက်ကယ်စံမကွာ၊ ဘုန်းအာဏာဖြင့်၊
ရေစာမရှား၊ မိစ္ဆာရာန်ငယ် မာန်မထား၍့၊ ဖြစ်ပွားသာသနာ၊ ပွင့်လင်းသာဖြာတော့ပ၊
ရေကြာတွေ့ ပုံတူလို၊ များဗိုလ်လူရှင်ရဟန်းငယ်တို့၊ နိဗ္ဗူ စိတ်ယူမှန်းရှာကြ၊
ချမ်းမြကြည်စွာ။

ဆဲ့တဖြာငယ်၊ နေအာဒိစစ် ဘ-ရာစိုးသည့်၊ ဖြူစင်လှစ်က၊
အနှစ်ပညာ၊ အရှင်းကွာ၍့၊ စဉ်လာမင်းသုံး၊ ရှေးကျင့်ထုံးကို၊ လုံးလုံးပစ်လွှဲ၊
ငွေနှင့်မြှူလျှင် လူပေပဲဟု၊ စိတ်စွဲမှတ်ကျုံး၊ တိုင်းအလုံးကို၊ ဈေးနှုန်းနှင့်ထပ်၊ အမွေအပ်သော်၊
မကပ်တရား၊ ရှေ့ဆောင်နွားကြောင့်၊ နောက်နွားတဝိုက်၊ လမ်းကောက်လိုက်သို့၊
အမိုက်ဖြင့်ပြွမ်း၊ လူရဟန်းတို့၊ မချမ်းမသာ၊ ရေစာမွတ်ရှား၊ ခိုးသားမုဒိမ်း၊ တရားမမှန် ကျင့်ဖောက်ပြန်သဉ်၊
ရာန်မငြိမ်း၍့၊ ကိန်းနှင့်တမျှ။ ကောသလ၏့၊ သောဠသ-စာ၊ ဤရာဇာကို၊
မြတ်စွာရှင်စောက၊ ဟောမြွက်ဘိ။

စိန္တေငယ်ထွဋ်ဖျား၊ မိန့်တော်ထားသည်၊ ထင်ရှားရှိလျက်၊ မည်သူတွက်ဟု၊ ငဲ့ကွက်ပစ္ဆာ၊ မတင်သာတည့်၊ ဂေါဇာနှစ်တုံ၊ ဂဠုန်နှင့်ကျား၊ ဆင်နဂါးတို့၊ ပျော်ပါးစဉ်ပ၊ ကြာငါးစုံဝယ် ကြိုင်ထုံခသည့်၊ လ-ကျတ္ထိကာ၊ ပုဏ္ဏာကျော်တက်၊ ဆဋ္ဌရက်တွင်၊ ထက်အာကာကြီး၊ လေခရီးမှာ၊ မီးလျှံသဘွယ်၊ ဥဂ္ဂါကြယ်တို့၊ သွယ်လှယ်ကူးလတ်၊ တိထီသတ်ဘွင့်၊ဖြတ်ရွှေနန်းတွင်း၊ ရာန်စစ်ချဉ်း၍့၊ မင်းကိုကိုင်မြောက်၊ ရှစ်ရက်ရောက်မှ၊ အနောက်ဂေါရာ၊ နေဝါလျှံလန်း၊ မှောင်ချိန်ယွန်းဝယ်၊ မြန်းဇမ္ဗူလုံး၊ ကံမထူသည် ရာန်သူမှုန်း၍၊ ကိုင်းလုံးပြစ်ခွာ၊ သူဆောင်ရာသို့၊ ပါရှာတော့ပ၊ သင်္ခါရဖြစ်ပုံကို၊ စိတ်အာရုံ- ထင်နောငယ်နှင့်၊ စောတော့ဉာဏ်ရှိ။ ။

(‘ဆီးဘန်နီဆရာတော်၏ မြေး ဦးကလျာဏ ကိုယ်တိုင်က ကင်းဝန်မင်းကြီးရေးသည်ဟု မှတ်သားထားသည်’ လို့ဆရာကြီး နန်းညွန့်ဆွေရဲ့ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ထုတ် ရှုမဝမဂ္ဂဇင်းပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။)

ဒီလေးချိုးကြီးမှာ ကောသာလ၏ သောဠာသ-စာ လို့ပါတဲ့အတိုင်း မှူးမတ်တွေရဲ့ အပြစ်မဟုတ်ဘဲ ကောသလအိမ်မက် ၁၆-ချက်အရ ခေတ်ကြီးဟာ ဖောက်ပြန်တဲ့ခေတ်ဖြစ်ကြောင်း၊ ရှေးထုံးကို ပယ်ပြီး ရှေ့ဆောင်နွားလား အကောက် သွားလို့ နောက်နွားစဉ်ဆိုက် လမ်းကောက်လိုက်ကြပုံ၊ ပျက်ချိန်ကျပြီမို့ ကောင်းကင်နက္ခတ်တာရာတွေ ဖောက်ပြန်နေကြပုံ တွေကို တွေးဆကြည့်ရင် ပျက်ချိန်တန်၍ ပျက်ရကြောင်း စသည်ဖြင့် ချေပ ရေးသား ထားတာကို တွေ့ရပါမယ်။
ဒါကြောင့် ဆရာတော်က တဖန် ထပ်ပြီး ဒီလေးချိုးကြီးကို ချေပဖြေဆိုတဲ့ တမ်းချင်းဧကပိုဒ်လင်္ကာကို ထပ်ရေးသား လိုက်ပါတယ်။

ဆီးဘန်နီ ဆရာတော်ဘုရား ထပ်မံ၍ ဆိုတော်မူပြန်သော ဧကပိုဒ် တမ်းချင်း။

တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သံဝေရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကဝေတို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ် (သုဝိန္နဇာတ်)၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါ(ရ)တရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်(၍့)၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ် (မှာ)၊ ပမာထင်ထင်၊ ကဗျာတင်က(မူ)၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်(စပ်)ကာ၊ စပ်(ဟတ်)၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု (ချင့်မူလကို)၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ (မလွန့်စသာ)၊ အကြောင်းမှာကား၊ (ရွယ်)ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှဲဝေပေးလျက် (လွှဲအပ်ပေးလျက်)၊ တရွေးတရတီ၊ တဗီဇဝါ (တဗီဇနာ)၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို (သည်)၊ မှူးမတ်ထံမှ၊ မခံရရှင့်၊ သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်) [သုဉ်းနှင့်ရလစ်]၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ... ။

မှတ်ချက်။ ။ လက်သည်းကွင်း (..) အတွင်းစာသားများမှာ ကဗျာသင်္ဂဟမေဒနီ ကျမ်းပါ စာသားများဖြစ်ပါသည်။ ထောင့်ကွင်း [..] အတွင်းရှိ စာသားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ တွင်ဖော်ပြထားသော မူကွဲ ဖြစ်ပါသည်။ သုဝိန္နဇာတ်ဟု ကဗျာသင်္ဂဟမေဒနီ ကျမ်းတွင် ဖော်ပြပါရှိသော်လည်း မူရင်းပထမ မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို မဟာဒါဏ်ဝန်မင်း ဦးရွှေဝ (ကင်းဝန်မင်းကြီး - မူကွဲ) ချေပရေးသားသည့်လေးချိုးကြီးတွင် "သောဠသ-စာ၊ ဤရာဇာကို ..." ဟု ပါရှိသောကြောင့် သောဠသဇာတ် မှာ ပို၍ သင့်လျော်သော စာသားဖြစ်မည်ဟု ယူဆပါသည်။

မင်းတုန်းမင်းတရားကြီး လက်ထက်ကစလို့ မင်းဆရာဖြစ်ခဲ့တဲ့ ဆရာတော်ဟာ အတွင်းသိ၊ အပြင်သိ၊ ဓာတ်သိရပ်သိ ဆိုသလို ဖြစ်နေတာမို့ ဆရာတော်ကို ဆင်ခြေကန်လို့ မလွယ်လှပါဘူး။ နီးစပ်ရာကိုကပ်ပြီး တွယ်တက်တတ်တဲ့ သစ်တက်နွယ်လို မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဆရာတော်ဟာ အတော်ပဲ မကျေမနပ် ဖြစ်နေဟန်တူပါတယ်။ မာလောနွယ်တွေ (သို့မဟုတ်) ကပ်ပါးရပ်ပါး ဖော်လံဖား ဝန်ကြီးတွေက ကောသလမင်းအိပ်မက်တွေ၊ သင်္ခါရတရားတွေ၊ ရှေ့ဆောင်နွားလားတွေ ဘာတွေနဲ့ ဘယ်လိုပဲ ဆင်ခြေဆင်လက်တွေ ပေးပြီး ဘုရင်ကို အပြစ်ပုံချလို့ ကိုယ့်ကိုယ်ကိုယ် ရှောင်လွှဲနေပေမဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ... ဆိုတဲ့စကားအတိုင်း မှူးမတ်ဝန်ကြီးတွေ အပေါ်မှာပဲ တာဝန်ရှိတယ်။ မလိမ္မာသေးတဲ့ အကလေးအရွယ် မြေးသဖွယ်ဖြစ်သော မင်းနှစ်ပါးကို တာဝန်ပုံပြီး လွှဲမချပါနဲ့။ မင်းနှစ်ပါးတို့က အစစ အရာရာ တိုင်းရေးပြည်ရေးဟူသမျှကို မင်းကြီးတို့ထံ အပ်နှံထားပါလျှက်နှင့် မင်းနှစ်ပါးခမျာမှာ မှူးကြီးမတ်ကြီး ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဆီက ကျေးဇူးကို တပြားသား တရွေးသားမျှ မခံစားရဘဲ ဒုက္ခခံစရာရှိတော့သာ ၄င်းတို့ခံသွားရရှာတယ်၊ နောက်ဆုံးတော့ ထီးနန်းလည်း ဆိတ်သုဉ်း၊ မင်းလည်း ဆိတ်သုဉ်း၊ တိုင်းပြည်လည်း ဆိတ်သုဉ်း ရတဲ့ “သုဉ်းသုံးဝ” နဲ့ တွေ့ကြုံနေရတဲ့ “သုညခေတ်” ကြီးမှာ လူဖြစ်နေရတာနဲ့စာရင် သေရတာကမှ ပိုပြီး ကောင်းပါသေးရဲ့ ဆိုပြီး ဆရာတော်က မကျေနိုင် မချမ်းနိုင်သည့် စိတ်ရင်းကို ရှင်းထုတ် ရေးသားပြီး သံဝေဂ ပွားများထားတာကို တွေ့နိုင်ပါတယ်။

(ဆရာကြီးနန်းညွန့်ဆွေရဲ့ ဆောင်းပါးကို ဖော်ပြပေးတဲ့ ကို စောသက်လင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ)

ဟယ်ရီ


အကိုးအကားများ
၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ (စောင်း-တူ)၊ အပိုင်း (က)၊ စာမျက်နှာ-၁၅၃။ ဆီးပန်းနီဆရာတော်။
၂) ဖတ်မိဖတ်ရာ....ဆရာကြီးနန်းညွန့်ဆွေ၊ ဆီးပန်းနီ ဆရာတော်။ (http://sawthetlin.blogspot.com/2011/06/blog-post_14.html)

Read More...

Tuesday, 28 June 2011

လင်္ကာတလင်း၊ စစ်ခင်းရာဝယ်

မြန်မာစာပေလောကမှာ စာတွေ၊ ကဗျာတွေ၊ လင်္ကာတွေနဲ့ အပြန်အလှန် တိုက်ပွဲဆင်ကြတဲ့ ဖြစ်ရပ်လေးတွေ ရှိပါတယ်။ ဗန်းမော်ဆရာတော်နဲ့ သီလရှင် မယ်ကင်း၊ မာန်လည်ဆရာတော်နဲ့ ဦးပဒုမ၊ အစရှိသဖြင့်ပါ ... ဒီအထဲကမှ ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော်နှစ်ဦးဖြစ်တဲ့ အချုပ်တန်းဆရာဖေနဲ့ ဦးပုညတို့ရဲ့ စိတ်ဝင်စားဖွယ် ကဗျာလင်္ကာတိုက်ပွဲအကြောင်းကို တင်ဆက်လိုက်ပါတယ်။ ရတနာပုံနေပြည်တော်ရဲ့ ဇာတ်သဘင်လောကအတွက် စာတွေဖွဲ့သီကြရင်းက ပြိုင်ဆိုင်မှုလေးတွေ၊ ဂုဏ်ရည်ပြမှုလေးတွေ ရှိလာကြပါတယ်။
တနေ့မှာ နန်းတွင်းဇာတ်ခေါင်းဆောင် မင်းသမီးကြီး ယင်းတော်မလေး ကြင်ဖော်ကွဲခန်းမှာ သီဆိုဖို့ ငိုချင်းကို ဆရာဖေက အောက်ပါ အတိုင်း ရေးပေးခဲ့ပါတယ် ...

သည်ဘဝ၊
သည်မျှနှင့် တန်ရချေ။

နောင်ဘဝခါမှ၊
မောင်လှကိုပိုလို့ချစ်မယ်၊
မျိုးစစ်တဲ့ဆွေ။

ဗုဒ္ဓဟေ၊
ညောင်ရွှေကွဲ့ သဖန်း။

ပွင့်ဝတ်ညှာတံကြွေမှ၊
လွှဲသွေကြတမ်း။ ။

အဲဒါကို ဦးပုညကတွေ့တဲ့အခါကျတော့ ...

သည်တည၊
ညီမနှင့်တန်ရလေ။

နောင်တညခါမှ၊
အမကိုပိုလို့ချစ်မယ်၊
စိုးရစ်နဲ့ဆွေ။

ရှုတ်ပလေ၊
မင်းအမေ တခန်း။

ရင်ဝတ်ဟာ အတန်ကျေမှ၊
ဖွားအေကိုဖမ်း။ ။ ...
ဆိုပြီး အချိုးမပျက် ဖျက်ရေးလိုက်ပါတယ် ...
သက္ကရာဇ် ၁၂၂၆-ခုနှစ်အရောက်မှာတော့ ဆရာဖေဟာ မက္ခရာမင်းသားကြီးရဲ့ အိမ်တော်မှာ အဆောင်ကိုင်ဖြစ်လာပါပြီ။ ဦးပုည နဲ့လည်း အပြိုင်အဆိုင် စာတွေ ချိုးနေကြပါပြီ။ ဒါပေမဲ့ ဦးပုညရဲ့ အရှိန်အဝါက ကြီးလွန်းတော့ မန္တလေးသူ မန္တလေးသားတွေက စာကောင်းပြီဆို ဦးပုညရေးတာလို့ပဲ ထင်ကြ၊ ပြောကြပါတော့တယ်။ တခြားစာဆိုတွေရဲ့ စာတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဦးပုညရေးတယ်ပဲ ဖြစ်ကုန်ကြပါတယ်။ ဥပမာပြရရင် ပန်းစပယ်၊ နန်းအလယ် မပေါ်ခိုက်ဟာမို့ ... ဆိုတဲ့ ဦးစံသူ မှာတမ်းထဲက ဒွေးဆစ်ကလေးကိုတောင် ဦးပုညရေးတာလို့ အမှတ်မှားနေကြတာ အခုထိပါပဲ။ ဒါကြောင့်လည်း ဝန်စာရေး ဦးသာက လွမ်းချင်းတပုဒ်ထဲမှာ ...

စာမကုံးချင်ဘု၊
လုံးလုံးကြီးစိတ်နာ။

ခုအခါ၊
တို့သူငါ သေအောင်ကောင်းစေတော့၊
ရှေးကြောင်းရင်းကုသိုလ်ဖန်၊
နိုင်ငံမှာ ကိုပုညတဲ့၊
သူမှသာ စာပြောင်၊
ပြည်ဘောင်အံ့တဲ့ မင်းပေလေး။

စီပြန်ပါလည်း၊
ဤစာဘယ်က ကိုပုညလို့၊
ဖြစ်ရတော့သာ၊
လွန်ကျော်စောတဲ့ သာပြောဟာ၊
ဆိုရှာသမျှ ကိုပုညတဲ့၊
ခုမှနောက်ပေါ်
ယင်းတော်ခြူးအုံ၊
က, မျိုးစုံတဲ့၊
ပုံတပဲသာ၊
အမူတုံးတို့ သုံးပြန်ရှာ။

ဆရာစလေ၊
သူ့နှုတ်ထွက် သူ့ချက်ပေဟု၊
တည်နေဝန့်ရှင်၊
ခြီးမွမ်းပုံတင်ကြ၊
ဟိုရင်ကစာတွေကို၊
ကိုစလေ သူသီကုံးရော့ထင့်၊
ရွှေမန်းသူ အမူတုံးတို့ရယ်၊
ငြင်းကြအုံးကွယ်လေး ....
ရယ်လို့ စိတ်နာနာနဲ့ ခပ်ငေါ့ငေါ့လေး ရေးဖွဲ့ခဲ့ဖူးပါတယ်။
ဆရာဖေကတော့ နဂိုကတည်းကို သတ္တိကောင်းပြီး မဟုတ်မခံ ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်းပြောတတ်တဲ့သူမို့ စာလေး ကဗျာလေး ကောင်းပြီဆိုရင် ဦးပုည ရေးတာလို့ စွတ်ပြောတတ်တဲ့သူတွေကို ကဗျာ့အာဘော်နဲ့ ဒီလို ကလော်ဆဲ လိုက်ပါတယ်။

စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
နဘေက ခြေမပါတယ်၊
စလေစာ ကြိုက်ကြလေငြား။

ဆန်းအနုယဉ်ရာတွင်၊
ပညာရှင်အများ၊
လင်္ကာယဉ်စာသွားမတော့၊
မညှာအား နှိပ်နယ်၊
စာကောင်းရင် မအေပေးတွေက၊
စလေရေး ဆိုကြပြန်တယ်။

တို့များဖြင့် မှန်တကယ်၊
ဉာဏ်မငယ်ကံစောင်းလို့၊
ပြန်ပြောင်းလို့ မပြောချင်၊
ဟော ခုခေတ်တွင်၊
တောပါးစပ် ရိုင်းမယဉ်ကို၊
မနှိုင်းချင်ပြီဘူးကွဲ့လေး။ ။

ဆရာဖေက ဒီတေးထပ်ကို ရေးရတာဟာ တပယ်မင်းသားက ခိုင်းလို့ရေးတာ လို့ ဆိုကြပါတယ်။ တခါက တပယ်မင်းသား ဟာ ဦးပုညကို ကဗျာတပုဒ်ရေးခိုင်းချင်လို့ အခေါ်လွှတ်ပါတယ်။ အဲဒီအခါ ဦးပုညက “မင်းသားအစစ်တွေခိုင်းတာကို ရေးနေရသေးတယ် ...၊ ယမနေမင်းသား ရေးခိုင်းတာ မရေးအားသေးဘူး ...” လို့ လာခေါ်တဲ့သူကို ပြန်ပြော လွှတ်လိုက်ပါတယ်။ ဒါကြောင့် တပယ်မင်းသားက စိတ်ဆိုးပြီး ဆရာဖေ့ကို ဒီလိုမျိုး တေးထပ်ရေးခိုင်းတာလို့ အဆိုရှိပါတယ်။
ဒီတေးထပ်ဟာ တစ တစ ပျံ့နှံ့သွားရာက ဦးပုည ဆတ်ဆတ်ခါ နာပါတော့တယ်။ အချုပ်တန်းဆရာဖေဟာ အင်းဝမြို့မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ ဦးပုညကတော့ စလေမြို့မှာ မွေးဖွားတာပါ။ အဲဒီအချိန်ကတော့ စလေဟာ မြို့ငယ်လေး မျှ သာဖြစ်ပြီး အင်းဝကတော့ မြို့တော်ဖြစ်တဲ့အတွက် (ရတနာပုံ နေပြည်တော် မတည်ရသေးချိန်) ဆရာဖေက ဦးပုညကို တောပါးစပ် လို့ ခပ်နှိမ်နှိမ် ဆိုလိုက်တာပါ။ ဒါနဲ့ ဦးပုညကလည်း စိတ်ပေါက်ပေါက်နဲ့ ဆရာဖေရဲ့ ရုပ်ရည်ကို ဖော်ပြီး ပြန်တွယ်လိုက်ပါတယ်။

ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့်၊
ကျုံးထိပ်က ငဖေ၊
ကုန်းပြိတ္တ တစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့်အမြင်မှန်တယ်၊
ဘဝင်္ဂံ (ဘဝင်ခံ) မဲတဲ့စိတ်နှမ်း။

မနှိုင်းအပ် မယှဉ်သာ၊
နင်ဘာပြု သော့သွမ်း (ဟော့ရမ်း)၊
ဝင်္ကာခု ဟော့ရမ်း (သော့သွမ်း)လို့၊
ကြော့ကြမ်းလိုက်လေတယ်၊‎
ကြောင်းမတန် စောင်းမာန်ခက် (တက်)၊
ပြောင်းပြန်ရှက် ရှက်ရချေမယ် (ရှက်ဖို့ဆိုမယ်)။‎

ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊‎
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊‎
ဖားခြင်္သေ့ ရွှေဟင်္သာ၊‎
ကျီးနက် (ကျီးမိုက်) ပြိုင်လာ၊‎
နဂါးနှင့် တီလောက်ကွာတယ်၊‎ (နဂါးနဲ့ တီပမာနှယ်)၊
ရီစရာ သောက်ရူးမို့လေး (ခြေထောက်တာ လွန်လွန်းလို့လေး)။ ။‎

အချုပ်တန်းဆရာဖေက အသားမည်းမည်း၊ အရပ်ပုပျပ်ပျပ်နဲ့ လက်ပြင်နည်းနည်းကုန်းတာမို့ ဦးပုညက ကုန်းပြိတ္တ တစ္ဆေလို၊ အသရေ ဟိတ်နွမ်း ... ဆိုပြီး ဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါကို ဆရာဖေ ကြားတော့ သူကလည်း ဦးပုညရဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်တဲ့ ကုတ်ခွင် သေးသိမ်နေတဲ့ လက်ကလေးကို ဖော်ပြီး မခံချင်အောင် ပြန်စပ်ပါတယ် ...

ကဗျာစီ မောင်ပုည၊
ဆောင်ဂုဏ်ပြ ထုတ်လျှင်၊
တောင်ခြုံက ပုတ်သင်လို၊
ကုတ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ သင်းလောက်ကျော်တယ်၊
ထွင်းဖောက်ကော် ဉာဏ်မျိုးနှင့်ဝေး။ ။

ဒီကဗျာလေးဟာ ဒွေးချိုးလို့ ဆိုနိုင်သလို တေးထပ်ရဲ့ ပထမအပိုဒ်ကြီး စပ်နည်းအတိုင်း (တက်ပိုဒ်၊ ခံပိုဒ်၊ အုပ်ပိုဒ် နဲ့စပ်ထားတာဖြစ်ပါတယ်။
ဒါတွင်မကသေးပါဘူး၊ ဆရာဖေက နောက်ထပ် တေးထပ် တပုဒ်နဲ့ ထပ်နှက်လိုက်ပြန်ပါတယ်။

ဇဇ္ဇန္ဒာ ဧဠ၊ (အမိဝမ်းတွင်းပါ ကိုယ်အင်္ဂါချို့တဲ့သူ)
စလေက ပုညံ၊
အခြေက ဂုဏ်ခံသော်၊
ပုံသဏ္ဌာန်ဆိုပြ၊
ကုသလ ဥပေက္ခာ၊
လူဖြစ်လာ သန္တီရဏ။

သန္ဓေချင်း မတူပါ၊
အယူမှာ ကွာလှ၊
နမူနာစာအရကိုတော့၊
ကမ္ဘာက အသိပါ၊
ဝိပါက်မှာ မဟာတပ်ပါလို့၊
လာကပ်တဲ့ မန်းမြို့ဆရာ။

သန္ဓေချင်း တာလောက်ကွာတယ်၊
ဝါမောက်ကာ ဆိုင်မတုချင်နဲ့၊
ပြိုင်ပြုက မနုဿဌာနီ၊
မုချကွာမည်၊
ဥက္ကဋ္ဌ အာဇာနည်ကို၊
စာပလီ ရေးလာနှင့်လေး။ ။

ဒါနဲ့ ဦးပုညက သူ လက်ခွင်နေရတာဟာ မွေးရာပါ မဟုတ်ကြောင်း ဒီလို ပြန်ချေပပြီး ရေးလိုက်ပါတယ် ...
ကရုဏေ ရွယ်ကာလ၊ (နုပျိုသူ)
ငယ်ခါက ကျောင်းနေ၊
ဘယ်ညာချ စောင်းအနေမှာ၊
လောင်းကဝေ ငါ့အား၊
အိပ်ပျော်ခိုက် (ဘ)အလာမှာ၊
မ, ကာသာ တွန်းချလေငြား။

သို့အတွက် ပညာသိမ်သည်၊
ငါကဝိန် သူ့အား၊
တာလနိန် လူ့ငနွားက၊
အရှုမှားလေတယ်၊
ငဖေရယ် စလေတုပေမဲ့၊
မေရုနဲ့ မြင့်မိုရ်ကွာမယ်။

သူရာနှင့်သိကြားနှယ်၊
ဘုရားဝယ် မာရ်နတ်သို့၊
စာတတ်နှင့် အ,သူပမာ၊
အဲတာလောက်ကွာ၊
ကေဝဋ်နှင့် မဟော်သဓာလို၊
အတော်ကွာ ခြားလှပါလေး။ ။

(ဒီနေရာမှာ ဒီတေးထပ်နှစ်ပုဒ်ဟာ ဦးပုည နဲ့ ဆရာဖေ ရေးတာမဟုတ်ဘဲ တခြား မလိုသူတွေက တမင်ရေးတာလို့လည်း ဆိုပါတယ်။ ဦးပုည လက်သိမ်တာဟာ မွေးရာပါသာဖြစ်ကြောင်း ဟံသာဝတီ ဦးဘရင်နဲ့ နော်ရထာသီရိတို့ရဲ့ မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ အဲဒီမှာ ရေးထားတာက ဦးပုညရဲ့ ညာဘက်လက် ငါးချောင်းမှာ လက်မ တခုသာ အကောင်းဖြစ်ပြီး ကျန်တဲ့လက်ချောင်းလေး ၄-ချောင်းစလုံး အလယ်အဆစ်ကနေ ပြတ်ပြီး ဝမ်းတွင်းပါ မွေးလာတယ် လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဆက်ဖော်ပြမယ့် တေးထပ်မှာလည်း “မူဆန်းလို့ ဂူနန်းချောင်မှာ၊ ဆူကျွမ်းလောင် တေဇကြောင့်၊ လေ,ခ လို့ ဘယာချွေ၊ ဘွားခဲ့ မေမေ ...” လို့ ဦးပုညကိုယ်တိုင် ရေးဖွဲ့ထားတယ် လို့ ဆိုပါတယ်။)

အဲဒီအခါ ဆရာဖေက ဒွေးချိုးလေးနဲ့ ဒီလို ထပ်ပြီး နှိပ်ကွပ်လိုက်ပါတယ်။

လောကေ ဟတ္ထေချို့လျှင်ဖြင့်၊
လူဘို့မကောင်း။

မန်းကနက်မှာလ၊
စန်းလက် ဇာတာပြောင်လို့၊
ကဗျာလှောင် နဘေတေးကိုလ၊
ဆရာယောင် စလေရေးတယ်၊
တွေးဆသင့်ကြောင်း။ ။

ကိုယ်လက်အင်္ဂါချို့တဲ့နေရင်တော့ (ဝမ်းတွင်းပါဖြစ်စေ၊ မွေးဖွားပြီးမှ အကြောင်းတခုခုကြောင့်ဖြစ်စေ) လူအဖို့ မကောင်းတာ အမှန်ပဲ လို့ နှိပ်လိုက်တာပါ။ အဲဒီအခါ ဦးပုညဟာ အလွန်ဒေါသထွက်သွားတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဂမ္မဒေါသသင့်တဲ့ အရေးအသားတွေနဲ့ ခပ်ကြမ်းကြမ်း နှိပ်ကွပ်ရာမှာ ပြောင်မြောက်လှတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ တပည့်ရင်းပီပီ ဂမ္မဒေါသနဲ့ မဖွယ်မရာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ပြန်လည်ချေပ ရေးသားလိုက်တဲ့ ဟောဒီ နာမည်ကျော် တေးထပ် ထွက်ပေါ်လာပါတော့တယ်။

ဂျပ်ကောင်နှယ် ပန်းကြားက၊‎
သန်းစကားသု (ခု) ဝါ၊‎
ရမ်းကားလို့ တုလာလျှင်၊‎
ဥပမာဆိုစို့၊‎
ချေးပုံနှင့်မြင်းမိုရ်တောင်၊‎
ခင်းဆိုရောင် နှိုင်းကြပါစို့။‎

သေးကွက်နှင့်ပင်လယ်၊‎
နင်တကယ်ထင်လို့၊‎
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊‎
သခင်တို့ ဦးချီ၊‎
အုန်းမှုတ်လိုအနေစားတွေက၊‎
ရွှေဖလား မနှိုင်းသင့်ပြီ။‎

ဥတုနှင့်ပုစွန်ဆီ၊‎
‎ဒွန်ပီပီ ယှဉ်တွဲလို့၊‎
စပ်ဖဲ အတွင်းခံ၊‎
‎ရိုင်းမိုက်တဲ့ဉာဏ်၊‎
မိုးကြိုးနှင့် အီးသံလို၊‎
ခရီးမှန်ကွာလွန်းလှလေး။ ။‎ ...

ဒီလို ကြမ်းရမ်းလိုက်ရုံနဲ့ အားမရသေးတဲ့အတွက် အချုပ်တန်းဆရာဖေဟာ မုသားပြောတဲ့နေရာမှာတော့ စေတီယမင်းနဲ့ ဖွားဖက်တော်ဖြစ်တဲ့အကြောင်း၊ မမှန်တဲ့နေရာမှာတော့ ကုန်းဘောင်ခေတ်တုန်းက သင်္ဘောနဲ့လာတဲ့ “မှန်” တွေကို ရောင်းတဲ့အခါမှာတောင် “မှန်” လို့ မခေါ်ဘဲ “မှား” ခေါ်ဆိုပြီးရောင်းမယ့်သူဖြစ်ကြောင်း၊ ယောင်ပြီးများ “မှန်” လို့ ခေါ်မိရင် အာခေါင်ကို ဖဲ့လိုက်ပါလို့တောင် မောင်းလှည့်ကြေညာကာ ရောင်းမယ့် လူစားမျိုးဖြစ်ကြောင်း တေးထပ်လေးနဲ့ ထပ်ပြီး ဆော်လိုက်ပါတယ် ...

စေတီယလက်ထက်က၊‎
ဖွားဖက်တော်ရဲဗိုလ်၊‎
မဟုတ်မှသူဆိုတယ်၊‎
တကိုယ်လုံးမုသား၊‎
အလွဲမျာ့းဘုရင့်ငယ်၊‎
အလိမ်တွင် မင်းတရာ့ဖျား။‎

အမှားမျာ့း ဥသျှောင်ငယ်၊‎
အကောက်တောင် ပိုင်စား (သား)၊‎
သင်္ဘောပါ မှန်ကုန်များကို၊‎
မှားခေါ်လို့ရောင်းစေ၊‎
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊‎
မောင်းလှည့်မယ့် လူစားပါပေ။‎

တမိုးအောက်လူ့ပြည်မှာ၊‎
သည်မောင်ဖေ (သည်တဖေ) တပါးသာဖြင့်၊‎
မုသားစောင်ဖြူ(ကို) ခြုံ၊‎
ပိန်းပိတ်လို့မှုန်၊‎
မျက်လှည့်ကြီး ဉာဏ်(မျိုး) စုံတယ်၊‎
လှည့်စားပုံဆန်းပေငဲ့လေး။ ။‎

ပြီးတော့မှ ပွဲသိမ်းတိုက်ကွက် အနေနဲ့ သူ့ကိုယ်သူ ကိုယ်ရည်သွေး ဂုဏ်ပြ တေးထပ်တပုဒ် ထပ်ပြီးရေးလိုက်ပါတော့တယ်။

သပြေမှာ ကဝေမြောက်၊
စလေရောက်သူပါ၊
မင်းလှဘွဲ့သင်္ခယာ၊
ရွာစည်ရွာ ပိုင်စား၊
မောင်ပုည ခေါ်ဆိုသည်၊
ညာရွှေကို လက်ကမအား။

တွက်စစ်တော့ ဆစ်တတောင်ဟာ၊
သူမအောင် သွေရှား၊
ဖန်ရဝေ သန္ဓေဘွားစဉ်က၊
ကံခေညား လူ့ဘောင်၊
သဏ္ဌာန်အမှန်ယုတ်သော်လဲ့၊
ဉာဏ်အဂ္ဂ ထွန်းတဲ့အရောင်။

မူဆန်းလို့ ဂူနန်းချောင်မှာ၊
ဆူကျွမ်းလောင် တေဇကြောင့်၊
လေ,ခ လို့ ဘယာချွေ၊
ဘွားခဲ့ မေမေ၊
သောင်းဒီပ ဇမ္ဗူမြေမှာ၊
တူသူလေ ရှားပါလိမ့်လေး။ ။

အဲဒီနောက်ပိုင်း ဆရာဖေက ပြန်လည်ချေပတဲ့ စာတွေ မတွေ့ရတော့တာကြောင့် ဒီမှာပဲ ဦးပုညက ပွဲသိမ်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဦးပုညရဲ့ စာတွေဟာ ပိုပြီးသာတယ်လို့တော့ ပညာရှင်အများက မှတ်ချက်ချကြပါတယ်။ ကျနော်ကတော့ သူတို့ နှစ်ယောက်လုံးရဲ့ စာတွေကို ကြိုက်တာပါပဲ။ စကားလုံးပြောင်မြောက်မှုနဲ့ နဘေအရေးအသားမှာတော့ ဦးပုညက ပိုသာတယ်လို့ ကျနော်လည်းထင်ပါတယ်။ ဒါပေမဲ့ ဦးပုညရဲ့စာတွေဟာ ဘုန်းတော်ဘွဲ့တွေသာ များနေသလိုဖြစ်နေပြီး ဆရာဖေရဲ့ စာတွေကတော့ သာမန်ပြည်သူတွေနဲ့ ပိုနီးစပ်ပြီး ဇာတိသွေး၊ ဇာတိမာန်လည်း တက်ကြွစေတဲ့ စာတွေ ပိုရေး ခဲ့တယ်လို့ ကျနော်ယူဆမိပါတယ်။ ဦးပုညဟာ လွတ်လပ်ရေးမဆုံးရှုံးခင်မှာ ကွပ်မျက်ခံလိုက်ရတာကြောင့် ဇာတိမာန် စာပေတွေ ရေးခွင့်မရခဲ့တာလည်း ဖြစ်နိုင်တယ်လို့ပဲ အတွေးနယ်ချဲ့နေမိပါတယ် ...
ဘယ်လိုပဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် နှစ်ဦးရဲ့ ကဗျာလင်္ကာတိုက်ပွဲကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Sunday, 27 June 2010

ကသစ်ပန်း နှင့် အာလမ္ဗရာ

ကိုဟန်ရေ …


အိမ်အပြန် ဆိုတဲ့ ကဗျာလေးမှာ “အာလမ္ဗရ၊ ထစ်သံပြကြိုး၊ မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း …” ဆိုပြီး ကျနော် ရေးခဲ့တာနဲ့ ပတ်သက်လို့ “အာလမ္ဗရ” ဆိုတာ ဘာလဲ ဆိုတာ အခု အသေးစိတ် ပြောပါ့မယ်ဗျာ။
အာလမ္ဗရ ဆိုတာနဲ့ ပတ်သက်လို့ … ‎‘အာလမ္ဗရမေဃော ဝိယ ထနတိ’ - အာလမ္ဗရမိုးကြိုးကဲ့သို့ ထစ်ကြိုး၏ - ဟု ရည်ရွယ်၍ ဆိုကြကုန်၏ .. လို့ အနက်ရပါသတဲ့။



“နတ်စည်ငယ်လေ … ပုစွန်လက်ရိုး … အာလမ္ဗရာ” … ဆိုတဲ့ ဆရာမြို့မငြိမ်း ရေးဖွဲ့ခဲ့တဲ့ ကသစ်ပန်း သီချင်းလေးကို ကြားဖူးမယ် ထင်ပါတယ်။ ဝဿန်ကာလ မိုးကျလာပြီ ဆိုတာနဲ့အမျှ “အုံ့ကာလေ … တဖွဲဖွဲ … ရွာလေ တသဲသဲ” ဆိုတဲ့ အချပိုဒ်လေးနဲ့အတူ အုံ့မှိုင်းလာတဲ့ အာကာပြင် … ဖွဲဖွဲလေး စွေရွာလာရာကနေ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံ၊ ထစ်ချုန်းသံတွေနဲ့ အတူ မိုးသီးမိုးပေါက်တွေ သွန်ပြီးရွာချနေတဲ့ မိုးကောင်းကင်ကို မှန်းဆ မြင်ယောင်လာရင်း “ဝေဆာ …. သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ … အသူရာ … ဒေါသထွက်လို့ .. မြင့်မိုရ်ထက်ကို … တက်လို့ စစ်ဖက်တဲ့အခါ …” ဆိုတဲ့ စာသားလေးနဲ့အတူ သိကြားမင်းနဲ့ အသူရာနတ်မင်းတို့ စစ်ခင်းကြပုံတွေ စိတ်ထဲမှာ မြင်ယောင်လာမိတယ်ဗျ။
တကယ်တော့လည်း သိကြား နဲ့ အသူရာ ဆိုတာက တစိမ်းတွေမှ မဟုတ်တာ၊ သိကြားမင်းရဲ့ မိဖုရား သုဇိတာ နတ်သမီး (သုဇာ = သူဇာ လို့လည်း ခေါ်ပါတယ် ဆိုပဲ) ဟာ ဝေပစိတ္တိအသူရာ နတ်မင်းကြီးရဲ့ ချစ်မငြီးတဲ့ ရင်နှစ်သည်းခြာ သမီးတော် ဆိုတော့ကာ အသူရာကြီးက သိကြားမင်းရဲ့ ယောက္ခမ အရင်းခေါက်ခေါက်ကြီးကိုး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က နဂိုတည်းက မတည့် ကြတော့ စစ်ခင်းပြီးမှ ယူထားရတဲ့ မိန်းမလေ၊ ခိုးပြေးရတာတဲ့ … အဲဒီကတည်းက မိဘ သဘောမတူရင် ခိုးပြေးတာ စပြီး ခေတ်စားလာတယ် ထင်ပါရဲ့ဗျာ …။ အသူရာတွေကလည်း ယမကာလုလင်ကြီးတွေဆိုတော့ မူးပြီး မှောက်နေကြတုန်း သိကြားမင်းတပ်တွေက မြင့်မိုရ်တောင်အောက်ကို တိတ်တိတ်ကလေး ပစ်ချထားတာ ခံလိုက် ရတာပါ။ အလစ်အငိုက် ပေါ့။
အသူရာတွေဘက်က ကြည့်မယ်ဆိုရင်လည်း မခံနိုင်စရာပါပဲ။ စစ်ကလည်း ရှုံးသေး၊ ကိုယ်နေတဲ့ နေရာကလည်း ဖယ်ရှားခံရသေး၊ သမီးလည်း ပါသွားသေး ဆိုတော့ သူတို့ကိုလည်း အပြစ်မဆိုသာဘူးပေါ့။ ဒါတောင် ကိုယ့် ဆရာတွေက ချက်ခြင်းသိသေးတာမဟုတ်ဘူးဗျ။ မူးပြီး ကောင်းနေတုန်းရှိသေးတာ။ အမူးပြေလို့ ဝေဇယန္တာ နန်းဘုံမြင့်ဆီက ပင်လယ်ကသစ်ပင်ကြီး ပန်းပွင့်တဲ့အချိန်မှာ သဘင်ပွဲ ဆင်နွှဲမယ်ဆိုပြီး ကြည့်လိုက်တော့မှ ကသစ်ပင်ကြီးမဟုတ်ဘဲ သခွပ်ပင်ကြီးက အဖြူရောင် သခွပ်ပွင့် တွေကို မြင်တော့မှပဲ “ဟင် … တာဝတိံသာလည်း မဟုတ်ပါလား” ရယ်လို့ သိပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လို့ မြင့်မိုရ်တောင်ပေါ်တက်၊ ဒေါသတကြီးနဲ့ ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်လိုက်တဲ့အခါ အာလိန်ငါးဆင့် က စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ဦးဆောင်တဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ် တွေ မခံနိုင်တော့ပါဘူး။ ဒီအခါမှာ သိကြားမင်း ကိုယ်တိုင် ဝရဇိန်လက်နက်ကို ကိုင်စွဲလို့ နတ်မြင်းတစ်ထောင် က, တဲ့ ဝေဇယန္တာ နတ်ရထား ကိုစီးပြီး နတ်ဆင်တော်တွေ။ ရဲတံခွန်တွေနဲ့အတူ နေနတ်သား၊ လနတ်သား၊ ဝရုဏ နတ်မင်း၊ ဣသာန နတ်မင်း (မဟာပိန္နဲနတ် ဆိုတာ သူပါပဲတဲ့ …)၊ ပဇာပတိ နတ်မင်း တို့အပါအဝင် သုံးကျိပ် သုံးပါး သော စစ်သူကြီးများနဲ့ စစ်အင်္ဂါလေးပါး အပြည့်အစုံခင်းကျင်းပြီး ထွက်တိုက်တော့မှ အသူရာတို့ စစ်ရှုံးပြီး ပြန်ပြေးကြရပါတော့တယ်။
ကျနော်လည်း နိဒါန်းပျိုးပြီး လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေပြီ။ အဲဒီမှာမှ အာလမ္ဗရ စည်တော်က လာတာကိုးဗျ။ ဒီ စည်တော်ကြီးက ပုစွန်လက်မကြီးနဲ့ လုပ်ထားတာ။ အသူရာတွေရဲ့ စည်ဗျ။ အဲဒီပွဲ မှာ စစ်ရှုံးလို့ ပြန်ပြေးတော့ အဲဒီ အာလမ္ဗရ စည်တော်ကြီးပါ ပစ်ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးကြရတယ် ဆိုပဲ။ အဲဒါကိုတွေ့တော့ သိကြားမင်းက ဆွဲစေ့ ထားလိုက်တာပေါ့ဗျာ။ သိကြားကတော့ တန်သွားတာပေါ့။ သမီးလည်းရ၊ စစ်လည်းနိုင်တဲ့အပြင် စည်ကြီးပါ အပိုဆု ပေါက်လိုက်သေးတာကိုး။ မိုးခြိမ်းသံတွေဟာ ဒီစည်ကြီးကို တီးလိုက်တဲ့အခါ မြည်တဲ့အသံလို့ ဆိုရမှာပေါ့။
ဒီ စည်ကြီးရဲ့ နောက်ခံသမိုင်းကလည်း ဇာတ်လမ်းလေးနဲ့ပါပဲ။ ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမဝဂ္ဂ မှာ ပါတဲ့ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇)‎ ပါ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က လူဆိုးတွေကို နူးညံ့ချိုသာစွာ ပြောဆိုပြီး သူတို့ဖမ်းထားတဲ့ ‎လင်ယောက်ျားကို အသက်ဘေးကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို အကြောင်းပြုပြီး ဒီအတိတ်ဇာတ်ကို ဟောတော်မူပါသတဲ့။ အရှင်ဝရသာမိက ကျနော့်ကို အနက်ချပေးထား ပါတယ်။

“လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ဆင်မျိုး၌ ‎ဖြစ်လေသည်။ ထိုအခါ ဟိမဝန္တာမှ `ကုဠီရ´ ရေကန်ကြီးတွင် ကောက်နယ်တလင်းဝန်းခန့် ကြီးသော ‎ရွှေပုစွန်လုံးကြီး တကောင်ရှိသဖြင့် ထိုရေကန်ထဲသို့ ဆင်များ မဆင်းဝံ့ကြချေ။
ဘုရားလောင်းဆင်မင်းသည် ဇနီး၊ သားနှင့် မိခင်ဆင်မကြီးတို့ကိုပါခေါ်၍ ထိုပုစွန်လုံးကို ဖမ်းရန်ထွက်လာရာ ‎ရေကန်သို့ရောက်သောအခါ ရေကန်ပတ်ဝန်းကျင်မှ ဆင်များကိုပါ စည်းရုံးလေ၏။
ထိုနောက် ပုစွန်လုံးအကြောင်းလေ့လာရာ ပုစွန်လုံးသည် ဆင်များရေကန်မှ ပြန်တက်ချိန်တွင်သာ ‎ညှပ်ဖမ်းလေ့ရှိကြောင်း သိရလေသည်။
‎ပုစွန်လုံးကိုဖမ်းယူမည့်နေ့တွင် ဆင်အားလုံးတို့ ရေကန်ထဲဆင်းပြီးနောက် ပြန်တက်ကြသောအခါ ဆင်မင်းက ‎နောက်ဆုံးမှ ချန်တက်သည်။ ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့် ညှပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် ‎လွတ်အောင်မရုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန့်လန့်နှင့် သည်းစွာအော်မြည်လိုက်ရာ ‎အခြားဆင်များ ထွက်ပြေးသွားကြလေ၏။
‎ထိုအခါ ဇနီးဖြစ်သော ဆင်မက ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ‎ပုစွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု တောင်းပန်စကားဆိုလေ၏။
ပုစွန်သည် ဆင်မ၏ အသံကို တပ်မက်သဖြင့် ဆင်မထံ အာရုံရောက်သွားရာ ညှပ်ထားသော လက်မ၏ အားများ ‎လျော့ကျသွားလေသည်။
ထိုအခါ ဆင်မင်းသည် ခြေထောက်ကို မြှောက်၍ ပုစွန်လုံး၏ ကျောက်ကုန်းကို တက်နင်းလိုက်ရာ ပုစွန်လုံးသည် ‎ကျောက်ကုန်းကွဲ၍ ထိုနေရာ၌ပင် သေပွဲဝင်လေ၏။ ခပ်သိမ်းကုန်သော ဆင်တို့သည် စည်းဝေးကုန်၍ ပုစွန်ကို ‎ရေကန်၏ အပြင်သို့ ထုတ်၍ ကျောက်ကုန်းကို နင်းရာ မှုန့်မှုန့်ညက်ညက် ကျေစေကုန်၏။
ထိုပုစွန်၏ နှစ်ခုသော လက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သော အရပ်၌ ထားကုန်၏။
‎ထို ‘ကုဠီရ’ ရေကန်သည် ဂင်္ဂါမြစ် နှင့် တဆက်တည်း ဖြစ်၏။ ဂင်္ဂါမြစ်၏ ရေတက်သော ကာလ၌ ‎ဂင်္ဂါရေဖြင့် ပြည့်၏။
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှ ရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ ထိုနှစ်ခုသော လက်မတို့သည် ရေ၌ ‎ပေါလောပေါ်၍ ဂင်္ဂါမြစ်၌ မျောကုန်၏။
ထိုနှစ်ခုတို့တွင် တခုသောလက်မသည် သမုဒ္ဒရာ သို့ ဝင်၏။
တခုသော လက်မကား ဒသဘာတိက မင်းတို့သည် ရေကန်၌ ကစားကုန်သော် ထိုလက်မကို ရကုန်၍ ‘အာဠိင်္ဂ’ မည်သော မုရိုးစည်ကို ပြုလုပ်ကုန်၏။
သမုဒ္ဒရာသို့ ဝင်သော လက်မကား အသုရာ တို့သည် ယူကုန်၍ အာလမ္ဗရ - မည်သော စည်ကို ပြုလုပ်ကုန်၏။
ထိုအသုရာတို့သည် နောင်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံး၍ အာလမ္ဗရ စည်ကို ပစ်၍ ‎ပြေးကုန်၏။
ထိုအခါ သိကြားမင်းသည် အာလမ္ဗရ စည်ကို မိမိရဲ့ အကျိုးငှာ ယူဆောင်စေခဲ့၏။”

အသူရာ ဆိုတဲ့ စာလုံးပေါင်းနဲ့ ပတ်သက်လို့ကတော့ ပါဠိမူရင်းက အသုရာ ပါတဲ့ … ပိတ္တာအသုရာ၊ နတ်အသုရာ ဆိုပြီး အသုရာ နှစ်ပါးရှိပါသတဲ့။ အခု ဇာတ်လမ်းက အသုရာတွေကတော့ နတ်အသုရာတွေပါ။ သုရာ ဆိုတာ နတ်၊ ၄င်းတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အသုရာ မည်သည် လို့ ပါရာဇိကဏ်အဋ္ဌကထာဂဏ္ဌိ၊ ပ-တွဲ ကို ကိုးကားပြီး ပါဠိသက် ဝေါဟာရအဘိဓာန်က ဆိုပါတယ်။ ဒါပေမဲ့ အသုရာ လို့ ခေါ်ရတာ ထက် အသူရာ လို့ဆိုရတာက အသံပိုပြေလို့၊ နှုတ်သက်သာလို့ ဥ-သရ ကိုဦ-သရ ပြောင်းပြီး အသူရာ ဖြစ်လာတာ လို့ ဆိုပါတယ်။
ချမ်းမြေ့ပါစေ ဗျာ …


ဟယ်ရီ

Read More...

Saturday, 19 December 2009

တိုက်ပွဲပျော် ... သို့

ပုခက်ထဲက၊ အူဝဲဟစ်ကာ
စစ်ကြေငြာပြီး၊ လောကကြီး၏‎၊
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို၊
မဖြုံအံခဲ၊ ပွဲဆက်နွှဲရင်း‎၊
လူလဲတော်တော် ကြီးခဲ့ပေါ့။‎

မိုက်လဲမိုက်လို့၊ တိုက်လဲတိုက်ခဲ့၊
ရှုံးလိုက်တာလဲ အသင်္ချေ။ ‎
ရဲလဲရဲလို့၊ နွှဲလည်း နွှဲခဲ့၊
နိုင်ပွဲတွေလဲ အနန္တ။‎

‎ဒီလိုပဲပေါ့‎၊
တိုက်ပွဲဆိုတာ၊ သာချင်သာမယ်၊‎
တိုက်ပွဲဆိုတာ၊ နာချင်နာမယ်၊‎
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။‎

နာနာသာသာ၊ ဘာမှမဖြုံ၊
စိတ်လုံခြုံရင်၊
မတုန်မလန့်ဖျပ်ပါဘူး။‎
အဟုန်မတန့်ရပ်ပါဘူး။‎

ရှေ့ကဆီး၍၊
လမ်းခရီးထဲ၊ သစ်ပင်လှဲမလား။‎
ရှေ့ကကန့်၍၊
အဟန့်အတား၊ ဆူးတွေထားမလား။‎
ယောက်ျားဟေ့နော်၊
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။‎

ဓနုဖြူ ကျော်ထွန်း

ယောက်ျားဟေ့နော် ... တိုက်ပွဲပျော် ... ကျနော်တိုက်ရင်း တက်မှာပဲ .... တဲ့ ...

ဒီ ကဗျာလေးကို ကဗျာချစ်သူများ မှတ်မိကြမလားတော့ မသိပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်များက ရေးခဲ့တဲ့ ဆရာ ‎ဓနုဖြူ ကျော်ထွန်း ရဲ့ လက်ရာ တိုက်ပွဲပျော် ဆိုတဲ့ ကဗျာလေးပါ။ ကျနော် အင်မတန်ကြိုက်လို့ မှတ်ထားခဲ့တာ ‎ကြာပါပြီ။ဓနုဖြူ ကျော်ထွန်း ဆိုတာ တခြားသူ ဟုတ်ပါရိုးလား ... နာမည်ကျော် ဟာသ စာရေးဆရာ အနှစ်သုံးထောင် ‎ဆရာကြီးကွေး ခေါ် အီကြာကွေးပါပဲ။ ပထမတော့ အနှစ်တထောင် ဆရာကြီးကွေး၊ အဲဒီကနေ အနှစ်နှစ်ထောင် ‎ဆရာကြီးကွေး နဲ့ နောက်ဆုံး အနှစ်သုံးထောင် ဆရာကြီးကွေး ဆိုပြီး ရေးနေတဲ့ ဆရာ အီကြာကွေးပါ။ ဂုရုကွေး ‎ပေါ့ဗျာ။
အခုတော့ တိုက်ပွဲပျော်ကြီးဟာ မရဏမင်းနဲ့ စစ်ခင်းတဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရှာပါပြီ။ ရန်ကုန် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၅-ရက်၊ ညနေ ၆-နာရီမှာ ‎လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ ဆရာဟာ အသက် ၇၂-နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာကြီးကွေး၏ ဘဝ တစေ့တစောင်း

ဆရာ အီကြာကွေးရဲ့ ဇာတိချက်ကြွေကတော့ ဓနုဖြူမြို့ မင်းပိုင်ရပ်မှာပါ။ ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ ‎တနင်္လာနေ့မှာ ‎အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွန့်မေ တို့က ဖွေးဖွားခဲ့တဲ့ တဦးတည်းသောသားဖြစ်ပါတယ်။ ‎‎နာမည်ရင်း ဦးကျော်ထွန်းပါ။ မူလ ကဗျာ ကလောင် အမည်က ဓနုဖြူ ‎ကျော်ထွန်းဖြစ်ပါတယ်။‎ ဓနုဖြူ အစိုးရ ‎အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။


စာရေးဆရာ အီကြာကွေး
(ဧရာဝတီက ရယူပါတယ်)

ဆရာ အီကြာကွေး မကွယ်လွန်ခင်က အမှတ် ၂၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ‎ရန်ကုန်မြို့ မှာရှိတဲ့ သူ့နေအိမ်မှာ ဆွေမျိုးမရှိဘဲ တပည့်တချို့နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီ နေအိမ်ကို ‎‎မကွယ်လွန်ခင်ကတည်းက သာသနာရေးဝန်ကြီးဌာနကို ကြိုတင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိဘဲ တကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။


ဆရာကြီးကွေး၏ အိမ် (မိုးမခ မှ ရယူပါတယ်)

စာပေတာဝန်များထမ်းဆောင်ခဲ့ပုံ

အသက် ဆယ့်ခြောက်နှစ်အရွယ်၊ ၁၉၅၄ ခုနှစ် ဇန္နဝါရီလကတည်းက စလို့ စာရေးသားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် ‎အသက် ၇၂-နှစ် အရွယ်အထိ စာပေရေးသားခြင်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အခု ‎ကွယ်လွန်ချိန် ၂၀၀၉-ခုနှစ် အထိဆိုရင် စာရေးသက်တမ်း ၅၅-နှစ်ကျော် ၅၆-နှစ်နီးပါး ရှိခဲ့တဲ့ စာရေးဆရာကြီး ‎တဦး ဖြစ်ပါတယ်။





(DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းဌာန မှ ‎ရယူပါတယ်)


လူမှုရေး အသော့အထေ့၊ သရော်စာ၊ ဟာသစာတွေ ရေးသားပြီး နာမည်ကျော်ကြားတဲ့ စာရေးဆရာ အီကြာကွေး ‎ဟာ လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော်ခန့်နဲ့ ကဗျာ၊ ဝတ္ထုတို၊ သရော်ဟာသ စာပေများကို ကိုယ်ပိုင်ဟန်များဖြင့် ‎ရေးသား တင်ဆက်ခဲ့ပါတယ်။
သူဟာ စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရတယ် လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။
ထင်ရှားသည့် စာပေ လက်ရာတွေကတော့ ဓနုဖြူ ကျော်ထွန်း အမည်ဖြင့် ကဗျာပေါင်း ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ‎ဝတ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝထ္ထုရှည် ‎၃ ပုဒ်နှင့် "ပီမိုးနင်း၏ ဝတ္တုတို အတတ်ပညာ" အမည်ရှိ စာပေကျမ်း တကျမ်း ‎ပြုစုခဲ့သူဖြစ်ကြောင်း ... ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ‎ဖော်ပြထားပါတယ်။
ဆရာအီကြာကွေးဟာ လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းမှာ ကဗျာအယ်ဒီတာအဖြစ် ‎‎နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင်ပေါင်းများစွာကို စင်တင်ပေးခဲ့ပါတယ်။ ‎‎သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ‎ပေါ်ပြူလာ ဂျာနယ်အတွက်လည်း စာပေများ ရေးသားခဲ့ပါသေးတယ်။ (ဧရာဝတီ) အခြားကလောင်အမည်တွေ ‎နဲ့လည်း စာပေအမျိုးအစား များစွာ ရေးသားခဲ့ပါတယ်။
၁၉၅၄-‎ခုနှစ်၊ ဇန်နဝါရီလ ၉-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းမှာ "ချစ်တိုင်းပြည်" ကဗျာဖြင့် ‎‎စာပေလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး ‎၁၉၅၃-၅၄-ခုနှစ်မှာ စာပေ ဝါသနာရှင်များအသင်း (ဓနုဖြူ) ကို ‎ဖွဲ့စည်းပြီး စာပေတာဝန်မှူးနဲ့ စာကြည့်တိုက်မှူး တာဝန်တွေကိုယူခဲ့ကာ မုန်တိုင်းစာစောင် အမှတ် (၁) နဲ့ အမှတ် ‎‎(၂) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ‎၁၉၅၇-ခုနှစ်မှာ ဓနုဖြူ ကဗျာဆရာအသင်းကို တိုးချဲ့ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ‎တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ‎၁၉၅၈-ခုနှစ်မှာ ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) မှာ ဥက္ကဋ္ဌ တာဝန် အပြင် ‎ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ)မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ‎အဲဒီနှစ်မှာပဲ ‎အသင်းစာကြည့်တိုက်ကို တည်ထောင်ဖွဲ့စည်းရင်း ရန်ကုန်က စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီးတော့ ‎စာဆိုတော်နေ့ စာပေဟောပြောပွဲတွေကို ဓနုဖြူမှာ စတင်ကျင်းပပေးခဲ့တာဟာ ၁၉၆၃-ခုနှစ် အထိ ဖြစ်တယ်လို့ ‎သိရပါတယ်။ ဓနုဖြူမှာ စာပေဟောပြောပွဲတွေကို မျိုးစေ့ စ,ချပေးခဲ့သူပဲ ဖြစ်ပါတယ်။
၁၉၆၉-ခုနှစ်မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပစ္စက္ခကဗျာများနှင့် ‎ပဲ့တင်သံကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အီကြာကွေး အမည်နဲ့ ရေးခဲ့တဲ့ ‎‎"နောင်တခါ မေးရင် ဖြေလိုက်မယ်" ‎ဝတ္ထုတိုကို ပထမဆုံး ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ကဗျာဆရာ လက်သင်တွေအတွက် လမ်းညွှန်နည်းပြ မဂ္ဂဇင်းမှာ "ကဗျာ့ပွဲခင်းသာ" ကဏ္ဍကို နှစ်ပေါင်း သုံးဆယ် ‎ကျော် လစဉ်မပျက် တာဝန်ယူရေးသားခဲ့ပြီး နောက်ပိုင်း သောကြာစာစောင်မှာ အဲဒီကဏ္ဍကို သုံးနှစ်ကျော် ‎ဆက်လက် တာဝန်ယူရေးသားခဲ့ကြောင်း သိရှိရတာမို့ ဆရာဟာ အီကြာကွေး အမည်နဲ့ ကျော်ကြားခဲ့ပြီး ‎ဟာသတွေ၊ သရော်စာတွေ ရေးနေခဲ့ပေမဲ့ ငယ်ချစ်ဖြစ်တဲ့ ကဗျာအပေါ် သံယောဇဉ်ကြီးလွန်းပြီး ‎တာဝန်အထူးကျေပွန်ခဲ့သူဖြစ်ကြောင်းလည်း သိနိုင်ပါတယ်။
‎အီကြာကွေးအမည်နဲ့ သရော်စာ၊ ဟာသစာတွေကိုတော့ ၁၉၅၇-ခုနှစ်မှာ ရေးသားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဟာသ ‎‎စာရေးဆရာ အီကြာကွေး အနေနဲ့ နိုင်ငံကျော်ခဲ့ပါတယ်။ သူဟာ လုံးချင်း အုပ်-၂၀ ကျော် ရေးသားထုတ်ဝေခဲ့တဲ့ ‎အထဲက ‎ဟာသ မဟုတ်တဲ့ "မျက်စိအောက်က ဇရာ" နဲ့ “ငုတ်တုတ်ထင်ရှားရေးဖော်များ” စတဲ့ ‎စာအုပ်တွေဟာ ‎ထင်ရှားပါတယ်။


ဆရာအီကြာကွေးရဲ့ လက်ရာ ဖြစ်တဲ့ "ငုတ်တုတ်ထင်ရှား ရေးဖော်များ"
(DVB စာမျက်နှာက ရရှိပါတယ်)


ဒါတွင်မကသေးပါဘူး၊ ဆရာကွေးဟာ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် "ပုတီးတလုံး ‎ဂျောက်ခနဲ"၊ ‎‎"မျက်လုံးများပင်မြင်ပါပြီ" နဲ့ "အဆိပ်တောမှ ပြန်ခဲ့ပါ" ဆိုတဲ့ ‎ရှေ့ပိုင်းပြဇာတ်တွေကိုလည်း ‎ရေးသားခဲ့ပါတယ်။ (ဧရာဝတီ)‎
လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို သူကိုယ်တိုင် ဂုရုကွေးဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်တဲ့ ‎အတို့အထိ သရော် ဟာသလေးတွေနဲ့ စာဖတ်ပရိသတ်ကို မနောခွေ့စေခဲ့သလို ဒကာဆိတ်၊ ဆိုက်ကားဆရာ ‎စာကလေး အစရှိတဲ့ ဇာတ်ကောင်များနဲ့ သူ့မူပိုင် ဟိုက်ရှာလဘတ်ရည်၊ သွပ်သွပ်သွပ်သွပ် စတဲ့ ‎စကားလုံးလေးတွေဟာ တနိုင်ငံလုံးက လူကြီးလူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ ခွေးတွေကို ဇာတ်ကောင် ‎အဖြစ်ထားပြီး "ဖိုက်တာဘောလုံး၏ ကြိုးပမ်းချက်များ" ဆိုတဲ့ အသော့ အထေ့ ဟာသ ဝတ္ထုတိုတွေလည်း ‎အတွဲလိုက် ရေးသားခဲ့ပါ သေးတယ်။
မိုးဝေမဂ္ဂဇင်းမှာပါတဲ့ "ခွပ်လိုက်ကြစို့ သူငယ်ချင်း" နဲ့ ရှုဒေါင့်ဂျာနယ်က "နိုင်ငံတော်ပြည်အရေး" ပင်တိုင်ကဏ္ဍ ‎တွေမှာ ပရိသတ် အခိုင်အမာရခဲ့ပါတယ်။ မော်ကွန်းဂျာနယ် သက်တမ်းတလျှောက် အဆက်မပြတ်ရေးခဲ့တဲ့ ‎အသော့အထေ့စာမူတွေကို စုစည်းပြီး "တွေ့ရကြုံရ ရှတတ လေးတွေ" ဆိုတဲ့ လုံးချင်းစာအုပ်အဖြစ်လည်း ‎ပြန်လည်ထုတ်ဝေခဲ့ပါတယ်။



ဆရာကြီးကွေး၏ တွေ့ရကြုံရ ရှတတလေးတွေ စာအုပ်


အနုပညာရှင်တို့၏ စကားများ

အော်ပီကျယ်
ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ ရင်းနှီးခဲ့ပြီး လေးစားခဲ့ရသူ ‎ကာတွန်းဆရာ အော်ပီကျယ်ကတော့ စာပေလောကရဲ့ အဖိုးတန်လှတဲ့ ကလောင်တလက် ဆုံးရှုံးတဲ့အတွက် ‎ဝမ်းနည်းမိတယ် လို့လည်း ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမ (မြန်မာ) သတင်းဌာန ကို ပြောခဲ့ပါတယ်။
‎"အဓိက သရော်စာပေတွေမှာ ဆရာကြီးတို့က ထိပ်ဆုံးမှာ ရှိတယ်။ ဆရာ့ရဲ့ သရော်စာတွေကို ကျနော်တို့ ‎ငယ်ငယ်ကတည်းက စွဲလမ်းတယ်။ ဆရာဆုံးသွားတော့ တကယ့် ပင်တိုင် ဟာသစာရေးဆရာတယောက် ‎လျော့သွားတာပေါ့ ခင်ဗျာ၊"‎
‎"သူက လူတိုင်းနဲ့ ခင်တယ်။ သူ့ဘဝတလျှောက်လုံးက စာပေလုပ်ငန်းတခုထဲနဲ့ပဲ ရပ်တည်ခဲ့တယ်" လို့ သူက ‎ပြောပါတယ်။
လွတ်လပ်သော မြန်မာ့အသံ (RFA) သတင်းဌာနကိုတော့ ...‎
‎"ဆရာအီကြာကွေးက ကျနော်တို့ရဲ့ သင်ဆရာ မဟုတ်တောင် မြင်ဆရာပေါ့ဗျာ။ သူရေးတာလေးတွေက ‎တကယ်ထိထိမိမိပါ၊ ကောင်းပါတယ်။ ကျနော်တို့က နဂိုကတည်းက ကြိုက်လည်းကြိုက်တယ်၊ ‎လေးလည်းလေးစားတယ်။ စာပေတခုတည်းနဲ့ ဆရာအီကြာကွေးတို့က အသက်မွေးရတာလေ။ ‎ဆရာတို့ဟာကျလည်း များသောအားဖြင့် မဂ္ဂဇင်းတွေမှာ ရေးတဲ့ဟာလေးတွေဆိုတော့ ဝင်ငွေအားဖြင့်ကျတော့ ‎သိပ်ပြီးတော့မများဘူးပေါ့။ အဲ့ဒါကိုပဲ စွဲစွဲမြဲမြဲစာရေးပြီး အသက်မွေးဖော်ရတယ် ဆိုတော့ ကျနော်တို့က ‎တကယ်ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစိုက်မတ်မတ် ရေးခဲ့တာကိုး။ အဲ့တော့ ကျနော်တို့က ‎နှမြောပါတယ်။ ဆရာမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို စာပေလောကထဲက ဆုံးသွားကြရင် နှမြော စရာကြီးပဲ။ ‎ကလောင်တချောင်း လျော့လျော့သွားတာကိုး ..." လို့ RFA သတင်းဌာနကို ကာတွန်း အော်ပီကျယ်က ‎ပြောခဲ့ပါတယ်။

စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦး
ဆရာကြီး အီကြာကွေးရဲ့ အမှတ်တရ သရော်ဟာသ တခုဖြစ်သည့် 'တိုင်ထောင်ထားတဲ့ မာစတာ' ဟာလည်း ‎ဖတ်မိသူများအတွက် ရင်ထဲ စွဲမှတ်သွားစေကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာပေစာနယ်ဇင်းလောကရှိ ‎စာရေးဆရာ တဦးက ယခုလို မှတ်ချက်ပေးခဲ့ပါသေးသတဲ့။
‎"ဆရာ့အရေးအသားက သိပ်ပြောင်မြောက်တယ်။ ၈၃ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက တိုယိုတာ ‎ဖောင်ဒေးရှင်းတခုက စာရေးဆရာတွေရဲ့ စာပေတွေကို စုဆောင်းပြီး ပြိုင်ပွဲတခု လုပ်ပေးတယ်။ ဆုရတဲ့သူတွေကို ‎TV တလုံး လက်ဆောင်ပေးမယ် ပြောပေမယ့် တကယ်တမ်းတော့ မပေးဘူး။ အဲဒါကို ဆရာက သရော်ထားတာ" ‎လို့ သူက မဇ္ဈိမ သတင်းဌာန ကို ပြောပါတယ်။

မင်းလူ
ဆရာ အီကြာကွေးရဲ့ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက ...‎
‎"သူက လောဘမရှိဘူး၊ ‎မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ‎ပျော်ပျော်ပါးပါး၊ ‎လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင်တယ်၊ သိပ်လေးနက်တဲ့ ‎‎အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး" လို့ ဧရာဝတီ သတင်းဌာနကိုပြောပါတယ်။
‎"ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ ‎သရော်စာတွေက ‎ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး ‎အကြောင်းအရာ၊ တခြား ‎တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် ‎သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး" ‎လို့လည်း သူက ဆက်ပြောပါတယ်။
‎"ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ ‎တလျှောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် ‎များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက ‎လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်" လို့လည်း ‎ဆရာမင်းလူက ဆက်ပြောခဲ့ပါသေးတယ်။

လူငယ် ကဗျာဆရာ ဏီအဲဝိုင်
ဆရာ အီကြာကွေးရဲ့ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က ...‎
‎"ဆရာကြီးရဲ့ ‎‎"တိုက်ပွဲပျော်" ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ‎‎ဖြစ်စေပါတယ်" လို့ ဧရာဝတီ သတင်းဌာနကို ပြောပြပါတယ်။
‎‎"အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ‎ဆုံးပါးသွားတဲ့ ‎အတွက် နှမြောမိ ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ ‎အရေးအသားတွေ ရှေ့ဆက် ‎မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ‎ဆုံးရှုံးမှုကြီးဖြစ်ပါတယ်" လို့လည်း ဏီအဲဝိုင် က ‎ဆက်ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက် စာပေသမားတွေကတော့ ခုလို ဆရာကြီး အီကြာကွေး ကွယ်လွန်သွားတာဟာ ‎မြန်မာ့စာပေလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

မောင်မိုးသူ
ဆရာကြီးဆုံးတဲ့ညပိုင်း ‎ဆရာကြီးနဲ့ ခေတ်ပြိုင် စာပေလောကသားတွေ ဆုံတွေ့နေကြတဲ့အချိန်မှာ အီကြာကွေး ဆုံးပါးသွားတယ်ဆိုတာ ‎သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ကြရတဲ့အကြောင်း စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာတဦး ‎ဖြစ်တဲ့ ဆရာကြီးမောင်မိုးသူက လွတ်လပ်တဲ့ အာရှအသံ သတင်းဌာန (RFA) ကို အမှတ်တရစကား ‎အခုလိုပြောပါတယ်။

‎"ဘဘတို့ မနေ့ညက စာရေးဆရာရဲ့ မွေးနေ့မှာ ဘဘတို့ သူငယ်ချင်းတွေ အကုန်လုံး စုသွားနေတုန်း ‎တော်တော် များများ ဆုံနေကြတုန်း အဲ့မှာ စ ကြားတာပဲ။ အစတုန်းက ဆေးရုံတက်တဲ့အကြောင်း အဏ္ဏဝါစိုးမိုး ‎ဖုန်းက ပြောတယ်။ နောက် ဆုံးတာလည်း အဏ္ဏဝါစိုးမိုး ဖုန်းဆက်လာတော့မှသိတယ်။ အီကြာကွေး ဆုံးတာနဲ့ ‎ပြောစရာ ရိုးရိုးလေးပါပဲ။ အင်မတန် ချစ်စရာကောင်းတယ်။ သဘောကောင်းတယ်။ ပျော်စရာကောင်းတယ်။ ‎စာပေဟောပြောပွဲတွေမှာ ဟောရင်လည်း သူက နာမည်ကြီးပဲလေ။ သူနဲ့ လုပ်ကိုင်ရတာလဲ ‎ချစ်စရာကောင်းပါတယ်။"‎
ဆရာကြီးအီကြာကွေးရဲ့ စာပေဆောင်းပါး တော်တော်များများကို သူတာဝန်ခံခဲ့တဲ့ စာပေမဂ္ဂဇင်းတွေမှာ ‎အခန်းဆက် ဖော်ပြခဲ့တဲ့အခါ လူထုရဲ့ အကြိုက်တွေ့တဲ့ ဆောင်းပါးတွေ ဖြစ်ခဲ့တယ်လို့ ဓနမဂ္ဂဇင်းတိုက် ‎အယ်ဒီတာ တာဝန်ယူခဲ့သူ ဆရာမောင်မိုးသူက ဆက်ပြောခဲ့ပါတယ်။

ဒေါက်တာလွဏ်းဆွေ
‎ဆရာကြီး အီကြာကွေးဟာ ဓနုဖြူကျော်ထွန်း ဆိုတဲ့ ကလောင်အမည်နဲ့ လစဉ်ဆောင်းပါးတွေ ရေးခဲ့ဖူးတဲ့ ‎မြားနတ်မောင် မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကလည်း ဆရာကြီးဟာ လောဘရမက် ‎အလွန်နည်းပြီး ရခဲ့သမျှ စာမူခတွေကိုတောင် လုပ်ဖော်ကိုင်ဖက် စာရေးဆရာတွေကို ခွဲဝေပေးတတ်တယ်။ ‎အင်မတန် သဘောဖြူတဲ့ ဆရာကြီးပါလို့ ပြောပါတယ်။
"ဟုတ်ကဲ့ ဆရာနဲ့ပတ်သက်ပြီး အဓိက သတိထားမိတာကတော့ ဘဝမှာ သူက ဘာမှ လောဘစိတ် ၊ဒေါသစိတ်၊ ‎မောဟစိတ်တွေ မရှိဘူး။ ဆရာဟာ ဖြူစင်တဲ့ လူတယောက်ဖြစ်တယ်။ လူတဖက်သားကို ကောက်ကောက် ‎ကွေ့ကွေ့ မရှိဘူး။ ပျော်ပျော်နေမယ်၊ သူရတာမှန်သမျှ လှူမယ်၊ အများအတွက်လုပ်မယ်။ ဘဝမှာ အားလုံး ‎အဆင်ပြေအောင် နေထိုင်တဲ့သူ တယောက် ဆိုတော့ ဆရာရဲ့ဘဝက ဖြူစင်သန့်ရှင်းတဲ့ လူတယောက်လို့ ‎ပြောရမှာပေါ့နော်။" လို့ ဒေါက်တာလွဏ်းဆွေက RFA ကို ပြောသွားပါတယ်။

ဆရာမောင်စိမ်းနီ
ကဗျာဆရာကနေ သရော်စာရေးသူဘဝကို ပြောင်းလဲသွားတဲ့ ဆရာကြီးအီကြာကွေးရဲ့ စာပေဘဝဖြတ်သန်းမှုနဲ့ ‎ပတ်သက်လို့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီက "သူက ကဗျာဆရာဗျ။ ကျနော်တို့ ‎ကတော့ ကဗျာဆရာဆိုတော့ နှမျောတာပေါ့။ သူရေးခဲ့တာလေးတွေက ကောင်းခဲ့တာကိုး" လို့ ‎ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို အမှတ်တရ ပြောကြားပါတယ်။
‎"တိုင်းရင်းမေတို့ ဘာတို့တုန်းက သူရေးခဲ့တာတွေ တော်တော်များများ ကောင်းခဲ့တယ်။ ကဗျာအနေနဲ့တုန်းက ‎တော့ ဓနုဖြူကျော်ထွန်းအနေနဲ့ ဖြစ်တာပေါ့လေ။ နောက်ပိုင်းကျမှ အီကြာကွေးဖြစ်ပြီးတော့ ပျော့စိကုန်တာတွေ ‎ဖြစ်ကုန်တာပေါ့။"‎
ဆရာဟာ မြန်မာ့စာပေလောကအတွက် လိုအပ်နေတဲ့ သရော်စာပေနဲ့ ဟာသစာပေတွေကို ကလောင်သွား ‎ထက်ထက်မြက်မြက်နဲ့ ရေးသားနိုင်ခဲ့သူလို့လည်း ဆရာမောင်စိမ်းနီက သုံးသပ်ချီးကျူးပါတယ်။
သရော်စာတွေကို ထိထိမိမိရေးနိုင်စွမ်းတဲ့ အီကြာကွေး ဆုံးပါးသွားတာဟာ မြန်မာစာပေအတွက် နှမျောစရာပါ ‎လို့လည်း မောင်စိမ်းနီက ပြောပါတယ်။
ကာတွန်းအော်ပီကျယ်နဲ့ ဆရာအီကြာကွေးတို့ရဲ့ မိတ်ဆွေရင်း စာရေးဆရာ တက္ကသိုလ်စိန်တင်တို့ကလည်း ဒီနှစ် ‎ထဲမှာ ဟာသစာရေးဆရာ နီကိုရဲ ကွယ်လွန်သွားပြီးနောက် အခုလည်း ဆရာအီကြာကွေး ဆုံးပါးသွားပြီဖြစ်လို့ ‎နှမျောပါတယ်လို့ ပြောပါတယ်။

ဆရာကြီးကွေး၏ နောက်ဆုံးခရီး








ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုကျော်သူ ဦးစီးတဲ့ ‎နာရေးကူညီမှုအသင်းက ‎တာဝန်ယူပြီးတော့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ‎‎ကြာသပတေးနေ့ နေ့လည် ၂-နာရီမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကတဆင့် ရေဝေး သုသာန်ကို ‎‎သယ်ဆောင်ပြီး မီးသင်္ဂြိုဟ် ခဲ့ပါတယ်။




အကယ်ဒမီကျော်သူ နှင့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ




ဈာပန ဓာတ်ပုံများကို http://moemaka.blogspot.com/ မှ ရရှိပါတယ်။


ဆရာကြီးကွေး ကောင်းရာသုဂတိသို့ လားပါစေ ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီ


Sources and References:‎

Read More...