Thursday 20 October 2011

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်

အဖြူရောင်သံစဉ် ဖိုရမ် မှာ တွေ့မိတာလေးနဲ့ ပတ်သက်လို့ ပြောချင်လို့ပါ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား ... ဆိုပြီး ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကဗျာရွာမှာ ပထမဆုံး စရေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျနော့်ဘလော့ဂ်မှာ ဆက်ပြီး အပိုင်းလိုက် ရေးတင်ထားပါတယ် ... ကြာပါပြီ ... ၂၀၀၈-ခုနှစ်ကတည်းပါ ... အခုထိ အပြီးမသတ်နိုင်သလေးသလို ဆက်လည်း ရေးနေဆဲပါပဲ ...

ဂန္ထဝင်မြန်မာကဗျာတွေကို ကျနော် အလွန်ချစ်ပါတယ် ... ဒီခေတ်မှာတော့ ဒီလိုကဗျာလေးတွေ အတော်လေး အရေးကျဲသွားတာမို့ ဂန္ထဝင်မြန်မာကဗျာရေးနည်းတွေနဲ့ပတ်သက်ပြီး အမှတ်တရလေး တခု အွန်လိုင်းပေါ်မှာ ကျန်နေအောင် ကျနော်ရေးခဲ့တာပဲဖြစ်ပါတယ် ... ဒါ့အပြင် ဂန္ထဝင်မြန်မာကဗျာဟာ ခေတ်ပေါ်ကဗျာတွေလို မဟုတ်ဘဲ ကာရန်အသံစည်းမျဉ်း၊ ရေးဖွဲ့တဲ့ပုံစံတွေနဲ့ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်းတွေ ရှိတာကြောင့် ဒါတွေကို မသိဘဲ ရေးလို့ မရပါဘူး။ ဒီရေးနည်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကလည်း အတော်လေး ရှားပါးသွားပါပြီ။ ဒါကြောင့် ဂန္ထဝင်မြန်မာကဗျာကို လေ့လာလိုက်စားချင်ကြတဲ့သူတွေအတွက် တတ်နိုင်သမျှ အထောက်အကူဖြစ်စေဖို့ ကိုယ်သိထားသမျှလေးတွေကို မျှဝေပေးချင်တာလည်း ပါပါတယ် ...

မော်ဒန်ကဗျာတွေပဲ အရေးများလာပြီး ဂန္ထဝင်မြန်မာကဗျာတွေ အရေးအလွန်ကျဲနေတဲ့ အခုအချိန်မှာ ဂန္ထဝင်မြန်မာကဗျာတွေကို ရေးတဲ့သူ၊ မရေးတောင် စိတ်ဝင်စားတဲ့သူတွေကို တွေ့ရရင် ကျနော် အလွန်ပဲ ဝမ်းသာမိပါတယ် ... ကြိုးစားရေးကြည့်နေတဲ့သူတွေကိုလည်း ကိုယ် တတ်သမျှ မှတ်သမျှလေး ဝေငှပေးခဲ့ပါတယ် ...

နဂိုကကို ဒီလို တတ်နိုင်သမျှ ဝေငှပေးချင်တဲ့စိတ်နဲ့ ကျနော် ဒီပို့စ်တွေကို ရေးခဲ့တာကြောင့် ဒါတွေကို ဆက်လက် လက်ဆင့်ကမ်းဖော်ပြတာကို ကျနော် ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး ... ငွေကြေးအကျိုးအမြတ်တစုံတရာအတွက်မဟုတ်ဘဲ ရိုးရိုးသားသား ပြန်လည် ကူးယူဖော်ပြ ချင်ရင်လည်း ကျနော့်ဆီက ခွင့်ပြုချက်တောင် တောင်းဖို့မလိုပါဘူး လို့ ကျနော့် ဘလော့ဂ်မှာ အတိအလင်း ရေးထားပါတယ် ... ဒါပေမဲ့ Ethic အနေနဲ့တော့ ကျနော့် အမည်၊ Blog အမည်၊ မူရင်း Post အမည် တွေကိုပဲ Credit အနေနဲ့ ဖော်ပြပေးကြဖို့ ဒီလို မေတ္တာရပ်ခံထားပါတယ် ...

"ဤ Blog ရှိ Post များထဲမှ ရေးသားချက် အပြည့်အစုံ (သို့မဟုတ်) တစိတ်တပိုင်း ကို ငွေကြေး အကျိုးအမြတ် တစုံတရာ မရှိဘဲ မည်သည့် media တွင်မဆို ပြန်လည် ကူးယူ ဖော်ပြလိုပါက ဖြစ်စေ၊ ကိုးကား လိုပါက ဖြစ်စေ ကျနော့်ထံမှ ခွင့်ပြုချက် တောင်းရန် မလိုအပ်ပါ။ ကျနော်၏ အမည်၊ ဤ Blog အမည်၊ မူရင်း Post အမည် များကိုသာ Credit အနေဖြင့် ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။"

ဒီလို ကျနော်ရေးခဲ့သမျှတွေထဲက အချို့ကို Wikimyanmar က စာပေ၊ အနုပညာ Category အောက်က ကဗျာ ခေါင်းစဉ်မှာ ကူးယူဖော်ပြထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%80%E1%80%97%E1%80%BA%E1%80%AC

ဒီလိုဖော်ပြထားပြီး အောက်ဆုံးက "ကိုးကား" စာရင်းမှာ ကျနော့်ဘလော့ဂ်ကို Reference အနေနဲ့ ထည့်ပေးထားပါတယ် ...

ဒီလို ဖော်ပြတာကို ဘာမှ ကန့်ကွက်စရာ မရှိလို့ ကျနော် ဘာမှ မပြောပါဘူး ... မြန်မာကဗျာတွေနဲ့ ပတ်သက်ပြီး လူများများပိုသိသွားလို့ ကျေးဇူးတောင် တင်မိသလို ကိုယ်မြတ်နိုးတဲ့ မြန်မာကဗျာအတွက် တဖက်တလမ်းက တတ်နိုင်သလောက် တာဝန်ထမ်းပေးနိုင်တာမို့ ဝမ်းတောင် သာမိပါသေးတယ် ...

ဒါပေမဲ့ ... အခု အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်မှာကတော့ ဒီ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ကနေ (၄) အထိမှာ ကျနော်ရေးထားသမျှကို ခပ်တည်တည်နဲ့ ဖိုရမ်စာတည်းချုပ် 'မင်းချစ်သူမောင် ' ဆိုသူက ယူတင်ထားတာကို အမှတ်မထင်တွေ့လိုက်မိပါတယ် ...

အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ "မြန်မာကဗျာအစ" ဆိုတဲ့ thread တခု ဖွင့်ပြီး နောက်ထပ် ... အခြေခံအချက်များ၊ ကာရန် ၊ အသံ၊ အစပ်အဟပ် ... ဆိုတဲ့ ခေါင်းစဉ် ၃-ခု အောက်မှနဲ့ ပို့စ် ၄-ခု အဖြစ်ခွဲပြီး တင်ထားပါတယ်။ အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....

http://www.apytz.org/68/1248.html

အဲဒီ ပို့စ်တွေဟာ ကျနော်ရေးခဲ့တဲ့ ....
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)
http://harrylwin.blogspot.com/2008/08/blog-post_26.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂)
http://harrylwin.blogspot.com/2008/08/blog-post_27.html

ဆိုတဲ့ ပို့စ် ၂-ခုက အကြောင်းအရာတွေထဲက တချို့ကို ချန်လှပ်ပြီး ကျန်တာကို ၏၊ သည်၊ ၍ မလွဲ၊ ခေါင်းစဉ်ပါ မပြောင်းဘဲ အတိအကျ ကူးတင်ထားတာ ဖြစ်ပါတယ် ...

ဒါ့အပြင် အဲဒီ အဖြူရောင်သံစဉ် ဖိုရမ်မှာပဲ
အဖြူရောင်သံစဉ် ဖိုရမ် >> စာပေ အနုပညာ နှင့် ဖျော်ဖြေရေး>>အဖြူရောင်သံစဉ် ကဗျာဥယျာဉ်>>ကဗျာ အကြောင်း စပ်မိစပ်ရာ>> ဆိုတဲ့ အောက်မှာ နောက်ထပ် thread တခု အနေနဲ့ "မြန်မာကဗျာစပ်နည်း များ" ဆိုပြီး ထပ်တင်ထားပါတယ် ... အောက်က လင့်ခ်မှာ ကြည့်နိုင်ပါတယ် ....
http://www.apytz.org/68/1253/Page-2.html

ဒီ thread ထဲမှာတော့ ...
(၁) နဘေစပ်နည်း
(၂) ပြန်ကဟပ် စပ်နည်း
(၃) ရွက်ချပ် စပ်နည်း
(၄) ကတ္တရာ စပ်နည်း
(၅) ချိန်ခွင်ညှာ စပ်နည်း
(၆) ခြင်္သေ့လည်ပြန် စပ်နည်း
(၇) တေ့ဆက် စပ်နည်း
(၈) နဘေပြန်ကဟပ် စပ်နည်း
ထိပ်ချင်းထပ် စပ်နည်း
ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
ချိန်ခွင်လျှာ စပ်နည်း
ဘီလူးရယ် စပ်နည်း ... ဆိုတဲ့ ပို့စ်တွေအဖြစ် တင်ထားပါတယ် ... ဒါတွေ အားလုံးဟာ ကျနော် ရေးထားတဲ့ ...

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၃)
http://harrylwin.blogspot.com/2008/08/blog-post_28.html

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၄)
http://harrylwin.blogspot.com/2008/08/blog-post_29.html

.. အဲဒီ ပို့စ် ၂-ခု ထဲက အတိုင်း ထပ်တူ ကူးတူထားတာပါ ... ဇယားလေးတွေကိုသာ ချန်လှပ်ခဲ့တာ၊ ရှေ့နောက် အစီအစဉ် နည်းနည်းပြောင်းထားတာကလွဲပြီး ကျန်တာတွေက တသွေမတိမ်းပါပဲ ...

ဒီလိုတင်တာကို ကန့်ကွက်စရာမရှိပေမဲ့ မူရင်း Source ဖြစ်တဲ့ ကျနော့်အမည်၊ Blog ရဲ့ အမည်နဲ့လိပ်စာ၊ မူရင်းပို့စ် စတာတွေနဲ့ပတ်သက်ပြီး လေသံလေးတောင် ဟ, မထားတာ တွေ့ရတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ် ... အဖြူရောင်သံစဉ် ဆိုတဲ့ ဖိုရမ်ရဲ့ Ethic ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ မူကိုလည်း အံ့သြမိပါတယ် ... အထူးသဖြင့် သာမန်အဖွဲ့ဝင်တဦးတယောက်က တင်တာမဟုတ်ဘဲ စာတည်းချုပ် ဆိုသူ ပုဂ္ဂိုလ်ကိုယ်တိုင်က တင်ထားတာဆိုတော့ ပိုပြီး အံ့အားသင့်မိပါတယ် ...

ကိုးကားတယ်ဆိုတာက အဲဒီလို ထပ်တူပြန်ကူးချတာမျိုး မဟုတ်ပါဘူး ... quote လုပ်ပြီး ထပ်တူပြန်ဖော်ပြချင်ရင်လည်း ကိုးကားတဲ့ မူရင်းဇာစ်မြစ်ကို credit ပေးရပါတယ် ... ဒါဟာ ethic ပါ ...

ဒါပေမဲ့ ဒါမျိုး ခံခဲ့ရပေါင်းကလည်း များလာပြီဆိုတော့ နည်းနည်းတော့လည်း "အရေထူ" နေပါပြီ ... အဲဒီ ဖိုရမ်တခုတည်း မဟုတ်ပါဘူး ... တခြားဖိုရမ်တွေ၊ ဘလော့ဂ်တွေ ရှိပါသေးတယ် ... တချို့ကတော့ စာသားလေးတွေ နည်းနည်းပြောင်းထားကြပေမဲ့ ဥပမာတွေက ကျမ်းတွေထဲကအတိုင်း မဟုတ်ဘဲ ကျနော်ကိုယ်တိုင်သီးသန့်ပေးထားတဲ့ ဥပမာတွေနဲ့ ထပ်တူ ... သူတို့ကိုယ်တိုင်ပေးထားတဲ့ ဥပမာတွေကျပြန်တော့ တလွဲတချော် ... ကူးထားမှန်းက သိသာလွန်းပါရဲ့ ... အထူးသဖြင့် ကျနော်ရေးခဲ့ဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ကဗျာကို "ညီမလေးရေ" ဆိုတဲ့နေရာမှာ "သူငယ်ချင်းရေ" လို့ ပြောင်းလိုပြောင်း၊ မပြောင်းချင်လည်း မပြောင်းဘဲနဲ့ သူတို့နာမည် ခပ်တည်တည် ကောက်တပ်ထားတာတွေကလည်း မနည်းလှဘူးပေါ့ ...

ဒီတော့လည်း ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ထဲက ဒေါ်မြလေး ပြောသလို "မပြောချင်ဘူးနော် .... မပြောချင်ဘူး ... ပြောကို မပြောချင်ဘူး ... " လို့လည်း မပြောတော့ပါဘူး ... ငယ်ငယ်က ရွတ်ဆိုခဲ့ဖူးတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေသီးကောက် ကဗျာလေးကိုသာ စာသားပြောင်းပြီး ...
"Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် ... လေသံများတောင် ဟ,ဘူးကွယ်" လို့ ဆိုညည်းမိရုံမှတပါး ....

ရွှင်လန်းချမ်းမြေ့ကြပါစေ ....
ဟယ်ရီလွင်

2 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကိုရေ ကော်ပီပြုပြင်ရေး သမားတွေကလည်း တစ်နေ့တစ်ခြား များများလာသလိုပါပဲ...:(

Harry said...

ကိုယ်ကတော့ အရေထူနေပါပြီ ညီမရယ်