Sunday 16 October 2011

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

ဒီကဗျာလေးက ကျနော် ဘာသာပြန်ထားတဲ့ ကဗျာဖြစ်ပါတယ် ... မူရင်းကဗျာက There Will Come Soft Rains ... ရေးဖွဲ့သူက Sara Teasdale ပါ။ 1920 က ထုတ်ဝေတဲ့ သူ့ရဲ့ Flame and Shadow ကဗျာစာအုပ်ထဲကလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ကျနော် အင်္ဂလိပ်ကဗျာတွေ သိပ်ဖတ်လေ့မရှိပါဘူး ... ကဗျာဆိုတာက စကားလုံးအဓိကမို့ မူရင်းဘာသာစကားက ကိုယ့်မိခင် ဘာသာစကားမဟုတ်တဲ့အတွက် အပြည့်အဝ ခံစားလို့ မရနိုင်တာကြောင့်ပါ ...

ဒီကဗျာကိုတော့ Facebook Group တခုဖြစ်တဲ့ Meet the Poetry Group က ကျနော့်မိတ်ဆွေကြီး ကိုခွန်းချို
(Khun Cho) က ပို့စ်တခုမှာ မိတ်ဆက်ရေးထားတာလေး တွေ့တာနဲ့ ဖတ်ကြည့်မိရင်း သဘောကျသွားပါတယ် ... 'There Will Come Soft Rains' ဆိုတဲ့ဝတ္ထုတိုလေးထဲမှာ မျက်နှာကျက်စက်ရုပ်က အဲဒီကဗျာလေးကို အလိုအလျောက် ရွတ်ပြတဲ့ အရေးအသားတစ်ခု ကို သဘောကျသွားမိလို့ ဒီကဗျာလေးကို တင်ပေးတာလို့ ဆိုပါတယ် ... ဒါနဲ့ ဘာသာပြန်ချင်စိတ် ပေါက်လာလို့ ဘာသာပြန်ကြည့်ပါတယ် ...
ဒီလို ဘာသာပြန်ကြည့်တော့ ကျနော်တွေ့ကြုံခဲ့တာလေးတွေကို အရင်းအတိုင်း ဖောက်သည်ချချင်စိတ် ပေါ်လာတာနဲ့ နောက်ဆုံး အချောသပ် ကဗျာသက်သက်ကိုတင်မဟုတ်ဘဲ စရေးမိတဲ့ ပုံစံကနေ စပြီး အားလုံးကို ဝေငှတင်ပြလိုက်ပါတယ် ....
အရင်ဆုံးတော့ မော်ဒန်ပုံစံမျိုးဆန်ဆန် ဘာသာပြန်ရင်း ချရေးလိုက်မိတာက ဒီလိုပါ ...

မိုးဖွဲလေးတွေကျလာလိမ့်မယ်

မိုးဖွဲလေးတွေကျလာလိမ့်မယ်၊ မြေသင်းနံ့လေးတွေရောပေါ့
့ပျံလွှားငှက်တွေ ကျည်ကျည်ကျာကျာမြည်ရင်း လှည့်လည်ဝဲပျံကြ၊
ရေအိုင်ထဲက ဖားငယ်တွေလည်း ညအခါ တေးသီကြလိမ့်မယ်
မက်မန်းပင်ရိုင်းတွေက ဖြူဖျော့ဖျော့အလင်းအောက်
ရော်ဘင်တေးဆိုငှက်လေးတွေက မီးလျှံအမွှေးအတောင်တွေဝတ်ရုံရင်း
သံဆူးကြိုးစည်းရိုးနိမ့်နိမ့်တွေမှာ တေးချင်းတွေ ညည်းနေကြလိမ့်မယ်
သူတို့တွေ ဘယ်သူမှ စစ်ပွဲကို သိမှာမဟုတ်ကြပါဘူး
နောက်ဆုံးတော့ စစ်ပွဲကြီး ပြီးသွားပြီမှန်း ဘယ်သူမှလည်း ဂရုစိုက်ကြမှာမဟုတ်ပါဘူး
ငှက်တွေဖြစ်ဖြစ် သစ်ပင်တွေဖြစ်ဖြစ်
လူသားမျိုးနွယ်တခုလုံး အပြီးသတ်ချေမှုန်းခံလိုက်ရပြီမှန်းလည်း
ဘယ်သူမှ သတိထားမိကြမှာမဟုတ်ပါဘူး
နွေဦးပျိုမဟာ အရုဏ်ဦးမှာ နိုးထလာတဲ့အခါမှာလည်း
တို့တွေ မရှိတော့ပြီမှန်း သိနိုင်ခဲသားပါလားလေ .... ။ ။

ခေါင်းစဉ်ကိုတော့ ရိုးရိုးပဲ "မိုးဖွဲလေးတွေကျလာလိမ့်မယ်" ဆိုပြီး ပေးလိုက်ပါတယ် ... ဒါပေမဲ့ ဒီလိုရေးရတာ ကျနော့်စိတ်ထဲ ပေါ့နေသလို ဖြစ်နေပါတယ်။ ဒါနဲ့ ကာရန်ပါအောင် ရေးမယ်ဆိုပြီး စီနေရင်းနဲ့ အောက်က ကဗျာပုံစံမျိုး ဖြစ်သွားပါတယ် ...

မိုးဖွဲလေးတွေ စွေလာစဉ်

မိုးဖွဲလေးတွေ၊ စွေလာစဉ်၊ မြေသင်းနံ့တွေယဉ်၊
ပျံလွှားခင်တို့၊ ကျည်ကျာတေး၊ ပျံဝဲလှည့်လည်ကျွေး။
ရေအိုင်ထဲက ဖားငယ်တွေ၊ ညဥ့်ယံတေးသံချွေ၊
ဖြူဝေဖျော့လျ ကောင်းကင်အောက်၊ မက်မန်းရိုင်းတွေ ပေါက်။
မြေလူးငှက်တို့ မီးလျှံသွင်၊ မွှေးတောင်ဝတ်ရုံဆင်၊
ဆူးပြင်စည်းရိုး နိမ့်နိမ့်ထက်၊ တေးချင်းညည်းကာဆက်။
သူတို့အားလုံး မသိပေ၊ စစ်ပွဲဆိုတာလေ။
နောက်ဆုံးတော့လေ သည်စစ်ပွဲ၊ ပြီးလည်း မှုမဲ့ပဲ။
ငှက်နဲ့သစ်ပင် သိမမြင်၊ လူသားမျိုးနွယ်စဉ်၊
ကြမ္မာငင်လို့ ပျောက်ပျက်သွား၊ သူတို့ အလေးမထား။
နွေဦးပျိုမ နိုးထစဉ်၊ အရုဏ်ဦးနီလွင်။
တို့မျိုးစဉ်ဆက် ကွယ်ပျောက်ဝေး၊ သိမြင်ဖို့ခက်သေး။

ဒီတခါတော့ "မိုးဖွဲလေးတွေ စွေလာစဉ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်။ တခါ ပြန်ဖတ်ကြည့်ပါတယ်။ ဒီတခါလည်း ကလေးကဗျာလို ဖြစ်နေတာနဲ့ သိပ်သဘောမတွေ့ပါဘူး ... ဘာဖြစ်လို့လဲ ဆိုတော့ မူရင်းကဗျာရဲ့ အနှစ်သာရ (main theme) က အလွန်လေးနက်နေလို့ပါ ... ဒါနဲ့ သူ့မူရင်းကဗျာဖွဲ့ပုံကို ပြန်ကြည့်မိပါတယ်။ ဒီတော့ တပိုဒ်မှာ နှစ်ပါဒစီကို အချအညီ (rhyming couplet) ရေးထားတဲ့ ၁၂-ကြောင်းကဗျာ (12-line poem with six stanzas) ဖြစ်နေတာကို တွေ့တာနဲ့ ဒွေးဆစ်ပုံစံ အချိုးတွဲ ပြောင်းရေးကြည့်တော့ ဒီလို ထွက်လာပါတယ် ...

မိုးဖွဲစွေ၊ မြေသင်းနံ့ကျဲ။
ပျံလွှားတွေကျည်ကျာမြည်ရင်း၊ လှည့်လည်ပျံဝဲ။
ရေအိုင်ဝယ်၊ ဖားငယ်တို့ ညဥ့်ယံတေး။
မက်မန်းရိုင်းပင်ပျိုတို့၊ ဖြူဖျော့စိုကောင်းကင်အောက်၊ ပေါက်ကြလိမ့်သေး။
မြေလူးငှက် မီးလျံသွင်၊ မွှေးတောင်ဆင် ဝတ်ရုံသွေး။
ဆူးကြိုးပြင်စည်းရိုးနိမ့်မှာ၊ တေးငြိမ့်သီကြွေး။
စစ်ပွဲတွေ၊ သူတို့လေ သိနိုင်ခဲ။
နောက်ဆုံးမှာ၊ ပျောက်ဆုံးကာ စစ်ရပ်စဲ၊ လေးမူမိဘဲ။
လူ့မျိုးနွယ်၊ တခုလုံးရယ် အပြီးသတ်၊ ပျက်သုဉ်းရပ်စဲ။
ငှက်နဲ့အပင်၊ တွေးစိတ်ဝင် ယှဉ်မမိ၊ သိမည်ဟုတ်ဘဲ။
နွေဦးပျို၊ နိုးထကြို အရုဏ်သွေး။
တို့မရှိပြီ၊ ပျို့အသိဆီ ဉာဏ်ထင်လျက်၊ မြင်ရန်ခက်သေး။

ဒါလည်း သိပ်စိတ်တိုင်းမကျသေးဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ခေါင်းစဉ် မစဉ်းစားတော့ပါဘူး။ ဒီမှာတော့ အဓိကအားဖြင့် စိတ်တိုင်းမကျ ဖြစ်နေတာက Rhythm ပါ ... Rhythm ကို မကြိုက်ဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ပုံစံကို ဂရုမစိုက် တော့ဘဲ လင်္ကာသွားနဲ့ ပြောင်းရေးကြည့်လိုက်ပါတယ် ...

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

မိုးဖွဲလေးတွေ၊ စွေလာလိမ့်မည်၊
မြေဆီသင်းနံ့၊ ပျံ့လိမ့်မည်ပင်၊
ငှက်လျင်ပျံလွှား၊ ဝဲပျံသွားရင်း၊
တေးသွားကျည်ကျာ၊ မြည်ပါလိမ့်သေး၊
ဖားငယ်တေးသီ၊ ရေအိုင်ဆီမှ၊
ညလည်ယံနော့၊ တေးကျော့သီငင်၊
မက်မန်းပင်ရိုင်း၊ ဖြူဖျော့ဆိုင်းလွင်၊
ကောင်းကင်နောက်ခံ၊ ပေါက်လိမ့်မှန်သည်၊
မီးလျှံဆင်သွေး၊ မွှေးတောင်လှထူး၊
ငှက်မြေလူးတို့၊ သံဆူးစည်းရိုး၊
နိမ့်မျိုးထက်ဝယ်၊ တေးသံသွယ်လျ၊
ဆိုပါကြသေး၊ သူတို့တွေးဝယ်၊
စစ်ပွဲဘေးရန်၊ မသိပြန်တည့်၊
ဖန်ဖန်ဆင်နွှဲ၊ သည်စစ်ပွဲလည်း၊
မလွဲသွေပျောက်၊ နောက်ဆုံးရောက်သော်၊
ပြီးပျောက်ပြေငင်၊ သိမမြင်တည့်၊
သစ်ပင် ငှက်များ၊ မှုမထားသည်၊
လူသားသိကြွယ်၊ လူ့မျိုးနွယ်ဇာတ်၊
ပြီးပြတ်ချေမှုန်း၊ ပျက်သုဉ်းပျောက်ကွယ်၊
စိတ်ဝယ်မှန်းဆ၊ မသိကြပေ၊
နွေဦးပျိုမ၊ အရုဏ်ပျ၌၊
နိုးထခဲ့စဉ်၊ တို့မျိုးစဉ်ဆက်၊
ပျက်ငင်ပြိုကွဲ၊ သုဉ်းပြတ်စဲကြောင်း၊
သူလည်းသိခဲပေလိမ့်မည်။ ။

အခုနောက်ဆုံး လင်္ကာသွားနဲ့ ရေးလိုက်တာကို ကျနော့်စိတ်ထဲ ဘဝင်အကျဆုံးမို့ ဒီကဗျာကိုပဲ နောက်ဆုံးအတည်အဖြစ်ယူပြီး တင်ဆက်လိုက်ပါတယ် ... မူရင်းကဗျာကိုပါ ဖတ်ရှုခံစားနိုင်အောင် တဆက်တည်း တင်ပေးလိုက်ပါတယ် .... ဖတ်တဲ့သူတွေအနေနဲ့တော့ ဘယ်ဟာကို အကြိုက်ဆုံးလဲ မသိဘူးပေါ့နော် ... ဘယ်ဟာမှ မကြိုက်တာလည်း ဖြစ်နိုင်ပါရဲ့ ... :D

There Will Come Soft Rains (By Sara Teasdale)

There will come soft rains and the smell of the ground,
And swallows circling with their shimmering sound;
And frogs in the pools singing at night,
And wild plum trees in tremulous white;
Robins will wear their feathery fire,
Whistling their whims on a low fence-wire;
And not one will know of the war, not one
Will care at last when it is done.
Not one would mind, neither bird nor tree,
if mankind perished utterly;
And Spring herself, when she woke at dawn
Would scarcely know that we were gone.

ကျနော်လေရှည်မိသမျှ သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

3 comments:

Yin Myo Kaung said...

Thank you for posting different styles in writing poems. It allows readers to chose which one he/she prefers. I prefer the very beginning one which you mentioned it as a modern style poem. In my opinion, writing in modern styles, sometimes, gives more taste and border view of the meaning.

Angelhlaing(May everybody be happy and healthy! said...

အလင်္ကာနဲ့ ရေးတာလေးက အမိုက်ဆုံးပဲ အကို..:):) ခံစားအားပေးရင်း..

Harry said...

တချို့ကတော့လည်း ဒွေးဆစ်နဲ့ အချိုးတွဲပုံစံကို ကြိုက်တယ်တဲ့ ... အသံချိုလို့၊ ချီထားတဲ့အကြောင်းအရာနဲ့ ပြောပြချင်တဲ့အကြောင်းအရာ အကြားမှာ ထင်ထင်ရှားရှားပိုင်းပြထားနိုင်တယ်လို့ထင်လို့ .. အမျိုးမျိုးပေါ့နော် ...
ကို ယဉ်မျိုးကောင်းလို မော်ဒန်ပုံစံကို ကြိုက်တဲ့သူလည်း ရှိပါတယ် ...
ညီမ အိန်ဂျယ်လို နောက်ဆုံးရေးလိုက်တဲ့ လင်္ကာသွားကို ကြိုက်တဲ့သူတွေလည်း ရှိပါတယ် ...
ကျနော့်အနေနဲ့ကတော့ နောက်ဆုံးလင်္ကာသွားနဲ့ လေးလုံးစပ်ပုံစံကို အားအရဆုံးဆိုတာ အဓိက က tone ကြောင့်ပါ ... လေးနက်မှုကို ပေါ်လွင်စေတယ် ထင်မိလို့ပါပဲ ...
ဒွေးဆစ်ပုံစံက တကယ်တော့ ကျနော် အကြိုက်ဆုံးနဲ့ အပိုင်နိုင်ဆုံး ပုံစံပါ ... ဒါပေမဲ့ ဒီမှာတော့ ကိုယ့်ဟာကိုယ် ဘောင်ခတ်လိုက်တာ များသွားပြီး ကိုယ့်ဘောင်ထဲ ကိုယ် ပြန်ပိတ်မိသွားလို့ပါ ... :(
စာဖတ်သူတွေ အနေနဲ့ကတော့ အကြိုက်အမျိုးမျိုး ရှိနိုင်တယ် ဆိုတာ တွေးမိလို့ အခုလို ရေးမိသမျှ ပုံစံ အမျိုးမျိုးကို ဝေမျှလိုက်တာပါ ... ရသ မတူအောင် ပေးချင်တဲ့ သဘောပါပဲ ...
ကျေးဇူးတင်ပါတယ် ကိုယဉ် နဲ့ အိန်ဂျယ်ရေ ...