Saturday 8 October 2011

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာများ၏ ပုံစံ

ဗေဒါလမ်းကဗျာတွေကို ဖွဲ့တဲ့ပုံစံက "အချိုးတွဲ" ကဗျာ အမျိုးအစား လို့ သတ်မှတ်ထားကြပါတယ် ...

အချိုးကဗျာဆိုတာ ဂန္ထဝင်ကဗျာပုံစံဖြစ်တဲ့ "ဒွေးချိုး" "တြိချိုး" "လေးချိုး" တို့ကို ခေါ်ပါတယ်။ တကယ်တော့ ဒီပုံစံတွေက သူ့ဟာသူ သီးသန့်ကို ကဗျာတပုဒ်အဖြစ်တည်ရှိနေပါတယ်။ ဒွေးချိုးတပုဒ်ကို ဥပမာ ပြရမယ်ဆိုရင် ...

ပစ်မခွါ၊
နှစ်တရာရှည်မြင့်အောင်ပ၊
တည်ခွင့်ပါဗျ။ ။

မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊
ရိုးမြေပြာကျ။ ။

အချုပ်တန်းဆရာဖေရဲ့ အထက်ပါ ဒွေးချိုးဟာ သူ့ချည်းပဲကို ကဗျာတပုဒ် အဖြစ် သီးသန့်တည်ရှိနေပါတယ်။ ဒီလိုပါပဲ .. လေးချိုးတွေ ကိုကြည့်မယ်ဆိုရင်လည်း ...

ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်။

ပျိုတို့လူ ယာမလုပ်တယ်၊
ဝါးခုတ်တဲ့တောင်။

နွားညီနောင်၊
စည်အောင်ပ ဖေကျောင်း။

မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
လှည်းယာဉ်နဲ့မောင်း။ ။‎

ဒီ "လှည်းယာဉ်" ဆိုတဲ့ လေးဆစ်ကလေးကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ် .. သူ့ဟာသူကို ကဗျာတပုဒ်အဖြစ် သီးသန့်ရပ်တည်နေပါတယ် ... (လေးဆစ် ဆိုတာ လေးချိုးအတိုလေးကို ပြောတာပါ၊ လေးချိုးငယ် လို့လည်း ခေါ်ပါတယ်)

ဒါပေမဲ့ ဒီလိုပုံစံတွေကို တွဲစပ်ပြီး ကဗျာရှည်တပုဒ်အဖြစ် ခေတ်စမ်းကဗျာတွေမှာ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် စတဲ့ ကဗျာကဝိများက ရေးသားခဲ့ကြပါတယ် ... "ဗေဒါလမ်း" တွေဟာ ဒီအမျိုးအစားထဲကပါ။ တခုသတိပြုဖို့ကတော့ အချိုးတွဲကဗျာတွေမှာ အချိုး ၂-မျိုး၊ ၃-မျိုးကို တွဲစပ်ရေးသားပေမဲ့ အကြောင်းအရာအားဖြင့်ကတော့ တခုတည်းပဲ ဖြစ်ပါတယ်။

ဒါကတော့ ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို တင်ပြခြင်း ဖြစ်ပါတယ် ... ဥပမာ အနေနဲ့ ဗေဒါလမ်း (၁၃) ဆိုင်ခင်းလျက်ပဲ ကို ပြပါမယ် .. ဒွေးချိုး ၄-ပုဒ် နဲ့ လေးဆစ် (လေးချိုး) ၁-ပုဒ်ကို တွဲစပ်ပြီး ကဗျာတပုဒ်အဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ် ... အချိုးကဗျာတိုင်းရဲ့ ပဓာနကာရန်တွေကို လက်သည်းကွင်း ( )၊ ထောင့်ကွင်း [ ] တွေနဲ့ ပြထားပါတယ်။ ဒွေးချိုးတွေရဲ့ အချ (အဆုံးသတ်ကာရန်) ကို တွန့်ကွင်း { } နဲ့ပြထားပါတယ်။ လေးချိုး ရဲ့ ကာရန်ပြန် ကိုလည်း တွန့်ကွင်း { } နဲ့ပဲ ပြထားပါတယ်။ ဒါကြောင့် နောက်ဆုံးအုပ်ပိုဒ်ရဲ့ အချကို ထောင့်ကွင်း [ ] နဲ့ ပြန်ပြလိုက်ပါတယ်။ လေးချိုးမှာ ကာရန်ပြန် ဟာ သိပ်အရေးကြီးပါတယ်။ အများစု သတိမမူမိဘဲ အဲဒီနေရာမှာ ကာရန်လွတ်သွားလေ့ရှိပါတယ်။ အဲဒါဆိုရင် အချိုး ပျက်တော့တာပါပဲ။

ဒွေးချိုး (၁)
အညာ(လှေ)။
အညာ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ထန်းလျက်(ခဲ)ရယ်နဲ့
(ပဲ)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၂)
တံငါ(လှေ)။
တံငါ(မြေ)ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ပုစွန်(ကျား)ရယ်နဲ့
(ငါး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၃)
ကမ်းစပ်မှာ (မြှောင်)။
အိုး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ရာဝင်(အိုး)ရယ်နဲ့
(အိုး)မျိုးစုံကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

ဒွေးချိုး (၄)
ကမ်းစပ်မှာ(မြှောင်)။
ဝါး(ဖောင်) ကုန်[ရောင်း]ဖို့၊ ဒီ[ချောင်း]မှာ{နား}။

ခယင်(ဝါး)ရယ်နဲ့
(ဝါး)မျိုးစုံ ကြုံလေ[ခိုက်]၊ ဝယ်[လိုက်]ပါ{လား} ... တဲ့။

လေးချိုး (လေးဆစ်) (၅)

ဒီလမ်းက ပန်းဗေ{ဒါ}။

ဆန်ရေစုန်(ရေ)နဲ့
ထုံပေ(ပေ)သူမ[နား]၊ [သွား]ရခါ{ခါ}။

ပါပါစ ရောင်းစ{ရာ}၊ {ပါ}ရှာဘု သူတို့[နဲ]။

အပြာမှာ အဝါ(ကွက်)ကယ်နဲ့
အ(တက်)မှာသူရွှင်[ပြ]ပေမဲ့၊
[ကျ]လည်းလေ သူမ(ငြင်း)ရှာဘု
ဒီချောင်းရေ ကောက်က(စင်း)မှာ
ဆိုင်(ခင်း)လျက်[ပဲ]။ ။


ဒါလောက်ဆိုရင် ဗေဒါလမ်းရဲ့ ဖွဲ့စည်းပုံကို မြင်သာလောက်ပြီ လို့ ထင်ပါတယ် ... ကျန်တဲ့ ဗေဒါလမ်း ကဗျာအားလုံးဟာ လည်း ဒီလိုပဲ အချိုးတွဲပုံစံနဲ့ ရေးသားဖွဲ့ဆိုထားတာဖြစ်ပါတယ် ...

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ

3 comments:

Angelhlaing(May everybody be happy and healthy! said...

အလွတ်ကဗျာတွေ ရေးနေပေမယ့် အဲလို အသေးစိတ်တော့ သေသေချာချာ မရေးနိုင်တာ အမှန်ပဲအကို....... ဗဟုသုတတွေနဲ့အတူ
ကဗျာလေးအား ခံစားအားပေးလျှက်ပါလို့..

Harry said...

ကျေးဇူး အိန်ဂျယ်ရေ ... ကဗျာဆိုတာကတော့ ရင်ထဲက ခံစားချက်တွေရဲ့ ထွက်ပေါက်ပါပဲကွယ် ... ဘယ်လိုပဲ ရေးရေးပေါ့ ... တခုရှိတာက ဂန္ထဝင်မြန်မာကဗျာပုံစံတွေနဲ့ ရေးမယ်ဆိုရင်တော့ ရေးထုံးသတ်မှတ်ချက် ရှိပြီးသားမို့ သူ့ရေးထုံးအတိုင်း လိုက်နာနိုင်ရင် ကောင်းတာပေါ့နော်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ကဲ့ပါအကို...ကျေးဇူးပါလို့...