Showing posts with label ဘာသာပြန်ကြည့်မိသည့် ကဗျာများ. Show all posts
Showing posts with label ဘာသာပြန်ကြည့်မိသည့် ကဗျာများ. Show all posts

Thursday, 9 January 2014

သိပ်ပါလော့ ... အို, မရဏ

သိပ်ပါလော့ ... အို, မရဏ

သင်္ခါရတရား တနည်းအားဖြင့် သေခြင်းတရားနဲ့ ပတ်သက်လာရင် မြန်မာကဗျာတွေထဲမှာ “သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ …” အစချီထားတဲ့ အနန္တသူရိယအမတ်ကြီး ကွပ်မျက်ခံရကာနီး ရေးစပ်ခဲ့တယ်လို့ ဆိုကြတဲ့ သံဝေဂလင်္ကာလေးကို တခြား ဘယ်ကဗျာမှ မီမယ် မထင်ပါဘူး … ဒီလိုပဲ “သူတည်းတယောက်” ကို မမီစေကာမူ ဖြစ်ရပ်ခြင်းခပ်ဆင်ဆင်နဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အင်္ဂလိပ် ကဗျာလေးတပုဒ် တွေ့တာနဲ့ ဘာသာပြန်ကြည့်မိပါတယ် …

ဒီကဗျာလေးက ပန်းမ်ဘရွတ်ခ်မြို့စား နဲ့ အင်္ဂလန်မိဘုရားကြီး ဖြစ်ခဲ့တဲ့ အန်း(န်)ဘိုလင်း ကွပ်မျက်မခံရမီ နာမည်ကျော် လန်ဒန်မျှော်စင် အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတုန်း ရေးဖွဲ့ခဲ့တဲ့ ကဗျာလို့ ဆိုပါတယ်။ တချို့ကတော့လည်း သူ့ရဲ့ မောင်လေး ရော့ခ်ဖို့ဒ်မြို့စား ဂျော့ခ်ျဘိုလင်း (George Boleyn, Viscount Rockford) ရေးခဲ့တာလို့ ပြောကြပါတယ် … ဒါပေမဲ့ အန်း(န်)ဘိုလင်း ရေးခဲ့တယ်လို့ အများက ပိုပြီးလက်ခံထားကြပါတယ်။

အန်း(န်)ဘိုလင်းဟာ တကယ်တော့ ပေါ့သေးသေးမဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ သူကိုယ်တိုင် အင်္ဂလန် မိဘုရားကြီး ဖြစ်ခဲ့သလို သူ့သမီးတော်လေးဟာ သူကွယ်လွန်ပြီးနောက်ပိုင်း “အပျိုစင်ဘုရင်မ” လို့ လူသိများတဲ့ အင်္ဂလန်ပြည့်ရှင် ပထမ အယ်လီဇဘက် ဘုရင်မကြီး ဖြစ်လာခဲ့တာကြောင့်ပါပဲ။ ဒီ့ထက်ပိုအရေးကြီးတဲ့ အကြောင်းတခုကတော့ ခရစ်ယာန်သာသနာ သမိုင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ပါခဲ့သူမို့ပါ။ သူ့ကို အကြောင်းပြုပြီး The English Reformation လို့ ခေါ်တဲ့ အထင်ကရ ခရစ်ယာန်ဂိုဏ်းခွဲကြီး တခုဖြစ်တဲ့ အင်္ဂလိကန်ဂိုဏ်းခွဲကြီးဟာ ပင်မ ရိုမန်ကက်သလစ်ဂိုဏ်းတော်ကြီးကနေ ခွဲထွက်ပေါ်ပေါက်ခဲ့ရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်လဲ ဆိုရင်တော့ သူ့ကို တရားဝင်လက်ထပ်ပြီး မိဘုရားအရာ မြှောက်ချင်တဲ့ အတွက် အင်္ဂလန်ပြည့်ရှင် အဋ္ဌမမြောက် ဟင်နရီ ဘုရင်မင်းမြတ်ဟာ လက်ရှိမိဘုရား ကက်သရင်းကို ကွာရှင်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီခေတ်ကာလ က ခရစ်ယာန် သာသနာပိုင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ကလီမင့်က ဒါကို လက်မခံပါဘူး။ ဒါဟာ ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့ အာဏာ အင်္ဂလန်မှာ ပြိုကွဲပျက်စီးခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။ တကယ်တော့ ဟင်နရီ (၈) က အကြောင်းရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါ ရှင်ဘုရင် ဘယ်နှစ်ပတ် ပတ်ပတ် ဆိုသလိုပေါ့ … သက်ဦးဆံပိုင် ဘုရင်ပဲဟာ … သူလိုချင်တဲ့ မိန်းမ သူယူတာ ဘယ်သူက ဘာပြောရဲမှာလဲလေ … တရားဝင် ယူလို့ မရလည်း တရားမဝင် ယူထားတဲ့ မောင်းမမိဿံတွေ အများကြီး ရှိနေတာပါပဲ … အန်း(န်)ရဲ့ ညီမ မေရီ ကိုယ်တိုင်ကကို ဟင်နရီဘုရင်ရဲ့ မောင်းမမိဿံပေပဲဟာ။ အဲဒီခေတ်က ပုပ်ရဟန်းမင်းကြီးတွေ ဟာ သက်ဦးဆံပိုင် ဘုရင်တွေထက်တောင် ပိုပြီး တန်ခိုးအာဏာ ကြီးမားပြင်းထန်လို့ နိုင်ငံတွေက နှစ်စဉ် အခွန်ဘဏ္ဍာတော်တွေ ဆက်သနေရတာကို ရပ်ပစ်ချင်လို့ အကြောင်းရှာပြီး ဟင်နရီ ရွှေ့လိုက်တဲ့ အကွက်လည်း ဖြစ်ကောင်းပါရဲ့။

ဒါနဲ့ပဲ ၁၅၃၃-ခုနှစ်၊ ဇန္နဝါရီလ ၂၅-ရက်နေ့မှာ အန်း(န်)နဲ့ ဟင်နရီ လက်ထပ်ပြီး ဟင်နရီနဲ့ မိဘုရားဟောင်း ကက်သရင်း တို့ရဲ့ လက်ထပ်မှုကို ၁၅၃၃-ခုနှစ်၊ မေလ ၂၃-ရက်နေ့မှာ တရားမဝင်ကြောင်း ကြေညာလိုက်ပါတယ်။ နောက် ငါးရက် အကြာမှာတော့ အန်း(န်) နဲ့ ဟင်နရီတို့ရဲ့ ထိမ်းမြားမင်္ဂလာကို တရားဝင်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက် မကြာခင်မှာ ပုပ်ရဟန်းမင်းကြီးက အင်္ဂလန်ကျောင်းတော်ကို ရိုမန်ကက်သလစ်ကျောင်းတော်ကနေ ထုတ်ပယ်ပစ်လိုက်တဲ့ အတွက် အင်္ဂလန်ကျောင်းတော်ကို ဘုရင်က သူ့ထိန်းချုပ်မှုအောက်ကို ပို့ပြီး အင်္ဂလိကန် အသင်းတော်ရဲ့ အကြီးအမှူးအဖြစ် သူ့ကိုယ်သူ ခန့်အပ်လိုက်ပါတယ်။ ကွာရှင်းခြင်း၊ ထိမ်းမြားခြင်းများဟာ ခရစ်ယာန်ဘာသာရေးဓလေ့ထုံးတမ်းအရ ဘာသာရေးအကြီးအကဲရဲ့ သဘောတူခွင့်ပြုမှုရရှိမှ တရားဝင်တာကြောင့် ပုပ်ရဟန်းမင်းကြီး သဘောမတူတဲ့အတွက် ဘုရင်က သူ့ကိုယ်သူ ဘာသာရေးအကြီးအကဲ ခန့်ပြီး သူ့ထိမ်းမြားခြင်းကို တရားဝင်တယ်လို့ သူ့ဟာသူ ဆုံးဖြတ်ပေး လိုက်တာပါပဲ။ ပိုင်တယ်နော် ...

ဒါပေမဲ့ မကြာခင်မှာပဲ အန်း(န်)ရဲ့ ဇာတာညှိုးမှိန်ပြီး ဟင်နရီက အပြစ်ရှာပါတော့တယ်။ အဓိက အချက်ကတော့ ထီးညွှန့်နန်းလျာအဖြစ် သားတော်လေး မမွေးဖွားပေးနိုင်ဘဲ သမီးတော်သာ မွေးဖွားပေးနိုင်တာရယ်၊ သားတော်လေးကို ဆောင်ထားတဲ့ ကိုယ်ဝန်က ကံအကြောင်းမလှဘဲ ပျက်ကျသွားရရှာတာရယ်က အန်း(န်)ကို အရာက ကျစေခဲ့တယ် လို့ ဆိုရမှာဖြစ်ပေမဲ့ ဟင်နရီက နောက်ထပ် အချစ်သစ်တွေ့နေတဲ့အချက်ကလည်း အတော်လေး အရေးပါမယ့် အချက် ဖြစ်မယ် ထင်ပါတယ်။ ၁၅၃၆-ခု၊ မေလ ၂-ရက်နေ့မှာ အန်း(န်)ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ အရာချဖမ်းဆီးပြီး လန်ဒန်မျှော်စင်မှာ အကျဉ်းချထားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အန်း(န်)ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သွေးရင်းလိင်ဆက်ဆံမှု စတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သေဒဏ်စီရင်ခြင်း ခံခဲ့ရပါတယ်။ သူ့ကို စစ်ဆေးတရားစီရင်တဲ့ဂျူရီအဖွဲ့ဝင်တွေထဲမှာ သူ့ဦးရီးတော်အရင်းဖြစ်သူ သောမတ်စ် ဟိုးဝဒ်နဲ့ သူ့ချစ်သူဟောင်း ဟင်နရီပါစီ တို့ပါ ပါဝင်နေတာကတော့ ကံကြမ္မာရဲ့ လှောင်ပြောင်မှုလေလားလို့ ထင်စရာပါပဲ။

ဒါပေမဲ့ ဟင်နရီဟာ အန်း(န်)အပေါ်မှာ နောက်ဆုံးကရုဏာကို ပြခဲ့လေသလား၊ အပြစ်မဲ့သူကို အကြောင်းရှာပြီး ရက်ရက်စက်စက် သုတ်သင်ပစ်ရတာကိုပဲ လိပ်ပြာမသန့်ဖြစ်လေရော့သလားတော့ မဆိုနိုင်ပါဘူး … သေဒဏ်ကို မီးရှို့သတ်မဲ့အစား ခေါင်းဖြတ်သတ်စေလို့ ပြောင်းလဲသတ်မှတ်ပေးခဲ့တာပါပဲ။ သေရတာခြင်းအတူတူပေမဲ့ မီးရှို့အသတ် ခံရသလိုတော့ မချိမဆန့် မခံစားရဘဲ အလွယ်တကူ အသက်ထွက်သွားစေအောင်တော့ လုပ်ပေးခဲ့တယ်ပေါ့လေ။

မေလ ၁၉-ရက်၊ သောကြာနေ့ဟာ အန်း(န်)ရဲ့ နောက်ဆုံးနေ့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပုံမှန် လူသတ်စင်ပေါ်မှာ မသတ်ဘဲ လန်ဒန်တာဝါ အကျဉ်းထောင်ကြီးရဲ့ ဝင်းထဲက ခုလက်ရှိ ဝါတာလူးစစ်တန်းလျားရဲ့ ရှေ့မှာ ရှိနေတဲ့ မျှော်စင်ဖြူရဲ့ မြောက်ဖက်မှာ ငြမ်းဆင်ထားတဲ့ လူသတ်စင်ပေါ်မှာ အန်း(န်)ရဲ့ ဘဝဟာ နိဂုံးကမ္ပတ် အဆုံးသတ် သွားခဲ့ရပါတယ်။ သူ ကွပ်မျက်ခံရတဲ့အချိန်မှာ အသက် သုံးဆယ်ဝန်းကျင်သာ ရှိပါသေးတယ်။

နန်းကျအိမ်နိမ့်စံ အန်း(န်) မိဘုရားကြီးဟာ အတွင်းခံကိုယ်ကျပ်အနီရောင်ပေါ်မှာ အကွက်ဖော်ပန်းထိုးထားတဲ့ မီးခိုးရင့်ရင့်ဝတ်ရုံဂါဝန်ရှည်ပွပွကြီးကို ဆင်မြန်းပြီး အဲမင်းန် သားမွေးခြုံထည်လေးကို လွှမ်းခြုံရင်း အပျိုတော်နှစ်ယောက် ခြံရံပြီး မိဘုရားနန်းဆောင်ကနေ လူသတ်ငြမ်းစင် ကို နောက်ဆုံးခြေလှမ်းများနဲ့ လျှောက်လှမ်းသွားခဲ့ပါတယ်။ ရဲရင့်တည်ကြည်စွာနဲ့ မကြာခင်မှာ သေရတော့မယ့်သူ မဟုတ်သလိုဘဲ ငြမ်းစင်ပေါ်ကို တက်လှမ်းသွားပြီး လူတွေကို မိန့်ခွန်းတိုလေး ပြောခဲ့ပါသေးတယ်။
“ခရစ်ယာန်သူတော်ကောင်းတို့ … ဒီနေရာကို တရားဥပဒေအရ သေခြင်းနဲ့ ရင်ဆိုင်ဖို့ လာခဲ့ပါတယ်။ ကျွန်မကို သေဒဏ် စီရင်ဆုံးဖြတ်လိုက်တဲ့ ဥပဒေအရ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဘာမှ ဆန့်ကျင်ကန့်ကွက်မနေတော့ပါဘူး။ ဒီကို ကျွန်မလာတာ ဘယ်သူ့ကိုမှလည်း ပြစ်တင် စွပ်စွဲဖို့မဟုတ်သလို ဒါမျိုးတွေ ပြောဖို့လည်း မဟုတ်ပါဘူး။ ကျွန်မကို စွပ်စွဲ ရှုံ့ချပြီး သေဒဏ်စီရင်ခဲ့ပေမဲ့ ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်ရှောက်ကယ်မစေဖို့နဲ့ သင်တို့အပေါ် ပိုမိုသိမ်မွေ့ပြီး ပိုမိုကရုဏာတော်ထားတတ်တဲ့ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ မင်းသားတပါးအဖြစ် သင်တို့ကို ပိုမို ရှည်ကြာစွာ အုပ်စိုးနိုင်ပါစေ လို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ ကျွန်မအတွက်တော့ သူဟာ ထာဝရကောင်းမွန်သိမ်မွေ့ပိုင်စိုးနေတဲ့ အရှင်သခင်ပါပဲ။ ကျွန်မအမှုထဲမှာ မဆီမဆိုင် စွပ်စွဲခံရပြီး ပါဝင်ခဲ့ရသူ တစုံတယောက်များရှိခဲ့မယ် ဆိုရင် သူတို့ကို အကောင်းမွန်အမျှတဆုံး တရားစီရင်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီလောကကြီးနဲ့ သင်တို့အားလုံးကို ကျွန်မ ခွဲခွာ သွားတော့မှာမို့ သင်တို့အားလုံး ကျွန်မအတွက် ဆုမွန်ကောင်းတောင်းပေးကြဖို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ တောင်းဆိုပါရစေ … အို … အရှင် တပည့်တော်မအပေါ် ကရုဏာထားတော်မူပါလော့ … အို ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ်အား အပ်နှင်းပါ၏ …”

အန်း(န်) မိဘုရားကြီးဟာ အဲမင်းန် သားမွေးခြုံထည်လေးကို ဖယ်ရှားပြီး ခေါင်းစွပ်ကို မ,လို့ ဆံပင်ကို စည်းနှောင်ထား လိုက်ပါတယ်။ ငိုကြွေးနေကြတဲ့ အပျိုတော်၊ ရံရွေတော်တွေကို နှုတ်ဆက်ပြီး ဆုတောင်းပတ္တနာပြုပေးဖို့ ပြောကြားရင်း ဒူးထောက်ထိုင်ချလိုက်ပါတယ်။ ရံရွေတော်တယောက်က သူ့မျက်လုံးတွေကို အဝတ်စည်းပြီး ပိတ်ပေးလိုက်ပါတယ်။ အန်း(န်)ဟာ ဒူးထောက်တဲ့နေရာမှာ ပြင်သစ်ပုံစံနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း မတ်ထားပြီး ဒူးထောက်တာ ဖြစ်ပါတယ်။ “ယေရှုသခင် … တပည့်တော်မ၏ ဝိညာဉ်အား လက်ခံတော်မူပါ … အို အရှင် ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ် အပေါ် ကရုဏာထားတော်မူပါလော့ …” လို့ နောက်ဆုံး ဆုတောင်းစကားကို ထပ်ခါတလဲလဲ ရေရွတ်နေရင်းနဲ့ပဲ ဓားရောင် တချက် ဝင်းကနဲအလက်မှာ အန်း(န်)ရဲ့ ဘဝလည်း အဆုံးသတ်သွားရပါတော့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး လျှောက်သွားနေတဲ့ အန်း(န်)ကို တွေ့လိုက်ရတဲ့ အစောင့်တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် လင်းအားကြီးအချိန်တွေမှာပါတဲ့။ အန်း(န်)တစ္ဆေဟာ လန်ဒန်မျှော်စင် အကျဉ်းထောင်ကြီးရဲ့ နာမည်ကျော် တစ္ဆေဒဏ္ဍာရီတွေထဲမှာ ထင်ရှားတဲ့ ဇာတ်ကောင်တကောင်ပါပဲ။
သမီးတော်လေး အဲလစ်ဇဘက် ဘုရင်မကြီးအဖြစ် နန်းတက်လာပြီးချိန်မှာတော့ အင်္ဂလိပ်သမိုင်းပညာရှင် ဂျွန်ဖော့က်စ် ကနေတဆင့် မယ်တော်ကို English Reformation ရဲ့ အာဇာနည် သူရဲကောင်းမယ်အဖြစ် ချီးမြှင့်မြှောက်စား ရေးသားစေခဲ့ပါတယ်။
ညှဉ်းပမ်းနှိပ်စက်မှုတွေကနေရရှိတဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရင်း သေခြင်းတရားကို စောင့်မျှော်နေရချိန်မှာ ရေးသားခဲ့တဲ့ အန်း(န်)ရဲ့ ကဗျာလေးကို ခံစားကြည့်ကြပါဦး … မူရင်းကိုပါ ခံစားနိုင်အောင် ထည့်ပေးလိုက်ပါတယ်။


သိပ်ပါလော့ အို-မရဏ

အို မရဏ၊ ငါ့အားလှုပ်ယမ်း
သိပ်စမ်းပါလော့၊ ဖျော့ဖျော့ငြိမ်ဆိတ်၊
နားမှိတ်စက်ရာ၊ ခေါ်ပါဆောင်ကြဉ်း၊
ငါ့ကိုနှင်းလော့၊ နွမ်းလျော့ပင်ပန်း
ကြေနွမ်းညိုညစ်၊ အပြစ်ကင်းစင်၊
ငါ့ဝိညာဉ်ကို၊ သတိသိုထား၊
ရင်ခွင်ကြားမှ၊ ခွဲသွားထွက်ခွာ၊
သွားစေပါတော့။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

ငါ့နာကျင်မှု၊ စာရတုဖြင့်၊
ဖွဲ့စုပုံတူ၊ အဘယ်သူသည်၊
ဖော်နိုင်မည်နည်း၊ ငိုညည်းမြည်ကြွေး၊
အလိုလေးတ၊ ပြင်းပြသည်းထန်၊
ငါ့ဒဏ်ရာတွေ၊ သေလုမျောပါး၊
ခွန်အားမဲ့ကင်း၊ ပျက်ယွင်းတန်ဖိုး၊
သက်ဆိုးရှည်ရန်၊ မဖန်တီးပါ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ငါ့အားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

နရသိန်ထဲ၊ တကိုယ်တည်းပင်၊
ဖောက်လွဲကြမ်းတမ်း၊ ငါ့လမ်းဆုံးအား၊
စောင့်စားနေ၏၊ ပီဘိကြမ်းကြုတ်၊
စက်ဆုပ်ဝမ်းနည်း၊ ကြေကွဲလွမ်းဇာတ်၊
ဤဖြစ်ရပ်တွက်၊ ရက်စက်နာကျင်၊
ဖြစ်အင်ဖန်ဖန်၊ ထိုက်တန်သလော၊
မောလျကိုယ်စိတ်၊ ထိတ်လန့်နွမ်းကြေ၊
မပြေကြမ်းတမ်း၊ ငါမြည်းစမ်းရန်၊
ထိုက်တန်သလော၊ တွေးတောဖွေရှာ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

နှုတ်ဆက်ခဲ့သည်၊ အတိတ်ဆီမှ၊
ကြည်နူးမှုများ၊ ချန်ထားရင်းဆို၊
ကြိုဆိုပါသည်၊ ပွေလီပူလျ၊
ပစ္စက္ခမှ၊ ပြင်းပြသက်ငင်၊
နာကျင်မှုများ၊ ခံစားလန့်ထိတ်၊
ကိုယ်စိတ်နှစ်ဝ၊ ဒုက္ခတရား၊
တိုးပွားလာနေ၊ မရှေ(ရှည်)အသက်၊
ရေပွက်ပမာ၊ တသက်လျာထင့်။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငိုကြွေးမှားယွင်း၊
ငါ့သေခြင်းတွက်၊ ဆိုတင်းထုတ်အန်၊
ခေါင်းလောင်းသံညင်း၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

ယခုငါသည်၊ သေခြင်းဆီသို့၊
သွားမည်နောက်ဆုံး၊ ငါ့နိဂုံးကို၊
ယူကျုံးမရ၊ တသ,သနှင့်၊
ဖွဖွဆိုညည်းရစ်ပါလေ။ ။

အန်း(န်)ဘိုလင်း (Anne Boleyn – Marquess of Pembroke)
ပန်းမ်ဘရွတ်ခ် မြို့စား နှင့်အင်္ဂလန်မိဘုရားကြီး (၁၅၃၃-၁၅၃၆)

O Death! rocke me asleep

O Death! rocke me asleep;
Bringe me to quiet reste;
let pass my weary, guiltles ghost
out of my carefull brest.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.

My paynes, who can expres?
Alas! they are so stronge
my dolor will not suffer strength
my lyfe for to prolonge.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
for I must dye;
there is no remedie.

Alone, in prison stronge,
I wayte my destenye.
Wo worth this cruel hap, that I
should taste this miserie!
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.

Farewell! my pleasures past;
welcum! my present payne.
I fele my tormentes so increse
that lyfe cannot remayne.
Toll on, the passinge-bell;
rong is my dolefull knell;
for the sound my dethe doth tell.
Death dothe drawe ny;
there is no remedie.

Sound my end dolefully
for now I dye.

Anne Boleyn – Marquess of Pembroke and Queen Consort of England (1533-1536)


Anne Boleyn in the Tower by Edouard Cibot (1799–1877)

Photo credit: http://speedy.theanneboleynfiles.com/wp-content/uploads/2009/05/anneboleyninthetower2-278x300.jpg


ဟယ်ရီလွင်

Read More...

Monday, 6 January 2014

ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်နံရံမှ ဆောင်ပုဒ်များ

ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်နံရံမှ ဆောင်ပုဒ်များ ... ဟုပြောကြသည့်စာများကို သံပေါက်အသွင်ဖြင့် ဘာသာပြန်ထားပါသည် ...

၁) ယခုအိပ်ပါ၊ အိပ်မက်သာ၊ ပေါ်လာပေလိမ့်မည်။
ယခုလေ့ကျက်၊ အားအင်ဆက်၊ အိပ်မက်ကောင်ထည်ပေါ်လိမ့်မည်။

၂) ကျွန်ုပ်ကုန်လာ၊ ယနေ့တာ၊ ဘယ်ရာဖြစ်သနည်း။
ရှုံးသူမနော၊ တောင်းခံသော၊ မျှော်မောနက်ဖြန်ဖြစ်လေ၏။

၃) နှောင်းလေပြီသာ၊ သင်ထင်ရာ၊ ချိန်ခါစောဆုံးဖြစ်သတည်း။

၎) ခုထ,လုပ်ပါ၊ နက်ဖြန်ခါ၊ ဆိုကာအချိန်မဆွဲနှင့်။

၅) သင်အံစေ့ငု၊ ပင်ပန်းမှု၊ ယခုခဏတာလျှင်တည်း။
သင်အံမပြု၊ ပင်ပန်းမှု၊ လူ့တဘဝစာလျှင်တည်း။

၆) လေ့လာဖို့မြဲ၊ ချိန်မနည်း၊ ဇွဲနှင့်လုံ့လနည်းခြင်းသာ။

၇) ချမ်းမြေ့ပျော်လတ်၊ ဆင့်သတ်မှတ်၊ ရတတ်လျှင်လည်း ရကောင်းမည်။
သို့စေတမင်း၊ အောင်မြင်ခြင်း၊ အလျဉ်းအဆင့်ရှိလေသည်။

၈) သင်အံလေ့လာ၊ ဘဝမှာ၊ ဤဟာတခုတည်းမဟုတ်။
သို့ပင်ဖြစ်ငြား၊ မကျော်လွှား၊ ဘာများသင်ကျော်နိုင်မည်နည်း။

၉) ပင်ပန်းရှောင်ကျဉ်၊ မရလျှင်၊ ပျော်ရွှင်ရင်ဆိုင်ခံစားပါ။

၁၀) ခပ်စောစောထ၊ ကြံ့ခံပြ၊ သင်ရယူလော့ အောင်မြင်မှု။

၁၁) ပြင်းပြမာန်ဟုန်၊ လုံ့လဂုဏ်၊ ပြည့်စုံထိန်းချုပ် စိတ်နှင့်ရုပ်။
ဤဂုဏ်ကင်းမူ၊ အောင်ပန်းချူ၊ လွယ်ကူမရ မည်သူမျှ။

၁၂) ကာလရထား၊ အချိန်များ၊ ဖြတ်သွားကုန်ဆုံးလွယ်လွန်းသည်။

၁၃) ယနေ့ယိုကျ၊ သွားရည်စ၊ စီးကျသွားမည် ဘယ်ဝယ်ဆီ၊
စီးလိမ့်အမှန်၊ မနက်ဖြန်၊ တဖန်မျက်ရည်စများဆီ။

၁၄) ပြင်းထန်ပင်ပန်း၊ သင်ယူလှမ်း၊ စည်းကမ်းလိုက်နာ ကစားပါ။

၁၅) ယနေ့လှမ်းခြေ၊ ရပ်လိုက်လေ၊ ပြေးပေဦးတော့ နက်ဖြန်တွင်။

၁၆) ရင်းနှီးမြှုပ်နှံ၊ နောင်ခါယံ၊ အမှန်မြင်သူစင်စစ်တည်း။

၁၇) ပညာဂုဏ်အင်၊ ဝင်ငွေပင်၊ အသွင်တူညီ၏။

၁၈) ယနေ့ဆိုတာ၊ ဘယ်သောခါ၊ ပြန်လာလိမ့်မည်မဟုတ်ပေ။

၁၉) ခုချိန်ထိငြား၊ ပြိုင်ဘက်များ၊ မနားစာရွက်လှန်တုန်းပင်။

၂၀) အနာခံမှ၊ သာစံရ၊ မှတ်ကြရှေးစကား။

ဟယ်ရီလွင်

1. Sleep now, Dream will come out; Study now, Dream will come true.
2. My wasteful today is the tomorrow those losers begging for.
3. The earliest moment is when you think it's too late.
4. Better do it today than tomorrow.
5. The pain of study is temporary; the pain of not study is lifelong.
6. You do not lack time to study, you are lacking the efforts.
7. There might not be a ranking of happiness but there is surely a ranking of success.
8. Study is one but not the only component of your life, but if you cannot even overcome this single component, what can you overcome?
9. Please enjoy the pain if it is unavoidable.
10. Get up early, Grind out hardy, Gain on success.
11. Nobody succeeds easily without complete self-control and strong perseverance.
12. Time pass by.
13. Today's slaver will drain into tomorrow's tear.
14. Study like a Dog; Play like a gentleman.
15. Stop walking today and you'll have to run tomorrow.
16. People who invest the future are the true realists.
17. Education equals income.
18. Today never comes back.
19. Even at this very moment your competitors will not stop flipping pages.
20. No pain, No gain.

ကျေးဇူးတင်ပါသည်
ဟယ်ရီလွင် —

Read More...

Sunday, 15 April 2012

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ကျနော် ခပ်ငယ်ငယ် အသိမကြွယ်သေးချိန်
မန္တလေးနဲ့ အလှမ်းဝေးလွန်းတဲ့အရပ်
နေ့ကလေးအမှတ်လို ချစ်စရာကောင်းလှတဲ့
ဗမာမလေးတယောက်ကို နှလုံးသားပုံအပ်။

ရွှေဝါရောင်အသားနဲ့ ဖိတ်ဖိတ်လက် မဟူရာဆံနွယ်
သွားလေးတွေက ဆင်စွယ်ရောင်ပမာ
ကျနော် ပြောလိုက်မိတာက ... “ငွေစ နှစ်ဆယ် ပေးမယ်
မိန်းကလေးရယ် ... ကိုယ်နဲ့ လိုက်အိပ်ပါ”

အကြည့်တချက် ... စင်ကြယ်လွန်း ကြေကွဲစရာကောင်းလွန်းလှ
ရှင်သန်နေတဲ့ ချစ်ဖို့အကောင်းဆုံးအရာကွယ့်
သည့်နောက်မှာ မသဲမကွဲ သူ့ အပျိုစင်အသံ
နှစ်ဆယ့်ငါးစ ရမှ လို့ တင်းခံနေလေရဲ့ ...

Eric Blair (George Owell)Ironic Poem about Prostitution ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ခိုင်စိုးလင်းလုပ်တဲ့ "အပြာရောင်ဝန်ဆောင်မှု (Bluish Business)" စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... ခပ်ရှင်းရှင်းပြောရရင်တော့ "ဖာ" အကြောင်းချည်းရေးထားကြတာပါ ...

ဖတ်ချင်ရင် ဒီမှာ Download ဆွဲယူလို့ရပါတယ် ...

http://www.mediafire.com/?2zmblq2hqocy4qt

ဟယ်ရီလွင်

Read More...

Thursday, 29 March 2012

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းနဲ့ လမင်းရောင်

Henry Wadsworth Longfellow ရဲ့ ကဗျာနောက်တပုဒ် ဒေါ်လေးမေ (မေဓာဝီ) ဆီက ဖတ်ရပြန်တာနဲ့ ကြိုက်လို့ ဘာသာပြန်ကြည့်မိပါတယ် ... အရင်ဆုံး လေးလုံးစပ်နဲ့ ပြန်ကြည့်လိုက်ပါတယ် ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းထဲ၊ မွန်းတည့်ဆဲမှာ၊
စန္ဒာလမင်း၊ ရွက်လွှင့်ရင်းသွား၊
မိုးဖျားမှာတွေ့၊ မနေ့ကပေါ့၊
ဖြူလျော့လျော့နဲ့၊ မှေးဖျော့မှိန်လျား၊
ကျောင်းသားငယ်ရဲ့ စက္ကူစွန်။

နေ့အလင်းချီ၊ မနေ့ဆီက၊
ထွေလီဆန်းပြား၊ ဖမ်းစားညှို့ငင်၊
ကဗျာရှင်ရဲ့၊ မှော်ဝင်လက်ရာ၊
ဖတ်ကာတွေးထင်၊ စိတ်ဘဝင်မှာ၊
ဝိညာဉ်လေလား၊ တစ္ဆေလား။

သို့ပေသော်လည်း၊ ဖျားနာဆဲနေ့၊
ကြာညောင်းရွေ့လျင်၊ ရမ္မက်အင်လို၊
သက်ငင်ဆုံးပါး၊ ပျောက်သွားပြီးချိန်၊
ညခင်းမှိန်မှိန်၊ အေးငြိမ်ရိပ်ဖုံး၊
တောင်ကုန်းရွာငယ်၊ တောင်ကြားဆွယ်သို့၊
ကြွေလှယ်သက်ဆင်းလာခဲ့ပြီ။

ထိုနောက်တဖန်၊ ညခင်းယံကို၊
လျှံထွက်သွားအောင်၊ ကိုယ်ရောင်ထင်ပြ၊
ဝင်းပပနှင့်၊ လမင်းပျိုမေ၊
ဂုဏ်သရေဖိတ်၊ ဝိညာဉ်စိတ်လား၊
ဝံ့ကြွားဂုဏ်ယူ၊ အလင်းမြူဖြင့်၊
လောင်းယူဖြည့်သွန်းလိုက်လေပြီ။

ဤမှာနောက်တွင်၊ ကဗျာရှင်၏၊
ချိုလွင်တေးသံ၊ တဖန်စီးမျော၊
ဦးနှောက်ကြောကို၊ သာမောဂီတ၊
ဖြတ်သန်းကြလျှင်၊ ညလွင်ပြင်ယံ၊
ဘာသာပြန်မိ၊ ကြည့်လိုက်သည့်ချိန်၊
သိမ်မွေ့နက်နဲလေဘိခြင်း။ ။

ကျနော် အားသန်တဲ့ လေးလုံးစပ်ရေးနည်းနဲ့ ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာဖြစ်ပေမဲ့ စိတ်ထဲမှာ သိပ်ဘဝင်မကျမိပါဘူး ... တခုခုလိုနေသလို ခံစားရတာနဲ့ ရိုးရိုးပဲ ကာရန်မပါဘဲ ပြန်ရေးကြည့်ပါတယ် ... ခေတ်ပြိုင်ကဗျာလိုပေါ့လေ ... မူရင်းကဗျာထဲက နိမိတ်ပုံတွေကြောင့်လားတော့ မသိဘူး ... အဲဒါကို စိတ်ထဲ ပိုအားရသလိုလို ရှိမိပါတယ် ... ဖတ်ကြည့်ကြပါဦး ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့ခင်းကြောင်တောင် မွန်းတည့်ချိန်ကြီးမှာ
မြင့်မြင့်မားမား ရွက်လွှင့်သွားတဲ့ လမင်းကို
မနေ့က မြင်လိုက်တယ်
ဒါပေမဲ့ ဖျော့တော့တော့ ဖြူလျော်လျော်
ကျောင်းသားငယ်လေးရဲ့ စက္ကူစွန်လို ...

မနေ့တုန်းက နေ့ခင်းကြောင်တောင်
ကဗျာဆရာရဲ့ ဂမ္ဘီရအဖွဲ့အနွဲ့ကို ဖတ်မိတာ
တစ္ဆေလိုလို ဝိညာဉ်လိုလို
ငါ့မှာ ဖြစ်တော့မလောက် ...

ဒါပေမဲ့လည်း နာမကျန်းတဲ့နေ့ဟာ ကြာညောင်းလာတော့
ရမ္မက်တခုလိုပဲ သေဆုံးသွားလေရဲ့ ...
ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ ညလေးက
တောင်ကုန်း ... တောင်ကြားနဲ့ ရွာလေးပေါ် သက်ဆင်းလာခဲ့။

ပြီးတော့ အသရေတင့်တဲ့ စိတ်ဝိညာဉ်တခုပမာ
လမင်းပျိုဟာ ဂုဏ်ယူဝံ့ကြွားစွာ နဲ့
သူ့အလင်းတွေ ကိုယ်ထင်ပြလို့
ညကို လျှံထွက်သွားအောင် သွန်းလောင်းဖြည့်လိုက်ရဲ့ ...

အဲဒီနောက် ကဗျာဆရာရဲ့ တေးသံက
ငါ့ဦးနှောက်ကို ဂီတတံတျာလို တဖန်ဖြတ်သန်းစီးမျောလာပြန်တော့
ညကို ဘာသာပြန်ကြည့်ရတာ
သိမ်မွေ့နက်နဲလိုက်တာကွယ် ...

ဒါက ကျနော့်စိတ်ထဲ ဖြစ်နေတာကို ပြောပြတာပါ ... ဖတ်တဲ့သူကတော့ ဒီနှစ်ခု ယှဉ်ဖတ်ရင် ဘယ်ဟာကို ပိုကြိုက်မလဲ မသိပါဘူး ...
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Daylight and Moonlight"

In broad daylight, and at noon,
Yesterday I saw the moon
Sailing high, but faint and white,
As a schoolboy's paper kite.

In broad daylight, yesterday,
I read a poet's mystic lay;
And it seemed to me at most
As a phantom, or a ghost.

But at length the feverish day
Like a passion died away,
And the night, serene and still,
Fell on village, vale, and hill.

Then the moon, in all her pride,
Like a spirit glorified,
Filled and overflowed the night
With revelations of her light.

And the Poet's song again
Passed like music through my brain;
Night interpreted to me
All its grace and mystery.

Written by Henry Wadsworth Longfellow (1807-1882)

ဘယ်ဟာကိုပဲကြိုက်ကြိုက်၊ နှစ်ခုလုံးမကြိုက်တာပဲဖြစ်ဖြစ် ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျ ...

ဟယ်ရီလွင်

Read More...

Friday, 10 February 2012

ဖေဖော်ဝါရီ မွန်းတိမ်း

ဖေဖော်ဝါရီ မွန်းတိမ်း

Henry Wadsworth Longfellow ရဲ့ ကဗျာတွေ ဒေါ်လေးမေ (မေဓာဝီ) တင်နေတာနဲ့ ဖတ်ဖြစ်ပါတယ် ... အရင်ဆုံး ဖတ်လိုက်မိတာက "Afternoon in February" ပါ ... အဲဒါလေးကို ဖတ်မိပြီး အတော် သဘောကျသွားတာနဲ့ ဘာသာပြန်ပြီး ရေးမိပါတယ် ... အချိုးတွဲပုံစံလေး ပါ ... ဒွေးဆစ်လေးတွေ တွဲပြီး ရေးလိုက်တာပါ ...

ဖေဖော်ဝါရီ မွန်းတိမ်း

နေ့အကုန်၊
ညဦးရုံ ခုန်အဆင်း။
စိမ့်မြေတို့ အေးခဲပျစ်၊
မြစ်သေတစင်း။

တိမ်လွှာတို့ ပြာမှုန်သွင်၊
နီရဲလွင် နေမင်း။
ဇနပုဒ် ပြတင်းထက်၊
လင်းလက်ဘိခြင်း။

နှင်းမြူခဲ တဖန်ပြန်၊
ခြံစည်းရိုး မြုပ်ကွယ်ပျောက်။
လွင်ပြင်ထက် လမ်းမကျယ်၊
ဘယ်ဝယ်ဆီရောက်။

ကြောက်စရာ့ ရိပ်လှိုင်းသွင်၊
မြက်ရိုင်းပြင်ထဲမှာလား။
လေးတွဲ့တွဲ့ ဖြတ်ကျော်လာ၊
မသာရထား။

ခေါင်းလောင်းသံ လွင်၊
ရင်တွင်းစိတ်ပေါင်း။
ခြောက်ခြားဖွယ် တုံ့ပြန်ကြ။
မရဏခေါင်းလောင်း။

အရိပ်ဆိုး ထပ်ကြပ်ပါ၊
အသည်းနာ ကြေကွဲ၊
ဈာပန ခေါင်းလောင်းကြိုး၊
ရင်တွင်း ထိုးဆဲ။ ။


မမေကိုလည်း ဘာသာပြန်ပါလို့ ပြောလိုက်ပါတယ် ... အဲဒါကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလေရဲ့ ... (အဲ့ဒီ အပျိုကြီးဟာ အမြဲတမ်း အဲဒီအတိုင်းပဲ ... ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ... ပြောလိုက်ရင်) ဒါပေမဲ့ နောက်ဆုံးတော့ သူပြန်လိုက်တာက ကျနော့် ကဗျာထက်တောင် ပိုကောင်းနေသေးရဲ့ ... အမှန်အတိုင်းပြောရရင် ဒေါ်လေးမေ လေးလုံးစပ်နဲ့ ဘာသာပြန်ရေးထားတဲ့ ကဗျာကို ကျနော်ကိုယ်တိုင် ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာထက် ပိုကြိုက်ပါတယ် ... ခံစားကြည့်နိုင်ကြဖို့ အောက်မှာ တင်ပေးလိုက်ပါတယ် ... မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ် ...



ဖေဖော်ဝါရီ မွန်းလွဲချိန်

တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ အို … မြစ်သေ … ။

တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေဝင်ဆည်းဆာ
အာကာပြင်ထက် မှိန်ပြိုးပြက် … ။

ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ နှင်းမွေ့ယာ … ။

မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား မသာ ရထား … ။

ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး ခေါင်းလောင်းထိုး … ။

ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန် ခေါင်းလောင်းသံ … ။ ။

(မေဓာဝီ)

မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Afternoon in February"

The day is ending,
The night is descending;
The marsh is frozen,
The river dead.

Through clouds like ashes
The red sun flashes
On village windows
That glimmer red.

The snow recommences;
The buried fences
Mark no longer
The road o'er the plain;

While through the meadows,
Like fearful shadows,
Slowly passes
A funeral train.

The bell is pealing,
And every feeling
Within me responds
To the dismal knell;

Shadows are trailing,
My heart is bewailing
And tolling within
Like a funeral bell.

Written by Henry Wadsworth Longfellow (1807-1882)


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Tuesday, 18 October 2011

တွေး

တွေးကြည့်စမ်းပါ ... မိုးတိမ်တွေ ယိုစီးကျလာတယ်
ဥယျာဉ်ထဲ တွင်းတတွင်း တူးလိုက်လေ
သူတို့ကို ထည့်ဖို့ ....

ဒီ စာသားလေးကတော့ ကမ္ဘာကျော် Imagine သီချင်းကို မွေးဖွားလာစေဖို့ John Lennon ရဲ့ အာရုံကို နှိုးဆွပေးလိုက်တဲ့ စာသားလေးတွေပါ ... ၁၉၆၃-ခုနှစ်၊ နွေဦးရာသီမှာ ထုတ်ဝေတဲ့ Yoko Ono ရဲ့ Grapefruit ဆိုတဲ့ စာအုပ်ထဲက Cloud Piece ဆိုတဲ့ ဆုံးမစာဆန်ဆန်ကဗျာလေးထဲက စာကြောင်းလေး သုံးကြောင်းပဲ ဖြစ်ပါတယ် .... မူရင်းစာသားက ဒီလိုပါ ...

"Imagine the clouds dripping.
Dig a hole in your garden to
put them in."
(Grapefruit - Yoko Ono)

အဲဒီကနေ ပေါက်ဖွားလာခဲ့တဲ့ Imagine ဟာ "အနီ" ဆန်ပေမဲ့လည်း သီချင်းအနေနဲ့တော့ ကျနော့်အသည်းစွဲဖြစ်ပါတယ် ... ဒါကြောင့် ဘာသာပြန်ပြီး ကဗျာအဖြစ် ရေးကြည့်မိပါတယ် ...

တွေး

တွေးကြည့်စမ်းပါ၊ နတ်ရွာမရှိ၊
ကြိုးစားကြည့်လေ၊ လွယ်ပေမည်ပဲ၊
မြေအောက်ထဲဝယ်၊ ငရဲနတ္ထိ၊
တို့၏ထက်တွင်၊ ကောင်းကင်သာရှိ၊
တွေးကြည့်ပါလား၊ လူသားအားလုံး၊
လှုပ်ရှားရုန်းကန်၊ ရှင်သန်နေကြ၊
ဒီဘဝသာ ပစ္စုပ္ပန်။

တွေးကြည့်စမ်းပါ၊ ပြည်ရွာမရှိ၊
လုပ်ကြည့်ဖို့လည်း၊ မခက်ခဲလှ၊
သတ်ကြသေကြေ၊ ဘာတွက်လေမှ၊
သေရာအကြောင်း၊ မရှိကောင်းဘူး၊
ခညောင်းကိုးကွယ်၊ ဘာသာရယ်လည်း၊
ဒီမယ်မရှိ၊ တကယ်ကြည့်လေ၊
လူတွေအားလုံး၊ ပေါင်းရုံးဝေခြမ်း၊
ငြိမ်းချမ်းယှဉ်တွဲ ဘဝထဲ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် တဘုံတည်း။

တွေးလေကြည့်ရှု၊ ပိုင်ဆိုင်မှုကင်း၊
စဉ်းစားကြည့်လေ၊ ဖြစ်နိုင်ပေစွ၊
လောဘတဏှာ၊ ဆာလောင်ရမ္မက်၊
တပ်မက်မှုကင်း၊ ညီနောင်ရင်းသို့၊
ခပင်းလူပေါင်း၊ ခညောင်းမေတ္တာ၊
တွေးကြည့်ပါလေ၊ လူတွေအကုန်၊
လောကီဘုံအား ...
ပေါင်းခြုံဝေမျှစံစားနေ။

အိပ်မက်နဲ့ရူး၊ စိတ်ကူးသမား၊
ထင်မှားငါ့ကို၊ ဆိုချင်ဆိုစေ၊
သို့ပေသော်လည်း၊ တယောက်တည်းငါ၊
မဟုတ်ပါ၍၊ တနေ့တော့လေ၊
သင်တို့တွေလည်း၊ မသွေပူးပေါင်း၊
စိတ်ပြောင်းလာမည်၊ ငါမျှော်ရည်၏၊
ဤကမ္ဘာသည် ဘုံရိပ်သာ။ ။

ဒီသီချင်းဟာ Beatles အဖွဲ့အနေနဲ့ မဟုတ်ဘဲ John Lennon ရဲ့ ဒုတိယမြောက် တကိုယ်တော် (Single album) တေးစီးရီးအဖြစ် ၁၉၇၁-ခုနှစ်မှာ ထုတ်ဝေထားတာပါ။ စီးရီးခေါင်းစဉ်ကလည်း Imagine ပါပဲ။ သူကိုယ်တိုင် Piano တီးပြီး ဆိုထားတာမို့ သူ့ရဲ့ Piano လက်သံကိုပါ တပါတည်း နားဆင်နိုင်တဲ့ စီးရီးဖြစ်ပါတယ်။

Imagine ကို ကွန်မြူနစ်တွေရဲ့ "နိုင်ငံတော်သီချင်း" လို့တောင် ဝေဖန်ကြသူတွေရှိသလို ဒါဟာ သူ့အမြင်၊ သူ့ဒဿန သက်သက်ပါလို့ပြောကြတဲ့သူတွေလည်း ရှိပါတယ် ... John Lennon ရဲ့ အပြောင်မြောက်ဆုံး လက်ရာလို့ အများစုက ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ကြပါတယ်။ John Lennon ကိုယ်တိုင်ကတော့ ဒီသီချင်းနဲ့ ပတ်သက်လို့ ...
"Imagine ဟာ ဘာသာအယူဝါဒ၊ အမျိုးသားရေးဝါဒ၊ ရိုးရာအစဉ်အလာ၊ အရင်းရှင်ဝါဒတွေအားလုံးကို ဆန့်ကျင်ထားပါတယ်။ ဒါပေမဲ့လည်း 'သကြားဖုံး' ထားတော့ လက်ခံကြတာပါပဲ ..." လို့ ပြောခဲ့ပါတယ်။

တခါ ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ၁၉၈၀-ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ " ... 'နိုင်ငံတွေ ဘာသာတွေမရှိတဲ့ကမ္ဘာတခုကို တွေးကြည့်ကြပါ' လို့ Imagine သီချင်းနဲ့ ကျနော်တို့ တောင်းဆိုထားပါတယ် ... ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့သဘောပါ ..." လို့ အင်တာဗျူးလုပ်တဲ့ David Sheff ကို ဖြေထားပြန်ပါတယ် ...

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သဟဇာတအတွက် သူ့ရဲ့အာသီသကို စာသားပိုင်းမှာရော ဂီတပိုင်းမှာရော Imagine ဟာ ရိုးရိုးရှင်းရှင်းလေး ထင်ဟပ်ဆောင်ကြဉ်းလာတယ် လို့လည်း ဆိုပါတယ် ...

ဒီသီချင်းနဲ့ ပတ်သက်လို့ ၂၀၀၆-ခုနှစ်မှာ အမေရိကန်သမ္မတကြီး ဂျင်မီကာတာ က "ကမ္ဘာ့နိုင်ငံအများကြီးမှာ - ကျနော်နဲ့ ကျနော့်ဇနီး နိုင်ငံပေါင်း ၁၂၅-နိုင်ငံလောက် လှည့်လည်သွားရောက်ခဲ့ဖူးသမျှမှာတော့ ဂျွန်လင်နွန်ရဲ့ Imagine သီချင်းသံကို နိုင်ငံတော်သီချင်းတမျှ ဖွင့်နေကြတာကို ကြားရပါလိမ့်မယ် ..." လို့တောင် မှတ်ချက်ချခဲ့ရပါတယ် ...

John Lennon မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိဖြစ်တဲ့ လီဗာပူးမြို့ရဲ့ "လီဗာပူးဂျွန်လင်နွန်လေဆိပ်" ရဲ့ ဆောင်ပုဒ်ကတော့ "Above Us Only Sky" ပါတဲ့ ... Imagine ရဲ့ ပထမအပိုဒ်က စာသားလေး ဖြစ်ပါတယ် ...

မူရင်းစာသားကိုပါ ခံစားနိုင်အောင် မျှဝေလိုက်ပါတယ် ...

Imagine

Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world...

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one ...

သီချင်းကို နားဆင်လိုရင်တော့ ဒီမှာပါ ....


 John Lennon - Imagine .mp3
Found at bee mp3 search engine

ကဲ ... John Lennon နဲ့ အတူ တွေးကြည့်လိုက်ကြရအောင်လား ..

ဟယ်ရီ

Read More...

Sunday, 16 October 2011

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

ဒီကဗျာလေးက ကျနော် ဘာသာပြန်ထားတဲ့ ကဗျာဖြစ်ပါတယ် ... မူရင်းကဗျာက There Will Come Soft Rains ... ရေးဖွဲ့သူက Sara Teasdale ပါ။ 1920 က ထုတ်ဝေတဲ့ သူ့ရဲ့ Flame and Shadow ကဗျာစာအုပ်ထဲကလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ကျနော် အင်္ဂလိပ်ကဗျာတွေ သိပ်ဖတ်လေ့မရှိပါဘူး ... ကဗျာဆိုတာက စကားလုံးအဓိကမို့ မူရင်းဘာသာစကားက ကိုယ့်မိခင် ဘာသာစကားမဟုတ်တဲ့အတွက် အပြည့်အဝ ခံစားလို့ မရနိုင်တာကြောင့်ပါ ...

ဒီကဗျာကိုတော့ Facebook Group တခုဖြစ်တဲ့ Meet the Poetry Group က ကျနော့်မိတ်ဆွေကြီး ကိုခွန်းချို
(Khun Cho) က ပို့စ်တခုမှာ မိတ်ဆက်ရေးထားတာလေး တွေ့တာနဲ့ ဖတ်ကြည့်မိရင်း သဘောကျသွားပါတယ် ... 'There Will Come Soft Rains' ဆိုတဲ့ဝတ္ထုတိုလေးထဲမှာ မျက်နှာကျက်စက်ရုပ်က အဲဒီကဗျာလေးကို အလိုအလျောက် ရွတ်ပြတဲ့ အရေးအသားတစ်ခု ကို သဘောကျသွားမိလို့ ဒီကဗျာလေးကို တင်ပေးတာလို့ ဆိုပါတယ် ... ဒါနဲ့ ဘာသာပြန်ချင်စိတ် ပေါက်လာလို့ ဘာသာပြန်ကြည့်ပါတယ် ...
ဒီလို ဘာသာပြန်ကြည့်တော့ ကျနော်တွေ့ကြုံခဲ့တာလေးတွေကို အရင်းအတိုင်း ဖောက်သည်ချချင်စိတ် ပေါ်လာတာနဲ့ နောက်ဆုံး အချောသပ် ကဗျာသက်သက်ကိုတင်မဟုတ်ဘဲ စရေးမိတဲ့ ပုံစံကနေ စပြီး အားလုံးကို ဝေငှတင်ပြလိုက်ပါတယ် ....
အရင်ဆုံးတော့ မော်ဒန်ပုံစံမျိုးဆန်ဆန် ဘာသာပြန်ရင်း ချရေးလိုက်မိတာက ဒီလိုပါ ...

မိုးဖွဲလေးတွေကျလာလိမ့်မယ်

မိုးဖွဲလေးတွေကျလာလိမ့်မယ်၊ မြေသင်းနံ့လေးတွေရောပေါ့
့ပျံလွှားငှက်တွေ ကျည်ကျည်ကျာကျာမြည်ရင်း လှည့်လည်ဝဲပျံကြ၊
ရေအိုင်ထဲက ဖားငယ်တွေလည်း ညအခါ တေးသီကြလိမ့်မယ်
မက်မန်းပင်ရိုင်းတွေက ဖြူဖျော့ဖျော့အလင်းအောက်
ရော်ဘင်တေးဆိုငှက်လေးတွေက မီးလျှံအမွှေးအတောင်တွေဝတ်ရုံရင်း
သံဆူးကြိုးစည်းရိုးနိမ့်နိမ့်တွေမှာ တေးချင်းတွေ ညည်းနေကြလိမ့်မယ်
သူတို့တွေ ဘယ်သူမှ စစ်ပွဲကို သိမှာမဟုတ်ကြပါဘူး
နောက်ဆုံးတော့ စစ်ပွဲကြီး ပြီးသွားပြီမှန်း ဘယ်သူမှလည်း ဂရုစိုက်ကြမှာမဟုတ်ပါဘူး
ငှက်တွေဖြစ်ဖြစ် သစ်ပင်တွေဖြစ်ဖြစ်
လူသားမျိုးနွယ်တခုလုံး အပြီးသတ်ချေမှုန်းခံလိုက်ရပြီမှန်းလည်း
ဘယ်သူမှ သတိထားမိကြမှာမဟုတ်ပါဘူး
နွေဦးပျိုမဟာ အရုဏ်ဦးမှာ နိုးထလာတဲ့အခါမှာလည်း
တို့တွေ မရှိတော့ပြီမှန်း သိနိုင်ခဲသားပါလားလေ .... ။ ။

ခေါင်းစဉ်ကိုတော့ ရိုးရိုးပဲ "မိုးဖွဲလေးတွေကျလာလိမ့်မယ်" ဆိုပြီး ပေးလိုက်ပါတယ် ... ဒါပေမဲ့ ဒီလိုရေးရတာ ကျနော့်စိတ်ထဲ ပေါ့နေသလို ဖြစ်နေပါတယ်။ ဒါနဲ့ ကာရန်ပါအောင် ရေးမယ်ဆိုပြီး စီနေရင်းနဲ့ အောက်က ကဗျာပုံစံမျိုး ဖြစ်သွားပါတယ် ...

မိုးဖွဲလေးတွေ စွေလာစဉ်

မိုးဖွဲလေးတွေ၊ စွေလာစဉ်၊ မြေသင်းနံ့တွေယဉ်၊
ပျံလွှားခင်တို့၊ ကျည်ကျာတေး၊ ပျံဝဲလှည့်လည်ကျွေး။
ရေအိုင်ထဲက ဖားငယ်တွေ၊ ညဥ့်ယံတေးသံချွေ၊
ဖြူဝေဖျော့လျ ကောင်းကင်အောက်၊ မက်မန်းရိုင်းတွေ ပေါက်။
မြေလူးငှက်တို့ မီးလျှံသွင်၊ မွှေးတောင်ဝတ်ရုံဆင်၊
ဆူးပြင်စည်းရိုး နိမ့်နိမ့်ထက်၊ တေးချင်းညည်းကာဆက်။
သူတို့အားလုံး မသိပေ၊ စစ်ပွဲဆိုတာလေ။
နောက်ဆုံးတော့လေ သည်စစ်ပွဲ၊ ပြီးလည်း မှုမဲ့ပဲ။
ငှက်နဲ့သစ်ပင် သိမမြင်၊ လူသားမျိုးနွယ်စဉ်၊
ကြမ္မာငင်လို့ ပျောက်ပျက်သွား၊ သူတို့ အလေးမထား။
နွေဦးပျိုမ နိုးထစဉ်၊ အရုဏ်ဦးနီလွင်။
တို့မျိုးစဉ်ဆက် ကွယ်ပျောက်ဝေး၊ သိမြင်ဖို့ခက်သေး။

ဒီတခါတော့ "မိုးဖွဲလေးတွေ စွေလာစဉ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတယ်။ တခါ ပြန်ဖတ်ကြည့်ပါတယ်။ ဒီတခါလည်း ကလေးကဗျာလို ဖြစ်နေတာနဲ့ သိပ်သဘောမတွေ့ပါဘူး ... ဘာဖြစ်လို့လဲ ဆိုတော့ မူရင်းကဗျာရဲ့ အနှစ်သာရ (main theme) က အလွန်လေးနက်နေလို့ပါ ... ဒါနဲ့ သူ့မူရင်းကဗျာဖွဲ့ပုံကို ပြန်ကြည့်မိပါတယ်။ ဒီတော့ တပိုဒ်မှာ နှစ်ပါဒစီကို အချအညီ (rhyming couplet) ရေးထားတဲ့ ၁၂-ကြောင်းကဗျာ (12-line poem with six stanzas) ဖြစ်နေတာကို တွေ့တာနဲ့ ဒွေးဆစ်ပုံစံ အချိုးတွဲ ပြောင်းရေးကြည့်တော့ ဒီလို ထွက်လာပါတယ် ...

မိုးဖွဲစွေ၊ မြေသင်းနံ့ကျဲ။
ပျံလွှားတွေကျည်ကျာမြည်ရင်း၊ လှည့်လည်ပျံဝဲ။
ရေအိုင်ဝယ်၊ ဖားငယ်တို့ ညဥ့်ယံတေး။
မက်မန်းရိုင်းပင်ပျိုတို့၊ ဖြူဖျော့စိုကောင်းကင်အောက်၊ ပေါက်ကြလိမ့်သေး။
မြေလူးငှက် မီးလျံသွင်၊ မွှေးတောင်ဆင် ဝတ်ရုံသွေး။
ဆူးကြိုးပြင်စည်းရိုးနိမ့်မှာ၊ တေးငြိမ့်သီကြွေး။
စစ်ပွဲတွေ၊ သူတို့လေ သိနိုင်ခဲ။
နောက်ဆုံးမှာ၊ ပျောက်ဆုံးကာ စစ်ရပ်စဲ၊ လေးမူမိဘဲ။
လူ့မျိုးနွယ်၊ တခုလုံးရယ် အပြီးသတ်၊ ပျက်သုဉ်းရပ်စဲ။
ငှက်နဲ့အပင်၊ တွေးစိတ်ဝင် ယှဉ်မမိ၊ သိမည်ဟုတ်ဘဲ။
နွေဦးပျို၊ နိုးထကြို အရုဏ်သွေး။
တို့မရှိပြီ၊ ပျို့အသိဆီ ဉာဏ်ထင်လျက်၊ မြင်ရန်ခက်သေး။

ဒါလည်း သိပ်စိတ်တိုင်းမကျသေးဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ခေါင်းစဉ် မစဉ်းစားတော့ပါဘူး။ ဒီမှာတော့ အဓိကအားဖြင့် စိတ်တိုင်းမကျ ဖြစ်နေတာက Rhythm ပါ ... Rhythm ကို မကြိုက်ဘူး ဖြစ်နေပါတယ် ... ဒါနဲ့ ပုံစံကို ဂရုမစိုက် တော့ဘဲ လင်္ကာသွားနဲ့ ပြောင်းရေးကြည့်လိုက်ပါတယ် ...

မိုးဖွဲလေးတွေ စွေလာလိမ့်မည်

မိုးဖွဲလေးတွေ၊ စွေလာလိမ့်မည်၊
မြေဆီသင်းနံ့၊ ပျံ့လိမ့်မည်ပင်၊
ငှက်လျင်ပျံလွှား၊ ဝဲပျံသွားရင်း၊
တေးသွားကျည်ကျာ၊ မြည်ပါလိမ့်သေး၊
ဖားငယ်တေးသီ၊ ရေအိုင်ဆီမှ၊
ညလည်ယံနော့၊ တေးကျော့သီငင်၊
မက်မန်းပင်ရိုင်း၊ ဖြူဖျော့ဆိုင်းလွင်၊
ကောင်းကင်နောက်ခံ၊ ပေါက်လိမ့်မှန်သည်၊
မီးလျှံဆင်သွေး၊ မွှေးတောင်လှထူး၊
ငှက်မြေလူးတို့၊ သံဆူးစည်းရိုး၊
နိမ့်မျိုးထက်ဝယ်၊ တေးသံသွယ်လျ၊
ဆိုပါကြသေး၊ သူတို့တွေးဝယ်၊
စစ်ပွဲဘေးရန်၊ မသိပြန်တည့်၊
ဖန်ဖန်ဆင်နွှဲ၊ သည်စစ်ပွဲလည်း၊
မလွဲသွေပျောက်၊ နောက်ဆုံးရောက်သော်၊
ပြီးပျောက်ပြေငင်၊ သိမမြင်တည့်၊
သစ်ပင် ငှက်များ၊ မှုမထားသည်၊
လူသားသိကြွယ်၊ လူ့မျိုးနွယ်ဇာတ်၊
ပြီးပြတ်ချေမှုန်း၊ ပျက်သုဉ်းပျောက်ကွယ်၊
စိတ်ဝယ်မှန်းဆ၊ မသိကြပေ၊
နွေဦးပျိုမ၊ အရုဏ်ပျ၌၊
နိုးထခဲ့စဉ်၊ တို့မျိုးစဉ်ဆက်၊
ပျက်ငင်ပြိုကွဲ၊ သုဉ်းပြတ်စဲကြောင်း၊
သူလည်းသိခဲပေလိမ့်မည်။ ။

အခုနောက်ဆုံး လင်္ကာသွားနဲ့ ရေးလိုက်တာကို ကျနော့်စိတ်ထဲ ဘဝင်အကျဆုံးမို့ ဒီကဗျာကိုပဲ နောက်ဆုံးအတည်အဖြစ်ယူပြီး တင်ဆက်လိုက်ပါတယ် ... မူရင်းကဗျာကိုပါ ဖတ်ရှုခံစားနိုင်အောင် တဆက်တည်း တင်ပေးလိုက်ပါတယ် .... ဖတ်တဲ့သူတွေအနေနဲ့တော့ ဘယ်ဟာကို အကြိုက်ဆုံးလဲ မသိဘူးပေါ့နော် ... ဘယ်ဟာမှ မကြိုက်တာလည်း ဖြစ်နိုင်ပါရဲ့ ... :D

There Will Come Soft Rains (By Sara Teasdale)

There will come soft rains and the smell of the ground,
And swallows circling with their shimmering sound;
And frogs in the pools singing at night,
And wild plum trees in tremulous white;
Robins will wear their feathery fire,
Whistling their whims on a low fence-wire;
And not one will know of the war, not one
Will care at last when it is done.
Not one would mind, neither bird nor tree,
if mankind perished utterly;
And Spring herself, when she woke at dawn
Would scarcely know that we were gone.

ကျနော်လေရှည်မိသမျှ သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

Read More...

Sunday, 2 October 2011

လမင်းပိုင်တဲ့ပန်း (Flor De Luna)

အို ကြာပွင့် ကုမုဒြာ
လရိပ်ဆမ်းဖြာ ပန်းပွင့်လာ
မဟူရာည တင့်တယ်ရာ၊
အပူဖြာသမျှ လွင့်ပြယ်သွား။
ဇာခြည်တန်းလွှမ်းခြုံ၊
နွမ်းအာရုံ ဝေးလွင့်သွေ၊
ပန်းကြာငုံထွေးပွင့်စေသား။

ပြာရီဝေသီ
ညှို့ချက်တွေဆန်း ကမ်းစပ်နားဆီ
မြူမှုန်တွေ ဝေ့ဝဲလည်
နီလာကြာနန်း
လရိပ်ဇာ အမျှင်တန်း
မှန်းကာသန်း ... လွမ်းခဲ့သည်
ညိုမှောင်လျ လင်းပြာရီ။ ။

Carlos Santana ရဲ့ Flor De Luna (Moon Flower) ကို ခံစားပြီးရေးလိုက်ပါတယ် ... တချိန်က ဂစ်တာသမားတွေ အားလုံးလိုလို အကြိုက်တွေ့ခဲ့တဲ့ ကမ္ဘာကျော်တေးသွားဖြစ်ပါတယ် ... ကျနော်ကိုယ်တိုင်လည်း အလွန်စွဲလမ်းခဲ့ဖူးတဲ့ တေးသွားပါ ... ဂစ်တာတီးသက်လေး နည်းနည်းလည်းရလာရော အရူးအမူးလေ့ကျင့်တီးခတ်ခဲ့ဖူးတဲ့ တေးသွားပါ ... ကျနော်တို့ အရွယ် ဂစ်တာသမားများ ပြန်လည်ရင်ခုန်ကြရအောင် ... နားမထောင်ဖူးသေးတဲ့သူများလည်း နားဆင်ခံစားရအောင် Carlos Santana ရဲ့ မူရင်းလက်သံကိုပါ ထည့်ပေးလိုက်ပါတယ် ...



ကျေးဇူးအထူးပါ ခင်ဗျ

ဟယ်ရီ

Read More...

Friday, 30 September 2011

မဟူရာကဝေမလေး

ဘာဆိုဘာမှ မသိအောင်မှိုင်းဆင်
ငါ့ရင်ကိုခွင်း ...
မိစ္ဆာတကောင်ထုတ်ယူဖန်ဆင်းနေသလား ...
မဟူရာကဝေမလေးရေ။

ကျောခိုင်းမသွားပါနဲ့
ပဉ္စလက်မြားတွေနဲ့ ရီဝေမူးမော်
ငါ့မှော်နှင်တံကို ချိုးဖျက်ခဲ့လေသလား
မဟူရာကဝေမလေးရေ။

မန္တာန်တွေစုပ်
မန်းမှုတ် ဖမ်းစားလိုက်စမ်းပါ
ငါ့နှလုံးသားကို ကျောက်သားအဖြစ်ပြောင်းလဲ
အစွဲအမြဲတောင့်တပိုမိမှတော့
နင့်တကိုယ်တည်း မထားခဲ့နိုင်ပါ ...
မဟူရာကဝေမလေးရေ။

(Black Magic Woman - Carlos Santana)

အခုတလော Latin mood ဝင်ပြီး Santana သီချင်းတွေချည်းနားထောင်လိုက် တီးလိုက် လုပ်နေရာကနေ ခပ်ပျင်းပျင်းရှိတာနဲ့ Carlos Santana ရဲ့ Black Magic Woman ကို အရမ်း ဘာသာပြန်ပြီး ကဗျာလုပ်ရေးလိုက်ပါတယ် ...

  Download this mp3 from Beemp3.com

အချိန်ကုန်ခံပြီး ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Friday, 29 August 2008

ကျနော် မှန်သတဲ့

ဘ၀အတွက်၊
ထွက်ခဲ့ရ ဝေးမြေဆီ။
ချစ်သူတွေ၊ အိမ်မြေနှင့်
မိတ်ဆွေတွေ စွန့်ကာထား
သွားခဲ့ရပြီ။
အောင်မြင်မှု ရှာရမည်၊
ဘ၀နေခြည် အတွက်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မိတ်ဆွေများ ဆုံးရှုံးပြန်၊
အထီးကျန် မြို့တော်ထဲ၊
အဖေါ်ကွဲကာပေ။
သို့ပေမယ့် အောင်မြင်မှုတွေ၊
စောင့်ကာနေလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မြတ်နိုးရသူတယောက်၊
ပန်းကောက်ရင်း ဆုံခဲ့ပေ။
သို့သော်လည်း တကိုယ်ရည်၊
ထားခဲ့ရပေ။
နေရစ်တော့ ကြင်သူရေ၊
ငွေရှာရဦးမယ်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ကောင်းပေရဲ့ ၀င်ငွေ၊
ဒီရေအလား။
သို့ပေမယ့် အားလုံးကို၊
လွမ်းပိုရအား။
မိသားစုအလယ်
'ဧည့်သည်' အလားပမာကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သူတို့တွေ လိုအပ်တုန်း၊
အနီးဆုံး မနေနိုင်။
သူတို့နားနေချင်စိတ်၊
ထိန်းမရမှိုင်။
ဘဏ်မှာတော့ တိုးလို့လှိုင်၊
အခြေတော့ခိုင်ပါရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သူတို့တွေပျော်ကြတုန်း၊
အဝေးဆုံးရောက်နေ။
သူတို့တွေ ပူဆွေးကြ၊
မျှဝေမရပေ။
တိုးသထက်တိုးလို့နေ၊
လခငွေရှိလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ချစ်ခင်ရသူတွေအား၊
နှုတ်ဆက်စကား ဆိုဖို့ကျန်။
ကိုယ့်ကိုယ်ကိုယ် ဒီအတွက်၊
ဖြေသိမ့်ခက်ပြန်။
လကုန်တော့ အချိန်မှန်၊
အလျှံပယ် လစာနဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

မင်းလိုရင်အမြဲရှိမယ်ပေါ့၊
ဘယ်တော့မှ မပြောနိုင်။
ဆက်ရမယ့်ခရီးလမ်း၊
မမှန်းဆနိုင်။
ဝင်ငွေတော့ ဖြိုးလို့ခိုင်၊
လျှံကာလှိုင်နေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

သားငယ်ကကိုယ့်ကိုမေ့၊
အဖေ့ကိုရှောင်။
ထွေးဖက်ချင်ရင်သော်မှ၊
ပေးရလက်ဆောင်။
သားလိုသမျှလက်မရှောင်၊
ဈေးခေါင်ခိုက် ၀ယ်နိုင်ရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။

ကိုယ့်ကို တမ်းတချိန်က၊
ငွေလိုမှလေ။
ကိုယ့်အိမ်မှာနေသော်မှ၊
အဖေါ်မဲ့ကာနေ။
ချက်လက်မှတ်အသင်္ချေ၊
ကုဋေချီပေးနိုင်ရဲ့။
လူအများပြောကြပြန်၊
ကျနော် မှန်သတဲ့။

မရဏနယ်ပယ်လမ်း၊
မြန်းရမယ် မကြာခင်။
လူတိုင်းပင်ရှောင်မရ၊
သင်္ခါရအစဉ်။
သို့ပေမယ့် ဘဏ်ထဲတွင်၊
ငွေရွှင်ရွှင် ကျန်ခဲ့။
လူတွေကပြောကြပြန်၊
'ကျနော် မှန်တယ်' တဲ့။ ။

အမည်မသိ အင်္ဂလိပ်စာဆို

I made the right choice

I left my home and my friends,
I left whom I loved,
To be successful in life,
People said I made the right choice.

I lost my friends,
I was alone in my town,
But success was waiting for me,
People said I made the right choice.

I met someone great,
I left her alone,
Because I had to make money,
People said I made the right choice.

I became guest in my family,
I missed everyone all the time,
But I made good money,
People said I made the right choice.

I couldn't be there when needed,
I missed every moment I wanted to be there,
But my bank balance was going high,
People said I made the right choice.

I couldn't celebrate their happiness,
I couldn't share their sorrows,
But my salary increased,
People said I made the right choice.

I couldn't even say good byes, to whom I loved,
I will never forgive myself for that.
But I get handsome salary every month,
People said I made the right choice.

I could never say I'll be there for you,
I never knew where I'll be going next,
But I kept on earning good money,
People said I made the right choice.

I was forgotten by my 2 year-old child,
I had to buy gifts to hug him,
But I could afford any gift he wanted,
People said I made the right choice.

I was only thought of when money was needed,
I became disturbance in my own house,
But could give them blank cheques,
People said I made the right choice.

Soon I will die,
And wont be remembered as part of something,
But there will be still money in my bank,
People will still say....'I made the right choice'
-unknown-

သူငယ်ချင်းတယောက် ပို့ပေးလိုက်တဲ့ အင်္ဂလိပ်လို ကဗျာလေးကို ကျနော်အချိုးတွဲပုံစံ ပြန်ရေးထားတာပါ။ မူရင်းကဗျာလေးကိုပါ တင်ပေးလိုက်ပါတယ်။
ဒါဟာ ကျနော်တို့ Expatriate တွေရဲ့ဘ၀ပါပဲ။ Professional expatriate တယောက်ဖြစ်ဖို့ ပေးရတဲ့အရင်းအနှီးတွေက ဒါတွေလား ... Opportunity cost က ကြီးမြင့်လှပါတယ် ... နိုင်ငံခြားမှာ ၀င်ငွေကောင်းကောင်းနဲ့ အလုပ်လုပ်နေကြရတဲ့သူတွေမို့ အပျော်ကြီးပျော်နေကြမယ်လို့ မထင်ကြ စေလိုပါ ..
ကျနော်တို့ မှန်ရော မှန်ပါရဲ့လားခင်ဗျာ ...

Read More...