Saturday 30 October 2010

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

သက္ကရာဇ် ၉၆၅-ခုနှစ်၊ တန်ဆောင်မုန်းလရဲ့ နေ့တနေ့ ... ရတုဘုရင်ရဲ့ အသည်းနှလုံးတွေ ကြွေပြုန်းရတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးနဲ့ ရာဇဒေဝီဘွဲ့ခံ တပယင်းစတုဂါမဏိ သမီးရှင်ထွေးလှ တို့ရဲ့ ဒုတိယမြောက် သမီးတော်၊ ကေတုမတီ တောင်ငူ မဟာဥပရာဇာ ဖြစ်တဲ့ ရတုဘုရင်လို့လည်း တင်စားခေါ်ဆိုကြတဲ့ နတ်သျှင်နောင် ရဲ့ သည်းဦးသခင် ကြင်ယာတော် မိဘုရား၊ အလှဘုရင်မ ရာဇဓာတုကလျာစုဘုရားဟာ သက်တော် ၄၃-နှစ် အရွယ်မှာ နတ်ရွာစံခဲ့ပါတယ်။

ရာဇဓာတုကလျာထိပ်ထားကို မြန်မာသက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ နောင်တော်ကြီး ဇင်းမယ်ဘုရင် နော်ရထာစော နဲ့ မောင်တော်ငယ် သိင်္ဃဒတ္တတို့ ရှိပါတယ်။ ဒါကြောင့် ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ကြပါတယ်။

ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးဟာ ဟံသာဝတီမြို့တော်ကြီးတွင် မဟာစေတီတော်ကြီးကို တည်တော်မူနေတဲ့အခိုက် ဓာတ်တော်မွေတော်တွေကို ဘုရားမှာဌာပနာတဲ့နေ့မှာပဲ ရာဇဓာတုကလျာမင်းသမီးကို ဖွားမြင်တော်မူတဲ့အတွက် ဒါကို အစွဲပြုပြီး ရာဇဓာတုကလျာ လို့တွင်ခဲ့စေပါတယ် (မင်းများနှင့်သာ ထိုက်တန် သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည် လို့လည်း တချို့ ပညာရှိများက ဆိုကြပါတယ်)။

ဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တည်ထားခဲ့တဲ့ “မျှော်တော်ရောက်” ဘုရားဟာလည်း အခုထိတိုင် ပဲခူးမြို့ရဲ့ အနောက်တောလို့ ခေါ်ကြတဲ့ အရပ်၊ မဟာစေတီတော်ကြီးနဲ့ ရွှေကူလေးစေတီတော်တို့ အကြားမှာ တည်ရှိနေသေး သလို ရာဇဓာတုကလျာ သုံးစွဲခဲ့တဲ့ ကျောက်ပျဉ်လို့ သတ်မှတ်ထားတဲ့ ကျောက်ပျဉ်ကိုလည်း ရွှေမော်ဓောစေတီတော်ရဲ့ ပြတိုက်မှာ တွေ့နိုင်ပါတယ်။

သခင်မ ဓာတုကလျာ နတ်ရွာစံလွန်ခဲ့ပြီးတဲ့နောက်မှာတော့ မှီတော်မူခဲ့တဲ့ အုံးဝန်းအောက်ကနေ ပုရပိုက်တဆူ ထွက်လာ ပါတယ်။ အဲဒီ ပုရပိုက်ထဲမှာတော့ ရာဇဓာတုကလျာထိပ်ထားကိုယ်တော်တိုင် တင်သ, ခဲ့ရှာတဲ့ “ကလျာရွှေညီ” ချီ ပိုဒ်စုံ ရတု တပိုဒ်ကို တွေ့ရှိကြရပါတယ်။

ရာဇဓာတုကလျာ ဖွဲ့သီခဲ့သော “ကလျာရွှေညီ” ချီ - ရတုပိုဒ်စုံ

(၁) ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား။‎

(၂) မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား။

(၃) မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။

တချို့ကတော့ ဒီရတုဟာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတာလို့ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်လှတဲ့ ရတု တပုဒ်မို့ မျှဝေလိုက်ပါတယ်။


ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

3 comments:

Anonymous said...

နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား။‎

ပိာုနေ့  ကကိုပာယ်ရီပြောပြကတည်းက ဖတ်ချင်နေတာ...
အရမ်း အရမ်း ကျေးဇူးတင်တာပဲး)

Harry said...

မြန်မာ့ဂန္ထဝင် ကဗျာလင်္ကာရတုတွေကို ချစ်တတ်တဲ့သူတွေ ရှိနေသေးလို့ အရမ်းအရမ်း ဝမ်းသာတာပဲ :)

မေဓာဝီ said...

မဖတ်ဖူးသေးဘူး။ အဲဒါ ...
ရေးထားတာ အရမ်း သဘောကျတယ်။ နောက်ဆုံးပိုဒ် အကြိုက်ဆုံးပဲ။ ဒုတိယပိုဒ်က ခဋီဆိုတာ ဘာလဲမသိဘူး။ ရာသီကိုပြောတာထင်တယ်။
သေသွားတာ ၄၃နှစ်ဆိုတော့ ငယ်သေးတာနော် ... သနားပါတယ်။