Saturday 2 August 2008

ခရမ်းပြာမေ

ခရမ်းပြာမေ အစချီ ကိုယ်တွင်းပြည့် ရတုပိုဒ်စုံ

ခရမ်းပြာမေ လန်းဖြာစွေဝင့်၊ ညှာရွှေမျက်ဝန်း၊ စိုလက်ရွှန်းရည်၊ ကော့ညွှန်းမျက်တောင်၊ မှေးယှက်ယောင်နှင့်၊ သွေးရောင်လွှမ်းစို့၊ ပါးပြင်မို့မှာ၊ နီညို့ယှက်စို၊ ပိုကရိုလှ၊ ချိုမြနှုတ်ခမ်း၊ စွင့်စွင့်ပန်းသို့၊ ဆင်မြန်းလှိုက်ကြွယ်၊ ပုလဲသွယ်လို၊ စင်ကြယ်ဖြူလွ၊ လှဒန္တနှင့်၊ ဝင်းပရောင်ကြွယ်၊ ရွှေစင်ခြယ်လို့၊ ပန်းငယ်ပွင့်စ၊ ကြွေနုလွကို၊ ပျိုးပျမြင်တုန်း၊ သခင်ပုန်းသည်။ ။ လှစ်ပြုံးချွေသို့ မချွေသို့

အလှမ်းကွာနေ လွမ်းစာစေလင့်၊ ခါနွေစက်ယွန်း၊ ညိုပျက်မွန်းသည်၊ လျော့လွန်းခက်ယောင်၊ ဝေးရက်မှောင်ဆင့်၊ ဆွေးခေါင်လွမ်းညို့၊ အားအင်ချို့ကာ၊ သီလို့ဆက်ဆို၊ ငိုမလိုည၊ ပြိုကျလှုပ်ရမ်း၊ ဆင့်ဆင့်နွမ်းညို့၊ ပင်ပန်းဟိုက်တွယ်၊ အမြဲရယ်ငို၊ ရင်ဝယ်ပူစ၊ ကြွပြန်ရထင့်၊ ဆင်းမြရောင်ခြယ်၊ သွေကျဉ်ဖယ်လို့၊ လွမ်းနယ်ဝင့်ရ၊ စွေသမုဒယပို၊ မိုးစနှင်တုန်း၊ ဘဝင်လုံးဆီ။ ။ ထစ်ချုန်းစွေသို့ မစွေသို့

အလွမ်းဗျာပွေ နွမ်းကာကြွေလွင့်၊ ပြာဝေညက်ရွှန်း၊ ပျိုသက်လွန်းဆီ၊ ဖော့ယွန်းလက်ဆောင်၊ ပေးဆက်ရှောင်လင့်၊ ဝေးယောင်လှမ်းလို့၊ ထားခင်ညှို့ရာ၊ ချီလို့ရတက်ပို၊ ပျိုအလိုကျ၊ ငိုလျရုပ်ပန်း၊ လွင့်လွင့်လွမ်းလို့၊ သွင်နွမ်းခိုက်ဝယ်၊ အသဲငယ်ဖို၊ မြင်ကွယ်မြူလ၊ မြလျှံကဆင့်၊ ကင်းပရှောင်ဖယ်၊ ရေလျဉ်နှယ်သို့၊ မှန်းတွယ်ဆင့်ရ၊ မေယုမြမိုရ်၊ တိုးလှဆင်နှုန်း၊ တမင်ရုန်းဖည်။ ။ ချစ်ထုံးဖြေသို့ မဖြေသို့

မနည်း ကြိုးစားရေးလိုက်ရပါတယ်ခင်ဗျာ။ အချီရော အချရော ညီရမယ့်အပြင် ၀မ်းတွင်းကာရန်တွေလည်း ရှိသမျှ ပါဒ အကုန် နဘေထပ်ရတာဆိုတော့ နောက်ထပ်လည်း ဒါမျိုး ထပ်ရေးဖို့မလွယ်တော့ပါဘူး။ ရေးဖူးတယ်ရှိအောင် ကြိုးစားရေးကြည့်တာပါ။

ဟယ်ရီ

4 comments:

Anonymous said...

ကိုဟယ်ရီရေ ..
မေးလ်ရလို့ လာလည်သွားပါတယ်။ ကျမ စက်က မြန်မာဖောင့် မမြင်ရလို့ ကော်ပီကူးပြီး ဖတ်ရတယ်။ ကိုဟယ်ရီ ကြိုးစားရေးထားတယ်ဆိုတဲ့ ကိုယ်တွင်းပြည့် ရတုပိုဒ်စုံကို အလွန်နှစ်သက်ပါတယ်။ ကျမလဲ ရေးဖို့ ကြိုးစားဖူးတယ်။ ပါဒအားလုံး ကာရံညီဖို့ မလွယ်တာနဲ့ လက်လျော့ထားလိုက်တာ။ ကိုဟယ်ရီ ခုလိုရေးထားတာ ဖတ်ရတော့ ၀မ်းလည်းသာတယ်။ အားလည်းပေးပါတယ်။ နောက်ထပ်လည်း ကြိုးစားရေးပါအုံး။
လေးစားလျက်
မေဓာဝီ

Harry said...

အခုလိုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ မမေ .. ကြိုးတော့ကြိုးစားကြည့်ပါဦးမယ် ... အတော်တော့ မလွယ်တာ အမှန်ပဲဗျာ ..
ခင်မင်လျက်
ဟယ်ရီ

Anonymous said...

တကယ်ကောင်းတယ်ဗျာ။ တန်ဖိုးလည်းရှိတယ်။

Anonymous said...

ကျေးဇူး ကိုဟဏ်ရေ