သတ္တမဘုံစဉ်အလွမ်း ခရမ်းပြာစည်းနရီ
(၁)
နွေရက်တွေရဲ့ရာဇဝင်မှာ
အဖြေခက်လေတဲ့ တာသဘင်ပွဲ
ပါဝင်နွှဲခွင့်မှ မရှိသူတယောက်အတွက်
ပိတောက်တခက် ဟာ အဝေးမှာနေ
အရေးပါလေတော့မတဲ့လား
ညီမလေးရယ် ...
နွယ်ရစ်ပတ်သလိုအကြင်နာ တေးထပ်နဲ့
အတေးအမှတ်ဆိုတာ ဗလာ
ပေးဆပ်ဖို့သာရှာမှီးရင်း
နာကျည်းခြင်း ဆိုတာဟာ
စာလုံးတောင် မပေါင်းတတ်ခဲ့ကြဘူး
သူရူးတို့ရဲ့အလင်္ကာတဲ့ကွယ်
ညှိုးငယ်တဲ့အရှုံးနဲ့
သိုးငယ်ရဲ့အပြုံး
နေသွေးဖွဲ့အမုန်းနဲ့
မြွေပွေးရဲ့နှလုံး
သုဉ်းပျက်ကာ အိပ်စက်
အဆုံးတဝက်မှာ အဆိပ်တက်နေ
အိပ်မက်အကြွေတွေနဲ့
တေလေနှလုံးသားနဲ့လူရဲ့ ရာသီထက်
ဘာဝီစက်အခြေမှာ
မျက်ရည်နက္ခတ်တို့
ဗျဂ္ဃစာအမြဲကျင့်နေလေရဲ့
ယမမင်းရဲ့မျက်စောင်းအမှောင်
ထက်ကောင်းကင်က ဝရဇိန်စက်ကျ
ယက္ခရဲ့ဘွဲ့ဖြူဝဠာစုနဲ့
ရာဟုဂြိုဟ်အမြဲစီးနင်း
ခဲမီးပြင်းနဲ့တိုက်
အလစ် .. အငိုက် ..
အမိုက်မှောင်ချည်းပါပဲလေ
ညီမလေးရေ ...
ခေါ်ခွင့်မကြုံတဲ့ ကိုယ့်ရဲ့လှယမင်း
နွေညခင်းတရာမှာ
ငွေလမင်းတခါတော့
သာရော့လေမလားလို့
ဝေဝါးမှုန်သီ
တိမ်ပန်းချီရေးခြယ်ခဲ့မိသမျှ
မတိမကျနဲ့ပျော်
မမိမရနဲ့မျှော်ရင်း
အော် .. နောက်ဆုံးတော့
မိန်ရက်နွေတကြောမှာ
တိမ်ထက်ဖွေမောလို့
အိပ်မက်ကြွေမျှောရင်း
မောခဲ့ရတဲ့ နွမ်းကဗျာပါ
ကိုယ့်ဘဝအတွင်း
ခဏဆင်းခဲ့တဲ့ ...
မြယွင်းနွေပန်းချီ
လမင်းရွှေရည်ပန်းအိမ်လေးရယ်
ညီမလေးရယ် ..
အဲလစ်ဇယ်အတွက် ဖွဲ့ခဲ့တဲ့
ဘီသိုဗင်ရဲ့တေးချင်း
ဗျတ်စောင်းတစင်းနဲ့
ခပ်ပျင်းပျင်းနဲ့ညည်းတဲ့ကဗျာ
ဖြစ်များသာဖြစ်နိုင်မယ်ဆိုရင်တော့
အသူရာနတ်စောင်းမှာပန်းကြိုးတွေဆင်လို့
မင်းနာမည်အယဉ်ဘွဲ့ကို
ဖွဲ့ဆိုပေးလိုက်ချင်ပါသေးတယ်
ညအမှောင်သမ်းချိန်
လရောင်ဆမ်းတဲ့ ဆိုနာတာ
တာရီဂါကြယ်စံရာ
အယ်လ်ဟမ်ဘရာ နန်းရင်ပြင်ထက်
ပန်းသဘင်တင်ဆက် ...
ပျိုးပြက်ရီလဲ့ပျော်ရွှင်
မိုးဇက် သီတဲ့မှော်ဝင်ပုလွေသံနဲ့
ကန်နရီအက ကိုတင်ဆက်ကာ
လက်ဖြာ .. ပြာမှိုင်း တဲ့
စကြာဝဠာတံတိုင်းမှာ
သမိုင်းမော်ကွန်းထိုးပေးခဲ့ချင်ပါရဲ့ကွယ်
သွားတော့မယ် ညီမလေးရေ ...
ပန်းအိမ်လှေအတွက်တော့
လွမ်းတိမ်တွေယှက်သမ်းလို့
နေတခြမ်းကို
အသေထမ်းထားရတဲ့ ဧည့်သည်ဆိုတာ
တကယ့်တကယ်တော့
အပါယ်နတ်ဆိုးတွေအိမ်ရာထက်က
ကျိန်စာနက်ပုရပိုဒ်တချပ်ပါ။
ဖြတ်သန်းခဲ့ရသမျှပင်လယ်ပြင်မှာ
ကြယ်စင်ညှာရဲ့ပန်းသရဖူကို
နန်းဇမ္ဗူရင်ပြင်ထက်
ရင်ခွင်ယှက်မိုးပြီးစောင့်ရှောက်ခွင့် မပါလို့
လွင်ပြင်နက်ဆိုးထောင့် အောက်အဆင့်မှာ
အရာရာကို ထောက်ချင့်တွေး
တိတ်တိတ်လေး ငေးနေပါတော့မယ်။
လေညိုသွမ်းချိန်
နေကိုထမ်းရင်း
အလွမ်းတတင်းကိုပျိုး
အနွမ်းသီချင်းကိုနှိုး
ပိုးကြိုးလေးတွေဆင်
အဝေးမြေပြင်မှာ
ကြွေသဘင်ကို ကြိတ်မှိတ်ဆင်နွှဲလို့
ကိုယ် ...
တိတ်တဆိတ် ရင်ကွဲနေပါ့မယ်
ညီမလေးရေ ..
ဝေးမြေကနေ လွမ်းဆဲ
ဝမ်းနည်းစရာ
လွမ်းသည်းညှာရယ် ...
လမ်းခွဲဟာ ငိုစရာလား
သရဝဏ်ခတ္တာ ပုန်းညက်ဝါတို့
ပွင့်ကာတသွယ် စပယ်လေးတွေသီရင်းပဲဖြစ်ဖြစ် ...
မိုးမှုန်အပြေး ဆောင်းနှင်းသွေးရင်
မြတ်လေးတော်ဝင် သဇင်တွေပန်ရင်းပဲဖြစ်ဖြစ် ...
နှင်းစက်အပြေး နွေတေးတမာန်ပြန်အရောက်
ပိတောက်ဝါတို့ စံရာသီမှာပဲဖြစ်ဖြစ် ...
ရာသီမရွေး လွင့်မှေးတိမ်ပေါ်
ငယ်ဖေါ်တွေနဲ့ပျော်ရင်း ..
ညနွေးဝေသီမှာ
လှသွေးရည်တို့နဲ့
အကတေးသီရင်း ..
ဘဝဆိုတဲ့ အဏ္ဏဝါဦးရပ်မှာ
ကူးခတ်ပျော်မောရင်းနဲ့ ...
ဘဝမာယာဘုံမှာ
ခဏတာလာဆုံရတဲ့
အမှုန်လေးတမှုန်ဟာ
တုန် .. ခါ .. ဖျော့ ... သွေ့ .. ဝါး
မင်းလေ .. ကိုယ့်ကို မေ့သွားမှာပါ
ညီမလေးရေ ...
မင်းအရိပ်လေး မပျောက်ဆုံးသွားခင်
နောက်ဆုံးစကား ဆုမွန်ချွေခဲ့ပါတယ် ..
ခဏချဉ်းလျက်မှာပင်
လမင်းလက်ဖြာဝေပါစေ ...
လအထွက်မှာ
မြရွက်ပဝါနဲ့
ညစက်ရာမှာ
ကောင်းစွာမှေးပျော်နိုင်သောသူ ဖြစ်ပါစေ ...
စည်ညင်းတို့၏သံသာဖြင့်
မိုးသောက်ယံအင်ခါမှာလည်း
ညင်သာစွာနိုးထနိုင်ပါစေ ...
ဖြစ်လေရာ 'ခဏ' တိုင်းမှာလည်း
ဘဝသမိုင်းကောင်းသူဖြစ်ပါစေ ....
ညီ မ လေး ခ ရမ်း ပြာ ရေ ...
5 comments:
အကိုရေ၊
ကျွန်တော် ရူးရ ပါတော့မယ်၊
လွမ်းနေတုန်းမှာ မှ ဖတ်မိတယ်။
အသက်က ၃၀ ပါ။
လွမ်းတဲ့စိတ်နဲ့ ရင်ထဲမှာ နာနေတုန်းပဲ။
အလွမ်းဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ညီလေး ...
ခံစားတတ်သူများအတွက် အချိန်တိုင်း တည်ရှိနေမယ့် အရာတခုပါပဲလေ ...
မမေ့တတ်သူတွေသာ ရင်နာရစမြဲပေါ့
တကယ်ကြိုက်တယ်ဗျာ..........
တကယ်ကြိုက်တယ်ဗျာာာာာာာာာာာာာ
ကြိုက်တယ်ဗျာာာာာာ
Post a Comment