Friday 22 August 2008

ဘကြီးမေတ္တာတုံးရဲ့ သစ္စာတုံး-ဒီပနီတေးထပ်

ဖိနပ်ကို မစီးရငယ်လို့၊
နည်းကျကျ ဆွဲဆင်၊
ကမ္ဗည်းသ အကဲတင်သည်၊
မရဲချင်လေကော၊
နှစ်ပါးလုံး ဗိုလ်မောင်မယ်မှာ၊
ဟိုတောင်စွယ် ကုန်းမြင့်သာမော။

တကျွတ်ကျွတ် ဘွတ်ရွှတ်ဆင်သည်၊
မချွတ်ချင်ဟူသော၊
ထွဋ်သခင် သူပြောတော့၊
ဂေါပကဖြစ်အင်၊
ပခုံးမှာ ကုန်းကာပို့မယ်ပ၊
ပြုံးပါလို့ ဦးချပန်ဆင်။

ကျွန်တော် (မျိုးကြီး) တို့ ကျောပြင်ကို၊
ဝေါယာဉ်လို ထင်မှတ်လို့၊
သခင်မြတ် ကုန်းမြင့်သည်တောင်၊
ရုန်းပင့်ချီဆောင်၊
ဘိနပ်ချွတ် လှည့်နည်းပြောင်သည်၊
ဝိနည်းရှောင် ကုန်းပုံတဲ့လေး။ ။

(ရွှေတလေး)

ဒီတေးထပ်ကလေးက ဗြိတိသျှအစိုးရ ပထမဆုံး လူထုကို လိုက်လျောအလျှော့ပေးခဲ့ရတဲ့ သမိုင်းဝင် "ဖိနပ်ပြဿနာ" ရဲ့ အစပါ။ ၁၉၁၇ ခုနှစ် ပဲခူးမြို့မှာ ငလျင်ကြီးလှုပ်တော့ ရွှေမော်ဓောစေတီတော်လည်း ငလျင်ဒဏ် ခံခဲ့ရပါတယ်။ အဲဒါကို အင်္ဂလိပ်အစိုးရရဲ့ ဘုရင်ခံ ဆာ ရက်ဂျီနယ် ကရက်ဒေါက် နဲ့ ဇနီး တို့က သွားကြည့်တဲ့အခါ စေတီတော်ကြီးရဲ့ ရင်ပြင်ကို ဖိနပ်မချွတ်ဘဲ တက်ခဲ့ကြပါတယ်။ ဘုရားလူကြီးတွေကလည်း ကြိုဆိုခဲ့ရပါတယ်။ အဲဒီမှာ သမိုင်းဝင် ဖိနပ်ပြဿနာ ပေါ်တော့တာပါပဲ။ ဘုရင်ခံ (Governor) က ဘုရားပေါ်မှာ ဖိနပ်စီးတာကို ဝေဖန်သရော်တဲ့ ရုပ်ပြောင်နဲ့ကဗျာကို သတင်းစာမှာဖေါ်ပြပြီး စတင်တိုက်ပွဲဝင်တော့တာပါပဲ။ ကာတွန်းဆရာကြီး ရွှေတလေးရဲ့လက်ရာနဲ့ မျက်နှာဖြူ ဘုရင်ခံနဲ့ ဘုရင်ခံကတော်ကို ဘုရားလူကြီးတွေကုန်းပေးပြီး ကျောပိုးနေတဲ့ပုံကို ရေးဆွဲထားပြီး "သူတို့ဖိနပ်မချွတ်ရင် ဘုရားလူကြီးတွေက ကျောပိုးပါလား" လို့လည်း လှောင်ပြောင် သရော်ထားပါတယ်။ ဒါတွင်မကသေးပဲ 'ဘကြီးမေတ္တာတုံးရဲ့ သစ္စာတုံး-ဒီပနီတေးထပ်' လို့ ပြောင်မြောက်တဲ့ ကဗျာနဲ့ သရုပ်ဖေါ်ခဲ့ပါသေးတယ်။
သူရိယသတင်းစာမှာ အဲဒီကဗျာနဲ့ကာတွန်းလည်းပါလာရော အင်္ဂလိပ်ပုလိပ်မင်းကြီး မစ္စတာ ရှပ်တဲလ်ဝပ် (ဆရာမင်းသိင်္ခ ရဲ့ နာမည်ကျော် ဆားပုလင်းနှင်းမောင် ဝတ္ထုတွေထဲမှာ အမြဲပါတဲ့ ဇာတ်လိုက်ကျော်ကြီးမို့ ဒီနာမည်ကို ရင်းနှီးပြီးသား ဖြစ်ကြမှာပါ) က အယ်ဒီတာ ဦးဘဘေနဲ့ ဦးလှဘေ တို့ကို ဆင့်ခေါ်ပြီး "ဘုရင်ခံ၏ဂုဏ်သရေကို ပျက်စေသော ကဗျာကို ဘာကြောင့် ပုံနှိပ်သနည်း" လို့ မေးပါတော့တယ်။
ပုလိပ်မင်းကြီးက သူ့ရဲ့ ရုံးစားပွဲမှာ ကုလားထိုင်နဲ့ ထိုင်နေပြီး အယ်ဒီတာတွေကိုတော့ ကုလားထိုင် မပေးဘဲနဲ့ ကြမ်းပြင်ပေါ်မှာခင်းထားတဲ့ သင်ဖြူးဖြာပေါ်မှာ ထိုင်ဖို့ ညွှန်ပြပါတယ်တဲ့။ အဲဒီတော့ အယ်ဒီတာ တွေကလည်း မထိုင်ဘဲ မတ်တတ်ရပ်လျက်နဲ့ပဲ ပြန်ရှင်းကြပါတယ်။ "အင်္ဂလိပ်ဘုရင်ခံကို ရည်ရွယ်ပြီးရေးတာမဟုတ်ဘူး၊ ဂေါပကလူကြီးတွေကိုပဲ ဝေဖန်တာဖြစ်တယ်။ ဂေါပကလူကြီးတွေက မကျေနပ်ရင် အသရေဖျက်မှုနဲ့ တရားစွဲနိုင်တယ်" လို့ ပြန်ဖြေကြားတော့ ပုလိပ်မင်းကြီးလည်း ဘာမှ မတတ်နိုင်၊ အရေးမယူ နိုင်တော့ဘဲ လက်ပိုက်ကြည့်ကျန်ရစ်ခဲ့ရရှာပါတော့တယ် (တော်တော်ညံ့တဲ့ ပုလိပ်မင်းကြီးပဲနော် .. ဟင်းဟင်း .. နယ်ချဲ့ဗြိတိသျှအစိုးရရဲ့ ၀န်ထမ်း လူမျိုးခြား အရာရှိကြီး ကလည်း ဥပဒေကို လိုက်နာပုံများကတော့ ..)
အဲဒီသတင်းရဲ့ဂယက်က ဆက်တိုက်ဖြစ်ပေါ်လာပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA) ကဦးစီးပြီး လူထုအစည်းအဝေးတွေ ဆင်နွှဲကျင်းပလို့ ရွှေမော်ဓောကုန်းတော်ပေါ်မှာ ဖိနပ်စီးမှုကို ကန့်ကွက်ကြောင်း အဆိုတွေတင်သွင်းဆုံးဖြတ်ပြီး တိုက်ပွဲဆင်ကြပါတော့တယ်။ လူထုဆန္ဒပြပွဲ အစည်းအဝေးတွေရဲ့သတင်းကို သူရိယမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြပြီး တိုက်ပွဲဝင်ဝါဒဖြန့်ပေးလို့ အစည်းအဝေးတွေ အမြို့မြို့အနယ်နယ်မှာ ဆက်တိုက်ကျင်းပပြီး တောင်းဆို တိုက်ပွဲဝင်ကြ ပါတော့တယ်။ အဲဒီလို အကြိမ်ကြိမ် ကျင်းပ တောင်းဆိုကြတာမို့ နောက်ဆုံး ဗြိတိသျှအစိုးရက ဘုရားကျောင်းကန်များမှာ "ဖိနပ်မစီးရ" ဆိုတဲ့ တရားဝင်ဆိုင်းဘုတ်တွေ ချိတ်ဆွဲ တားဆီးစေ လို့ လိုက်လျောခဲ့ရတော့တာပါပဲ။
ဒါဟာ ဗြိတိသျှအစိုးရအပေါ် မြန်မာလူထုက ပထမဆုံးအနိုင်ရရှိလိုက်တဲ့ အောင်ပွဲပဲဖြစ်ပါတယ်။ အော် . နယ်ချဲ့လက်အောက်မှာပေမယ့် သတင်းစာလွတ်လပ်ခွင့်ရှိပုံများပြောပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်သူ သတင်းစာ ဆရာကြီး အောင်ဗလ ရဲ့ ဘီလူးတို့ရွာစာအုပ်လေးကိုဖတ်ရင်းနဲ့ "သတင်းစာတို့၏ပွဲဦးထွက်တိုက်ပွဲ" ဆိုတဲ့ အထဲမှာ ဒီအကြောင်းလေးတွေ့လို့ မျှဝေလိုက်တာပါ။ ဒီတိုက်ပွဲကို စတင်ခဲ့တဲ့ ဆရာကြီးရွှေတလေးရဲ့ သမိုင်းဝင်လက်ရာမို့ ဖတ်ကြရအောင်လို့ တင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်။
အဲဗျာ .. ကြုံလို့ အဲဒီ ဆောင်းပါးထဲမှာပဲ ကိုရွှေဗြိတိသျှနယ်ချဲ့တို့ရဲ့ အမှတ်သည်းခြေ မရှိပုံများကတော့ ကျောင်းသားသပိတ်ကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ "ငရဲခွေးကြီးလွတ်နေသည်" (Hell hound at large) ဆိုတဲ့ ဆောင်းပါးကို အိုးဝေမဂ္ဂဇင်းမှာရေးခဲ့သူ အိုးဝေဦးညိုမြကိုတောင် နောက်ပိုင်းမှာ သတင်းစာပညာသင်ဖို့ အင်္ဂလန်ကိုတောင် စေလွှတ်လိုက်ပါသေးသတဲ့ .. (တုံးတာ .. တုံးတာ .. ဒါကြောင့်မို့လဲ သူတို့ နောက်ပိုင်းမှာ ပြန်တော်လှန်တာ ခံလိုက်ရတာပေါ့ .. နော်)။

No comments: