Saturday 2 August 2008

မဲဇာသစ်တောဖွဲ့  (မဲဇာတောင်ခြေ အချီညီအချညီ ပိုဒ်စုံ ရတု)

ရေးသူ - လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ (ဘယနန္ဒမိတ်၊ မဟာသီဟသူရ) (၁ဝ၈၅-၁၁၆၁)

၁။
မဲဇာတောင်ခြေစီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်

၂။
သဲသာသောင်မြေ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်

၃။
ပွဲခါညောင်ရေ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်

လက်ဝဲသုန္ဒရ ရဲ့ နာမည်ကျော် မဲဇာတောင်ခြေပါ။ မဖတ်ဘူးတောင် နာမည်ကိုတော့ အားလုံးကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။

3 comments:

Anonymous said...

ကဗျာရဲ့ အစွမ်း သရုပ်ကို ဖော်ပြနိုင်ဆုံး
ကဗျာလေးပါ ကဗျာတွေဟာ လူသားတွေရဲ့
စိတ်ဆန္ဒ ခံစားချက် တွေကို ထိထိ မိမိ နဲ့
လိုရင်းရောက်အောင် ပြောပြ နိုင် စွမ်း ရှိသလို
လူသားတို့ရဲ့ စိတ်ကို နူးညံသိမ်မွေ့စေတယ်ဆိုတာ ဒီကဗျာ သမိုင်းကြောင်းကို ကြည့်ချင်းအားဖြင့် သိနိုင်တယ်လို့ ညီယူဆပါတယ် ၁၀ တန်းတုန်းကတော့ အလွတ်ရတယ်ဗျ အခုတော့
မရတော့ဘူး ဟီး ...

မောင်ပါလ said...

အချီအချပိုဒ်စုံရတုက အချီသုံးပိုဒ်ပဲ ရှိသေးတယ်။ အချသုံးပိုဒ် ကျန်နေသေးတယ်ထင်တယ်။

Harry said...

အချီအချပိုဒ်စုံ မဟုတ်ဘူးလေ မောင်ပါလ ရဲ့ ... အချီညီ အချညီ ပိုဒ်စုံရတုပါ ... ဆိုလိုတာက အချီပိုဒ် အချင်းချင်း အချချပိုဒ် အချင်းချင်း ကာရန်ညီ ချီထား ချထားတာကို ဆိုလိုတာပါ ... အချီပိုဒ် သုံးပိုဒ်က ... မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ နဲ့ အချပိုဒ် သုံးပိုဒ်က ရွှေပြည်ဌာနဝေးသောကြောင့်၊ လေပြည်လာက အေးသောကြောင့်၊ နေခြည်ဖြာမှ နွေးသောကြောင့် .. ရယ်လို့ ဖြစ်ပါတယ်။

ရတုမှာ ဧကပိုဒ် (၁-ပိုဒ်ပဲ ပါတဲ့ရတု)၊ အဖြည့်ခံ (၂-ပိုဒ် ရေးထားပြီး နောက်လူက တပိုဒ်ဖြည့်ရေးပေးရတဲ့ ရတု) နဲ့ ပိုဒ်စုံ (၃-ပိုဒ်ပါတဲ့ရတု) ဆိုပြီးပဲ ရှိပါတယ်။ အချီပိုဒ် ဆိုတာ အပိုဒ်ကြီးတခုရဲ့ ပထမဆုံး ပါဒ (လေးလုံးတပိုဒ်ငယ်) ကိုပြောတာ ဖြစ်ပြီး အချပိုဒ်ဆိုတာ နောက်ဆုံးပါဒ (ခုနစ်လုံး ကနေ ၃၅ လုံး အထိဖြစ်နိုင်ပါတယ်) ကို ပြောတာဖြစ်ပါတယ် ...