အတိတ်တံတား
စပယ်ရွက်ပေါ်၊ စက်ပျော်ရာမှ၊
မနိုးထမီ၊ ဝေသီဝေသင်း၊
ပြာလဲ့နှင်းဦး၊ အိပ်မက်မှူးမှာ၊
မူးမူးမိန့်မှေး နေချင်သေးသည်။
လွမ်းရနံ့သင်း၊ ပန်းတခင်းကို၊
တမ်းရင်းမျှော်တ၊ ပြန်ဆုံရသည်၊
သူကတော့ဖြင့် မေ့ရော့မည်။
ကံ့ကော်ညခင်း၊ မြစ်တစင်းအား၊
ချစ်ခြင်းအားဖြင့်၊ ရွက်ကုန်လွှင့်သော်၊
လေနှင့်အတူ၊ တိမ်ဖြူဖြူပေါ်၊
အတူပျော်ခဲ့ဖူးတယ်နော်။
ရင်ခုန်သံတခု၊ အရင်းပြုလို့၊
ထုဆစ်ခဲ့သော၊ ပန်းစုံတောရယ်၊
မိန်းမောပျက်ပြား၊ ရထားတစင်း၊
မြက်ဖျားနှင်းကို၊ ဖြတ်နင်းခုတ်မောင်း၊
အတောင်ညောင်းတော့၊
ဆောင်းခိုတာလားငှက်ငယ်ရေ။
စပယ်ရွက်ပေါ်၊ စက်ပျော်ရာမှ၊
နိုးထခဲ့ပြီ၊ ဝေသီဝေထိတ်၊
ညစက်ရိပ်မှ၊
အတိတ်တံတား၊ နှင်းကမ်းပါး
စည်းများခြားခဲ့ပြီကောကွယ်။ ။
No comments:
Post a Comment