Sunday 21 September 2008

ဗေဒါလမ်း (၁၇) - ဗေဒါပင်နှင့် ကျူပင်

မဗေဒါ၊ ဆန်လာပေါ့အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ရင်း။

မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ဖုန်းရပြန်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။

ကျူပင်ရိုးမှာတော့ ယိမ်းထိုးရတခါခါ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရဘယ်နဲ့ညာ၊ ရိုးတံညှာရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

ဒီရေအတက်ကြမ်းတဲ့အခါ မဗေဒါ အပြင်းဆန်တက်လာပါတယ်။ ချောင်းကျယ်တဲ့နေရာ ချောင်းလယ်ကကျွန်းကတော့ ဒီတက်လို့ ရေမြုပ်ပြီးရေမွန်းရပြန်ပါတယ်။ တစ်ခါ ဒီကျသွားတော့ စုန်ရေနဲ့ ပြန်ဆင်းရပြန်ပါတယ်။ ချောင်းကျယ်တဲ့နေရာ ချောင်းလယ်ကကျွန်းနားမှာတော့ ရေကျချိန်မှာ သောင်ထွန်းကျန်ခဲ့ပါတယ်။ ဒီလိုပါဘဲ နုန်းနှစ်တွေနဲ့ ပြည့်နေတဲ့ လတာပြင်ကြီးနားက ညောင်ညိုပင်ကြီးရဲ့ ပါးပျဉ်းကျသလို ကျနေတဲ့ အမြစ်တွေဟာလဲ ရေတက်လို့ မဗေဒါ အတင်းဆန်တက်လာချိန်မှာ ရေဖုံးသွားလိုက်၊ ရေကျချိန် မဗေဒါ ပြန်စုန်ဆင်းသွားရင် ရေပေါ်ကို ခေါင်းဖေါ်လာလိုက်နဲ့ ဖြစ်နေပါတယ်။
ကျူရိုးရှင်ခမျာမှာတော့ မဗေဒါ စုန်လိုက် ဆန်လိုက်နဲ့ မောနေရတဲ့ ချောင်းရိုးကမ်းစပ်မှာ ရေတက်ရေကျချိန်တွေမှာ ရေစီးဒဏ်ကြောင့် အခါခါ ယိမ်းထိုးနေရပါတယ်။ အရွက်စိမ်းစိမ်း ရိုးတံညှာရှည်ရှည်နဲ့ ကျူရိုးရှင်မှာ ဒီရေစီးရဲ့ဒဏ်ကို မနိုင့်တနိုင် သည်းခံရင်းနဲ့ပဲ ဘယ်လွှဲလိုက်၊ ညာလွှဲလိုက်နဲ့ ယိုင်တိုင်တိုင်ယိမ်းနေရပါတယ် .. လို့ ခံစားမိပါတယ်။

ဒီနေရာမှာ ဗေဒါနဲ့ ကျူပင်ရဲ့ ကွာခြားမှုကို ကျနော်တို့ခံစားတွေ့မြင်နိုင်ပါတယ်။ မဗေဒါကတော့ ရေစီးအတိုင်းမျှောလိုက်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းလည်ကကျွန်း၊ ညောင်ညိုမြစ် တို့မှာတော့ မြုပ်လိုက်၊ ပေါ်လိုက်၊ ကျူရိုးရှင်ကျူပင်ကတော့ ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် နဲ့ ရေစီးအတိုင်းမမျှောနိုင်တော့ ရေစီးရဲ့ဒဏ်၊ ရေစီးတိုးအားကို ခံစားနေရတာကို တွေ့ရပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့အခြေအနေတခုကို တင်းခံတာနဲ့စာရင် အလိုက်သင့်စီးမျှော သွားနိုင်တာက ပိုပြီးသင့်တော်ပါသလား။ ပိုပြီး အခံရသက်သာပါသလား။ တွေးကြည့်စရာပါပဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: