Wednesday 17 September 2008

ဗေဒါလမ်း (၁၄) - ချောင်းရဲ့အလှ

ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင့် ၀ါသနာ၊ ကဗျာနွဲ့ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး ... တဲ့။

အိုအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြစီရရီ၊ တချီချီတကြွကြွ။
တက်ရေမှာ မြင်နေကြ၊ ချောင်းရဲ့အလှ။

အိုအချင်း ပီပီငယ်။
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကိုပယ်။
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ။
သက်ရေမှာမြင်နေကျ၊ ချောင်းရဲ့အလှ။

တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန်စုန်မဆုံး၊ လုံးပတ်ချာလည်။
ဗေဒါမခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း။
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီပဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

ကျူရိုးရှင်က မနေတတ်လို့ မဗေဒါစုန်လိုက်ဆန်လိုက်နဲ့မျောပြီး မောနေရှာမယ့် ရေစပ်ကိုဆင်းလာပါတယ်။ တေးကဗျာ တွေဖွဲ့သီတာကို ၀ါသနာပါတဲ့ ကျူရိုးရှင်က မဗေဒါတော့ ဆန်လို့လဲမကုန်နိုင်၊ စုန်လို့လဲမပြီးနိုင်နဲ့ အတော် ပင်ပန်းရှာမှာပဲလို့ ပြောပါတယ်။ ဒီတော့ မဗေဒါက ကျူရိုးရှင်ရယ်၊ ဒီတက်လို့ ချောင်းရေပြည့်လာပြီဆိုရင် ဗေဒါပန်းတွေက ကမ်းနဲ့အညီ ကြွကြွရွရွ၊ လှလှပပကလေး စီစီရီရီနဲ့ ဆန်တက်နေတာဟာ ရေတက်ချိန်မှာ မြင်နေကျ ချောင်းရဲ့အလှပါ။ ဒီလိုပါဘဲ ဒီရေကျလို့ ချောင်းရေပြန်ဆင်းပြီဆိုရင် ဗေဒါပန်းတွေက ကမ်းနားမှာမနေဘဲ ချောင်းရဲ့ဘယ်ညာမှာ လတာပြင်ကျယ်နဲ့ ချောင်းအလယ်မှာတော့ မဗေဒါတို့က အစီအရီလေး စုန်ဆင်းသွားနေတာဟာ ရေကျချိန်မှာ မြင်နေကျ ချောင်းရဲ့အလှပါ ... တဲ့။ ရေတက်နဲ့ရေကျကိုလိုက်လို့ ဆန်လိုက်စုန်လိုက်နဲ့ မဆုံးတမ်း လုံးလည်ချာလည်လိုက်ပြီး သွားနေရတဲ့ ခရီးသည် မဗေဒါ တို့ဟာ ပင်ပန်းရှာလိမ့်မယ် ဆိုရင်လည်း ဒီချောင်းထဲမှာပဲ အလှတွေ တဖွားဖွား ပွားများအောင်ဆောင်ရွက်ပေးနိုင်လို့ ကျေနပ်စရာပါပဲ ... ဆိုပြီး ပြန်ဖြေလိုက်တယ်လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: