Sunday 21 September 2008

ဗေဒါလမ်း (၁၅) - သူ့လမ်းစဉ်

ကမ်းစပ်ကိုမင်
လမုပင်အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကိုဒီရေတိုး ၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကိုမင်
ဓနိပင်ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင်အလက်ထဲက ခွဲရမှာစိုး။

ကမ်းစပ်ကိုမင်
လတာပြင်ငဖျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျင် လတာနုံး၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင်ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ်သူမြင်ရဲ၊ သူစွဲတတ်ဘိ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ - ၁၉၆၀)

လမုပင်တွေ၊ ဓနိပင်တွေ၊ ငဖျံ (ငါးပျံ)တွေကတော့ ကမ်းစပ်ကိုခင်တွယ်မက်မောနေကြပါတယ်။ လမုပင်ကလည်း အသီးတွေနဲ့ပြည့်နှက်နေပြီး ကမ်းစပ်ကိုအားကိုးနေရပါတယ်။ ဒီရေတိုးလို့ ကမ်းပြိုရင်သူပါလဲသွားမှာ စိုးရွံ့ နေရပါတယ်။ ဓနိပင်ကလဲ ဒီလိုပါဘဲ၊ ဓနိခိုင်တွေ အခိုင်လိုက်နဲ့ ပြည့်နှက်နေတော့ ကမ်းပြိုမှာကြောက်နေပါတယ်။ ငဖျံကလဲ လတာပြင်မှာ လူးပြီးပျော်မြူးနေရတော့ ဒီရေတက်လာလို့ လတာပြင်ကိုဖုံးသွားရင် သူပျော်မြူးကျက်စားရာနေရာလေး ပျောက်သွားမှာစိုးနေပါတယ်။
ဒါပေမယ့် မဗေဒါကတော့ ဒီလို စိုးရွံ့ စိတ်တွေမရှိပါဘူး။ ဒီရေတက်လာရင်လဲ ပင်လယ်ဝကနေ ဆန်တက်လာမှာပါဘဲ။ ဒီရေပြန်ကျရင်လဲ ပြန်စုန်ဆင်းသွားမှာပါဘဲ၊ သူ့လမ်းစဉ်ကို သူမြင်ပါတယ်။ ကြုံလာသမျှကိုလည်း ရဲရဲကြီးရင်ဆိုင်ရဲပါတယ် ... တဲ့။
ဒီနေရာမှာတော့ ဆရာကြီးက မဗေဒါရဲ့ သတ္တိ၊ ပြောင်းလွယ်ပြင်လွယ်မှု (Flexibility) တို့အပြင် ပိုင်ဆိုင်တပ်မက်မှု ရှိတဲ့သူတွေဟာ ပိုပြီး ကြောက်တတ်၊ သတ္တိနဲတတ်ကြောင်း မီးမောင်းထိုးပြသွားသလိုပါဘဲ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: