Tuesday 16 September 2008

ဗေဒါလမ်း (၁၀) - ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ဒီကဗျာလေးကတော့ သီချင်းရှိပါတယ်။ ပန်းပန်လျက်ပါ ဇာတ်ကားထဲမှာ ဒေါ်ကြည်ကြည်ဌေး ဆိုထားပါတယ်။ အသံထည့်တာကတော့ ဂီတလုလင်မောင်ကိုကိုလား၊ စန္ဒယားချစ်ဆွေ လား သေသေချာချာမမှတ်မိတော့ပါဘူး။
စဉ်းစားကြည့်ကြမယ်ဆိုရင် လတာပြင်ညိုပြာပြာရဲ့အခြေမှာ လှိုင်းလုံးတွေနိမ့်လိုက်၊ မြင့်လိုက်နဲ့၊ အဲဒီလှိုင်းလုံးတွေရဲ့ကြားမှာ မဗေဒါကလဲ လှိုင်းတွေဦးမော့လာရင် လှိုင်းနဲ့အတူတက်သွားလိုက်၊ လှိုင်းတွေပြန်ကျသွားတဲ့အခါ လှိုင်းနဲ့အတူ နိမ့်ဆင်းလိုက်နဲ့ တက်လိုက်၊ ကျလိုက် ဖြစ်နေရပါတယ်။
ဒီတော့ လှိုင်းတွေဆင်းလို့ မဗေဒါ လိုက်ဆင်းရတော့ရော၊ သက်သာရဲ့လား။ မသက်သာလှပါဘူး။ မဗေဒါက ဆင်းလာတဲ့အချိန်မှာ အုန်းလက်ကြွေကြီးက ရေပေါ်မှာ မျောလာပါတယ်။ မဗေဒါက အဆင်း၊ အုန်းလက်ကအလာ၊ သူ့နံဘေးကို ၀င်လို့ဆောင့်ပါလေရော .. တဲ့။ ကဲ ဆောင့်ပြီးတော့ရော သက်သာရဲ့လား။ မသက်သာသေးပါဘူး။ ဒီလှိုင်းတစ်လုံးက မဗေဒါကို ဖုန်းလိုက်ပြန်ရော။ လှိုင်းကြားထဲမြုပ်နေပြီးမှ လှိုင်းနဲ့ ခပ်ဝေးဝေး တလံလောက်အကွာမှာမှ ပြန်ပေါ်ရပြန်ပါတယ်။ အဲ .. ပေါ်လာလို့မှ သက်သာမယ်မကြံသေး၊ ချောင်းဆွယ်ထဲက ဘဲအုပ်ကြီး ထွက်လာ ပါလေရောလား။ ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲရယ်။ ဒါပေမယ့် ဘဲအုပ်က ယက်လိုက်၊ ကန်လိုက် တာတွေကို ခံပြီးပေမယ့်လဲ ဗေဒါပျံကတော့ အံကိုခဲလို့ အလှမပျက်၊ ပန်းပန်လျက်ပဲရှိနေပါသေးလား .... လို့တွေးကြည့်မိပါတယ်။
ကျနော်တို့ဘ၀မှာလည်း ဒုက္ခတစ်ခုမှ မဆုံးသေး၊ နောက် တစ်ခုကြုံရ၊ တစ်ခါ အဲဒီဒုက္ခခံရပြီးလို့မှ မကြာသေး၊ နောက်တစ်ခုထပ်ကြုံရနဲ့ ဒီ ဒုက္ခသံသရာထဲ ရုန်းထွက်ဖို့  မလွယ်လှပါဘူး။ ဒါပေမယ့် မဗေဒါလိုပဲ၊ ဘယ်လို ဒုက္ခနဲ့ ကြုံရကြုံရ ကျနော်တို့လည်း ဒီဘ၀ခရီးကို အပြုံးမပျက် ဆက်လျှောက်နေနိုင်အောင် ကြိုးစားကြရဦးမယ် မဟုတ်ပါလား။ ပန်းပန်လျက် ဆက်လျှောက်ကြရအောင်ပါ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: