Friday 5 September 2008

မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၀)

အချိုးကဗျာများ
အချိုးကဗျာတွေမှာတော့ ဒွေးချိုး၊ တြိချိုး၊ လေးချိုး ဆိုပြီး ရှိပါတယ်။ နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး၊ လေးဆစ်ချိုး တွေပါ။ ဒါတွေကို ငိုချင်းမှာလဲသုံးပါတယ်။ ဒီ အချိုးကဗျာတွေရဲ့ ဥပဒေသတွေ ကိုတော့ ၀ိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပိုင်းခြားပြထားပါတယ်။
(၁) အမည်အားဖြင့်
(၂) အမျိုးအပြားအားဖြင့်
(၃) အချိုးအားဖြင့်
(၄) အပိုဒ်ရေအားဖြင့်
(၅) အက္ခရာ လုံးရေအားဖြင့်
(၆) အစပ်ကာရန်အားဖြင့်
(၇) ဂရု၊ လဟု အားဖြင့်
(၈) အပြစ်ဒေါသအားဖြင့် ဆိုပြီး ဖြစ်ပါတယ်။
ဒွေးချိုးကို အရင်စကြည့်ရအောင်။

ဒွေးချိုး
ဒွေးချိုးရေးနည်းဥပဒေသအနှစ်ချုပ်ကတော့ ...
၁။ အခံ ချိုး (အချီချိုး)၊ အအုပ်ချိုး (အချချိုး) ဆိုပြီး အချိုး နှစ်ချိုး (အပိုဒ်ကြီးနှစ်ပိုဒ်) ထားရပါမယ်။
၂။ အချီပိုဒ် (အချီချိုးရဲ့ ပထမဆုံးအပိုဒ်) ကို အက္ခရာ သုံးလုံး၊ လေးလုံးသာထားရပါမယ်။ ဂရုသံချီပါ။
၃။ အချပိုဒ် (အချချိုးရဲ့ ပထမဆုံးအပိုဒ်) ကို အက္ခရာ သုံးလုံး၊ လေးလုံးသာထားရပါမယ်။ ဂရု၊ လဟု ကြိုက်ရာအသံ နဲ့ စနိုင်ပါတယ်။
၎။ ၀မ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ အက္ခရာ ငါးလုံး၊ ခြောက်လုံးသာထားရပါမယ်။ ဂရု၊ လဟု တလှည့်စီ ကာရန်ယူရပါမယ်။
၅။ အပိုဒ်ငယ်တွေကို တ၀က်စီခွဲပြီး ပထမတ၀က်ဟာ ရှေ့အပိုဒ်နဲ့ ကာရန်တူရပါမယ်။
၆။ အချီချိုး၊ အချချိုး နှစ်ချိုးစလုံးကို 'လဟု' သံနဲ့ဘဲ အမြဲ ချရပါမယ်။ နောက်ဆုံး အဆုံးသတ် ကာရန်နှစ်ခု ညီရပါမယ်။ အဲဒီ အဆုံးသတ်ပိုဒ်တွေဟာ အက္ခရာ လေးလုံးဘဲထားရပါမယ်။

(၁) အမည်အားဖြင့်
ဒွေး = နှစ်ခု၊ ချိုး = အဆစ်အပိုင်း (ဒွိ ကနေ ဒွေး ဖြစ်လာပါတယ်။)
ဒွေးချိုး = အချိုးအပိုင်းနှစ်ခုဖြင့် စီကုံးထားသော ကဗျာ
ဒွေးချိုးကို နှစ်ဆစ်ချိုး (သို့မဟုတ်) ဒွေးဆစ် ရယ်လို့ လဲ ခေါ်ကြပါတယ်။
(၂) အမျိုးအပြားအားဖြင့်
အမျိုးအစား အနေနဲ့ အစားစားမရှိပါ။ အချိုးမှာပါတဲ့ အပိုဒ်အရေအတွက် အနည်းငယ်ကွာလို့ ဒွေးချိုး အကြီး အငယ် အနေနဲ့သာ နည်းနည်း ကွာခြားတာပဲရှိပါတယ်။
(၃) အချိုးအားဖြင့်
ဒွေးချိုးတပုဒ်မှာ အခံတချိုး၊ အအုပ်တချိုး စုစုပေါင်း နှစ်ချိုးသာရှိပါတယ်။ ပထမအပိုဒ်ကြီးနဲ့ ဒုတိယ အပိုဒ်ကြီး နှစ်ပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။
(၄) အပိုဒ်ရေအားဖြင့်
အချိုးတချိုးမှာ အပိုဒ်ငယ် ၂ပိုဒ်မှ ၅ပိုဒ်အထိထားနိုင်ပါတယ်။ ပါဒ ခေါ်တဲ့ အပိုဒ်ငယ်လေးတွေပါ။ ဒီ အပိုဒ်လေးတွေ ဆုံးတိုင်း ပုဒ်ဖြတ် (၊) ဖြတ်ထားရပါတယ်။
(၅) အက္ခရာ လုံးရေအားဖြင့်
ဒွေးချိုးရဲ့ အပိုဒ်ငယ်တွေမှာ -
အစပိုဒ်မှာ ၃လုံး
အလယ်ပိုဒ်တွေမှာ ၅လုံးကနေ ၆လုံး
အဆုံးသတ်ပိုဒ်မှာ ၄လုံး အတိအကျ ထားရပါမယ်။
(ဒီ အက္ခရာတွေရေတွက်ရာမှာ ၀ိဘတ် နဲ့ ပဒါလင်္ကာရအက္ခရာတွေကို ထည့်မရေတွက်ရပါဘူး)
(၆) အစပ်ကာရန်အားဖြင့်
အချိုးနှစ်ချိုးမှာ အခံချိုး (ပထမအချိုး) နဲ့ အအုပ်ချိုး (ဒုတိယအချိုး) ရဲ့အဆုံးကာရန် တူရပါမယ်။
အပိုဒ်ငယ်တွေမှာ ပထမပိုဒ်ရဲ့ နောက်ထက်ဝက် (ဒုတိယတပိုင်း)က ပေါ်လွင်တဲ့ ပဓါနကာရန် နဲ့ ဒုတိယပိုဒ်ငယ်ရဲ့ ရှေ့ထက်ဝက် (ပထမတပိုင်း)က ပေါ်လွင်တဲ့ ပဓါနကာရန်ချင်း ထပ်မိရပါမယ်။
တစ်ခါ အဲဒီ ဒုတိယပိုဒ်ငယ်ရဲ့ နောက်တပိုင်းက ပေါ်လွင်တဲ့ပဓါနကာရန် နဲ့ နောက်ထပ် တတိယပိုဒ်ရဲ့ ရှေ့တပိုင်း က ပေါ်လွင်တဲ့ ပဓါနကာရန်ချင်း ထပ်ချိတ်ရပါမယ်။
ကျန်တဲ့ အက္ခရာတွေကိုတော့ ၀မ်းတွင်းအက္ခရာလို့မှတ်ရပါမယ်။ အဲဒီ ၀မ်းတွင်းအက္ခရာ တွေ၊ ၀ိဘတ် နဲ့ ပဒါလင်္ကာရ အက္ခရာတွေကတော့ ကာရန်မိဖို့ မလိုပါဘူး။ ဒါပေမယ့် ၀မ်းတွင်းအက္ခရာအချင်းချင်းလဲ ကာရန်မိအောင်စပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။
အဲဒီလို အပိုဒ်ငယ် ရှိသမျှတွေကို ရှေ့နောက်တပိုင်းစီခွဲပြီး ရှေ့အပိုဒ်ငယ်ရဲ့ ပထမတပိုင်းနဲ့ နောက်အပိုဒ် ငယ်က ဒုတိယ တပိုင်းချင်း ကာရန်ချိတ်ပြီး ဆုံးတဲ့အထိ စပ်သွားရပါမယ်။ တပိုင်းစီတ၀က်စီခွဲတယ် ဆိုတဲ့နေရာမှာ အက္ခရာ အလုံးအရေအတွက် အတိအကျ တ၀က်စီခွဲတာမဟုတ်ပါဘူး။ အသံဖြတ်တဲ့နေရာမှာ တပိုင်းစီခွဲရတာ ဖြစ်ပါတယ်။ ဥပမာ - 'ဒွေးချိုး၏မူ' ဆိုတဲ့အပိုဒ်ကို ခွဲရာမှာ 'ဒွေးချိုး' ရယ် '၏မူ' ရယ်လို့ မခွဲပါဘူး။ 'ဒွေးချိုး၏' နဲ့ 'မူ' ရယ်လို့ ခွဲပါတယ်။
ဒါ့အပြင် ကြိုက်ရာအပိုဒ် တပိုဒ်လုံးကို နဘေထပ်ပြီးဘဲဖြစ်ဖြစ်၊ အဲဒီအပိုဒ်ထဲက ပဓါနကာရန်ကို ထပ်ပြီး ဘဲဖြစ်ဖြစ် 'ထပ်တွန့်ပိုဒ်' ခေါ် 'တွန့်ပိုဒ်' အပိုလေးတွေလည်း တစ်ပိုဒ်စ၊ နှစ်ပိုဒ်စ ဆိုသလို၊ လိုသလို ထည့်သွင်းလို့ရပါတယ်။ စာနဲ့ရေးတော့ရှုပ်သလိုဖြစ်နေပါတယ်။ ပုံစံကို ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

၁။ - - + .............. အခံချိုး (အချီချိုး) ............ အပိုဒ်ငယ် (၁)
၂။ - + - ၊ - - * ။ .... အခံချိုး (အချီချိုး) ........... အပိုဒ်ငယ် (၂)
၁။ - - - x .............. အအုပ်ချိုး (အချချိုး) ....... အပိုဒ်ငယ် (၁)
၂။ - x ၊ - * ။ ......... အအုပ်ချိုး (အချချိုး) ....... အပိုဒ်ငယ် (၂)
ဒီလိုပုံစံမျိုးကာရန်ယူပါတယ်။ ဒီနေရာမှာ အခံချိုး အပိုဒ်ငယ် (၂) ရဲ့ ပထမသုံးလုံးထဲက ဘယ်အလုံးမှာမဆို၊ အပိုဒ်ငယ် (၁) ရဲ့ကာရန်နဲ့ ထပ်ပြီး စပ်လို့ရပါတယ်။ ပုဒ်ဖြတ် (၊) ထည့်ထားတာက တ၀က်စီခွဲပြထားတာပါ။ ကဗျာရေးရင် ထည့်မရေးရပါဘူး။
တွန့်ပိုဒ်တွေထည့်လိုက်ရင် ....

၁။ - - + ................. အခံချိုး ...... အပိုဒ်ငယ် (၁)
x။ - - -၊ - - + ။ ....... အခံချိုး .... (တွန့်ပိုဒ်)
၂။ - + -၊ - - * ။ ....... အခံချိုး .... အပိုဒ်ငယ် (၂)
၁။ - - - x ................ အအုပ်ချိုး .. အပိုဒ်ငယ် (၁)
x။ - - -၊ - - x ။ ........ အအုပ်ချိုး ... (တွန့်ပိုဒ်)
၂။ - x ၊ - * ။ ........... အအုပ်ချိုး ... အပိုဒ်ငယ် (၂)

နောက်ပိုင်းမှာ ဒွေးချိုးနမူနာတွေကို ပြတဲ့အခါမှာလည်း ထပ်ရေးပြပါဦးမယ်။
(၇) ဂရု၊ လဟု အားဖြင့်
အခံပိုဒ် (အခံချိုးရဲ့ အစပိုဒ်) ကို ဂရု ကာရန်နဲ့သာ အမြဲချီရပါမယ်။ လဟု ကာရန်မသုံးရပါ။ ဒီနေရာမှာ 'ချီ'တယ် ဆိုတာဟာ အပိုဒ်ငယ်ရဲ့ အစ စာလုံး (သို့မဟုတ်) အဆုံးစာလုံးကို ဆိုလိုခြင်းမဟုတ်ပါ။ အပိုဒ်ငယ်ရဲ့ ဒုတိယပိုင်းက ပေါ်လွင်တဲ့ 'ပဓါနကာရန်' ယူထားတဲ့ စာလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၀မ်းတွင်းကာရန်တွေပါ နဘေထပ်ယူထားရင်လဲ ပဓါနကာရန်ကိုသာ အစချီကာရန်အဖြစ် ယူရမှာ ဖြစ်ပါတယ်။
အအုပ်ပိုဒ် (အအုပ်ချိုးရဲ့ အစပိုဒ်)ကို ဂရု၊ လဟု ကြိုက်တာနဲ့ ချီနိုင်ပါတယ်။
ခံချိုးနဲ့အုပ်ချိုးတွေရဲ့အဆုံးသတ် ကာရန်ဟာ လဟုကာရန် နဲ့သာ အမြဲချရမှာဖြစ်ပါတယ်။ ဂရုကာရန် လုံးဝ မထားရပါ။
အပိုဒ်ငယ်တပိုဒ်အတွင်းမှာ ပထမတ၀က် နဲ့ ဒုတိယတ၀က် ကာရန်တွေဟာ ဂရု နဲ့ လဟု တလှည့်စီ ဖြစ်ရပါမယ်။
(၈) အပြစ်ဒေါသအားဖြင့်
ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်
အောက်က နမူနာ ဒွေးချိုးတွေကို ကြည့်ပါ။

ရေးပျိုးရာ၊
နှစ်ချိုးသာ ဧကန္တ (ရယ်နှင့်)၊
ရေးရအမြဲ။
ယင်းကဗျာ၊
စွဲသညာ ဤစာမျိုး (ကို)၊
ဒွေးချိုး တဲ့ဘဲ။

ဒါကို အသေးစိတ်ဇယားလေးနဲ့ ပြထားပါတယ် ...



တ၀က်စီခွဲထားတဲ့နေရာမှာ တုံးတို (-) လေးတွေနဲ့ဖြတ်ပြထားပါတယ်။ ပဒါလင်္ကာရ တွေကို () ထဲမှာ ပြထားပါတယ်။ ဒီစာလုံးတွေကို အလုံးရေ ရေတွက်တဲ့အခါ ထည့်ပြီး မရေတွက်ရပါဘူး။
တွန့်ပိုဒ်တွေထည့်ထားတဲ့ အပိုဒ်ရေနဲ့ စာလုံးရေထားနည်း ဥပဒေသ ဒွေးချိုးလေးကို ကြည့်ပါ။

တချိုး-၀ယ်၊ (အချီကာရန် = ၀ယ် - ဂရု)
အပိုဒ်ငယ် နှစ်သုံးလေး (ရယ်နှင့်)၊
ငါး ရေးတာ ခါတရံ (ပ)၊
ကဗျာဉာဏ် တွေး။

ပ သုံးပင်၊ (အချီကာရန် = ပင် - ဂရု)
တွန့်ပိုဒ် ရံခါယှဉ်(လို့)၊
လယ်ပိုဒ်တွင် ငါးခြောက်လုံး (ရယ်နှင့်)၊
ဒွေးချိုးမှာ သင်္ချာသုံး (ကြတယ်)၊
ဆုံးပိုဒ်၌ လေး။

အဲဒီ ဒွေးချိုးအရ အချိုးတချိုးမှာ အပိုဒ်ငယ် နှစ်ပိုဒ် ကနေ လေးပိုဒ်ရေးနိုင်ပြီး တစ်ခါတစ်လေ ငါးပိုဒ် အထိရေးနိုင်တယ်လို့ ဆိုပါတယ်။
ပ သုံးပင် ဆိုတဲ့အတွက် ပထမအပိုဒ်မှာ စာလုံးသုံးလုံး ထားရမယ်လို့ ဆိုပါတယ် (ဒါပေမယ့် လေးလုံး အထိလဲ ထားလို့ရပါတယ်)။ တွန့်ပိုဒ်တွေ တစ်ခါတစ်လေယှဉ်ထည့်နိုင်ပါတယ်။ အလယ်ပိုဒ်တွေမှာတော့ ငါးလုံး၊ ခြောက်လုံး ရေးလို့ရပြီး အဆုံးပိုဒ်ကိုတော့ အမြဲ လေးလုံးချရမယ်လို့ဆိုပါတယ်။
ဒါကို အသေးစိတ်ဇယားနဲ့ပြထားပါတယ်။



အပေါ်က ပုံစံမှာ (x) ပြထားတာတွေက တွန့်ပိုဒ်တွေပါ။ သတိထားဖို့က တွန့်ပိုဒ်ကို ကာရန်ယူရင် တပိုဒ်လုံး နဘေထပ်ယူရင်ယူ၊ မယူရင် ဒုတိယတ၀က်မှာ အပေါ်ပိုဒ်ရဲ့ ကာရန်ကို ထပ်ပြီးယူပါတယ်။ ဒီတွန့်ပိုဒ်တွေကို ဖြုတ်လိုက်လဲ မူလဒွေးချိုးပျက်မသွားပါဘူး။ ကြည့်ပါ။

ပ သုံးပင်
လယ်ပိုဒ်တွင် ငါးခြောက်လုံး (ရယ်နှင့်)၊
ဆုံးပိုဒ်၌ လေး။
မူလ ဒွေးချိုးစည်းကမ်းဥပဒေနဲ့ အားလုံးညီပါတယ်။ တွန့်ပိုဒ်တွေသိပ်များရင်တော့ လေးချိုးနဲ့သွားတူလို့ အရမ်းအများကြီးတော့ မထည့်သင့်ဘူးလို့ဆိုပါတယ်။
ဒီနေရာမှာတော့ တခုသတိထားကြည့်ဖို့က အဆုံးသတ် နံပါတ်(၃) အပိုဒ်မှာ လဟု ကာရန်နှစ်ချက်ထပ်သွားတာပါဘဲ။ ဒါကတော့ သုံးပိုဒ်ဘဲရှိတာမို့
ဂရု (၁)
ဂရု၊ လဟု (၂) ဆိုပြီး ဒုတိယပိုဒ်ရဲ့ တ၀က်စီမှာ တလှည့်စီထည့်လိုက်တော့
လဟု၊ လဟု (၃) ဆိုပြီး အဆုံးသတ်ပိုဒ် (တတိယပိုဒ်) ရဲ့အစမှာ လဟုခြင်းပြန်ချိတ်အပြီးမှာ ချတဲ့အခါ ကျပြန်တော့လဲ လဟု နဲ့သာချရမယ်ဆိုတော့ မလွှဲသာမရှောင်သာ ဘဲ လဟု နှစ်ချက်ဖြစ်သွားခြင်းဖြစ်ပါတယ်။ ဒါကိုတော့ ဥပဒေသကို ချိုးဖေါက်တယ်လို့ ပြောလို့မရပါဘူး။ တကယ်လို့ လေးပိုဒ်ရေးလိုက်ရင်တော့ ဒါမျိုးမဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် အအုပ်ချိုးကို လဟုနဲ့ ချီလိုက်ရင်လဲ
လဟု (၁)
လဟု၊ ဂရု (၂)
ဂရု၊ လဟု (၃) .. ရယ်လို့ဖြစ်သွားတော့ ဒီပြဿနာနေ ရှောင်လွှဲပြီးသားဖြစ်သွားပါမယ်။

နမူနာ ဒွေးချိုးတွေကို လေ့လာလို့ရအောင် ရေးပေးလိုက်ပါတယ်။ ပုံစံတွေနဲ့ တိုက်ကြည့်ကြပါ။ ကာရန်ယူပုံကိုလည်း လေ့လာကြည့်ပါ။

သနစ်စုံ၊ ဖြစ်ပုံဖြင့်ခက်သား။
မလေးခင် ပေလွှာရေးတယ်၊ ဝေးတရပ်ခြား။ ။
(ဦးပုည ၏ သစ္စာပျက်မှာတမ်း)

လှိုက်လှိုက်ကယ်ဖို၊ ရှိုက်ငိုလို့တိတ်ဘဲ။
မယ့်သည်းချာ မယ်ထူပါ့မယ်၊ မြပုခက်လွှဲ။ ။
(ဦးဖေကြော့ ၏ ကလေးချော့စကားပြေမှ)
ဒီဒွေးချိုးတွေမှာ အခံနှစ်ပိုဒ်၊ အအုပ်နှစ်ပိုဒ်ဘဲရှိပါတယ်။ ဒီ့ထက်တော့ တိုအောင်ရေးလို့မရတော့ပါဘူး။

နှင်းဆီကယဉ်၊ သဇင်ကပြုံး။ ။
အပွင့်မှာပန်တော်ဝင်ပေ့၊ အပင်မှာဘယ်အတွက်ကြောင့်၊
ဆူးဖက်သတုံး။ ။
ဦးစံသူရေးတဲ့ အပေါ်ကဒွေးချိုးကတော့ အခံနှစ်ပိုဒ်၊ အအုပ် သုံးပိုဒ် ရှိပါတယ်။

တနေကွယ်၊ သေနယ်သို့တခါကူး။ ။
မေ့လျော့ကာ၊ သေဘူးမထင်ပါနှင့်၊
နေကွယ်တာအကြိမ်များရင်ဖြင့်၊
သေနယ်ရွာတကြိမ်သွားပါလိမ့်၊
တားမရဘူး။ ။
(လယ်တီဆရာတော်ဘုရားကြီး)

ခေတ်ဇမ္ဗူ၊ ချစ်သူကြောင့်စိတ်မအေး။ ။
ကုန်မလန်းနိုင်ဘု၊
ထုံပန်းဇာကြူပေါ်က၊
ကူပါသော် ပူတာရှင်းလေးငဲ့၊ ဆင်းရွှေရုပ်သွေး။ ။
(ဘိုးဝဇီရ)
အပေါ်ကဒွေးချိုးတွေက အခံနှစ်ပိုဒ်၊ အအုပ်လေးပိုဒ် ရှိပါတယ်။

ဖားတင်္ဂါ၊
မှန်ရာရွှေနှုတ်က၊
ခွန်းထုတ်စေသား။
လှမတူ၊
တ-သူ ဧကန်ရောက်မှာဖြင့်၊
ပြောင်မြောက်ဗေဒင်ပိုင်ငဲ့၊
စံအိုင်ကိုစိန်နဲ့မွှန်းပါ့မယ်၊
ခွန်းကြူပါ့ဖား။
ဘကြီးတော်ဘုရားလက်ထက်၊ ထင်ရှားတဲ့စာဆိုဖြစ်သူ ကွပ်ရွာမင်းကြီးကတော် ရေးတဲ့ အပေါ်ကဒွေးချိုးကတော့ အခံနှစ်ပိုဒ်၊ အအုပ် ငါးပိုဒ် ရှိပါတယ်။ (ဇေယျ ရေး - မြန်မာ့မျက်ပွင့်စာဓလေ့၊ 'စာဆိုခဲ့ဖူးပါ၏' ဆောင်းပါး စာ - ၂၇၁ မှ)

အဆွေးငယ်ကြွယ်၊
အရေးငယ် မစာလှယ်သို့၊ ပူနယ်မဆုံး။ ။
အမြင်နီးပေမယ့်၊
ခရီးရွှေတောင်နေသို့၊ ဝေးရလေအုံး။ ။
(အမရပူရခေတ် စာဆိုတော် ဦးစံသူရေး - သူ့မှာတမ်း ဒွေးချိုး)
(အအုပ်ပိုဒ်ကို 'နီး' ဆိုပြီး လဟုသံနဲ့ ချီထားပါတယ်)

ပစ်မခွါ၊ နှစ်တရာရှည်မြင့်အောင်ပ
တည်ခွင့်ပါဗျ။ ။
မေတ္တာငယ်လှိုင်၊
သစ္စာတိုင် ယိုင်မကျိုးပါနဲ့၊ ရိုးမြေပြာကျ။ ။
(အချုပ်တန်းဆရာဖေ)

ချိုးနှစ်ကောင်၊ ထနောင်းပင်ညီနောင်က၊
လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ၊ ပင်မြက်နေဇာထူလှတယ်၊
ဖိုးတောင်သူ့တဲ။ ။
အထက်ပါ ဒွေးချိုးသုံးပုဒ်ကတော့ အခံ၊ အအုပ် သုံးပိုဒ်စီထားပါတယ်။ ဒါမျိုးကတော့ တွေ့ရခဲတယ်လို့ ဆိုပါတယ်။

ချစ်မညီ၊ ကသီလင်တနဲ့၊ ပူစမငြိမ်း။ ။
တသက်လျာ၊ တမျက်နှာငယ်တဲ့ခေတ်တွင်မှ၊
အချစ်ကို ဝေလာဝေးလိုက်လျှင်၊ ဆွေးစမသိမ်း။ ။
(ဦးစံသူ)

နေမှိန်မှိန်၊
ဆင်ဗောင်းတော် ရွှေပုသိမ်နှင့်၊
လာချိန်တန်တော့။
ထပ်ထပ်ကယ်မျှော်၊
ပြဿာဒ်ဆောင်ဘုံပေါ်က၊
အကြိုတော် သည်မယ်ထောက်ရတယ်၊
ကိုးခေါက်ပြန်ပေါ့။ ။
(အနောက်နန်းမတော် မမြကလေး ရေး - အမျှော်စိုက် နှစ်ဆစ်သဖြန်)

ထုံးမတိမ်၊ ငုံး အိမ် ကျူ လ သို့၊
တူမျှစံနှိုင်း။
ထပ်တညီ၊ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။ ။
(ဦးပုညရေး - သစ္စာတိုင် ဒွေးချိုး)

လွမ်းစရာနော်၊
ရဟန္တာ နှစ်ဆူပျော်တဲ့၊
ဂူတော်ချောင်နန်း။
စခန်းသန့်ပါဘိ၊
ပန်းနံ့တွေ ထုံကြူလို့၊
မစုံသူ သည်ကိုရောက်လျှင်၊
ရူးလောက် ခမန်း ။ ။
(သံတော်ဆင့် ဦးအို ရေး - စစ်ကိုင်းတောင်ရိုး ရဟန္တာဂူဘွဲ့ ဒွေးချိုး)

ထပ်စရာ၊
လိပ်ပြာတုံလှလို့၊
လုံမမှာပန်း။
နန်းရိပ်ကေညှာ၊
စန်းမိတ်ငွေလွှာသို့၊
ဖြေမသာ သူရာစီးသည့်နှယ်၊
မီးထခမန်း။ ။
(မန္တလေးမောင်ဘိုးရင် ရေး - မှာတမ်းဒွေးချိုး။ 'ညှာ' ဆိုပြီး ဂရုကာရန်နဲ့ချီထားပါတယ်။ 'စန်းမိတ် ငွေလွှာသို့' ဆိုပြီး တွန့်ပိုဒ် တပိုဒ်လဲ ထည့်ထားပါတယ်။)
အပေါ်ကဒွေးချိုးတွေက အခံသုံးပိုဒ်၊ အအုပ်လေးပိုဒ် ရှိပါတယ်။

ပန်းစပယ်၊
နန်းအလယ် မပေါ်ခိုက်ဟာမို့၊
အလိုက်တော် တန်သင့်ရုံပ၊
ခံပွင့်ကိုကုံး။
နန်းရဝေ၊
မန်းမြေမှာ စပယ်လှိုင်တော့၊
ခံပန်းခိုင် ယာယီရွေ့တယ်၊
တောလေ့ရွာသုံး။ ။
(ဦးစံသူရေး - မယ်ဖွဲ့ နှစ်ဆစ်သဖြန်)

ညှင်းဆော်ညိမ့်လွင်၊
အိမ့်ရှင် စည်တော်စုံက၊
သဲအုံကြွေစေရော့ငှာလို့၊
သာတော့သီကျူး။
ချိန်ရည်ဆည်း၊
တင့်ရည်းငယ်တည့် ဆိုးပေအို၊
ဘယ်ငြိုးမာန်နှင့် ဖန်မတုံ့တယ်၊
အမ္ဗုန့်ထွတ်မှူး။ ။
(မြ၀တီမင်းကြီး ရေး - သဖြန် ဒွေးချိုး)
အခုပြထားတဲ့ အပေါ်က ဒွေးချိုးတွေကတော့ အခံလေးပိုဒ်၊ အအုပ်လေးပိုဒ် ပါ။

ဝဋ်ကြွေးငယ်တင်၊
လွတ်သေးမယ် အိုမထင်ကြပါနှင့်၊
ကိုယ်တွင်တရား။
မချိသူ၊
သတိကလေး အနိုင်မူရ (တွန့်ပိုဒ်)
ဝိဋဋူ သာကီသတ်စဉ်က၊
စောမြတ် ကိုယ်တော်တိုင်ပ၊
မကယ်နိုင် သည်စဉ်တုံးရယ်က၊
ထုံးအရှိသား။ ။
(တောင်တွင်းကြီး ဦးကြော့ ရေး - သံဝေဂ နှစ်ဆစ်သဖြန်)
ဒီ ဒွေးချိုးကတော့ အခံသုံးပိုဒ်၊ အအုပ်ငါးပိုဒ် မှာ တွန့်ပိုဒ် တစ်ပိုဒ် ထည့်ရေးထားပါတယ်။

မျက်ထားတော်ချို၊
မြွက်ကြား အသံဆိုတော့ (တွန့်ပိုဒ်)
ထက်ပွါးပို ဖရဏာဟုန်နှင့်၊
သဒ္ဒါရုံဧး။
ထူးမြတ်သမ္ဘာ၊
ဘယ်ဘုန်းမှာ ဘယ်ပတနာလေသိ၊
ဆွယ်စရာ ဇမ္ဗူလုံးမှာ၊
နှုန်းစံဖက်ဝေး။
(ပပငယ်လေ ၀င်းဝင်း ... ပတ်ပျိုးမှ သဖြန်ဒွေးချိုး)
ဒီဒွေးချိုးသဖြန်မှာတော့ ခံပိုဒ် သုံးပိုဒ်၊ အုပ်ပိုဒ်လေးပိုဒ်နဲ့ ခံပိုဒ်မှာ တွန့်ပိုဒ် တစ်ပိုဒ် ထည့်ထားပါတယ်။

ဒွေးချိုးကြီး
ဒွေးချိုးကြီး ဆိုတာကတော့ ဒွေးချိုးစပ်နည်းအတိုင်း စာလုံးရေများများ၊ အပိုဒ်ရေများများ ရေးလိုက်တာ ပါဘဲ။ ဇာတ်ပွဲတွေမှာ ငိုချင်းရှည်အဖြစ်သုံးရင်တော့ 'ဒွေးချိုးငိုချင်း' လို့ခေါ်တယ်လို့ သိရပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ စပြီးပေါ်လာတယ်လို့ ဆိုပါတယ်။ အခံပိုဒ်ကို ငါးလုံး၊ ခြောက်လုံး အချီ အချ ထားပါတယ်။ အအုပ်ပိုဒ်ကို ၆လုံး၊ ၇လုံး အချီ၊ အချထားပါတယ်။ အလယ်ပိုဒ်တွေမှာ ၈လုံး၊ ၉လုံးအထိ စာလုံးရေ ထားပါတယ်။ အချိုးတစ်ချိုးမှာအပိုဒ်ငယ်တွေက ၅ပိုဒ်၊ ၆ပိုဒ်လောက်ထားပါတယ်။ နဘေတွေ၊ တွန့်ပိုဒ်တွေ ကိုလည်း သင့်သလိုထည့်ရေးပါတယ်။ ပုပ္ပါး ဦးကျော်ရင်ရေးတဲ့ ကုသဇာတ် ခေတ်ပေါ် ဒွေးချိုးငိုချင်း တပုဒ်ကို နမူနာအဖြစ် ပြလိုက်ပါတယ်။

နာရဏီရွှေပါနော်၊
သာကီဆွေ ဆင်းဝါမက်သူမို့၊
ဟင်းလျာချက်ကာ အမဲကြော်ရှာတဲ့အပြင်၊
ပွဲတော်စာ အချက်အပြုတ်အထွေထွေနဲ့၊
ကနက်စမုခ်ဗွေ အသွား။

(သြော် ) အတင်းခွဲတဲ့ မယားရယ်ကြောင့်၊
ဆင်းရဲတွေများလိုက်ပါဘိတယ်၊
(တောက်တောက်-) သနားရယ် မညှာတာသမို့၊
ဖျာ တရာနှစ်ရာ အိုးတွေလဲ လုပ်ခဲ့ပေပေါ့၊
(မယ်ပဘာ့ရေ ...) ငါမဟာရာဇာပါ အမျိုးကလဲ မနုပ်ပါဘူးကွဲ့၊
(အမယ်မင်း ...) အရုပ်ဆိုးကြီးမို့ အလှအပ မာနမထားလိုက်ပါနဲ့၊
(မယ်ပဘာရယ်..) မပုပ်မသိုးသေးပါဘူးကွယ့် ဂဃဏန ရာဇ ရာဇာတပါး။ ။

စကားပြေညှပ်ဒွေးချိုးကြီး
ပထမအချိုးနဲ့ ဒုတိယအချိုးကြားမှာ လိုချင်တဲ့ အကြောင်းအရာတွေကို စကားပြေ၊ စကားပြေလင်္ကာတွေ ကို ကြားညှပ်ပြီးရေးထားရင် စကားပြေညှပ်ဒွေးချိုးကြီး လို့ ခေါ်ပါတယ်။ စပ်နည်းကတော့ ဒွေးချိုးကြီး အတိုင်းပါဘဲ။

ဒီလောက်ဆိုရင်တော့ ဒွေးချိုးကို မြင်သာလောက်ပြီလို့ထင်ပါတယ်။ ဒွေးချိုးပြီးတော့ တြိချိုးကို ဆက်ဖို့ပါပဲ။ ဒါပေမယ့် တြိချိုးမတိုင်ခင် အလျဉ်းသင့်တဲ့အတွက် သဖြန် အကြောင်းကို ဆက်လိုက်ပါ့မယ်။ သဖြန် ဆိုတာက မကြာခဏတွေ့ရတတ်ပြီး အချိုးကဗျာစပ်နည်းတွေနဲ့လဲ အကျုံးဝင်တဲ့အတွက်ပါ။

No comments: