Wednesday 17 September 2008

ဗေဒါလမ်း (၁၁) - တွေးမိပါစ

ဗေဒါတဲ့ ဗေဒါ။
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ။
မွှေးသမျှပြန်တစ်ရာ၊ ခံစရာအရေး။
အတိုက်ခံနိုင်မှ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး။

မွှေးမှလည်း မဟုတ်ပါ။
ရိုးသံရှင်ပဲ့တင်ထပ်၊ ချောင်းစပ်ဧရာ။
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။
တစိုက်စိုက်ကယ်နဲ့၊
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ်ခံနေကြ၊ တွေးမိပါစ။ ။

ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ဒီချောင်းထဲမှာ နာမည်မွှေးတဲ့၊ နာမည်ကောင်းနဲ့ ကျော်ကြားနေတဲ့ မဗေဒါဆိုတာ အလကားတော့ ကျော်ကြားလာတာ မဟုတ်ပါဘူး။ နာမည်မွှေးသလိုပဲ ခံစရာရှိလဲ အတိုက်တွေ၊ အမွှေ့တွေကို ခါးစည်းခံနိုင်မှ၊ ရမ်းကားတဲ့ ဘဲတွေရဲ့ ဒဏ်ကိုလဲ ခံနိုင်ရည်ရှိမှသာ ဖြစ်နိုင်မှာပါ။ နာမည် မွှေးမွှေး မမွှေးမွှေး၊ ကျူရိုးရှင် က ပီပီသံကို ပဲ့တင်ထပ်အောင် ဧရာချောင်းစပ်က ပေးနေတဲ့ လမ်းမှာ မဗေဒါကတော့ ဒီလမ်း မသာရင် သာမယ့်လမ်းကို သူစုန်ဆန်နေကြ လမ်းတကာလမ်းကြား လိုက်လို့ ရှာပြီးသွားရင်းနဲ့ အတိုက်တွေ့ရင်လဲ ကြိုဆို၊ အမွှေ့ဒဏ်ခံရတော့လဲ ခံနေကျပဲမို့ စိတ်မပျက်ဘဲ သူ့ခရီးသူဆက်နေတာကို တွေးမိရဲ့လား လို့ ... မဗေဒါက ပြောနေသလိုပဲခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: