Sunday 21 September 2008

ဗေဒါလမ်း (၂၃) - တိုးထွက်နိုင်မှ

နောက်ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ရှေ့ချောင်းကပန်းနီလာ၊ ဗေဒါမ ... လား။
ဒီဆိုင်ကျခါမှ
ချောင်းမကိုအရောက်ခဲ၊ တွဲတက်စို့လား ... တဲ့။

နောက်ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ရှေ့ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ဒီဆိုင်မှာနှစ်ခိုင်ခဲပေမဲ့။
မတွဲသာ ကြာလေဝေး၊ ၀ဲကျော်ကြောင့်လေး။

ဝဲကျော်က မလော်မာပါ ... တဲ့။
ဒီအပြိုင် ဒီဆိုင်ထဲ ၀ဲကတစ်ရာ။
ဒီအားကြောင့် မနားသာ၊ ပတ်ချာလည်ဘဝ
ဝဲခွင်ဝင်သမျှ၊ ထိုးထွက်နိုင်မှ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း၊ ၁၉၆၀)

အနောက်ချောင်းနဲ့ အရှေ့ချောင်း က ဗေဒါမ ပန်းနီလာ နှစ်ဦးကတော့ ချောင်းမကိုဝင်မယ့် ချောင်းဆိုင်ရောက်ရင် ချောင်းမကိုရောက်အောင် နှစ်ဦးသားတွဲပြီးဆန်တက်သွားဖို့ တိုင်ပင်စိုင်းပြင်းနေကြပါတယ်။ ဒါပေမယ့် ချောင်းဆိုင်ကို နှစ်ဦးသားဆန်လာကြပေမယ့် ချောင်းဆုံလဲရောက်ရော ၀ဲနဲ့တွေ့ ပြီး မတွဲနိုင်ကြတော့ဘဲ ကြာလေလေဝေးလေလေ ဖြစ်သွားရရှာပါတယ်။
ဝဲကျော်ကလဲ သူလော်မာတာမဟုတ်ဘူးလို့ငြင်းပါတယ်။ ဒီ ချောင်းဆုံမှာ ဒီရေစီးတဲ့အားကြောင့် ၀ဲတွေအများကြီး ဖြစ်နေရ တာပါ၊ သူတို့လဲ ပတ်ချာလည်လှည့်ပြီး မနားရပါဘူး ... တဲ့။ ဒီတော့ မဗေဒါတို့ ၀ဲခွင်ထဲဝင်သွားရင်တော့ ၀င်လာသမျှကို တိုးထွက်နိုင်မှသာ လွတ်ပါလေတော့မယ်။

လောကသံသရာထဲမှာလဲ ဒုက္ခမျိုးစုံ အမျိုးမျိုးအဖုံဖုံ ကြုံဆုံလေသမျှကို ကျနော်တို့ အားမာန်တင်းရင်း ရအောင်တိုးထွက်ကြရပါလိမ့်မယ် ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

No comments: