ဆရာ အီကြာကွေးရဲ့ ဇာတိချက်ကြွေကတော့ ဓနုဖြူမြို့ မင်းပိုင်ရပ်မှာပါ။ ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ တနင်္လာနေ့မှာ အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွန့်မေ တို့က ဖွေးဖွားခဲ့တဲ့ တဦးတည်းသောသားဖြစ်ပါတယ်။ နာမည်ရင်း ဦးကျော်ထွန်းပါ။ မူလ ကဗျာ ကလောင် အမည်က ဓနုဖြူ ကျော်ထွန်းဖြစ်ပါတယ်။ ဓနုဖြူ အစိုးရ အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
စာရေးဆရာ အီကြာကွေး
(ဧရာဝတီက ရယူပါတယ်)
ဆရာ အီကြာကွေး မကွယ်လွန်ခင်က အမှတ် ၂၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ မှာရှိတဲ့ သူ့နေအိမ်မှာ ဆွေမျိုးမရှိဘဲ တပည့်တချို့နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီ နေအိမ်ကို မကွယ်လွန်ခင်ကတည်းက သာသနာရေးဝန်ကြီးဌာနကို ကြိုတင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိဘဲ တကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
ဆရာကြီးကွေး၏ အိမ် (မိုးမခ မှ ရယူပါတယ်)
စာပေတာဝန်များထမ်းဆောင်ခဲ့ပုံ
အသက် ဆယ့်ခြောက်နှစ်အရွယ်၊ ၁၉၅၄ ခုနှစ် ဇန္နဝါရီလကတည်းက စလို့ စာရေးသားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် အသက် ၇၂-နှစ် အရွယ်အထိ စာပေရေးသားခြင်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အခု ကွယ်လွန်ချိန် ၂၀၀၉-ခုနှစ် အထိဆိုရင် စာရေးသက်တမ်း ၅၅-နှစ်ကျော် ၅၆-နှစ်နီးပါး ရှိခဲ့တဲ့ စာရေးဆရာကြီး တဦး ဖြစ်ပါတယ်။
(DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းဌာန မှ ရယူပါတယ်)
လူမှုရေး အသော့အထေ့၊ သရော်စာ၊ ဟာသစာတွေ ရေးသားပြီး နာမည်ကျော်ကြားတဲ့ စာရေးဆရာ အီကြာကွေး ဟာ လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော်ခန့်နဲ့ ကဗျာ၊ ဝတ္ထုတို၊ သရော်ဟာသ စာပေများကို ကိုယ်ပိုင်ဟန်များဖြင့် ရေးသား တင်ဆက်ခဲ့ပါတယ်။
သူဟာ စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရတယ် လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။
ထင်ရှားသည့် စာပေ လက်ရာတွေကတော့ ဓနုဖြူ ကျော်ထွန်း အမည်ဖြင့် ကဗျာပေါင်း ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ဝတ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝထ္ထုရှည် ၃ ပုဒ်နှင့် "ပီမိုးနင်း၏ ဝတ္တုတို အတတ်ပညာ" အမည်ရှိ စာပေကျမ်း တကျမ်း ပြုစုခဲ့သူဖြစ်ကြောင်း ... ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ဖော်ပြထားပါတယ်။
ဆရာအီကြာကွေးဟာ လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းမှာ ကဗျာအယ်ဒီတာအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင်ပေါင်းများစွာကို စင်တင်ပေးခဲ့ပါတယ်။ သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြူလာ ဂျာနယ်အတွက်လည်း စာပေများ ရေးသားခဲ့ပါသေးတယ်။ (ဧရာဝတီ) အခြားကလောင်အမည်တွေ နဲ့လည်း စာပေအမျိုးအစား များစွာ ရေးသားခဲ့ပါတယ်။
၁၉၅၄-ခုနှစ်၊ ဇန်နဝါရီလ ၉-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းမှာ "ချစ်တိုင်းပြည်" ကဗျာဖြင့် စာပေလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၅၃-၅၄-ခုနှစ်မှာ စာပေ ဝါသနာရှင်များအသင်း (ဓနုဖြူ) ကို ဖွဲ့စည်းပြီး စာပေတာဝန်မှူးနဲ့ စာကြည့်တိုက်မှူး တာဝန်တွေကိုယူခဲ့ကာ မုန်တိုင်းစာစောင် အမှတ် (၁) နဲ့ အမှတ် (၂) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၅၇-ခုနှစ်မှာ ဓနုဖြူ ကဗျာဆရာအသင်းကို တိုးချဲ့ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၈-ခုနှစ်မှာ ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) မှာ ဥက္ကဋ္ဌ တာဝန် အပြင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ)မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အသင်းစာကြည့်တိုက်ကို တည်ထောင်ဖွဲ့စည်းရင်း ရန်ကုန်က စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီးတော့ စာဆိုတော်နေ့ စာပေဟောပြောပွဲတွေကို ဓနုဖြူမှာ စတင်ကျင်းပပေးခဲ့တာဟာ ၁၉၆၃-ခုနှစ် အထိ ဖြစ်တယ်လို့ သိရပါတယ်။ ဓနုဖြူမှာ စာပေဟောပြောပွဲတွေကို မျိုးစေ့ စ,ချပေးခဲ့သူပဲ ဖြစ်ပါတယ်။
၁၉၆၉-ခုနှစ်မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပစ္စက္ခကဗျာများနှင့် ပဲ့တင်သံကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အီကြာကွေး အမည်နဲ့ ရေးခဲ့တဲ့ "နောင်တခါ မေးရင် ဖြေလိုက်မယ်" ဝတ္ထုတိုကို ပထမဆုံး ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ကဗျာဆရာ လက်သင်တွေအတွက် လမ်းညွှန်နည်းပြ မဂ္ဂဇင်းမှာ "ကဗျာ့ပွဲခင်းသာ" ကဏ္ဍကို နှစ်ပေါင်း သုံးဆယ် ကျော် လစဉ်မပျက် တာဝန်ယူရေးသားခဲ့ပြီး နောက်ပိုင်း သောကြာစာစောင်မှာ အဲဒီကဏ္ဍကို သုံးနှစ်ကျော် ဆက်လက် တာဝန်ယူရေးသားခဲ့ကြောင်း သိရှိရတာမို့ ဆရာဟာ အီကြာကွေး အမည်နဲ့ ကျော်ကြားခဲ့ပြီး ဟာသတွေ၊ သရော်စာတွေ ရေးနေခဲ့ပေမဲ့ ငယ်ချစ်ဖြစ်တဲ့ ကဗျာအပေါ် သံယောဇဉ်ကြီးလွန်းပြီး တာဝန်အထူးကျေပွန်ခဲ့သူဖြစ်ကြောင်းလည်း သိနိုင်ပါတယ်။
အီကြာကွေးအမည်နဲ့ သရော်စာ၊ ဟာသစာတွေကိုတော့ ၁၉၅၇-ခုနှစ်မှာ ရေးသားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဟာသ စာရေးဆရာ အီကြာကွေး အနေနဲ့ နိုင်ငံကျော်ခဲ့ပါတယ်။ သူဟာ လုံးချင်း အုပ်-၂၀ ကျော် ရေးသားထုတ်ဝေခဲ့တဲ့ အထဲက ဟာသ မဟုတ်တဲ့ "မျက်စိအောက်က ဇရာ" နဲ့ “ငုတ်တုတ်ထင်ရှားရေးဖော်များ” စတဲ့ စာအုပ်တွေဟာ ထင်ရှားပါတယ်။
ဆရာအီကြာကွေးရဲ့ လက်ရာ ဖြစ်တဲ့ "ငုတ်တုတ်ထင်ရှား ရေးဖော်များ"
(DVB စာမျက်နှာက ရရှိပါတယ်)
ဒါတွင်မကသေးပါဘူး၊ ဆရာကွေးဟာ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် "ပုတီးတလုံး ဂျောက်ခနဲ"၊ "မျက်လုံးများပင်မြင်ပါပြီ" နဲ့ "အဆိပ်တောမှ ပြန်ခဲ့ပါ" ဆိုတဲ့ ရှေ့ပိုင်းပြဇာတ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ (ဧရာဝတီ)
လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို သူကိုယ်တိုင် ဂုရုကွေးဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်တဲ့ အတို့အထိ သရော် ဟာသလေးတွေနဲ့ စာဖတ်ပရိသတ်ကို မနောခွေ့စေခဲ့သလို ဒကာဆိတ်၊ ဆိုက်ကားဆရာ စာကလေး အစရှိတဲ့ ဇာတ်ကောင်များနဲ့ သူ့မူပိုင် ဟိုက်ရှာလဘတ်ရည်၊ သွပ်သွပ်သွပ်သွပ် စတဲ့ စကားလုံးလေးတွေဟာ တနိုင်ငံလုံးက လူကြီးလူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ ခွေးတွေကို ဇာတ်ကောင် အဖြစ်ထားပြီး "ဖိုက်တာဘောလုံး၏ ကြိုးပမ်းချက်များ" ဆိုတဲ့ အသော့ အထေ့ ဟာသ ဝတ္ထုတိုတွေလည်း အတွဲလိုက် ရေးသားခဲ့ပါ သေးတယ်။
မိုးဝေမဂ္ဂဇင်းမှာပါတဲ့ "ခွပ်လိုက်ကြစို့ သူငယ်ချင်း" နဲ့ ရှုဒေါင့်ဂျာနယ်က "နိုင်ငံတော်ပြည်အရေး" ပင်တိုင်ကဏ္ဍ တွေမှာ ပရိသတ် အခိုင်အမာရခဲ့ပါတယ်။ မော်ကွန်းဂျာနယ် သက်တမ်းတလျှောက် အဆက်မပြတ်ရေးခဲ့တဲ့ အသော့အထေ့စာမူတွေကို စုစည်းပြီး "တွေ့ရကြုံရ ရှတတ လေးတွေ" ဆိုတဲ့ လုံးချင်းစာအုပ်အဖြစ်လည်း ပြန်လည်ထုတ်ဝေခဲ့ပါတယ်။
ဆရာကြီးကွေး၏ တွေ့ရကြုံရ ရှတတလေးတွေ စာအုပ်
အနုပညာရှင်တို့၏ စကားများ
အော်ပီကျယ်
ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ ရင်းနှီးခဲ့ပြီး လေးစားခဲ့ရသူ ကာတွန်းဆရာ အော်ပီကျယ်ကတော့ စာပေလောကရဲ့ အဖိုးတန်လှတဲ့ ကလောင်တလက် ဆုံးရှုံးတဲ့အတွက် ဝမ်းနည်းမိတယ် လို့လည်း ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမ (မြန်မာ) သတင်းဌာန ကို ပြောခဲ့ပါတယ်။
"အဓိက သရော်စာပေတွေမှာ ဆရာကြီးတို့က ထိပ်ဆုံးမှာ ရှိတယ်။ ဆရာ့ရဲ့ သရော်စာတွေကို ကျနော်တို့ ငယ်ငယ်ကတည်းက စွဲလမ်းတယ်။ ဆရာဆုံးသွားတော့ တကယ့် ပင်တိုင် ဟာသစာရေးဆရာတယောက် လျော့သွားတာပေါ့ ခင်ဗျာ၊"
"သူက လူတိုင်းနဲ့ ခင်တယ်။ သူ့ဘဝတလျှောက်လုံးက စာပေလုပ်ငန်းတခုထဲနဲ့ပဲ ရပ်တည်ခဲ့တယ်" လို့ သူက ပြောပါတယ်။
လွတ်လပ်သော မြန်မာ့အသံ (RFA) သတင်းဌာနကိုတော့ ...
"ဆရာအီကြာကွေးက ကျနော်တို့ရဲ့ သင်ဆရာ မဟုတ်တောင် မြင်ဆရာပေါ့ဗျာ။ သူရေးတာလေးတွေက တကယ်ထိထိမိမိပါ၊ ကောင်းပါတယ်။ ကျနော်တို့က နဂိုကတည်းက ကြိုက်လည်းကြိုက်တယ်၊ လေးလည်းလေးစားတယ်။ စာပေတခုတည်းနဲ့ ဆရာအီကြာကွေးတို့က အသက်မွေးရတာလေ။ ဆရာတို့ဟာကျလည်း များသောအားဖြင့် မဂ္ဂဇင်းတွေမှာ ရေးတဲ့ဟာလေးတွေဆိုတော့ ဝင်ငွေအားဖြင့်ကျတော့ သိပ်ပြီးတော့မများဘူးပေါ့။ အဲ့ဒါကိုပဲ စွဲစွဲမြဲမြဲစာရေးပြီး အသက်မွေးဖော်ရတယ် ဆိုတော့ ကျနော်တို့က တကယ်ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစိုက်မတ်မတ် ရေးခဲ့တာကိုး။ အဲ့တော့ ကျနော်တို့က နှမြောပါတယ်။ ဆရာမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို စာပေလောကထဲက ဆုံးသွားကြရင် နှမြော စရာကြီးပဲ။ ကလောင်တချောင်း လျော့လျော့သွားတာကိုး ..." လို့ RFA သတင်းဌာနကို ကာတွန်း အော်ပီကျယ်က ပြောခဲ့ပါတယ်။
စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦး
ဆရာကြီး အီကြာကွေးရဲ့ အမှတ်တရ သရော်ဟာသ တခုဖြစ်သည့် 'တိုင်ထောင်ထားတဲ့ မာစတာ' ဟာလည်း ဖတ်မိသူများအတွက် ရင်ထဲ စွဲမှတ်သွားစေကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦးက ယခုလို မှတ်ချက်ပေးခဲ့ပါသေးသတဲ့။
"ဆရာ့အရေးအသားက သိပ်ပြောင်မြောက်တယ်။ ၈၃ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက တိုယိုတာ ဖောင်ဒေးရှင်းတခုက စာရေးဆရာတွေရဲ့ စာပေတွေကို စုဆောင်းပြီး ပြိုင်ပွဲတခု လုပ်ပေးတယ်။ ဆုရတဲ့သူတွေကို TV တလုံး လက်ဆောင်ပေးမယ် ပြောပေမယ့် တကယ်တမ်းတော့ မပေးဘူး။ အဲဒါကို ဆရာက သရော်ထားတာ" လို့ သူက မဇ္ဈိမ သတင်းဌာန ကို ပြောပါတယ်။
မင်းလူ
ဆရာ အီကြာကွေးရဲ့ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက ...
"သူက လောဘမရှိဘူး၊ မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင်တယ်၊ သိပ်လေးနက်တဲ့ အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး" လို့ ဧရာဝတီ သတင်းဌာနကိုပြောပါတယ်။
"ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ သရော်စာတွေက ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး အကြောင်းအရာ၊ တခြား တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး" လို့လည်း သူက ဆက်ပြောပါတယ်။
"ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ တလျှောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်" လို့လည်း ဆရာမင်းလူက ဆက်ပြောခဲ့ပါသေးတယ်။
လူငယ် ကဗျာဆရာ ဏီအဲဝိုင်
ဆရာ အီကြာကွေးရဲ့ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က ...
"ဆရာကြီးရဲ့ "တိုက်ပွဲပျော်" ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်" လို့ ဧရာဝတီ သတင်းဌာနကို ပြောပြပါတယ်။
"အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ဆုံးပါးသွားတဲ့ အတွက် နှမြောမိ ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ အရေးအသားတွေ ရှေ့ဆက် မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ဆုံးရှုံးမှုကြီးဖြစ်ပါတယ်" လို့လည်း ဏီအဲဝိုင် က ဆက်ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက် စာပေသမားတွေကတော့ ခုလို ဆရာကြီး အီကြာကွေး ကွယ်လွန်သွားတာဟာ မြန်မာ့စာပေလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။
မောင်မိုးသူ
ဆရာကြီးဆုံးတဲ့ညပိုင်း ဆရာကြီးနဲ့ ခေတ်ပြိုင် စာပေလောကသားတွေ ဆုံတွေ့နေကြတဲ့အချိန်မှာ အီကြာကွေး ဆုံးပါးသွားတယ်ဆိုတာ သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ကြရတဲ့အကြောင်း စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်တဲ့ ဆရာကြီးမောင်မိုးသူက လွတ်လပ်တဲ့ အာရှအသံ သတင်းဌာန (RFA) ကို အမှတ်တရစကား အခုလိုပြောပါတယ်။
"ဘဘတို့ မနေ့ညက စာရေးဆရာရဲ့ မွေးနေ့မှာ ဘဘတို့ သူငယ်ချင်းတွေ အကုန်လုံး စုသွားနေတုန်း တော်တော် များများ ဆုံနေကြတုန်း အဲ့မှာ စ ကြားတာပဲ။ အစတုန်းက ဆေးရုံတက်တဲ့အကြောင်း အဏ္ဏဝါစိုးမိုး ဖုန်းက ပြောတယ်။ နောက် ဆုံးတာလည်း အဏ္ဏဝါစိုးမိုး ဖုန်းဆက်လာတော့မှသိတယ်။ အီကြာကွေး ဆုံးတာနဲ့ ပြောစရာ ရိုးရိုးလေးပါပဲ။ အင်မတန် ချစ်စရာကောင်းတယ်။ သဘောကောင်းတယ်။ ပျော်စရာကောင်းတယ်။ စာပေဟောပြောပွဲတွေမှာ ဟောရင်လည်း သူက နာမည်ကြီးပဲလေ။ သူနဲ့ လုပ်ကိုင်ရတာလဲ ချစ်စရာကောင်းပါတယ်။"
ဆရာကြီးအီကြာကွေးရဲ့ စာပေဆောင်းပါး တော်တော်များများကို သူတာဝန်ခံခဲ့တဲ့ စာပေမဂ္ဂဇင်းတွေမှာ အခန်းဆက် ဖော်ပြခဲ့တဲ့အခါ လူထုရဲ့ အကြိုက်တွေ့တဲ့ ဆောင်းပါးတွေ ဖြစ်ခဲ့တယ်လို့ ဓနမဂ္ဂဇင်းတိုက် အယ်ဒီတာ တာဝန်ယူခဲ့သူ ဆရာမောင်မိုးသူက ဆက်ပြောခဲ့ပါတယ်။
ဒေါက်တာလွဏ်းဆွေ
ဆရာကြီး အီကြာကွေးဟာ ဓနုဖြူကျော်ထွန်း ဆိုတဲ့ ကလောင်အမည်နဲ့ လစဉ်ဆောင်းပါးတွေ ရေးခဲ့ဖူးတဲ့ မြားနတ်မောင် မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကလည်း ဆရာကြီးဟာ လောဘရမက် အလွန်နည်းပြီး ရခဲ့သမျှ စာမူခတွေကိုတောင် လုပ်ဖော်ကိုင်ဖက် စာရေးဆရာတွေကို ခွဲဝေပေးတတ်တယ်။ အင်မတန် သဘောဖြူတဲ့ ဆရာကြီးပါလို့ ပြောပါတယ်။
"ဟုတ်ကဲ့ ဆရာနဲ့ပတ်သက်ပြီး အဓိက သတိထားမိတာကတော့ ဘဝမှာ သူက ဘာမှ လောဘစိတ် ၊ဒေါသစိတ်၊ မောဟစိတ်တွေ မရှိဘူး။ ဆရာဟာ ဖြူစင်တဲ့ လူတယောက်ဖြစ်တယ်။ လူတဖက်သားကို ကောက်ကောက် ကွေ့ကွေ့ မရှိဘူး။ ပျော်ပျော်နေမယ်၊ သူရတာမှန်သမျှ လှူမယ်၊ အများအတွက်လုပ်မယ်။ ဘဝမှာ အားလုံး အဆင်ပြေအောင် နေထိုင်တဲ့သူ တယောက် ဆိုတော့ ဆရာရဲ့ဘဝက ဖြူစင်သန့်ရှင်းတဲ့ လူတယောက်လို့ ပြောရမှာပေါ့နော်။" လို့ ဒေါက်တာလွဏ်းဆွေက RFA ကို ပြောသွားပါတယ်။
ဆရာမောင်စိမ်းနီ
ကဗျာဆရာကနေ သရော်စာရေးသူဘဝကို ပြောင်းလဲသွားတဲ့ ဆရာကြီးအီကြာကွေးရဲ့ စာပေဘဝဖြတ်သန်းမှုနဲ့ ပတ်သက်လို့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီက "သူက ကဗျာဆရာဗျ။ ကျနော်တို့ ကတော့ ကဗျာဆရာဆိုတော့ နှမျောတာပေါ့။ သူရေးခဲ့တာလေးတွေက ကောင်းခဲ့တာကိုး" လို့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို အမှတ်တရ ပြောကြားပါတယ်။
"တိုင်းရင်းမေတို့ ဘာတို့တုန်းက သူရေးခဲ့တာတွေ တော်တော်များများ ကောင်းခဲ့တယ်။ ကဗျာအနေနဲ့တုန်းက တော့ ဓနုဖြူကျော်ထွန်းအနေနဲ့ ဖြစ်တာပေါ့လေ။ နောက်ပိုင်းကျမှ အီကြာကွေးဖြစ်ပြီးတော့ ပျော့စိကုန်တာတွေ ဖြစ်ကုန်တာပေါ့။"
ဆရာဟာ မြန်မာ့စာပေလောကအတွက် လိုအပ်နေတဲ့ သရော်စာပေနဲ့ ဟာသစာပေတွေကို ကလောင်သွား ထက်ထက်မြက်မြက်နဲ့ ရေးသားနိုင်ခဲ့သူလို့လည်း ဆရာမောင်စိမ်းနီက သုံးသပ်ချီးကျူးပါတယ်။
သရော်စာတွေကို ထိထိမိမိရေးနိုင်စွမ်းတဲ့ အီကြာကွေး ဆုံးပါးသွားတာဟာ မြန်မာစာပေအတွက် နှမျောစရာပါ လို့လည်း မောင်စိမ်းနီက ပြောပါတယ်။
ကာတွန်းအော်ပီကျယ်နဲ့ ဆရာအီကြာကွေးတို့ရဲ့ မိတ်ဆွေရင်း စာရေးဆရာ တက္ကသိုလ်စိန်တင်တို့ကလည်း ဒီနှစ် ထဲမှာ ဟာသစာရေးဆရာ နီကိုရဲ ကွယ်လွန်သွားပြီးနောက် အခုလည်း ဆရာအီကြာကွေး ဆုံးပါးသွားပြီဖြစ်လို့ နှမျောပါတယ်လို့ ပြောပါတယ်။
ဆရာကြီးကွေး၏ နောက်ဆုံးခရီး
ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုကျော်သူ ဦးစီးတဲ့ နာရေးကူညီမှုအသင်းက တာဝန်ယူပြီးတော့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့ နေ့လည် ၂-နာရီမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကတဆင့် ရေဝေး သုသာန်ကို သယ်ဆောင်ပြီး မီးသင်္ဂြိုဟ် ခဲ့ပါတယ်။
အကယ်ဒမီကျော်သူ နှင့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ
ဈာပန ဓာတ်ပုံများကို http://moemaka.blogspot.com/ မှ ရရှိပါတယ်။
ဆရာကြီးကွေး ကောင်းရာသုဂတိသို့ လားပါစေ ....
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ
ဟယ်ရီ