ခရမ်းပြာဝိုင် (၈)
လတပေါင်း၊
မြနှောင်းရွက် ညှာတံကြွေနဲ့၊
ခါယံနွေရည်။
အိပ်မက်ကြွေ ဝေသီမျောလို့၊
နေခြည်မောရီ။
ခရမ်းပြာညီမလေးရေ၊
သီလျတေးဖွဲ့ကာချီမယ်၊
လဲ့ပြာရီနွေး။
လွမ်းကဗျာတေးအရိပ်မှာ
ခရမ်းပြာတမှေးအိပ်ကွယ်၊
ထွေးသိပ်မယ်လေး။ ။
လေးဆစ် လေးပါ။
သူခိုင်းရင်ပျော် သူကခေါ်ရင် ... ကြယ်စင်တတင်း ငွေလမင်းနဲ့ ဆောင်ကြဉ်းလို့သာ အရောက်လာမယ် ..
လတပေါင်း၊
မြနှောင်းရွက် ညှာတံကြွေနဲ့၊
ခါယံနွေရည်။
အိပ်မက်ကြွေ ဝေသီမျောလို့၊
နေခြည်မောရီ။
ခရမ်းပြာညီမလေးရေ၊
သီလျတေးဖွဲ့ကာချီမယ်၊
လဲ့ပြာရီနွေး။
လွမ်းကဗျာတေးအရိပ်မှာ
ခရမ်းပြာတမှေးအိပ်ကွယ်၊
ထွေးသိပ်မယ်လေး။ ။
လေးဆစ် လေးပါ။
ရွက်ကြွေညမှာ
မျက်ရည်စနဲ့သာနေမယ်ခင်။
တိမ်လွှာကို ပန်ဆင်ရင်း၊
ပါးပြင်ယံ မွှေးမြဖြူလို့၊
ဘဝမြူ ကင်းစင်ပကာ၊
နှင်းလွင်ညကဗျာသွင်နှယ်၊
ဆင်းသွင်မြပဝါဆင်စေ၊
ကလျာခင်ချစ်သွေး။
ခရမ်းပြာ မေပွင့်ပန်းကို၊
မမြန်းသာ ခြွေလင့်မလှမ်းနိုင်ဘု၊
နေသင့်ပန်းလို နွမ်းပျက်ကြွေကာ၊
တမ်းရက်ရှည် လေနီမွှေ့တော့၊
လွမ်းမျက်ရည် ဝေသီဝေ့ပြီကွယ့်၊
ကြွေပြီလေ့ ရည်မြသွေးနဲ့၊
နေခြည်မေ့ဆီကဝေးပေါ့၊
သီလျဆွေး အလွမ်းဖြာလို့၊
ညီမလေး ခရမ်းပြာရယ် ...
လွမ်းကဗျာရေး။ ။
တြိချိုးပုံစံရေးထားတာပါ။ ဒုတိယအချိုး (အခံချိုး) ကတော့ ရှည်သွားတယ်ဗျ။ တတိယအချိုး (အအုပ်ချိုး) မှာလည်း တွန့်ပိုဒ်တွေတော့ များသွားပါတယ်။ ဒါပေမယ့် အဲဒီလိုရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်တာပါ။ ရှည်ရန်ကော ရယ်လို့ အပြစ်တင်ကြရင်လည်း ခံပါ့မယ် ခင်ဗျာ ..
နွေပန်းချီ ခြေရာဖွဲ့လို့၊
လေပွေသီ ဝေကာလှည့်ချိန်၊
ဖြေရာမဲ့ အဝေးကိုရွယ်၊
ဝေဒနာဖွဲ့တေးဆိုမယ်။
ဥသြပျိုလွမ်းတေးသံက
နွမ်းဆွေးဟန် အရောက်လာမယ့်၊
ပိတောက်ဝါ အပြေးလာခဲ့ချိန်ပေါ့၊
တစ်ယောက်သာ တေးကဗျာဖွဲ့ပါလို့၊
အတွေးမှာနွဲ့သီလာသူရေ ... ၊
အဆွေးကမ္ဘာနဲ့ချီကာရယ်၊
ဝေးကွာခဲ့တယ်။
ရင်ထဲမှာ သူသာရှိပါလို့၊
ပြင်သည်းညှာ ပူပါဘိလေရဲ့၊
လူတကာမသိ ဖွင့်မပြောသာတော့၊
တင့်မောစွာနေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
ခရမ်းပြာဝိုင်တစ်ခွက်ကိုဖြင့်၊
အနွမ်းဗျာဆိုင်လက်နဲ့၊
မကိုင်ရက်လို့ ထွက်ခွါဖယ်ကာ၊
သက်လျာရယ် မတမ်းသာဘူး၊
စက်ရာဝယ် အနွမ်းဖြာလို့၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ....
ဒီဘဝဝေး။ ။
စပယ်မြစ်ပေါ်က
နှင်းဆီရွက်လှေငယ်
ချယ်ရီကန္တာရကိုဖြတ်ဖို့ 
သစ်ရွက်ဖိနပ်လေး
မေ့ကျန်ခဲ့သေးသတဲ့ ...။
အလွမ်းနဲ့ ဖြည့်ထားတဲ့ဝိုင်ခွက်
သစ်ခွပွင့်ပေါ်
အိပ်ပျော်ကာနေလေရဲ့
ညီမလေးရေ ....
ဘာပဲဖြစ်ဖြစ်
နှစ်ချို့အောင် သိမ်းထားလိုက်ပါ့မယ်။
ကွဲအက်ရှတဲ့ လရောင်ခြည်လို
မပီဝိုးဝါး နီးဝေးခါးသီးစိမ်းမြ
ရာမယန သမင်လိုက်ခန်း
လွမ်းလိုက်တာကွယ်။
ဆဟာရမှာ
ပျပျလေးမြင်နေရတဲ့
သက်တန့်ရဲ့အဆုံး
ကိုယ်သွားရှာဦးမယ်
လိုက်ခွင့်ကြုံရင်တောင်
မခေါ်ရက်ပါဘူး ကလေးရယ်
ကန္တာရမှာ ...
ကော်ဖီဆိုင်မရှိ
ဝိုင်မရှိ ..
နှင်းဆီမရှိ ..
... ... မရှိ၊ ... ... ... မရှိ။
နှင်းဆီရိုးတွေအပြည့်နဲ့
ငရဲပြည်က ရွာချတဲ့မိုးရေ ...
ခါးနေသလိုလို
သကြားတွေချိုချိုနဲ့
ငိုလို့လဲမရ
အမှတ်တရဆိုတာ
တရံတခါမှာ
အနာရွတ်ဟောင်းတစ်ခုလို
ပြန်ပြောင်းမြင်ရင်
နာကျင်စေတတ်လွန်းလို့
ငါ ...
ဘာကိုမှ
သိမ်းမထားချင်တော့ဘူး။
အားလုံး အကုန်လွှင့်ပစ်လိုက်ကာမှ
မင်းပုံရိပ်လေးတစ်စ
ရင်ထဲမှာ မှိန်မှိန်လေး လာကျန်နေသေးတယ်။
ပြန်လာခဲ့ရင်တော့
ကန္တာရမှာ ....
မိုးရွာရင်
ခရမ်းပြာပန်းတခင်းဖြစ်တယ်ဆိုတာ
ကိုယ် မင်းကိုပြောပြနိုင်ပါလိမ့်မယ်
အလွန်ဆုံးရှိလှ
တစ်ထောင့်တစ်ညပေါ့ ..
ညီမလေးခရမ်းပြာရယ် ... ... ။
နွေပန်းချီ၊
လေပွေသီ ဖြေရာမဲ့လို့၊
ဝေဒနာဖွဲ့တေး။
နှုတ်အပြောချို၊
ဥသြပျို လွမ်းတေးသံက၊
နွမ်းဆွေးဟန်ပေး။
တယောက်သာ တေးကဗျာဖွဲ့၊
ဝေးကွာခဲ့လေး။
စဉ်အမြဲသာ၊
ရင်ထဲမှာ သူသာရှိလို့၊
ပူပါဘိသေး။
တင့်မောစွာ နေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
မလှမ်းသာ၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ..
ဒီဘ၀ဝေး။ ။
ချစ်သူ့စိတ်မှာ၊
လိပ်ပြာလိုအမြဲ၊
အရိပ်ပမာခိုတွဲလို့၊
နှစ်ကိုယ်မခွဲ နေလိုချင်လဲ၊
မေငြိုငြင်မှာစိုးတာမို့၊
ပန်းကိုချိုးလို့ အပန်ခက်၊
အပင်ထက်မှာသာ ယဉ်။
အနုအရွအပြောတွေ ချွေကာဖြေလျော့မိမှ၊
သမုဒယသဘောတွေ ဝေလာလေတော့၊
ထွေဗျာပွေပေါ့ ကိုယ့်စိတ်အလျဉ်၊
အရိပ်ထင်ကာ သူရှိမြဲ။
ရတက်ပွေသီ အိပ်မရဘဲ၊
စိတ်ကအမြဲ သူ့ထံမှာ၊
အခုပြန်ကာ ပြေးတွေ့ချင်လဲ၊
ဝေးတမြေ့ခင် သူ့ဘဝနံဘေးမှာ၊
အယုအယတေး သီခွင့်မရှိသူမို့၊
မချိရင်ပူလို့ တမ်းတကာ၊
နွမ်းလျစွာ ဒီဘဝအဆွေးတွေနဲ့၊
အလှမ်းကကွာ မညီမျှဝေးလေပေါ့၊
သီသမျှတေး အလွမ်းကဗျာရှည်ပြီ၊
ညီမလေး ခရမ်းပြာရေ ....
နွမ်းကာကြေကွဲ။ ။
ခရမ်းပြာမေ၊ လန်းဖြာစွေဝင့်၊ ညှာရွှေမျက်ဝန်း၊ စိုလက်ရွှန်းရည်၊ ကော့ညွှန်းမျက်တောင်၊ မှေးယှက်ယောင်နှင့်၊ သွေးရောင်လွှမ်းစို့၊ ပါးပြင်မို့မှာ၊ နီညို့ယှက်စို၊ ပိုကရိုလှ၊ ချိုမြနှုတ်ခမ်း၊ စွင့်စွင့်ပန်းသို့၊ ဆင်မြန်းလှိုက်ကြွယ်၊ ပုလဲသွယ်လို၊ စင်ကြယ်ဖြူလွ၊ လှဒန္တနှင့်၊ ဝင်းပရောင်ကြွယ်၊ ရွှေစင်ခြယ်လို့၊ ပန်းငယ်ပွင့်စ၊ ကြွေနုလွကို၊ ပျိုးပျမြင်တုန်း၊ သခင်ပုန်းသည်။ ။ လှစ်ပြုံးချွေသို့ မချွေသို့။
အလှမ်းကွာနေ၊ လွမ်းစာစေလင့်၊ ခါနွေစက်ယွန်း၊ ညိုပျက်မွန်းသည်၊ လျော့လွန်းခက်ယောင်၊ ဝေးရက်မှောင်ဆင့်၊ ဆွေးခေါင်လွမ်းညို့၊ အားအင်ချို့ကာ၊ သီလို့ဆက်ဆို၊ ငိုမလိုည၊ ပြိုကျလှုပ်ရမ်း၊ ဆင့်ဆင့်နွမ်းညို့၊ ပင်ပန်းဟိုက်တွယ်၊ အမြဲရယ်ငို၊ ရင်ဝယ်ပူစ၊ ကြွပြန်ရထင့်၊ ဆင်းမြရောင်ခြယ်၊ သွေကျဉ်ဖယ်လို့၊ လွမ်းနယ်ဝင့်ရ၊ စွေသမုဒယပို၊ မိုးစနှင်တုန်း၊ ဘဝင်လုံးဆီ။ ။ ထစ်ချုန်းစွေသို့ မစွေသို့။
အလွမ်းဗျာပွေ၊ နွမ်းကာကြွေလွင့်၊ ပြာဝေညက်ရွှန်း၊ ပျိုသက်လွန်းဆီ၊ ဖော့ယွန်းလက်ဆောင်၊ ပေးဆက်ရှောင်လင့်၊ ဝေးယောင်လှမ်းလို့၊ ထားခင်ညှို့ရာ၊ ချီလို့ရတက်ပို၊ ပျိုအလိုကျ၊ ငိုလျရုပ်ပန်း၊ လွင့်လွင့်လွမ်းလို့၊ သွင်နွမ်းခိုက်ဝယ်၊ အသဲငယ်ဖို၊ မြင်ကွယ်မြူလ၊ မြလျှံကဆင့်၊ ကင်းပရှောင်ဖယ်၊ ရေလျဉ်နှယ်သို့၊ မှန်းတွယ်ဆင့်ရ၊ မေယုမြမိုရ်၊ တိုးလှဆင်နှုန်း၊ တမင်ရုန်းဖည်။ ။ ချစ်ထုံးဖြေသို့ မဖြေသို့။
မနည်း ကြိုးစားရေးလိုက်ရပါတယ်ခင်ဗျာ။ အချီရော အချရော ညီရမယ့်အပြင် ၀မ်းတွင်းကာရန်တွေလည်း ရှိသမျှ ပါဒ အကုန် နဘေထပ်ရတာဆိုတော့ နောက်ထပ်လည်း ဒါမျိုး ထပ်ရေးဖို့မလွယ်တော့ပါဘူး။ ရေးဖူးတယ်ရှိအောင် ကြိုးစားရေးကြည့်တာပါ။
ဟယ်ရီ
ရေးသူ - လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ (ဘယနန္ဒမိတ်၊ မဟာသီဟသူရ) (၁ဝ၈၅-၁၁၆၁)
၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။
၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊ ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။
၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊ တ, လျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။
လက်ဝဲသုန္ဒရ ရဲ့ နာမည်ကျော် မဲဇာတောင်ခြေပါ။ မဖတ်ဘူးတောင် နာမည်ကိုတော့ အားလုံးကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
(၁) ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပျပ်လျက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန်၊ ရှိလိမ့်ဟန်ကို၊
(၂) မြှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တည့်၊ စပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်နှင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆောင်ပန်းမာလ်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ဖြန့်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေမျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်းလျှက်၊ ဝမ်းနည်းလျှက်ပင်၊ ရှိလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့-အထွတ်သော်။
(မူရင်းစာလုံးပေါင်းများ အတိုင်းဖြစ်ပါသည်။)

နိုင်ငံကျော် ဗေဒင်လက္ခဏာ ဂမ္ဘီရပညာရှင် စာရေးဆရာ မင်းသိင်္ခ ဟာ အသက် (၇၀) နှစ် အရွယ် ၂၀၀၈ခုနှစ်၊ သြဂုတ်လ (၁)ရက် နံနက် ၆နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါပြီ။
နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသဖြင့် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး သွေးကြော ပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း။ အခြေအနေဆိုးလာသဖြင့် ဇူလိုင်လ (၃၁)ရက် နေ့ နံနက်တွင် ဆေးခန်းကို ပို့ကြရာ ရုတ်တရက် အခြေ အနေဆိုး လာသဖြင့် (၁) ရက်ပဲအကြာတွင် နှလုံး ရပ်ပြီး ဆုံးသွားတာဖြစ်ကြောင်းလည်းသိရပါတယ်။
သူ့ကျန်းမာရေး ...
“မနက် ၆ နာရီခွဲ ဝန်းကျင်လောက်က ဆုံးတာ၊ အဓိကကတော့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ဆုံးသွားပါတယ်”ဟု သုခကမ္ဘာ ဆေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ပြောကြောင်းသိရပါတယ်။ ဆီးချို တက်ကာ နှလုံးသွေးကြောရပ်၍ သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မင်းသိင်္ခရဲ့ တပည့်တဦးဖြစ်သူ ဇင်ယော်နီက “အဘမဆုံးခင်က မနေ့ မနက်ပိုင်းလောက်မှာ ဆေးရုံတင်လိုက်ရသေးတယ်၊ အခု အဘရဲ့ အလောင်းကိုတော့ မှော်ဘီကိုပြန်သယ်လို့ မရတော့တဲ့အတွက် ရေဝေး သုသာန် ရေခဲတိုက်မှာ ထားပါတယ်” ဟု ပြောကြောင်းဖေါ်ပြထားပါတယ်။ ဆရာမင်းသိင်္ခဟာ ၂၀၀၃ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရပြီး နောက်ပိုင်း ကျန်းမာရေး မကောင်းဖြစ်ခဲ့ကြောင်းလည်း ၎င်းကပြောပါတယ်တဲ့။
ဆရာမင်းသိင်္ခဟာ စီးကရက်အလွန်သောက်သူဖြစ်ပါတယ်။ ငါးသုံးလုံးစီးကရက်ကို အဆက်မပြတ်သောက်လေ့ ရှိသူ လည်းဖြစ်ပါတယ်။ "တကယ်သောက်ချင်တာက ငါးသုံးလုံး၊ အခုတော့ မတတ်နိုင်လို့ တခြားဆေးလိပ်သောက်နေ ရတာ၊ တတ်နိုင်လာတဲ့အခါကျရင် ငါးသုံးလုံးကလွဲပြီး ဘာမှ မသောက်တော့ဘူး" လို့လည်း ပြောခဲ့ဘူးပါတယ်။
နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ ဆရာမင်းသိင်္ခဟာ ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့ပါတယ်။ ခြေထောက်လည်း ဖြတ်ဖို့ မလိုတော့ဘူး ဆိုလို့ တပည့်တပန်းတွေကော၊ ပရိဿတ်တွေကပါ ၀မ်းသာနေကြတုန်းမှာပဲ အခုလို ရုတ်တရက် ကွယ်လွန်သွားရတာဖြစ်ပါတယ်။
မင်းသိင်္ခ၏ ဘ၀ ဇာတ်စုံ ....
ဆရာ မင်းသိင်္ခ (အမည်ရင်း ဦးအောင်ထွန်း) ဟာ ကွယ်လွန်ချိန် တွင် အသက် ၇၀ နှစ်ရှိပြီး ရန်ကုန်မြို့ ကျောက်မြောင်း တွင် အဖ ပန်းချီဆရာ ဦးစံရှိန်နှင့် အမိဒေါ်တင်တို့မှ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် ဖွားမြင်ခဲ့ပါတယ်။ မွေးချင်းမောင်နှမ (၇) ဦးရှိသည့်အနက် သားအကြီးဆုံးဖြစ်ပါတယ်။ စိန်ပေါလ် ကျောင်းမှာ ဆယ်တန်းတက်နေချိန်မှာပဲ စစ်တပ်ထဲကို ၀င်ရောက်ခဲ့ကြောင်းနှင့် အလံနီကွန်မြူနစ် ပါတီတွင် ၀င်ရောက်လှုပ်ရှားခဲ့မှုကြောင့် ထောင် (၇) နှစ် ကျခဲ့ကြောင်းလည်း ဇင်ယော်နီ က ဆိုပါတယ်။ (အင်း .. (၇) ဂဏန်းတွေ တယ်လွှမ်းမိုးတာကိုး .. သူတတ်ကျွမ်းတဲ့ Numerology အရဆို ဆရာမင်းသိင်္ခ ဘာများပြောမလဲမသိပါဘူး ..) ထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း ၁၉၇၀ ကျော်ကာလများမှာ တောင်ကြီးမြို့တွင် ဗေဒင် စတင်ဟောကြားပြီး စာလည်း ရေးကြောင်းသိရပါတယ်။
၁၉၇၆ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်ရောက်ပြီး မနုစာရီ လုံးချင်းဝထ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး နာမည်ကျော် “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ အကြားတွင် စွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။ မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား ဖြစ်ချင်တာဖြစ် မောင်ဘချစ်၊ စတဲ့စာအုပ်များဟာ မင်းသိင်္ခရဲ့ ရေပန်းအစားဆုံးသော စာအုပ်များ ဖြစ်ခဲ့ပါတယ်။ မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များ အပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့ကြောင်း သိရပါတယ်။
ဆရာမင်းသိင်္ခဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံမှာ လူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းအတွင်း စစ်ရုံးချုပ်အနီးမှာ စစ်အစိုးရ ကို ဝေဖန်တိုက်ခိုက်သည့် ဟောပြောမှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့လယ်တွင် အဖမ်းခံခဲ့ရပြီး အာဏာသိမ်း န၀တ စစ်အစိုးရ၏ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရသော်လည်း နှစ်ပြည့်မနေရပဲ နှစ်နှစ်ခွဲ နီးပါးသာ နေခဲ့ရပြီး ၁၉၉၂ ဧပြီလ (၄)ရက်နေ့မှာ ပြန်လွတ်လာခဲ့ပါတယ်။ ပြန်လည် လွတ်မြောက်လာပြီးနောက် စာရေးသားခြင်းနှင့် ဗေဒင်ဟောကြားခြင်းကို ဆက်လုပ်ခဲ့ပါတယ်။
ထောင်မှ ထွက်လာပြီးနောက်ပိုင်းမှာ ကျောက်မြောင်း၊ ကျောက်ရေတွင်းလမ်းက မိခင်ကြီးအိမ်မှာ ခဏနေထိုင်ပြီး နောက်တော့ တပည့်ဖြစ်သူ သိဒ္ဓိဆန်းရဲ့ အိမ်ကို ခေတ္တရွှေ့ပြောင်းနေထိုင်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာမှ သုဝဏ္ဏမြို့၊ မာကျူရီလမ်းက အိမ်မှာနေပြီး စာရေးရင်းနဲ့ လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းမှာ ဂန္ဓာရီခရီးရှည်ကို တပည့်တဦးနဲ့အတူ မြန်မာနိုင်ငံအနှံ့ ထွက်ခဲ့ပြီး ပဲခူးမြို့အလွန် ၀မ်းဘဲအင်းကျေးရွာနားက ဒေးစွန်ပါ တောင်ခြေမှာလည်း စခန်းချနေထိုင်ခဲ့ပါသေးတယ်။ အဲဒီကနေ မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ခြံမှာ ကွယ်လွန်ချိန်အထိ ဆက်လက်နေထိုင်ပြီး လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့ပါတယ်။
ဆရာမင်းသိင်္ခ မသေဆုံးမီ နောက်ဆုံးထွက်ခဲ့တဲ့ စာအုပ်တွေကတော့ လွန်ခဲ့သည့်တလခန့်က လာဘ်မိုးဆွေ စာအုပ်တိုက်ကထုတ်တဲ့ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ ပြီးခဲ့သည့်လေးရက်ခန့်က မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ခွင့်ပြုသည့် စာအုပ်များ ကျန်သေးကြောင်း ရောင်ပြန် မဂ္ဂဇင်း ထုတ်လုပ်သူတဦးက ပြောပါတယ်။
ဆရာမင်းသိင်္ခရေးသားခဲ့တဲ့ စာအုပ်များကို လာဘ်မိုးစွေစာအုပ်တိုက်မှာ စာအုပ်ပေါင်း(၄၀) ကျော်၊ မရမ်းတလင်း၊ ပြုံးပန်းတရာ၊ အောင်မြင်၊ ဉာဏ်ဝင်း အစရှိသည့်စာအုပ်တိုက်များမှ စာအုပ်ပေါင်းမြောက်များစွာ ထုတ်ဝေခဲ့ပြီး နောက်ဆုံးအချိန်ထိ ရောင်ပြန်မဂ္ဂဇင်းစာအုပ်တိုက်နဲ့လည်း လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။
ဆရာမင်းသိင်္ခဟာ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ၂၀၀၉ ခုနှစ်အတွက် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့ နဲ့ မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံရယူဖို့ စီစဉ်နေဆဲမှာပဲ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။
ဆရာမင်းသိင်္ခ ကွယ်လွန်ချိန်မှာ ဇနီးဟောင်း ဒေါ်အေးအေးနှင့် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့ပါတယ်။
ယခုလက်ရှိ ဆရာမင်းသိင်္ခ၏ဈာပနကို ရေဝေးရေခဲတိုက်တွင် ပြင်ဆင်ထားရှိပြီး (၅ ၊ ၈၊ ၂၀၀၈) အင်္ဂါနေ့ နံနက် (၁၁) နာရီအချိန်တွင် ရေဝေးသုသာန်တွင် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဂူသွင်းသဂြိုဟ်မှာ ဖြစ်ပါတယ်။
စာပေနဲ့ ပညာရပ်အကြောင်း တစေ့တစောင်း ...
၁၉၇၆ ခုနှစ်တွင် 'မနုစာရီ' လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့ပေမယ့် ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်မှာတော့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပါတယ်။ နောက်ပိုင်း 'ဆားပုလင်းနှင်းမောင်' လုံးချင်းဝတ္ထုများ တအုပ်ပြီးတအုပ် ထွက်လာခဲ့ပါတယ်။
မြန်မာစာဖတ်ပရိသတ်များအတွက် 'ဆားပုလင်းနှင်းမောင်' သည် မြန်မာရှားလော့ဟုမ်း ဖြစ်လာခဲ့ပါတယ်။ တကယ်တော့လည်း ဆားပုလင်းနှင်းမောင်ဟာ ရှားလော့ဟုမ်းကို ဘာသာပြန်ထားတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားကို နာမည်ပြောင်း၊ ဇာတ်အိမ်နည်းနည်းပြောင်းပြီး ပြန်ရေးထားတာပါ။ နာမည်ကျော် ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင် ၀တ္ထုဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ '၀ကန္တ' ပဲဖြစ်ပါတယ်။ ကျောရိုးခြင်း ထပ်တူပါပဲ။ နာမည်တွေပဲပြောင်းထားတာပါ။ မင်းသိင်္ခရဲ့တခြားလူကြိုက်များတဲ့ ဇာတ်လိုက်တွေကတော့ 'ပုဏ္ဏားဘကွန်း' နှင့် 'စနေမောင်မောင်' တို့ပဲ ဖြစ်ပါတယ်။ စနေမောင်မောင် ဟာလည်း ပထမံဆရာသိန်း ကို အတော်များများ မှီးထားတာ လေးတွေ ပါနေပါတယ်။ ထင်ရှားတဲ့ ဇာတ်ရံတွေကတော့ 'ဦးဂွမ်တီ' 'ဘိန်းစားဘွန်ဟောင်း' တို့တွေပဲဖြစ်ပါတယ်။ 'ဘိန်းစားဘွန်ဟောင်း' ဆိုတဲ့ဇာတ်ကောင်ဟာ အရင်က သူကိုယ်တိုင် လေးထောင့်ကန်မှာရှိတဲ့ ပြည်တော်အေးဆန်စက်မှာ မန်နေဂျာ (မန်နေဂျာဆိုပေမယ့် စာရေးအလုပ်နဲ့ ဒရ၀မ်အလုပ်ပဲဖြစ်ပါတယ်လို့ ဆရာမင်းသိင်္ခက ရေးထားပါတယ်) လုပ်နေတုန်း ကြုံတွေ့ခဲ့ရတဲ့ ကိုပေါ်ဟွန်းဆိုတဲ့ တရုတ်ကြီး ဖြစ်ကြောင်း မြေလျှောက်ဝိဇ္ဇာရွှေမြသာ စာအုပ်ထဲမှာ ရေးထားပါတယ်။
ဂမ္ဘီရပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုကတော့ ထောင်ကလွတ်လာပြီးနောက်မှ ပိုပြီး ရေးသားလာတာဖြစ် ပါတယ်။ မနောမယလက်ဆောင် စာအုပ်ကိုထုတ်ဝေပြီးနောက်ပိုင်းမှာ ပိုပြီး သူရဲ့ ဗေဒင်၊ အထူးသဖြင့် ယတြာတွေဟာ ထင်ရှားကျော်ကြားလာတာဖြစ်ပါတယ်။ ထွက်ရပ်ပေါက် ဂန္ဓာရီဝိဇ္ဇာပညာနဲ့ပတ်သက်လို့လည်း ထောင်က ထွက်ပြီးပြီးချင်း ရေးတဲ့ 'မဟာမြိုင်ခရီးသည်' စာအုပ်ဟာ အထူးထင်ရှားအောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆားပုလင်းနှင်းမောင် ဇာတ်လမ်းတွေ သိပ်ရေးတာမတွေ့ရတော့ဘဲ ထွက်ရပ်ပေါက် ဂန္ဓာရီဝိဇ္ဇာပညာနဲ့ပတ်သက်သမျှတွေကိုသာ အရေးများ ခဲ့ပါတယ်။
သူ့ယတြာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော့်ကိုယ်တွေ့အရတော့ သိပ်အစွမ်းထက်လှတယ် မဟုတ်ပါဘူး။ သူပေးတဲ့ ယတြာအတိုင်း တခါလုပ်ကြည့်တာလည်း မအောင်မြင်ပါဘူး။ ဒါပေမယ့် တချို့သူတွေအတွက်တော့ အထူးစွမ်းတယ်နဲ့ တူပါရဲ့။ ဒါကြောင့်လည်း ဒီလောက်အောင်မြင်ကျော်ကြားနေတာဖြစ်မှာပါ။ ကျနော်နဲ့ကတော့ ကံချင်းမတိုက်ဆိုင်တာလား၊ ကိုယ့်ကံကပဲ အဲဒီအချိန်မှာ ဆိုးနေလို့ ဘာယတြာပေးပေး မရတာလား မသိပါဘူး။
တပည့်တွေကရော လူအများကပါ 'အဘ' လို့ရော 'ဆရာကြီး' လို့ရော လေးစားစွာ ခေါ်ဝေါ်ကြပါတယ်။
ဆရာမင်းသိင်္ခဟာ ထင်ပေါ်ကျော်ကြားသူတို့အတွက် နာမည်အပေးကောင်းသူတဦးလည်းဖြစ်ပါတယ်။ အေးချမ်းမေ နဲ့ ထက်ထက်မိုးဦး တို့ဟာ သူပေးခဲ့တဲ့ နာမည်နဲ့ ပေါက်သွားတယ်လို့ ဆိုကြပါတယ်။
ဆရာမင်းသိင်္ခဟာ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ၂၀၀၉ ခုနှစ်အတွက် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့ နဲ့ မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပါတယ်။ ဆုသွားရောက် လက်ခံရယူဖို့ စီစဉ်နေဆဲမှာပဲ ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။
“ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲများအကြောင်း စာဖတ်သူတဦးက ...
“အသက် ၁၁ နှစ်သား အရွယ်ကတည်းက “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်၊ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုမိုးဆွေ၊ မိုးသီး၊ ကိုသေတ္တာတို့က စွန့်လွှတ်စွန့်စားတယ်၊ အနစ်နာခံတယ်၊ ဒါတွေဟာ လူငယ်တွေကို စံပြထားလောက်တဲ့ ဇာတ်ကောင်တွေဖြစ်တယ်”ဟု ဆိုပါသတဲ့။
“ဆရာခ ဟောပြောတာ ပြင်ပစာပေဟောပြောပွဲတွေမှာရော။ အရေးအခင်းကာလက ဟော ပြောပွဲတွေမှာပါ လူတွေ သိပ်ကြိုက်ကြ တယ်၊ ၈၈-အရေးအခင်းကာလမှာ ကျနော် ၃ နေရာ လောက်မှာ သူဟောပြောတာ နားထောင်ခဲ့ဖူးတယ်။ စစ်ရုံးချုပ်နားမှာ သူဟော ပြောတဲ့နေ တုံးကဆိုရင် စစ်ရုံးချုပ်ထဲက ကွိုင်ရှာပြီး တရားဟောပွဲ မရပ်ရင် ပစ်မယ်လုပ်လို့ အဲဒီနေ့ က အကြီးအကျယ် ပြဿနာ အကြီးအကျယ် တက်ခဲ့တာ ကျနော့်မျက်စိထဲက မထွက်ဘူး” အမည်မဖော်လိုသူနိုင်ငံရေးသမားတဦးမှ ဟစ်တိုင်သို့ ပြောပြထားပါတယ်။
ရောင်ပြန် မဂ္ဂဇင်း ထုတ်လုပ်သူတဦးက “စာပေတွေမြောက်များစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး တယောက်ရဲ့ အရေးအသားတွေကို ပြည်သူတွေ မဖတ်ရတော့ဘူးပေါ့၊ ဆားပုလင်းနှင်းမောင် ပျောက်ကွယ်သွားပြီပေါ့၊ ဆရာကြီးရွှေဥဒေါင်းတို့လိုဘဲပေါ့၊ တန် ဖိုးကြီးတဲ့ စာရေးဆရာ တယောက် ဆုံးရှုံးသွားတာပေါ့” လို့ပြောပါတယ်။
“ဗေဒင်လက္ခဏာပညာမှာ အရမ်းတတ်ကျွမ်းတဲ့အပြင် စာပေအသိုင်းအဝိုင်းမှာလဲ သြဇာတိက္ကိမ ကြီးမားတဲ့ ဆရာကြီးတယောက် ကွယ်လွန်သွားတဲ့အတွက် ဆုံးရှုံးမှုတွေဖြစ်ပေမဲ့ သူ မွေးထုတ် ခဲ့တဲ့ တပည့်တွေတော့ အများကြီးကျန်ရစ်ခဲ့ပါတယ်၊ သူရေးခဲ့တဲ့စာတွေက နောက်တနှစ်ခွဲစာ လောက်တော့ ကျန်သေးတယ်” လို့လည်း ရောင်ပြန်မဂ္ဂဇင်းထုတ်လုပ်သူက ဆက်ပြောပါသေးသတဲ့။
ဆရာမင်းသိင်္ခရဲ့ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ၀င်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” လို့ ခေတ်ပြိုင်ကို ပြောသွားပါတယ်။
ဆရာတင်မိုးနှင့်လည်း ရင်းနှီးသူဖြစ်ပြီး ဆရာမောင်စွမ်းရည်ကလည်း ဒီမိုကရေစီရဲဘော်တယောက်ကျဆုံးသွားခြင်းဟု ထင်မြင် မိကြောင်းနှင့် သူအခုလိုဆုံးရှုံးရတဲ့အတွက် အလွန်နှမြောကြောင်း ပြောဆိုသွားသည်လို့ သိရပါတယ်
မြန်မာပြည်ကောင်းဖို့နီးပြီလား ...
မြန်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်လို့ ဆရာမင်းသိင်္ခ၏ပြောကြားချက်ကို တပည့်ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လ၀န်းကျင်လောက်က ပြောသွားတာ” လို့ပြောခဲ့ကြောင်း ခေတ်ပြိုင်က ဖေါ်ပြထားပါတယ်။
အမှန်ဖြစ်လာမယ်ဆိုရင်တော့ အားလုံးအတွက် ၀မ်းသာစရာပါပဲ။ ကျနော်တို့စောင့်ကြည့်ကြရအောင်လား ....
ဘယ်လိုပဲဖြစ်ဖြစ် ကျနော် အလွန်နှစ်သက်တဲ့ စာရေးဆရာတဦးအနေနဲ့ အလွန်နှမျောတသ စိတ်မကောင်းဖြစ်မိပြီး ဆရာမင်းသိင်္ခ ကောင်းရာသုဂတိလားပါစေ ကြောင်း ဆုတောင်းလိုက်ပါတယ်။
(Photo Courtesy: ဓါတ်ပုံများကို ဧရာဝတီ၊ ဟစ်တိုင်၊ ခေတ်ပြိုင် အင်တာနက်စာမျက်နှာများမှ ရရှိပါသည်)