Friday, 30 November 2012

ခွေး-၂

ခွေး-၂

ခွေးထက်ယုတ်မာ
ခွေးမိစ္ဆာသို့
ခွေးနာလောက်ကိုက်
ခွေးစရိုက်နှင့်
ခွေးမိုက်ခွေးမဲ
ခွေးထက်ကဲသည့်
ခွေးဝဲစားရုပ်
ခွေးတအုပ်သည်
ခွေးလုပ်လို့ပျော်
ခွေးခေါ်မရှက်
ခွေးထက်ရိုင်းစိုင်း
ခွေးနှင့်နှိုင်းသော်
ခွေးတိုင်းကန့်ကွက်ကြလေ၏။ ။

ပထမကဗျာအောက်မှာ ကမ္ဘာ့ဖျာ ပေးသွားတဲ့ Comment လေး သဘောကျလို့ထပ်ချဲ့လိုက်ပါတယ် ... ခွေးထက်မိုက်သူများ ကြားသိကြစေကုန်သောဝ် ...

ဟယ်ရီလွင်

Read More...

Thursday, 29 November 2012

ခွေး

ခွေး

ခွေးထက်လူရိုင်း၊
ခွေးနှင့်နှိုင်းလျှင်၊
ခွေးတိုင်းကန့်ကွက်ကြပေမည်။ ။


ခွေးထက်ပို၍ရိုင်းစိုင်းယုတ်မာကြသူများသို့ ...

ဟယ်ရီလွင်

Read More...

Wednesday, 28 November 2012

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

သီဟိုဠ်ပြန်ဘုန်းကြီး ဦးဉာဏဝံသ (နှုတ်ခမ်းမွှေး ဦးဉာဏဝံသ လို့ နောက်ပိုင်း လူသိများပါတယ်) က ထူးရင်ထူးမှ ရူးရင်လည်း ရူးမှ ကျော်ကြားမယ်၊ မြန်မာပြည် ပြန်ရောက်ရင် အထူးနာမည်ကျော်အောင် အထူးအဆန်း တခုခုတော့ လုပ်ပြရတော့မယ် ဆိုပြီးသီဟိုဠ်မှာ ပညာသင်နေတုန်း ခဏခဏ ပြောပါတယ်တဲ့ ... မြန်မာပြည်ပြန်ရောက်တော့ လုပ်ချလိုက်ပုံက ဘုရားအလောင်းတော်ဟာ တောထွက်စဉ်က (ကေသ မဿုံ) ဆံပင်နဲ့ မုတ်ဆိတ်မွှေးကိုသာ ပယ်တယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ပိဋကတ်စာပေ ကျမ်းဂန်တွေမှာ တိုက်ရိုက်မလာတာကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ခမ်းမွှေးတော်နှင့် ခံ့ခံ့ညားညား သပ်သပ်ပယ်ပယ် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါတယ် ဆိုပြီး ဘုရားဆင်းတုတော်တွေ ပန်းချီပုံတွေမှာ နှုတ်ခမ်းမွှေးတပ်ကြဖို့ တရားလှည့်ဟောရုံမက ဓနုဖြူက ကျိုက်ကလွန်ပွန်းစေတီတော်ရဲ့ တန်ဆောင်းထဲက ရုပ်ထုတော်တဆူကို နှုတ်ခမ်းမွှေးတွေ တပ်ပြီး "နှုတ်ခမ်းမွှေးဂိုဏ်း" ကိုတောင် ထောင်လိုက်ပါသတဲ့ ....

ဒါကို မန်လည်ဆရာတော်ကြီး ကြားတော့ အောက်က ဒွေးဆစ်သဖြန်လေး စပ်ပြီး ဆော်လိုက်တော့မှ ငြိမ်သွားပါသတဲ့ ...

လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။

စဉ် ရှေး ... ဟို၊
ဖင်မွေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို၊
ကျမ်းပြပါအုံး။ ။


မန်လည်ဆရာတော်ကြီးက အဲဒီလို ထိထိမိမိနဲ့ ခပ်စပ်စပ်လေး ရေးတဲ့နေရာမှာ တကယ့်ကို ပါရဂူပါပဲ ... ဒါကြောင့်လည်း ကဗျာ့ပါရဂူ လို့ သတ်မှတ်ကြတာပါ ...

ဟယ်ရီလွင်

Read More...

Tuesday, 27 November 2012

လထစ်နာစွဲ

လထစ်နာစွဲ

မန်လည်ဆရာတော်ဘုရားကြီးသည်၊ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေဘိ၊ ငါ့ဝန်ရှိခဲ့” ဆိုသော ဖြောင့်မှန်လှသော ရှေးသူတော်ကောင်း သူမြတ်လောင်း ပညာရှိကြီးများ ထုံးစံတန်ထွာ ဓမ္မတာ ရှိတော်မူကြသည့်အတိုင်း နုသင့်သည့်အခါ အလွန်နူးညံ့သိမ်မွေ့လျက် ကြမ်းသင့်သည့်အခါ အလွန်ကြမ်းတမ်းလှစွာ စကားလုံး ပြောင်ပြောင် ကလောင် ထက်ထက်နှင့် ခေါင်ထိလောက်အောင်, ဘီလူးရုပ်ကြီးပေါ်လာမယောင်, ထင်ပေါ်လေးနက်လှစွာ ကဗျာလင်္ကာများကို နောင်လာနောက်သား အမှတ်တရဖြစ်သွားရအောင် စီကုံးစပ်ဆိုတော်မူလေ့ရှိတော်မူသည်ကို အောက်ပါ ကဗျာနှစ်ပုဒ်တို့က ထောက်ခံလျက် ရှိကြတော့၏။

ဤကဗျာများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းမှာ ...

တန်ခွန်တိုင်ရွာတွင် မန်လည်ဝန်မင်းက ကိုးကွယ်ဆည်းကပ်နေသော ဘုန်းတော်ကြီး ဦးဘိုးချိန် ခေါ်သော ဝန်မင်း၏ ဆရာတော်ကြီး တပါး ရှိ၏။ ၄င်းဆရာတော်နှင့် မန်လည်ဆရာတော်ကြီး နှစ်ပါးတို့သည် အလွန်ချစ်ခင်ရင်းနှီးခြင်း ရှိကြ၏။ ၄င်း ဆရာတော်ကြီး ဦးဘိုးချိန်သည် သက်တော် ခြောက်ဆယ်ကျော်မှ သာသနာတော်ဘောင်တွင် မပျော်ပိုက် ငြီးငွေ့ကာ လူဝတ်လဲရှာသဖြင့် သူ၏ ဒကာရင်း မန်လည်မြို့ဝန်မင်းက အိမ်တွင်ထားကာ စောင့်ရှောက် ပြုစုထား၏။
၎င်းလူထွက်ကြီး ဦးဘိုးချိန်သည် ဆရာတော်ဘုရားကြီးနှင့် ခင်မင်ရင်းနှီးလှသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ကျောင်းသို့ နေ့စဉ်နေ့တိုင်းလိုလိုပင် မကြာခဏသွားလာနေလေ့ရှိ၏။ ၄င်းလူပျံတော်ကြီး ဦးဘိုးချိန်သည် ကသာမြို့သို့ လည်း ခဏခဏ သွားရောက်လည်ပတ်လျက် မိန်းမပေါ့ မိန်းမပျက်များနှင့် အလွန်ပျော်ပါးလိုက်စားလေ့ရှိ၏။ ထိုကဲ့သို့ မသန့်စင်သော မိန်းမများနှင့် လိုက်စားဖန်များလှသဖြင့် ရောဂါများရရှိကာ အိပ်ယာမှ မထနိုင် ဖြစ်နေတော့၏။ ထိုအခါ ဆရာတော်ဘုရားကြီးသည် ဦးဘိုးချိန်ကို မတွေ့မမြင်ရတာ နေ့ရက်တွေ အတော်ကြာသွားသဖြင့် “မောင်ဘိုးချိန်ကြီး ကျောင်းသို့မလာသည်မှာ အတော်ကြာသွားပြီ၊ သူ ဘယ်သွားသလဲ? ဘာဖြစ်နေသလဲ?” စသည်ဖြင့် တနေ့သောအခါ မေးမြန်းတော်မူ၏။
ထိုအခါ အနီးအပါးရှိ ရဟန်းတပည့်များက “မောင်ဘိုးချိန် ရောဂါစွဲကပ်ကာ သူ၏အိမ်တွင် အိပ်ယာထဲမှာ လဲလျောင်းနေရ ပါသည် ဘုရား” ဟု လျှောက်ထားကြ၏။ ထိုအခါ ဆရာတော်ဘုရားကြီးက “သူ့မှာ ဘာရောဂါဖြစ်တာလဲ” ဟု မေးတော်မူ သောအခါ ရဟန်းတပည့်များက “သူ့ရောဂါဟာ လူပျိုနာဖြစ်ပါတယ် ဘုရား” ဟု လျှောက်ထားကြ၏။
ဆရာတော်ဘုရားကြီး - လူပျိုနာ ဆိုတာ ဘာလဲ။
တပည့်များ - လူပျိုနာဆိုတာ ကာလသားရောဂါ ဖြစ်ပါတယ်ဘုရား။
ဆရာတော် - ကာလသားရောဂါ ဆိုတာ ဘာလဲ။
တပည့်များ - ကာလသားရောဂါ ဆိုတာ ဖာကျိုးနာပါ ဘုရား
ဆရာတော် - ဖာကျိုးနာဆိုတာ ဘယ်လိုအနာမျိုးလဲ။
တပည့်များ - ဖာကျိုးနာဆိုတာ မိန်းမပေါ့ မိန်းမပျက်များကို လိုက်စားလို့ ရတဲ့အနာပါဘုရား။
ဆရာတော် - မိန်းမပေါ့ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မိန်းမပေါ့ဆိုတာ မကောင်းတဲ့မိန်းမ ဖြစ်ပါတယ် ဘုရား။
ဆရာတော် - မကောင်းတဲ့မိန်းမ ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မကောင်းတဲ့မိန်းမ ဆိုတာ ဖာသည်ကို ဆိုပါတယ် ဘုရား။
ဆရာတော် - ဖာသည်ဆိုတာ ဘာလဲ။
တပည့်များ - ဖာသည်ဆိုတာ အခကြေးငွေ ပိုက်ဆံယူလျက် လူမြင်တိုင်းနှင့် ဆက်ဆံပျော်ပါး သွားလာနေသော ပြည်တန်းဆာ မိန်းမကို ခေါ်ပါတယ် ဘုရား။
ဆရာတော် - သြော် သည်လိုလား! ... ပြည်တန်းဆာမိန်းမများနှင့် သွားလာပျော်ပါး လွန်ကြူးလွန်းအားကြီးလို့ ဘိုးချိန်၏ တန်ဆာမှာ အနာရောဂါ ဖြစ်နေတယ် ဆိုပါတော့၊ ဟုတ်လား? ... သြော် သိပြီ သိပြီ .... ငါနားလည်ပြီ ...
ဟု ပြောဆိုတော်မူလျက် အနီးအနားမှာရှိသော ခဲတံနှင့် စာရွက်ကိုယူ၍ တခဏခြင်း အောက်ပါဒွေးချိုးကလေးကို ရေးစပ်ကာ ပေးလိုက်တော့၏။

တင်းမတိမ်
ဒုလ္လဘပေမို့၊
ဘဝတော်က ဆိုင်သည်၊
ပျော်နိုင်မျှ သည်ပွဲ။

တင်းမတိမ်၊
တွေ့တိုင်းသူစိမ်လို့၊
ဘိုးချိန်လိင်ပြန်သစ်ဟာမို့၊
လထစ်နာစွဲ။ ။

တန်ဆာပုပ် တူးမြှုပ်လိုက်ကြ
ကပ္ပိယ မောင်ဘိုးချိန်လည်း ဤကဲ့သို့သော ကာလသားရောဂါနှင့်ပဲ မသက်မသာ အသည်းအသန် ခံစားရကာ ရက်များ မကြာမီ သေဆုံးသွားရလေတော့၏။
ထိုအခါ တပည့်ရဟန်းများက မောင်ဘိုးချိန် အနိစ္စရောက်ပြီ ဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးအား လျှောက်ထားလေ ရာ ... ဆရာတော်ဘုရားကြီးက ... “သြော် ... ဘိုးချိန်ဟာ သေရိုးသေစဉ်အတိုင်း မသေရ၊ ကသာမှာ အခါခါ လူပျိုလုပ်ကာ အပျော်အပါး ကျူးလွန်လိုက်စားပြီး (ရီး)ပုပ်လို့သေသွားပလား? ... ဖြစ်မှဖြစ်ရလေ! ... ဤကဲ့သို့ တန်ဆာကြွေလို့ သေခဲ့လျှင် ရဟန်းသံဃာအများက ဝိုင်းအုံပြီး တန်ဆာပုပ်ကို တူးမြှုပ်လိုက်ကြပေတော့ကွာ ဟု မိန့်တော်မူပြီးကာ အောက်ပါ လေးဆစ်ကို တမဟုတ်ခြင်းရေးခြစ်ကာ ပေးတော်မူလိုက်လေသတတ်။

ဒစ်ကြွေလို့သေဆုံး
၁။ သေရိုးတဲ့ သူမသေ။
၂။ ကသာမှာ လူပျိုလုပ်တယ် ... (ရီး)ပုပ်လို့သေ။
၃။ ဖြစ်ပလေ၊ ဒစ်ကြွေလို့ သေဆုံး။
၎။ ရဟန်းသံဃာနှင့်၊ ဝိုင်းအုံကာ တန်ဆာပုပ်ကို၊ တူးမြှုပ်ကြအုံး။ ။

(အဘိုးတန် မန်လည်ကဗျာများ ... မှ)

ဟယ်ရီလွင်

Read More...

Friday, 12 October 2012

တေးသီငှက်

တေးသီငှက်

မျက်ရည်တစသော်မှ၊
လက်ကြွေမကျပါနှင့် ခင်။

ပင်ပန်းတာ မဆိုထား၊
မရွှင်မလန်းများပင် မမြင်ချင်။

သူမရှိ သူမမြင်၊
ပူပင်တာ သူမသိ။

လမင်းသာ၊
ညခင်းပြာတေးအရိပ်နဲ့၊
တမှေးမှိတ်ကွယ့် သဉ္ဇာလီမှာ၊
ညင်သာရည် တေးသီဆက်ဖို့၊
အသက်ဝင် ငှက်ပင်ဖြစ်ကာပေါ့၊
ထက်တခွင် သံစဉ်များနဲ့၊
ပျံသွားချင်မိ။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Wednesday, 3 October 2012

အနာပေါ်တုတ်ကျသွားတယ် ...

ဟိုနေ့က ရေးထားတဲ့ တေးထပ်လေးက Face Book ပေါ်ကမဆိုင်တဲ့သူတယောက်ကို တိုက်ရိုက်တည့်တည့်ကြီးထိသွားတယ် ထင်ပါရဲ့ ... အဲဒါ အနာပေါ်တုတ်ကျပြီး လာတိုက်ခိုက်နေလို့ အိုးမလုံ အုံပွင့်ပြီး မသိသားဆိုးရွားလွန်းတဲ့ငနဲလေးအတွက် လေးချိုးကြီးတပုဒ် ထပ်ရေးလိုက်ပါတယ် ... ဖတ်သာကြည့်ကြပါတော့ ခင်ဗျ ...

အသိပညာ မကြွယ်မပြည့်ရှာတော့၊
ငတိခမျာ တကယ်မသိပါဘဲ၊
ပြည့်တန်ဆာလို ကယောင်ကတမ်းနဲ့၊
အမှောင်ခန်းမှာ ဈေးပေါင်ကျိုးသလိုပ၊
အတွေးကြောင်တမျိုးဆို ခြောင်းမြောင်းကာ၊
ခွေးဟောင်ထိုးသလို စောင်းမြောင်းလာ။

အတွေ့အကြုံ မပြည့်စုံရှာသူမို့၊
စေ့စုံစွာ နင်လေမတတ်ပါဘဲ၊
ဘဝင်လေဟပ်ကာ စေတနာရှင်ယောင်နဲ့၊
တွင်တွင်ကြောင် အကြွားပိုညာလို့၊
စကားဆိုကာ အပြစ်ချည်းမြင်တာက၊
စပျစ်သီးချဉ်တဲ့ မြေခွေးလိုပေါ့၊
အရှည်မတွေးဘဲ ငြင်းချင်တာ၊
မင်းပညာ တထွာတမိုက်ငယ်နဲ့
အတင်းဝင်ကာ ဗလာတိုက်လာတော့၊
မသာအမှိုက်ရယ် သနားတာ။
စွာလိုက်သကွယ် ဟားစရာ။

အရှက်မဝင်၊
မျက်မမြင် ဆင်စမ်းသလိုပေါ့၊
မမြင်မကန်းရယ်နဲ့ မင့်ခမျာ၊
ဆင့်အဝှာ စမ်းကာမိရင်ဖြင့်၊
ပရမ်းပတာအသိနဲ့ ဘဝင်ပိုကာ၊
ဆင်ဆိုတာ ငှက်ပျောသီးပါလို့၊
အပြောကြီးပြောမှာ မြင်ယောင်သေး၊
ပေါတီးပေါချာ ဘဝင်ကောင်လေး။

သဘောအတွေးဟာ မခိုင်ရှာလေတော့၊
ငပေါလေးခမျာ ငိုင်ကာတွေလို့၊
မဆိုင်တာတွေ အူဟောင်နေရဲ့၊
အူကြောင်ကြောင် အတွေးမူးယုတ်နဲ့၊
လဒူကောင် ခွေးရူးစုတ်ကိုဖြင့်၊
အရေးအထူးမလုပ်ပါ အဆင့်ချင်းကွာသမို့၊
အသင့်လင်းစွာ ပြရင်းဆိုမယ်၊
လမင်းကို ခွေးမိုက်ဟောင်လည်း၊
အရေးမစိုက်ပေါင် အရောင်မပျက်ပါဘူး၊
ပြောင်လျက်သာ ထွန်းထိန်လင်းပါရဲ့၊
အိမ်တွင်းမှာ အပါးကျယ်တဲ့၊
(ဖားသူငယ် သနားတယ်ကွယ် ...)
အမှားကြွယ်တဲ့အတွေးနဲ့ ...
နားလည်ဟဲ့ခွေး။ ။



ဒါမျိုးကို ကာလပေါ်စာထောင့်လေးချိုးကြီး လို့ ခေါ်ပါတယ် ... နှစ်ထပ်ကျော့ ချရပါတယ် ...
သိပ်တော့မကြမ်းလှဘူး ထင်ပါရဲ့ဗျာ ... :D

ဟယ်ရီလွင်

Read More...

Tuesday, 2 October 2012

ပညာရှင် ... ဆိုပဲ

ခက်တော့ခက်သားဗျာ ... စာလေးတအုပ်ဖတ်ပြီး ကိုယ့်ကိုယ်ကို ပညာရှင်လို့ မရှက်မကြောက်ပြော ... ဒါပေမဲ့ အဲဒီထဲမှာ မပါတဲ့ဟာဆို ဘာမှမသိတော့ဘူး ... ဘယ်လောက်များလဲဆို လေးချိုးငယ်ကို လေးဆစ်လို့ ခေါ်မှန်းတောင် မသိတဲ့အထိ ... သိအောင် ပြောပြပြန်တော့လည်း လက်မခံချင် ... ကိုယ့်ဟာကိုယ် အဟုတ်ကြီးမှတ်ပြီး ခံငြင်း ... နောက်ဆုံး မယှဉ်နိုင်မှန်းသိတော့ ရှက်ရမ်းရမ်းပြီး တွေ့ကရာ လျှောက်ပြော ... လျှောက်ရမ်း ... ရိတိတိလာလုပ် ... အဲ့လို ရေတွင်းထဲက ဖားကလေးတွေ Facebook မှာ အတော်တွေ့ရပါတယ် ... အဲဒါနဲ့ ဒီတေးထပ်လေး ရေးလိုက်တာပါ ... ဖတ်ကြည့်ကြပါဦး ...

ဖတ်ဖူးတာ စာတအုပ်၊
ကဗျာစုတ်နဲ့ မာန်ထချင်၊
မသာရုပ်နဲ့ ဟန်လှပြင်၊
မှန်စွထင် နေသည့်ဖား၊
ရေတွင်းထဲ အဆာကျယ်၊
ကမ္ဘာနယ် မသိရှာပါလား။

စာတမူးနဲ့ ကဗျာရူးပြန်၊
ခြာတူးလန် ငကြွား၊
ပြာကလူးညံ စကားတွေက၊
နှစ်ပြားမှ မတန်၊
ပေါကြောင်ကြောင် ဝင်ဝင်ပြောတော့
တသောသော ရယ်ရတာအမှန်။

ငွေတကျပ်နဲ့ သူဋ္ဌေးဟန်၊
အတွေးမမှန် အရှက်မဲ့စွာနဲ့
သူဟာတဲ့ ပညာရှင်
ဟားတိုက်ရယ်ချင်၊
ခွေးမိုက်က လမင်းဟောင်ချင်၊
မြဆင်းရောင်စဉ် ပိုလင်းသတဲ့လေး။ ။

(သောက်မြင်ကပ်ဘွဲ့ - တေးထပ်)

ဖတ်ရှုခံစားအားပေးတဲ့ သူများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ... ဝေဖန်ချင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ် ...

ဟယ်ရီလွင်





Read More...

Wednesday, 12 September 2012

ငရဲဇာတ်ရုံ

ငရဲဇာတ်ရုံ

တရားမဖက်
ဓားတလက်နဲ့
ပြာသာဒ်ပျက်ဟာ
ပြည့်ဝမ်းစာကို ဖောက်
ပြည့်ဦးနှောက်ကို ချိုး
ပြည့်အမိုးကို နင်း
ပြည့်ဦးကင်းကို ဖျက်
ပြည့်မျက်ရှုကို ဖမ်း
စာသင်ခန်း ကျောင်းတော်တရိုး
ထိုးခဲ့ကြ စစ်စည်မောင်းနဲ့
မရဏခေါင်းလောင်းသံ
သောသောညံလာချိန် ...

ကျောင်းယာမ်ကို ကျောခိုင်းရင်းခွာလို့
ဒေါင်းမာန်ပျို ဇောမှိုင်းပြင်းစွာနဲ့
မောင်းပြန်ကို တောစိုင်းရင်းသာ ကိုင်ခဲ့ကြတဲ့ ...
သူတို့တွေ ...

ဘီလူးတွေနဲ့တိုက်ဖို့အသွားမှာ
အရူးတွေက ကိုက်လို့စားခဲ့တော့
ဆီးနှင်းတွေ တဖြိုက်ဖြိုက်ကျဆင်းချိန်မှာ
သီးကင်းတွေက တပြိုက်ပြိုက်ကြွေ ...

ဒေါင်းမြီးကွက်တွေ ...
အေးစက်စက်လေထုထဲ
တစစီ ... တစစီ ...
ပျံ ... ဝဲ ... လွင့် ... ကြွေ ...

“လက်ထဲမှာ ပြာစများ
မျက်ဝန်းမှာ အားငယ်စိုးထိတ်
တိတ်ဆိတ်တဲ့ ကောင်းကင်ယံကို
လိုက်လံရှာဖွေနေသလား ...” *

နှင်းတွေဖုံးလွှမ်း ...
အေးလွန်းတဲ့ တဲစခန်းလေးမှာ
ငရဲခန်းသွေးအရိရိနဲ့
ဆွေးမြည့်ပေကျံ ...
ဒဏ္ဍာရီသာ ဖြစ်လိုက်စေချင်မိ ...

“အေးစက်နွမ်းလျတဲ့သူ့အသံ
အသံမဲ့ပြောနေတဲ့ စကား
ဖယောင်းတိုင်လေးကို ...
လေပြင်းဘက်သာ လှည့်ထားလိုက်ပါတော့ ...” *

မဟုတ် ...
မဟုတ်ဘူး ...
မဟုတ်သေးဘူး ...
မဟုတ်သေးပါဘူး ...
ဟုတ်ကို မဟုတ်သေးပါဘူး ....

“တရက်လောက်တော့ ထပ်နေပါဦး ...
ဒီတောင်ကို ကျော်လိုက်ပါဦး ...
ဆက်ရှင်သန်ဖို့ အကြောင်းတခုလောက်
ထပ်ပြီးရှာလိုက်ပါဦးနော်” *
....
....
နောက်နေ့မှ ... ပေါ့
မနက်ဖြန်မှ ... ပေါ့
မာန်စိတ်ပြင်းထန် ...
အံကြိတ်ရင်းခံ ...
ရင်တွင်းသံ ...
ဝေလျှံ ...
ညံ ...

“တို့တွေရဲ့ အိပ်မက်ပန်းချီကားတွေ
လှေကားထစ်များနောက်မှာ ကွယ်ဝှက်ထားဖို့
ယူငင်လို့ သူတို့ထွက်ပြေးသွား
အချိန်များတန်လေရင်တော့
ပြန်ကြွေချင် ကြွေဆင်းလာမတဲ့ ...
ဒါပေမဲ့ ဒီလို ကြွေဆင်းမလာရင်လည်း ...” *

တော်ပါတော့ John Petrucci
တော်ပါတော့ “အိပ်မက်ဇာတ်ပွဲရုံ” ...
မယုံကြည်နိုင်စရာ ...
အံ့သြတုန်လှုပ်စရာ ...
ရင်နာစရာ ...
ယူကျုံးမရစရာ ...
ကြေကွဲစရာ ...
မခံမရပ်နိုင်စရာ ...
အဆိပ်အိပ်မက်တွေ ကပြခဲ့တဲ့ ငရဲဇာတ်ရုံ ...

ဒီလိုနဲ့ပဲ ...
ကချင်တောင်တန်းပေါ်က ...
ဖေဖေါ်ဝါရီဆောင်းဟာ
ဖွေးနေအောင်ကျတဲ့ ကြယ်ကြွေတွေကို
ရင်တနင့်နင့်နဲ့ ပိုက်ထွေးခဲ့ရှာလေရဲ့ ...

သြော် ... ကြယ်စင်တွေမြေခ
ကြွေကျခဲ့တဲ့ ငရဲ ...
တိုက်ပွဲမှာလည်း မဟုတ်ပြန် ...
မိုက်ရဲတာပဲ အဟုတ်အမှန် ...
အရှုပ်တရားတွေ ...
သရုပ်အမှားတွေနဲ့
လုပ်စားနေသူတို့ကြား
သီလစောင့်မိသူဟာ အမှား
အသိတရားတွေမလို ...
ဂတိအမှားတွေပို ...
တရားကို အမူပိုလို့
လူကို အတေးအမှတ်နဲ့
ခွေးသတ်လေခြင်းကွယ် ...

အသက်မြေခ
မျက်ရည်စတွေ
လက်ကြွေကျတဲ့
ရက်ရှည်ညတွေရေ ....
သက်သေပြဖို့ စောင့်ဆိုင်းနေပါလေတော့ ...

အို ... ကြွေလွင့်ခဲ့ရသော ...
ထို့အတူ ...
လွတ်မြောက်လာကြသော ...
ရဲဘော်ရဲမေတို့ ...

အဓမ္မသည် ဓမ္မကို နိုင်ရိုးမရှိပါ ...
“ဘုရားသခင်၊ အမှန်မြင်၏၊
သို့ပင်လေငြား၊ သင်စောင့်စားလော့”
စကားရှိနှိုင်း၊ တော့လ်စတွိုင်း၏၊
ပုံခိုင်းပြုဆို၊ ဝတ္ထုတိုနှယ်၊
သီဆိုကာရေရွတ်ရင်း ...
မညွတ်သောဦးခေါင်း
မပြောင်းသော ယုံကြည်ချက်
မပျက်သော သစ္စာ
မညာသော စကား
မမှားသော အဖြေဖြင့် ...
မသေသော ဝိညာဉ်များ ...
တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သော ဝိညာဉ်များ
သင်တို့၏ မနောဝိညာဉ်များသည် ...
ထာဝစဉ်လင်းလက်နေသော
ကြယ်စင်ဖြူများ၏အသွင်ဖြင့် ...
ခွပ်ဒေါင်းဂူဗိမာန်စင်မြင့်တွင်
ထာဝရ ရှင်သန်နေပါမည် ...
ထာဝရ ရှင်သန်နေပါလိမ့်မည် ...


ABSDF (မြောက်ပိုင်း) မှ လူမဆန်မှုများ၏ သားကောင်များဖြစ်သွားကြရှာသော တော်လှန်ရေးရဲဘော်များအား ဦးညွတ်လျက် ...

* Another Day (The Dream Theater) မှ သီချင်းစာသားများ ဖြစ်ပါသည်။

ဟယ်ရီလွင်

Read More...

Friday, 7 September 2012

သြော် .... ဖြစ်မှဖြစ်ရလေ ကဗျာဆရာကြီးရယ်

မိုက်သူတွေ
ဗိုက်ဆူလို့ နံကား။

အလိမ္မာ ပိန်တာရိုး၊
ပုဆိုးအစုတ် ကိုဖိုးတုတ်တို့မှာ ... ဗျာ
ပဲပြုတ်နံပြား။ ။

(တင်မိုး)


ဆရာတင်မိုးသာရှိသေးရင် ကဗျာဆိုတာ အဲ့လိုရေးရတယ်လို့ "ရီးပဲ" ကဗျာဆရာကြီးကို ပြောလိမ့်မယ် ထင်ပါရဲ့ ...

ဟယ်ရီလွင်

Read More...

Thursday, 12 July 2012

အက်ဆေး (သို့မဟုတ်) Essay

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။

တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။

အက်ဆေးဆိုတာ ပြင်သစ်စကား essayer ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...