Tuesday 15 September 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၇)‎

သာမညတေးထပ်‎

ပဓာနကာရန်ကိုးချက်မှာ တလုံးချင်းပဲ ကာရန်ယူပြီး ‎ဝမ်းတွင်းကာရန်တွေ (နဘေ) မယူဘဲ၊ အကွန့် အတွန့်တွေ မပါဘဲ ‎သာမန် ရိုးရိုး ရေးထားလို့ ‎သာမညတေးထပ်လို့ခေါ်ပါတယ်။ အပေါ်ကပြခဲ့တဲ့ ဇယား‎ပါအချက်အားလုံးနဲ့ ကိုက်ညီအောင် ‎ရေးလိုက်ရင် သာမညတေးထပ်ကိုရပါတယ်။ သာမညတေးထပ်အတွက် ‎ဥပဒေသဆောင်ပုဒ် ‎တေးထပ်တပုဒ်ကို ကြည့်ပါ။ ဇယားထဲ ထည့်ပြပါမယ်။‎‎


ဥပဒေသဆောင်ပုဒ် ‎တေးထပ်‎
တေးထပ်စာ ဉာဏ်ကွန့် (ဘို့)၊‎
နည်းညွန့်ညွန့် ရေးမည်၊‎
ပဓါန ကာရန်ညီ (အောင်)၊‎
ရေးကြံစည် ကြမြဲ၊‎
ဤနည်းဖြင့် ရှေးဦးစွာ၊‎
ငြိရုံသာ ရေးတတ်ဘို့ခဲ။‎

ထို့နောင်မှ ကာရန်သာ (အောင်)၊‎
ရှာကြံကာ စပ်တွဲ၊‎
အဓိပ္ပာယ် ပါအောင်ဆွဲ (ပါလို့)၊‎
စကားလဲ ကျဉ်းစေ၊‎
ဖတ်ရွတ်ပုံ စည်းသေကျ (လျှင်ဖြင့်)၊‎
တေးနယ တတ်မဲ့ကဝေ။‎

ပိုဒ်ထားနှင့် ဘယ်ညာလေ (မှာ)၊‎
မြဲပုံသေ တည်အကျ (ဟာမို့)၊‎
အာဂုံရ ရှိနမူ၊‎
ရေးတော့ထပ်တူ၊‎
ချင်းတို့ချင်း ကာရန်ယူ (သော်)၊‎
ခေါင်တဆူ ဖြစ်အုန်းလိမ့်လေး။‎



ဒါဆို ဘယ်နေရာတွေမှာကာရန်ယူရမလဲ ဆိုတာလည်း ‎ရှင်းမယ်လို့ ထင်ပါတယ်။ အနက်ရောင် ခြယ်ထားတဲ့ အကွက်တွေက ‎ပဒါလင်္ကာရတွေ၊ ‎ကြိယာတွေ၊ ဝိဘတ်တွေ ဖြစ်ပါတယ်။ သူတို့ကို သက်ဆိုင်ရာအပိုဒ်က ကာရန်နဲ့ ဂရု၊ လဟု ‎‎အတူတူ ယူထားကြောင်း သတိပြုပါ။ ဥပမာ - အပိုဒ်-၁၄ မှာ အပိုဒ်ကာရန်က 'ကျ' (လဟု) ‎ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း ‎‎'ဟာမို့' (လဟု) ပဲဖြစ်ပါတယ်။ အပိုဒ်-၁၇ မှာ အပိုဒ်ကာရန်က ‎‎'ယူ' (ဂရု) ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း 'သော်' (ဂရု) ‎ပဲဖြစ်ပါတယ်။‎
စလေဦးပုည ရေးတဲ့ သစ္စာတိုင်တေးထပ်တပုဒ်ကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်။‎

သွေမကွက်ပါနှင့်‎
ခိုင်စပယ်ငွေရည်ဥ၊‎
မာလာယုမျက်ခြယ်၊‎
မောင်ဆွဲတဲ့ပုလဲသွယ်ငယ်၊‎
ထယ်တော်လေမူအား၊‎
ဆောင်ညွန့်တဲ့ သဉ္စာကို၊‎
မသေချာစွဲမည်စိတ်ထား။‎

ရွှေစိတ်တော် ခုခါခံသည်၊‎
ဘယ်ဂုဏ်မာန်ထောက်ပွား၊‎
ညာပင်သူမြသားက၊‎
စိမ်းကားမည့်အနေ၊‎
ရွှေဘောတော်သွေမကွက်ပါနှင့်၊‎
စိန်ဘယက် နန်းကြော့ညာမေ။‎

မောင်ကဖြင့် သက်ဝေကို၊‎
ကမ္ဘာလေ အကုန်တိမ်းစေတော့၊‎
‎ယိမ်းပါဘု မောင့်သစ္စာ၊‎
စွဲတဲ့စိတ်မှာ၊‎
ငွေသင်္ခ သော်တာငယ်၊‎
မှန်သေချာပြောလိုက်ပါ့လေး။ ။‎


အရိုးခံတေးထပ်
အရိုးခံတေးထပ် ကတော့ ‎...‎
ပဓာနကာရန် (၉)ချက် အလုံးစုံတူရပါမယ်။‎
အဲဒီကာရန်တွေရဲ့ရှေ့က ဝမ်းတွင်းကာရန် (၂) လုံးကိုပါ နဘေကိုက်အောင် အစပ်ကာရန် ‎ယူရပါမယ်။‎
အပိုဒ် (၂) နဲ့ အပိုဒ် (၃) ဟာ တပိုဒ်လုံး ကာရန်ထပ် (နဘေထပ်) ရပါတယ်။‎
အပိုဒ် (၈) နဲ့ အပိုဒ် (၉) ဟာလည်း တပိုဒ်လုံး ကာရန်ထပ် (နဘေထပ်) ရပါတယ်။‎
ကျန်တာအားလုံး သာမညတေးထပ်နဲ့ အတူတူပါပဲ။‎
အောက်မှာ ဇယားနဲ့ပြထားပါတယ်။ ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို ‎အရောင်တူ ပြထားပါတယ်။



အရိုးခံတေးထပ် အတွက် ဥပဒေသဆောင်ပုဒ်တေးထပ် ကို ကြည့်ပါ။‎



ဒီ ဥပဒေသဆောင်ပုဒ် အရိုးခံတေးထပ်မှာ ပဓာနကာရန် (၉)ချက်ကို စာလုံးနက် နဲ့ ‎စာလုံးစောင်း (Bold & Italic) နဲ့ ပြထား ပါတယ်။ ‎နဘေထပ်ရမယ့်အပိုဒ်တွေကို အရောင်တူ ‎ပြထားပါတယ်။ တပိုဒ်လုံး နဘေယူရမယ့် လေးပိုဒ် (၂-၃၊ ၈-၉) ကိုတော့ ‎အရောင်ခြယ် ‎‎(Highlight) ပြထားပါတယ်။‎
နမူနာ အရိုးခံတေးထပ်တွေကို ဆက်လေ့လာဖို့ ရေးပေးလိုက်ပါတယ်။

လက်ဖက်ရည်တော် ရွာစဉ်ရွာစား မင်းလှသင်္ခယာဘွဲ့ခံ စလေဦးပုည ရေး - တေးထပ်စပ်မူနည်း‎‎‎

တေးထပ် တေးထပ် ရယ်နှင့်၊‎
ရေးစပ်ကြ သူငါ၊‎
တွေးကပ်လှ နမူနာ၊‎
ချူအချာ လွန်ပေါ၊‎
‎ယခုခေတ် ပြုသစ်စာ မှာ၊‎
‎ရှုချစ်စရာ ရွေးမျှမနှော။‎

သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊‎
မဟုတ်သည် နယော၊‎
နှုတ်ဝသီ သဘောမှာ၊‎
အဟောသိ ပယ်ပါ၊‎
သပြေမှာ စလေနည်း ကိုမှ၊‎
ဆွေမှီး၍ ပြုသင့်သည်သာ။‎

စပ်မူနည်း ရေးလိုပါလျှင်၊‎
တေးကိုသာ ရအောင်ကျက် ပါတော့၊‎
ခက်လှဘူး မျိုးသိင်္ဂါ၊‎‎
စိုးရိမ်နှင့်ဗျာ၊‎‎‎
ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ၊‎‎‎
ခိုးရှိန်ဝါ‎‎ ‎တောက်ပါလိမ့်လေး။ ။‎


အပိုဒ်-၁၅ မှာ စာလုံးရေ (၆)လုံး ပဲရှိတဲ့အတွက် ၁၅၊ ၁၆၊ ‎‎၁၇၊ ၁၈ အပိုဒ်တွေက ‎အဆုံးစာလုံးတွေကိုပဲ (ဇယားမှာ ၉-‎ပြထားတဲ့ အကွက်တွေ) စာလုံးတလုံးချင်းစီကိုပဲ (ဂါ-ဗျာ-လွှာ-ဝါ) ‎အချင်းချင်း ကာရန် ချိတ်ထားတာ တွေ့ရပါမယ်။‎

လှိုင်ထိပ်ခေါင်တင်ရေး ‎‎- တေးထပ်

ကုမ္မာရီ ရွယ်ဓလေ့ပေမို့၊
ငယ်ကလေ့ ဂေါရီ၊
ဘယ်အတွေ့ လောကီကို၊
ဇောမသီခင်က၊
စပယ်ခက် စုံနှစ်ပင်မှာ၊
မငုံခင် တုန်းကအစ။

ပန်းဒွါရ ဆင့်စီ၊
မပွင့်မှီ အခါက၊
ကျင့်ဝသီ စာဂနှင့်၊
ခါပထမ အရွယ်၊
ငယ်သွားတွေ ကြွေမလဲခင်က၊
မေအမြဲ ချစ်ဖို့ကြံရွယ်။

ကလေးစိတ်ဓါတ်မပျယ်၊
ခပ်ငယ်ငယ် စာမတတ်ခင်က၊
ကညာနတ် ကောင်းမှုပွေလီ
တောင်းဆုစေတီ
စိတ်မှန်းနှင့် မေကျောက်ချီတယ်၊
သွေဖေါက်ပြီနိုင်ဘု ဖျာ့လေး။ ။

အပိုဒ် (၁၅) မှာ စာလုံးရေ (၇)လုံးရှိလို့ အပိုဒ်၁၅ရဲ့ အဆုံး (၄)လုံး (ကောင်းမှုပွေလီ) နဲ့ အပိုဒ် ‎‎(၁၆) ရဲ့ အစ (၄)လုံး (တောင်းဆုစေတီ) ကို လေးလုံးစလုံး နဘေ ‎ကိုက်အောင်ယူပြီး အပိုဒ် (၁၅)၊ (၁၆)၊ ‎‎(၁၇) နဲ့ (၁၈) တွေရဲ့ အဆုံးစာလုံးတွေ (လီ-တီ-ချီ-ပြီ) ကို ‎ကာရန်ထပ်ချိတ်ထားတာ ‎တွေ့ရပါမယ်။‎
‎ဒါ့အပြင် အပျိုဖော်မဝင်မီကပင် ကနောင်ကိုယ်တော်ကို ချစ်မိရပုံအကြောင်း ‎ဖွဲ့ဆိုသွားတဲ့နေရာမှာ အရိုင်းကို ‎အယဉ်ဖြစ်အောင် ရေးနိုင်တဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးရဲ့ ‎စာဆိုတော်ဂုဏ်မြောက်ပုံ ကိုလည်း 'စပယ်ခက် စုံနှစ်ပင်မှာ၊ ‎မငုံခင် တုန်းကအစ'၊ 'ပန်းဒွါရ ‎ဆင့်စီ၊ မပွင့်မှီ အခါက' ဆိုတဲ့အပိုဒ်တွေမှာ ထင်ထင်ရှားရှားမြင်နိုင်လို့ ဒီတေးထပ်ကို ‎‎ရွေးပြလိုက်တာပါ။‎

သုံးချက်ညီ တေးထပ် အကြောင်းကို ဆက်ပါမယ်။


သုံးချက်ညီတေးထပ်
သုံးချက်ညီတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ စည်းကမ်းချက်အားလုံးအပြင် အတက်ပိုဒ် နဲ့ ‎အအုပ်ပိုဒ် တွေရဲ့ မ-ပိုဒ်နဲ့ စုံ-‎ပိုဒ် တွေကို ကာရန်စပ်တဲ့အခါ ဝမ်းတွင်းကာရန် (၂)လုံးစီ ကို ‎စုံပိုဒ်မှာပါ အညီထပ်ယူလိုက်ရပါတယ်။ ဒါကြောင့် မ-ပိုဒ်မှာ ‎‎(၂)ချက်၊ စုံ-ပိုဒ်မှာ (၁) ချက်၊ ဒီ ‎ကာရန် သုံးချက်ညီ ရတဲ့အတွက် သုံးချက်ညီတေးထပ် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ ‎‎အခံပိုဒ်အတွက် မ-ပိုဒ်နဲ့ စုံ-ပိုဒ် ဝမ်းတွင်းကာရန် ညီစရာမလိုပါဘူး။ ‎
‎ဒါကြောင့် အပိုဒ် (၁-၂၊ ၅-၆၊ ၇-၈၊ ၁၁-၁၂၊ ၁၃-၁၄၊ ၁၇-၁၈) တွေမှာသာ ‎သက်ဆိုင်ရာနှစ်ပိုဒ်ချင်းစီ နဘေ ‎သုံးချက်စပ်ရမှာဖြစ်ပါတယ်။‎
ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို အရောင်တူ ပြထားပါတယ်။



ဥပဒေသဆောင်ပုဒ်မှာ ကြည့်လိုက်ရင် ရှင်းပါတယ်။‎



ဒါဆိုရင် တေးထပ် ရဲ့ ပင်မ အမျိုးအစား သုံးမျိုး ပြီးသွားပြီမို့ ကာရန်ယူပုံတူပြီး အပိုဒ် ‎အနေအထား ကွဲပြားသွားတဲ့ တေးထပ် ‎အမျိုးအစားခွဲလေးတွေကို ဆက်လက်ဖော်ပြပါမယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ


2 comments:

Dr. Yi Yi Win said...

ကဗျာတွေစာတွေလာငေးသည်။

Harry said...

ဟုတ်ကဲ့ ကျေးဇူးပါ ဒေါ်ယု ...
ဒါနဲ့ အကြွေးလည်း မဆပ်သေးဘူးနော် ...